Skip to main content

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ Blue mark Verification  ရထားသည့် တရားဝင် Facebook စာမျက်နှာသည် ၂၀၁၇ ခုနှစ် ဩဂုတ်လကစတင်ပြီး သတင်းအချက်အလက်အသစ်များ ဖော်ပြခြင်းမရှိပါကြောင်း၊ ၂၀၂၀ ခုနှစ်အတွင်းမှာပြုလုပ်မည့် အထွေထွေ ရွေးကောက်ပွဲဟာလည်း တဖြည်းဖြည်းနီးကပ်လာပြီဖြစသည့်အတွက် ပြည်သူတွေအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ ဆောင်ရွက်ချက်များဖြင့် ရွေးကောက်ပွဲဆိုင်ရာအချက်အလက်များကို ပိုမို စိတ်ဝင် စားလာပြီ ဖြစ်သည့်အတွက် သတင်းအချက်အလက်များ လက်လှမ်းမီရန်အတွက်လည်း အရေးကြီး ပါကြောင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ စံသတ်မှတ်ချက်များတွင် လွတ်လပ် ခြင်း၊ မျှတခြင်း၊ ပွင့်လင်းမြင်သာခြင်း၊ အများ၏ယုံကြည်မှုရှိခြင်း၊ ပြည်သူ့ဆန္ဒနှင့် ရွေးကောက်ပွဲ ရလဒ်  များကိုက်ညီမှုရှိခြင်းဆိုသည့် အချက်အလက်များသည် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ ရည်မှန်းချက်ဖြစ်သည့် Creative Election ဖြစ်ရေးကို အထောက်အကူပြု စေမည်ဖြစ်ပါကြောင်း၊ ပွင့်လင်းမြင်သာခြင်းဆိုသည့်အချက်သည် သတင်းအချက်အလက် လက်လှမ်းမီခြင်း ဆိုသည့် အခြေ အနေကို ရရှိရန်လည်းလိုအပ်သည့်အတွက်  နေ့စဉ်ယနေ့ခေတ်  လူအများအသုံးပြုနေသည့် လူမှု ကွန်ရက်စာမျက်နှာမှ ရွေးကောက်ပွဲကော်မရှင်များ၏ သတင်းကို စောင့်ကြည့်လေ့လာခြင်း ဖြစ်ပါကြောင်း၊

၂၀၁၇ ခုနှစ်  ဩဂုတ်လက စတင်၍ ကော်မရှင်နှင့် ပတ်သက်သည့်သတင်းများကို တွေ့ရှိရခြင်း မရှိပါကြောင်း၊ Facebook တွင် ပေးထားသည့် Link ကတစ်ဆင့် Website ထဲကိုဝင်ကြည့်ရာတွင်လည်း ဝင်ကြည့်နိုင်ခြင်း မရှိဘဲ May Be For Sailed ဟူ၍ ဆက်လက်သွား၍ မရဘဲ Google ကနေသာ ဝင်ကြည့်နိုင်ပါကြောင်း၊ Domain အောက်က Link များတွင် တခြားနိုင်ငံက ရွေးကောက်ပွဲနှင့် သက်ဆိုင်သည့် သတင်းများကိုသာ တွေ့ရှိရပါကြောင်း၊ Facebook နှင့် ချိတ်ဆက်ထားသည့် Website သည်  အသုံးမတည့်သည်ကို တွေ့ရှိရပါကြောင်း၊

အများပြည်သူ ယုံကြည်စိတ်ချရသည့် ရွေးကောက်ပွဲတစ်ခု၏ အမှတ်အသားများမှ တစ်ခုဖြစ်သည့် ပွင့်လင်းမြင်သာရှိမှုနှင့် သတင်းအချက်အလက်အလွယ်တကူရရှိမှုတို့သည် အခြေခံကျပါကြောင်း၊ မြန်မာနိုင်ငံ၏ သာမန်ပြည်သူများကြားတွင် Website ကို ဝင်ရောက်ကြည့်ရှုသူ အင်မတန်မှ နည်းပါးလှပြီး မြန်မာနိုင်ငံ၏ အင်တာနက်အသုံးပြုသူ ၁၈ သန်းခန့်ရှိ သည့်အနက် Facebook အသုံးပြုသူဦးရေသည် ၁၆ သန်းခန့်ရှိသည်ဟု ဖော်ပြထားပါကြောင်း၊  ၂၀၁၅ ခုနှစ် အထွေထွေရွေး ကောက်ပွဲ ကာလတွင် မြန်မာနိုင်ငံ၏ မိုဘိုင်းဖုန်းသုံးစွဲသူ ခုနစ်သန်းခန့်သာ ရှိပြီး ယခုနှစ်များတွင် ၂၁ သန်းခန့်ရှိပြီဟု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌကြီးက ဆိုပါကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံက မဲဆန္ဒရှင်အများစု အသုံးပြုနေသည့်  ဆိုရှယ်မီဒီယာတစ်ခု ဖြစ်သည့် တရားဝင် Facebook စာမျက်နှာကို မည်သည့်အတွက်ကြောင့် ဆက်လက်အသုံးမပြုသည်၊ မည်သည့်အချိန်တွင် ပြန်လည်အသက်သွင်းသုံးစွဲပါမည်ကိုသိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ အဖွဲ့ဝင် ဦးမင်းဆွေ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ အဖွဲ့ဝင် ဦးမင်းဆွေ

ပြည်ထောစုရွေးကောက်ပွဲကော်မရှင်အနေနှင့် ပြည်သူလူထုအသိပညာပေးလုပ်ငန်းများ၊ မဲဆန္ဒရှင် အသိပညာပေး လုပ်ငန်း များ နှင့် ရွေးကောက်ပွဲဆိုင်ရာဆောင်ရွက်မှုသတင်းများကို ပြည်သူ လူထု သိရှိစေရန်အတွက် ကော်မရှင်၏ လူမှုကွန်ရက် စာမျက်နှာဖြစ်သည့် Facebook ကို ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ ၂ ရက်နေ့တွင်  စတင်ဖွင့်လှစ်အသုံးပြုခဲ့ရာ လူမှုကွန်ရက် အသုံးပြုမှုဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့နှင့် လုပ်ငန်းအထောက်အကူပြုအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်ခဲ့ရမှု မရှိသည့်အပြင် စံနှုန်းနှင့် ကိုက်ညီသော စနစ်တကျဆောင်ရွက်ရမယ့်လုပ်ငန်း သတ်မှတ်ထားခြင်းမရှိ သေးခြင်းတို့ကြောင့် မလိုလားအပ်သည့် ကိစ္စရပ်များမပေါ်ပေါက်စေရန် Facebook အသုံးပြုမှုကို ယာယီရပ်နားခဲ့ခြင်းဖြစ်ပါကြောင်း၊ သို့ရာတွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ဆောင်ရွက်မှု သတင်းများ၊ ရွေးကောက်ပွဲဆိုင်ရာအသိပေးကြေညာချက်များ၊ မဲဆန္ဒရှင် အသိပညာ ပေးခြင်းနှင့် သက်ဆိုင်သည့် အကြောင်းအရာများကို ပြည်သူလူထုအနေဖြင့် အချိန်နှင့်တစ်ပြေးညီ သိရှိစေရန် ကော်မရှင်၏ Website www.uec.gov.myanmarmm တွင် လွှင့်တင်ပေးလျက်ရှိပါကြောင်း၊

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ Website တွင် ကော်မရှင်ကိုင်တွယ်ကျင့်သုံးနေသည့် ဥပဒေ၊ နည်းပဒေများ၊ လုပ်ငန်းလမ်းညွှန်များ၊ ကျင်းပပြီးခဲ့သည့် အထွေထွေရွေးကောက်ပွဲများနှင့် ကြားဖြတ်ရွေးကောက်ပွဲများတွင် ပါဝင် ယှဉ်ပြိုင် ခဲ့ကြသည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ ရွေးကောက်ပွဲရလဒ်များ၊ နိုင်ငံရေးပါတီနှင့် စပ်လျဉ်းသည့် နိုင်ငံရေးပါတီ မှတ်ပုံတင်ခြင်း၊ တည်ဆဲ နိုင်ငံရေးပါတီများ၊ မှတ်ပုံတင်ခွင့်ပြုခဲ့သည့် နိုင်ငံရေးပါတီများ၊ ပယ်ဖျက်ခဲ့သည့် နိုင်ငံရေးပါတီများ၊ ရွေးကောက်ပွဲဆိုင်ရာ၊ ရွေးကောက်ပွဲခုံရုံးဆိုင်ရာ ကော်မရှင်၏ ဆောင်ရွက်မှုသတင်းများ အစရှိသည့် ကဏ္ဍစုံ အကြောင်း အရာများ အလိုက် ဝင်ရောက်ကြည့်ရှုနိုင်ပါကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သည် လူမှုကွန်ရက်စာမျက်နှာ Facebook ကိုအသုံးပြုရာတွင် စနစ်တကျရှိစေရေး အတွက် ဆိုရှယ်မီဒီယာအသုံးပြုမှုကြီးကြပ်‌ရေးကော်မတီကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ အမိန့်ကြော်ငြာစာအမှတ်(၄၉/၂၀၁၉)ဖြင့် ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်နေ့တွင် ဖွဲ့စည်းပေးခဲ့ပါကြောင်း၊ ယင်းသို့ ဖွဲ့စည်းပေးပြီး အဆိုပါကြီးကြပ်ရေးကော်မတီ၏ လုပ်ငန်း တာဝန် များကိုလည်း သတ်မှတ်ပေးခဲ့ကြောင်း၊ ၂၀၂၀ ပြည့်နှစ်တွင် ကျင်းပမည့် အထွေထွေရွေး ကောက်ပွဲကြီး အတွက် ရွေးကောက်ပွဲဆိုင်ရာများနှင့်စပ်လျဉ်း၍ ပြည်သူများထံသို့ ဆိုရှယ် မီဒီယာ များမှတစ်ဆင့် သတင်းတု၊ သတင်းမှားများ မပြန့်ပွားစေရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် Facebook ကုမ္ပဏီ တို့နှင့်လည်း တွေ့ဆုံ ပူးပေါင်း ဆောင်ရွက်ထားပြီး ဖြစ်ပါကြောင်း၊ ၂၀၁၅ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲကြီးတွင် မြန်မာနိုင်ငံမှ မိုဘိုင်းသုံးစွဲသူ အရေ အတွက်သည် ခုနစ်သန်းခန့်သာရှိပြီး ယခုအချိန်တွင် ၂၁ သန်း ခန့်ရှိပြီဖြစ်ကြောင်း သိရှိရသည့်အတွက် ဆိုရှယ်မီဒီယာ များမှတစ်ဆင့် သတင်းတု၊ သတင်းမှားများ၊ အမုန်းစကားများ ပိုမိုများပြားလာနိုင်ဖွယ်ရှိသည်ကိုလည်း တွေ့ရှိရပါကြောင်း၊

ထို့ကြောင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် လူမှုကွန်ရက်စာမျက်နှာ အသုံးပြုခြင်းဖြင့် ရရှိပေါ်ပေါက်လာမည့် အကျိုးအပြစ်များကို ထည့်သွင်းစဉ်းစားသုံးသပ်လျက် စနစ်တကျဖြစ်စေရေးအတွက် ကော်မတီများဖွဲ့စည်းပြီး ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ လူထု အသိပညာပေးခြင်းလုပ်ငန်းများ၊ မဲဆန္ဒရှင် အသိပညာပေးလုပ်ငန်းများနှင့် ရွေးကောက်ပွဲဆိုင်ရာ ဆောင်ရွက်မှုသတင်းများက ကော်မရှင်၏ Website တွင် ဝင်ရောက် ကြည့်ရှုနိုင်သည့်အပြင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ သတင်းထုတ်ပြန်ရေးအဖွဲ့က အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း သတင်းမီဒီယာအဖွဲ့များနှင့် တွေ့ဆုံရှင်းလင်းမည့် သတင်းထုတ်ပြန်ချက်များဖြင့်လည်း စဉ်ဆက်မပြတ် ထုတ်ပြန်ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။

ဒေါ်ဇင်မာအောင်(ရန်ကင်းမဲဆန္ဒနယ်)က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

ကော်မတီတစ်ရပ်ဖွဲ့ပြီး ကော်မတီ၏ သုံးသပ်ချက်နှင့်အညီ သုံးစွဲမည်ဖြစ်ကြောင်း၊ ယခုအချိန်တွင် Website များ၊ တခြားသတင်းဌာနများဖြင့် သတင်းထုတ်ပြန်သည့် အစီအစဉ်များ ရေးဆွဲဆောင်ရွက် နေကြောင်းသာရှိရပါကြောင်း၊ သတင်းအတုများကို ရှောင်ရှားနိုင်ရန်အတွက်လည်း UEC ၏ တရားဝင် Facebook Page ဖြစ်သည့် Blue Mark ရထားပြီးသားဆီက  ထုတ်ပြန်မည်ဆိုပါက သတင်းအတုများကို Counter ပြန်လုပ်ပြီးသားဖြစ်မည်ဟု ယူဆပါကြောင်း၊ ထိုကြောင့် မည်သည့်အချိန်တွင် ရွေးကောက်ပွဲကော်မရှင်၏ Facebook Page ကို ပြန်လည်အသုံးပြုမည်ဟု မှန်းဆထား သည် နှင့် မည်သို့ စီစဉ်ထားသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။

 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ အဖွဲ့ဝင် ဦးမင်းဆွေ

၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်နေ့တွင် ကြီးကြပ်ရေးကော်မတီများ ဖွဲ့စည်းပြီး တာဝန်ပေးပါပြီပါကြောင်း၊ ဆိုရှယ်မီဒီယာစောင့်ကြည့်ရေးအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်ရန်နှင့် လုပ်ငန်း တာဝန်များ ရေးဆွဲရန်များလည်း ပါရှိပါကြောင်း၊ ကြီးကြပ်ကော်မတီသည် သူ၏ လုပ်ငန်း တာဝန်တွင်ပါရှိသော အချက်များကို စတင်ဆောင်ရွက်နေပြီဖြစ်ပါကြောင်းနှင့် စတင်ဆောင်ရွက်ပြီး ယင်းအချက်များပြည့်စုံပြီဆိုပါက ဖြစ်ပေါ်လာမည့်အကျိုးနှင့် အပြစ်ကို ချိန်ဆပြီး Facebook ကို ၂၀၂၀ ခုနှစ်၊ ရွေးကောက်ပွဲမတိုင်မီ ဆောင်ရွက်သွားရန် ရည်ရွယ်ချက်နှင့် ဖွဲ့စည်းထားပါကြောင်းနှင့် နေ့ရက်အတိအကျ မတင်ပြ နိုင်ခြင်း မရှိပါကြောင်း ပြန်လည်ဖြေကြားပါသည်။