Skip to main content

တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးချုပ်တင့်ဆန်း၏မေးခွန်းနှင်‌့ တပ်မတော်သားကိုယ်စားလှယ် များ၏ တင်ပြချက်များအပေါ် လွှတ်တော်အခွင့်အရေးကော်မတီ၊ ဥပဒေကြမ်းကော်မတီတို့က ရှင်းလင်းတင်ပြခြင်း

ပထမအကြိမ် ပြည်သူ့လွှတ်တော်(၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး(၂၆)ရက်မြောက်နေ့ကို ယနေ့ နံနက်၁၀ နာရီတွင်ကျင်းပ ခဲ့သည်။

တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးချုပ်တင့်ဆန်း၏ ၃၀-၉-၂၀၁၄ ရက်နေ့တွင် မေးမြန်းခဲ့ သည့် နိုင်ငံတော် ဖွံ့ဖြိုးတိုး တက်စေမည့် အနာဂတ်အစီအမံများ မည်သို့ချမှတ်ထားသည်နှင်‌့ အစီအမံများကို အကောင်အထည်ဖော်ရာတွင်စိန်ခေါ်မှုများကြုံတွေ့ ပါက မည်သည့်နည်းလမ်းဖြင့် ဆောင် ရွက်မည်ကို သိလိုခြင်းမေးခွန်းနှင်‌့ စပ်လျဉ်း၍လွှတ်တော်အခွင့်အရေးကော်မတီ အတွင်းရေးမှူးဒေါက်တာ စိုးရင်က ရှင်းလင်း တင်ပြရာရှင်းလင်း တင်ပြချက်အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လွှတ်တော်ကဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများ

၁။       ပထမအကြိမ် ပြည်သူ့လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၃၀-၉-၂၀၁၄ ရက်နေ့တွင် ပြည်သူ့လွှတ်တော်၊ တပ်တော်သားကိုယ်စားလှယ် ဗိုလ်မှူးချုပ်တင့်ဆန်းမှ မေးမြန်း သည့် ကြယ်ပွင့်ပြ မေးခွန်းနှင့် စပ်လျဉ်း၍ ဥပဒေပြုမဏ္ဍိုင်ဖြစ်သော လွှတ်တော်ကနိုင်ငံတော်ဖွံ့ဖြိုး တိုးတက်အောင် ဟန်ချက်ညီ ဆောင်ရွက်မည့် အနာဂတ်အစီအမံများနှင့်ကြုံတွေ့ရမည့် စိန်ခေါ်မှုများ၊ အခက်အခဲများကိုကျော်လွှားပြီး ဆောင်ရွက်မည့် လုပ်ငန်းများကို လွှတ်တော်သို့ တင်ပြသွားပါမယ်။

လွှတ်တော်များဖွဲ့စည်းမှု

၂။       ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်နှစ်ရပ်ရှိပါတယ်။ လွှတ်တော် နှစ်ရပ်ပေါင်း၍ ဆုံးဖြတ်ရမည့်ကိစ္စများကို  ပြည်ထောင်စုလွှတ်တော်၌ ဆွေးနွေးဆုံးဖြတ်ပါတယ်။ လွှတ်တော် များတွင် ကိုယ်စားလှယ်များသည် လူမျိုးစွဲ၊ ဝါဒစွဲ၊ ဘာသာစွဲ၊ ပါတီစွဲမထားဘဲ နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးစီးပွားကို ဦးထိပ်ထား၍ လွှတ်တော်လုပ်ငန်းတာဝန်များကို ပူးပေါင်းဆောင်ရွက်လျက် ရှိကြပါတယ်။

 

ကော်မတီများနှင့်ကော်မရှင်ဖွဲ့စည်းမှု

၃။       ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်နှစ်ရပ်လုံးတွင် ဥပဒေကြမ်း ကော်မတီ၊ ပြည်သူ့ငွေစာရင်းကော်မတီ၊ လွှတ်တော်အခွင့်အရေးကော်မတီနှင့် အစိုးရ၏ အာမခံချက်များ ကတိများနှင့်တာဝန်ခံချက်များ စိစစ်ရေးကော်မတီ ဟု ကော်မတီ (၄) ရပ် တို့ကို ဖွဲ့စည်းရပါတယ်။ ပြည်ထောင်စုလွှတ်တော်တွင် ဥပဒေကြမ်းပူးပေါင်းကော်မတီ နှင့် ပြည်သူ့ ငွေစာရင်း ပူးပေါင်းကော်မတီတို့ကို ဖွဲ့စည်းထားပါတယ်။ ပြည်သူ့လွှတ်တော်တွင် ဥပဒေပြုရေး၊ တရားစီရင်ရေး၊ အုပ်ချုပ်ရေး၊ တိုင်းရင်းသား လူမျိုးများအရေး၊ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံခြားရေး တို့အပြင် အခြားရေးရာ ကိစ္စများကို ဆောင်ရွက်နိုင်ရန် အတွက် တိုးချဲ့ကော်မတီ(၁၉)ခုကိုလည်း အချိန်ကာလသတ်မှတ်၍ ဖွဲ့စည်း ထားရှိပါတယ်။ အဆိုပါ ကော်မတီများသည် လွှတ်တော်ကြီးထဲမှ လွှတ်တော်ငယ်လေးများသဖွယ် သက်ဆိုင်ရာ လုပ်ငန်းများကို လွှတ်တော် ကိုယ်စားဆောင်ရွက် လျက်ရှိရာ အချိန်တိုအတွင်း လွှတ်တော်လုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်လာနိုင်ပါတယ်။

၄။       ပြည်သူ့လွှတ်တော်မှာ ဖွဲ့စည်းထားတဲ့ ကော်မတီစုစုပေါင်း (၂၃) ခုကို လုပ်ငန်းများ ဆောင်ရွက်ရာမှာ ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် အထောက်အကူပြုနိုင်ရန် ဘာသာရပ် နယ်ပယ်ပေါင်းစုံမှ ပြင်ပ ပညာရှင်များပါဝင်တဲ့ ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်ကို ၁၆-၁၁-၂၀၁၁ ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့ပါတယ်။ စတင်ဖွဲ့စည်းစဉ်က လွှတ်တော်ကိုယ်စားလှယ်(၃) ဦး၊ ပြင်ပ ပညာရှင်(၁၂) ဦး၊ စုစုပေါင်း (၁၅) ဦးနဲ့ ဖွဲ့စည်းခဲ့ပြီး ယခုအခါမှာတော့ လွှတ်တော်ကိုယ်စားလှယ် (၂၁) ဦး၊ ပြင်ပ ပညာရှင် (၃၉) ဦးစုစုပေါင်း (၆၀) ဦးဖြင့် တိုးချဲ့ဖွဲ့စည်းကာ လုပ်ငန်းများ ဆောင်ရွက်လျက် ရှိပါတယ်။ ပညာရှင်များရဲ့ အကြံပြုချက်များဖြင့် ဥပဒေကြမ်း စိစစ်ဆောင်ရွက်ရာတွင်လည်းကောင်း၊ ဘဏ္ဍာရေးဆိုင်ရာ ကိစ္စရပ်များ စီမံခန့်ခွဲကြီးကြပ်ရာတွင်လည်းကောင်း၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ နိုင်ငံတကာ ဆက်ဆံရေး၊ ICT နည်းပညာဖွံ့ဖြိုးတိုးတက်ရေး ကိစ္စရပ်များတွင်လည်းကောင်း  ထိရောက်စွာ ဆောင်ရွက် လျက် ရှိပါတယ်။

၅။       ယခုအခါတွင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဥပဒေပြုရေးဆိုင်ရာလွှတ်တော်နှင့် အုပ်ချုပ်ရေး၊ တရား စီရင်ရေးဆိုင်ရာ အဖွဲ့အစည်းတို့သည် ဟန်ချက်ညီစွာ ပူးပေါင်းညှိနှိုင်း ဆောင်ရွက်နိုင်လာခြင်းဖြင့် ရှေ့တွင် စိန်ခေါ်မှုများကိုလည်း ပူးပေါင်းဖြေရှင်းဆောင်ရွက်နိုင်မည် ဖြစ်ပါတယ်။ အနာဂတ်တွင် စိန်ခေါ်မှုများ များပြား လာသည်နှင့်အမျှ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများမှ အဆုံးအဖြတ်ပေးနိုင်သူ ပြည်ထောင်စု အဆင့် ပုဂ္ဂိုလ်များကိုယ်တိုင် လွှတ်တော်ကော်မတီ အစည်း အဝေးများကို တက်ရောက်ပြီး ညှိနှိုင်းဆောင်ရွက်ပေးရန် အထူးလိုအပ်မည် ဖြစ်ပါတယ်။

လွှတ်တော်ရုံး၏ဖွဲ့စည်းမှု

၆။       လွှတ်တော်(၃)ရပ်အတွက် ရုံးအဖွဲ့သီးခြားစီ ဖွဲ့စည်းထားပါတယ်။ ရုံးအဖွဲ့တစ်ခုစီကို ညွှန်ကြားရေးမှူးချုပ် တစ်ဦးစီက ကွပ်ကဲကြီးကြပ်ပါတယ်။ ပြည်သူ့လွှတ်တော်ရုံး ဖွဲ့စည်းပုံအပြည့် အင်အားမှာ (၁၅၄၂) ဦးရှိပြီး ယခုဖွဲ့စည်းအင်အား (၄၆၄) ဦးဖြင့်ဖွဲ့စည်းထားရှိပါတယ်။ မိမိနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံဖြစ်ပြီး ဒီမိုကရေစီစနစ်ကိုပီပြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နေသည့် အိန္ဒိယနိုင်ငံ၏ လွှတ်တော်သက်တမ်းမှာ နှစ်ပေါင်း (၆၀) ကျော်ရှိပြီး အောက်လွှတ်တော်(lok sabha) တွင် ဝန်ထမ်းပေါင်း (၁၅၀၀) ကျော်ရှိကြောင်း တွေ့ရပါတယ်။ ဂျာမနီလွှတ်တော်တွင် ဝန်ထမ်းပေါင်း (၂၀၀၀)ကျော်၊ ထိုင်းနိုင်ငံလွှတ်တော်တွင် ဝန်ထမ်း ပေါင်း(၂၀၀၀)ကျော် ရှိကြောင်း တွေ့ရှိရပါတယ်။

၇။       လွှတ်တော်ရုံးဖွဲ့စည်းပုံအင်အားတိုးချဲ့ဖွဲ့စည်းထားသော်လည်း အမှန်တကယ် အရည်အချင်း ပြည့်မီသည့် အလယ်အလတ်ပိုင်းအရာရှိများရရှိရန် ခက်ခဲနေကြောင်း တွေ့ရှိရပါတယ်။ လွှတ်တော် ရုံးများရှိ အကြီးတန်းအရာရှိအများစုမှာ အခြားသောဝန်ကြီးဌာနများမှ လုပ်ငန်း လိုအပ်ချက်အရ ပြောင်းရွှေ့ လာကြသူ များဖြစ်၍ ဌာနဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းများတွင် ကျွမ်းကျင်ကြသော်လည်း လွှတ်တော်ဆိုင်ရာ လုပ်ငန်း များတွင် အတွေ့အကြုံနည်းပါးသူများ ဖြစ်ကြပါတယ်။ သို့သော်လည်း လွှတ်တော် သက်တမ်း(၃)နှစ်ကျော် အတွင်း လွှတ်တော်ဆိုင်ရာ လုပ်ငန်းတာဝန်များကို  ပြေပြစ် ချောမွေ့အောင် အထူးအားထုတ် ဆောင်ရွက်လျက် ရှိပါတယ်။

၈။       အခြားနိုင်ငံလွှတ်တော်ရုံးများနှင့်နှိုင်းယှဉ်လျှင် ဝန်ထမ်းအင်အား၊ ဝန်ထမ်းကျွမ်းကျင်မှု အားနည်းချက် များရှိတာ မှန်ပါတယ်။ အဲဒီစိန်ခေါ်မှုကို ကျော်လွှားနိုင်ရန်အတွက် နိုင်ငံတကာအဖွဲ့ အစည်းများ၊ နိုင်ငံတကာ ပါလီမန်များနှင့်ပူးပေါင်းပြီး Capacity Building သင်တန်းများကို ဖွင့်လှစ်လေ့ကျင့်ပေးကာ ကြိုးပမ်းဆောင်ရွက်လျက် ရှိပါတယ်။ ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီ အစဉ်နှင့် နိုင်ငံတကာ ပါလီမန်များ သမဂ္ဂအပါအဝင် နိုင်ငံတကာ ပါလီမန်များ၊ အစိုးရမဟုတ်သော နိုင်ငံတကာ အဖွဲ့အစည်းများက ကမ်းလှမ်းပေးအပ်လာသည့် အကူအညီ ပံ့ပိုးမှုများကို လေ့လာစိစစ် ညှိနှိုင်း လက်ခံရန် လွှတ်တော်(၂) ရပ်မှ ကိုယ်စားလှယ်များပါဝင်သော အဖွဲ့ တစ်ဖွဲ့ကိုလည်း ဖွဲ့စည်းပေးပြီး ညှိနှိုင်းဆောင်ရွက်လျက်ရှိပါတယ်။ လက်ရှိဆက်သွယ်ဆောင်ရွက် လျက်ရှိသည့် အဖွဲ့အစည်းများမှာ NDI(National Democratic Institute)၊ Open Society (English Classes)၊ German Foundation (FES)၊ Westminster Foundation ၊ DFID၊ Hanna Siedel Foundation၊ GIZ နှင့် UNDP အဖွဲ့အစည်းတို့ဖြစ်ပါတယ်။ လွှတ်တော်ရုံးဖွဲ့စည်းရာတွင် နိုင်ငံတကာဆက်ဆံရေး ဌာနကို ထည့်သွင်း ဖွဲ့စည်းထားပြီး အတွေ့အကြုံရှိသည့် ပုဂ္ဂိုလ်များက ဦးဆောင်၍ နိုင်ငံတကာ ဆက်ဆံရေး ကို ဆောင်ရွက်လျက် ရှိပါတယ်။

လွှတ်တော်တွင် ဥပဒေကြမ်း ၊ မေးခွန်း၊ အဆိုများ တင်သွင်းဆောင်ရွက်မှု

၉။       ဥပဒေကြမ်းများကို လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်ထောင်စုအစိုးရအဖွဲ့နှင့် ပြည်ထောင်စု အဆင့် အဖွဲ့အစည်းများနှင့် ဥပဒေကို ကိုင်တွယ်ကျင့်သုံးရမည့် ဝန်ကြီးဌာနများက လွှတ်တော်တွင် တင်သွင်းခွင့် ရှိပါတယ်။ လွှတ်တော်၏အဓိကလုပ်ငန်းမှာ ဥပဒေပြုရေးဖြစ်သဖြင့် နိုင်ငံနှင့် နိုင်ငံသား များအားလုံးအတွက် ဥပဒေများကို ပြဌာန်းခြင်း၊ ပြင်ဆင်ခြင်း၊ မလိုအပ်သဖြင့် ပယ်ဖျက်ခြင်း များ အောင်မြင်စွာ ဆောင်ရွက်မှသာ လွှတ်တော်၏လုပ်ငန်းများ အောင်မြင်သည်ဟု သုံးသပ်နိုင်မည် ဖြစ်ပါတယ်။ လွှတ်တော်သည် ပြည်သူ့ ကိုယ်စားပြုသည့် လွှတ်တော်ဖြစ်သဖြင့် ဒီမိုကရေစီကျင့်စဉ် နှင့်အညီ ပြည်သူများလိုလားသော ပြည်သူများကို အကာအကွယ်ပေးသော ဥပဒေများကို အလေး အနက်ထားပြီး ပြဌာန်းပေးရန် အထူးတာဝန်ရှိပါတယ်။ လွှတ်တော်များ ပေါ်ပေါက်လာသည့်  ၂၀၁၁ ခုနှစ်မှ ယနေ့အထိ ပြည်ထောင်စုလွှတ်တော်က အတည်ပြု၍ ထုတ်ပြန်ပြဌာန်းပြီးသော ဥပဒေပေါင်း (၁၂၀) ခု ရှိပြီ ဖြစ်ပါတယ်။ ဒီ (၁၂၀)ခုထဲမှာ ပြင်ဆင်သည့် ဥပဒေပေါင်း(၄၇)ခု၊ ဥပဒေအသစ်(၂၅)ခု၊ လုံးဝရုပ်သိမ်းသော ဥပဒေ(၁၂)ခု၊ တည်ဆဲဥပဒေကို ရုပ်သိမ်း၍ အသစ်ရေးဆွဲသောဥပဒေ (၂၆)ခု နှင့် စီမံကိန်း၊ ဘတ်ဂျက်၊ အခွန်နှင့်ဆိုင်သောဥပဒေ (၁၀) ခု ဖြစ်ပါတယ်။ လွှတ်တော်နှင့် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများနှင့် ၂၀၁၄ ခုနှစ် မေလက ညှိနှိုင်း ဆွေးနွေးမှု ပြုလုပ်ခဲ့ပါတယ်။ အဲဒီညှိနှိုင်းဆွေးနွေးချက်အရ ရုပ်သိမ်းရန်(၉) ခု၊ ပြင်ဆင်ရန် (၆၇) ခု၊ လက်ရှိ ဥပဒေကို ရုပ်သိမ်း၍ အသစ်ရေးဆွဲရန်(၄၁)ခုနှင့် အသစ်ရေးဆွဲရန်(၁၉)ခု စုစုပေါင်း ဥပဒေ(၁၃၆)ခု စာရင်း ရရှိပြီး ဦးစားပေးအလိုက် ဆက်လက်ဆောင်ရွက်လျက်ရှိပါတယ်။

၁၀။     လွှတ်တော်တွင် မေးခွန်းများမေးမြန်းရာ၌ အပြုသဘောဆောင်သည့် နိုင်ငံတော်မူဝါဒနှင့် စီမံကိန်းများ အကောင်အထည်ဖော်မှုဆိုင်ရာ၊ အစိုးရအဖွဲ့အစည်းများ လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ၊ နိုင်ငံနှင့်နိုင်ငံသား အကျိုးနှင့် စပ်လျဉ်း၍  ပြည်သူများသိအောင် ဆောင်ရွက်ပါတယ်။ ယခုအခါ အတွေ့အကြုံများ ရရှိလာသဖြင့်  ( ၆ မိနစ်) အတွင်း မေးခွန်းများ မေးမြန်း- ဖြေကြားခြင်း ကို ဆောင်ရွက် လျက်ရှိနေကြပြီ ဖြစ်ပါတယ်။

၁၁။     ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများအနေဖြင့် မေးခွန်းများပြန်လည်ဖြေကြားရာ၌ ခွင့်ပြုချိန်အတွင်း လိုအပ်သည့် အကြောင်းအရာအချက်အလက်တို့ကို အနှစ်ချုပ်၏ လိုရင်းကို တိတိကျကျ ဖြေကြားနိုင်ရေး အတွက် ကြိုတင်ပြင်ဆင်လာရန် လိုအပ်မည်ဖြစ်ပါတယ်။  မေးခွန်း တိုင်းအတွက် ဆက်စပ်မေးခွန်းများ (Supplimentary Question) မေးမြန်းနိုင်ရန်နှင့် ဖြေကြားရန် အတွက်လည်း ကြိုတင်ပြင်ဆင် ဆောင်ရွက် နိုင်မှသာ မေးခွန်းများမေးမြန်း- ဖြေကြားခြင်း ကဏ္ဍ ပိုမိုအသက်ဝင်ပြီး စိတ်ဝင်စားလာမှုများလာမည် ဖြစ်ပါတယ်။ သို့မှသာ အကျိုးသက်ရောက်မှု ပိုမိုရရှိကာ လွှတ်တော်အစည်းအဝေးအချိန်များကို တန်ဖိုးရှိစွာ အသုံးပြုနိုင်မည် ဖြစ်ပါတယ်။

၁၂။     လွှတ်တော်တွင် တင်သွင်းသောအဆိုများ ယခုထက်ပိုမိုအားကောင်းပြီး အောင်မြင်မှုရရှိရေး အတွက် လွှတ်တော်ကိုယ်စားလှယ်များသည် အရည်အချင်းပြည့်မီစွာ ကြိုးစားအားထုတ်ကြရမှာ ဖြစ်ပါတယ်။ လွှတ်တော်အတွင်း အဆိုများများအောင်မြင်မှသာ လွှတ်တော်၏လုပ်ငန်းများ အောင်မြင်သည်ဟု သုံးသပ်နိုင်မည် ဖြစ်ပါတယ်။

၁၃။     ဥပဒေပြုရေးမဏ္ဍိုင်၊ အုပ်ချုပ်ရေးမဏ္ဍိုင်နှင့် တရားစီရင်ရေးမဏ္ဍိုင်တို့သည် ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ လုပ်ငန်းတာဝန်များကိုတတ်နိုင်သမျှ သီးခြားစီပိုင်းခြားထားပြီး အချင်းချင်း အပြန် အလှန် ထိန်းညှိဆောင်ရွက်လျက်ရှိပါတယ်။ ထို့အတွက်ကြောင့် အပြန်အလှန်ထိန်းညှိမှု ကဏ္ဍသည် မဏ္ဍိုင်ကြီး(၃)ရပ် အတွက် အလွန်အရေးပါသောကဏ္ဍဖြစ်ပြီး ကြုံတွေ့နေရသော စိန်ခေါ်မှုများ ကတော့ မဏ္ဍိုင် အချင်းချင်း နားလည်မှုရှိစွာ အပြုသဘောဖြင့် ပူးပေါင်းဆောင်ရွက် သွားရန် လိုအပ်ခြင်းပဲဖြစ်ပါတယ်။ ထိုသို့စိန်ခေါ်မှုများ ရင်ဆိုင်ဖြေရှင်းရန်အတွက် အစိုးရအဖွဲ့ အစည်းများ၊ တရားစီရင်ရေးအဖွဲ့အစည်းများနှင့်  သက်ဆိုင်ရာ လွှတ်တော်ကော်မတီများ အပြန်အလှန် ညှိနှိုင်းပြီး ဆောင်ရွက်ရမည် ဖြစ်ပါတယ်။

၁၄။     နိုင်ငံတကာလွှတ်တော်များတွင် ဥပဒေပြုသည့်ပုံစံနှင့် ကွဲပြားသော်လည်း မိမိတို့၏အတွေ့ အကြုံဖြင့် အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့လို့ ယခုဆိုရင် ပြည်ထောင်စုလွှတ်တော်က ဥပဒေပေါင်း (၁၂၀) ခု ပြဌာန်းနိုင်ပြီး ဥပဒေပြုရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လွှတ်တော်နှစ်ရပ် ပူးပေါင်း ဆောင်ရွက်နိုင်မှု ဟန်ချက်ညီအား ကောင်းကြောင်းတွေ့ရှိရပါတယ်။

၁၅။     ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်ထောင်စုလွှတ်တော်နှင့် တိုင်းဒေသကြီး/ ပြည်နယ် လွှတ်တော်များ သည် သီးခြားဖွဲ့စည်းထားသော လွှတ်တော်များဖြစ်ကြ၍ လွှတ်တော်ဆိုင်ရာ လုပ်ငန်း များကို သီးခြားစီ ဆောင်ရွက်လျက်ရှိကြပါတယ်။ လွှတ်တော်များအကြား အပြန်အလှန် ဆက်သွယ် ၍ ပူးပေါင်းဆောင်ရွက်နိုင် ရေးအတွက်   ပြည်ထောင်စုလွှတ်တော်တွင် မြန်မာလွှတ်တော်များ ဆိုင်ရာအဖွဲ့ ( Myanmar Parliamentary Union – MPU) ကို ၂၂-၃-၂၀၁၂ ရက်နေ့က ဖွဲ့စည်းထားခဲ့ပြီး လွှတ်တော်ဆိုင်ရာကိစ္စများ ညှိနှိုင်း ဆောင်ရွက်လျက် ရှိပါတယ်။

လွှတ်တော်၏ ဆောင်ရွက်ချက်များ ပိုမိုပွင့်လင်းမြင်သာစေရန် ဆောင်ရွက်မှု

၁၆။     လွှတ်တော်လုပ်ငန်း ဆောင်ရွက်မှုများကို ပြည်သူများက ပွင့်လင်းမြင်သာစွာ သိရှိရန်အတွက် လွှတ်တော်အစည်းအဝေးနှင့်ကော်မတီများ၏ နေ့စဉ်ဆောင်ရွက်နေမှုများကို MRTV, SKY NET အသံလွှင့်အစီအစဉ်မှ နေ့စဉ်ထုတ်လွှင့်ပေးလျက်ရှိသလို အပတ်စဉ်ထုတ်ဝေတဲ့ လွှတ်တော်ဂျာနယ်မှာ လည်း ထည့်သွင်းဖော်ပြလျက်ရှိပါတယ်။ နေ့စဉ်ဆောင်ရွက်နေမှုများကို website/e-newsletter များမှနေ၍ ယခုထက် ပိုမိုကျယ်ပြန့်စွာတင်ပြပေးရန် စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။ လွှတ်တော်အတွင်း သတင်းမီဒီယာများအား လွတ်လပ်စွာ သတင်းယူခွင့်နှင့် လွှတ်တော်ကိုယ်စားလှယ်များအား လွတ်လပ်စွာတွေ့ဆုံ မေးမြန်းခွင့်များ ခွင့်ပြုထားသဖြင့် သတင်းမီဒီယာများက လွှတ်တော်အတွင်း ဆောင်ရွက်ချက်များကို နေ့ချင်း ဖော်ပြပေး နေကြပြီး သတင်းစာရှင်းလင်းပွဲ များ ပြုလုပ်ပေး သဖြင့် ပြည်သူအများ လွှတ်တော်ဆိုင်ရာ သတင်းများကို ပွင့်လင်းမြင်သာစွာ သိရှိခွင့်ရနေကြပြီဖြစ်ပါတယ်။ လွှတ်တော်၏ ဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ ပြည်သူများ၏ သဘောထားနှင့်  အကြံပြု ဆွေးနွေးချက်များ ပိုမိုရရှိရေးအတွက် ICT နည်းပညာဖြင့် ဆောင်ရွက်ရန် စီစဉ်လျက် ရှိပါတယ်။

နိုင်ငံတကာလွှတ်တော်များနှင့် ဆက်သွယ်ဆောင်ရွက်မှု၊ သတင်းအချက်အလက်နှင့် အတွေ့အကြုံ ဖလှယ်မှု

၁၇။     လွှတ်တော်ဥက္ကဋ္ဌများနှင့် လွှတ်တော်ကိုယ်စားလှယ်များသည်  လွှတ်တော်အစည်းအဝေး ရပ်နားသည့် ကာလများတွင် နိုင်ငံတကာလွှတ်တော်များသို့ ယင်းတို့၏ ဖိတ်ကြားချက်များအရ အပြန်အလှန် ချစ်ကြည် ရေးနှင့်လေ့လာရေးခရီးများ သွားရောက်ပြီး လွှတ်တော်များအချင်းချင်း ပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးဆောင်ရွက်ခဲ့ကြပါတယ်။ အခြားနိုင်ငံများ၏ လွှတ်တော် ဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်သည့် နည်းလမ်းများကိုလည်း လေ့လာခွင့်ရရှိခဲ့ပါတယ်။ နိုင်ငံတကာ လွှတ်တော်များသို့ သွားရောက်လေ့လာခွင့်များ ရရှိသောကြောင့် လွှတ်တော်ကိုယ်စားလှယ်များ သည် နိုင်ငံတကာအတွေ့အကြုံများစွာ ရရှိခဲ့ကြပြီး အမြင်များ ကျယ်ပြန့် လာကြပါတယ်။ လွှတ်တော် သက်တမ်း (၃) နှစ်ကျော်ကာလအတွင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ အနေဖြင့် လည်းကောင်း၊  ပြည်ထောင်စုလွှတ်တော်နာယကအနေဖြင့်လည်းကောင်း ဦးဆောင်ပြီး လွှတ်တော် ကိုယ်စားလှယ် အဖွဲ့အနေဖြင့် ချစ်ကြည်ရေးခရီးစဉ်နှင့် ညီလာခံတက်ရောက်မှု (၁၆) ကြိမ် သွားရောက်ခဲ့ရာ နိုင်ငံပေါင်း (၂၆) နိုင်ငံသို့ ရောက်ရှိလေ့လာ နိုင်ခဲ့ပါတယ်။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (၁၉၈) ဦးမှာ ပြည်ပလေ့လာရေး၊ သင်တန်း၊ ဆွေးနွေးပွဲများသို့ တက်ရောက်ပြီးဖြစ် ပါတယ်။ နိုင်ငံတကာ ပါလီမန်များသို့ သွားရောက်သည့် ခရီးစဉ်တိုင်းကို ပြည်သူများ ပွင့်လင်းမြင်သာ သိရှိနိုင်ရန် အချိန်နှင့် တစ်ပြေးညီ သတင်းများ ထုတ်ပြန်ပေးလျက်ရှိပါတယ်။ ခရီးစဉ်အများအပြားတွင် သတင်း မီဒီယာသမားများ ခေါ်ယူခြင်းမပြုခဲ့ဘဲ လွှတ်တော်ဝန်ထမ်းများက နေ့-ည မအား ကြိုးစား ဆောင်ရွက်လျက်ရှိပါတယ်။ ခရီးစဉ်အပြီးတွင်လည်း နီးစပ်ရာလွှတ်တော်သို့ တင်ပြခဲ့ပါတယ်။ လွှတ်တော်ရုံး အနေဖြင့် ခရီးစဉ် အစီရင်ခံစာကို ဓာတ်ပုံများနှင့်တကွ ပြည့်စုံစွာပြုစုပြီး မှတ်တမ်းတင် ထားရှိပါတယ်။ စီဒီများဖြင့်လည်း မှတ်တမ်းတင် ထားရှိပါ တယ်။ အခြား လွှတ်တော် ကိုယ်စားလှယ်များ၏ အစုအဖွဲ့အလိုက်၊ ကော်မတီအလိုက်၊ တစ်ဦးချင်း အလိုက် ပြည်ပ ခရီးသွား ရောက်မှုများကိုလည်း အစီရင်ခံစာပြုစုစေပြီး မှတ်တမ်းတင် ထားရှိပါကြောင်း ဖော်ပြ အပ်ပါတယ်။

၁၈။     ပြည်ထောင်စုလွှတ်တော်သည် နိုင်ငံတကာပါလီမန်များသမဂ္ဂ (International Parliament Union –IPU) တွင် အဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်လျက်ရှိပါတယ်။ အလားတူပင် အာဆီယံပါလီမန်များဆိုင်ရာ ညီလာခံ ( ASEAN Inter Parliamentary Assembly- AIPA) အဖွဲ့တွင် အဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်လျက် ရှိပါတယ်။ အလားတူ အာရှ- ဥရောပ ပါလီမန်များ ဆိုင်ရာ မိတ်ဖက် အဖွဲ့အစည်းတွင်ပါဝင်၍ အစည်းအဝေးများ တက်ရောက်လျက်ရှိပါတယ်။ ပြည်ထောင်စုလွှတ်တော်တွင် နိုင်ငံတကာ ပါလီမန်များအဖွဲ့ဆိုင်ရာ ပူးပေါင်း ကော်မတီနှင့် အာဆီယံ ပါလီမန်များဆိုင်ရာ ပူးပေါင်းကော်မတီ တို့ကို ဖွဲ့စည်းထားပြီး နိုင်ငံတကာ ပါလီမန်များနှင့် ပူးပေါင်း ဆက်သွယ်ရေးကို ဆောင်ရွက်လျက်ရှိပါတယ်။ ယင်းသို့ ဆောင်ရွက်လာနိုင် သည်နှင့် အမျှ မြန်မာ လွှတ်တော်များ၏ ပုံရိပ်နှင့်ဂုဏ်သိက္ခာ ပိုမိုမြင့်မားလာမှာဖြစ်ပါတယ်။

လွှတ်တော်ကိုယ်စားလှယ်များ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်မှု

၁၉။     လွှတ်တော်ကိုယ်စားလှယ်များသည် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်မှ စတင် ဆောင်ရွက်လျက်ရှိရာ  အတွေ့အကြုံမရှိသေးသဖြင့် ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းများ ဆောင်ရွက်ရာတွင် အခက်အခဲများရှိခဲ့သော်လည်း အစိုးရအဖွဲ့နှင့် သက်ဆိုင်ရာဝန်ကြီးဌာနတို့၏ ကူညီဆောင်ရွက်မှုဖြင့် မြို့နယ်တိုင်းတွင် အမှန်တကယ်ဆောင်ရွက်လိုသော ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကို အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ထို့အတွက်ကြောင့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို ပြည်သူအများ ဝမ်းမြောက်ဝမ်းသာ ထောက်ခံလျက်ရှိကြောင်း တွေ့ရှိရပါတယ်။ ယခုအခါ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေးရန်ပုံငွေ ဥပဒေကို ပြဌာန်းနိုင်ခဲ့ပြီး နည်းဥပဒေရေးဆွဲခြင်း မှာလည်း ပြီးစီးတော့မှာ ဖြစ်ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၁ (က) နှင့် လွှတ်တော်၊ လွှတ်တော်ကော်မတီ၊ အုပ်ချုပ်ရေးအဖွဲ့၊ ပြည်ထောင်စုတရား လွှတ်တော်ချုပ်တို့အတွင်း ဆက်သွယ်ဆက်ဆံမှု

၂၀။     ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၁(က) အရ လွှတ်တော်၊ လွှတ်တော်ကော်မတီများနှင့် အစိုးရအဖွဲ့၊ ဝန်ကြီးဌာနများအကြားသော်လည်းကောင်း၊ လွှတ်တော်၊ လွှတ်တော်ကော်မတီများနှင့် ပြည်ထောင်စုတရား လွှတ်တော်ချုပ်တို့အကြားသော်လည်းကောင်း ဆက်သွယ်မှုများ ပီပြင်စွာ ဖြစ်ပေါ်ရန် အထူးလိုအပ်ပါတယ်။ သို့မှသာ အချင်းချင်း အပြန်အလှန်ထိန်းညှိခြင်းကို အဆင်ပြေ ချောမွေ့ စွာ ဆောင်ရွက်နိုင်မည်ဖြစ်ပါတယ်။ ဆက်သွယ်ဆောင်ရွက်ကြရာတွင် အချင်းချင်း အပြန်အလှန် နားလည်မှု၊ ယုံကြည်လေးစားမှုထားရှိပြီး အဆင့်တူ၊ တန်းတူရည်တူ ဆက်သွယ်ဆောင်ရွက်နိုင်မှသာ လုပ်ငန်းများကို အဆင်ပြေချောမွေ့စွာ ဆောင်ရွက် နိုင်မှာ ဖြစ်ပါတယ်။

အနာဂတ်အစီအမံနှင့် နည်းလမ်းများ

၂၁။     အနာဂတ်အစီအမံနှင့် နည်းလမ်းများမှာ -

(က)    လွှတ်တော်ကိုယ်စားလှယ်များ လွှတ်တော်အတွင်း လုပ်ငန်းတာဝန်များ ဆောင်ရွက်ရာတွင် ပါတီစုံ ဒီမိုကရေစီကျင့်စဉ်နှင့် လျော်ညီစွာ ပုဂ္ဂိုလ်စွဲ၊ ပါတီစွဲ၊ လူမျိုးစွဲ၊ ဘာသာစွဲ၊ ဒေသစွဲများ မထားရှိဘဲ နိုင်ငံအကျိုး၊ ပြည်သူ့အကျိုးရှေးရှုပြီး တပ်မတော်သား ကိုယ်စားလှယ်များနှင့်အတူ ပူးပေါင်း၍ ပွင့်လင်း မြင်သာစွာ ညှိနှိုင်းဆောင်ရွက်ရန်၊

(ခ)     မဏ္ဍိုင်ကြီး (၃) ရပ် အချင်းချင်း အပြန်အလှန် ထိန်းကျောင်းပြီး ညှိနှိုင်း ဆောင်ရွက်မှုများ ပိုမို ထိရောက်စွာတိုးမြှင့် ဆောင်ရွက်ရန် ၊

(ဂ)     လွှတ်တော်၊ လွှတ်တော်ကော်မတီများနှင့် အုပ်ချုပ်ရေးအဖွဲ့၊ ပြည်ထောင်စု တရား လွှတ်တော်ချုပ်တို့ အကြား ဆက်သွယ်ဆက်ဆံမှုကို ယခုထက် ပိုမိုချောမွေ့စွာ ဆောင်ရွက်နိုင်မည့် နည်းလမ်းများ ဖော်ဆောင် ပေးရန်၊

(ဃ)    လွှတ်တော် လုပ်ငန်းများနှင့် ကော်မတီလုပ်ငန်းများကို ထိရောက်စွာ ပံ့ပိုး ပေးနိုင်မည့် အရည်အသွေး များ ရရှိစေရန်အတွက် လိုအပ်သောအရင်းအမြစ်များ စုဆောင်းဖြည့်ဆည်းကာ ဝန်ထမ်းများအား အလုပ်ခွင် သင်တန်းများ (on the job training) နှင့် အရည်အသွေးမြှင့် သင်တန်းများ (capacity building) များ တိုးချဲ့ ဖွင့်လှစ်လေ့ကျင့်ပေးရန်၊

(င)     လွှတ်တော်၏ သတင်းဆောင်ရွက်ချက်များကို ပိုမိုပွင့်လင်းမြင်သာမှုရှိစေရန် ICT ကို အခြေခံသော လူထုနှင့် ထိတွေ့ဆက်ဆံနိုင်မည့် လွှတ်တော်စာမျက်နှာကို သီးသန့်ဖွင့်လှစ်ပြီး ပြည့်စုံစွာ ဖော်ပြပေးခြင်း၊ လွှတ်တော် နေ့စဉ်သတင်းလွှာများ ထုတ်ဝေပေးရန်၊ Website/e-newsletter များဖြင့် အချိန်နှင့် တစ်ပြေးညီ ဖော်ပြ ပေးရန်၊ သတင်းမီဒီယာအဖွဲ့များနှင့် တွေ့ဆုံ၍ သတင်းစာ ရှင်းလင်းပွဲ များ ပြုလုပ်ပြီး သတင်း ထုတ်ပြန်ပေးရန်၊

(စ)     ပြည်ထောင်စုလွှတ်တော်နှင့် တိုင်းဒေသကြီး/ ပြည်နယ်လွှတ်တော်များ အကြား အပြန်အလှန် ဆက်သွယ်မှု ပီပြင်စွာ တိုးမြှင့်ဆောင်ရွက်ပြီး မြန်မာနိုင်ငံ လွှတ်တော် ဆိုင်ရာအ ဖွဲ့ (MPU) ၏ လုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်ရန်၊ နိုင်ငံတကာ လွှတ်တော်များ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုကို ယခုထက်ပိုမို၍ တိုးမြှင့်ဆောင်ရွက်ရန်၊

(ဆ)    လွှတ်တော်ကိုယ်စားလှယ်များသည် ဖွံ့ဖြိုးရေးရန်ပုံငွေ တိုးတက်ရရှိအောင် ဆောင်ရွက်ပြီး ဒေသခံပြည်သူတို့၏ လိုအပ်ချက်နှင့် အညီဖွံ့ဖြိုးရေးလုပ်ငန်းများ ကို နှစ်စဉ်တိုးချဲ့ဆောင်ရွက်ရန်၊

(ဇ)     လွှတ်တော်၏ အဓိကတာဝန်မှာ ဥပဒေပြုရေးဖြစ်သဖြင့် အနာဂတ်တွင် ဥပဒေ ပြုရေးနှင့်စပ်လျဉ်း၍ စိန်ခေါ်မှုများကို လွှတ်တော်ကိုယ်စားလှယ်များနှင့် တပ်မတော်သားကိုယ်စားလှယ်များ အချင်းချင်း ညီညွတ်စွာ ညှိနှိုင်းဆောင်ရွက် ကြပြီး နိုင်ငံတော်နှင့် နိုင်ငံသားများအကျိုးအတွက် ဦးစားပေး ဆုံးဖြတ် ဆောင်ရွက်ကြရန်၊ ထို့အတူ အုပ်ချုပ်ရေးအဖွဲ့၊ တရားစီရင်ရေး အဖွဲ့တို့နှင့် လည်း အပြန်အ လှန်ညှိနှိုင်း၍ နိုင်ငံတော်နှင့် နိုင်ငံသားများ အကျိုးအတွက် ဦးစားပေးပြီး ဆုံးဖြတ်ဆောင်ရွက်ကြရန်၊

၂၂။     လွှတ်တော်သည် ဥပဒေပြုရေးနှင့်အပြန်အလှန်ထိန်းညှိရေးလုပ်ငန်းများအပြင် ယင်းတာဝန် များနဲ့ တစ်ပြေးညီဖြစ်သော တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး နှင့် ပြည်တွင်း ငြိမ်းချမ်းရေးကိစ္စတွေကို ဦးစားပေးလုပ်ဆောင်လျက်ရှိပါတယ်။

၂၃။     လွှတ်တော်ဥက္ကဋ္ဌအပါအဝင် လွှတ်တော်ကိုယ်စားလှယ်များက နိုင်ငံတကာခရီးစဉ်များ သွားရောက်ခဲ့ သည့် နိုင်ငံတကာအတွေ့အကြုံမှတ်တမ်းများကို အများသိရှိအောင် ဖြန့်ဝေရန်အသင့် ရှိသော်လည်း အချိန်မပေးနိုင်ခဲ့တဲ့အတွက် အဲဒီအစားမှတ်တမ်းအဖြစ် သင့်တော်သလိုထုတ်ပြန်သွား မှာဖြစ်ပါတယ်။ အဲဒီ အပြင် တပ်မတော်သားကိုယ်စားလှယ်ဆွေးနွေးတဲ့ လွှတ်တော်တွင် အဆိုနှင့် ဥပဒေကြမ်းများတင်သွင်းမှုကို မတင်သွင်းမီ ကိုယ်စားလှယ်များအားလုံး ကြိုတင်တွေ့ရှိနိုင်ရန် သင့်တော်သည့်နည်းလမ်းကိုလည်း သုံးသပ် ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။

၂၄။     မဏ္ဍိုင်ကြီး (၃) ရပ်အနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို ရှေးရှုလျက် တစ်ခုနှင့်တစ်ခု အပြန်အလှန် ထိန်းညှိလျက် အပြုသဘောဖြင့် အပြိုင်အဆိုင်တိုးတက်အောင် ဆောင်ရွက်ရန် လိုအပ် သော် လည်း မဏ္ဍိုင်ကြီး (၃) ခုအကြား တိုးတက်မှုကို ဆုတ်ယုတ်စေမည့်အားပြိုင်မှုများကို ရှောင်ရှားသင့်ပါတယ်။ တွေ့ကြုံလာရသည့်အခက်အခဲများ၊ စိန်ခေါ်မှုများကို အချင်းချင်း အပြည့် အဝ နားလည် ယုံကြည်မှုဖြင့် ဖေးမကူညီဆောင်ရွက်သွားမည်ဆိုပါက ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်အဖြစ်သို့ အချိန်တိုအတွင်း ရောက်ရှိ လာမည်ဖြစ်ပါကြောင်း လွှတ်တော်သို့  တင်ပြအပ် ပါတယ်။

လွှတ်တော်အခွင့်အရေးကော်မတီ

ထို့နောက် တပ်မတော်သားကိုယ်စားလှယ်များက ၂၂-၁၀-၂၀၁၄ ရက်နေ့တွင် တင်ပြခဲ့သည့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဥပဒေပြုရေးမ‹ိုင်အနေဖြင့် ဆောင်ရွက်ရန်လိုအပ်သည့် အချက်များနှင်‌့စပ်လျဉ်း၍ အကြံပြုသုံးသပ်ချက်တွင် ဥပဒေကြမ်းကော်မတီနှင့် သက်ဆိုင်သော အချက်များအား ဥပဒေကြမ်း ကော်မတီအဖွဲ့ဝင် ဦးသိန်းထွန်းဦးက ရှင်းလင်းတင်ပြရာ အောက်ပါအတိုင်းဖြစ်ပါသည်။

တပ်မတော်သားကိုယ်စားလှယ်များ၏ ၂၂-၁၀-၂၀၁၄ ရက်နေ့တွင် တင်ပြခဲ့သည့် နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဥပဒေပြုရေးမဏ္ဍိုင်အနေဖြင့် ဆောင်ရွက်ရန် လိုအပ်သည်‌့ အချက်များနှင့်စပ်လျဉ်း၍ အကြံပြုသုံးသပ်ချက်အပေါ် ဥပဒေကြမ်းကော်မတီက ရှင်းလင်းတင်ပြခြင်း

          ဦးသိန်းထွန်းဦး(အဖွဲ့ဝင်၊ ဥပဒေကြမ်းကော်မတီ)။  ။ လေးစားအပ်ပါသော ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ကျွန်တော်ကတော့ မန္တလေး တိုင်းဒေသကြီး၊ အမရပူရ မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီဝင် ဦးသိန်းထွန်းဦး ဖြစ်ပါတယ်။ ဥပဒေကြမ်းကော်မတီအပေါ် အကြံပြုသုံးသပ်ချက်နှင့် စပ်လျဉ်း၍ ပြည်သူ့ လွှတ်တော်ကို ပြန်လည် ရှင်းလင်းတင်ပြချက်ကို ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီရဲ့ကိုယ်စား ကျွန်တော်က ရှင်းလင်းတင်ပြသွားမှာ ဖြစ်ပါတယ်။

ဥက္ကဋ္ဌကြီးခင်ဗျား။ ပထမအကြိမ် ပြည်သူ့လွှတ်တော် (၁၁)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ၃၀-၉-၂၀၁၄ ရက်နေ့တွင် တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ်တင့်ဆန်းက မေးမြန်းခဲ့သည့် မေးခွန်းအပေါ် ဖြေကြားချက်နှင့် စပ်လျဉ်း၍ ဥပဒေပြုမဏ္ဍိုင်ဖြစ်သော လွှတ်တော်က နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်အောင် ဟန်ချက်ညီ အနာဂတ်အစီအမံများနှင့် ကြုံတွေ့ရမည့်စိန်ခေါ်မှု အခက်အခဲများကို ကျော်လွှားနိုင်ရေး လွှတ်တော်သို့အကြံပြု သုံးသပ်ချက်များတင်ပြရန် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၏ တာဝန် ပေးချက်အရ တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အစုအဖွဲ့ ၏ အကြံပြုသုံးသပ်ချက်များကို ဗိုလ်မှူးချုပ်တင့်ဆန်းက ပြန်လည်တင်ပြခဲ့ပါတယ်။ တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့ရဲ့ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဥပဒေပြုရေး မဏ္ဍိုင်အနေဖြင့် ဆောင်ရွက်ရန် လိုအပ်သည့် အချက်များနှင့်စပ်လျဉ်းပြီး အကြံပြုသုံးသပ်ချက်များ ဟာ အများအားဖြင့် အပြုသဘောဆောင်တဲ့ တင်ပြချက်များဖြစ်သော်လည်း တချို့အချက်တွေက တော့ ဥပဒေပြုရေး မဏ္ဍိုင်မှာ ပါဝင်တာဝန်ယူ ဆောင်ရွက်နေရတဲ့ ဥပဒေကြမ်းကော်မတီရဲ့ ဆောင်ရွက် ချက်များအပေါ် အများပြည်သူက ထင်ယောင် ထင်မှားဖြစ်လာနိုင်တဲ့အတွက် ဥပဒေပြုခြင်းအပေါ်  ယခုကဲ့သို့ ပြန်လည်ရှင်းလင်းတင်ပြရခြင်း ဖြစ်ပါ တယ်။ တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်အစုအဖွဲ့ရဲ့ အကြံပြုသုံးသပ်ချက်များ အပိုဒ် ၃ အပိုဒ်ခွဲ(ခ) အပိုဒ်ခွဲငယ်(၁)  ကော်မတီများ ဖွဲ့စည်းမှု ခေါင်းစဉ်အောက်တွင် ဥပဒေကြမ်းကော်မတီနှင့်ပတ်သက်သော အကြံပြု သုံးသပ်ချက်များ နှင်‌့ အပိုဒ် (၃) အပိုဒ်ခွဲ(ဃ) အပိုဒ်ခွဲငယ်(၃) ဥပဒေကြမ်းဆွေးနွေးခြင်း ခေါင်းစဉ်အောက်တွင် ဥပဒေ ကြမ်းကော်မတီနှင့်ပတ်သက်သော အကြံပြုသုံးသပ်ချက်များကို လွှတ်တော်၏ အချိန်အရ ဖတ်ကြား ခြင်းမပြုတော့ဘဲ လွှတ်တော်သို့ဖြန့်ဝေထားတဲ့ ဥပဒေကြမ်းကော်မတီ၏ ရှင်းလင်း တင်ပြချက် စာမျက်နှာ ၁၊ စာမျက်နှာ ၂၊ စာမျက်နှာ ၃ တို့မှာ ဖတ်ရှုနိုင်ပါကြောင်းကိုလည်းပဲ လေးစားစွာ တင်ပြ အပ်ပါတယ်။

ဥက္ကဋ္ဌကြီးခင်ဗျား။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ (၂၀၀၈) အခန်း (၄)၊ ဥပဒေပြုရေးအခန်း ပုဒ်မ ၇၄ အရ ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းခြင်းတွင် ရွေးကောက်တင်မြှောက်သည့် ပြည်သူ့ လွှတ်တော်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များနှင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်း တင်သွင်းသော တပ်မတော်သား ပြည်သူ့ လွှတ်တော်နှင့် တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ ပါဝင်နေသည့်အတွက် ဥပဒေပြုရေး မဏ္ဍိုင်အောင်မြင်ရေးသည် ရွေးကောက်တင်မြှောက်ခြင်းခံထားရသည့် လွှတ်တော် ကိုယ်စားလှယ်များနှင့် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များအားလုံးတွင် တာဝန်ရှိကြ ပါတယ်။ ဥပဒေပြုရေး ကိစ္စရပ်များနှင့်စပ်လျဉ်းပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)မှာ ပုဒ်မ ၈၀ ပုဒ်မခွဲ (ဂ) နှင့်(ဃ)၊ ပုဒ်မ ၁၀၀ ပုဒ်မခွဲ(က)နှင့်(ခ)၊ ပုဒ်မ ၁၀၁၊ ပုဒ်မ ၁၀၂၊ ပုဒ်မ ၁၀၅ ပုဒ်မခွဲ(က)၊ (ခ) နှင့် (ဂ)၊ ပုဒ်မ ၁၀၆ ပုဒ်မခွဲ(က)၊ (ခ) နှင့် (ဂ)၊ ပုဒ်မ ၁၀၇၊ ပုဒ်မ ၁၂၇ ပုဒ်မခွဲ(ဂ)၊ ပုဒ်မ ၁၃၆၊ ပုဒ်မ ၁၃၈ ပုဒ်မခွဲ(က)၊ (ခ) နှင့် (ဂ)၊ ပုဒ်မ ၁၃၉ ပုဒ်မခွဲ(က)၊ (ခ) နှင့် (ဂ)၊ ပုဒ်မ ၁၅၆၊ ပုဒ်မ ၁၅၈ ပုဒ်မခွဲ(က)၊ (ခ) နှင့်(ဂ)၊ ပုဒ်မ ၁၅၉ ပုဒ်မခွဲ(က)၊ (ခ) နှင့်(ဂ) တို့နှင့်အညီ ဥပဒေကြမ်းများကို စိစစ်အတည်ပြုခြင်းများ ဆောင်ရွက်လျက်ရှိပါကြောင်းလည်းပဲ တင်ပြအပ်ပါတယ်။ဥပဒေကြမ်းကော်မတီဟာ ၂၀၁၃ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၅၉ အရ တင်သွင်းပေးပို့လာတဲ့ ဥပဒေကြမ်းများနှင့် စပ်လျဉ်းပြီး အခြေခံရမည့်မူ ၁၂ ချက်နှင့်အညီ ပထမဦးစွာ စိစစ်ကြရပါတယ်။ ဒီအခြေခံမူများကိုလည်းပဲ လွှတ်တော် ကိုယ်စားလှယ်များထံ (က)မှ (ဌ)အထိ အချက် ၁၂ ကို ကျွန်တော်တို့ရဲ့ ဖြန့်ဝေစာမှာ တင်ပြထား ပြီးဖြစ်ပါတယ်။ ဆက်လက်ပြီး ဥပဒေကြမ်းများ အသစ်ပြဋ္ဌာန်းခြင်း၊ ပြင်ဆင်ခြင်းနှင့် ရုပ်သိမ်းခြင်းမှာ ကျွန်တော်တို့ ၂၀၁၁ ခုနှစ်အထိ အသစ်ပြဋ္ဌာန်းတဲ့ ဥပဒေပေါင်း လေးခု၊ ပြင်ဆင်ခြင်း ကိုးခု၊ ရုပ်သိမ်းခြင်းနှစ်ခု စုစုပေါင်း ၁၅ ခု၊ ၂၀၁၂ ခုနှစ်မှာ အသစ်ပြဋ္ဌာန်းတဲ့ဥပဒေ ၂၀ ခု၊ ပြင်ဆင် ခြင်းတစ်ခုနဲ့ ရုပ်သိမ်းခြင်းဥပဒေ သုံးခု စုစုပေါင်း ၂၄ ခု၊ ၂၀၁၃ ခုနှစ်မှာ အသစ်ပြဋ္ဌာန်းတဲ့ဥပဒေ ၁၇ ခု၊ ပြင်ဆင်ခြင်း ၁၆ ခု၊ ရုပ်သိမ်းခြင်းလေးခုနဲ့ ဥပဒေစုစုပေါင်း ၃၇ ခု၊ ၂၀၁၄ ခုနှစ်မှာ အသစ်ပြဋ္ဌာန်းတဲ့ ဥပဒေပေါင်း ၂၀ ခု၊ ပြင်ဆင်ခြင်း ၂၂ ခု၊ ရုပ်သိမ်းခြင်း နှစ်ခုနဲ့ စုစစုပေါင်း ၄၄ ခု စုစုပေါင်း ယနေ့ အချိန်အထိ အသစ်ပြဋ္ဌာန်းတဲ့ဥပဒေပေါင်း ၆၁ ခု၊ ပြင်ဆင်ခြင်း ၄၈ ခု၊ ရုပ်သိမ်းတဲ့ဥပဒေ ၁၁ ခုနဲ့ စုစုပေါင်းဥပဒေ ၁၂၀ ဖြစ်ပါတယ်။ အစည်းအဝေးစတင်ကျင်းပတဲ့နေ့မှ ယနေ့အချိန်အထိ အသစ် အတည်ပြုပြဋ္ဌာန်းခြင်းဥပဒေ ၆၁ ခု၊ ပြင်ဆင်ခြင်းဥပဒေ ၄၈ ခုနှင့် ရုပ်သိမ်းခြင်းဥပဒေ ၁၁ ခု စုစုပေါင်း ဥပဒေ ၁၂၀ ခု ဆောင်ရွက်နိုင်သည်ကို ထောက်ရှုခြင်းအားဖြင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဆောင် သည့် ဥပဒေပြုရေးမဏ္ဍိုင်၏ ပူးပေါင်းဆောင်ရွက်မှု၊ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ၏ ကြိုးစားအားထုတ်မှု၊ ဝန်ကြီးဌာနများ၏ ပူးပေါင်းပါဝင်မှု၊ သက်ဆိုင်ရာ ဥပဒေကော်မရှင်အဖွဲ့များ၏ အကြံပေးနိုင်မှုနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အားလုံးတို့၏ အပြုသဘော ဆောင် ဆွေးနွေးခြင်းတို့ ကြောင့် အောင်မြင်မှုရရှိကြောင်း သုံးသပ်တင်ပြအပ်ပါတယ်။

          ဥက္ကဋ္ဌကြီးခင်ဗျား။ ပထမအကြိမ် ပြည်သူ့လွှတ်တော် (၁၁)ကြိမ်မြောက်ပုံမှန်အစည်းအဝေး အစီအစဉ် လျာထားချက်မှာ ဆောင်ရွက်ရန်လျာထားတဲ့ ဥပဒေကြမ်းများရဲ့ အခြေအနေများကတော့ ပြည်သူ့ လွှတ်တော် အစည်းအဝေးအစီအစဉ်မှာ  ဆောင်ရွက်ရန်၊ ဆောင်ရွက်ဆဲ လျာထားချက် ဥပဒေ ကြမ်း ၂၅ ခုကို လွှတ်တော် တွင် ဖြန့်ဝေထားတဲ့ ဥပဒေကြမ်းကော်မတီရဲ့ ရှင်းလင်းချက် စာမျက်နှာ ၆ နှင့် ၇ တို့မှာ အသေးစိတ် ဖော်ပြထားပါတယ်။ ပြည်သူ့လွှတ်တော်တွင် စတင်ဆွေးနွေး၍ အမျိုးသား လွှတ်တော်သို့ ပေးပို့ထားသည့် ဥပဒေကြမ်း ၆ ခု၊ အမျိုးသားလွှတ်တော်တွင် စတင်ဆွေးနွေး၍ ပြည်သူ့လွှတ်တော်တွင် ဆွေးနွေးပြီး အမျိုးသား လွှတ်တော်သို့ ပြန်လည်ပေးပို့ထားသည့်ဥပဒေကြမ်း သုံးခု၊ ပြည်သူ့လွှတ်တော်တွင် စတင်ဆွေးနွေး၍ ပြည်ထောင်စု လွှတ်တော်သို့ ပေးပို့ထားသည့် ဥပဒေ ကြမ်း သုံးခုတို့ကို ကော်မတီ၏ရှင်းလင်းတင်ပြချက် စာမျက်နှာ ၈ တို့တွင် လည်းကောင်း ဖတ်ရှုနိုင်ပါ ကြောင်းကိုလည်းပဲ လေးစားစွာ တင်ပြအပ်ပါတယ်။

          ဥက္ကဋ္ဌကြီးခင်ဗျား။ ဥပဒေကြမ်းကော်မတီရဲ့ အစီရင်ခံစာဟာ လူ၊ ပုဂ္ဂိုလ် တစ်ဦးတစ်ယောက် သို့မဟုတ် အဖွဲ့အစည်းတစ်ခုအား အထောက်အကူပြုသည့် ပုံသဏ္ဌာန်မျိုးမဖြစ်ပေါ်စေရန် စနစ်တကျ အချိန်ယူ စိစစ်ပြီးမှသာ အစီရင်ခံသင့်ကြောင်း၊ ဥပမာ- နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေနှင့် အဂတိ လိုက်စားမှုတိုက်ဖျက်ရေး ဥပဒေဆိုပြီး တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့ရဲ့ အကြံပြုသုံးသပ်ချက်နှင့် ပတ်သက်ပြီး အဆိုပါ ဥပဒေနှစ်ခုစလုံးကို ဥပဒေနှင့်အညီအဆင့်ဆင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်သဖြင့် ကော်မတီရဲ့ အစီရင်ခံစာဟာ လွှတ်တော် အတွင်း ကျယ်ကျယ်ပြန့်ပြန့် ဆက်လက်ဆွေးနွေးသွားရန် အထောက်အကူပြုတဲ့ ပုံသဏ္ဌာန်မျိုး ဖြစ်ပေါ်ခဲ့ပါ ကြောင်းကိုလည်းပဲ ရှင်းလင်းတင်ပြအပ်ပါတယ်။ ဥပဒေတစ်ခုကို ပြဋ္ဌာန်းနိုင်ရန် အတွက် အများပြည်သူလေ့လာနိုင်ရန် နိုင်ငံပိုင်သတင်းစာများတွင် ထည့်သွင်းကြေညာပြီး ပြည်သူ့လွှတ်တော် ပြည်သူလူထုထံမှအကြံပြု ချက်များ၊ သက်ဆိုင်ရာပြင်ပအဖွဲ့အစည်းများ၊ ပုဂ္ဂိုလ်များထံမှ အကြံပြုချက်များ ရရှိနိုင်ရန် ကျယ်ကျယ်ပြန့်ပြန့်လည်း ဆောင်ရွက်ခဲ့ပါတယ်။ဥပဒေကြမ်းကော်မတီရဲ့ အစီရင်ခံစာနှင့်ပတ်သက်၍ အနည်းငယ်ရှင်းလင်းတင်ပြလိုသည်မှာ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီဟာ ၂၀၁၃ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၆၃ နည်းဥပဒေခွဲ(ဂ) အရ လွှတ်တော်ဥက္ကဋ္ဌ၏ သီးခြား ညွှန်ကြားချက်မရှိလျှင် ဥပဒေကြမ်းကို ကော်မတီသို့ လွှဲအပ်သည့် နေ့ရက်မှစ၍ ရုံးပိတ်ရက်မပါ ၇ ရက်အတွင်း ကော်မတီ၏အစီရင်ခံစာကို ဥက္ကဋ္ဌထံကို တင်ပြရပါတယ်။ ဥပဒေကြမ်း ကော်မတီဟာ ဥပဒေကြမ်းတစ်ခုကို စိစစ်ရာမှာ အဖွဲ့သုံးဖွဲ့ခွဲ၍ နည်းဥပဒေ ၅၉ ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ပဏာမ စိစစ်ပြီး အဖွဲ့လိုက်စိစစ် သုံးသပ်ချက်များကို ကော်မတီဝင်များနှင့် ဥပဒေရေးရာနှင့်အထူး ကိစ္စရပ်များ လေ့လာ ဆန်းစစ်သုံးသပ်ရေး ကော်မရှင် အဖွဲ့ဝင်များပါဝင်သည့် ကော်မတီအတွင်း အစည်းအဝေး၌ ဆက်လက် တင်ပြကြရပါတယ်။ ဒီလိုတင်ပြချက်များအပေါ် ဥပဒေကြမ်းကော်မတီဝင် များနှင့် ပြည်သူ့လွှတ်တော်မှာ ဖွဲ့စည်း ထားသော သက်ဆိုင်ရာကော်မတီဝင်များ၊ ကော်မရှင်အဖွဲ့ဝင် များက ဥပဒေကြမ်းကို တစ်ပိုဒ်ချင်း အသေးစိတ် ထပ်မံစိစစ်ကြရပါတယ်။ ဒီလို ကော်မတီရဲ့စိစစ် ညှိနှိုင်းတဲ့ အစည်းအဝေးများမှာ ကော်မတီမှာ ပါဝင် ဖွဲ့စည်းထားတဲ့ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များဟာ လေ့လာသူ အဆင့်လောက်တင် မဟုတ်ဘဲ ကော်မတီဝင်ကဲ့သို့ ပါဝင်ဆွေးနွေး ခွင့်ရှိပြီးလည်း ဖြစ်ပါတယ်။

ဥပဒေကြမ်းကော်မတီသည် ဥပဒေကြမ်းများနှင့်ပတ်သက်၍ ပြည်သူလူထုထံမှ အကြံပြုချက် စာများ၊ အဖွဲ့အစည်း အလိုက် အကြံပြုချက်စာများနှင့် ယင်းဥပဒေကြမ်းအပေါ် စိတ်ပါဝင်စားသည့် ပုဂ္ဂိုလ်၊ အဖွဲ့အစည်းများ၊ သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် တွေ့ဆုံ ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ခြင်းများအပေါ် ဥပဒေကြမ်းကော်မတီ၏ မှတ်တမ်းများမှာ လေ့လာ တွေ့ရှိနိုင်ပါတယ် ခင်ဗျာေ။ဖာ်ပြပါ ဥပဒေကြမ်းကော်မတီရဲ့ လုပ်ငန်းစဉ် အဆင့်ဆင့်မှာ တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အစုအဖွဲ့ရဲ့ အကြံပြု သုံးသပ်ချက် များကို တင်ပြလာလျှင် လက်ခံ ဆောင်ရွက်သွားရမည် ဖြစ်ပါတယ်။ တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအစုအဖွဲ့ ကလည်း တင်ပြချက်များကို လည်းပဲ တွေ့ရှိရပါတယ်။ ဥပဒေကြမ်းကော်မတီဟာ အထက်ဖော်ပြပါ အတိုင်း လုပ်ငန်းစဉ် အဆင့်ဆင့် ဆောင်ရွက်၍ လွှတ်တော်၌ အစီရင်ခံစာတင်သွင်းပြီး ယင်းဥပဒေ ကြမ်းကို ကျယ်ကျယ်ပြန်ပြန့် ဆက်လက် ဆွေးနွေးနိုင်ရန် ဆောင်ရွက်ပြီးနောက် ပြင်ဆင်ချက်အဆို တင်သွင်း လာသော လွှတ်တော်ကိုယ်စားလှယ်များ၊ အကြံပြုချက်နှင့် သုံးသပ်ချက်များပေးပို့လာသော ပြင်ပပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများ၊ သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များ နှင့် အကြိမ်ကြိမ်ထပ်မံ တွေ့ဆုံဆွေးနွေးမှုများကို ၂၀၁၃ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၅၉ နှင့်အညီ ဆက်လက် ဆောင်ရွက်ရပါတယ်။ သီးသန့် တင်ပြလိုသည့် မိမိတို့ရဲ့ ဥပဒေကြမ်း ကော်မတီ၏ လက်တွေ့ဆောင်ရွက်ရာမှာ တွေ့ကြုံရတဲ့ အခက်အခဲများ ကတော့ တချို့သောကိစ္စများမှာ လွှတ်တော်ကိုယ်စားလှယ်များဟာ မိမိတို့ရဲ့ ပြင်ဆင် တင်ပြလိုသော ဆွေးနွေးချက်များကို သတ်မှတ် ကာလအတွင်း အချိန်မီတင်ပြဆွေးနွေးနိုင်မှု မရှိခြင်း၊ ဆွေးနွေးလိုသော အကြောင်းအရာကို တိကျစွာ ဖော်ပြဆွေးနွေးမှုမရှိခြင်း၊ ဥပဒေကို တာဝန်ခံဆောင်ရွက်ရမည့် သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနများမှ တာဝန်ယူအဆုံးအဖြတ်ပေးနိုင်သော ပုဂ္ဂိုလ်များက ပါဝင်ဆွေးနွေးမှု အားနည်းခြင်းကြောင့် ဝန်ကြီးဌာနများ၏ သဘောထားရပ်တည်ချက် အမျိုးမျိုးပြောင်းလဲခြင်းတို့ကို တွေ့ကြုံနေ ရပါတယ်။ ဥပဒေကြမ်းများရေးဆွဲရာတွင် ခိုင်မာသော ဥပဒေတစ်ရပ် ဖြစ်ပေါ်လာစေရန်အတွက် ဥပဒေပါ အကြောင်းအရာများနှင့်ပတ်သက်၍ ပြည်သူလူထု၏ အကြံဉာဏ်များကိုရယူခြင်း၊ အရပ်ဘက်ဆိုင်ရာ အဖွဲ့အစည်းများ၏ အကြံပြုချက်များကို လက်ခံစဉ်းစားခြင်း၊ နိုင်ငံတကာအဖွဲ့အစည်းတချို့၏ အကြံပြုချက် များကို ရယူခြင်းတို့ အပြင် ပြည်သူ့လွှတ်တော်တွင် ဖွဲ့စည်းထားသည့် သက်ဆိုင်ရာ လွှတ်တော် ကော်မတီများ၊ ကော်မရှင်အဖွဲ့ဝင်များ၊  ဥပဒေပညာရှင်များနှင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက် လျက် ရှိပါသည်။ ဥပမာ အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်း ဆိုင်ရာဥပဒေ၊ ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဥပဒေနှင့် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ တို့ဖြစ်ပါတယ်။

ဥပဒေကြမ်းကော်မတီဟာ အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ အတည်ပြုနိုင် ရေးအတွက် UNDP မှ ဌာနေကိုယ်စားလှယ်ဦးဆောင်သော ကမ္ဘာ့ဘဏ်၊ အပြည်ပြည် ဆိုင်ရာ ငွေကြေးရန်ပုံငွေ အဖွဲ့၊ ဥပရောပသမဂ္ဂအဖွဲ့၊ ဂျပန်နိုင်ငံအပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးအေဂျင်စီ (JICA)၊ အမေရိကန်နိုင်ငံ အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ (USAID)၊ သြစတွေးလျနိုင်ငံ အပြည်ပြည် ဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီ (AUSAID)၊ ဗြိတိသျှ နိုင်ငံ အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ (UKAID) တို့မှ ကိုယ်စားလှယ် ၁၁ ဦး ပါဝင်သော Working Partners အဖွဲ့၊ အရပ်ဘက်ဆိုင်ရာအဖွဲ့အစည်း (၂၀) တို့မှ ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပြည်သူ့ လွှတ်တော် ပြည်သူ့ရေးရာစီမံ ခန့်ခွဲမှုကော်မတီတို့နှင့်အတူ ညှိနှိုင်းအစည်းအဝေးများ ကျင်းပပြုလုပ်ပြီး နိုင်ငံတကာအဖွဲ့အစည်း များမှ လက်ခံနိုင်ပြီး မိမိနိုင်ငံအခြေအနေနှင့် လိုက်လျောညီထွေမှုဖြစ်နိုင်မည့် ဥပဒေကောင်းတစ်ရပ် ဖြစ်နိုင်ရန် ကြိုးစားဆောင်ရွက်ခဲ့ကြပါတယ်။ အလားတူပင် ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေနှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေတို့အား အတည်ပြုပြဋ္ဌာန်း နိုင်ရေးအတွက် UNODC အဖွဲ့၊ သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ဆွေးနွေးညှိုနှိုင်းပြီး ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌကြီး၏ အနီးကပ်ကြီးကြပ်မှုနှင့်အညီ အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ခြင်းကြောင့် နိုင်ငံတကာ ကွန်ဗင်းရှင်းများအရ မိမိနိုင်ငံအပေါ် နိုင်ငံတကာငွေကြေးပိတ်ဆို့မှုများအပါအဝင် အခြားအရေးယူ ဆောင်ရွက်မှု များမှ ရှောင်လွှဲနိုင်ရန် ဆောင်ရွက်နိုင်ခဲ့ပါတယ်။ 

ဥက္ကဋ္ဌကြီးခင်ဗျား။ ဒီလိုဆောင်ရွက်ချက်များဟာ ၂၀၁၃ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၅၉ ပါ ပြဋ္ဌာန်းချက်များကို ဥပဒေကြမ်းကော်မတီနှင့် မိမိတို့ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်များက ဥပဒေပြုရေး အခန်းကဏ္ဍမှ မိမိတို့နိုင်ငံအတွက် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ ခြင်းဖြစ်ပါတယ်။ လွှတ်တော် အတွင်း ဥပဒေပြုရာမှာ တွေ့ရှိရသော ထင်သာမြင်သာရှိသည့်အချက်များ မှာ လွှတ်တော်ကိုယ်စားလှယ် အများစုဟာ ဥပဒေကြမ်းကော်မတီ သို့မဟုတ် ဥပဒေကြမ်းပူးပေါင်း ကော်မတီ၏ ပြင်ဆင်ချက်အတိုင်းသာ ထောက်ခံ ဆန္ဒပြုနေခြင်းမျိုး တွေ့ရှိနေရကြောင်းတို့ ဆိုသည့် အကြံပြုသုံးသပ်ချက်နှင့်စပ်လျဉ်း၍ လွှတ်တော် နှစ်ရပ်၏ ဥပဒေ အတည်ပြုခြင်းကဏ္ဍတွင် အတည်ပြု နိုင်ရေးဆောင်ရွက်ချက်များသည် ဥပဒေနှင့်အညီ အဆင့်ဆင့် ဆောင်ရွက်ခြင်းသာ ဖြစ်ပါတယ်။ ပြည်သူ့လွှတ်တော်တွင် ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီက တာဝန်ခံ ရပြီး၊ အမျိုးသား လွှတ်တော်တွင် အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီက တာဝန်ခံ ဆောင်ရွက်ရပါတယ်။ တင်သွင်းလာတဲ့ ဥပဒေကြမ်းများကို ပြင်ဆင်အတည်ပြုရာတွင်လည်း လွှတ်တော်ကိုယ်စားလှယ်တိုင်းတွင် ပြင်ဆင်ခွင့်၊ ဆွေးနွေးခွင့်၊ အကြံပြုခွင့်များကိုလည်း ဥပဒေအရ ပေးအပ်ထားပြီးလည်း ဖြစ်ပါတယ်။ ပြင်ဆင်ချက် တင်သွင်းလိုသည့် ကိုယ်စားလှယ်များမရှိပါက ဥပဒေနှင့်အညီ အတည်ပြု ရေးသာ ဆက်လက်ဆောင်ရွက် သွားကြရမှာ ဖြစ်ပါတယ်။ လွှတ်တော်နှစ်ရပ် သဘောထား ကွဲလွဲမှုရှိလာပါက ဥပဒေကြမ်း ပူးပေါင်း ကော်မတီ၏စီစဉ်မှုဖြင့် ပြည်ထောင်စုလွှတ်တော်တွင် အဆုံးအဖြတ် ရယူရ မည်သာ ဖြစ်ပါတယ်။ ရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ်အများစုနှင့် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်အများစုတို့ဟာ ဥပဒေပြုရေး မဏ္ဍိင်တွင် မိမိတို့၏ ကိုယ်ပိုင်ဆုံးဖြတ်ချက် အတိုင်း ပြင်ဆင်ခြင်း၊ ထောက်ခံခြင်း၊ ကန့်ကွက်ခြင်း စတဲ့လုပ်ပိုင်ခွင့် များကို ဥပဒေအရ အပ်နှင်းထား ပြီးဖြစ်တဲ့အတွက် ဥပဒေကြမ်းကော်မတီ၏ ပြင်ဆင်ချက်များအတိုင်း ဆန္ဒပြုနေခြင်း ဆိုသည့် သုံးသပ် အကြံပြုချက်များကိုလည်း တွေ့ရှိရပါတယ်။ ဒီလိုတွေ့ရှိရပြီး တပ်မတော်သား လွှတ်တော်ကိုယ်စား လှယ်များအား ဥပဒေကြမ်း ကော်မတီနှင့် ဥပဒေကြမ်းပူးပေါင်းကော်မတီတို့ရဲ့ လုပ်ငန်းစဉ်များတွင် ပါဝင်ခွင့်၊ လေ့လာခွင့်၊ ဆွေးနွေးခွင့်၊ အကြံပြုခွင့်ရရှိထားပြီးဖြစ်သဖြင့် အထူးသဖြင့်တင်ပြရန် လိုအပ် မည်မဟုတ်ပါ ကြောင်းလည်းပဲ လေးစားစွာ တင်ပြအပ်ပါတယ်။

တချို့သော ဥပဒေကြမ်းများတွင် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်၏ ပြန်လည်ရှင်းလင်းတင်ပြမှုနှင့် လုံးဝ ဆန့်ကျင်မှုဖြစ် ရသည့် အကြောင်းရင်းများကို ဆန်းစစ်ပါက ဥပဒေကြမ်းများကို အဆင့်ဆင့် ညှိနှိုင်းဆွေးနွေး ဆောင်ရွက်ရသည့် အချိန်ကာလများမှာ သက်ဆိုင်ရာဝန်ကြီးဌာန ကိုယ်စား တက်ရောက်လာတဲ့ ပုဂ္ဂိုလ်များ သည် အဆုံးအဖြတ်ပေးနိုင် သည့် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး များဖြစ်ရန် အထူးလိုအပ်လှ ပါတယ်။ သို့မှသာ သက်ဆိုင်ရာဝန်ကြီးဌာနရဲ့ ဆန္ဒသဘောထားများကို သိရှိနိုင်ပြီး ခိုင်မာသည့်ဥပဒေ တစ်ရပ်ဖြစ် ပေါ်လာရေးကို အထောက်အကူပြုနိုင်မည် သာဖြစ်ပါတယ်။ လက်ရှိအခြေအနေတွင် ဥပဒေကြမ်းများ အတည်ပြုရေး ဆောင်ရွက်သည့် ညှိနှိုင်းအစည်းအဝေး များသို့ ညွှန်ကြားရေးမှူးချုပ်အဆင့်နှင့် ဒုတိယ ညွှန်ကြားရေးမှူးချုပ် အဆင့်များကသာ အများဆုံးတက်ရောက် ခဲ့ကြ သည့်အတွက် သဘောထား ကွာဟချက်များ ဖြစ်ပေါ်ခဲ့ရပါကြောင်း သုံးသပ်တွေ့ရှိရပါတယ်။

အထူးသဖြင့် ပြည်ထောင်စုလွှတ်တော်မှအတည်ပြုပြီးချိန်၊ နိုင်ငံတော်သမ္မတ၏သဘောထား မှတ်ချက် ပြန်ကြားလာသည့်အခါ ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းပုံအခြေခံဥပဒေပါ သတ်မှတ် ပြဋ္ဌာန်းချက်များနှင့် အညီ ဆောင်ရွက်ခဲ့ရာ၌ နိုင်ငံတော်သမ္မတ၏ သဘောထားမှတ်ချက်များနှင့် ကွဲလွဲချက်များ ရှိကောင်း ရှိလာနိုင်ပါ တယ်ခင်ဗျာ။ တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့ရဲ့ အကြံပြု သုံးသပ်ချက်များ ဖော်ပြခဲ့တဲ့ ယှဉ်ပြိုင်ပြင်ဆင်လိုသူက တင်ပြသည့်အချက် သည် မည်မျှသင့်လျော်မှန်ကန်မှု ရှိသည်ဖြစ်စေ၊ ၎င်းကိုယ်စားလှယ်၏တင်ပြပုံတွင် အားနည်းချက်ရှိပြီး လွှတ်တော်ကိုယ်စားလှယ်အများစု ရှင်းလင်းအောင် တင်ပြနိုင်ခြင်းမရှိပါက ဆန္ဒမဲဆုံးရှုံးပြီး ဥပဒေ ကောင်းတစ်ရပ်ပေါ်ပေါက်လာစေမည့် အခြေအနေမှ လမ်းလွဲသွားရပါကြောင်း၊ ဥပမာ- အမျိုးသား ပညာရေးဥပဒေကို အထောက်အထားပြု တင်ပြခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြ လိုသည်မှာ ယင်းဥပဒေကို ဥပဒေကြမ်းအဖြစ် ပြည်သူ့လွှတ်တော် ပညာရေးမြှင့်တင်မှုကော်မတီမှ သက်ဆိုင်ရာ ပြည်ထောင်စု ပညာရေးဝန်ကြီးဌာနတို့နှင့် ပြင်ပပုဂ္ဂိုလ်များ အကြိမ်ကြိမ်ညှိနှိုင်းဆွေးနွေးပြီး ပြည်သူ့ လွှတ်တော်သို့ တင်သွင်းခဲ့သော ဥပဒေကြမ်းနှင့် ပြည်ထောင်စု ပညာရေး ဝန်ကြီးဌာနမှ တင်သွင်းလာ သော ဥပဒေကြမ်းနှစ်ခုအား တပေါင်းတည်း ဆွေးနွေးရခြင်းဖြစ်ပါတယ်။

ဒီဥပဒေကြမ်းကို အတည်ပြုပြဋ္ဌာန်းနိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေး(၉)ကြိမ် ပြုလုပ်ခဲ့ရပါ တယ်။ အဆိုပါ အစည်းအဝေးများကို ဥပဒေကြမ်းကော်မတီဝင်များ၊ ကော်မရှင်အဖွဲ့ဝင်များ၊ ပညာရေး မြှင့်တင်မှု ကော်မတီဝင်များ၊ ပြုပြင်ပြောင်းလဲရေးနှင့် ခေတ်မီဖွံ့ဖြိုးတိုးတက်မှု စိစစ်ရေးကော်မတီဝင်များ၊ ပညာရေး ဝန်ကြီးဌာနမှ ညွှန်ကြား ရေးမှူးချုပ်နှင့် ပါမောက္ခချုပ်များ၊ ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် ပါဝင်သည့် တရား ဥပဒေစိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေးကော်မတီဝင်များ၊ ပြင်ဆင်ချက် အဆို တင်သွင်းသည့် လွှတ်တော်ကိုယ်စားလှယ်များ အကြိမ်ကြိမ် တက်ရောက်ခဲ့ကြပြီး ညှိနှိုင်း ဆွေးနွေးခဲ့ကြပါတယ်။ ယင်းဥပဒေကြမ်းကို လွှတ်တော်နှစ်ရပ်၌ အတည်ပြုဆုံးဖြတ်ချက် ချမှတ်ရာတွင် လည်း သက်ဆိုင်ရာ ပြည်ထောင်စု ဒုတိယဝန်ကြီးများ ကိုယ်တိုင်တက်ရောက်ပြီး သဘောတူညီခဲ့ကြပါ တယ်။  အမျိုးသားပညာရေး ဥပဒေကြမ်းနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတ၏ သဘောထားမှတ်ချက် (၂၃) ချက်ဖြင့် ပြည်ထောင်စု လွှတ်တော်သို့ ပြန်လည်ပေးပို့ခဲ့ရာတွင် ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီသည် သက်ဆိုင်ရာပုဂ္ဂိုလ်များအားလုံးကို ဖိတ်ကြားပြီး ဆွေးနွေးခဲ့ကြရာ နိုင်ငံတော်သမ္မတ၏ သဘောထား မှတ်ချက်နှင့်အညီ ပြင်ဆင်ချက် (၃) ချက်၊ နိုင်ငံတော်သမ္မတ၏ သဘောထားမှတ်ချက်အတိုင်း (၁၃) ချက်၊ ပြည်ထောင်စု လွှတ်တော်၏ သဘောထားအတည်ပြုချက် အတိုင်း (၇) ချက် စုစုပေါင်း (၂၃) ချက်ဖြင့် အတည်ပြုခဲ့ကြပါတယ်။ အဆိုပါ ဥပဒေကြမ်းအား ပြည်ထောင်စုလွှတ်တော်တွင် နောက်ဆုံးအဆင့် အတည်ပြုရေး ဆွေးနွေးခဲ့ကြရာ၌ ပြင်ဆင်လိုသူ လွှတ်တော်ကိုယ်စားလှယ်များ၏ သဘောထားကို တင်ပြ ဆောင်ရွက်မှုများရှိခဲ့သော်လည်း ဒီမိုကရေစီ ကျင့်စဉ်အရ အများသဘောတူညီပြီး ကောင်းမွန်သည့် ပြင်ဆင်ချက်များကို အတည်ပြုခဲ့ခြင်းဖြစ်သဖြင့် တင်ပြပုံ မကောင်း၍ ဆန္ဒမဲဆုံးရှုံးရခြင်း ဆိုသည့် အကြံပြု သုံးသပ်ချက်မျိုး မဖြစ်ပေါ်ခဲ့ပါ။ လွှတ်တော်သည် ဥပဒေကြမ်း ကော်မတီဝင်များအပါအဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် များ၏ အရည်အချင်းမြှင့်တင်နိုင်ရေးအတွက် ပြည်တွင်းပြည်ပရှိ အလုပ်ရုံဆွေးနွေးပွဲများ၊ လေ့လာရေး ခရီးစဉ်များကို တက်ရောက်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးလျက်ရှိပါတယ်။ မိမိတို့ ဥပဒေကြမ်း ကော်မတီဝင်များသည် ပြည်သူ့ကိုယ်စားလှယ်များ ဖြစ်သည်နှင့်အညီ မိမိနိုင်ငံနှင့် ပြည်သူလူထု အကျိုးအတွက် အဓိကထား၍ ဥပဒေပြုရေးကဏ္ဍ၌ လွှတ်တော်ကိုယ်စားလှယ်များအားလုံးနှင့် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း တင်ပြရင်း နိဂုံးချုပ်အပ်ပါ တယ်ခင်ဗျား။ အားလုံးကို ကျေးဇူးတင်ပါတယ်။