Skip to main content

ဝန်ကြီးဌာနအသီးသီးက လက်ရှိကျင့်သုံးနေသော ပြဋ္ဌာန်းကာလ သက်တမ်း(၂)နှစ်ကျော်နေပြီဖြစ်သောဥပဒေများကို သက်ဆိုင်ရာဝန်ကြီးဌာနအသီးသီးမှ ပြန်လည်စိစစ်သုံးသပ်ပြီး ဥပဒေကျင့်သုံး အကောင်အထည်ဖော်မှု စိစစ်ချက်မှတ်တမ်း အစီရင်ခံစာကို လွှတ်တော်များနှင့် သက်ဆိုင်ရာ ကော်မတီများသို့ ပေးပို့ရန် အစီအစဉ် ရှိ/မရှိနှင့်စပ်လျဉ်းသည့် မေးခွန်း

ဝန်ကြီးဌာနအသီးသီးမှ လက်ရှိကျင့်သုံးနေသည့် ပြဋ္ဌာန်းသက်တမ်းကာလ (၂)နှစ် ကျော်ပြီဖြစ်သည့် ဥပဒေများကို သက်ဆိုင်ရာဝန်ကြီးဌာနမှ ပြန်လည်စိစစ်သုံးသပ်ပြီး ဥပဒေကျင့်သုံး အကောင်အထည်ဖော်မှု စိစစ်ချက်မှတ်တမ်း အစီရင်ခံစာကို သက်ဆိုင်ရာ လွှတ်တော်ကော်မတီများကို ပေးပို့ရန်နှင့်ပတ်သက်သည့် မေးခွန်းဖြစ်ပါကြောင်း၊ ရည်ရွယ်ချက် (၄) ခုရှိပါကြောင်း၊ ပထမ ရည်ရွယ်ချက်သည် လွှတ်တော်၏ လုပ်ငန်းယန္တရားများ ပိုမိုခိုင်မာ သန်စွမ်းလာစေရန် ဖြစ်ပါကြောင်း၊ မိမိတို့ နိုင်ငံသည် အသွင်ကူးပြောင်းနေသည့် နိုင်ငံဖြစ်ပါကြောင်း၊ လက်ရှိအခြေအနေသည် ပြည်သူကို တိုက်ရိုက်ကိုယ်စားပြုသည့် လွှတ်တော်သည် အလွန်အရေးကြီးပါကြောင်း၊ လွှတ်တော် အားကောင်းသန်မာလာစေရန် ကြိုးစားဆောင်ရွက်နိုင်မှသာ ဒီမိုကရေစီ တည်တံ့ခိုင်မြဲမှု အဆင့်ကို နောက်တစ်ဆင့် တက်လှမ်းနိုင်မည် ဖြစ်ပါကြောင်း၊ ထို့ပြင် မိမိတို့လွှတ်တော်တွင် တာဝန်ကြီး သုံးရပ်ဖြစ်သည့် ကိုယ်စားပြုခြင်း၊ ထိန်းကျောင်းခြင်းနှင့် ဥပဒေပြုခြင်း ဆိုသည့် တာဝန် (၃)ခု ကို ထမ်းဆောင်သည့် အချိန်တွင် ယခုမိမိမေးခွန်းတွင် တင်ပြထားသည့် အစိုးရဝန်ကြီးဌာန အသီးသီးက ဥပဒေ ကျင့်သုံးအကောင်အထည်ဖော်ရေး အစီရင်ခံစာသည် ၎င်းလုပ်ငန်းသုံးခုကို ဆောင်ရွက်ရန် အတွက် အဓိကပင်မကျောရိုးဖြစ်ပါကြောင်း၊ မိမိတို့ ပြဋ္ဌာန်းလိုက်သည့်ဥပဒေများသည် တကယ် လက်တွေ့အကောင်အထည်ဖော်သည့် အချိန်တွင် ဥပဒေ၏ မူလရည်ရွယ်ချက်များအတိုင်း တကယ် ကျင့်သုံး/မကျင့်သုံး၊ တကယ်ထိရောက်မှု ရှိ/မရှိ သုံးသပ်ပြီး ၎င်းဥပဒေများကို ပြန်လည် ပြင်ဆင်သည့် အလေ့အကျင့်သည် ကမ္ဘာတွင် ဒီမိုကရေစီ ကျင့်သုံးနေသည့် နိုင်ငံအများစုသည် ၎င်းကို လွှတ်တော်၏ ယန္တရားတစ်ခုဖြစ်စေရန် ကြိုးစားဆောင်ရွက်နေသည်ကို မိမိတို့ လေ့လာ တွေ့ရှိရပါကြောင်း၊ ယခုမေးခွန်းမေးသည့်အချိန်တွင် မေးခွန်းသည် မေးချိန်တန်ပြီလားဆိုသည့် မေးခွန်းတစ်ခု ကိုယ့်ကိုယ်ကို ပြန်မေးရပါကြောင်း၊ စဉ်းစားသည့်အချိန်တွင် မိမိတို့ လွှတ်တော် သက်တမ်းသည် နှစ်ကြိမ်ထဲကို ရောက်ပြီး၁၀ နှစ်ပြည့်တော့မည်ဖြစ်ပါကြောင်း၊  အစိုးရအတွက် ဒီမိုကရေစီ အစိုးရသက်တမ်းသည် နှစ်ကြိမ်သာရှိသော်လည်း အုပ်ချုပ်ရေးယန္တရား၏ သက်တမ်း အရဆိုပါက ၎င်းသည် လွတ်လပ်ရေးရပြီးကတည်းကစခဲ့သည့် သက်တမ်းဖြစ်ပါကြောင်း၊ မေးခွန်းကို မေးရသည့် ရည်ရွယ်ချက်နှင့်ပတ်သက်ပြီး ဥပမာ နှစ်ခုရှိပါကြောင်း၊ နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေ ကျင့်သုံး အကောင်အထည်ဖော်မှု နှင့်ပတ်သက်ပြီး စိစစ်သည့် အစီရင်ခံစာတစ်ခုပေးပို့ရန်  ပြည်ထဲရေးကိုတောင်းပါကြောင်း၊ ပြည်ထဲရေးမှ ၎င်းဥပဒေကို အကောင်အထည်ဖော်ပြီး တရားစွဲသည်မှာ ၃၇၀ ကျော်ရှိသည့်အနက် ဥပဒေ၏ ရည်ရွယ်ချက်အတိုင်း တရားစွဲနိုင်သည်မှာ အလွန်နည်းပြီး လူတစ်ဦးနှင့် တစ်ဦးကို စွဲသည့် ဥပဒေပေါင်းသည် အလွန်များပြားနေသည့်အတွက် ပြင်ဆင်သင့်သည်ဆိုသည့် သဘောထားမျိုး ရခဲ့ပါကြောင်း၊ 

မိမိတို့ ကော်မတီများကို လွှတ်တော် စဖွင့်သည့်အချိန်ကတည်းက ကော်မတီတစ်ခုချင်းစီအလိုက် လေ့လာဆန်းစစ်ပြီး ပြင်ဆင်ဖြည့်စွက်ရန် ပေးထားသည့် ဥပဒေများ အသီးသီး ရှိပါကြောင်း၊ မိမိတို့ ကော်မတီများသည် ၎င်းဥပဒေပေါင်း များစွာကို ကော်မတီတွင် ၎င်းဥပဒေများကို ဖတ်၍ပြင်ဆင်ရန် ကြိုးစားရုံဖြင့် လုံလောက်မည် မဟုတ်ပါကြောင်း၊ သို့သော် ကော်မတီ အသီးသီးမှ ဥက္ကဋ္ဌများနှင့် ကော်မတီဝင်များသည် ပြည်သူ့အသံများကို နားထောင်၍တတ်နိုင်သမျှ ကြားနာမှုများမှတစ်ဆင့် ပြင်ဆင်ရန် ကြိုးစားခဲ့သည့် ဥပမာကောင်းများရှိခဲ့ပါကြောင်း၊ သို့သော် ၎င်းသည် ပုံမှန်လည်ပတ် နေသည့် Mechanism ဖြစ်သည်အထိ အထောက်အပံ့မဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့သည် အုပ်ချုပ်ရေးယန္တရားတွင် ဥပဒေတစ်ခုချင်းစီအလိုက် မည်မျှကျင့်သုံးနေသည်ဆိုသည့် မှတ်တမ်းများသည် ရှိပြီးဖြစ်မည်ဖြစ်ကြောင်း၊ ၎င်းမှတ်တမ်းများကို (၂)နှစ်တစ်ကြိမ်သာ မိမိတင်ပြသည့် PLS Paper ကို ရေးပြီး သက်ဆိုင်ရာ ရေးရာကော်မတီများသို့ အမြဲတင်ပို့နေမည် ဆိုပါက  ကော်မတီများသည် ဌာနဆိုင်ရာများ ကျင့်သုံးနေသည့် ၎င်း Paper များကို လေ့လာ ဖတ်ရှုပြီး ဌာနဆိုင်ရာများ၊ လုပ်ငန်းအကောင်အထည်ဖော်မှုများကို ပိုမိုချောမွေ့စေရန် ဆောင်ရွက် သည့် နေရာတွင်များစွာအထောက်အကူဖြစ်မည် ဖြစ်သည့်အတွက် မိမိတို့လွှတ်တော်၏ တာဝန်ဖြစ်သည့် ထိန်းကျောင်းမှုကို အထောက်အပံ့ဖြစ်မည် ဖြစ်သည့်အပြင် လက်တွေ့ ဝန်ကြီးဌာန ယန္တရားများတွင် နိုင်ငံရေး Position သည် နှစ်ခုသာ ရှိပါကြောင်း၊ ဝန်ကြီး၊ ဒုတိယဝန်ကြီးသာ ရှိပါကြောင်း၊ အဆင့်ဆင့်သော ယန္တရားများ၏ အကောင်အထည်ဖော်မှုများ ထိရောက်မှု၊ မထိရောက် မှုကို ဥပဒေ Paper များကို လွှတ်တော်သို့ ပေးပို့မည်ဆိုပါက လွှတ်တော်က ၎င်းယန္တရားများကို ဝိုင်းဝန်း ထိန်းကျောင်းပေးခြင်း ဖြစ်သည့်အတွက် ၎င်းလုပ်ငန်းစဉ်သည် လွှတ်တော်၏ တာဝန်လည်း ဖြစ်သည့်အပြင် အုပ်ချုပ်ရေးအဖွဲ့အစည်းတွင်ရှိသည့် ဝန်ကြီးများ၏ လုပ်ငန်းများကို များစွာ အထောက်အကူ ဖြစ်စေနိုင်မည် ဖြစ်ပါကြောင်း၊ ထိုကြောင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများသည် နိုင်ငံတကာတွင် ဥပဒေများကို (၂) နှစ်ကျော်သည်နှင့် Paper များရေးပြီး လွှတ်တော်ကို တင်ပေး ရခြင်းသည် အလေ့အထ ရှိနေပြီဖြစ်သည့်အတွက် လွှတ်တော်၏ ယန္တရားများကို ပိုမိုသန်စွမ်း လာစေရန် လုပ်ဆောင်ရာတွင် အင်မတန် အရေးကြီးပါကြောင်း မေးမြန်းပါသည်။


 

ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်

ရန်ကုန်တိုင်း ဒေသကြီး၊ သန်လျင်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလွင်ကိုလတ်မှ လွှတ်တော်၏ တာဝန်တစ်ရပ်ဖြစ်သည့် အုပ်ချုပ်ရေးကဏ္ဍကို လွှတ်တော်မှ ထိန်းကျောင်းခြင်း လုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် ဝန်ကြီးဌာနအသီးသီးက လက်ရှိကျင့်သုံးနေ သည့် ပြဋ္ဌာန်းကာလ သက်တမ်း (၂) နှစ်ကျော်နေပြီ ဖြစ်သည့် ဥပဒေများကို သက်ဆိုင်ရာ ဝန်ကြီးဌာနအသီးသီးက ပြန်လည်စိစစ်သုံးသပ်ပြီး ဥပဒေကျင့်သုံး အကောင်အထည်ဖော်မှု စိစစ်ချက် မှတ်တမ်း အစီရင်ခံစာကို ပေးပို့ရန် အစီအစဉ် ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းသည့် မေးခွန်း ဖြစ်ပါကြောင်း၊ 

ပြည်ထောင်စုရှေ့နေချုပ်ရုံးသည် ပြဋ္ဌာန်းကာလ (၂)နှစ်ကျော်နေပြီဖြစ်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်းပြီး မေးခွန်းအပေါ်တွင် ပေါင်းစပ်ညှိနှိုင်းရမည့် ပြည်ထောင်စုဝန်ကြီးဌာန အဖွဲ့အစည်းများ၏ ဖြေကြားချက်များကို စုစည်းပြီး ဖြေကြားတင်ပြခြင်း ဖြစ်ပါကြောင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာနများသည် ဥပဒေကျင့်သုံး အကောင် အထည်ဖော်မှု စိစစ်ချက်မှတ်တမ်း အစီရင်ခံစာကို လွှတ်တော်နှင့် သက်ဆိုင်ရာ ကော်မတီများသို့ ပေးပို့နိုင်ရေးအတွက် ပြည်ထောင်စုအစိုးရအဖွဲ့က လမ်းညွှန်မှုပြုပါက တင်ပြအစီရင်ခံမည် ဖြစ်ပါ ကြောင်း၊ 

မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥပဒေ ပုဒ်မ ၃၇ အရ ပြည်ထောင်စု လွှတ်တော်သို့ နှစ်စဉ်အစီရင်ခံစာ တင်ပြလျက်ရှိပါကြောင်း၊  ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနသည် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေ ပုဒ်မ ၂၄ ပုဒ်မခွဲ (ဆ) ပြဋ္ဌာန်းချက်နှင့်အညီ ပြည်ထောင်စုလွှတ်တော်သို့ နှစ်စဉ် အစီရင်ခံတင်ပြလျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်သည် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဥပဒေ ပုဒ်မ ၂၂ ပုဒ်မခွဲ(ဌ)ပါ ပြဋ္ဌာန်းချက်နှင့်အညီ လုပ်ငန်း ဆောင်ရွက်မှုများကို ပြည်ထောင်စုလွှတ်တော်သို့ အစီရင်ခံ တင်ပြလျက်ရှိပါကြောင်း၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဌာနသည် သက်ဆိုင်ရာ ဥပဒေအသီးသီးကို ကျင့်သုံးအကောင်အထည်ဖော်မှု စိစစ်ချက်မှတ်တမ်းကို လွှတ်တော်နှင့် သက်ဆိုင်ရာ ကော်မတီများသို့ ပေးပို့သွားမည်ဖြစ်ပါကြောင်း၊

နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ပြည်ထဲရေး ဝန်ကြီးဌာန၊ ကာကွယ်ရေး ဝန်ကြီးဌာန၊ ပြန်ကြားရေး ဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပညာရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာန၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံးတို့သည် လွှတ်တော်နှင့် သက်ဆိုင်သည့် ကော်မတီများသို့ သီးခြားအစီရင်ခံ တင်ပြရန်မရှိပါကြောင်း၊

ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနသည် အသစ်ပြဋ္ဌာန်းသည့် မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်း ဥပဒေသည် (၂)နှစ်မကျော်သေးကြောင်း၊ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့သည် ၎င်းတို့ ကျင့်သုံးနေသည့် ဥပဒေသည် ပြင်ဆင်သည့် ကာလ (၂)နှစ်မကျော်သေးသည့်အတွက်ကြောင့် တင်ပြရန်မရှိပါကြောင်း၊

ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၂၆ ပုဒ်မခွဲ(ဂ)တွင် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းတစ်ရပ်ကို ကိုယ်စားပြုသည့် အဖွဲ့ဝင်များသည် လွှတ်တော်ကော်မတီများက မိမိအဖွဲ့ အစည်းနှင့် သက်ဆိုင်သည့် ကိစ္စရပ်များကို မေးမြန်းလာပါက ဆောင်ရွက်မှုအခြေအနေ၊ ပြီးစီးမှု အခြေအနေနှင့် သတ်မှတ်ကာလအတွင်း မူလသတ်မှတ်ချက်အတိုင်း ပြီးစီးခြင်း မရှိပါက ပြီးစီးခြင်း မရှိသည့် အကြောင်းအရင်းကို ပြန်ကြားမှုရှိသည့်အကြောင်း ပြဋ္ဌာန်းထားပါကြောင်း၊ ပုဒ်မခွဲ(ဃ)တွင် ကော်မတီများသည် လုပ်ငန်းတာဝန်နှင့် ဆက်စပ်သည့် ကိစ္စရပ်များအတွက် ဆွေးနွေးတင်ပြရန် ဖိတ်ကြားပါက လာရောက်ရှင်းလင်း ဖြေကြားခွင့်ရှိကြောင်းကို ပြဋ္ဌာန်းထားပါကြောင်း၊ ၂၀၁၂ ခုနှစ် ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၅၀ ပုဒ်မခွဲ(ဂ)၊ ၂၀၁၂ ခုနှစ် အမျိုးသားလွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၅၀ ပုဒ်မခွဲ(ဂ)တို့သည် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းတစ်ရပ်ကို ကိုယ်စားပြုသည့် အဖွဲ့အစည်းဝင်များသည် လွှတ်တော်ကိုယ်စားလှယ်များက တင်သွင်းမေးမြန်းသည့်၊ မိမိအဖွဲ့ အစည်းနှင့် ပတ်သက်သည့် မေးခွန်းများကို ပြန်လည်ဖြေကြားခွင့်ရှိသည့်အပြင် အဆိုနှင့် ပတ်သက်၍လည်း ရှင်းလင်းချက်မျိုး မရှိပါကြောင်း၊ ပုဒ်မခွဲ(ဃ)တွင် လွှတ်တော်ကိုယ်စားလှယ် များက လွှတ်တော်သို့ အစီရင်ခံစာ တင်သွင်းရန် မိမိအဖွဲ့အစည်းနှင့် သက်ဆိုင်သည့် ကိစ္စရပ်များကို မေးမြန်းလာပါက ဆောင်ရွက်ပြီးစီးမှု အခြေအနေ သတ်မှတ်ကာလအတွင်း မူလသတ်မှတ်ချက် အတိုင်းပြီးစီးခြင်း မရှိပါက ပြီးစီးခြင်းမရှိသည့် အကြောင်းအရင်းကို ပြန်ကြားခွင့်ရှိကြောင်း ပြဋ္ဌာန်းထားပြီး၊ ပုဒ်မခွဲ(င) တွင် လွှတ်တော် ကော်မတီများ၊ ကော်မရှင်နှင့် အဖွဲ့များက လုပ်ငန်း တာဝန်နှင့် ဆက်စပ်သောကိစ္စများကို ဆွေးနွေးတင်ပြရန် တိုက်ရိုက်ဖြေကြားက လာရောက် ရှင်းလင်းဖြေကြားကြ မည်ဟု ပြဋ္ဌာန်းထားပါကြောင်း၊

အစိုးရဌာန အဖွဲ့အစည်းများသည် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ လုပ်ငန်း တာဝန်များကို အကောင်အထည်ဖော် ဆောင်ရွက်ကြမည် ဖြစ်ပါကြောင်း၊ ထိုကဲ့သို့ ဆောင်ရွက်သည့် နေရာတွင် လုပ်ဆောင်မှု အားနည်းခြင်းကြောင့် လုပ်ငန်းအပြည့်အဝ အကောင်အထည်ဖော်နိုင်ခြင်း မရှိနိုင်သည့်အပြင် ဥပဒေ၊ နည်းဥပဒေ စသည်တို့၏ လိုအပ်ချက်ကြောင့် အကန့်အသတ် ရှိခြင်းများ ပေါ်ပေါက်နိုင်သည်ကို တွေ့ရှိရပါကြောင်း၊ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများသည် ဥပဒေ၊ နည်းဥပဒေ စသည်များနှင့်အညီ လုပ်ငန်း တာဝန်များကို ထိရောက်စွာ အကောင်အထည် ဖော်နိုင်ရေးအတွက် အစဉ်သဖြင့် စိစစ်ဆောင်ရွက်ရန် လိုအပ်သလို  ဥပဒေ၊ နည်းဥပဒေ စသည့် လိုအပ်ချက်များကြောင့် လိုအပ်သည့် အကောင်အထည်ဖော် ဆောင်ရွက်သည့်နေရာတွင် အကန့်အသတ် ဖြစ်နေပါကလည်း ဥပဒေ၊ နည်းဥပဒေများကို ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်းများ ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ 

 ပြည်ထောင်စုလွှတ်တော်၏ ဥပဒေပြဋ္ဌာန်းမှုကို ကြည့်မည်ဆိုပါက ၂၀၁၇ ခုနှစ်တွင် ပြင်ဆင်သည့် ဥပဒေပေါင်း ၁၄ ခု၊ ၂၀၁၈ ခုနှစ်တွင် ပြင်ဆင်သည့် ဥပဒေပေါင်း ၁၅ ခု၊ ၂၀၁၉ ခုနှစ်တွင် ပြင်ဆင်သည့် ဥပဒေပေါင်း ၁၂ ခုရှိသည်ကို တွေ့ရှိရပါကြောင်း၊ ထိုကဲ့သို့ ဥပဒေများကို ပြင်ဆင်မှုများ ပြုလုပ်ခြင်းသည် ပြည်ထောင်စု ဝန်ကြီးဌာနများ လုပ်ငန်းတာဝန်များ အကောင် အထည်ဖော် ဆောင်ရွက်သည့် နေရာတွင် သက်ဆိုင်သည့် ဥပဒေများနှင့်ဆက်စပ်ပြီး သုံးသပ် ဆောင်ရွက်မှုများကို ထင်ဟပ်နေပါကြောင်း၊

ဥပဒေတစ်ရပ်ကို အကောင်အထည် ဖော်ဆောင်ရွက်ခြင်းနှင့်စပ်လျဉ်းပြီး ပြည်ထောင်စု အဆင့်အဖွဲ့အစည်းများသည် သက်ဆိုင်ရာ ဥပဒေ၏ သဘောသဘာဝအရ သီးခြားတင်ပြရန် အတိအလင်း ဖော်ပြထားသည့် ဥပဒေပြဋ္ဌာန်းချက်အရ ပြည်ထောင်စုလွှတ်တော်သို့ အစီရင်ခံတင်ပြ လျက်ရှိပါကြောင်း။ ထိုကဲ့သို့ အစီရင်ခံစာ တင်ပြရန် ဥပဒေ ပြဋ္ဌာန်းချက်၊ ညွှန်ကြားချက် မရှိသည့် အတွက် ပြည်ထောင်စု ဝန်ကြီးဌာနသည် ဥပဒေတစ်ခုချင်း အလိုက် ကျင့်သုံးအကောင်အထည်ဖော်မှု စိစစ်ချက်မှတ်တမ်းကို လွှတ်တော်ကော်မတီများသို့ တင်ပြရန် မရှိသော်လည်း လွှတ်တော်တွင် ကိုယ်စားလှယ်များ၏ မေးခွန်းများကို ဖြေကြားရာတွင် လည်းကောင်း၊ အဆိုများနှင့်စပ်လျဉ်းပြီး ရှင်းလင်းရာတွင်လည်းကောင်း၊ သက်ဆိုင်ရာ လွှတ်တော် ကော်မတီများတွင် ဆွေးနွေးရာ တွင်လည်းကောင်း သက်ဆိုင်ရာ ဥပဒေများအတွက် အကောင်အထည်ဖော်ဆောင်ရွက်မှု အခြေ အနေ ကို လိုအပ်သလို အစီရင်ခံ တင်ပြလျက်ရှိပါကြောင်း တင်ပြဖြေကြားပါသည်။