(က)-ရန်ကုန်တိုင်းဒေသကြီး၊ဒဂုံမြို့နယ်၊တော်ဝင်လမ်း၊ အမှတ်(၃၅)ပေါ်တွင်တည်ရှိသည့် ကယားဂေဟာအမည်ရှိသောအဆောက်အအုံနှင့်မြေအား ကယားပြည်နယ်အစိုးရထံသို့ ဥပဒေနှင့် အညီ လွှဲပြောင်းပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ တော်ဝင်လမ်း၊ အမှတ်(၃၅)ရှိ ကယားဂေဟာ အဆောက် အအုံနှင့်မြေ၏ ပထမပိုင်ရှင်မှ S.Balthazan သည် မြေဂရန်ပိုင်ရှင် ဖြစ်ပါကြောင်း၊ ဒုတိယပိုင်ရှင် Karenni State Government သည် ၁၉၅၁ ခုနှစ်တွင် အမည်ပေါက်ရထားခြင်းဖြစ်ပါကြောင်း၊ ၎င်း Karenni State Government ဆိုသည်မှာ အစိုးရဝယ်လိုက်သည့် အကြောင်းတရား တစ်ခုတော့ ရှိပါကြောင်း၊ နောက်ဆုံး ၁၉၉၅ ခုနှစ်တွင် မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနအစိုးရက အခုနောက် ဆုံးမှတ်သားထားသည့် ပိုင်ရှင် ဖြစ်ပါကြောင်း၊ မိမိပြောပြချင်သည်မှာ ၁၉၅၁ ခုနှစ် တွင် Kayah State Government ခေါ်သည့် ကယားပြည်နယ်အစိုးရကပိုင်ပြီး ၎င်းအဆောက်အအုံကိုပြန်လည်ပြင်ဆင် ပြီး ကယားပြည်သူလူထုများ လူမှုရေးအရတည်းခိုနိုင်အောင် စီမံထားသည့် ကယားဂေဟာဖြစ်ပြီး ၎င်းအချိန်ကတည်းက မိမိတို့ထိန်းသိမ်းလာပြီး မိမိတို့အစိုးရပိုင်၊ ကယား ပြည်နယ်ပိုင်ဖြစ်ပါကြောင်း၊ ၁၉၆၂ ခုနှစ် အာဏာသိမ်းလိုက်သည့် အခါတွင်လည်း ကယားပြည်နယ် အစိုးရအဖွဲ့က Ownership ဆိုသည့် နာမည်နှင့်၁၉၇၂ ခုနှစ်အထိ ထိန်းသိမ်းဖြစ်ပါကြောင်း၊ ၁၉၇၂ ခုနှစ် ဆောက်လုပ်ရေး ဦးစီးဌာန မှ စီမံခန့်ခွဲသည့်အနေဖြင့်သာ လုပ်ပါကြောင်း၊ ၁၉၉၅ ခုနှစ်ပိုင်ပြီးသည့် အချိန်မှသာ PRA-FMI Pansea Co.Ltd ၊ B.O.T System နှင့် စာချုပ်ချုပ်ပြီး ငှားရမ်းထားခြင်းဖြစ်ပါကြောင်း၊ ၄-၈-၂၀၁၅ ခုနှစ်တွင် Thirty Years Extension နှင့် ပြန်ပြီး ငှားရမ်းထားပြီး ၂၀၂၆ ခုနှစ်တွင် ပြည့်မည် ဖြစ်သည်ဟုသိရပါကြောင်း၊၎င်းကိုလွှတ်တော်ပထမအကြိမ်တွင်အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ကယားပြည်နယ်က မေးမြန်းရာတွင် B.O.T System နှင့်လုပ်ထားပြီးအစိုးရပိုင်မြေဖြစ်သည့်အတွက် မစွန့်လွှတ်နိုင်ကြောင်းကို ဖြေကြားထားပါကြောင်း၊

လက်ရှိအစိုးရတက်လာသည့် အချိန်တွင် ပြည်ထောင်စုအစိုးရက ပြည်သူလူထုကို မနစ်နာစေချင် သည့်အတွက် ၂၀၁၉ ခုနှစ်၊ မတ်လတွင် အစည်းအဝေးလုပ်ပြီး ညွှန်ကြားချက်တစ်ရပ်ထုတ်ပြန် ပါကြောင်း၊ ၁၉၆၃ ခုနှစ်တွင် ပြည်သူပိုင်သိမ်းသည့်ပစ္စည်းများကို ပြန်ပေးသည့် ညွှန်ကြားချက်ဖြစ်ပါ ကြောင်း၊ ၎င်းညွှန်ကြားချက်တွင် မူဝါဒ(၉)ရပ်၊ ဌာနဆိုင်ရာမှ ဥပဒေချုပ်များတွင် အကြံဉာဏ် တောင်း ၍ မည်သို့ပြန်ပေးရမည်ဆိုသည့် ညွှန်ကြားချက်များနှင့် ပုံစံများ ပါဝင်သည့်အတွက် ဥပဒေနှင့်အညီ ကယားပြည်နယ်အစိုးရကို မည်သို့ပြန်လွှဲပေးမည်နည်းနှင့် လွှဲရန်အစီအစဉ်ရှိ/မရှိ ကို သိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာကျော်လင်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

၁၉၆၂ ခုနှစ်မတိုင်မီနှင့် ၁၉၆၂ ခုနှစ်တပ်မတော်က အာဏာသိမ်းပြီးနောက်ပိုင်း ၁၉၇၂ ခုနှစ်အထိ ထိန်းသိမ်းစောင့်ရှောက်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ တော်ဝင်လမ်း အမှတ်(၃၅)ပေါ်ရှိ ကယားဂေဟာ အဆောက်အအုံနှင့်မြေအား ၁၉၇၂ ခုနှစ်တွင် အုပ်ချုပ်ရေးစနစ်အသစ်ဖြစ်သော ကယားပြည်နယ်ဦးစီးအဖွဲ့ကို ဖျက်သိမ်း၍စောင့်ရှောက်ထိန်းသိမ်းမှုအား ပြည်ထောင်စုအစိုးရ ဆောက်လုပ်ရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပြီး ဧည့်ရိပ်သာ(သဟာယ) အဆောင်အဖြစ် ယခုထိ စောင့်ရှောက်ခဲ့သော ၎င်းမြေနှင့်အဆောက်အအုံကို ပြည်သူလူထု တောင်းဆို ချက်အရ ကယား ပြည်နယ် အစိုးရအား ဥပဒေနှင့်အညီလွှဲပြောင်းပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုခြင်းနှင့် စပ်လျဉ်း သည့်မေးခွန်းအား ဖြေကြားသွားမည်ဖြစ်ပါကြောင်း၊

ဒဂုံမြို့နယ် ပြည်လမ်းရပ်ကွက်အမှတ်(၄၆-B)၊ မြေကွက်အမှတ်(၅၇)၊ ဧရိယာ ၁.၆၅၄ ဧကသည် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန အမည်ပေါက် အစိုးရမြေဖြစ်ပြီး B.O.T စနစ်ဖြင့် ဟိုတယ်လုပ်ငန်း ရင်းနှီးမြှုပ်နှံမှု ဆောင်ရွက်ခွင့်ပြုရန် ၁၉၈၈ ခုနှစ်၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေနှင့်အညီ မြန်မာ နိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်သို့ ၂၃-၃-၁၉၉၄ ရက်နေ့တွင် လုပ်ငန်းအဆိုပြုချက်တင်ပြခဲ့ရာ ကော်မရှင်၏ ၂၇.၁.၁၉၉၅ ရက်စွဲပါ ခွင့်ပြုမိန့်အမှတ် (၁၂၅/၁၉၉၅) အရ ၁၀-၁၀-၁၉၉၅ ရက်နေ့တွင် B.O.T သဘောတူစာချုပ် ချုပ်ဆို၍ Pansea Hotel (The Governor’s Residence) အမည်ဖြင့် ဖွင့်လှစ်ပြီး ဟိုတယ်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြေငှားသက်တမ်းမှာ ၂၀၆၅ ခုနှစ်တွင် ကုန်ဆုံးမည် ဖြစ်ပါကြောင်း၊ စီမံကိန်းတစ်ခုလုံး၏ ရင်းနှီးမြှုပ်နှံမှုတန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၁၀ သန်းဖြစ်ပါကြောင်း၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ လက်ထက်က ပြည်ပမှ စီးပွားရေးလုပ်ငန်းရှင်များ လာရောက်ရင်းနှီးမြှုပ်နှံနိုင်ရန်အခွင့်အလမ်းများ ဖန်တီးပေးခြင်း၊ နိုင်ငံခြားဝင်ငွေရရှိစေခြင်း၊ နိုင်ငံတော်၏ ပြောင်းလဲကျင့်သုံးလျက်ရှိသော ဈေးကွက်စီးပွားရေးစနစ် အရ မြန်မာနိုင်ငံအတွင်းသို့ စီးပွားရေးလုပ်ငန်းရှင်များနှင့်ကမ္ဘာလှည့်ခရီးသည်များ လာရောက်လျက် ရှိရာ ၁၉၉၆ ခုနှစ် မြန်မာခရီးသွားနှစ် (Visit Myanmar Year 1996)ဟု သတ်မှတ်၍ နိုင်ငံခြား ဧည့်သည်များအတွက် တည်းခိုနေထိုင်ရေးစီစဉ်ပေးခြင်းစသည့် ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်ခဲ့ သောလုပ်ငန်းဖြစ်ပါကြောင်း၊ မြေနှင့်အဆောက်အအုံသည် ပြင်ပပုဂ္ဂလိကလုပ်ငန်းရှင်သို့ လွှဲပြောင်း ပေးထားခြင်းမဟုတ်ဘဲ ဟိုတယ်လုပ်ငန်းလုပ်ကိုင်ရန် နိုင်ငံခြားကုမ္ပဏီသို့ B.O.T စာချုပ်ဖြင့် စာချုပ် ချုပ်ဆိုငှားရမ်းထားခြင်းဖြစ်ပါသဖြင့် စာချုပ်သက်တမ်းကုန်ဆုံးပါက နိုင်ငံတော်ပိုင် အဖြစ်ရှိနေ မည်ဖြစ်ခြင်း၊ အဆိုပါမြေမှာ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန အမည်ပေါက်အစိုးရ မြေဖြစ်ခြင်း၊ နိုင်ငံတော်အတွက်နှစ်စဉ် နိုင်ငံခြားဝင်ငွေရရှိနေသောလုပ်ငန်းဖြစ်ခြင်း၊ ချုပ်ဆိုထားသော B.O.T စာချုပ်သက်တမ်းမှာ ၂၀၆၅ ခုနှစ်အထိ ရှိမည်ဖြစ်ခြင်းကြောင့် ကယားပြည်နယ် အစိုးရအဖွဲ့သို့ ပြန်လည်လွှဲပြောင်းပေးရန် အစီအစဉ်မရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။

ဒေါက်တာဒေါ်ခင်စည်သူ(လွိုင်ကော်မဲဆန္ဒနယ်)က ဆက်စပ်မေးခွန်းမေးမြန်းပါသည်။

၎င်းအဖြေသည် ပထမအကြိမ်လွှတ်တော် မှဖြေသည့်အဖြေနှင့် တစ်ပုံစံတည်းဖြစ်နေပါကြောင်း၊ အခုအချိန်သည် ပြောင်းလဲလာပါပြီဆိုသည်ကို မိမိပြောပြီးသားဖြစ်ပါကြောင်း၊ ပြည်ထောင်စုအစိုးရ ၏ ၂၆.၄.၂၀၁၉ ရက်နေ့၏ ညွှန်ကြားချက်ရှိပါကြောင်း၊ ၁၉၆၃ ခုနှစ်၊ ပြည်သူပိုင်ကင်းလွှတ်ခြင်း ဥပဒေအရ သိမ်းဆည်းခဲ့သည့် အခန်း၊ အဆောက်အအုံ၊ မူလပိုင်ရှင်နှင့် ပိုင်ရှင်ဆက်ခံသူများက ပြန်လည်လျှောက်ထားပါက မူဝါဒ (၉)ရပ်၊ သက်ဆိုင်သည့် ဝန်ကြီးဌာန ၊ အဖွဲ့အစည်းများက စီမံစိစစ်ရမည်အချက် (၆)ချက်နှင့် ဆောင်ရွက်ရမည့်အချက် (၆)ချက်၊ သတ်မှတ်သည့် ပုံစံပြောင်း ထားခြင်းဖြစ်ပါကြောင်း၊ ပြန်ပေးရမည့် အချက်မှာလည်း ၁၉၆၃ ခုနှစ်၊ ပြည်သူပိုင်ပစ္စည်းစာရင်း တွင် ပါဝင်ခြင်းမရှိပါကြောင်း၊ ပုံစံ(၃)နှင့်ပြန်လည် ပေးအပ်ထားပြီးသည့်နောက် အစိုးရဌာနမှဖြစ်စေ၊ သမဝါယမှဖြစ်စေ၊ ငှားရမ်းနေသူများမှဖြစ်စေ၊ အထောက်အထားခိုင်လုံစွာ တင်ပြနိုင်ပါက လွှဲပြောင်းပေးရမည် ဖြစ်ပါကြောင်း၊ ယခုအနေအထားကို ကြည့်မည်ဆိုပါက ပြည်သူပိုင်သိမ်းထားသည့် စာရင်းတွင် မပါဝင်ပါကြောင်း၊ ပြည်သူပိုင် သိမ်းဆည်းစာရင်းပါတယ်မပါဘူးဆိုသည်ကို ၎င်း(၆)ချက် တွင် စိစစ်ပြီးဆုံးဖြတ်ရမည်ဖြစ်သလို ထိုအချက်အလက်များကိုလည်း ပြည်ထောင်စုရှေ့နေအသင်းဌာနကိုပို့ရမည် ဖြစ်ပြီး ၎င်းနှင့်သာဆုံးဖြတ်ရမည်ဖြစ်ပါကြောင်း၊ ယခုဝန်ကြီးဖြေသွားသည့် အကြောင်းအရာများသည်အရင်ဖြေထားသည်များကို Highlight လုပ်ပြီးဖြေသွားခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် အခုနောက်ဆုံးညွှန်ကြားချက်နှင့်အတူ ပြည်ထောင်စုအစိုးရဝန်ကြီးဌာနက ညွှန်ကြားသည့် အတိုင်း ၎င်း(၆)ချက်ကို လုပ်ထားခြင်း၊ ပြည်သူပိုင်ဟုတ်၊ မဟုတ် စိစစ်ဆောင်ရွက်ထားခြင်းရှိ/မရှိနှင့် မိမိတို့ပြင်ဆင်သည့်စာရင်းထဲ တွင်လည်းမပါပါကြောင်း၊ ၎င်းကို ရှေ့နေချုပ်ရုံးကမိမိတို့တင်ရပါမည် ဖြစ်ပါကြောင်း၊ ၎င်းအကြံဉာဏ်နှင့် ဆုံးဖြတ်ရမည်ဆိုသည်မှာပါသည့် အတွက် အဲဒီလိုမျိုးပုံစံ မဖြစ်တဲ့အတွက် မူအတိုင်းညှိနှိုင်းဆောင်ရွက်သည့်အချက်အလက်များ စုဆောင်းပြီး ပြည်ထောင်စု ရှေ့နေချုပ်ရုံးကိုတင်ပြီး အချက်အလက်ကိုယူပေးရန် မေတ္တာရပ်ခံပါကြောင်းဖြင့် ဆက်စပ်မေးခွန်းအား မေးမြန်းခဲ့ပါသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာကျော်လင်း

မိမိအနေဖြင့် ဒေါက်တာဒေါ်ခင်စည်သူ၏ ဆက်စပ်မေးခွန်းနှင့်ပတ်သက်၍ အချက်အလက်များ စုဆောင်းပြီး စာဖြင့်ပြန်ကြားသွားမည်ဖြစ်ပါကြောင်း ဆက်စပ်မေးခွန်းအား ပြန်လည်ဖြေကြားခဲ့ပါ သည်။