Skip to main content

 

ရပ်စောက်မြို့နယ်၊ ပါမဲကျေးရွာအုပ်စုအတွင်းရှိ ထင်းကွင်း-လယ်မီး-နန့်ဟူး-ခဲပူ-နက်ကရန် ကျေးရွာချင်းဆက်မြေသားလမ်းပေါ်တွင် တည်ဆောက်ထားသော ဇော်ဂျီချောင်းကူးသစ်သား တံတားသည် ၂၀၀၀ ခုနှစ်မှစ၍ ကျေးရွာပြည်သူများ ကိုယ့်အားကိုယ်ကိုးစုပေါင်း၍ တည်ဆောက်ခဲ့ သော တံတားဖြစ်ပါကြောင်း၊ ၎င်းတံတားကိုအသုံးပြု၍ ကျေးရွာငါးရွာမှအိမ်ထောင်စု ၇၇၃ စု၊ လူဦးရေ ၃,၅၀၁ ဦး နေထိုင်လျက်ရှိပြီး ကျေးရွာပြည်သူများမှ လယ်ယာစိုက်ပျိုးမြေဧက ၅,၄၀၀ ဧကကျော်ကို စပါး၊ ပြောင်း၊ မြေပဲ၊ သရက်၊ ထောပတ်များစိုက်ပျိုးထုတ်လုပ်လျက်ရှိပါကြောင်း၊ ၎င်းကျေးရွာများမှ တက်ဦးကျေးရွာ အထက်တန်းကျောင်းသို့ အလယ်တန်းအဆင့်နှင့် အထက်တန်း အဆင့် ကျောင်းသားကျောင်းသူများ နေ့စဉ်ဖြတ်သန်းသွားလာနေရပြီး ပြည်သူလူထု၏ စီးပွားရေး၊ ကျန်းမာရေး၊ လူမှုရေးအတွက် မရှိမဖြစ်တံတားတစ်စင်း ဖြစ်ပါကြောင်း၊ နှစ်စဉ်မိုးရာသီများတွင် ဇော်ဂျီချောင်းရေတိုက်စားမှုများကြောင့် တံတားအောက်ခြေထောက်တိုင်များ၊ တံတားကြမ်းခင်း များ၊ တံတားအောက်ခံယက်မများ မကြာခဏပျက်စီးပြီး ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူများပူးပေါင်း၍ အကြိမ်ကြိမ်ပြုပြင်တည်ဆောက်သွားလာနေရပါကြောင်း၊

နှစ်စဉ်နှစ်တိုင်း အကြိမ်ကြိမ်ပျက်စီးခြင်း၊ အကြိမ်ကြိမ်ပြုပြင်သွားလာနေရခြင်းသည် ဒေသခံပြည်သူ များအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်လာစေပြီး လူမှုစီးပွားဘဝများပိုမို ထိခိုက်လာစေပါကြောင်း၊ ဒေသခံပြည်သူများမှာလည်း နှစ်စဉ်ကြုံတွေ့နေရသော လမ်းပန်းဆက်သွယ်ရေး အခက်အခဲများ အတွက် ဇော်ဂျီချောင်းကူး ကွန်ကရစ်တံတားအသစ်တည်ဆောက်ပေးနိုင်ရေးကို လိုလားမျှော်လင့် တောင့်တလျက် ရှိနေကြပါကြောင်း၊ ၎င်းဇော်ဂျီချောင်းကူးတံတား(နန့်ဟူး)အသစ် တည်ဆောက် ပေးနိုင်ရေးနှင့်စပ်လျဉ်း၍ ၂၀၁၄ ခုနှစ် ဧပြီလတွင်ကျင်းပသည့် ပထမအကြိမ်ဒသမပုံမှန် အစည်း အဝေးတွင် ကြယ်ပွင့်ပြမေးခွန်းမေးမြန်းခဲ့ပြီး နှစ်အလိုက်ဘဏ္ဍာငွေရရှိမှုအပေါ် မူတည်ပြီး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိခဲ့ရပါကြောင်း၊ သို့ဖြစ်ပါ၍ ရပ်စောက်မြို့နယ်၊ ပါမဲကျေးရွာ အုပ်စု၊ ထင်းကွင်း-လယ်မီး-နန့်ဟူး-ခဲပူ-နက်ကရန်ကျေးရွာချင်းဆက် မြေသားလမ်း ပေါ်တွင်ရှိသော ဇော်ဂျီချောင်းကူးတံတား(နန့်ဟူး) ၁၇၅ပေ၊ ၁၄ပေ၊ ၂၂ပေ တံတားကို သံကူ ကွန်ကရစ်တံတားအဖြစ် အဆင့်မြှင့်တင်တည်ဆောက် ဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိ မေးမြန်း ပါသည်။


 

ဆောက်လုပ်ရေးဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်း

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်၊ ပါမဲကျေးရွာ အုပ်စု၊ ထင်းကွင်း-လယ်မီး-နန့်ဟူး ကျေးရွာချင်းဆက် လမ်းပေါ်ရှိဇော်ဂျီချောင်းကူး(နန့်ဟူး)သစ် တံတားသည် ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ စီမံခန့်ခွဲသော တံတားဖြစ်ပါကြောင်း၊ အဆိုပါ တံတားသည် လမ်းအဆင့်သတ်မှတ်ချက်အရ Class(B)၊ ဦးစားပေး အဆင့်(၁) လမ်းပေါ်တွင် ရှိသောတံတားဖြစ်ပြီး ကျေးရွာခြောက်ရွာ၊ အိမ်ခြေ ၇၃၃ အိမ်နှင့် လူဦးရေ ၃,၅၀၀ ကို အကျိုးပြုသော တံတားဖြစ်ပါသဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ် အစိုးရအဖွဲ့ ရန်ပုံငွေတွင် ထည့်သွင်းလျာထားပြီး ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ ဆောင်ရွက်ပေးသွား မည်ဖြစ်ပါ ကြောင်း ပြန်လည်ဖြေကြားပါသည်။