Skip to main content

မိမိတို့ ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်သည် ရမ်းဗြဲကျွန်းပေါ်တွင်တည်ရှိပြီး ရမ်းဗြဲကျွန်း၊ စကုကျွန်း၊ မာန်အောင်ကျွန်းတို့ဖြင့် ဖွဲ့စည်းထားသော မြို့နယ်တစ်ခုဖြစ်ပါကြောင်း၊ မြို့နှစ်မြို့ပါဝင်ပြီး ရပ်ကွက်ပေါင်း ၁၁ ရပ်ကွက်၊ ကျေးရွာအုပ်စုပေါင်း ၄၈ အုပ်စု ကျေးရွာ ပေါင်း ၁၉၃ ရွာနှင့် ဖွဲ့စည်းထားပြီး လူဦးရေ ၁၁၀၀၀၀ နီးပါးနေထိုင်သည့် မြို့နယ်တစ်ခု ဖြစ်ပါကြောင်း၊ ရမ်းဗြဲမြို့နယ်မှ ကျောက်ဖြူ-ရန်ကုန်-ပြည်ထောင်စုလမ်းမကြီးကို အသုံးပြု၍ ရခိုင်ပြည်နယ် အတွင်းရှိ မြို့နယ်များနှင့် အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်ဒေသများသို့ မော်တော်ကားများဖြင့် ဆက်သွယ်သွားလာ နိုင်သဖြင့် ဆက်သွယ်ရေးအတန်အသင့်ကောင်းမွန်သည့် မြို့နယ်တစ်ခုဖြစ်ပါကြောင်း၊ ယခုလို တယ်လီဖုန်းဆက်သွယ်ရေး အရေးတကြီးလိုအပ်နေချိန်တွင် ရမ်းဗြဲမြို့နယ်အတွင်း တယ်လီဖုန်း တာဝါတိုင်များ တည်ဆောက်ပေးလာသဖြင့် အချို့သောနယ်မြေများအတွက် တယ်လီဖုန်း ဆက်သွယ်ရေး အဆင်ပြေချောမွေ့သော်လည်း အချို့သောနယ်မြေများတွင် ယခုအချိန်အထိ တယ်လီဖုန်းဖြင့် မည်သို့မျှ ဆက်သွယ်ရေးမရဖြစ်နေသဖြင့် လူမှုအခွင့်အရေးများ  စွန့်လွှတ် နေကြရပါကြောင်း၊ ရမ်းဗြဲမြို့နယ်(အနောက်ဘက်)ပိုင်းဒေသများဖြစ်သော ကျောက်ချောင်း တိုက်နယ် အောက်ပိုင်းဒေသများတွင် ဆက်သွယ်ရေးတာဝါတိုင်များကို တစ်ရွာနှင့်တစ်ရွာ နီးနီးနားနား တည်ဆောက်ပေးထားသဖြင့် တယ်လီဖုန်းဆက်သွယ်ရေး အဆင်ပြေချောမွေ့ သော်လည်း ကျောက်ချောင်းတိုက်နယ်အထက်ပိုင်းဒေသများဖြစ်သော လက်ပံပြင်ကျေးရွာအုပ်စု သုံးရွာနှင့်  ဆင်ခြေကျေးရွာအုပ်စုရှစ်ရွာ၊ သာစည်ပြင်အုပ်စု၊ ကန်တော့ပြင်ကျေးရွာအုပ်စုသုံးရွာနှင့် ချင်းအမျိုးသားများနေထိုင်ရာ ‌ထောက်ကြံ့တောကျေးရွာများမှ ပြည်သူလူထုများမှ တယ်လီဖုန်း ဆက်သွယ်ရေးလိုင်းမမိသဖြင့် လူမှုရေးအခက်အခဲများစွာ ကြုံတွေနေကြရပါကြောင်း၊ သို့ဖြစ်ပါ၍ ရမ်းဗြဲမြို့နယ် ကျောက်ချောင်းတိုက်နယ်ရှိ ပြည်သူလူထုဆက်သွယ်ရေးအဆင်ပြေစေရန်အတွက် ကန်တော့ပြင်ကျေးရွာနှင့် သာစည်ပြင်ကျေးရွာအကြားရှိ တန့်လန်းတောင်ပေါ်တွင် ဆက်သွယ်ရေး တာဝါတိုင်တစ်ခုတည်ဆောက်ပေးရန်အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်ရှိပါက မည်သည့်အချိန်တွင် တည်ဆောက်ပေးပါမည်၊ အစီအစဉ်မရှိပါက မည်သည့်အကြောင်းကြောင့်ဖြစ်သည်ကို သိရှိလိုပါ သဖြင့် မေးခွန်းကို မေးမြန်းအပ်ပါသည်။


 

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသာဦး

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း(MPT) အနေနှင့် ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်အတွင်း CDMA-450 MHZ စခန်းတစ်ခုနှင့် GSM စခန်း ၂၁ ခုကိုလည်းကောင်း၊ တယ်လီနောမြန်မာလီမိတက်(Telenor)အနေနှင့် GSM စခန်း ၁၅ ခုကို လည်းကောင်း၊ အော်ရီဒူးမြန်မာလီမိတက်(Ooredoo)အနေနှင့် GSM စခန်းငါးခုကိုလည်းကောင်း၊ တယ်လီကွန်းအင်တာနေရှင်နယ်မြန်မာလီမိတက် (MyTel)အနေနှင့် GSM စခန်းခြောက်ခုကို လည်းကောင်း အသီးသီးဖွင့်လှစ်ထားရှိပြီး မိုဘိုင်းဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်အတွင်း ဆက်သွယ်ရေးအော်ပရေတာများက ဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည့် CDMA-450 MHZ မိုဘိုင်းစခန်းတစ်ခုနှင့် GSM မိုဘိုင်းစခန်း ၄၇ ခု စုစုပေါင်း မိုဘိုင်းစခန်း ၄၈ ခုတို့ ရှိပါကြောင်း၊ လိုင်စင်ရ ပြည်တွင်း/ပြည်ပ ဆက်သွယ်ရေး အော်ပရေတာများအနေဖြင့် တိုင်းဒေသကြီး/ပြည်နယ်များရှိ မြို့ကြီးများအပါအဝင် ကျေးလက် ဒေသများရှိ ပြည်သူများ၏ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးအစ ရှိသော ကိစ္စရပ်များ၌ အဆင်ပြေလွယ်ကူစွာဆောင်ရွက်နိုင်ရန်အတွက် ဆက်သွယ်ရေးကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်ကောင်းမွန် စေမည့်လုပ်ငန်းစဉ်များဖြစ်သည့် ဆက်သွယ်ရေးကွန်ယက်များတိုးချဲ့ခြင်း၊ မိုဘိုင်းဆက်သွယ်ရေး စခန်းများ တိုးချဲ့တည်ဆောက်ခြင်းတို့ကို စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိုဘိုင်းစခန်းများ တည်ဆောက်ရာတွင် မြေနေရာရရှိနိုင်မှုအခြေအနေ၊ အဝေးဆက်သွယ်ရေး ဆက်ကြောင်း ဖြစ်သည့်(မိုက္ကရိုဝေ့ဗ်၊ ဖိုင်ဘာ၊ ဂြိုလ်တု)ဆက်ကြောင်းများ ချိတ်ဆက်တပ်ဆင်နိုင်မှု အခြေအနေ၊ မြေပြင်အခြေအနေ၊ ရာသီဥတုအခြေအနေ၊ နယ်မြေဒေသတည်ငြိမ်အေးချမ်းမှုအခြေအနေ၊ လျှပ်စစ်ဓာတ်အားရရှိနိုင်မှုအခြေအနေ၊ လူဦးရေသိပ်သည်းမှု၊ ရင်းနှီးမြှုပ်နှံမှုကုန်ကျစရိတ်နှင့် ပြန်လည်ရရှိမည့်ဝင်ငွေအခြေအနေ စသည်တို့အပေါ်မူတည်၍ စီစဉ်ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ ရမ်းဗြဲမြို့နယ်၊ ကျောက်ချောင်းတိုက်နယ်ရှိ ကန်တော့ပြင်ကျေးရွာနှင့် သာစည်ပြင်ကျေးရွာကြားရှိ တန့်လန်းတောင်ပေါ်တွင် ဆက်သွယ်ရေး တာဝါတိုင်တစ်ခုတည်ဆောက်ပေးရန်နှင့်စပ်လျဉ်း၍ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် ကန်တော့ပြင်ကျေးရွာအနီး ၁/၂၄ မိုင်အကွာမှာရှိသည့် ကုန်ဘောင်ကျေးရွာတွင် GSM စခန်းတစ်ခုကို ၂၀-၁၀-၁၅ ရက်နေ့တွင် ဖွင့်လှစ်ပေး ထားခဲ့ပြီးဖြစ်ပါကြောင်း၊ ဆက်သွယ်ရေးအော်ပရေတာများ အနေနှင့် တန့်လန်းတောင်ပေါ်တွင် ဆက်သွယ်ရေးတာဝါတိုင် တစ်ခုတည်ဆောက်ပေးနိုင်ရန်မှာ ရင်းနှီးမြှုပ်နှံမှုကုန်ကျစရိတ်နှင့် ပြန်လည်ရရှိမည့်ဝင်ငွေ (Return on Investment) အခြေအနေအရ ဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးပါကြောင်း၊

သို့ရာတွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနအနေနှင့် နိုင်ငံအတွင်းရှိ အခြေခံ ဆက်သွယ်ရေးဖွံ့ဖြိုးတိုးတက်မှုနိမ့်ကျနေသည့်နယ်မြေဒေသများတွင် အခြေခံ ဆက်သွယ်ရေး အဆောက်အအုံများ တိုးချဲ့တည်ဆောက်နိုင်ရန်နှင့် ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းများ ပိုမိုကျယ်ပြန့် ကောင်းမွန်စေနိုင်မည့်အစီအစဉ်များ ချမှတ်ဆောင်ရွက်နိုင်ရန်အတွက် ဆက်သွယ်ရေး အော်ပရေ တာများက အချိုးကျထည့်ဝင်ထားသည့် အခြေခံဆက်သွယ်ရေး လိုအပ်ချက်ဖြည့်ဆည်းခြင်းဆိုင်ရာ ရန်ပုံငွေ Universal Service Fung(USF)၏ သတ်မှတ် စည်းမျဉ်းစည်းကမ်းများအရ ဘဏ္ဍာရေးနှစ် အလိုက် ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။