Skip to main content

 

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၉ မှာ နိုင်ငံတော်ကို တိုင်းဒေသကြီးခုနစ်ခု၊ ပြည်နယ်ခုနစ်ခုဆိုပြီး ပိုင်းခြားဖွဲ့စည်းထားပါကြောင်း၊ ယခုလို ပြည်ထောင်စုနယ်မြေ အတွင်း ဖွဲ့စည်းထားသည့် ပြည်နယ်များတွင် နေထိုင်ကြသော ပြည်သူများဆန္ဒအရ ပြည်နယ်သမိုင်း၊ လူမျိုးသမိုင်းအပေါ် အခြေခံပြီး ပြည်နယ်နေ့များကိုလည်း သတ်မှတ်ထားပြီးဖြစ်ပါကြောင်း၊ ၎င်းပြည်နယ်နေ့များကို ကျင်းပသည့်အခါ ပထမပိုင်းတွင် စည်စည်ကားကားကျင်းပနိုင်ခဲ့ပါကြောင်း၊ ပြည်နယ်နေ့များသည် ရုံးပိတ်ရက်မဟုတ်သည့် အတွက်နှင့် ဦးဆောင်ကျင်းပရသည့် ပုဂ္ဂိုလ်များ၊ ဝန်ထမ်းများ၊ ကျောင်းသားများ မတက်ရောက်နိုင်ခဲ့သည့်အတွက် စည်စည်ကားကားမဖြစ်ဘဲ နောက်ပိုင်းတွင် အဖြစ်သဘောမျိုးသာ လုပ်ဆောင်လာသည်ကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် ပြည်နယ်နေ့ကို နိုင်ငံတော်က ပြည်နယ်အတွင်း အစိုးရရုံးပိတ်ရက်အဖြစ် မသတ်မှတ်နိုင်ခြင်း ဖြစ်ပါကြောင်း၊ ထို့ကြောင့် ပြည်နယ်နေ့များကို တရားဝင်ရုံးပိတ်ရက် အဖြစ်သတ်မှတ်ရန် ခေတ်ကာလအခြေအနေအရ၊ ပြောင်းလဲလာသည့် နိုင်ငံရေးအခြေအနေအရ လိုအပ်မည် ဖြစ်ပါသဖြင့် မေးမြန်းရခြင်း ဖြစ်ပါသည်။

ယခုအချိန်တွင် ဖြစ်ပေါ်တိုးတက်လာသည့် နိုင်ငံရေးအခြေအနေအရ နိုင်ငံတော်ကို ငြိမ်းချမ်းသော ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ရန် ကြိုးစားနေသည့် ကာလဖြစ်ပါကြောင်း၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ဆိုသည့်စကားကို ပါးစပ်နှင့်ပြောရုံဖြင့် မရပါကြောင်း၊ တိုင်းရင်းသားများ၏ သမိုင်း၊ စာပေ၊ ယဉ်ကျေးမှု၊ အမျိုးသားရေးလက္ခဏာများကို ထိန်းသိမ်းဖော်ဆောင်မြှင့်တင်ပေးရန် လိုအပ်ပါကြောင်း၊ ယခုဆိုလျှင် တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေကိုလည်း ပြဋ္ဌာန်းနိုင်ခဲ့ပါကြောင်း၊ တိုင်းရင်းသား ရေးရာဝန်ကြီးဌာနကိုလည်း ဖွဲ့စည်းနိုင်ခဲ့ပါပြီဖြစ်ပါကြောင်း၊ ၎င်းအခြေအနေများကို အသုံးပြုပြီး ပြည်ထောင်စုစိတ်ဓာတ်ကို မြှင့်တင်ပေးနိုင်မည်ဆိုလျှင် နေ့ထူးနေ့မြတ်များကို တရားဝင်ရုံးပိတ်ရက် အဖြစ် သတ်မှတ်ခြင်းက အကောင်းဆုံးဖြစ်ပါကြောင်း၊

တိုင်းရင်းသားလူမျိုးများ ကာကွယ်စောင့်ရှောက်ရေးဥပဒေ အခန်း(၃) ပုဒ်မ ၄ ပုဒ်မခွဲ (ဂ) တွင် တိုင်းရင်းသားလူမျိုးများ၏ အခွင့်အ‌ရေးရပိုင်ခွင့်များဆိုသည်ကို ပြဋ္ဌာန်းထားပါကြောင်း၊ မိမိတို့၏ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းအရ ဆောင်ရွက်ရသော အခမ်းအနားများနှင့် နေ့ထူးနေ့မြတ်များကို လွတ်လပ်စွာ ကျင်းပခွင့်ရှိသည်ဆိုပြီး ပြဋ္ဌာန်းထားပါကြောင်း၊ ရခိုင်ပြည်နယ်တွင် ချင်းအမျိုးသားနေ့ကို ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ကိုယ်တိုင် တက်ရောက်ခဲ့သည့် အခမ်းအနားဖြစ်ပါကြောင်း၊ ချင်းအမျိုးသားနေ့ကို ချင်းပြည်နယ်တွင် အစိုးရရုံးပိတ်ရက်အဖြစ် ပြည်နယ်လွှတ်တော်က အတည်ပြုသတ်မှတ်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ ၎င်းအခြေအနေမျိုးတွင် ချင်းပြည်နယ်တွင်လည်း ချင်းအမျိုးသားနေ့ကို အစိုးရရုံးပိတ်ရက်အဖြစ် သတ်မှတ်ခဲ့သည်ဆိုလျှင် ယခု ဝန်ကြီးကလည်း တစ်နှစ်ခွဲအချိန်ယူပြီး ဖြေကြားခဲ့ခြင်း ဖြစ်သည့်အတွက် ၎င်းအပေါ် မိမိတို့က ကောင်းသော မျှော်လင့်ချက်များနှင့် ကောင်းသောရလဒ်များ ရနိုင်လိမ့်မည်ဟု ယူဆသည့်အတွက် မေးခွန်းကို မေးမြန်းရခြင်း ဖြစ်ပါကြောင်း၊


 

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးနိုင်သက်လွင်

ပထမအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေး (၁၃) ရက်မြောက်နေ့တွင် ကြယ်ပွင့်မပြ မေးခွန်းကို ယဉ်ကျေးမှုဝန်ကြီးဌာနကလည်းကောင်း ဖြေကြားရာတွင် ပြည်ထောင်စုအစိုးရအနေဖြင့် ဒီမိုကရေစီကျင့်စဉ်နှင့်အညီ သက်ဆိုင်ရာပြည်နယ်အစိုးရများကို လွတ်လပ်စွာဆုံးဖြတ်ခွင့်ပေးထားပြီး ဖြစ်ပါကြောင်း၊ လက်ရှိလည်း ပြည်နယ်နေ့ကျရောက်တိုင်း သက်ဆိုင်ရာပြည်နယ်အစိုးရများ၏ အစီအစဉ်နှင့် ဆောင်ရွက်ကျင်းပမြဲဖြစ်ပါကြောင်း၊ ပြည်နယ်နေ့အား အများပြည်သူရုံးပိတ်ရက်၊ ကျောင်းပိတ်ရက်အဖြစ် ထပ်တိုး၍ သတ်မှတ်ရန်ကိစ္စကို ဆောင်ရွက်ရန်မသင့်ကြောင်း ဖြေကြားခဲ့ပြီး ဖြစ်ပါကြောင်း၊

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် တရားဝင် (ပြန်တမ်းဝင်) ရုံးပိတ်များစာရင်းကို ပြည်ထောင်စုအစိုးရအဖွဲ့ရုံးက နှစ်စဉ်အမိန့်ကြော်ငြာစာ ထုတ်ပြန်ပေးလျက်ရှိပါကြောင်း၊ အဆိုပါ ထုတ်ပြန်သည့် အမိန့်ကြော်ငြာစာအရ မြန်မာ့နှစ်သစ်ကူး ရုံးပိတ်ရက်များအပါအဝင် တစ်နှစ်လျှင် ပြန်တမ်းဝင်ရုံးပိတ်ရက် ပျမ်းမျှ ၂၆ ရက်ခန့်ရှိသည့်အပြင် ရက်သတ္တပတ်တိုင်း စနေနေ့နှင့် တနင်္ဂနွေနေ့များကို ရုံးပိတ်ရက်အဖြစ် သတ်မှတ်ထားသည့်အတွက် တစ်နှစ်လျှင် ပျမ်းမျှရုံးပိတ်ရက် ပေါင်း ၁၃၀ ရက်ခန့်ရှိပါကြောင်း၊ ပြည်နယ်နေ့များကို ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပါက ပြည်နယ်အလိုက် ရုံးပိတ်ရက်များ တစ်ရက်စီတိုးလာမည် ဖြစ်သည့်အပြင် မြန်မာနိုင်ငံတွင် လူမျိုးစု ၁၃၀ ကျော်ရှိသည့်အတွက် ၎င်းလူမျိုးစုတစ်ခုချင်းစီ၏ နှစ်သစ်ကူးနေ့နှင့် အမျိုးသားနေ့များကို ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပါက ရုံးပိတ်ရက်များ အလွန်များပြားသွားမည် ဖြစ်ပါကြောင်း၊

၂၄-၂-၂၀၁၅ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့သော တိုင်းရင်းလူမျိုးများ၏ အခွင့်အရေးကာကွယ် စောင်‌့ရှောက်သည့်ဥပဒေ အခန်း (၃) အပိုဒ် ၄ အပိုဒ်ခွဲ (ဂ)တွင် တိုင်းရင်းသားလူမျိုးများသည် နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး၊ ပြည်သူတို့၏ ကိုယ်ကျင့်တရားအကျိုးငှာ ပြဋ္ဌာန်းထားသည့် ဥပဒေများနှင့် မဆန့်ကျင်လျှင် မိမိတို့၏ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများအရ ဆောင်ရွက်သောအခမ်းအနားများနှင့် နေ့ထူးနေ့မြတ်များကို လွတ်လပ်စွာ ကျင်းပခွင့်ရှိသည်ဟု ဖော်ပြပါရှိပါကြောင်း၊ ထို့ကြောင့် တိုင်းရင်းသားများသည် ပြည်နယ်များ၏ ပြည်နယ်နေ့များ၊ အမျိုးသားနေ့များနှင့် ဓလေ့ထုံးစံအရ ကျင်းပသည့်နှစ်သစ်ကူးနေ့များကို အဆိုပါဥပဒေနှင့်အညီ ကျင်းပဆောင်ရွက်ခွင့်ရှိပါကြောင်း၊ ရုံးဖွင့်ရက်များတွင် ပြည်သူတို့အတွက် ဝန်ဆောင်မှုလုပ်ငန်းများ၊ ကုန်ပစ္စည်းထုတ်လုပ်မှုလုပ်ငန်းများ၊ ကုန်သွယ်ရေးလုပ်ငန်းများနှင့် ဘဏ်လုပ်ငန်းတို့ကို ဆောင်ရွက်ရသည့်အတွက် ရုံးပိတ်ရက်များလာပါက ပြည်သူတို့၏အကျိုးကို ဆောင်ရွက်ပေးနိုင်မည့်အချိန် လျော့နည်းသွားမည် ဖြစ်ပါကြောင်း၊ ယခုအချိန်အခါတွင် နိုင်ငံတော်ကို ဖွံ့ဖြိုးတိုးတက်စေရန် အားလုံးက အရှိန်အဟုန်ဖြင့် စုပေါင်းဆောင်ရွက်လျက်ရှိရာ ရုံးပိတ်ရက်များလာပါက ဖွံ့ဖြိုးတိုးတက်ရေးကို အနည်းနှင့်အများ ထိခိုက်မှုရှိလာမည် ဖြစ်ပါကြောင်း၊

သို့ပါ၍ ပြည်နယ်များ၏ ပြည်နယ်နေ့များ၊ တိုင်းရင်းသားလူမျိုးများ၏ နေ့ထူးနေ့ရက်များကို ရုံးပိတ်ရက်အဖြစ်သတ်မှတ်ရန် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များတွင် ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးဆုံးဖြတ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများက စဉ်းစားဆောင်ရွက် ရမည့်အကြောင်းအရာဖြစ်တဲ့အတွက် ပြည်ထောင်စုအစိုးရက သတ်မှတ်ပေးရန်မရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

ဦးဖေသန်း (မြေပုံမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

ပြည်ထောင်စုတိုင်းရင်းသားရေးရာ ဝန်ကြီးဌာနဖွဲ့စည်းပြီးသည့် နောက်ပိုင်း တိုင်းရင်းသားလူမျိုးများ အခွင့်အရေးကာကွယ်ခြင်း ဥပဒေပြဋ္ဌာန်းပြီးသည့်နောက် တိုင်းရင်းသားများ၏ ရပိုင်ခွင့်များပိုပြီး ထူးခြားလာမည်လားဆိုသည့်အပေါ် ယခု အားလည်းငယ်မိပါကြောင်း၊ ဝန်ကြီးဖြေသွားသည့်အထဲတွင် ပြည်နယ်အစိုးရနှင့် လွှတ်တော်များက စဉ်းစားဆောင်ရွက်ရမည့် ကိစ္စဖြစ်သည်ဟုလည်း ပြောပါကြောင်း၊ ပြည်ထောင်စုအစိုးရအနေနှင့် ၎င်းအပေါ် တစ်နိုင်ငံလုံးခြုံပြီး‌ ထိုရုံးပိတ်ရက်သည် အကျိုးသက်ရောက်သွားမည် မဟုတ်ပါကြောင်း၊ မိမိတို့ ပျော်ပွဲ၊ ရွှင်ပွဲရက်များသည် ဗုဒ္ဓဘာသာအားဖြင့် ရုံးပိတ်ရက်များ များပါကြောင်း၊ ထိုဒေသတွင် အမျိုးသားရေးနှင့်ယှဉ်သည့် တစ်ရက်၊ နှစ်ရက်လုပ်သည့်အတွက်ကြောင့် မိမိတို့နိုင်ငံတွင် လုပ်အားလျော့ဆင်းသွားမလိုလို၊ တိုင်းပြည်ကြီးပျက်သွားမလိုလို ဆိုသည့်အဖြစ်မျိုး မဟုတ်ပါကြောင်း၊ ဝန်ကြီးပြောသည်မှာ ပြည်နယ်အစိုးရနှင့် ပြည်နယ်လွှတ်တော်များက စဉ်းစားပြီး ဆုံးဖြတ်ရမည့် ကိစ္စဖြစ်သည်ဆိုသည့်သဘောသည် ချင်းပြည်နယ်အစိုးရ၏ အစိုးရရုံးပိတ်ရက်အဖြစ် သတ်မှတ်ခြင်းက တရားဝင်ပါသလား၊ ယခုလို တရားဝင်ရုံးပိတ်ရက် မသတ်မှတ်လျှင် အခမ်းအနားများက မစည်ကားပါကြောင်း၊ ဝန်ထမ်းများလည်း မလာနိုင်ပါကြောင်းနှင့် ကျောင်းသားများလည်း မလာနိုင်ပါကြောင်း၊ ထို့ကြောင့် တရားဝင်မှုရှိပါသလား၊ အကယ်၍ တရားမဝင်ဘူးဆိုလျှင် ဝန်ကြီးအနေဖြင့် မည်ကဲ့သို့ လမ်းကြောင်းကသွားလျှင် အဆင်ပြေမည်ဆိုသည့် ယူဆချက်လေးကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးနိုင်သက်လွင်

တိုင်းဒေသကြီးနှင့် ဒေသအာဏာပိုင်များက ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေး ဆုံးဖြတ်ပြီး တိုင်းဒေသကြီး/ပြည်နယ် အစိုးရက ဆောင်ရွက်ရမည့် အကြောင်းအရာဖြစ်ပါကြောင်း၊ ဒေသဆိုင်ရာ ပြည်နယ်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအာဏာပိုင်နှင့် နေ့ထူးနေ့မြတ်ရက်များ ကျင်းပသည့်နေ့သည် ဆုံးဖြတ်ပိုင်ခွင့် အပြည့်အဝပေးထားပါကြောင်း၊ ၂၄-၄-၂၀၁၅ ရက်နေ့က ပြဋ္ဌာန်းခဲ့သည့် တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ် စောင့်ရှောက်သည့် ဥပဒေ အခန်း (၃) အပိုဒ် ၄ ပုဒ်မ (ဂ) တွင် တိုင်းရင်းသားလူမျိုးများ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး ပြည်သူတို့၏ ကိုယ်ကျင့်တရားအကျိုးငှာ ပြဋ္ဌာန်းထားသည့်ဥပဒေနှင့် မဆန့်ကျင်လျှင် မိမိတို့၏လွတ်လပ်စွာ လုပ်ပိုင်ခွင့်ပေးထားပါကြောင်း၊ မိမိတို့ ပြည်ထောင်စု အစိုးရအနေဖြင့် မည်သည့်နေ့၊ မည်သည့်ရက်ကို ပြည်ထောင်စုအစိုးရက ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရများကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ပိုင်ခွင့်ပေးထားပြီး ဖြစ်သည့်အတွက်ကြောင့် ပြည်ထောင်စုအစိုးရအနေဖြင့် သတ်မှတ်ပေးရန်မရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။