Skip to main content

(က)နိုင်ငံရေးပါတီတစ်ခုခုကို ကိုယ်စားပြုသည့် ပါတီဝင်တစ်ဦးသည် သက်ဆိုင်ရာပါတီ၏ စည်းမျဉ်းများ နှင့်အညီ ပါတီဝင်ဖြစ်ခြင်း၊ နုတ်ထွက်ခြင်း၊ ထုတ်ပယ်ခြင်း၊ ပါတီဝင်အဖြစ်မှ ရပ်စဲခြင်းတို့ကို လိုက်နာ ရသည်ကို သိရှိပါသလား၊ ပါတီတစ်ခုခုကို ကိုယ်စားပြုသည့် ပါတီဝင်တစ်ဦးသည် အခြားပါတီဝင် အဖြစ်ဖြင့် ကိုယ်စားပြုပြီး ရွေးကောက်ပွဲများ၌ ဝင်ရောက်ယှဉ်ပြိုင်လျှင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၂၁ ပါပြဋ္ဌာန်းချက်နှင့် ဆန့်ကျင်သည်မဟုတ်ပါလားဆိုသည်ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

မိမိ ယနေ့မေးမြန်းမည့်မေးခွန်းသည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က Focal လုပ်သော နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေနှင့် သက်ဆိုင်ပါကြောင်း၊ မေးခွန်းက တိုတိုလေး ဖြစ်သလို ဥပဒေပြဋ္ဌာန်းချက်ကလည်း ရှင်းရှင်းတိုတိုလေးပဲ ဖြစ်ပါကြောင်း၊ မေးခွန်းက နိုင်ငံရေးပါတီ တစ်ခုခုကို ကိုယ်စားပြုသည့် ပါတီဝင်တစ်ဦးသည် သက်ဆိုင်ရာပါတီ၏ စည်းမျဉ်းများနှင့်အညီ ပါတီဝင်ဖြစ်ခြင်း၊ နုတ်ထွက်ခြင်း၊ ထုတ်ပယ်ခြင်း၊ ပါတီဝင်အဖြစ်မှ ရပ်စဲခြင်းတို့ကို လိုက်နာရသည်ကို သိရှိပါသလားဆိုသည့် အပိုင်းတစ်ပိုင်း၊ ပါတီတစ်ခုကို ကိုယ်စားပြုသည့် ပါတီဝင်တစ်ဦးသည် အခြား ပါတီဝင်အဖြစ်ဖြင့် ကိုယ်စားပြုပြီး ရွေးကောက်ပွဲများ၌ ဝင်ရောက်ယှဉ်ပြိုင်လျှင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၂၁ ပါ ပြဋ္ဌာန်းချက်များကို ဆန့်ကျင်တယ်မဟုတ်လားဆိုသည့် မေးခွန်း ဖြစ်ပါကြောင်း၊ ယခုကဲ့သို့မေးမြန်းရသည်မှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဆိုသည်မှာ ၂၀၁၀ ပြည့်နှစ်က ပြဋ္ဌာန်းခဲ့သော ဥပဒေအရ နိုင်ငံရေးပါတီများကိုလည်း စီမံခန့်ခွဲသော အဖွဲ့အစည်း ဖြစ်သည့်အပြင် နိုင်ငံတစ်ဝန်းလုံးတွင် ကျင်းပသော ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်နယ်လွှတ်တော် စသည့် လွှတ်တော် အသီးသီးနှင့် ဆိုင်သည့်ကိစ္စများကိုလည်း စီမံခန့်ခွဲသည့် အလုပ်ကို လုပ်ရပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်သည် လွှတ်တော်အဆင့်ဆင့် တွင် လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်ဖြင့် ပါဝင်ယှဉ်ပြိုင်မည်ဆိုပါက နိုင်ငံရေးပါတီ အသီးသီးကို ကိုယ်စားပြု၍ဖြစ်စေ၊ တစ်သီးပုဂ္ဂလအဖြစ်ဖြင့်ဖြစ်စေ ဝင်ရောက်ယှဉ်ပြိုင်ကြပါ ကြောင်း၊

တစ်သီးပုဂ္ဂလကိုယ်စားလှယ်အဖြစ်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်သည့်အခါ သက်ဆိုင်ရာရွေးကောက်ပွဲ များအတွက် သတ်မှတ်ထားသည့် ဥပဒေနှင့်အညီ အရည်အချင်းပြည့်ပါက ယှဉ်ပြိုင်၍ရပါကြောင်း၊ သို့သော် ပုဂ္ဂိုလ်တစ်ယောက်သည် နိုင်ငံရေးပါတီတစ်ခုကို ကိုယ်စားပြုပြီး ဝင်ရောက်အလုပ်လုပ် ကိုင်နေပါကြောင်း၊ ၎င်းပုဂ္ဂိုလ်က အခြားပါတီတစ်ခုတွင် ကိုယ်စားပြုပြီး ဝင်ရောက်ယှဉ်ပြိုင်သည့် အခါ အဆိုပါမေးခွန်းကို မေးစရာပေါ်လာပါကြောင်း၊ ၂၀၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတုန်းက မိမိတို့ပါတီက မြို့နယ်အဆင့် ဒုတိယဥက္ကဋ္ဌတစ်ယောက်က တခြားပါတီက ကိုယ်စားလှယ်လောင်း အဖြစ် ပါတီကိုကိုယ်စားပြုပြီး ဝင်ရောက်ယှဉ်ပြိုင်ပါကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က အစည်းအဝေးလုပ်သည့်အချိန်အခါတွင် မိမိက၎င်းအစည်းအဝေးတွင် အဆိုပါကိစ္စကို ဆွေးနွေးခဲ့သည့်အခါ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲလုပ်သည့်အတွက် ကြောင့် ရွေးကောက်ပွဲဆိုင်ရာဥပဒေနှင့်သာ ဆိုင်ပါသည်ဟုဖြေကြားပါကြောင်း၊ မိမိပြောသည်က ၎င်းပုဂ္ဂိုလ်က တစ်သီးပုဂ္ဂလအနေဖြင့် ရွေးကောက်ပွဲဝင်ပါက ၎င်းဥပဒေနှင့် မငြိစွန်းသော်လည်း နိုင်ငံရေးပါတီတစ်ခုတွင် တရားဝင်ပါတီဝင်အဖြစ် ရှိနေသည့်ပုဂ္ဂိုလ်က နောက်ပါတီတစ်ခုကို ကိုယ်စားပြုပြီး ဝင်ရောက်ယှဉ်ပြိုင်လျှင် ပြဋ္ဌာန်းဥပဒေဖြစ်သော နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၂၁ တွင် ပုဂ္ဂိုလ်တစ်ဦးသည် တစ်ချိန်တည်းတွင် ပါတီတစ်ခု၌သာ ပါဝင် ဆောင်ရွက်ခွင့်ရှိသည်ဟု ရှင်းရှင်းလင်းလင်း ပြဋ္ဌာန်းထားသည့်အတွက် ယခုလိုမရှင်းမလင်းဖြစ်နေ သည်ကို နိုင်ငံတစ်ဝန်းလုံးရှိ မဲဆန္ဒရှင်များ၊ နိုင်ငံရေးပါတီအသီးသီးတွင် တာဝန်ယူနေကြသည့် ပုဂ္ဂိုလ်များ၊ ရွေးကောက်ပွဲဝင်ကြမည့် ပုဂ္ဂိုလ်များ ရှင်းရှင်းလင်းလင်း ဥပဒေနှင့်အညီ သိရှိနိုင်စေချင်သည့်အတွက်ကြောင့် နိုင်ငံရေးပါတီတစ်ခုခုကို ကိုယ်စားပြုသည့် ပါတီဝင်တစ်ဦးသည် သက်ဆိုင်ရာပါတီ၏ စည်းမျဉ်းများ နှင့်အညီ ပါတီဝင်ဖြစ်ခြင်း၊ နုတ်ထွက်ခြင်း၊ ထုတ်ပယ်ခြင်း၊ ပါတီဝင်အဖြစ်မှ ရပ်စဲခြင်းတို့ကို လိုက်နာရသည်ကို သိရှိပါသလား၊ ပါတီတစ်ခုခုကို ကိုယ်စားပြု သည့် ပါတီဝင်တစ်ဦးသည် အခြားပါတီဝင်အဖြစ်ဖြင့် ကိုယ်စားပြုပြီး ရွေးကောက်ပွဲများ၌ ဝင်ရောက်ယှဉ်ပြိုင်လျှင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၂၁ ပါပြဋ္ဌာန်းချက်နှင့် ဆန့်ကျင်သည်မဟုတ်ပါလားဆိုသည်ကို သိလိုပါကြောင်း မေးမြန်းပါသည်။


 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ အဖွဲ့ဝင် ဦးသက်ထွန်း

နိုင်ငံရေးပါတီတစ်ခုခုကို ကိုယ်စားပြုသော ပါတီဝင်တစ်ဦး၏ ပါတီဝင်ဖြစ်ခြင်း၊ နုတ်ထွက်ခြင်း၊ ထုတ်ပယ်ခြင်း၊ ပါတီဝင်အဖြစ်မှ ရပ်စဲခြင်း၊ ပါတီတာဝန်များမှ ရပ်စဲခြင်းများကို သက်ဆိုင်ရာပါတီက ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကို တင်ပြထားသော ပါတီဖွဲ့စည်းပုံစည်းမျဉ်းများနှင့်အညီ လိုက်နာဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ပါတီဝင်တစ်ဦးသည် သက်ဆိုင်ရာပါတီ၏ စည်းမျဉ်း များနှင့်အညီ လိုက်နာခြင်းရှိ/မရှိကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ကော်မရှင်အဖွဲ့ခွဲ အသီးသီးက သိရှိနိုင်မည်မဟုတ်ဘဲ သက်ဆိုင်ရာပါတီကသာ သိရှိနိုင်မည်ဖြစ်ပါကြောင်း၊ ရွေးကောက်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်သည့်ကိစ္စသည် သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေများနှင့်အညီသာ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၂၁ ပါပြဋ္ဌာန်းချက်သည် ပါတီကိစ္စတွင် ပါဝင်ဆောင်ရွက်ခွင့်သာ ဖြစ်ပါကြောင်း၊ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် အမည်စာရင်းတင်သွင်းထားသော လွှတ်တော်ကိုယ်စားလှယ်လောင်းများကို သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများက စိစစ်ခြင်းသည် သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများနှင့်အညီ စိစစ်ရခြင်း ဖြစ်ပါကြောင်း၊ ရွေးကောက်တင်မြှောက်ခံခွင့်ရှိသော သတ်မှတ်ထားသည့်အရည်အချင်းများနှင့် ပြည့်စုံပါက ရွေးကောက်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရ မည် ဖြစ်သည့်အပြင် ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း()၊ နိုင်ငံတော်အခြေခံမူများ ပုဒ်မ ၃၈ ပုဒ်မခွဲ(က)တွင် နိုင်ငံသားတိုင်းသည် ဥပဒေနှင့်အညီ ရွေးကောက်တင်မြှောက်ခွင့်နှင့် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်ရှိသည်ဟု ပြဋ္ဌာန်းထားပါကြောင်း၊

သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၂၂ တွင် ရွေးကောက်ပွဲတွင် လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်လိုသူတစ်ဦးသည် မဲဆန္ဒနယ်အလိုက် သတ်မှတ် ထားသည့်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲသို့ သတ်မှတ်ထားသည့်အတိုင်း အမည်စာရင်း တင်သွင်းလွှာကို တင်သွင်းရမည်ဟူ၍လည်းကောင်း၊ ယင်းဥပဒေပုဒ်မ ၂၄ တွင် လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် အမည်စာရင်းတင်သွင်းထားသူ၏ အမည်စာရင်းတင်သွင်းလွှာသည် သတ်မှတ်ချက်များနှင့် ညီညွတ်မှုရှိ/မရှိ၊ လက်ခံရန်သင့်/မသင့်ကို သတ်မှတ်ထားသည့်အတိုင်း အမည်စာရင်းတင်သွင်းလွှာလက်ခံသည့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက စိစစ်ရမည်ဟူ၍ လည်းကောင်း၊ ယင်းဥပဒေပုဒ်မ ၂၆ တွင် ပုဒ်မ ၂၄ အရ စိစစ်ပြီးနောက် သတ်မှတ်ချက် များနှင့်ညီညွတ်ပါက လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်ရှိ သူဖြစ်ကြောင်း သို့မဟုတ် သတ်မှတ်ချက်များနှင့် ညီညွတ်မှုမရှိပါက လွှတ်တော်ကိုယ်စားလှယ် လောင်းအဖြစ် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်မရှိသူ ဖြစ်ကြောင်း သက်ဆိုင်ရာရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွှဲက ကြေညာရမည်ဟူ၍ ပြဋ္ဌာန်းထားပါကြောင်း၊

ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်ရှိသူများနှင့်စပ်လျဉ်းပြီး သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၈ တွင် အောက်ပါအတိုင်း ပြဋ္ဌာန်းထားပါကြောင်း၊ အောက်ပါအရည်အချင်းနှင့် ပြည့်စုံသော နိုင်ငံသားများသည် အမျိုးသား/ အမျိုးသမီးမရွေး၊ ဘာသာမရွေး ရွေးကောက်ပွဲတွင် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်ရှိသည်။

(က) ရွေးကောက်တင်မြှောက်ခံနိုင်ရေးအတွက် အမည်စာရင်းတင်သွင်းလွှာတင်သွင်း ချိန်တွင် -

  • ) အသက် ၂၅ နှစ်(အမျိုးသားလွှတ်တော်အတွက် အသက် ၃၀ နှစ်)ပြည့်ပြီး ဤဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်မဆန့်ကျင်သူ၊
  • ) လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသည်နှင့် တစ်ဆက် တည်း ပြည်ထောင်စုမြန်မာနိုင်ငံတော်တွင် အနည်းဆုံး ၁၀ နှစ် အခြေချ နေထိုင်ခဲ့သူ၊

ခြွင်းချက် နိုင်ငံတော်၏ခွင့်ပြုချက်ဖြင့် နိုင်ငံခြားသို့ တရားဝင်သွားရောက်သည့် ကာလများကိုလည်း နိုင်ငံတော်တွင် အခြေချနေထိုင်ခဲ့သည့်ကာလ အဖြစ် ထည့်သွင်းရေတွက်ရမည်၊

  • ) မဲစာရင်းတွင် ပါဝင်သူ။
  • ) နိုင်ငံသားမိဘနှစ်ပါးမှ မွေးဖွားသောနိုင်ငံသားဖြစ်သူ၊
  • ) ဤဥပဒေတွင်သတ်မှတ်ထားသည့် အရည်အချင်းများနှင့် ပြည့်စုံသူဟု ပြဋ္ဌာန်းထား ပါတယ်။

ယင်းဥပဒေပုဒ်မ ၉ တွင် ရွေးကောက်တင်မြှောက်ခံခွင့်ရှိသူတစ်ဦးသည် ပုဂ္ဂလိကအဖြစ်ဖြင့် ဖြစ်စေ၊ နိုင်ငံရေးပါတီတစ်ခုခုကို ကိုယ်စားပြု၍ဖြစ်စေ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရှိသည်ဟု ပြဋ္ဌာန်းထားပါကြောင်း၊ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၂၁ ပါပြဋ္ဌာန်းချက်အရ ပုဂ္ဂိုလ်တစ်ဦးသည် တစ်ချိန်တည်းတွင် ပါတီတစ်ခု၌သာ ပါဝင်ဆောင်ရွက်ခွင့်ရှိသည့်အတွက် ပါတီ တစ်ခုမှ နုတ်ထွက်ခွင့်မရရှိသောပုဂ္ဂိုလ်တစ်ဦးသည် အခြားနိုင်ငံရေးပါတီတစ်ခုကို ကိုယ်စားပြု၍ ဝင်ရောက်ယှဉ်ပြိုင်မည်ဆိုပါက နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၂၁ ပါ ပြဋ္ဌာန်းချက်နှင့် ငြိစွန်းပါကြောင်း၊ သို့သော် ယင်းသို့ပါတီမှနုတ်ထွက်ခွင့်မရသည့်အခြေအနေတွင် ၎င်း၏ရွေးကောက် တင်မြှောက်ပိုင်ခွင့်မဆုံးရှုံးစေရေးအတွက် တစ်သီးပုဂ္ဂလအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ပါက နိုင်ငံရေး ပါတီများမှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၂၁ ပါ ပြဋ္ဌာန်းချက်နှင့် ဆန့်ကျင်သည်ဟု ဆိုနိုင်မည်မဟုတ်ပါ ကြောင်း ရှင်းလင်းဖြေကြားပါသည်။

ဦးဘရှိန်(ကျောက်ဖြူမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရှင်းပြသည့်အတွက် ကျေးဇူးတင်ပါကြောင်း၊ ရှင်းရှင်း လင်းလင်းသိလိုသည့်အတွက်ကြောင့် ၎င်းမေးခွန်းကို မေးခဲ့ရခြင်းဖြစ်ပါကြောင်း၊ ဆက်စပ်ပြီး အနည်းငယ် မေးမြန်းလိုပါကြောင်း၊ ပုဂ္ဂိုလ်တစ်ယောက်က နိုင်ငံသားအခွင့်အရေးအရ ရွေးကောက်ပွဲဆိုင်ရာဥပဒေနှင့်အညီ အရည်အချင်းပြည့်စုံပါက ရွေးကောက်ပွဲဝင်ခွင့်ရှိသည်၊ နိုင်ငံရေးပါတီအသီးသီးကိုကိုယ်စားပြုပြီး ရွေးကောက်ပွဲဝင်ခွင့်ရှိသည်မှာ ရှင်းလင်းပါကြောင်း၊ ယခု နိုင်ငံရေးပါတီတစ်ခုက တာဝန်ရှိသည့်ပုဂ္ဂိုလ်တစ်ယောက်သည် တခြားပါတီတစ်ခုက ကိုယ်စားပြုပြီး ရွေးကောက်ပွဲဝင်လိုက်သည့်အခါ ဤပြဿနာများကို ၂၀၁၈ ခုနှစ်၊ UEC တွင် အစည်းအဝေးများ လုပ်သည့်အခါ မဖြေရှင်းနိုင်ခဲ့သည့်အတွက်ကြောင့် ၎င်းမေးခွန်းကို မေးမြန်းရခြင်းဖြစ်ပါကြောင်း၊

ယခု အဆိုပါပုဂ္ဂိုလ်သည် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေကိုလည်း လိုက်နာပြီး ဆောင်ရွက် ရမည်ဆိုသည့် အခွင့်အရေးများရရှိသွားသည့်အတွက်ကြောင့် ၎င်းပုဂ္ဂိုလ်မျိုးကို နိုင်ငံရေးပါတီ တစ်ခုက ပုဂ္ဂိုလ်တစ်ယောက်သည် တခြားနိုင်ငံရေးပါတီတစ်ခုကိုကိုယ်စားပြုပြီး ဝင်ရောက် ယှဉ်ပြိုင်လာမည်ဆိုပါက ကိုယ်စားယှဉ်ပြိုင်ခွင့်မရကြောင်း၊ တစ်သီးပုဂ္ဂလအနေဖြင့် ပြိုင်၍ရမည်ဟု ဖြေသွားသည့်အတိုင်း နိုင်ငံရေးပါတီတစ်ခုကို ကိုယ်စားပြုသော တာဝန်ရှိပုဂ္ဂိုလ်တစ်ယောက်သည် တခြားပါတီတစ်ခုကို ကိုယ်စားပြုပြီး ဝင်ရောက်ယှဉ်ပြိုင်လာပါက သက်ဆိုင်ရာမိခင်ပါတီက ရွေးကောက်ပွဲကော်မရှင်ကို အကျိုးရယ်၊ အကြောင်းရယ်ဖော်ပြပြီး‌ တင်ပြလာသည့်အခါ ယခု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဖြေသွားသလို ရွေးကောက်ပွဲဝင်လိုပါက ဥပဒေနှင့်အညီ တစ်သီးပုဂ္ဂလသာဝင်ပါဟုညွှန်ကြားပေးရန် အစီအစဉ်ရှိပါသလားဆိုသည်ကိုသိလိုကြောင်း မေးမြန်း ပါသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ အဖွဲ့ဝင် ဦးသက်ထွန်း

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဘရှိန်၏ ဆက်စပ် မေးခွန်းသည် အလွန်ကောင်းမွန်သောမေးခွန်းဖြစ်ပါ‌ကြောင်း၊ မေးခွန်းအသစ်ဖြစ်သည်ဟုလည်း ယူဆ၍မရသော်လည်း ပိုမိုတိကျသည့်အဖြေရရှိရန်အတွက် မိမိတစ်ဦးတည်းသဘောဖြင့် ဖြေကြားခြင်းမပြုဘဲ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ စုံညီညှိနှိုင်းအစည်းအဝေးသို့တင်ပြပြီး ယင်းအစည်းအဝေး၏တင်ပြချက်အရ ပြန်လည်ရှင်းလင်းဖြေကြားသွားမည်ဖြစ်ကြောင်း ဖြေကြား ပါသည်။