Skip to main content


ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ ရွာသစ်ကျေးရွာဟာ တိုက်နယ်အဆင့် ကျေးရွာဖြစ်ပြီး လပွတ္တာ-မြောင်းမြ- အိမ်မဲ- ရန်ကုန် ကားလမ်းဘေးတွင် တည်ရှိပါကြောင်း၊ စည်ပင်နယ်နိမိတ်သတ်မှတ်ထားခြင်း၊ လျှပ်စစ်မီးရရှိခြင်း၊ တိုက်နယ်ဆေးရုံတည်ရှိခြင်း၊ အထက် တန်းကျောင်းတည်ရှိခြင်းနှင့် စည်ပင်သာယာဈေးတည်ရှိခြင်းတို့ကြောင့် လူနေထူထပ်ပါကြောင်း၊ ၂၀၁၄ ခုနှစ်၊ သန်းခေါင်းစာရင်း အရ အိမ်ထောင်စု ၆၀၈ စု၊ လူဦးရေပေါင်း ၃၀၀၀ ခန့်ရှိသော်လည်း ယခုအချိန်တွင် လူဦးရေအဆမတန် ထူထပ်လာတာပြီဖြစ်ပါကြောင်း၊ ယခုလက်ရှိ ရွာသစ်ကျေးရွာ၏ မီးသတ်စခန်းတွင် ဝန်ထမ်းအိမ်ရာများကို ရပ်မိရပ်ဖနှင့် ရွာလူထုများ ဆောက်လုပ်ပေးထားခြင်း ဖြစ်ပါကြောင်း၊ မီးသတ်စခန်းမြေနေရာကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် (၆)လဘတ်ဂျက်တွင် ဝန်းနံရံခြံ ကာရံဆောက်လုပ်ခြင်းလုပ်ငန်းရရှိခဲ့ပါကြောင်း၊  မီးသတ်စခန်းဆောက်လုပ်ရန် လယ်မြေ သည်  ဦးကံမြင့်ပိုင်ဆိုင်သည့် လယ်မြေအမျိုးအစား ကွင်းအမှတ်(၈၈)၊ ဦးပိုင်အမှတ်(က)/၁၅/င (၀.၄၁)ဧက လှူဒါန်းထားပြီး ပုံစံ (၁၀၅)၊ (၁၀၆) လည်း ထုတ်ပြီးဖြစ်ပါကြောင်း၊ ထို့ကြောင့် အိမ်မဲမြို့နယ်၊ ရွာသစ်ကျေးရွာတွင် နယ်မြေမီးသတ်စခန်းတစ်ခုကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ထည့်သွင်းလျာထားဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် သိရှိလိုပါကြောင်းမေးမြန်းပါသည်။


 

ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးမှူးရုံး၊ မြို့နယ် မီးသတ်စခန်း(ဦးစီးအရာရှိ ဦးစီးတပ်ဖွဲ့ဝင်   ၂၄ ဦး၊ မီးငြှိမ်းသတ်ယာဉ် သုံးစီး၊ မီးသတ်ရေသယ် ယာဉ် နှစ်စီး)၊ ရွာသစ်နယ်မြေမီးသတ်စခန်း(မီးသတ် တပ်ကြပ်ကြီးဦးစီး တပ်ဖွဲ့ဝင်နှစ်ဦး၊ မီးသတ်ရေသယ် ယာဉ်တစ်စီး)တို့ဖြင့် မြို့နယ်၏ မီးဘေးလုံခြုံရေး လုပ်ငန်းတာဝန်များကို ဆောင်ရွက်လျက် ရှိပါကြောင်း၊ အိမ်မဲမြို့နယ်၊ ရွာသစ်ကျေးရွာသည် အိမ်ခြေ ၅၅၆ လုံး၊ အိမ်ထောင်စု ၅၆၅ စု၊ ရဲစခန်းတစ်ခု၊ တိုက်နယ်ဆေးရုံတစ်ခု၊ ကျေးလက်ဆေးပေးခန်း တစ်ခု၊ အထက်တန်းကျောင်း တစ်ကျောင်း၊ မူလတန်းကျောင်းတစ်ကျောင်း တည်ရှိပြီး ရွာသစ် နယ်မြေမီးသတ်စခန်းတွင် သန္ဓေ မီးသတ်တပ်ဖွဲ့ဝင်နှစ်ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၂၅ ဦး၊ မီးသတ်ယာဉ်တစ်စီးတို့ဖြင့် ကျေးရွာ မီးဘေးလုံခြုံရေးလုပ်ငန်းများကို တာဝန်ထမ်းဆောင်လျက်ပြီး လွန်ခဲ့သည့် ၁၀ နှစ်အတွင်း မီးလောင် ဆုံးရှုံးမှုမရှိသည်ကို တွေ့ရှိရပါကြောင်း၊ ယခု ရွာသစ်နယ်မြေ မီးသတ်စခန်းအား မီးသတ် စခန်းဖွင့်လှစ်နိုင်ရန် လှူဒါန်းထားသည့်မြေနေရာတွင် ယာယီအဆောက်အဦ ဆောက်လုပ်၍ ဖွင့်လှစ် ထားရှိသည့်အတွက် နယ်မြေမီးသတ်စခန်းဆောက်လုပ်ပေးရန် လိုအပ်လျက် ရှိပါကြောင်း၊ သို့ပါ၍ ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ ရွာသစ်ကျေးရွာတွင် လိုအပ် လျက်ရှိသည့် နယ်မြေမီးသတ်စခန်းနှင့် ဝန်ထမ်းအိမ်ရာအဆောက်အဦများ ဆောက်လုပ်နိုင်ရေး အတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့သို့ ရန်ပုံငွေလျာထား တင်ပြတောင်းခံ သွားမည်ဖြစ်ပါကြောင်း ပြန်လည်ရှင်းလင်းဖြေကြားပါသည်။