Skip to main content

ငမိုးရိပ် ရေသန့်စက်ရုံတွင် ရေတွန်းစက်များသုံးစွဲ၍ ရေပေးဝေနေခြင်းအပြင် လျှပ်စစ်ဓာတ်အား လျှော့ချနိုင်မည့် Gravity နည်းစနစ်ပါ သုံးစွဲ၍ ရေပေးဝေနိုင်ရန် ရေရှည် စီမံကိန်းချမှတ်၍ ဆောင်ရွက် ပေးနိုင်ခြင်း ရှိ/မရှိနှင့် ငမိုးရိပ် ရေသန့်စက်ရုံရှိ ရေတွန်းစက်များသည် မီးတစ်ကြိမ် ပျက်လျှင် အပြည့်အဝ စွမ်းရည်ပြည့် ပြန်လည်အလုပ်လုပ်ရန်မှာ နှစ်နာရီခန့် အချိန်ယူရသဖြင့် တချို့ ရေတွန်းစက်များကို မီးစက်ဖြင့် သုံးစွဲနိုင်ရန် ဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

တောင်ဥက္ကလာပမြို့နယ်တွင် နှစ်စဉ်ရေ အခက်အခဲနှင့် ကြုံတွေ့နေရပါကြောင်း၊ တချို့နေရာများတွင် သုံးရက်၊ လေးရက်ခန့် ရေပြတ်လပ်နေပြီး ရေကားဖြင့် ရေပေးနေရသည့် အခြေအနေများလည်း ကြုံတွေ့ခဲ့ရပါကြောင်း၊ တောင်ဥက္ကလာပ မြို့နယ်ကို ရေပေးဝေနေသည့် လှည်းကူးမြို့နယ်ရှိ ငမိုးရိပ် ရေပေးဝေရေး စခန်းမှ ရေပေးခြင်း မရှိလို့ပါဟု မြို့တော် စည်ပင်မှ ဖြေကြားခဲ့ပါကြောင်း၊ ငမိုးရိပ် ရေပေးဝေရေး စခန်းကို ထပ်မံ၍ မေးမြန်း ကြည့်သည့်အချိန်တွင် လျှပ်စစ်မီးပြတ်နေ၍ ရေပေးဝေနိုင်ခြင်း မရှိသည်ကို ပြန်လည်ဖြေကြားခဲ့ပါကြောင်း၊ လျှပ်စစ်မီးကလည်း တစ်နေ့ကို နှစ်ကြိမ်၊ သုံးကြိမ်ခန့် ပျက်နေပြီး မီးပြန်လာပါက ရေပြန်ပေးမည်ဆိုပါက တောင်ဥက္ကလာပ မြို့နယ်ကို ရေပြန် လည်ရောက်ရှိနိုင်ရန် နှစ်နာရီခန့် ကြာသည်ဟု ရှင်းလင်း ပြောကြားခဲ့ပါကြောင်း၊ လက်ရှိအချိန်သည် ကူးစက်ရောဂါ ဖြစ်ပွားနေသည့် အချိန်ဖြစ်သည့်အတွက် ရေရှိမှုသည် အလွန်အရေးကြီး ပါကြောင်း၊ တခြားမြို့နယ်များတွင် ဆောင်ရွက်ထားသည့်အတိုင်း တောင်ဥက္ကလာပ မြို့နယ်တွင် သင့်တင့်သည့် အတိုင်းအတာရှိသည့် Ground Tank တည်ဆောက်ပြီး ရေပေးဝေနိုင်ရန်အတွက် ဝေဇယန္တာ လမ်းမကြီးပေါ်တွင် ရှိသည့် ရေပေးဝေနေသည့် ရေပိုက်ကြီးနှင့် ကပ်လျက်တည်ရှိပြီး (၄)ရပ်ကွက်၊ သုတ(၆)လမ်းထိပ်ရှိ ခြောက်ဧကကျယ်သည့် မြေကွက်လပ်တွင် Ground Tank တည်ဆောက်ပြီး ရေပေးဝေနိုင်ရန်အတွက် သက်ဆိုင်ရာ ဌာနများနှင့် ညှိနှိုင်း ဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိကို မေးမြန်းပါသည်။


 

နေပြည်တော်ကောင်စီ၊ ကောင်စီဝင် ဦးညီထွန်း

ငမိုးရိပ် ရေသန့်စင် စက်ရုံ(ညောင်နှစ်ပင်)မှ ရန်ကုန်မြို့တွင်းသို့ ရေပေးပို့နေသည့် ရေတွန်း စက်ကြီးများသည် လျှပ်စစ်ဓာတ်အား ၆၆၀၀ ဗို့အား အသုံးပြုပြီး ပထမအဆင့် ရေတွန်းစက်ရုံမှ ပိုက်လိုင်းအရှည် ၄၀ မိုင်ခန့်နှင့် ဒုတိယအဆင့် ရေတွန်းစက်ရုံမှ ပိုက်လိုင်း အရှည် ၂၃ မိုင်ခန့်တို့ဖြင့် ရန်ကုန်မြို့ အရှေ့ပိုင်းခရိုင်ရှိ မြို့နယ်များသို့ တိုက်ရိုက် ရေတွန်းပို့နေသည့် စက်ရုံများ ဖြစ်ပါကြောင်း၊ ရေတွန်းစက်ကြီး တစ်လုံးစီသည် ရေဖိအားအမြင့် ၇၂ မီတာ၊ ၂၃၀ ပေအထိ တွန်းပို့နိုင်ပြီး ၎င်း 72 Meter Pressure Head စနစ်ဖြင့် တွန်းပို့မှသာ ပိုက်လိုင်း၏ အဆုံးအထိ ရေရောက်ရှိနိုင်ရန် ဖြစ်ပါ ကြောင်း၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ လက်ရှိရေပေးဝေရေး စနစ်သည် ရန်ကုန်မြို့မှ မိုင် ၅၀ အကွာ တိုက်ကြီးမြို့နယ်တွင် ရှိသည့် ပင်လယ် ရေမျက်နှာပြင် အထက် ၂၁၅ ပေမှာ တည်ရှိသည့် ဂျိုးဖြူ ရေလှောင်ကန်မှ မရမ်းကုန်းမြို့နယ် ရေကူးရေတွန်းစက်ရုံသို့ Gravity စနစ်ဖြင့် ရေပေးပို့ပြီး ရေကူးရေတွန်း စက်မှတစ်ဆင့် ရေတွန်းစက်များကို အသုံးပြုပြီး ဗဟန်းမြို့နယ်ရှိ ကုက္ကိုင်း ရေလှောင်ကန်သို့ ထပ်ဆင့်ပို့ရပါကြောင်း၊ ၎င်းနေရာ မှတစ်ဆင့် ရန်ကုန်မြို့တွင်း ခြောက်မြို့နယ်ဖြစ်သည့် အနောက်ပိုင်းခရိုင်ရှိ မြို့နယ်များနှင့် ကမာရွတ်၊ မင်္ဂလာတောင်ညွန့်၊ တာမွေမြို့နယ်များသို့ Gravity စနစ်ဖြင့် ရေဖြန့်ဖြူးလျက် ရှိပါကြောင်း၊ ငမိုးရိပ် ရေသန့်စက်ရုံမှ ရေတွန်းစက်များဖြင့်လည်း လှော်ကားဥယျာဉ်အနီးရှိ ၃.၇၅ သန်းဆံ့သည့် ရေလှောင်ကန်သို့ ရေတွန်းပို့ပြီး ၎င်းမှတစ်ဆင့် ရွှေပြည်သာမြို့နယ်နှင့် အင်းစိန်မြို့နယ်များသို့ Gravity စနစ်ဖြင့် ရေဖြန့်ဝေပေးလျက် ရှိပါကြောင်း၊ အနာဂတ် ရေပေးဝေရေး Master Plan တွင် ရေပေးဝေရေးဇုန် ၁၀ ဇုန် ခွဲခြားပြီး ရေပေးဝေရေး စီစဉ်ရေးဆွဲထားပြီး ‌ရေပေးဝေရေး ဇုန်အလိုက် ရေဖြန့်ဝေ ရေလှောင်ကန် (Service Reservoir) များ တည်ဆောက်ထားရှိမည် ဖြစ်ပါကြောင်း၊ ၎င်းရေလှောင်ကန်များကို ငမိုးရိပ်၊ လဂွန်းပြင်၊ ကုက္ကိုဝ၊ တိုးမြစ်၊ လှော်ကားစသည့် ရေသန့်စင် စက်ရုံများမှ ရေတွန်းစက်များဖြင့် ရေပေးပို့မည်ဖြစ်ပြီး ရေဖြန့်ဝေရေး ရေလှောင်ကန်များ၏ အနိမ့်ပိုင်းမြို့နယ် (Low Zone)များကို Gravity စနစ်ဖြင့်လည်းကောင်း၊ အမြင့်ပိုင်း(High Zone)များကို ရေတွန်းစက် များဖြင့်လည်းကောင်း ရေဖြန့်ဖြူး ပေးဝေသွားရန် စီစဉ်ရေးဆွဲထားရှိပြီး ဖြစ်ပါကြောင်း၊

လက်ရှိတွင် လျှပ်စစ်ဓာတ်အား လျှော့ချသုံးစွဲနိုင်ရေးအတွက် Gravity နည်း အသုံးပြုပြီး ရေဖြန့်ဖြူး ပေးပို့မည်ဆိုပါက ကုန်းအမြင့် နေရာဖြစ်သည့် ဂျိုးဖြူကန်နှင့် ကုက္ကိုင်းကန်တို့ကို ရေဖြန့်ဝေရေး ရေလှောင်ကန်များ တည်ဆောက်ပြီး သန့်စင်သည့် ရေများကို ၎င်းကန်များမှတစ်ဆင့် Gravity နည်းစနစ်ဖြင့် ဖြန့်ဖြူးပေးရမည် ဖြစ်ပါကြောင်း၊ ငမိုးရိပ် ရေသန့်စင် စက်ရုံ(ညောင်နှစ်ပင်) သည် ၎င်းစက်ရုံမှ ရေပေးဝေလျက်ရှိသည့် မြို့နယ်များ၏ မြေအနိမ့်အမြင့်သည် ကွာခြားမှု မရှိသည့်အတွက် ရေတွန်းစက်များ အသုံးပြုပြီး ရေတွန်းပို့ ဖြန့်ဖြူးပေးဝေနေရသည့် အနေအထားမျိုး ဖြစ်ပါကြောင်း၊ ထို့ကြောင့် လျှပ်စစ်ဓာတ်အား လျှော့ချနိုင်မည့် Gravity ရေဆွဲအားနည်းစနစ်ဖြင့် သုံးစွဲပြီး ရေပေးဝေခြင်းကို ဆောင်ရွက်နိုင်မည် မဟုတ်ပါကြောင်းနှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် JICA တို့ ပူးပေါင်းဆောင်ရွက်ထားသည့် တင်ပြထားပြီးဖြစ်သည့် Master Plan နှင့်အညီ ရေပေးဝေရေး လုပ်ငန်းများကို ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ကို တင်ပြထားရှိပါကြောင်း၊ ငမိုးရိပ် ရေသန့်စင်စက်ရုံ (ညောင်နှစ်ပင်)မှ ရန်ကုန်မြို့ အရှေ့ပိုင်းခရိုင်ရှိသည့် မြို့နယ်များသို့ ၆၆၀၀ ဗို့အား အသုံးပြုသည့် ရေတွန်းစက်ကြီး ခုနစ်လုံးဖြင့် ရေတွန်း ပေးပို့လျက် ရှိပါကြောင်း၊ လျှပ်စစ်ဓာတ်အား ပြတ်တောက်ပြီး ပြန်လည်ရရှိချိန်တွင် စက်များ မောင်းနှင်နိုင်ရန်အတွက် ရေဖိအားနှင့် ရေပေးပို့သည့် ပမာဏကြီးမားသည့်အတွက် ရေတွန်းစက်များ ဖြစ်သည့်အတွက် တစ်လုံးနှင့် တစ်လုံး မောင်းနှင်ချိန် မိနစ် ၂၀ ခြားပြီး ရေဖိအား တည်ငြိမ်မှု ရရှိစေရန် မောင်းနှင်ရသည့် အတွက် စွမ်းရည်ပြည့်ပြန်လည် လည်ပတ်နိုင်ရန် နှစ်နာရီခန့် အချိန်ယူ မောင်းနှင်ရပါကြောင်း၊ ငမိုးရိပ် ရေသန့်စင် စက်ရုံ (ညောင်နှစ်ပင်)မှ ရေတွန်းပေးပို့သည့် ပိုက်လိုင်းတစ်လျှောက် ရေဖိအား လျော့နည်းနိုင်သည့် နေရာများမှာ ထပ်ဆင့် ရေတွန်းစက်များ တည်ဆောက်ပြီး ရေဖြန့်ဖြူး ပေးဝေလျက် ရှိပါကြောင်း၊ ဂန္ဓမာ၊ ပါရမီ၊ ရွှေအင်ကြင်း၊ မြို့ဦး၊ သုဝဏ္ဏ(၁)၊ သုဝဏ္ဏ(၂)၊ ကျိုက္ကဆံစသည့် ထပ်ဆင့်ရေတွန်း စက်ရုံများတွင် လျှပ်စစ်မီး ပြတ်တောက်ပါက ရေတွန်းစက်များ မောင်းနှင်ပေးဝေလျက် ရှိပါကြောင်း၊ ထို့ပြင် ၁၀၇၊ ၅၄၊ ရန်ကုန်ပေါက်၊ သဲဖြူစတဲ့ ရေပေးဝေရေး စခန်းများတွင် လျှပ်စစ်မီး ပြတ်တောက်မှု ရှိပါက ရေတွန်းစက်များနှင့် မောင်းနှင်နိုင်ရန်အတွက် မီးစက်များ တပ်ဆင်ပြီး ရေပေးဝေမှု မပြတ်လပ် စေရန် အတွက် ဆောင်ရွက်ထားရှိဖြစ်သည်ကို တင်ပြထားရှိပါကြောင်း၊

ငမိုးရိပ် ရေသန့်စင် စက်ရုံ (ညောင်နှစ်ပင်) တစ်ခုလုံးအတွက် မီးစက် အသုံးပြုမည် ဆိုပါက (၆၆၀၀)ဗို့ထွက်သည့် (၁၅၀၀)ကေဗွီအေ မီးစက်ခြောက်လုံး စုစုပေါင်း (၉၀၀၀)ကေဗွီအေ တပ်ဆင် အသုံးပြုရမည် ဖြစ်ပါကြောင်း၊ ၎င်းမီးစက်များ တပ်ဆင် အသုံးပြုနိုင်ရန်အတွက် ငွေကျပ် ၄.၇ ဘီလီယံ ခန့်ကုန်ကျမည် ဖြစ်ပါကြောင်း၊ လောင်စာဆီသည် မီးစက်တစ်လုံးတွင် တစ်နာရီ မောင်းနှင်မည်ဆိုပါက ဒီဇယ်ဆီ ၆၀ ဂါလန်ကုန်ကျမည်ဖြစ်ပြီး မီးစက် ခြောက်လုံးအတွက် တစ်နာရီ ၃၆၀ ဂါလန် ကုန်ကျမည် ဖြစ်ပါကြောင်း၊ ရေရှည်တွင် လောင်စာဆီ၊ စက်ဆီ၊ ချောဆီနှင့် ပြုပြင် ထိန်းသိမ်းရေး စရိတ်များ ပိုမိုသုံးစွဲလာရမည် ဖြစ်ပါကြောင်း၊ မီးစက်များ တပ်ဆင်ပြီးပါက လျှပ်စစ်မီး ပြတ်တောက်ချိန်တွင် မီးစက်ကို ပြန်လည်ပြီး အသုံးပြုရန် ဆောင်ရွက်ရမည်ဆိုပါက ရေတွန်းစက်များ စွမ်းရည်ပြည့် ပြန်လည်လည်ပတ်နိုင်ရန်အတွက် နှစ်နာရီခန့် ပုံမှန်အချိန်ယူ ပြန်လည်မောင်းနှင်ရမည် ဖြစ်ပါကြောင်း၊ ရေတွန်းစက်များနှင့်ပတ်သက်ပြီး မီးစက်များပါ သုံးစွဲ နိုင်ရန်အတွက် မီးစက်များ တပ်ဆင်မည့် ကုန်ကျစရိတ်နှင့် ပြုပြင်ထိန်းသိမ်းမှု စရိတ်များကို ရန်ပုံငွေ လျာထား တင်ပြတောင်းခံထားရှိပြီး ရန်ပုံငွေ ခွင့်ပြုချက် ရရှိမှုအပေါ် မူတည်ပြီး စီစဉ်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကိုယ်စား ဖြေကြားပါသည်။

ဒေါက်တာစောနိုင် (တောင်ဥက္ကလာပ မဲဆန္ဒနယ်) မှဆက်စပ်မေးခွန်းမေးမြန်းပါသည်။

လက်တွေ့တွင် မနေ့ကအထိ တောင်ဥက္ကလာ ပမြို့နယ်၏ ရပ်ကွက်တချို့တွင် ရေအခက်အခဲ ဖြစ်နေရပါကြောင်း၊ မိမိတင်ပြသွားသည့်အတိုင်း တခြားမြို့နယ်များတွင် ဆောင်ရွက်ထားသည့် အတိုင်း တောင်ဥက္ကလာပ မြို့နယ်တွင် သင့်တင့်သည့် အတိုင်းအတာရှိသည့် Ground Tank တည်ဆောက်ပြီး ရေပေးဝေနိုင်ရန်အတွက် ဝေဇယန္တာ လမ်းမကြီးနှင့် ရေပေးဝေသည့် ရေပိုက်ကြီးနှင့် ကပ်လျက်တည်ရှိသည့် (၄)ရပ်ကွက်၊ သုတ(၆)လမ်းထိပ်ရှိ ခြောက်ဧက ကျယ်သည့် မြေကွက်လပ်တွင် Ground Tank တည်ဆောက်ပြီး ရေပေးဝေနိုင်ရန်အတွက် သက်ဆိုင်ရာ ဌာနများနှင့် ညှိနှိုင်း ဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိကို ဆက်စပ်မေးခွန်း မေးမြန်း ပါသည်။

နေပြည်တော်ကောင်စီ၊ အဖွဲ့ဝင် ဦးညီထွန်း

တောင်ဥက္ကလာပမြို့နယ်တွင် လက်ရှိ ရေပြတ်တောက်နေပြီး သင့်လျော်သည့် နေရာတွင် Ground Tank တည်ဆောက်ပြီး ထပ်မံ ရေဖြန့်ဝေပေးရန် ကိစ္စ တင်ပြလာခြင်း ဖြစ်ပါကြောင်း၊ ၎င်းကိစ္စကို သက်ဆိုင်ရာ ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့ကြီးကို စီစဉ်‌ဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိ ပြန်လည် မေးမြန်းပြီး ဖြေကြားတင်ပြသွားမည် ဖြစ်ကြောင်း ရှင်းလင်းဖြေကြားပါသည်။