Skip to main content

လယ်ဝေးမြို့နယ် အရှေ့ဘက်ခြမ်းတွင်ရှိသည့် အေလာကျေးရွာအုပ်စုကို မြန်မာသက္ကရာဇ် ၁၂၄၇ ခုနှစ်ခန့်က သူကြီးဦးသန်းနှင့် အင်္ဂလိပ်အရေးပိုင်မင်းများက အိမ်ခြေ ၂၀၊ ၂၅ ခန့်မှ ကျေးရွာအဖြစ် စတင်ဖွဲ့စည်းတည်ထောင်ခဲ့ကြသည်ကို သမိုင်းမှတ်တမ်းများအရ သိရှိရပါကြောင်း၊ အေလာဒေသကို လွတ်လပ်ရေးမရခင်ကပင် ဒုတိယမြို့ပိုင်မင်းများ ရုံးစိုက်ကာအုပ်ချုပ်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ၁၉၉၀ ပြည့်နှစ်ဝန်းကျင်က အေလာကျေးရွာကို တိုက်နယ်အဖြစ် သတ်မှတ်ခဲ့ကြပြီး ယခုအခါတွင် ကျေးရွာအုပ်စုအဖြစ် သတ်မှတ်ထားပါကြောင်း၊ အေလာကျေးရွာအုပ်စုကို ကျေးရွာပေါင်း ၁၁ ရွာဖြင့် ဖွဲ့စည်း ထားပြီး အိမ်ထောင်စုပေါင်း (၃၄၇၅) အိမ်ထောင်စု၊ လူဦးရေပေါင်း (၁၆၁၃၉) ဦးတို့ မှီတင်းနေထိုင် နေကြပါကြောင်း၊ အေလာသူ၊အေလာသားများအနေဖြင့် စိုက်ပျိုးရေးကဏ္ဍတွင် စပါး၊ ပဲ၊ ပြောင်း၊ နှမ်း၊ မုန်လာ၊ ဂေါ်ဖီ၊ ကြံ စသည့်သီးနှံများကို အဓိကထားစိုက်ပျိုးပြီး ဆန်စက်၊ ဆီစက်၊ ပဲခွဲစက်၊ မွေးမြူရေးလုပ်ငန်း၊ အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းနှင့် ရွှေပန်းတိမ်လုပ်ငန်းများလည်း လုပ်ကိုင်ကြပါ ကြောင်း၊ ထို့အပြင် အေလာကျေးရွာအုပ်စုတွင် ဆိုင်ခန်းပေါင်း ၄၀၀ ကျော်ရှိသည့် စည်ပင်သာယာ ဈေးကြီးရှိပြီး နေ့စဉ် စည်ကားသိုက်မြိုက်စွာဖြင့် ရောင်းဝယ်ဖောက်ကားလျက် ရှိပါကြောင်း၊

နေပြည်တော် အပြည်ပြည်ဆိုင်ရာလေယာဉ်ကွင်းသည် အေလာကျေးရွာအုပ်စုအတွင်းတွင် တည်ရှိနေပါကြောင်း၊ ထိုလေယာဉ်ကွင်းကို နိုင်ငံတော်အဆင့်အကြီးအကဲများ၊ နိုင်ငံတကာသံတမန်များ၊ ဧည့်သည်တော်များ၊ ပြည်သူများ နေ့စဉ်လုံခြုံစိတ်ချစွာဖြင့် သွားလာအသုံးပြုနေကြပါကြောင်း၊ နယ်မြေ တည်ငြိမ်အေးချမ်းရေးနှင့်လုံခြုံရေးများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ရန်အတွက် နယ်မြေခံရဲစခန်း ခမရ(၃၀၂) တပ်ရင်းနှင့် မီးသတ်စခန်းများလည်း ရှိပြီးသားဖြစ်ပါကြောင်း၊ ထို့အပြင် အာဆီယံပြည်ထောင်စုလမ်းမကြီး၏ဘေးတွင်တည်ရှိပြီး ကုန်တင်ကားများ၊ ရန်ကုန်-မန္တလေးမီးရထားများ နေ့စဉ်ဖြတ်သန်းသွားလာနေသောကြောင့် အေလာကျေးရွာအုပ်စုမှာ အချက်အချာကျပြီး လုံခြုံမှုနှင့်လူနေမှုအဆင့်အတန်း မြင့်မားသည့်ဒေသကြီးတစ်ခုဖြစ်ပါကြောင်း၊ ပညာရေးနှင့် ကျန်းမာရေးကဏ္ဍများတွင် ပြည့်စုံမှုရှိသလို မြို့နယ်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးနိုင်မည့်ခွဲရုံလည်း ရှိပြီးသားဖြစ်ပါကြောင်း၊ မြို့အဖြစ်သတ်မှတ်ရာတွင် ရှိသင့်ရှိထိုက်သည့်သတ်မှတ်ချက် ၂၁ ချက်နှင့် လည်း အေလာကျေးရွာအုပ်စုက ကိုက်ညီမှုရှိပြီးသားဖြစ်ပါကြောင်း၊ ထို့ကြောင့် လက်ရှိအေလာ ကျေးရွာအုပ်စုကို လူမှုစီးပွားရေး ရှုထောင့်ကလည်းကောင်း၊ လမ်းပန်းဆက်သွယ်ရေးနှင့် လုံခြုံရေး ရှုထောင့်ကလည်းကောင်း အဘက်ဘက်မှ ပြည့်စုံနေသည့်အတွက်ကြောင့် ကျေးရွာအုပ်စုအဆင့်မှ အေလာမြို့အဖြစ် အဆင့်တိုးမြှင့်သတ်မှတ်ပေးရန် လိုအပ်နေပြီဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ လယ်ဝေး မြို့နယ်အတွင်းတွင်ရှိသည့် အေလာကျေးရွာအုပ်စုကိုပယ်ဖျက်ပြီး အေလာမြို့အဖြစ် အဆင့်တိုးမြှင့် သတ်မှတ်ပေးရန် အစီအစဉ်ရှိ/မရှိကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

နေပြည်တော်ကောင်စီ၊ ကောင်စီဝင် ဦးအေးမောင်စိန်

ပြည်ထောင်စုနယ်မြေ၊ ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ်အတွင်းရှိ အေလာကျေးရွာအုပ်စုသည် မြို့အဖြစ် အဆင့်တိုးမြှင့်ပေးရန် အေလာကျေးရွာ မြို့ဖြစ်မြောက်ရေးကော်မတီက တင်ပြလာမှုအပေါ် မြို့အင်္ဂါရပ် ၂၁ ချက်နှင့်အညီ ကိုက်ညီမှုရှိ/မရှိ စိစစ်ခဲ့ပြီးမြို့များတိုးချဲ့ ပြင်ဆင်ဖွဲ့စည်းပါက မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များကို တိုးချဲ့ဖွဲ့စည်းဆောင်ရွက်ရမည်ဖြစ်ကြောင်းနှင့် ဘဏ္ဍာငွေအသုံးစရိတ်များ၊ ဝန်ထမ်းဖွဲ့စည်းပုံနှင့် အဆောက်အဦလိုအပ်ချက်များအလိုက် ပိုမိုလာမည်ဖြစ်ကြောင်းကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် ဝန်ကြီးချုပ်ထံတင်ပြပြီး အတည်ပြုချက်ရရှိပြီးမှသာ မြို့တိုးချဲ့ပြင်ဆင်ဖွဲ့စည်းခြင်းကို ဆောင်ရွက်ရမည်ဖြစ်သည့်အတွက် ၃၀--၂၀၁၉ ရက်နေ့တွင် နေပြည်တော်ကောင်စီကို တင်ပြခဲ့ပါကြောင်း၊

ထိုတင်ပြချက်အရ ၁၁--၂၀၁၉ ရက်နေ့တွင်ကျင်းပသည့် နေပြည်တော်ကောင်စီ အစည်းအဝေး အမှတ်စဉ် (၁၆/၂၀၁၉) ဆုံးဖြတ်ချက် ၁၈ အရ တင်ပြချက်အတိုင်း ကြိုတင်ဆောင်ရွက်ခွင့်ပြုခဲ့ပါ ကြောင်း၊ အဆိုပါခွင့်ပြုချက်အရ မြို့အဖြစ်ပြင်ဆင်ဖွဲ့စည်းမည့် မြို့နယ်နိမိတ်၊ ၎င်းမြို့ဧရိယာ အတွင်းရှိ ရပ်ကွက်တစ်ခုချင်း၏ နယ်နိမိတ်များကို တိုင်းတာသတ်မှတ်ပေးရန် နယ်နိမိတ်တိုင်းတာ ပိုင်းခြားသတ်မှတ်ရေးဥပဒေအရ နယ်နိမိတ် ကြပ်မတ်ရေးအရာရှိ(Demarcation Officer)နှင့် နယ်နိမိတ်သတ်မှတ်ရေးအရာရှိ(Boundary Officer)များ ခန့်အပ်တာဝန်ပေးအပ်နိုင်ရေး ဆောင်ရွက် လျက်ရှိပါကြောင်းနှင့် နယ်နိမိတ်ကြပ်မတ်ရေးအရာရှိနှင့် နယ်နိမိတ်သတ်မှတ်ရေးအရာရှိများ ခန့်အပ်တာဝန်ပေးပြီးပါက သက်ဆိုင်ရာမြို့နယ်က မြို့၊ ရပ်ကွက်၊ ကျေးရွာပြင်ဆင်ဖွဲ့စည်းရေး လုပ်ထုံးလုပ်နည်းနှင့်အညီ မြို့အဖြစ်တရားဝင်အဆင့် တိုးမြှင့်ခွင့်ပြုမိန့်ရရှိရေး ဆောင်ရွက်သွားမည် ဖြစ်ပါ ကြောင်း ရှင်းလင်းဖြေကြားပါသည်။