Skip to main content

 

ရွှေတောင်မြို့နယ်အတွင်း လိုအပ်လျက်ရှိသော တရုတ်မှော်တိုက်နယ်နှင့် ကျီးသဲတိုက်နယ် အရန် မီးသတ်စခန်းတို့အား နယ်မြေခံမီးသတ်စခန်းအဖြစ် အဆင့်တိုးမြှင့်ပေးပြီး မယားမာန်နယ်မြေ မီးသတ်စခန်းအား စခန်းအဆောက်အဦနှင့် ဝန်ထမ်းအိမ်ရာများချထားပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
ရွှေတောင်မြို့နယ်အတွင်းရှိ တရုတ်မှော်တိုက်နယ်နှင့် ကျီးသဲတိုက်နယ်တို့သည် လူနေထူထပ်ပြီး တိုက်နယ်ဆေးရုံ၊ အ.ထ.က ကျောင်းများလည်း ရှိပါကြောင်း၊ တရုတ်မှော်တိုက်နယ်သည် ရွှေတောင်မြို့နယ်မှ ၂၄ မိုင်၊ ကျီးသဲတိုက်နယ်မှ ၁၀ မိုင် ကွာဝေးပါကြောင်း၊ ထိုတိုက်နယ်များတွင် အရန်မီးသတ်တပ်ဖွဲ့သာရှိပြီး နယ်မြေခံမီးသတ်စခန်းနှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များချထားပေးရန် လိုအပ်လျက်ရှိပါကြောင်း၊  နယ်မြေခံမီးသတ်စခန်းနှင့် သန္ဓေတပ်ဖွဲ့ဝင်များချထားပေးမှသာ မီးဘေး အန္တရာယ်ကြုံတွေ့လာပါက အလျင်အမြန်တုံ့ပြန် ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊  ရွှေနတ်တောင် ဘုရားခြေရင်း မယားမာန်ကျေးရွာအုပ်စုတွင် နယ်မြေခံမီးသတ်စခန်းရှိပြီး အဆောက်အဦမရှိပါ သဖြင့် ကျေးရွာစာကြည့်တိုက်နှင့်တွဲ၍ ဖွင့်လှစ်ထားရသည့်အတွက် မီးသတ်စခန်း စံကိုက် အဆောက်အဦနှင့် ဝန်ထမ်းအိမ်ရာလိုအပ်လျက်ရှိပါကြောင်း၊ 
တရုတ်မှော် တိုက်နယ်သည် ရွှေတောင်မြို့မှ အဝေးဆုံးတိုက်နယ်ဖြစ်ပြီး ကျေးလက်လမ်းနှင့်သာ ဆက်သွယ်ထားရပါကြောင်း၊ တရုတ်မှော်တိုက်နယ်တွင် မီးသတ်ကားနှစ်စီး ချထားပေးပြီး ကိုင်တွယ်ထိန်းသိမ်းရန် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ လိုအပ်လျက်ရှိပါကြောင်း၊ 
သို့ဖြစ်ပါ၍ ရွှေတောင်မြို့နယ်အတွင်း လိုအပ်လျက်ရှိသော တရုတ်မှော်တိုက်နယ်နှင့် ကျီးသဲ တိုက်နယ် အရန်မီးသတ်စခန်းတို့အား နယ်မြေခံမီးသတ်စခန်းအဖြစ် အဆင့်တိုးမြှင့်ပေးပြီး မယား မာန်နယ်မြေ မီးသတ်စခန်းအား စခန်းအဆောက်အဦနှင့် ဝန်ထမ်းအိမ်ရာများချထားပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်းမေးမြန်းပါသည်။


 

ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူ


ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးမှူးရုံး၊ မြို့နယ်မီးသတ် စခန်း ဦးစီးအရာရှိဦးစီးတပ်ဖွဲ့ဝင် ၃၃ ဦး၊ မီးငြှိမ်းသတ် ယာဉ်လေးစီး၊ မီးသတ်ရေသယ်ယာဉ်တစ်စီး၊  မယားမာန်နယ်မြေမီးသတ်စခန်း မီးသတ်တပ်ကြပ်ကြီးဦးစီးတပ်ဖွဲ့ဝင်ရှစ်ဦး၊  မီးငြှိမ်းသတ်ယာဉ် တစ်စီး၊ မီးသတ်ရေသယ်ယာဉ်တစ်စီးတို့ဖြင့် မြို့နယ်၏ မီးဘေးလုံခြုံရေးလုပ်ငန်းများကို တာဝန်ယူ ဆောင်ရွက်လျက်ရှိပါကြောင်း၊  
ရွှေတောင်မြို့နယ်၊ ကျီးသဲအုပ်စုတွင် အိမ်ခြေ ၁၈၅၇ လုံး၊ အိမ်ထောင်စု ၁၉၅၂ စု၊ တိုက်နယ် ဆေးရုံတစ်ရုံ၊ ဆက်သွယ်ရေးစာတိုက်၊ တယ်လီဖုန်းရုံးတစ်ရုံး၊ ရဲစခန်းတစ်ခုနှင့် ကျေးလက် ကျန်းမာရေးဌာနတစ်ခု၊ အထက်တန်းကျောင်းတစ်ကျောင်း၊  မူလတန်းကျောင်းနှစ်ကျောင်း၊ အရန် မီးသတ်စခန်းတစ်ခုတို့ရှိပြီး အရန်မီးသတ်တပ်ဖွဲ့ဝင် ၅၀ ဦး၊ မီးသတ်ယာဉ်တစ်စီးတို့ဖြင့် ကျေးရွာ၏ မီးဘေးလုံခြုံရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊  ၁၀ နှစ်အတွင်း မီးလောင်ကျွမ်းမှု နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ၂၉ သိန်းကျော်ဖြစ်ပါကြောင်း၊
ကျီးသဲကျေးရွာအုပ်စု မယားမာန်နယ်မြေမီးသတ် စခန်းနှင့်ခြောက်မိုင်၊ ရွှေတောင်မြို့နယ် မီးသတ်စခန်းနှင့် ၁၀ မိုင်ခန့်၊ ညောင်စာရေး အရန်မီးသတ်စခန်းနှင့် ၁၆ မိုင်ခန့်ကွာဝေးသဖြင့် အရေးပေါ်မီးလောင်မှုဖြစ်ပွားပါက မယားမာန်နယ်မြေ မီးသတ်စခန်းမှ မီးသတ်ယာဉ်နှစ်စီး၊ ရွှေတောင်မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်ငါးစီး၊ ညောင်စာရေးအရန်မီးသတ်စခန်းမှ  မီးသတ်ယာဉ်တစ်စီး စုစုပေါင်းမီးသတ်ယာဉ်ရှစ်စီးတို့ဖြင့် သွားရောက်ငြှိမ်းသတ်နိုင်ပါကြောင်း၊ 
ရွှေတောင်မြို့နယ်၊ တရုတ်မှော်ကျေးရွာအုပ်စုတွင် အိမ်ခြေ ၈၃၄ လုံး၊ အိမ်ထောင်စု ၈၇၂ စု၊ တိုက်နယ်ဆေးရုံတစ်ရုံ၊ ဆက်သွယ်ရေးစာတိုက်နှင့် တယ်လီဖုန်းရုံးတစ်ရုံး၊ ရဲစခန်းတစ်ခု၊ ကျေးလက် ကျန်းမာရေးဌာနတစ်ခု၊ အထက်တန်းကျောင်းတစ်ကျောင်း၊ မူလတန်းကျောင်း လေးကျောင်း၊ အရန်မီးသတ်စခန်းတစ်ခုတို့တည်ရှိပြီး သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တစ်ဦး၊ အရန်မီးသတ် တပ်ဖွဲ့ဝင် ၄၅ ဦး၊ မီးသတ်ယာဉ်နှစ်စီးတို့ဖြင့် ကျေးရွာအုပ်စု၏ မီးဘေးလုံခြုံရေးလုပ်ငန်းများကို ဆောင်ရွက်လျက် ရှိပါကြောင်း၊  ၁၀ နှစ်အတွင်း မီးလောင်ကျွမ်းမှုနှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ၁၉ သိန်းကျော်ခန့်ဖြစ်ပါကြောင်း၊ 
တရုတ်မှော်ကျေးရွာသည် သရက်တပင် အရန်မီးသတ်စခန်းနှင့် ငါးမိုင် ခန့်၊ ညောင်စာရေးအရန်မီး သတ်စခန်းနှင့် ၁၀ မိုင်ခန့်၊ သဲကုန်းမြို့နယ် အင်းမနယ်မြေမီးသတ်စခန်းနှင့် မယားမာန်နယ်မြေ မီးသတ်စခန်းတို့မှ ၂၀ မိုင်ခန့်၊ ရွှေတောင်မြို့နယ်  မီးသတ်စခန်းနှင့် ၂၄ မိုင်ခန့်ကွာဝေးသဖြင့် အရေးပေါ်မီးလောင်မှုဖြစ်ပွားပါက သရက်တပင် အရန်မီးသတ်စခန်းမှ မီးသတ်ယာဉ်တစ်စီး၊ ညောင် စာရေးအရန်မီးသတ်စခန်းမှ မီးသတ်ယာဉ် တစ်စီး၊ သဲကုန်းမြို့နယ် အင်းမမီးသတ်စခန်းမှ မီးသတ် ယာဉ်နှစ်စီး၊ မယားမာန်မီးသတ်စခန်းမှ မီးသတ်ယာဉ်နှစ်စီး၊ ရွှေတောင်မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်ငါးစီး စုစုပေါင်း မီးသတ်ယာဉ် ၁၁ စီးဖြင့် သွားရောက်ငြှိမ်းသတ် နိုင်ပါကြောင်း၊ 
ရွှေတောင်မြို့နယ်၊ မယားမာန်ကျေးရွာအုပ်စုတွင် အိမ်ခြေ ၃၈၇ လုံး၊ အိမ်ထောင်စု ၃၈၇ စု၊ တိုက်နယ်ဆေးရုံတစ်ရုံ၊ ကျေးလက်ဆေးပေးခန်းတစ်ခု၊ အလယ်တန်းကျောင်းသုံးကျောင်း၊ မူလတန်းကျောင်းတစ်ကျောင်း၊  မယားမာန်နယ်မြေမီးသတ်စခန်းတို့တည်ရှိပြီး သန္ဓေတပ်ဖွဲ့ဝင် ရှစ်ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၄၀ ဦး၊ မီးသတ်ယာဉ်နှစ်စီးတို့ဖြင့် ကျေးရွာအုပ်စုမီးဘေး လုံခြုံရေးလုပ်ငန်းများကို တာဝန်ထမ်းဆောင်လျက်ရှိပါကြောင်း၊ ၁၀ နှစ်အတွင်း မီးလောင်ကျွမ်းမှု တစ်ကြိမ်ဖြစ်ပွားခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ၅၁ သိန်းကျော်ခန့်ဖြစ်ပါကြောင်း၊ မယားမာန်နယ်မြေ မီးသတ် စခန်းအား ကျေးရွာစာကြည့်တိုက်တွင် ယာယီဖွင့်လှစ်ထားရှိသဖြင့် မီးသတ်စခန်းနှင့် ဝန်ထမ်းအိမ်ရာ ဆောက်လုပ်ပေးရန် လိုအပ်လျက်ရှိပါကြောင်း၊ 
မီးသတ်ဦးစီးဌာနတွင် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်မှ စတင်၍ ပြည်ထောင်စုနယ်မြေ(နေပြည်တော်)၊ ဗဟိုမီးသတ်သင်တန်းကျောင်း(ပြင်ဦးလွင်)နှင့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်(ရန်ကုန်)တို့အတွက် ပြည်ထောင်စုဘဏ္ဍာ ရန်ပုံငွေဖြင့်လည်းကောင်း၊ တိုင်းဒေသကြီး/ပြည်နယ်များရှိ ဖွဲ့စည်းပုံ ခွင့်ပြုပြီး သော မီးသတ်စခန်းများတွင် မီးသတ်စခန်းနှင့်အဆောက်အဦများဆောက်လုပ်ခြင်း၊ ဝန်ထမ်း နေအိမ် ဆောက်လုပ်ခြင်း၊ မီးသတ်ယာဉ်များဖြည့်တင်းပေးခြင်းတို့ကို သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ် အစိုးရ ဘဏ္ဍာရန်ပုံငွေဖြင့်လည်းကောင်းအသီးသီးဖြည့်တင်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊
သို့ပါ၍ ပဲခူးတိုင်းဒေသကြီး ဖွဲ့စည်းပုံခွင့်ပြုပြီးဖြစ်သည့် မီးသတ်စခန်းများအတွက် မြေနေရာ ရရှိရေး၊ စခန်းဆောက်လုပ်ရေး ဆောင်ရွက်နေရခြင်းကြောင့်လည်းကောင်း၊ ကျီးသဲ ကျေးရွာ အရန်  မီးသတ်စခန်း၊ တရုတ်မှော်ကျေးရွာ အရန်မီးသတ်စခန်းတို့ဟာ နယ်မြေမီးသတ်စခန်း ဖွဲ့စည်းပုံ ခွင့်ပြုမိန့် မရရှိသေးခြင်းတို့ကြောင့်လည်းကောင်း နယ်မြေမီးသတ်စခန်း ဖွင့်လှစ်ပေးနိုင်ခြင်း မရှိသေး ပါကြောင်းနှင့် မယားမာန်နယ်မြေမီးသတ်စခန်းအဆောက်အဦနှင့် ဝန်ထမ်းအိမ်ရာ ဆောက်လုပ်ပေး ရန်အတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရန်ပုံငွေတို့ကို တင်ပြ တောင်းခံသွားမည်ဖြစ်ပါကြောင်း၊  မီးသတ်ဦးစီးဌာနအနေဖြင့် တစ်နိုင်ငံလုံးအတိုင်း အတာအနေဖြင့် မီးသတ်စခန်းများဖွင့်လှစ်ရန် လိုအပ်လျက်ရှိပေသော်လည်း နိုင်ငံ့ဘဏ္ဍာရန်ပုံငွေရရှိမှုပေါ်မူတည်ပြီး ဦးစားပေးအလိုက် ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် လိုအပ်မည်ဆိုပါက ဒေသကြီးအစိုးရ၏ ထောက်ခံချက်ဖြင့် ဆက်လက်တင်ပြဆောင်ရွက်ပေးသွား မည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြား ပါသည်။