Skip to main content

ပေါက်တောမြို့နယ်၊ ပင်လယ်ကမ်းစပ်ဒေသအချို့တွင် ဆက်သွယ်ရေးတာဝါတိုင်များ မရှိ၍ လည်းကောင်း၊ ရှိသော်လည်း တစ်တိုင်နှင့်တစ်တိုင် အလှမ်းကွာဝေးသည့်အပြင် ကြားခံအတားအဆီး များကြောင့်လည်းကောင်း တယ်လီဖုန်းဆက်သွယ်ရေး မကောင်းဘဲရှိခဲ့ပါကြောင်း၊ အဆိုပါ တယ်လီဖုန်း ဆက်သွယ်ရေးမကောင်းသည့်နေရာများကို ကောင်းလာအောင် မည်သို့ စီမံဆောင်ရွက် ပေးမည်ကို သိရှိလိုသည့်မေးခွန်းဖြစ်ပါကြောင်း၊ ရည်ရွယ်ချက်မှာ တယ်လီဖုန်းတာဝါတိုင် တိုးချဲ့ပေးဖို့ ဖြစ်ပါကြောင်း၊ ပေါက်တောမြို့သည် ဧရိယာစတုရန်းမိုင် ၄၁၃ မိုင်ကျယ်ဝန်းပြီး လူဦးရေနှစ်သိန်းနီးပါး နေထိုင်သည့်မြို့နယ် တစ်ခုဖြစ်ပါ ကြောင်း၊ ၂၀၁၆ ခုနှစ်မှစပြီး နိုင်ငံတော်မှ MPT တယ်လီဖုန်းတိုင် ၃၀ ဖြင့် ဆက်သွယ်ရေးစနစ် ထူထောင်ပေးသည့်အတွက် မြေပြန့်ဒေသမှာ ကောင်းသော်လည်း မြို့နယ်၏တောင်ဘက်ခြမ်း ဘင်္ဂလားပင်လယ်အော်နားကို ထိုးထွက်နေသော ဖရုံကာကျွန်းသုံးကျွန်း လို့ခေါ်သည့် ကျွန်းဖျား၊ကျွန်းနားများတွင် တာဝါတိုင်များ မရှိ၍လည်းကောင်း၊ ရှိသော်လည်းပဲ တစ်တိုင်နှင့်တစ်တိုင် အလှမ်းဝေးနေသည့်အတွက်ကြောင့် လည်းကောင်း၊ ကြားခံအတားအဆီး တောင်တန်းများ ရှိ၍လည်းကောင်း၊ စတင်တည်ဆောက်စဉ်ကပင် တယ်လီဖုန်းဆက်သွယ်ရေး မကောင်းဘဲရှိခဲ့ပါကြောင်း၊ ထိုဒေသများမှလူများသည် နီးစပ်ရာသစ်ပင်ပေါ်တက်၍လည်းကောင်း၊ ကုန်းမြင့်ဒေသ၊ ဘုန်းကြီးကျောင်း အမြင့်ဒေသသို့ သွား၍လည်းကောင်း ဆက်သွယ်ကြရပါကြောင်း၊ ဆက်သွယ်ရေး မကောင်းသည့်နေရာများမှာ ရှည်ရှည်မျောမျောကျွန်းဖျားဒေသများ ဖြစ်ပါကြောင်း၊ ကျွန်းများ၏ အလယ်ကြောတစ်လျှောက် တောင်ကုန်းတောင်တန်းများမှာ ကြားခံအဖြစ် ရှိနေပါ ကြောင်း၊ ၎င်းတောင်ကုန်းတောင်တန်းများ၏ တစ်ဖက်တစ်ချက်စီတွင် ရွာများအများကြီးရှိပြီး ရေ လုပ်ငန်း၌ အသက်မွေးကြသူများ ဖြစ်ပါကြောင်း၊ ၎င်းတို့သည် ငါးဖမ်းရန်အတွက် ပင်လယ်သို့ ရာသီ မရွေး ထွက်ခွာကြရပါကြောင်း၊ ထိုသို့နီးစပ်ရာ ရွာများ၏စာရင်းကို တင်ပြပါအတိုင်း တင်ပြအပ်ပါ ကြောင်း၊ ထို့အပြင် တယ်လီဖုန်းသည် မိုးလေဝဿ၊ အင်တာနက်သတင်းအချက်အလက်များကို အသုံးပြုပြီးမှ ဘေးအန္တရာယ်ကို ရှောင်ရှားရင်း ငါးရှာထွက်ကြရသည့် အနေအထားရှိပါကြောင်း၊ တာဝါတိုင်များမှာ Telenor၊ Ooredoo၊ Mytel၊ MPT စသည်အားဖြင့် အစုံအလင် ၅၃ တိုင် ရှိသော် လည်း တင်ပြပါနေရာများမှာ ကျွန်းဖျား၊ ကျွန်းနားကို မရောက်ဘူးဖြစ်နေပါကြောင်း၊ ထို့ကြောင့် ကျွန်းဖျား၊ ကျွန်းနားကို ရောက်ရန် ကမ်းစပ်ဒေသများတွင် တာဝါတိုင်များရှိအောင် ဆောင်ရွက်ပေးဖို့ တင်ပြလိုခြင်း ဖြစ်ပါကြောင်း၊ ကျွန်းဖျား၊ ကျွန်းနားအပေါ်ပိုင်း (မြောက်ပိုင်း)တွင် တာဝါတိုင် ၃၀ ခု၊ ၄၀ ခုလောက် ရှိနေပါကြောင်း၊ အနီရောင်နှင့် ပြသည့်အောက်ပိုင်းတွင် တာဝါတိုင်များ အင်မတန် နည်းပြီး ပင်လယ်ကမ်းနားဒေသဖြစ်သည့်အတွက် အခက်အခဲရှိနေသည့်အကြောင်းကို တင်ပြလိုခြင်း ဖြစ်ပါကြောင်း၊ ထိုအခက်အခဲရှိသည့်ရွာများကတော့ ဒီရွာများတော်တော်များများရှိနေပါကြောင်း၊ ထို့ကြောင့် တယ်လီဖုန်းဆက်သွယ်ရေး မကောင်းသည့်ဒေသများမှာ တယ်လီဖုန်းဆက်သွယ်ရေး ကောင်းမွန်လာအောင် မည်သို့ဆောင်ရွက်ပေးမည်ကို သိရှိလိုပါ၍ မေးမြန်းရခြင်း ဖြစ်ပါသည်။


 

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသာဦး

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ ပင်လယ်ကမ်းစပ်ဒေသအချို့တွင် ဆက်သွယ်ရေးတာဝါတိုင်များ မရှိ၍ လည်းကောင်း၊ ရှိပါသော်လည်း တစ်တိုင်နှင့်တစ်တိုင် အလှမ်းဝေးသည့်အပြင် ကြားခံသဘာဝ အတားအဆီးများကြောင့်လည်းကောင်း၊ တယ်လီဖုန်းဆက်သွယ်ရေး မကောင်းပါသဖြင့် တယ်လီဖုန်း ဆက်သွယ်ရေး ကောင်းမွန်လာအောင် မည်သို့ စီမံဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်းနှင့်စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT)အနေဖြင့် ရခိုင် ပြည်နယ်၊ ပေါက်တောမြို့နယ်အတွင်းတွင် GSM စခန်း ၃၁ ခုကိုလည်းကောင်း၊ တယ်လီနော မြန်မာလီမိတက် (Telenor)အနေဖြင့် GSM စခန်း ၁၄ ခုကိုလည်းကောင်း၊ အော်ရီဒူး မြန်မာလီမိတက် (Ooredoo)အနေဖြင့် GSM စခန်း ၈ခုကိုလည်းကောင်း၊ တယ်လီကွန်းအင်တာနေရှင်နယ် မြန်မာ လီမိတက် (MyTel)အနေဖြင့် GSM စခန်း ၁၄ခုကိုလည်းကောင်း အသီးသီးဖွင့်လှစ်ထားရှိပြီး မိုဘိုင်း ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ကိုယ်စားလှယ်ကြီး၏ မေးခွန်းမေးမြန်းချက်တွင် ပါရှိသည့် ပေါက်တောမြို့နယ်၊ ပင်လယ်ကမ်းစပ်ရှိ ကျေးရွာအုပ်စုများ ဖြစ် သော ကျောက်စုကျေးရွာအုပ်စု၊ ဗျိုင်းသစ်ကျေးရွာအုပ်စု၊ မြောက်ပြင်ကျေးရွာအုပ်စု၊ ဖားဒူကျေးရွာ အုပ်စု၊ ပြိုင်းတောင်ကျေးရွာအုပ်စု၊ ဂြင်းချောင်းကျေးရွာအုပ်စုတို့အနက် ကျောက်စုကျေးရွာအုပ်စု အတွင်း၌ ပါရှိသည့်မောက်ပြားကျေးရွာမှာ MPT က GSM စခန်း ၁ခုကိုလည်းကောင်း၊ မြောက်ပြင် ကျေးရွာအုပ်စုအတွင်းရှိ ချော်ချောင်းကျေးရွာတွင် MPT က GSM စခန်း ၁ခုနှင့် လေညှင်းသာ ကျေးရွာတွင် Ooredoo က GSM စခန်း ၁ခုကိုလည်းကောင်း၊ ပြိုင်းတောင်ကျေးရွာအုပ်စုအတွင်းရှိ ပြိုင်းတောင်ကျေးရွာတွင် MPT၊ Telenor နှင့် Ooredoo တို့က GSM စခန်း ၁ခုစီကိုလည်းကောင်း၊ တောင်ရွာကျေးရွာတွင် MPT က GSM စခန်း ၁ခုနှင့် စိုးမဲကျီ (ရွာဟောင်း)ကျေးရွာတွင် Ooredoo က GSM စခန်း ၁ခုကိုလည်းကောင်း အသီးသီး ဖွင့်လှစ်ထားရှိခဲပြီးဖြစ်ပါကြောင်း၊

တင်ပြပါပုံမှာ ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်အတွင်း ဆက်သွယ်ရေးအော်ပရေတာအသီးသီးက ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိတဲ့ GSM မိုဘိုင်းစခန်းများ တည် နေရာပြမြေပုံ ဖြစ်ပါကြောင်း၊ လိုင်စင်ရ ပြည်တွင်း၊ ပြည်ပ ဆက်သွယ်ရေးအော်ပရေတာများ အနေဖြင့် တိုင်းဒေသကြီး၊ ပြည်နယ်များရှိ မြို့ကြီးများအပါအဝင် ကျေးလက်ဒေသများရှိ ပြည်သူများ ၏ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး အစရှိသည့်ကိစ္စများတွင် အဆင်ပြေလွယ်ကူစွာ ဆောင်ရွက်နိုင် ရန်အတွက် ဆက်သွယ်ရေးကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက် ကောင်းမွန်စေမည့် လုပ်ငန်းစဉ်များဖြစ်သည့် ဆက်သွယ်ရေးကွန်ရက်များ တိုးချဲ့ခြင်း၊ မိုဘိုင်းဆက်သွယ်ရေးလုပ်ငန်းများ တိုးချဲ့တည်ဆောက်ခြင်း တို့ကို စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိုဘိုင်းစခန်းများတည်ဆောက်ရာမှာ မြေနေရာရရှိနိုင်မှု အခြေအနေ၊ အဝေးဆက်သွယ်ရေးဆက်ကြောင်း (မိုက္ကရိုဝေ့ဗ်၊ ဖိုင်ဘာ၊ ဂြိုလ်တု)များ ချိတ်ဆက် တပ်ဆင်နိုင်မှုအခြေအနေ၊ မြေပြင်အခြေအနေ၊ ရာသီဥတုအခြေအနေ၊ နယ်မြေဒေသတည်ငြိမ် အေးချမ်းမှုအခြေအနေ၊ လျှပ်စစ်ဓာတ်အားရရှိနိုင်မှုအခြေအနေ၊ လူဦးရေသိပ်သည်းမှု၊ ရင်းနှီးမြှုပ်နှံမှု ကုန်ကျစရိတ်နှင့် ပြန်လည်ရရှိနိုင်မည့် ဝင်ငွေအခြေအနေ စသည်တို့အပေါ်မူတည်ပြီး စီစဉ်ဆောင် ရွက်ခြင်း ဖြစ်ပါကြောင်း၊

ဆက်သွယ်ရေးအော်ပရေတာများအနေဖြင့် ပေါက်တောမြို့နယ်အတွင်း ပင်လယ်ကမ်းစပ်ရှိ ကျေးရွာ အုပ်စု ၆ခုတို့အနက်မှ ကျောက်စုကျေးရွာအုပ်စု၊ မြောက်ပြင်ကျေးရွာအုပ်စုနှင့် ဗျိုင်းတောင်ကျေးရွာ အုပ်စုတို့တွင် GSM စခန်းများကို တည်ဆောက်ထားပြီးဖြစ်သော်လည်း ဗျိုင်းသစ်ကျေးရွာအုပ်စု၊ ဖားဒူကျေးရွာအုပ်စုနှင့် ဂြင်းချောင်းကျေးရွာအုပ်စု အစရှိသည့် ကျေးရွာအုပ်စု ၃အုပ်စုမှာ မိုဘိုင်း ဆက်သွယ်ရေးစခန်းများ တည်ဆောက်ပေးရန် လောလောဆယ် အစီအစဉ်မရှိသေးကြောင်းကို သိရှိရပါကြောင်း၊ သို့ရာတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်းရှိ အခြေခံ ဆက်သွယ်ရေးဖွံ့ဖြိုးတိုးတက်မှု နိမ့်ကျနေသည့်နယ်မြေဒေသများ ( Underserved/ Unserved area) များမှာ အခြေခံ ဆက်သွယ်ရေးအဆောက်အအုံများ တိုးချဲ့တည်ဆောက်နိုင်ရန်နှင့် ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းများ ပိုမိုကျယ်ပြန့် ကောင်းမွန်စေနိုင်မည့်အစီအစဉ်များ ချမှတ် ဆောင်ရွက်နိုင်ရန်အတွက် ဆက်သွယ်ရေးအော်ပရေတာများက အချိုးကျ ထည့်ဝင်ထားသည့် အခြေခံဆက်သွယ်ရေး လိုအပ်ချက်ဖြည့်ဆည်းခြင်းဆိုင်ရာရန်ပုံငွေ (Universal Service Fund-USF) ၏ သတ်မှတ်စည်းမျဉ်း စည်းကမ်းများအရ ဘဏ္ဍာရေးနှစ်အလိုက် ညှိနှိုင်း ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။