Skip to main content

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်၊ တပ်မောက်ကျေးရွာအုပ်စုနှင့် နမ့်လေ ကျေးရွာအုပ်စု ကျေးရွာချင်းဆက်လမ်းပေါ်ရှိ ပါရင်တံတားသည် ရွာသူရွာသားများက ကိုယ်ထူကိုယ်ထ တည်ဆောက်ထားခဲ့သော ရှည်လျားသည့်သစ်သားတံတားတစ်စင်းဖြစ်ပါကြောင်း၊ အဆိုပါတံတားသည် နှစ်ကာလာကြာမြင့်နေပြီဖြစ်သည့်အတွက်  ဟောင်းနွမ်းဆွေးမြည့်လျက်ရှိပြီး ခိုင်ခံ့မှုမရှိတော့သည်ကို စစ်ဆေးတွေ့ရှိရပါကြောင်း၊ အဆိုပါတံတားသည် လဲချားမြို့နယ်အတွင်းရှိ တပ်မောက်၊ နမ့်လေ၊ ဝမ်စေ့ကျေးရွာအုပ်စုသုံးခုအတွက် ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ ကုန်စည်စီးဆင်းမှု အတွက် အရေးပါသောတံတားတစ်စင်းဖြစ်ပါကြောင်း၊  မိုင်းကိုင်-ကျေးသီးနယ်စပ်တွင် တည်ရှိပြီး လဲချားမြို့နှင့် ပိုမိုနီးကပ်သောကျေးရွာအုပ်စုများမှ ကုန်ထုတ်လမ်းအဖြစ် အသုံးပြုနေသည့် တံတားတစ်စင်းလည်း ဖြစ်ပါကြောင်း၊ သို့ဖြစ်၍ လဲချားမြို့နယ်၊ တပ်မောက် ကျေးရွာအုပ်စုနှင့် နမ့်လေကျေးရွာအုပ်စုသို့ ဆက်သွယ်ထားသော ကျေးရွာချင်းဆက်လမ်းပေါ်ရှိ ပါရင်တံတားအား အသစ်တည်ဆောက်ပေးရန် လိုအပ်လျက်ရှိရာ မည်သည့်ဘဏ္ဍာရေးနှစ်တွင် တည်ဆောက်ပေး မည်ကို သိရှိလိုပါကြောင်းနှင့်  အစီအစဉ်မရှိပါက မည်သည့်အတွက်ကြောင့် ဖြစ်သည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်

လဲချားမြို့နယ်၊ တပ်မောက်-နမ့်လေကျေးရွာ အုပ်စုချင်းဆက်လမ်းပေါ်ရှိ ပါရင်တံတားသည် ကိုယ်ထူကိုယ်တည်ဆောက်ထားပြီး ပေ ၉၀ အရှည်ရှိသည့် သစ်သားတံတားဖြစ်ပါကြောင်းနှင့် ယခုအချိန်တွင် ဒေသအစီအစဉ်ဖြင့် ပြုပြင်ထိန်းသိမ်းအသုံးပြုလျက်ရှိသည်ကိုလည်း သိရှိရပါကြောင်း၊ တံတားတည်ရှိရာ လမ်း၏ အခြေအနေသည် လမ်းအကျယ် ၁၈ ပေခန့် မြေမှာမြေသားလမ်း အမျိုးအစား ဖြစ်ပြီး ပတ်ဝန်းကျင်တွင် ကျေးရွာ ၁၄ ရွာ၊ အိမ်ခြေ ၇၂၈ အိမ်နှင့် လူဦးရေ ၄၂၁၆ ဦးတို့ အသုံးပြုလျက်ရှိသည်ကိုလည်း စိစစ်တွေ့ရှိရပါကြောင်း၊

အဆိုပါ ပါရင်သစ်သားတံတား ၉၀ ပေအား အသစ်ပြန်လည်တည်ဆောက်ပေးနိုင်ရေးနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ မြို့နယ်/ခရိုင်ကော်မတီများမှ အသေးစိတ်ကွင်းဆင်းလေ့လာစိစစ်ပြီး ဆောင်ရွက်ရမည့် လုပ်ငန်းပမာဏ၊ ခန့်မှန်းတွက်ချက်မှုစသည်တို့နှင့်အတူ ရှမ်းပြည်နယ်အစိုးရအဖွဲ့ကို တင်ပြပေးရန် လိုအပ်မည်ဖြစ်ပြီး   ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ လိုအပ်ချက်နှင့် ဖြစ်နိုင်ခြေအပေါ် မူတည်၍ အမှန် တကယ်အကျိုးပြုနိုင်မှုရှိ/မရှိ သုံးသပ်ပြီး ရန်ပုံငွေရရှိရေးထောက်ခံတင်ပြလာပါက အနီးစပ်ဆုံး ဘဏ္ဍာရေးနှစ်မှာ ရန်ပုံငွေခွဲဝေရရှိမှုအပေါ်မူတည်၍ ဦးစားပေးအစီအစဉ်ဖြင့် ဆောင်ရွက်ပေးသွား မည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။