Skip to main content

မြန်မာနိုင်ငံသည် ၁၉၄၉ ခုနှစ် ဂျီနီဖာသဘောတူစာချုပ်အဖွဲ့ဝင်နိုင်ငံဖြစ်သည့်အပြင် IHL အခြား စာချုပ်များ၊ ၁၉၅၄ ခုနှစ် ဟိတ်သဘောတူညီချက်၊ ၁၉၈၉ ခုနှစ် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ၊ ၂၀၀၀ ပြည့်နှစ်တွင် လက်နက်ကိုင်ပဋိပက္ခမှာ ကလေးသူငယ်များပါဝင်ခြင်းဆိုင်ရာ နောက်ဆက်တွဲ သဘောတူညီချက်နှင့် ၁၉၇၂ ခုနှစ် လက်နက်ဆိုင်ရာသဘောတူညီချက်၊ ဓာတုလက်နက် သဘော တူညီစာချုပ်ကို ၁၉၉၃ ခုနှစ်တွင် ချုပ်ဆိုထားသည့်အပြင် ၂၀၁၇ ခုနှစ်တွင် နျူကလီးယားလက်နက် များတားဆီးပိတ်ပင်သည့်သဘောတူစာချုပ်တို့ကိုလည်း စာချုပ်ဝင်အဖြစ် ပါဝင်ခဲ့ပါကြောင်း၊ အမျိုးသားကော်မတီ ဖွဲ့စည်းခြင်းအားဖြင့် IHL ကို လက်တွေ့အကောင်အထည်ဖော်ရာတွင် နိုင်ငံရေး အရ ဆန္ဒရှိမှု (Political Willingness) ကို မိမိတို့နိုင်ငံက နိုင်ငံတကာကို ပြသရာရောက်ပါကြောင်း၊ National Committee ကို အစိုးရအဖွဲ့၊ နိုင်ငံတော်သမ္မတက ဖွဲ့စည်းပေးနိုင်ခြင်း ဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရကို ဤအမျိုးသားကော်မတီက အထောက်အကူပြုနိုင်သည့် အချက်အလက်များမှာ အောက်ပါအတိုင်းဖြစ်ပါကြောင်း၊ စာချုပ်ဝင်နိုင်ငံတစ်နိုင်ငံ၏ အခြေခံအကျဆုံး တာဝန်ဖြစ်သည့် မြန်မာနိုင်ငံသည် နိုင်ငံတကာသဘောတူစာချုပ်များကို တရားဝင်မြန်မာဘာသာဖြင့် ပြန်ဆိုခြင်းလုပ် ရပါကြောင်း၊ ၁၉၄၉ ခုနှစ် ဂျီနီဖာသဘောတူညီချက် အပါအဝင် တခြားစာချုပ်များက ဥပမာဖြစ်ပါ ကြောင်း၊ အဓိကလိုက်နာရန် သက်ဆိုင်သူများသာမက အများပြည်သူများအပေါ် အသိပညာ ပြန့်ပွား ရေးအတွက် ထိရောက်စွာ ဆောင်ရွက်ရန်နည်းလမ်းများ အကြံပြုနိုင်ပါကြောင်း။

သဘောတူညီချက်များက အကောင်အထည်ဖော်ရာတွင် ပြည်တွင်းဥပဒေပြဋ္ဌာန်းရန်လို/မလို၊ ဖြည့် ဆည်းရန်လို/မလိုကိုလည်း အကြံပြုနိုင်ပါကြောင်း၊ IHL အောက်တွင်ရှိသည့် အခြားနိုင်ငံတကာ သဘောတူညီချက်စာချုပ်နှင့် ပါဝင်ရန်သင့်/မသင့်ကို မျက်မှောက်ကမ္ဘာ့အခြေအနေအပေါ်မူတည်ပြီး နိုင်ငံတော်အကျိုးစီးပွားအတွက် ယှဉ်၍စိစစ်သုံးသပ် အကြံပြုနိုင်ပါကြောင်း၊ စစ်မက်ပဋိပက္ခမှာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကာအကွယ်ပေးသည့် ကြက်ခြေနီအမှတ်အသားကို အပြည်ပြည်ဆိုင်ရာဥပဒေနှင့် ပြည်တွင်းဥပဒေပြဋ္ဌာန်းချက်နှင့်အညီ နည်းလမ်းတကျ အသုံးပြုစေ ရေးနှင့် အလွဲသုံးစားမပြုစေရေးအတွက် တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် လှုပ်ရှားမှု Campaign ကို ထိရောက်စွာပညာရေးတွင်လည်း ဦးဆောင်နိုင်ပါကြောင်း၊ ယဉ်ကျေးမှုအဆောက်အအုံများ၊ အမွေအနှစ်များကို အကာအကွယ်ပေးနိုင်သည့်နည်းစနစ်ကို အကြံပေးနိုင်ပါကြောင်း၊ လေးစား လိုက်နာရန် ချိုးဖောက်မှုကို ကာကွယ်ရန် IHL ကို သင်ကြားရေးတွင်လည်း အကြံပေးနိုင်ပါကြောင်း၊ ချိုးဖောက်မှုအတွက် ထိရောက်သည့်အရေးယူမှု ချမှတ်ကျင့်သုံးရေးကိုလည်း အကြံပြုနိုင်ပါကြောင်း၊ ဥပဒေများပြဋ္ဌာန်းခြင်းအပြင် အများလိုက်နာကျင့်သုံးရန်အတွက် စောင့်ကြည့်ချက်နှင့် ဖွံ့ဖြိုးရေးတွင် ပါဝင်ဆောင်ရွက်ခြင်း ဖြစ်ပါကြောင်း၊

ဤဥပဒေဆိုင်ရာ IHL သည် Public International Law ၏အစိတ်အပိုင်းဖြစ်ပြီး လက်နက်ကိုင် ပဋိပက္ခကာလနှင့် ပါဝင်ခြင်းမရှိသောသူ၊ ပါဝင်လိုခြင်းမရှိသောသူများကို စောင့်ရှောက်ပေးသည့် စည်းမျဉ်းဖြစ်ကြောင်း၊ စစ်ဘေးဆိုင်ရာဥပဒေဖြစ်ကြောင်းကို တင်ပြလိုပါကြောင်း၊ အဓိကမှာ လူသားချင်းစာနာမှု (Humanity) နှင့် Military Necessity (စစ်ရေးဆိုင်ရာလိုအပ်ချက်) များကို နှစ်ခုကြားတွင် ဟန်ချက်ညီညီ ထိန်းပေးနိုင်သည့်ဥပဒေဖြစ်ကြောင်းနှင့် အပြည်ပြည်ဆိုင်ရာ လူသားချင်း စာနာထောက်ထားမှုဥပဒေ (International Humanitarian Law - IHL) ကို အကောင်အထည်ဖော် ရာတွင် နိုင်ငံအဆင့် အမျိုးသားကော်မတီအား မြန်မာနိုင်ငံတွင်ဖွဲ့စည်းပေးရန် အစီအစဉ်ရှိ/မရှိ သိရှိ လိုပါကြောင်း မေးမြန်းပါသည်။


 

 

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင်

အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဥပဒေ ( International Humanitarian Law - IHL ) အား ၁၈၆၄ ခုနှစ် ပထမအကြိမ် Geneva Convention စတင်ပြဋ္ဌာန်းသည့်အချိန်မှစပြီး အပြည်ပြည် ဆိုင်ရာဥပဒေ၏ အစိတ်အပိုင်းတစ်ခုအဖြစ် ဖွံ့ဖြိုးတိုးတက်လာခဲ့ပါကြောင်း၊ အပြည်ပြည်ဆိုင်ရာ လူသားချင်း စာနာထောက်ထားမှုဥပဒေအား အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် နိုင်ငံများက ဦးစွာဦးဆောင် အကောင်အထည်ဖော်ရမည်ဖြစ်သော်လည်း စစ်ပွဲပဋိပက္ခများ ပါဝင်ကြသည့်နိုင်ငံ များနှင့် အခြားလက်နက်ကိုင်အဖွဲ့အစည်းများက IHL ဆိုင်ရာ အခြေခံစည်းမျဉ်းစည်းကမ်းများကို လိုက်နာရန်တာဝန်ရှိပါကြောင်း၊ Geneva Convention ဘုံပြဋ္ဌာန်းချက် အပိုဒ်(၁)နှင့် နောက်ဆက်တွဲ သဘောတူညီချက်(၁) အပိုဒ်(၁)တို့တွင် IHL စာချုပ်ဝင်နိုင်ငံများသည် IHL ပါ အခြေခံစည်းမျဉ်း စည်းကမ်းများကို မည်သည့်အခြေအနေတွင်မဆို လိုက်နာရန်တာဝန်ရှိကြောင်းကို ပြဋ္ဌာန်းထားပါ ကြောင်း၊ ထို့ကြောင့် နိုင်ငံများက IHL ဆိုင်ရာအခြေခံစည်းမျဉ်း စည်းကမ်းများအား အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ဥပဒေများ ပြဋ္ဌာန်းခြင်း၊ စည်းမျဉ်းစည်းကမ်းများ၊ မူဝါဒနှင့် ညွှန်ကြားချက်များ ထုတ်ပြန်ခြင်းစသည်တို့ကို ဆောင်ရွက်ရန်တာဝန်ရှိပါကြောင်း၊ IHL အား ထိရောက် စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် ပထမအဆင့်အနေဖြင့် IHL ဆိုင်ရာ သဘောတူစာချုပ်များ ကို လက်မှတ်ရေးထိုးခြင်းနှင့် အတည်ပြုခြင်းတို့ကို ဆောင်ရွက်ရန်လိုအပ်မည် ဖြစ်ပါကြောင်း၊ ထိုမှတစ်ဆင့် သဘောတူညီချက်များအား ပြည်တွင်းဥပဒေအဖြစ် ပြောင်းလဲကျင့်သုံး နိုင်ရေးအတွက် နိုင်ငံတော်၏ဥပဒေမူဘောင်နှင့်အညီ ပြည်တွင်းဥပဒေများ ပြဋ္ဌာန်းသတ်မှတ်ပေးရမည် ဖြစ်ပါကြောင်း၊ ထိုလုပ်ငန်းစဉ်များကို အထောက်အကူပြုနိုင်ရေးအတွက် အမျိုးသားအဆင့် IHL Committee (သိုမဟုတ်) Commission တစ်ရပ်ဖွဲ့စည်းရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ လက်ရှိ အပြည်ပြည်ဆိုင်ရာ လူသားချင်း စာနာထောက်ထားမှုဥပဒေကို သက်ဆိုင်ရာဝန်ကြီးဌာန အဖွဲ့အစည်းများအနေဖြင့် မိမိတို့၏ သက်ဆိုင်ရာကဏ္ဍအလိုက် လေ့လာဖတ်ရှုအသုံးပြုနိုင်ရေးအတွက်ကို မြန်မာဘာသာသို့ အလွတ် သဘော ဘာသာပြန်ဆိုထားရှိမှုများကိုသာ လေ့လာသိရှိရပြီး တရားဝင်ဘာသာပြန်ဆိုထားမှု မရှိသေးကြောင်းကို တင်ပြလိုပါကြောင်း၊

IHL နှင့်ပတ်သက်၍ Focal Ministry တစ်ခု သတ်မှတ်ပေးသည်ဆိုပါက ထို Focal Ministry အား IHL ၏ဘာသာပြန်ဆိုမှုများ ဆောင်ရွက်ပြီးမှ ပြည်တွင်းဥပဒေအဖြစ် ပြောင်းလဲနိုင်ရန်အတွက် ဆောင် ရွက်ရမည်ဖြစ်ပါကြောင်း၊ IHL အား ၁၉၄၉ ခုနှစ် Geneva Convention နှင့် ၎င်း၏ နောက်ဆက်တွဲ Protocols များ၏ အဓိကကျသည့်အစိတ်အပိုင်းဖြစ်ပြီး လူသားချင်းစာနာမှု လိုအပ်ချက်နှင့် စစ်ရေး ဆိုင်ရာလိုအပ်ချက်ဟူသော အခြေခံကျသည့်မူဝါဒ သဘောတရားနှစ်ရပ်ကြား ဟန်ချက်ညီအောင် ထိန်းညှိပေးသည့်ဥပဒေဖြစ်ကြောင်း၊ Geneva Convention လေးရပ်မှာ တင်ပြပါအတိုင်းဖြစ်ပြီး ၁၉၉၂ ခုနှစ်တွင် မြန်မာနိုင်ငံက အတည်ပြုပါဝင်ပြီး ဖြစ်ပါကြောင်း၊ ယင်းနောက် IHL အား ပိုမို ကျယ်ပြန့်စေရန်အတွက် ပြဋ္ဌာန်းထားသည့် Geneva Convention ၏ နောက်ဆက်တွဲ သဘောတူညီ ချက်သုံးခုမှာ ပထမအချက်အနေဖြင့် နိုင်ငံများအကြားဖြစ်ပွားသည့် နိုင်ငံတကာပဋိပက္ခများ၏ အကျိုးဆက်ကို ခံစားရသူများအား ကာကွယ်စောင့်ရှောက်မှုပေးခြင်းဖြစ်ပြီး ဒုတိယအနေဖြင့် ပြည်တွင်း ပဋိပက္ခများ၏ အကျိုးဆက်ကို ခံစားနေရသူများအား ကာကွယ်စောင့်ရှောက်မှုပေးခြင်းဖြစ်ကာ တတိယအချက်မှာ သိသာထင်ရှားသည့် အမှတ်တံဆိပ်သတ်မှတ်အသုံးပြုရေး အတည်ပြုခြင်းတို့ ဆိုင်ရာသဘောတူညီချက်များဖြစ်ပြီး မြန်မာနိုင်ငံအနေဖြင့် အဆိုပါနောက်ဆက်တွဲ သဘောတူညီ ချက် သုံးခုလုံးကို အတည်ပြုပါဝင်ထားခြင်း မရှိသေးကြောင်း တင်ပြအပ်ပါကြောင်း၊

IHL အကောင်အထည်ဖော်မှု အမျိုးသားကော်မတီအကြောင်းကို လေ့လာရန်အတွက် အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာသို့ လွှတ်တော်နှင့် အစိုးရဌာနဆိုင်ရာများပါဝင်သော မြန်မာကိုယ်စားလှယ်များ၊ အပြည်ပြည် ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) အကူအညီဖြင့် လေ့လာရေးခရီးသွား ရောက်ခြင်း၊ IHL Event Briefing Session ကို လွှတ်တော်ကိုယ်စားလှယ်များ၊ ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များနှင့် ကျင်းပ ပြုလုပ်ခြင်း၊ IHL နှင့်ပတ်သက်သည့် နိုင်ငံတကာအစည်းအဝေးသို့ ကာကွယ်ရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ်များ တက်ရောက်ရန်စီစဉ်ပေးခြင်း၊ ပထမအကြိမ် ဝန်ကြီးဌာနများအကြား လူသားချင်း စာနာထောက်ထားမှု ဥပဒေနှင့်ပတ်သက်သည့် အသိပညာပေး အလုပ်ရုံဆွေးနွေးပွဲကျင်းပခြင်းတို့ ကိုလည်း ဆောင်ရွက်ခဲ့ပါကြောင်း၊ လက်ရှိအချိန်တွင် IHL အကောင်အထည်ဖော်ရေးဆိုင်ရာ နိုင်ငံ အဆင့် အမျိုးသားကော်မတီ ဖွဲ့စည်းဆောင်ရွက်ထားရှိသည့် နိုင်ငံပေါင်း ၁၁၂ နိုင်ငံ တည်ရှိသော် လည်း အာဆီယံနိုင်ငံများတွင် မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့သာ နိုင်ငံအဆင့် အမျိုးသား ကော်မတီအား ဖွဲ့စည်းထားရှိပြီး ၎င်းနိုင်ငံများသည် Geneva Convention ကို လက်မှတ်ရေးထိုး ထားပြီး ယင်း၏ Protocols များကို အတည်ပြုပါဝင်ခြင်း မရှိသေးပါကြောင်း၊ မြန်မာနိုင်ငံတွင် IHL အကောင်အထည်ဖော်ရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီ ဖွဲ့စည်းဆောင်ရွက်ခြင်း မရှိသေး သော်လည်း တပ်မတော်အနေဖြင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ၏ အကူအညီ ထောက်ပံ့မှုများဖြင့် IHL ဆိုင်ရာအသိပညာတိုးပွားရေးအတွက် အရာရှိများ၊ အလုပ်ရုံ ဆွေးနွေးပွဲများ နှင့် ရက်တိုသင်တန်းများသို့ တက်ရောက်စေခြင်း၊ သင်တန်းကျောင်းများတွင် ဘာသာရပ်တစ်ခု အနေဖြင့် ထည့်သွင်းပို့ချခြင်း၊ ဌာနချုပ်တပ်ရင်း/တပ်ဖွဲ့များသို့ IHL အသိပညာပေး ဆွေးနွေးခြင်းများ ကို လစဉ်ပုံမှန်ဆောင်ရွက်ခြင်း၊ IHL နှင့် ပြည်တွင်းဥပဒေများကို အခြေခံရေးဆွဲထားသည့် ထိတွေ့ တိုက်ခိုက်မှုစည်းမျဉ်းများ (Rules of Engagement - ROE ) ကို အိတ်ဆောင်ကတ်များဖြင့် ထုတ်ဝေပေး ကာ အလေးထားလိုက်နာစေရန် ကြပ်မတ်ဆောင်ရွက်ခြင်း၊ စစ်ပွဲဆိုင်ရာဥပဒေ အခြေခံမူသဘော တရားများ၊ လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ ထိတွေ့တိုက်ခိုက်မှု စည်းမျဉ်း၊ ရာဇသတ်ကြီး၊ ပြည်တွင်း ဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ကြပ်မတ်ဆောင်ရွက်လျက်ရှိပြီး ကျူးလွန်ချိုးဖောက်သူ များကိုလည်း ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူ ဆောင်ရွက်လျက်ရှိပါကြောင်း၊

ထို့အပြင် လူမှုကာကွယ်စောင့်ရှောက်ရေးနှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်မှုအနေဖြင့်  ဒုတိယသမ္မတ(၁)က ဥက္ကဋ္ဌအဖြစ် ဦးဆောင်သည့် လူမှုကာကွယ်စောင့် ရှောက်ရေးဆိုင်ရာ အမျိုးသားကော်မတီကို ဖွဲ့စည်းထားရှိပြီး လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများကိုလည်းကောင်း၊ ဒုတိယသမ္မတ(၂)က ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည့် အမျိုးသား သဘာဝဘေးဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီကို ဖွဲ့စည်းပြီး သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ကူညီထောက်ပံ့မှုများပေးခြင်း၊ ဤလုပ်ငန်းများကိုလည်း သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနများ၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အပြင် တိုက်ပွဲများနှင့် လူမှုပဋိပက္ခများ ကြောင့် ဘေးသင့်သူများကိုလည်း ထောက်ပံ့ကူညီမှုပေးရာတွင် ဘက်လိုက်မှုမရှိစေရေး၊ လူ့ဂုဏ်သိက္ခာ ထိခိုက်မှုမရှိစေရေးတို့ကို လိုက်နာဆောင်ရွက်လျက်ရှိသည့်အပြင် နိုင်ငံတကာမှ အလေးထားဆောင် ရွက်လျက်ရှိသည့် မည်သူမျှ မချန်လှပ်စေရေး၊ မိမိဆောင်ရွက်မှုကြောင့် နစ်နာမှုမရှိစေရေး ( No One Left Behind နှင့် Do No Harm) မူဝါဒများနှင့်အညီ အလေးထား ဆောင်ရွက်လျက်ရှိပါကြောင်း၊

သို့ဖြစ်ပါ၍ မြန်မာနိုင်ငံသည် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေး ရရှိစေရန်အတွက် ညီလာခံများ၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ပြုလုပ်လျက်ရှိပါကြောင်း နှင့် Geneva Convention Protocols များကို အတည်ပြုပါက ယင်းပါအချက်များအတိုင်း လိုက်နာ ကျင့်သုံးရမည်ဖြစ်သဖြင့် လတ်တလောအချိန်တွင် အတည်ပြုပါဝင်ရန် အဆင်ပြေမှုမရှိသေးသည့် အခြေအနေ ဖြစ်ပါကြောင်း၊ ပြည်တွင်းငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် တည်ငြိမ်ရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေးတို့ကို ဦးစားပေးဆောင်ရွက်ပြီး အချိန်အခါကျရောက်သည့်အချိန်တွင် အမျိုးသား အကျိုးစီးပွားနှင့်ကိုက်ညီပါက Protocols များသို့ အတည်ပြုပါဝင်ရေးအတွက် စဉ်းစားနိုင်မည် ဖြစ်ပါ ကြောင်း၊ မြန်မာနိုင်ငံ၌ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အမျိုးသားအဆင့် ကော်မတီအား သီးခြားဖွဲ့စည်းထားခြင်း မရှိသော်လည်း နယ်မြေဒေသနှင့် ဖြစ်ပေါ်လာနိုင်သော အခြေအနေများ အပေါ်မူတည်၍ အမျိုးသားအဆင့်၊ ပြည်ထောင်စုအဆင့်ကော်မတီများ ဖွဲ့စည်းပြီး ဆောင်ရွက်လျက် ရှိပါကြောင်း၊ မိမိတို့နိုင်ငံတွင် လူသားချင်းစာနာထောက်ထားမှုဥပဒေ ပြဋ္ဌာန်းပြီးမှ ယင်းဥပဒေနှင့်အညီ အမျိုးသားကော်မတီကို ဖွဲ့စည်းနိုင်မည်ဖြစ်ပါကြောင်းနှင့် လက်ရှိတွင် ပြည်သူများနှင့် ပါဝင်ပတ်သက်သူ များကို အသိပညာပေးခြင်းအစီအစဉ်များကို အရှိန်အဟုန် တိုးမြှင့်ဆောင်ရွက်လျက် ရှိပါကြောင်း ပြန်လည်ဖြေကြားပါသည်။

ဒေါက်တာဒေါ်ခင်စည်သူ(လွိုင်ကော်မဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

ဒုတိယဝန်ကြီး ဖြေကြားသွားရာတွင် IHL ဆိုင်ရာ သဘောတူညီစာချုပ် လက်မှတ်ရေးထိုးမည်၊ အတည်ပြုမည်၊ ပြည်တွင်းတွင် ဥပဒေပြဋ္ဌာန်းမည်၊ ပြီးပါက ပြဋ္ဌာန်းရန်အတွက် အမျိုးသားကော်မတီ လိုအပ်ပါသည်ဟု ပြောသွားပါကြောင်း၊ နောက်ဆုံးအဖြေတွင် နိုင်ငံတော်၏အခြေအနေအရ ငြိမ်းချမ်းရေးကိစ္စများ၊ ပဋိပက္ခများကို အရင်ဖြေရှင်းပြီးမှ အမျိုးသားကော်မတီကို ဖွဲမည်ကို စဉ်းစား ပေးမည်ဟု ပြောကြားသွားပါကြောင်း၊ ရှင်းရှင်းလင်းလင်း သိလိုပါကြောင်း၊ Protocols သုံးခုကို လက်မှတ်မထိုးရသေးကြောင်းကို ပြောကြားပါကြောင်း၊ ထို Protocols များကို မိမိတို့ လက်မှတ် ထိုးရန်ပြောသည်မှာလည်း မဟုတ်ပါကြောင်း၊ မိမိတို့ကော်မတီက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနကလုပ်နေသည့် Social ကော်မတီများက  လက်နက်ကိုင် ပဋိပက္ခမေးခွန်းနှင့် အနည်းငယ်ကွဲလွဲနေသည်ကို တွေ့ရပါကြောင်း၊ မိမိမေးလိုသည်မှာ လက်နက်ကိုင် ပဋိပက္ခဖြစ်ခြင်းနှင့်ဆိုင်သည့် International Humanitarian Law ဖြစ်ပါကြောင်း၊ ကော်မတီဖွဲ့ခြင်း နှင့် အနည်းငယ်လွဲနေသည်ဟု ထောက်ပြလိုပါကြောင်း၊ မိမိအနေဖြင့် ယခု ရင်ဆိုင်နေရသည့် ပစ်ခတ်မှုများ၊ အမျိုးသားရင်ကြားစေ့ရေးများ၊ ပြည်သူလူထုများ၊ စစ်ထဲတွင် တိုက်နေသည့်လူများ၊ အနာတရဖြစ်သည့်လူများ၊ ပါဝင်ပတ်သက်ခြင်းမရှိသည့်လူများ၊ ယဉ်ကျေးမှုဆိုင်ရာ အဆောက်အဦ များအားလုံး ကာကွယ်နိုင်သည့်ဥပဒေကို ဖော်ဆောင်ရွက်ရန် အမျိုးသားကော်မတီတစ်ရပ် လိုအပ် သည်ကို မေးမြန်းခြင်းဖြစ်ပါကြောင်း မေးမြန်းပါသည်။

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင်

ပထမအပိုဒ်အနေဖြင့် အပိုဒ်(၆)တွင် ပါသည့်ကော်မရှင်နှင့် ကော်မတီဖွဲ့ရန်ဆိုသည့် အမျိုးသားအဆင့် ကော်မတီတစ်ရပ်ဖွဲ့စည်းရန် လိုအပ်ပါသည်ဆိုသည့်စာက မိမိဖြေကြားလိုသည့်အဓိပ္ပာယ်က ထိုဥပဒေ ရေးဆွဲနိုင်ရန်အတွက်ဆိုပါက အမျိုးသားအဆင့်အနေဖြင့် ကော်မတီတစ်ရပ်ဖွဲ့စည်းရန် လိုအပ်သည်ကို ပြောကြားခြင်းဖြစ်ပါကြောင်း၊ IHL နှင့်ပတ်သက်သည့်ဥပဒေ ရေးဆွဲနိုင်ရန် သက်ဆိုင် ရာ ဝန်ကြီးဌာနတစ်ခုခုကို Focal Ministry သတ်မှတ်ပေးမည်ဖြစ်ပါကြောင်း၊ ထို Focal Ministry က ဦးဆောင်ပြီးမှ ပါဝင်ပတ်သက်သည့်၊ မိမိတင်ပြခဲ့သည့်ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများ ၁၁ ခု ရှိပါ ကြောင်း၊ ထိုကဲ့သိုပုံစံမျိုးနှင့် စုပေါင်းပြီးမှဖွဲ့စည်းမည်၊ ထိုအမျိုးသားကော်မတီကို ဖွဲ့စည်းပြီးမှ ဥပဒေတစ်ရပ်ကို ရေးဆွဲနိုင်ရန် ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ထိုသို့ရေးဆွဲသည့်အခါတွင် ထိုဥပဒေထဲမှ အမျိုးသားကော်မတီ ဖွဲ့စည်းခြင်းဆိုသည်ကို ပါဝင်လာမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိအနေဖြင့် ကိုယ်စားလှယ်ကြီးရှင်းလင်းအောင် ဖြေကြားရမည်ဆိုပါက ပထမဦးစွာ ဤဥပဒေရေးဆွဲရေးအတွက်ကို အပိုဒ်(၆)က စကားလုံးတစ်လုံးကျန်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ ထိုဥပဒေရေးဆွဲရေး အမျိုးသားကော်မတီ ဖွဲ့စည်းရန်ဖြစ်ကြောင်း၊ ထိုအဖွဲ့ဖွဲ့စည်းပြီးမှ ဥပဒေတစ်ရပ် ကို ရေးဆွဲမည်၊ ရေးဆွဲသည့်အခါတွင် ထိုဥပဒေထဲမှ အမျိုးသားကော်မတီကို ထည့်သွင်းပြီးမှ ဖော်ပြ မည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားပါသည်။