Skip to main content

 

တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၏ ပြည်နယ်/တိုင်းများတွင် ရုံးခွဲများဖွင့်လှစ်မှုအခြေအနေ၊ ရာထူးအလိုက်၊ လူမျိုးအလိုက် ဝန်ထမ်းများခန့်ထားမှု အခြေအနေနှင့် ဝန်ထမ်းအင်အားအခြေအနေ၊ ဝန်ထမ်းများ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းတာဝန်များ၊ ရုံးခွဲများမဖွင့်နိုင်သေးသည့် ပြည်နယ်/ တိုင်းများအတွက် ဆက်လက်ဆောင်ရွက်သွားမည့် အစီအစဉ်ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

၂၀၀၈ ခုနှစ် အခြေခံဥပဒေအခန်း (၁) အခြေခံမူများ ပုဒ်မ ၂၂ အရ “နိုင်ငံတော်သည် (က) တိုင်းရင်းသားများ၏ စာပေ၊ စကား၊ အနုပညာ၊ ယဉ်ကျေးမှုတို့ကို ဖွံ့ဖြိုးတိုးတက်စေရန် ကူညီဆောင်ရွက် ရမည်။ (ခ) တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်ရေး၊ ချစ်ကြည်လေးစားရေးနှင့် ရိုင်းပင်းကူညီရေး တို့ကို တိုးတက်ဖြစ်ထွန်းစေရန် ကူညီဆောင်ရွက်ရမည်။ (ဂ) တိုးတက်ဖွံ့ဖြိုးမှု နည်းပါးပြီး တိုင်းရင်းသားများ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေး စသည်တို့ပါဝင်သော လူမှုစီးပွားရေးတိုးတက် ဖွံ့ဖြိုးရေးအတွက် ကူညီဆောင်ရွက်ရမည်” ဟု ပြဋ္ဌာန်းထားခြင်းအရ တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာနကို ၂၅-၅-၂၀၁၆ ရက်နေ့တွင် ဖွဲ့စည်းခဲ့ပြီး တိုင်းရင်းသားလူမျိုးများ ကာကွယ်စောင့်ရှောက်ရေး ဥပဒေ ၄-၄-၂၀၁၅ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်၌ အတည်ပြု ပြဋ္ဌာန်းပြီးဖြစ်ပါကြောင်း၊ ထို့အပြင် ၂၀၀၈ ခုနှစ် အခြေခံဥပဒေ အခန်း (၈) နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့်တာဝန်များ ပုဒ်မ ၃၅၄ ပုဒ်မခွဲ (ဃ) တွင်လည်း တိုင်းရင်းသားလူမျိုးတစ်မျိုး သို့မဟုတ် တိုင်းရင်းသားလူမျိုး အချင်းချင်းကိုလည်းကောင်း၊ အခြားဘာသာ သာသနာကိုလည်းကောင်း ထိခိုက်နစ်နာမှု မရှိစေဘဲ မိမိချစ်ခင်မြတ်နိုးသည့် စာပေ၊ စကား၊ ယဉ်ကျေးမှု၊ ကိုးကွယ်သည့် ဘာသာသာသနာနှင့် ဓလေ့ထုံးတမ်းများကို လွတ်လပ်စွာဆောင်ရွက် ပိုင်ခွင့်ရှိသည်ဟု ပြဋ္ဌာန်းထားပါကြောင်း၊

တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ် စောင့်ရှောက်သည့် ဥပဒေတွင်လည်း အခန်း (၂) ရည်ရွယ်ချက်တွင် ပုဒ်မ ၃ အရ ခြောက်ချက်၊ အခန်း (၃) တိုင်းရင်းသား အခွင့်အရေးနှင့်ရပိုင်ခွင့်ပုဒ်မ ၄ အရ (၁၀) ချက်၊ အခန်း (၅) ဝန်ကြီးဌာန၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များ ပုဒ်မ ၉ အရ (၁၂) ချက်ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ရုံးဝန်ထမ်း၊ ရာထူးအလိုက်၊ လူမျိုးအလိုက်၊ အင်အားမည်မျှ ခြားနားပြီးကြောင်းနှင့် လိုအပ်သည့်ဝန်ထမ်းများ ခန့်ထားရာ တိုင်းရင်းသားများ မျှော်လင့်နေသော စာပေ၊ စကား၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း သမိုင်းအမွေအနှစ်များ ဖော်ထုတ်ကာကွယ်မည့် နေရာအတွက် ဝန်ကြီးဌာနအနေဖြင့် ဆောင်ရွက်ပေးရမည်ဖြစ်၍ မည်သည့်အတိုင်းအတာအထိ ဆောင်ရွက်ပြီးစီးနေပြီး မည်မျှဆောင်ရွက်ရန် လိုအပ်နေကြောင်းကို အများအားဖြင့် မသိကြသေးသော တိုင်းရင်းသားညီအစ်ကို မောင်နှမများအားလုံး သိရှိနိုင်ရန်နှင့် တိုင်းရင်းသားဒေသများ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်း ဆက်သွယ်ရေး၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝန်ကြီးဌာန၏မူဝါဒနှင့်အညီ ရည်ရွယ်ချက်၊ အခွင့်အရေး၊ တာဝန်နှင့်ဝတ္တရားများအား ဆောင်ရွက်နေမှုတို့ကို သိရှိလိုကြောင်း မေးမြန်းပါသည်။


 

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှမော်ဦး

တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနကို ၃၀-၃-၂၀၁၆ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ပြည်ထောင်စုဝန်ကြီးရုံး၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနနှင့် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေး ဦးစီးဌာနတို့ဖြင့် ၂၅-၅-၂၀၁၆ ရက်နေ့တွင် ဖွဲ့စည်းပုံအရာထမ်း ၃၇၀ ဦး၊ အမှုထမ်း ၇၆၁ ဦး စုစုပေါင်း ၁၁၃၁ ဦးဖြင့် ဖွဲ့စည်းခဲ့ပါကြောင်း၊

တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနသည် တိုင်းရင်းသားရေးရာကိစ္စရပ်များ ပိုမိုဆောင်ရွက်နိုင်ရန် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၊ တိုင်းဒေသကြီး/ပြည်နယ်ရုံးများကို တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအားလုံးတွင် ဖွင့်လှစ်ခဲ့ပြီးဖြစ်ကြောင်း၊ ကယားပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ဧရာဝတီတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် အဆောက်အဦသစ်များ ဆောက်လုပ်ဖွင့်လှစ်ခဲ့ပြီး အခြားတိုင်းဒေသကြီး/ပြည်နယ်များတွင် သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့က စီစဉ်ပေးသည့်နေရာများတွင် ရုံးခန်းများဖွင့်လှစ်၍ လုပ်ငန်းများဆောင်ရွက် လျက်ရှိကြောင်း၊

တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနတွင် လက်ရှိတာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းအင်အား အနေဖြင့် နေပြည်တော် (ရုံးချုပ်) တွင် အရာထမ်း ၆၈ ဦး၊ အမှုထမ်း ၁၂၃ ဦး စုစုပေါင်း ၁၉၁ ဦး၊ တိုင်းဒေသကြီး/ပြည်နယ် ရုံးများတွင် အရာထမ်း ၅၉ ဦး၊ အမှုထမ်း ၁၁၈ ဦး စုစုပေါင်းဝန်ထမ်းအင်အား ၁၇၇ ဦးဖြစ်ပြီး ဝန်ကြီးဌာနတစ်ခုလုံး ခန့်အပ်ပြီး ဝန်ထမ်းအင်အားတွင် အရာထမ်း ၁၂၇ ဦး၊ အမှုထမ်း ၂၄၁ ဦး စုစုပေါင်း ၃၆၈ ဦးခန့်အပ်ပြီး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊

တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန (ရုံးချုပ်) နေပြည်တော်တွင် တာဝန်ထမ်းဆောင်နေသော လူမျိုးအလိုက် ခန့်ထားမှုအခြေအနေများမှာ ကချင်လူမျိုးစု ငါးဦး၊ ကယားလူမျိုးစု တစ်ဦး၊ ကရင်လူမျိုးစု ငါးဦး၊ ချင်းလူမျိုးစု ၂၃ ဦး၊ ဗမာလူမျိုးစု ၁၁၀ ဦး၊ မွန်လူမျိုးစု ၁၄ ဦး၊ ရခိုင်လူမျိုးစု ၂၀ ဦးနှင့် ရှမ်းလူမျိုးစု ၁၃ ဦးတို့ဖြစ်ကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ်များတွင် လူမျိုးအလိုက်ခန့်ထားမှုမှာ ကချင်လူမျိုးစု ရှစ်ဦး၊ ကယားလူမျိုးစု ၁၁ ဦး၊ ကရင်လူမျိုးစု ၂၂ ဦး၊ ချင်းလူမျိုးစု ၁၇ ဦး၊ ဗမာလူမျိုးစု ၇၄ ဦး၊ မွန်လူမျိုးစု ၁၂ ဦး၊ ရခိုင်လူမျိုးစု ၁၈ ဦးနှင့် ရှမ်းလူမျိုးစု ၁၅ ဦးတို့ဖြစ်ကြကြောင်း၊ စုစုပေါင်း လူမျိုးစုအလိုက် ကချင်လူမျိုးစု ၁၃ ဦး၊ ကယားလူမျိုးစု ၁၂ ဦး၊ ကရင်လူမျိုးစု ၂၇ ဦး၊ ချင်းလူမျိုးစု ၄၀ ဦး၊ ဗမာလူမျိုးစု ၁၈၄ ဦး၊ မွန်လူမျိုးစု ၂၆ ဦး၊ ရခိုင်လူမျိုးစု ၃၈ ဦးနှင့် ရှမ်းလူမျိုးစု ၂၈ ဦး စုစုပေါင်း ၃၆၈ ဦးတို့ဖြစ်ပါကြောင်း၊

မိမိတို့ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနအနေဖြင့် လုပ်ငန်းတာဝန်များ ဆောင်ရွက်ရန် မျှော်မှန်းချက်၊ ရည်မှန်းချက်နှင့်မူဝါဒများချမှတ်၍ တာဝန်များသတ်မှတ်ပြီး ဆောင်ရွက်လျက် ရှိပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနတွင် ပြည်ထောင်စုဝန်ကြီးရုံးနှင့် ဦးစီးဌာနနှစ်ခု ဖွဲ့စည်းထားပြီး၊ ပြည်ထောင်စု ဝန်ကြီးရုံးကိုလည်း အခြားဝန်ကြီးဌာနများကဲ့သို့ ဌာနခွဲငါးခုခွဲ၍ လုပ်ငန်းများ ဆောင်ရွက်နေပါကြောင်း၊

တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးရုံးနှင့် ဦးစီးဌာနနှစ်ခုမှ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများမှာ မြန်မာဘာသာ စကားမှသည် တိုင်းရင်းသားဘာသာစကားဆီသို့ စကားပြောစာအုပ်များ၊ တိုင်းရင်းသားများ၏ ရိုးရာအမွေအနှစ်များ၊ စကားပုံများ၊ စကားထာစာအုပ်များ ပြုစုခြင်းနှင့် တိုင်းရင်းသား မျိုးနွယ်စု ၆၄ စုတို့၏ သမိုင်းကြောင်း၊ ရိုးရာဓလေ့ထုံးစံများ၊ ယဉ်ကျေးမှုများ၊ အထင်ကရနေရာများ၊ ရိုးရာအစားအသောက်များ၊ ပွဲတော်များ၊ နေ့ထူးနေ့မြတ်များစသည့် အချက်အလက်များ ပါဝင်သည့် လက်ကမ်းစာစောင်များကို ပြုစုခဲ့ကြောင်း၊ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်သည့် ဥပဒေအား တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ၏ အကူအညီဖြင့် တိုင်းရင်းသားဘာသာ ၄၄ မျိုးသို့ ဘာသာပြန်ဆို ဖြန့်ဝေခြင်းများကိုလည်း ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါကြောင်း၊

ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနနှင့်ပူးပေါင်း၍ ကျန်းမာရေးဆိုင်ရာ စံပြုအချက်အလက်များနှင့် UNICEF မှထုတ်ဝေသည့် ကျန်းမာရေးဆိုင်ရာ အသိပညာပေး ပိုစတာများကို တိုင်းရင်းသား ဘာသာများဖြင့် ပြန်ဆိုခြင်းများ ပြုလုပ်ပေးခဲ့ပါကြောင်း၊ ဝတ်စားဆင်ယင်မှုများကို ဝန်ကြီးဌာနအတွင်းမှ ပြခန်းငယ်များပြုလုပ်ပြီး ခင်းကျင်းပြသခြင်း၊ လက်ကမ်းစာစောင်များ ပြုလုပ်ခြင်း၊ တိုင်းရင်းသား လူမျိုးများ၏ ဓာတ်ပုံမှတ်တမ်းများ၊ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးစံများ၊ အသုံးအဆောင်များနှင့် တိုင်းရင်းသား ဝတ်စုံများကိုလည်း စုစည်းပြသထားရှိကြောင်း၊ တိမ်မြုပ်ပျောက်ကွယ်လုနီးပါး ဖြစ်နေသည့် လူနည်းစုလူမျိုးများ၏ ရိုးရာဓလေ့ထုံးစံများ၊ ယဉ်ကျေးမှုများ၊ လူနေမှုဘဝပုံစံများ၊ ကိုးကွယ်ယုံကြည်မှုများ၊ ပွဲတော်များကို ကွင်းဆင်းဖော်ထုတ် မှတ်တမ်းတင် ရိုက်ကူးခြင်းများကိုလည်း ပြုလုပ်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ်အလိုက် တိုင်းရင်းသားမျိုးနွယ်စုများ ပျံ့နှံ့နေထိုင်မှုများကို လေ့လာ၍ မှတ်တမ်းများလည်း ပြုစုလျက်ရှိပါကြောင်း၊ ပညာရေးဝန်ကြီးဌာန UNICEF, UNESCO, UIF, OPM တို့နှင့် ပူးပေါင်း၍ ပညာရေးသုတေသန၊ စီမံကိန်းနှင့်လေ့ကျင့်ရေး ဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် မြန်မာနိုင်ငံရှိ ကျောင်းပြင်ပရောက်ကလေးများ၏ အခြေအနေကို လေ့လာအကဲဖြတ်သည့် သုတေသန လုပ်ငန်း Out of School Children Initiative-OoSCI များကိုလည်း ပူးပေါင်းဆောင်ရွက်လျက် ရှိပါကြောင်း၊ တိုင်းရင်းသားစာပေကို အခြေခံပညာကျောင်းများတွင် ကျောင်းချိန်အတွင်း သင်ကြားနိုင်ရေး၊  တိုင်းရင်းသားဘာသာသင် ဆရာဆရာမများ ခန့်အပ်နိုင်ရေး၊ သုတေသန ဆောင်ရွက်မည့် လုပ်ငန်းများတွင် ပညာရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်ခြင်းအပြင် ဒေသအလိုက် သင်ရိုးများရေးဆွဲ ရာတွင်လည်း ပူးပေါင်းဆောင်ရွက်ခြင်းများ ပြုလုပ်လျက်ရှိပါကြောင်း၊ ထို့အပြင် တိုင်းဒေသကြီး/ပြည်နယ် အသီးသီးရှိ တိုင်းရင်းသားစာပေယဉ်ကျေးမှု အသင်းအဖွဲ့များကို မှတ်ပုံတင်နိုင်ရေး၊ တိုင်းရင်းသားစာပေ သင်ကြားမှု လုပ်ငန်းများထိရောက်စွာ ဆောင်ရွက်နိုင်ရေးတို့အတွက် အဆိုပါအဖွဲ့များနှင့် ဆက်သွယ် ဆောင်ရွက်လျက် ရှိပါကြောင်း၊ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးစောင့်ရှောက်သည့် ဥပဒေကို လူထုအသိပညာပေး လုပ်ငန်းများဆောင်ရွက်ခြင်းနှင့် နည်းဥပဒေပြဋ္ဌာန်း နိုင်ရေးကိုလည်း ဆောင်ရွက်လျက် ရှိပါကြောင်း၊ တိုင်းရင်းသားရေးရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များ၊ ပြည်တွင်း/ပြည်ပမှ အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့အစည်းများ၊ အရပ်ဘက်တိုင်းရင်းသား လူ့အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း များကိုလည်း ပြုလုပ်လျက်ရှိပါကြောင်း၊ နိဂုံးချုပ်အနေဖြင့် မိမိတို့ဝန်ကြီးဌာနသည် တိုင်းဒေသကြီး/ပြည်နယ် ရုံးများတွင် တာဝန်ထမ်းဆောင်မှုတွင် ဒေသခံတိုင်းရင်းသားများကို ဦးစားပေးရွေးချယ် ခန့်အပ်လျက် ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

ဦးအောင်ကျော်ဦး (ခ) ဦးကျော်ဦး (မိုင်းတုံမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးနှင့်ပတ်သက်၍ တိမ်ကောပျောက်ကွယ်လုနီးပါး ဖြစ်နေသည့် ထနော့တို့၊ တောင်သားတို့ကိုလည်း ၁၃၅ မျိုးတွင် ထည့်သွင်းရန် ရှိ/မရှိနှင့် ၁၃၅ မျိုးကို ပြန်လည်စိစစ်ရန် ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှမော်ဦး

ဖော်ပြပါ ထနော့လူမျိုးတို့၏ ရိုးရာယဉ်ကျေးမှု၊ ဓလေ့ထုံးစံကို ရိုက်ကူးဖော်ထုတ်ပြီး ဖြစ်ပါကြောင်း၊ ထို့အတူ ရှမ်းပြည်နယ်အတွင်းရှိ အချို့သောတိုင်းရင်းသား လူမျိုးများ၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံများကို ဖော်ထုတ်ပြီး နိုင်ငံတော်ကိုတင်ပြ၍ ဆက်လက်ဆောင်ရွက်မည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။