Skip to main content

(ဆ)-ပါတီစုံဒီမိုကရေစီစနစ်ကို လက်ခံကျင့်သုံးနေသည့် နိုင်ငံတော်တွင် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေနှင့်အညီ သတ်မှတ်ထားသော ဝန်ခံချက်များကို စောင့်ထိန်းလိုက်နာခြင်းရှိ/မရှိကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ပါတီများအပေါ်စိစစ်ခြင်းရှိ/မရှိ သိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

မိမိတို့နိုင်ငံသည် ဒီမိုကရေစီစနစ်ဖြင့် ဖက်ဒရယ်ပြည်ထောင်စုကို ဦးတည် လျှောက်လှမ်းနေသည် နိုင်ငံတစ်နိုင်ငံ ဖြစ်ပါကြောင်း၊ ပါတီစုံဒီမိုကရေစီစနစ်တွင် နိုင်ငံရေးပါတီများ၏ အခန်းကဏ္ဍသည် အလွန်အရေးပါသကဲ့သို့ ပါတီများအနေဖြင့် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေနှင့်အညီ သတ်မှတ်ထားသော ဝန်ခံချက်များအပေါ် လိုက်နာဆောင်ရွက်မှုရှိခြင်း၊ မရှိခြင်း ကိုလည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က စဉ်ဆက်မပြတ်စိစစ်ရန် လိုအပ်ပါကြောင်း၊

နိုင်ငံရေးပါတီတစ်ရပ်ရပ်သည် လူမျိုးရေး သို့မဟုတ် ဘာသာရေး၊ လူတစ်ဦးချင်း သို့မဟုတ် လူအများနှင့်ပတ်သက်၍ ပဋိပက္ခဖြစ်ပေါ်စေနိုင်သည့် သိက္ခာ နှင့်ကိုယ်ကျင့်တရားကိုထိခိုက်စေနိုင် သည့် ရေးသားမှု၊ ဟောပြောမှုနှင့် စည်းရုံးလှို့ဆော်မှုမပြုရေး၊ ဘာသာရေးကို နိုင်ငံရေးအတွက် အလွဲသုံးစားမပြုရေး စသည်တို့ကို စောင့်ထိန်းလိုက်နာရမည် ဖြစ်သည်ကို နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပ‌ဒေပုဒ်မ ၆ တွင် အတိအလင်းပြဋ္ဌာန်းထားပြီးလည်း ဖြစ်ပါကြောင်း၊

အဆိုပါပုဒ်မ ၆ ပါ ဝန်ခံချက်တစ်ရပ်ရပ်ကို စောင့်ထိန်းလိုက်နာရန်ပျက်ကွက်သည့်ပါတီများကို နိုင်ငံရေးပါတီအဖြစ်မှ ဆက်လက်ရပ်တည်ပိုင်ခွင့်မရှိစေသည့်အထိ အရေးယူနိုင်သည်ကိုလည်း နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ အခန်း(၃)မှာပြဋ္ဌာန်းထားပြီးဖြစ်ပါကြောင်း၊ ယခင်ကျင်းပ ပြီးစီးခဲ့သည့် ရွေးကောက်ပွဲကာလများတွင် လူမျိုးရေးနှင့် ဘာသာရေးကိုရောယှက်ပြီး အမုန်းစကား ပြောဆိုခြင်း၊ အမုန်းတရားများဖြန့်ဝေခြင်း၊ သတင်းအမှားများဖြန့်‌ဝေခြင်း၊ စည်းရုံးလှုံဆော်ကြခြင်း များကို နိုင်ငံအနှံ့အပြားတွင် တွေ့မြင်နေရသည်မှာ အားလုံးအသိပဲဖြစ်ပါကြောင်း၊ ဒီမိုကရေစီ စနစ်ရှင်သန်လာဖို့ဆိုရင် ဘာသာရေးနှင့်နိုင်ငံရေးကို ရောထွေးပြီး စည်းရုံးလှုံဆော်မှုများ၊ လူတစ်ဦးတစ်ယောက်၏ ဂုဏ်သိက္ခာနှင့် ကိုယ်ကျင့်တရားကို ထိခိုက်စေနိုင်သည့်၊ ပဋိပက္ခဖြစ်ပေါ် စေနိုင်သည့် စည်းရုံးလှို့ဆော်မှုများ မဖြစ်ပေါ်လာစေရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က တည်ဆဲဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ စောင့်ကြည့် ထိန်းကျောင်းပေးရန်လိုပါကြောင်း၊ သို့ဖြစ်ပါ၍ ပါတီစုံဒီမိုကရေစီစနစ်ကို လက်ခံကျင့်သုံးနေသည့် နိုင်ငံတော်တွင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေနှင့်အညီသတ်မှတ်ထားသော ဝန်ခံချက်များကို စောင့်ထိန်းလိုက်နာခြင်းရှိ/မရှိ ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ပါတီများအပေါ်စိစစ်နေခြင်းရှိ/မရှိ သိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်းကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ အဖွဲ့ဝင် ဦးမင်းဆွေ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ အခန်း(၄)ကော်မရှင်၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ ပုဒ်မ ၁၀ ပုဒ်မခွဲ(ဌ)တွင် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေနှင့်အညီ နိုင်ငံရေးပါတီများကိုမှတ်ပုံတင်ခြင်း၊ ကြီးကြပ်ခြင်းနှင့် ကြီးကြပ်စေခြင်းဟု ပြဋ္ဌာန်းထားခြင်းကြောင့် နိုင်ငံရေးပါတီများ ဆောင်ရွက်ချက် များနှင့်စပ်လျဉ်း၍ ဥပဒေနှင့်အညီ ကြီးကြပ်ရမည့်တာဝန်သည် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ တာဝန်တစ်ရပ်ဖြစ်ပါကြောင်း၊        

နိုင်ငံရေးပါတီမှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၆ တွင် အောက်ပါအတိုင်း ပြဋ္ဌာန်းထားပါကြောင်း၊ ပုဒ်မ ၆ အောက်ပါအချက်များအား စောင့်ထိန်းလိုက်နာမည်ဖြစ်ကြောင်းဝန်ခံချက်ကို ပုဒ်မ ၅ အရ နိုင်ငံရေး ပါတီမှတ်ပုံတင်ပေးရန် လျှောက်ထားသည့်လျှောက်လွှာတွင် ဖော်ပြရမည်။ (က) ပြည်ထောင်စု မပြို ကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးကို ထိန်းသိမ်းစောင့်ရှောက်ရေး၊ (ခ) တရားဥပဒေစိုးမိုး‌ရေးနှင့် အေးချမ်းသာယာရေးကို ထိန်းသိမ်း စောင့်ရှောက်ရေး၊ (ဂ) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို လေးစား လိုက်နာရေး၊ (ဃ) လူမျိုးရေး သို့မဟုတ် ဘာသာ‌ရေး သို့မဟုတ် လူတစ်ဦးချင်း သို့မဟုတ် လူအများ နှင့်ပတ်သက်၍ သိက္ခာ၊ ကိုယ်ကျင့်တရားကိုထိခိုက်စေနိုင်သည့် ရေးသားမှု၊ ဟောပြောမှု သို့မဟုတ် စည်းရုံးလှို့ဆော်မှုမပြုလုပ်ရေး၊ (င) ဘာသာရေးကို နိုင်ငံရေးအတွက် အလွဲသုံးစားမပြုရေး၊ (စ) နိုင်ငံခြားတိုင်းပြည်တစ်ခုခုရဲ့ အစိုးရ သို့မဟုတ် ဘာသာရေးအဖွဲ့အစည်း သို့မဟုတ် တခြားအဖွဲ့ အစည်း သို့မဟုတ် ပုဂ္ဂိုလ်တစ်ဦးဦးထံမှ ငွေကြေး၊ ပစ္စည်း၊ တခြားအထောက်အပံ့တွေကို တိုက်ရိုက် ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ရယူသုံးစွဲခြင်း သို့မဟုတ် ယင်းတို့၏ဩဇာခံယူခြင်းမပြုရေးဟူ၍ ပါရှိပါကြောင်း၊

နိုင်ငံရေးပါတီတစ်ရပ်ရပ်တည်ထောင်ခွင့်စတင်လျှောက်ထားသည့်အချိန်ကစပြီး ပုဒ်မ ၆ ပါ ဖော်ပြချက်များကို လိုက်နာမည်ဖြစ်ကြောင်း ဝန်ခံလက်မှတ်ရေးထိုး၍ တင်ပြရပါကြောင်း၊ လျှောက်လွှာပါအချက်များနှင့် ကတိဝန်ခံပြုချက်များ၊ အခြားလိုအပ်သည့် အချက်အလက်များကို စိစစ်ပြီး ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်ကိုက်ညီမှသာလျှင် ပါတီတည်ထောင်ခွင့်၊ မှတ်ပုံတင်ခွင့်ပြု ပါကြောင်း၊၊ နိုင်ငံ‌ရေး ပါတီများ၏ ရုံးခန်းများဖွင့်လှစ်ခြင်း၊ ပါတီဆိုင်းဘုတ်တင်ခြင်း၊ ပါတီ ရုံးခန်းများတွင် ပါတီဆိုင်ရာ မူဝါဒလမ်းစဉ်၊ ဟောပြောပွဲများ ပြုလုပ်ခြင်း၊ သင်တန်းပေးခြင်းတို့နှင့် စပ်လျဉ်းပြီး သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲသို့ အသိပေးရန်ကိုလည်းကောင်း၊ ပါတီ ရုံးခန်း ပြင်ပတွင် ဟောပြောခြင်း၊ တွေ့ဆုံစည်းရုံးခြင်း၊ စုရုံးခြင်းတို့နှင့်စပ်လျဉ်းပြီး သက်ဆိုင်ရာ တည်ဆဲဥပဒေများနှင့်အညီ သက်ဆိုင်ရာအဖွဲ့အစည်းများသို့ တင်ပြဆောင်ရွက်ကြရန်ကို လည်းကောင်း ညွှန်ကြားချက်များ ထုတ်ပြန်ပြီး ကြီးကြပ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဆိုပါ ဆောင်ရွက်ချက်များနှင့်အညီ အလေးထားလိုက်နာဆောင်ရွက်စေရေးအတွက်လည်း မိမိတို့ ဒေသ တွင်းရှိ နိုင်ငံရေးပါတီများကို ထပ်ဆင့်အကြောင်းကြား အသိပေးကြပ်မတ်ပေးရန်အတွက် ‌ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်ကိုလည်း လမ်းညွှန်ထားပြီးဖြစ်ပါကြောင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သည် နိုင်ငံရေးပါတီများ၏ ပါတီတွင်းကိစ္စရပ်များတွင် ဝင်ရောက်စွက်ဖက် သည့် အပြုအမူသဘောမျိုး မသက်ရောက်စေဘဲ နိုင်ငံရေးပါတီများ၏ ပါတီတွင်းစည်းရုံးဟောပြော‌ရေး၊ ပါတီမူဝါဒရှင်းလင်းခြင်း၊ ပါတီများ၏ မူဝါဒသဘောထားထုတ်ပြန်ကြေညာခြင်း၊ မဲဆွယ် စည်းရုံးခြင်းတို့ကိုဆောင်ရွက်ရာတွင် တည်ဆဲဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ အလေးထားလိုက်နာ ဆောင်ရွက်ကြရန်နှင့် တည်ဆဲဥပဒေတစ်ရပ်ရပ်ကိုလိုက်နာရန် ပျက်ကွက်ကြောင်း၊ ဖောက်ဖျက် ကျူးလွန်ကြောင်း စစ်ဆေးတွေ့ရှိရပါက  နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းနှင့်အညီ နိုင်ငံရေး ပါတီအဖြစ် မှတ်ပုံတင်ထားခြင်းကို ယာယီရပ်ဆိုင်းခြင်း၊ ကာလသတ်မှတ်၍ ညွှန်ကြားခြင်း၊ ညွှန်ကြားချက်အတိုင်း လိုက်နာရန်ပျက်ကွက်သည့် ပါတီအား နိုင်ငံရေးပါတီအဖြစ်မှတ်ပုံတင်ခြင်းကို ပယ်ဖျက်၍ ပါတီကိုလည်းဖျက်သိမ်းသည်အထိ ဥပဒေနှင့်အညီအရေးယူဆောင်ရွက်မည်ဖြစ် ကြောင်းကို  နိုင်ငံရေးပါတီအားလုံးသို့လည်း ညွှန်ကြားထားပြီး ဖြစ်ပါကြောင်း၊ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းကို ယာယီရပ်ဆိုင်းထားသည့် နိုင်ငံရေးပါတီ ခြောက်ပါတီရှိပြီး ညွှန်ကြားချက် အတိုင်း လိုက်နာဆောင်ရွက်ခဲ့သည့်အတွက် ပါတီလုပ်ငန်းများကို ဆက်လက်လုပ် ဆောင်ခွင့်ပြု ခဲ့သည့် နိုင်ငံရေးပါတီနှစ်ပါတီ၊ ညွှန်ကြားချက်ကို မလိုက်နာ၍ ဖျက်သိမ်းလိုက်သည့် နိုင်ငံရေး ပါတီတစ်ပါတီနှင့် ယာယီရပ်ဆိုင်းထားသည့် နိုင်ငံရေးပါတီ သုံးပါတီရှိကြောင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သည် မှတ်ပုံတင်ထားသည့်နိုင်ငံရေးပါတီများ၏ ဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ ဖြစ်စဉ်များအပါအဝင် မိမိတို့နယ်မြေအတွင်းပြုလုပ်သည့် ပါတီလှုပ်ရှားမှုများကို အချိန်နှင့် တစ်ပြေးညီတင်ပြရန် သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ အဆင့်ဆင့်သို့လည်း ညွှန်ကြားထားရှိပါကြောင်း၊ ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်ကတင်ပြလာသည့် ပါတီ များ၏ လှုပ်ရှားဆောင်ရွက်မှုများကို မှတ်တမ်းတင်ထားရှိပြီး ဝန်ခံချက်များအပေါ် လိုက်နာခြင်း ရှိ/မရှိ စိစစ်ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် လိုအပ်ပါက သက်ဆိုင်ရာပါတီမှ တာဝန်ရှိသူများကို ခေါ်ယူ တွေ့ဆုံခြင်း၊ အသိပေးဆွေးနွေးခြင်း၊ ဝန်ခံကတိလက်မှတ်ရေးထိုးစေခြင်း၊ မှတ်ပုံတင်ထားခြင်းကို ကာလသတ်မှတ်၍ ယာယီရပ်ဆိုင်းခြင်း၊ ယာယီရပ်ဆိုင်းထားသည့် ကာလအတွင်း လိုအပ်သည်များကို လိုက်နာဆောင်ရွက်ရန် အချိန်ကာလသတ်မှတ်၍ ညွှန်ကြားခြင်းစသည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေနှင့်အညီလည်း ကြီးကြပ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံရေးပါတီ မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၆ ပါ ခံဝန်ချက်များလေးစားလိုက်နာရန် သက်ဆိုင်ရာ နိုင်ငံရေးပါတီမှ တာဝန်ရှိသူများကို ခေါ်ယူတွေ့ဆုံသတိပေးဆောင်ရွက်ခဲ့ရသည့် နိုင်ငံရေးပါတီ နှစ်ပါတီရှိခဲ့ပြီး ပုဒ်မ ၆ ကို စောင့်ထိန်းလိုက်နာရန်ပျက်ကွက်ခြင်းကြောင့် ပုဒ်မ ၁၂ အရဖျက်သိမ်းရ သည့်ပါတီ မရှိသေးပါကြောင်း၊ သို့ဖြစ်ပါ၍ ‌ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် နိုင်ငံတော် အတွင်း နိုင်ငံရေးပါတီများရှင်သန်တိုးတက်လာစေရေး၊ နိုင်ငံသားများအတွင်း ဒီမိုကရေစီအလေ့ အကျင့်များ တိုးတက်လာစေရေးတို့အတွက် အဓိကအခန်းကဏ္ဍတစ်ရပ်တွင် ပါဝင်နေသည့် နိုင်ငံရေး ပါတီများ၏ ဆောင်ရွက်ချက်များကို တည်ဆဲနိုင်ငံရေးပါတီမှတ်ပုံတင်ခြင်းဥပ‌ဒေ၊ နည်း ဥပဒေများပါ ပြဋ္ဌာန်းချက်များနှင့်အညီ ကြီးကြပ်ဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားပါသည်။