Skip to main content

(ဂ)-တန့်ယန်းမြို့နယ်၊ မန်ကတ်ကျေးရွာအုပ်စုအတွင်းရှိ မခီနူရွာ၊ မက်ခံရွာ၊ လွယ်လုံရွာ၊ ဟိုဆော့ရွာ၊ နားဆောင်ကျေးရွာများရှိ တောင်သူများဘိုးဘွားလက်ထက်မှစ၍ ဓါးမဦးချစိုက်ပျိုးလုပ်ကိုင်လာသော တောင်ယာစိုက်ခင်းများ သိမ်းဆည်းခံရမှုအား သက်ဆိုင်ရာမှ မည်သို့ဖြေရှင်းဆောင်ရွက်ပေး နိုင်မည်ကို သိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

တန့်ယန်းမြို့နယ်၊ မန်ကတ်ကျေးရွာအုပ်စုအတွင်း မခီနူရွာ၊ မက်ခံရွာ၊ လွယ်လုံရွာ၊ ဟိုဆော့ရွာ၊ နားဆောင် ကျေးရွာများရှိတောင်သူများ ဘိုးဘွားလက်ထက်မှစ၍ ဓါးမဦးချစိုက်ပျိုးလုပ်ကိုင်လာသော တောင်ယာစိုက်ခင်းများ သိမ်းဆည်းခံရမှုများအား သက်ဆိုင်ရာမှ မည်သို့ ဖြေရှင်းဆောင်ရွက်ပေးနိုင်မည်ကို မေးမြန်းသွားမည်ဖြစ်ပါကြောင်း၊ လားရှိုးခရိုင်၊ တန့်ယန်းမြို့နယ် မန်ကတ်ကျေးရွာအုပ်စုရှိ မခီနူရွာ၊ မက်ခံရွာ၊ လွယ်လုံရွာ၊ ဟိုဆော့ရွာ၊ နားဆောင်ကျေးရွာများရှိ တောင်ယာစိုက်ခင်းများအား ၎င်းတို့ဘိုးဘွားလက်ထက်မှစ၍ ဓါးမဦးချလုပ်ကိုင်လာခဲ့ရာ ၂၀၀၉ ခုနှစ်တွင် အမှတ်(၈)၊ တပ်မတော်တန်းမြင့် လေ့ကျင့်ရေးကျောင်းအတွက် မြေဧက ၃,၀၀၀ကျော် သိမ်းဆည်းခဲ့ပြီး ဒေသခံများ စိုက်ပျိုးနေသော လယ်ယာမြေများကို ၂၀၁၈ ခုနှစ် မေလဆန်းတွင် ထပ်မံသိမ်းဆည်းကာ ရွာချင်းဆက်လမ်းကိုငုံ၍ နယ်နိမိတ်မှတ်တိုင်များ လာရောက်စိုက်ထူပြီး ရွာသားများ လမ်းဘေးဝဲယာတွင် တောင်ယာစိုက်ပျိုးခြင်းများ မပြုလုပ်ရန် အမိန့်စာထုတ်ကြားလာသဖြင့် ကူညီဆောင်ရွက်ပေးပါရန် ဒေသခံတောင်သူဦးကြီးများ ကိုယ်စား မခီနူရွာနေ ဦးစိုင်းဆန်ဘနှင့်

ဦးစိုင်းအုန်းပါ နှစ်ဦးမှတင်ပြလျောက်ထားခဲ့ပါကြောင်း၊ အထက်ပါကိစ္စနှင့်ပတ်သက်ပြီး ရည်ညွှန်းချက်ပါ ခရိုင်လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီမှ ပြည်နယ်လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ တောင်ကြီးမြို့သို့ စိစစ်တင်ပြရာတွင် အမှတ် (၈)၊ တပ်မတော်

တန်းမြင့် လေ့ကျင်းရေးကျောင်းမြေအဖြစ် ပြည်ထဲရေးဝန်ကြီးဌာနက အမိန့်ပြန်တမ်း ထုတ်ပြန်သတ်မှတ်ထားသည့် မြေဧရိယာ ၃,၁၄၄ဧကကို နယ်နိမိတ် သတ်မှတ်အသုံးပြုသင့်ကြောင်း နယ်နိမိတ်မှတ်တိုင် မှားယွင်းစိုက်ထူထားသောနေရာများအား ပြန်လည်တိုင်းထွာသင့်ကြောင်းနှင့် ပိုလျှံသည့်မြေဧရိယာ ၄၀၀ ဧကအား လက်ရှိလုပ်ကိုင်နေသူများအား စိစစ်ခွဲဝေချထားပေးသင့်ကြောင်း အကြံပြုတင်ပြခဲ့ပါကြောင်း၊ စိစစ်အကြံပြုတင်ပြခဲ့သည့် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက် နေ့မှစ၍ ယခု ၂၀၁၉ ခုနှစ်၊ ၂၀၂၀ ပြည့်နှစ် ရောက်လာခဲ့ပြီး မိုးတွင်းစိုက်ပျိုးရာသီ ကျော်လွန်ခဲ့ပြီ ဖြစ်သဖြင့် တောင်ယာစိုက်ပျိုးရေးကိုသာ အားထားလုပ်ကိုင်ရသည့် တောင်သူများ စိုက်ပျိုးမြေ အခက်အခဲနှင့် ကြုံတွေ့နေရပါကြောင်း၊ သို့ဖြစ်ပါ၍ ဘိုးဘွားလက်ထက်မှစ၍ ဓါးမဦးချလုပ်ကိုင်လာသော တောင်ယာစိုက်ခင်းများ၊ သိမ်းဆည်းခံရမှုများကြောင့် အခက်အခဲနှင့်တွေ့ကြုံနေရသည့် တောင်သူများအတွက် သက်ဆိုင်ရာမှမည်ကဲ့သို့ ဖြေရှင်းဆောင်ရွက်ပေးနိုင်မည်ကိုသိရှိလိုကြောင်း မေးမြန်းပါသည်။


 

ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်

ရှမ်းပြည်နယ်၊တန့်ယန်းမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ်ကြီး မေးမြန်းသည့်မေးခွန်းနှင့်ပတ်သက်ပြီး ကာကွယ်ရေး ဝန်ကြီးဌာနအနေဖြင့် ရှင်းလင်းတင်ပြသွားမည် ဖြစ်ပါကြောင်း၊ အမှတ် (၈)၊ တပ်မတော်တန်းမြင့် လေ့ကျင့်ရေးကျောင်းအား ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ တန့်ယန်းမြို့နယ်၊ မန်ကတ်ကျေးရွာအုပ်စု၊ မန်ကတ်ကျေးရွာ၏ အနောက်မြောက်ဘက်၊ ကွင်းအမှတ် (ကွင်းပြင်ပ)ရှိ မြေလွတ်၊ မြေလပ်များကို တပ်ပိုင်မြေအဖြစ် သိမ်းဆည်းခဲ့ပြီး ပြည်ထဲရေးဝန်ကြီးဌာန၏ ၁၀-၆-၂၀၀၉ ရက်စွဲပါစာအမှတ်၊ ၃၀၀/၁-၅/ဦး ၁ ဖြင့် မြေသိမ်းဆည်းရေးအမိန့်များ ရရှိခဲ့ပြီးဖြစ်ကြောင်း၊ တပ်မြေအဖြစ်သိမ်းဆည်းစဉ် မြေလွတ်၊ မြေလပ်များသာဖြစ်ပြီး ဦးပိုင်အမည်ပေါက် တောင်ယာများ၊ နှစ်ရှည်သီးနှံပင်၊ နှစ်တိုသီးနှံပင်များ စိုက်ပျိုးထားခြင်း၊ ယာယီတဲ၊ အိမ်၊ ပျဉ်ထောင်အိမ်များမပါရှိကြောင်းနှင့် အများပြည်သူ အသုံးပြုလျက်ရှိသည့်သုဿန်မြေများ မပါရှိကြောင်း စိစစ်တွေ့ရှိရပါကြောင်း၊

မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ တန့်ယန်းမြို့၏ ကွင်းဆင်းစိစစ်ရေးအဖွဲ့ မှ ၉-၁၁-၂၀၁၉ ရက်စွဲပါ မြေပြင်ကွင်းဆင်းစိစစ်တင်ပြချက်အရ ယခင်စိုက်ထူထားသည့် နယ်နိမိတ်မှတ်တိုင်များအား ရွှေ့ပြောင်း၍ မူလအမိန့်ကြော်ငြာစာပါ ညွှန်းရပ်များအတိုင်း ပြန်လည် စိုက်ထူ ထားသည့်အတွက် စိစစ်တွေ့ရှိချက်မြေဧရိယာသည် ပိုသုံးမြေမရှိဘဲ အမိန့်ကြော်ငြာစာပါ ဧက အတိုင်းသာရှိကြောင်း၊ ကျေးရွာ(၅)ရွာမှ တိုင်ကြားသူတောင်သူ ၃၉ ဦး၏ တိုင်ကြားသည့်ယာမြေ နှင့် လက်ဖက်ခြံမြေ ၆၆.၂၅ ဧကအနက် တပ်ပိုင်မြေအတွင်း ၃၁၀ ဧကသာ ပါဝင်လျက်ရှိကြောင်း စိစစ်တွေ့ရှိရပါကြောင်း၊ တိုင်ကြားသူ ဦးစိုင်းဆန်ဘနှင့် ဦးစိုင်းအုန်းတို့နှစ်ဦး၏ ထွက်ဆိုချက်များအရ ယခင်ကျောင်းအုပ်ကြီး ဗိုလ်မှူးကြီးလှမောင်တင်မှ ရွာသူရွာသားများအား အခက်အခဲ တွေ့နိုင်သည့် အတွက် လူမှုရေးအရ တပ်ပိုင်မြေအတွင်း အခမဲ့စိုက်ပျိုးခွင့် ပေးထား၍ တစ်ရွာလုံး စိုက်ပျိုးခဲ့ကြကြောင်း၊ တပ်ပိုင်မြေတွင် ၂၀၁၈ ခုနှစ်အထိ အခမဲ့စိုက်ပျိုးခွင့် ရရှိခဲ့ပြီး ၂၀၁၉ ခုနှစ်မှစတင်၍ စိုက်ပျိုးခွင့် မရတော့ကြောင်း၊ ကျောင်းမှတာဝန်ရှိသူများ ခွင့်ပြုပါက မိသားစုစီးပွားရေး အခက်အခဲအရ တပ်ပိုင်မြေတွင် ယခင်စိုက်ပျိုးရန် သတ်မှတ်ပေးထားသောနေရာများတွင် ပြန်လည်စိုက်ပျိုးလုပ်ကိုင် လိုပါကြောင်း၊ မြေနေရာအသစ်များတွင် တိုးချဲ့စိုက်ပျိုးခြင်းများ မပြုလုပ်ဘဲ ကျောင်းမှသတ်မှတ်ပေးထားသောဧရိယာတွင် ပြန်လည်စိုက်ပျိုးလုပ်ကိုင်လိုပါကြောင်း ထွက်ဆိုခဲ့သည်ကို စိစစ်တွေ့ရှိရပါ ကြောင်း၊

တပ်ပိုင်မြေအဖြစ် သိမ်းဆည်းထားသည့်မြေများတွင် အရပ်သားများအား သီးစားချထားခြင်း၊ အကျိုးတူ ဆောင်ရွက်ခြင်းများမရှိပါကြောင်းနှင့် တပ်မတော်တန်းမြင့် လေ့ကျင့်ရေးကျောင်းဖြစ်သည့်အတွက် တပ်ပိုင်မြေအတွင်း လေ့ကျင့်ရေးဆိုင်ရာကိစ္စရပ်များ လက်တွေ့ဆောင်ရွက်လျက်ရှိသည့်အတွက် အမှန်တကယ် လိုအပ်သောနေရာများဖြစ်ကြောင်း စိစစ်တွေ့ရှိရပါကြောင်း၊ သို့ဖြစ်ပါ၍ လွှတ်တော်ကိုယ်စားလှယ်ကြီး၏ မေးခွန်းနှင့်စပ်လျဉ်း၍ အမှတ်(၈)၊ တပ်မတော်တန်းမြင့် လေ့ကျင့်ရေးကျောင်း၏တပ်ပိုင်မြေသည် သိမ်းဆည်းစဉ်တွင် မြေလွတ်၊မြေလပ်များသာဖြစ်ပြီး ပြည်ထဲရေးဝန်ကြီးဌာန၏ တပ်မြေသိမ်းဆည်းရေး အမိန့်များရရှိပြီးဖြစ်ခြင်း၊ လေ့ကျင့်ရေးသင်တန်းကျောင်း ဖြစ်သည့်အတွက် လေ့ကျင့်ရေးဆိုင်ရာများ ဆောင်ရွက်ရန် အမှန်တကယ် လိုအပ်သောမြေများဖြစ်ခြင်း၊ တိုင်ကြားသူများအနေဖြင့် ယခင် အခမဲ့စိုက်ပျိုးလုပ်ကိုင်ခွင့်ရရှိခဲ့ရာမှ ယခုအချိန်တွင်တပ်ပိုင်မြေအတွင်း ဝင်ရောက် စိုက်ပျိုးလုပ်ကိုင်ခွင့် မရရှိတော့သဖြင့် ပိုင်ဆိုင်မှုအထောက်အထားမရှိဘဲ ရယူလိုမှုဖြင့် တင်ပြတိုင်ကြားခြင်းသာ ဖြစ်ခြင်းတို့ကြောင့် တပ်ပိုင်မြေအတွင်း ပါဝင်နေသောမြေများအား ပြန်လည်စွန့်လွှတ်ပေးနိုင်ခြင်း မရှိပါကြောင်း ပြန်လည်ဖြေကြားပါသည်။

ဦးစိုင်းမောင်ပွင့်(ခ)စိုင်းအောင်ပွင့်(တန့်ယန်းမဲဆန္ဒနယ်)ကဆက်စပ်မေးခွန်း မေးမြန်းပါသည်။

သိမ်းဆည်းထားသောမြေသည် ကျေးရွာချင်းဆက်လမ်းမှာ ပါတတ်သည့်အတွက် ပြန်လည် မစွန့်လွှတ်နိုင်ပါက ရွာသားများ သွားရေးလာရေးအဆင်ပြေနိုင်ရန် မည်ကဲ့သို့ စီစဉ်ပေးနိုင်မည်ကို သိရှိလိုပါကြောင်း ဆက်စပ်မေးမြန်းပါသည်။

ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်

မြေကို စတင်သိမ်းဆည်းစဉ်က တပ်ပိုင်မြေကို စတင်သိမ်းဆည်းသည့် မူဝါဒများ၊ မြေလွတ်၊ မြေလပ် များကိုသာ သိမ်းဆည်းပါကြောင်း၊ ထိုထဲတွင် တောင်ယာဦးပိုင် အမည်ပေါက်၊ တောင်ယာ နှစ်ရှည် သီးနှံသီးပင်များ စိုက်ပျိုးထားခြင်း၊ ယာယီတဲအိမ်များ မပါရှိကြောင်းနှင့် အများသုံးသည့် သုဿန်များ မပါရှိကြောင်း တင်ပြထားပါကြောင်း၊ ရွာချင်းဆက်လမ်းနှင့်ပတ်သက်၍ ၉-၁၁-၂၀၁၉ ရက်နေ့တွင် သက်ဆိုင်ရာ မြေစာရင်းစစ်ဆေးရေးအဖွဲ့က ဝင်ရောက်စစ်ဆေးပြီးဖြစ်ပါကြောင်း၊ စိစစ်ချက်များကို ဖြေကြားပြီးဖြစ်ပါကြောင်း၊ ထိုနေရာတွင် ပိုသုံးမြေမရှိဘဲ အမိန့်ကြော်ငြာစာပါအတိုင်း ပါဝင်ဆောင်ရွက်မှု ဖြစ်သည့်အတွက်ကြောင့် မိမိတို့အနေဖြင့် ဆက်လက်ဖြေရှင်း ဆောင်ရွက်ပေးနိုင်ခြင်း မရှိ ကြောင်း ပြန်လည်ဖြေကြားပါသည်။