Skip to main content


မြန်မာနိုင်ငံတွင် ၂၀၁၄ ခုနှစ် လူဦးရေ၊ အိမ်နှင့်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူရာတွင် တိုင်းရင်းသားလူမျိုးများစာရင်း(၁၃၅)မျိုးတွင် မပါဝင်သော တိုင်းရင်းသားလူမျိုးများ ကုဒ်နံပါတ် (၉၁၄)(အခြား)ခေါင်းစဉ်တွင် ရေးသွင်းဖော်ပြထားသော တိုင်းရင်းသားလူမျိုးအမည်များကို ဖော်ပြ ပေးရန် အစီအစဉ်ရှိ/မရှိ နှင့်စပ်လျဉ်းသည့်မေးခွန်း


၂၀၁၄ ခုနှစ်တွင် တိုင်းရင်းသားလူမျိုး (၁၃၅) မျိုးကိုအခြေခံ၍ သန်းခေါင်စာရင်းကောက်ယူရာတွင် ဌာနေတိုင်းရင်းသားအချို့တွင် မိမိတို့ခေါ်ဆိုသော လူမျိုးအမည်နာမကို (၁၃၅)မျိုးကုဒ်နံပါတ်တွင် မပါဝင်ကြောင်း၊ ထို့ကြောင့် (၁၃၅) မျိုးကုဒ်နံပါတ်မပါရှိသော တိုင်းရင်းသားလူမျိုးများသည် ကုဒ် နံပါတ်(၉၁၄)(အခြား)ဇယားခေါင်းစဉ်အောက်တွင် ရေးသွင်းကြပါကြောင်း၊ ၎င်းကိစ္စနှင့်ပတ်သက်၍ မိမိတို့နိုင်ငံတွင် လက်ရှိလူမျိုးနွယ်စုစာရင်း (၁၃၅)မျိုး သတ်မှတ်ထားပါကြောင်း၊ မိမိတို့ချင်းပြည်နယ် တွင် လူဦးရေနည်းပါးသော်လည်း (၅၃)မျိုးဟု သတ်မှတ်ထားပါကြောင်း၊ ထို(၅၃)မျိုးတွင် အိန္ဒိယနိုင်ငံ သားဖြစ်သော ကသဲလူမျိုးများပါဝင်ခဲ့သလို ညီအစ်ကိုတိုင်းရင်းသား၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနာဂ လူမျိုးများလည်း ချင်းမျိုးနွယ်စုထဲတွင် ပါဝင်ကြောင်း၊ ထို့ကြောင့် လူမျိုးနွယ်စုစာရင်းအားနည်းချက် များစွာရှိကြောင်း ထောက်ပြလိုပါကြောင်း၊ ထို့အပြင် မိမိတို့ဒေသဖြစ်သော ချင်းပြည်နယ်ရှိ တီးတိန်မြို့နယ်၊ တွန်းဇံမြို့နယ်များတွင် စာရင်းအရ လူမျိုး(၁၀)မျိုးကျော်ရှိပြီး အမှန်တကယ် လူမျိုး (၃)မျိုး၊ (၄)မျိုးခန့်သာ တွေ့ရမည် ဖြစ်ပါကြောင်း၊ တချို့က မြို့/ရွာအမည်၊ မိသားစုမျိုးနွယ်အမည်၊ ဘာသာစကားအမည်ကို အခြေခံပြီး မှားယွင်းသတ်မှတ်ခဲ့သည်ကိုလည်း တွေ့ရပါကြောင်း၊ လူ့အခွင့် အရေးတစ်ခုဖြစ်သော မိမိလူမျိုးအမည်နာမကို ခေါ်ဆိုခွင့်ပြုခြင်း၊ အသိအမှတ်ပြုခြင်းသည် အစိုးရအပေါ် တိုင်းရင်းသားများ၏ယုံကြည်မှု တိုးပွားစေသည့်အပြင် မိမိတို့လိုလားနေသည့် ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေးအတွက်လည်း အထောက်အကူဖြစ်စေမည်ဟု ယုံကြည် ထားပါကြောင်း၊ သို့ဖြစ်ပါ၍ ၂၀၁၄ ခုနှစ်၊ လူဦးရေ သန်းခေါင်စာရင်းကောက်စဉ်က ကုဒ်နံပါတ် (၉၁၄)(အခြား)တွင် ထည့်သွင်းထားသော တိုင်းရင်းသားများ၏အမည်နာမစာရင်းအမှန်ကို ဖော်ပြ ပေးရန် အစီအစဉ်ရှိ/မရှိ မေးမြန်းပါသည်။


 

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်ကြိုင်

မြန်မာနိုင်ငံတွင် ပြည်လုံးကျွတ်လူဦးရေသန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို ၁၉၇၃ ခုနှစ်တွင် တစ်ကြိမ်၊ ၁၉၈၃ ခုနှစ်တွင် တစ်ကြိမ် ဆောင်ရွက်ခဲ့ပါကြောင်း၊ ၁၉၇၃ ခုနှစ်၊ သန်းခေါင်စာရင်း ကောက်ယူရာတွင် လူမျိုးမေးခွန်းကို ထည့်သွင်းရန်အတွက် မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားလူမျိုးနွယ်စုစာရင်းကို ပြုစုခဲ့ပါကြောင်း၊ မြန်မာနိုင်ငံ တွင်နေထိုင်သည့် တိုင်းရင်းသားမျိုးနွယ်စုအမည်စာရင်း သတ်မှတ်ပြုစုရာ၌ ၁၉၃၁ ခုနှစ် ဗြိတိသျှကိုလိုနီလက်ထက်ကပင် သန်းခေါင်စာရင်း ကောက်ယူဖော်ထုတ်တွေ့ရှိခဲ့သည့် လူမျိုးစု စာရင်းအရလည်းကောင်း၊ ၁၉၅၃-၁၉၅၄ ခုနှစ် လူမျိုးစုစာရင်းများအရလည်းကောင်း၊  ၁၉၆၀ ပြည့်နှစ်တွင် ယဉ်ကျေးမှုဝန်ကြီးဌာနအောက်ရှိသည့် ရှေးဟောင်းစာပေနှင့် ယဉ်ကျေးမှုရုံး၏ အကြံပြုချက်နှင့် မြန်မာနိုင်ငံ သမိုင်းကော်မရှင်၏ အကြံပေးချက်အရ လည်းကောင်း၊ ၁၉၇၂ ခုနှစ်၊ ဆိုရှယ်လစ်လမ်းစဉ်ပါတီဗဟိုကော်မတီဌာနချုပ် တိုင်းရင်းသားလူမျိုးစုရေးရာကော်မတီ၏ ညှိနှိုင်း ချက်များအရလည်းကောင်း၊ တိုင်းရင်းသားလူမျိုးစုစာရင်းများကို အဆင့်ဆင့်စစ်ဆေးဖော်ပြခဲ့ပါ ကြောင်း၊ ၁၉၇၃ ခုနှစ်၊ ပြည်လုံးကျွတ်လူဦးရေသန်းခေါင်စာရင်းကောက်ယူရာတွင်သော်လည်း ကောင်း၊ ၁၉၈၃ ခုနှစ်၊ ပြည်လုံးကျွတ်အဆင့် လူဦးရေသန်းခေါင်စာရင်းကောက်ယူရာတွင် သော်လည်းကောင်း တိုင်းရင်းသားလူမျိုး (၁၃၅)မျိုးကိုသာ  အခြေခံပြီး ဆောင်ရွက်ခဲ့ကြောင်း၊
၂၀၁၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူရာတွင် လူမျိုးကို ထည့် သွင်းကောက်ယူခဲ့ပြီး စာရင်းကောက်ယူခြင်းလုပ်ငန်းနှင့် စာရင်းပြုစုခြင်းလုပ်ငန်း လွယ်ကူ စေရန်အတွက် နိုင်ငံအတွင်းရှိသည့် တိုင်းရင်းသားမျိုးနွယ်စုများကို ရနိုင်သမျှ ကြိုတင် စာရင်းပြုစု ထားရှိခဲ့ပါကြောင်း၊ ၂၀၁၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအတွက် မြန်မာနိုင်ငံတွင်နေထိုင်သည့် တိုင်းရင်းသား မျိုးနွယ်စုအမည်စာရင်းများ သတ်မှတ်ပြုစုရာ၌တစ်ဦး တစ်ယောက်တည်း၊ အဖွဲ့အစည်းတစ်ခုတည်းမှ သတ်မှတ်ပြုစု၍ မရနိုင်သည့်အတွက် ယခင် ၁၉၈၃ ခုနှစ်၊ သန်းခေါင်စာရင်းတွင် အသုံးပြုခဲ့သည့် လူမျိုးစာရင်းကိုအခြေခံပြီး လူမျိုးကုဒ်များကို အုပ်စု များခွဲ၍ပြုစုခဲ့ကြောင်း၊ ၎င်းလူမျိုးစာရင်းများတွင် မပါဝင်သူများကိုလည်း ကုဒ်နံပါတ်(၉၁၄) (အခြား)၌ ဖြည့်သွင်းပြီး ကောက်ယူစေခဲ့ပါကြောင်း၊ မြန်မာနိုင်ငံတိုင်းရင်းသားလူမျိုး(၁၃၅)မျိုးနှင့် ပတ်သက်ပြီး ၁၉၉၀ ပြည့်နှစ်၊ စက်တင်ဘာလ ၂၆ ရက်နေ့ထုတ် လုပ်သားပြည်သူ့နေ့စဉ် သတင်းစာဖော်ပြချက်အရ ယင်းလူမျိုးစာရင်းတွင် ၁၉၃၁ ခုနှစ်က ပြုစုခဲ့သော သန်းခေါင်စာရင်းအရ လူမျိုးစုစာရင်းအပေါ်အခြေခံ၍လည်းကောင်း၊ ၁၉၅၃-၁၉၅၄ ခုနှစ် လူမျိုးစုစာရင်းအရ လည်း ကောင်း၊ ၁၉၆၀ ပြည့်နှစ် ယဉ်ကျေးမှုဝန်ကြီးဌာနအောက်ရှိသည့် ရှေးဟောင်း စာပေနှင့် ယဉ်ကျေးမှုရုံး၏အကြံပြုချက်နှင့် မြန်မာနိုင်ငံသမိုင်းကော်မရှင်၏အကြံပေးချက်အရ လည်းကောင်း၊ ၁၉၇၂ ခုနှစ်၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီဗဟိုကော်မတီဌာနချုပ် တိုင်းရင်းသားလူမျိုးစုရေးရာ ကော်မတီ၏ညှိနှိုင်းပေးချက်များအရလည်းကောင်း လူမျိုးစုစာရင်းများကို အချိန်ယူပြုစုခဲ့ကြရာ ၁၉၈၃ ခုနှစ်၊ သန်းခေါင်စာရင်းတွင်အသုံးပြုခဲ့သော တိုင်းရင်းသားလူမျိုးစာရင်းများသာ ဖြစ်ကြောင်း၊ သန်းခေါင်စာရင်း မကောက်ယူမီနှင့် ကောက်ယူပြီးကာလများတွင်လည်း လူမျိုးအမည်၊ ဖွဲ့စည်းမှု၊ လူမျိုးအုပ်စုများနှင့် ပတ်သက်ပြီး အငြင်းပွားဖွယ်ရာကိစ္စရပ်များရှိခဲ့သဖြင့် ပြည်ထောင်စုအစိုးရအဖွဲ့၊ လွှတ်တော်အသီးသီး၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် တိုင်းရင်းသားရေးရာအဖွဲ့အစည်း များထံမှ မေးမြန်းချက်၊ စိစစ်ချက်၊ တင်ပြချက်များကိုလည်း လက်ခံရရှိခဲ့ပါကြောင်း၊၂၀၁၄ ခုနှစ်၊ သန်းခေါင်စာရင်းမေးခွန်းတွင် လူမျိုးမေးခွန်း ထည့်သွင်းရာ၌လည်း လူမျိုးအမည်များ မှားယွင်း နေကြောင်း၊ တိုင်းရင်းသားလူမျိုး  (၁၃၅)မျိုးအပေါ် အခြေခံခြင်းသည် ပကတိအခြေအနေနှင့် ကိုက် ညီမှုမရှိကြောင်း၊ လူမျိုးအုပ်စုကြီးများတွင် ပါဝင်သည့် လူမျိုးစုငယ်အရေအတွက်များ ကွဲလွဲနေ ကြောင်း၊ သီးခြားလူမျိုးသတ်မှတ်ပေးရေးကိစ္စ၊ မျိုးနွယ်စုပြောင်းလဲသတ်မှတ်ရေးကိစ္စ၊ တိုင်းရင်းသား လူမျိုးများအဖြစ် သတ်မှတ်ပေးရေးကိစ္စ စသဖြင့် တောင်းဆိုမှုများစွာရှိခဲ့ကြောင်း၊
တိုင်းရင်းသားလူမျိုးများ၏ တောင်းဆိုချက်များအရ တိုင်းရင်းသားမျိုးနွယ်စုများ၏ အမည်များ ပြင်ဆင်သတ်မှတ်ခြင်း၊ တိုင်းရင်းသားလူမျိုးနွယ်စုများ ပြန်လည်သတ်မှတ်ခြင်းစသည့် ကိစ္စရပ် များအတွက် လွှတ်တော်အသီးသီးနှင့် ပြည်ထောင်စုတိုင်းရင်းသားရေးရာကော်မတီဝင်များ၊ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ တိုင်းရင်းသားခေါင်းဆောင်များ၊ တိုင်းရင်းသားကိုယ်စားလှယ်များ၊ ဘာသာရပ်အလိုက်ကျွမ်းကျင်ပညာရှင်များ၊ လူမှုအဖွဲ့အစည်းများနှင့်  အခြားသက်ဆိုင်သူများ ပါဝင် သည့် ဆွေးနွေးပွဲများ၊ ပြုလုပ်ပေးရန် လိုအပ်ပါကြောင်း၊  ထိုဆွေးနွေးပွဲများပြုလုပ်ရာတွင် မှန်ကန် လျင်မြန်စွာ ဆောင်ရွက်နိုင်ရေးအတွက် တိုင်းဒေသကြီး/ပြည်နယ်အဆင့်တွင် လူမျိုးစုအလိုက် ဆောင်ရွက်ပေးမှသာ ပြည်ထောင်စုအဆင့်၌ လူမျိုးစုညီလာခံကြီးကျင်းပပြီး ဆောင်ရွက်သင့်ပါ ကြောင်း၊ သို့ဖြစ်ပါ၍ တိုင်းရင်းသားလူမျိုးစာရင်း(၁၃၅)မျိုးတွင် မပါဝင်သည့်တိုင်းရင်းသားလူမျိုး ကုဒ်နံပါတ် (၉၁၄)(အခြား)ခေါင်းစဉ်၌ ရေးသားဖော်ပြကြသည့် တိုင်းရင်းသားလူမျိုးအမည်များကို ဖော်ပြပေးနိုင်ရန်အစီအစဉ်ရှိ/မရှိ၊ မိမိတို့ဝန်ကြီးဌာနတစ်ခုတည်းနှင့် ဆောင်ရွက်နိုင်မည်မဟုတ်ဘဲ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ တိုင်းရင်းသားလူမျိုးခေါင်းဆောင်များ၊ သမိုင်းပညာရှင်များ၊ သက်ဆိုင် ရာပြည်နယ်အစိုးရအဖွဲ့တို့မှ လေ့လာစိစစ်တင်ပြပြီး ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုချက် ရယူဆောင်ရွက်သင့်သည့်ကိစ္စရပ်သာဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။


ဦးခမ်ခန့်ထန်(တွန်းဇံမဲဆန္ဒနယ်)ကဆက်စပ်မေးခွန်း မေးမြန်းပါသည်။


ဒုတိယဝန်ကြီးဖြေသွားသည့်အထဲတွင် ထို(၁၃၅)မျိုးတွင်မပါသည့်လူမျိုးနွယ်စုစာရင်း ကုဒ်နံပါတ် (၉၁၄)(အခြား)ထဲ၌ ထည့်ထားသည်များကို လွှတ်တော်ကိုယ်စားလှယ်များ၊ ဘာသာရပ်အဖွဲ့အစည်း များ၊ ပညာရှင်များနှင့် ဖော်ထုတ်မည်ဆိုပါကြောင်း၊  ၎င်းကို မည်သည့်အချိန်၊ မည်သည့်ကာလတွင် စတင်မည်ကို သိလိုကြောင်းမေးမြန်းပါသည်။


အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်ကြိုင်


မိမိတို့ဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာလွှတ်တော်အသီးသီးနှင့် တိုင်းရင်းသားရေးရာ ကော်မတီ ဝင်များ၊ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ တိုင်းရင်းသားခေါင်းဆောင်များ၊ တိုင်းရင်းသားကိုယ်စား လှယ်များနှင့် ဘာသာရပ်အလိုက် ကျွမ်းကျင်ပညာရှင်များ၊ လူမှုအဖွဲ့အစည်းများနှင့် အခြား သက်ဆိုင်သူများပါဝင်သည့် ဆွေးနွေးပွဲများပြုလုပ်ရန်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် လူမျိုးစုအလိုက် ဆွေးနွေးပွဲများ၊ ပြည်ထောင်စုအဆင့်လူမျိုးစုညီလာခံကြီးများ ကျင်းပရန်အတွက် အထက်ဌာနကို မိမိတို့တင်ပြဆောင်ရွက်ထားပါကြောင်း ဖြေကြားပါသည်။