Skip to main content

နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဥပဒေပြုရေး မဏ္ဍိုင်အနေဖြင့် ဆောင်ရွက်ရန်လိုအပ်မည့် အချက်များနှင့် စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်တွင် ရှင်းလင်းဆွေးနွေး

ယနေ့ကျင်းပသော ပြည်သူ့လွှတ်တော် ပထမပုံမှန် (၁၁)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (၂၂)ရက်မြောက်နေ့တွင် (၃၀-၉-၂၀၁၄)ရက်နေ့၌ တပ်မတော်သားပြည်သူလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ်တင့်ဆန်းမှ မေးမြန်းခဲ့သော “နိုင်ငံတော်၏ မဏ္ဍိုင်ကြီး (၃)ခုဖြစ်သည့် အုပ်ချုပ်ရေးမဏ္ဍိုင်၊ ဥပဒေပြုရေးမဏ္ဍိုင်၊ တရားစီရင်ရေးမဏ္ဍိုင် တို့အနေနှင့် ကျန်ရှိနေသာ သက်တမ်းကာလအတွင်း၌ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်အောင် ဟန်ချက်ညီ ဆောင်ရွက်မည့် အနာဂတ်အစီအမံများအား မည်သို့ချမှတ်ထားပါကြောင်း၊ ထိုသို့ အနာဂတ်အစီအမံ များကို အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ စိန်ခေါ်မှုများနှင့် တွေ့ကြုံလာပါက စိန်ခေါ်မှုများကို အားသာချက် အခွင့်အလမ်းအဖြစ် ဖန်တီးယူနိုင်ရန်အတွက် မည်သည့်နည်းလမ်းဖြင့် ဖြေရှင်း ဆောင်ရွက်သွားမည်ကို”  သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်းပြီး တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၏ အကြံပြုချက်နှင့် သုံးသပ်များ ရှင်းလင်း တင်ပြခဲ့သည်။

တပ်မတော်သားပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဥပဒေပြုရေးမဏ္ဍိုင်အနေုဖြင့် ဆောင်ရွက်ရန်လိုအပ်မည့်အချက်များနှင့် စပ်လျဉ်း၍  အကြံပြုသုံးသပ်ချက်

၁။       ရည်ညွှန်း (၁)ပါအရ (၃၀-၉-၂၀၁၄)ရက်နေ့တွင် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် တပ်မတော်သားပြည်သူလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ်တင့်ဆန်းမှ “နိုင်ငံတော်၏ မဏ္ဍိုင်ကြီး (၃)ခုဖြစ်သည့် အုပ်ချုပ်ရေးမဏ္ဍိုင်၊ ဥပဒေပြုရေးမဏ္ဍိုင်၊ တရားစီရင်ရေးမဏ္ဍိုင် တို့အနေနှင့် ကျန်ရှိနေသာ သက်တမ်းကာလအတွင်း၌ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်အောင် ဟန်ချက်ညီ ဆောင်ရွက်မည့် အနာဂတ်အစီအမံများအား မည်သို့ချမှတ်ထားပါကြောင်း၊ ထိုသို့ အနာဂတ်အစီအမံ များကို အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ စိန်ခေါ်မှုများနှင့် တွေ့ကြုံလာပါက စိန်ခေါ်မှုများကို အားသာချက် အခွင့်အလမ်းအဖြစ် ဖန်တီးယူနိုင်ရန်အတွက် မည်သည့်နည်းလမ်းဖြင့် ဖြေရှင်း ဆောင်ရွက်သွားမည်ကို”  သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်းမေးမြန်းခဲ့ပြီး “မြန်မာနိုင်ငံအနေနှင့် ချမှတ်ထားသော မဟာဗျူဟာ၊ နည်းဗျူဟာများအပေါ်တွင် မဏ္ဍိုင်သုံးခုက အရှိန်အဟုန်မြှင့်ပြီး ဟန်ချက်ညီဆက်လက်ဆောင်ရွက် သွားမည်ဆိုလျှင် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံအဆင့်ကို အလျှင်အမြန်ရောက်ရှိလာမည်ဟု ယုံကြည်ပါ ကြောင်း၊ သို့ဖြစ်ပါ၍ ပြည်သူလူထုကိုယ်စား မေးမြန်း လိုသည်မှာ မြန်မာနိုင်ငံအနေနှင့် ခန့်မှန်းမည်သည့် အချိန်ကာလတွင် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံ ဖြစ်လာမည်ကို သိရှိလိုပါကြောင်း ” တစ်ဆက် တစ်စပ်တည်း မေးခွန်းမေးမြန်းခဲ့ပါသည်။ သို့ဖြစ်ရာ ရည်ညွှန်း (၂)ပါအရ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌသည် ဥပဒေပြုရေးမဏ္ဍိုင်အနေဖြင့် စိန်ခေါ်မှု အခက်အခဲများကို ကျော်လွှားပြီး မည်သို့ဆောင်ရွက်သင့်သည် ဆိုသည်ကို တပ်မတော်သား ကိုယ်စားလှယ်အစုအဖွဲ့မှ ပြန်လည်သုံးသပ်ပြီး လွှတ်တော်ဥက္ကဋ္ဌထံ ပြန်လည်တင်ပြပေးရန် လမ်းညွှန်ခဲ့ပါသည်။

ရည်ရွယ်ချက်

၂။      ဥပဒေပြုမဏ္ဍိုင်အနေဖြင့် ကြုံတွေ့နေရသော စိန်ခေါ်မှုများ၊ အခက်အခဲများအပေါ် အောင်မြင်စွာ ကျော်လွှားနိုင်စေရန်နှင့် အားသာချက်များအဖြစ်ပြောင်းလဲ၍ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရန်အတွက် အရှိန် အဟုန်မြှင့် ဆောင်ရွက်နိုင်စေရန်။

တွေ့ရှိချက်၊ သုံးသပ်ချက်နှင့်အကြံပြုချက်များ

၃။      (က) လွှတ်တော်များဖွဲ့စည်းမှု၊ လွှတ်တော်ရုံး

            (၁) လွှတ်တော်များဖွဲ့စည်းမှု။     လွှတ်တော်များဖွဲ့စည်းမှုသည် ၂၀၀၈ ခုနှစ်၊ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ဖွဲ့စည်းထားခြင်းဖြစ်၍ သီးခြားတင်ပြရန် မရှိပါ။

            (၂)  လွှတ်တော်ရုံးဖွဲ့စည်းမှု။                လွှတ်တော်ရုံးများ၏ ဖွဲ့စည်းမှုသည် ပြည်စုံမှန်ကန်ပြီး ဖြစ်ပါသည်။ ခန့်အပ်တာဝန်ပေးထားသော ဝန်ထမ်းများ၏ အရည်အချင်းများ တိုးတက် လာစေရန်နှင့် လွှတ်တော်အတွေ့အကြုံ ပိုမိုမြင့်မားလာစေရန်အတွက် သင်တန်းများ ဖွင့်လှစ် သင်ကြားပေးခြင်း၊ နိုင်ငံတကာလွှတ်တော်များသို့ လေ့လာရေး ခရီးစဉ်များ စေလွှတ်ပေးခြင်း၊ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်မှု မြှင့်တင်ပေးခြင်းတို့ကို ပိုမိုဆောင်ရွက်ပေးသင့်ပါသည်။ အလုပ်ရုံဆွေးနွေးပွဲများကိုလည်း အချိန်ဇယား ရေးဆွဲ၍ ပုံမှန်ဆောင်ရွက်ပေးသင့်ပါသည်။ သို့မှသာ လုပ်ငန်းများပိုမိုမြန်ဆန် ထိရောက် အောင်မြင်ဖြစ်ပါသည်။

     (ခ)         ကော်မတီများဖွဲ့စည်းမှု၊ တာဝန်နှင့် လုပ်ပိုင်ခွင့်

                  (၁) ကော်မတီများဖွဲ့စည်းမှု။          လက်ရှိကာလတွင် ပြည်သူ့လွှတ်တော်၌ ကော်မတီ (၂၃) ရပ်နှင့် ကော်မရှင်တစ်ရပ် ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါသည်။ ကော်မတီအရေ အတွက်မှာ ပြည့်စုံလုံလောက်မှုရှိပြီး ဘက်ပေါင်းစုံကဏ္ဍများအတွက် ပြည့်စုံ လွှမ်းခြုံမှု ရှိပြီး ဖြစ်ပါသည်။ သိုသော် အချို့သောကိုယ်စားလှယ်များအနေဖြင့် ကော်မတီ တစ်ရပ်ထက်ပိုပြီး တာဝန်ယူရသောအခါ မနိုင်မနင်းဖြစ်ခြင်းနှင့် ကော်မတီ တစ်ရပ်ရပ် အတွက် လစ်ဟင်း (ပျက်ကွက်)ခြင်းကိုတွေ့ရှိရပါသည်။ သို့ဖြစ်ရာ ထိုသို့ လွှတ်တော် ကိုယ်စားလှယ်များအစား လက်ရှိတွင်ကော်မတီများ၌ လေ့လာသူအဖြစ် ထည့်သွင်း ဖွဲ့စည်းထားသော တပ်မတော်သားကိုယ်စားလှယ်များကို ကော်မတီဝင် အဖြစ် ထည့်သွင်း ဖွဲ့စည်းသင့်ပါသည်။ ဥပဒေကြမ်းကော်မတီသည် ဥပဒေအရ ကော်မတီဝင် (၁၅) ဦးဖြင့်ဖွဲ့စည်းထားရသော်လည်း ဥပဒေကြမ်းများ အားလုံးကို ကိုယ်တွယ် ဆောင်ရွက် နေရသောကြောင့် မနိုင်မနင်းဖြစ်နေရပါသည်။ ထိုအခါ အဖွဲ့ငယ် (၃)ဖွဲ့ခွဲ၍ ဥပဒေကြမ်း များကို ကိုယ်တွယ်နေရသောကြောင့် ဘာသာရပ်ဆိုင်ရ အားနည်းချက်များ ပေါ်ပေါက် လာရပါသည်။ သို့ဖြစ်ရာ ဥပဒေတစ်ရပ်ရပ်အား အတည်ပြု ပြဋ္ဌာန်းပြီးနောက် ထပ်မံပြင်ဆင်ရမျိုးများ မကြာခဏ ပေါ်ပေါက်နေပါသည်။ ဤစိန်ခေါ်မှုအား ကျော်လွှား နိုင်စေရေးအတွက် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မရှင် တွင် ဘာသာရပ်ပေါင်းစုံအား လွှမ်းခြုံအကြံပြုနိုင်စေရန် ပညာရှင်အရေအတွက် ထပ်မံ တိုးချဲ့ဖွဲ့စည်းသင့်ပါသည်။ ကော်မတီဝင်(လွှတ်တော်ကိုယ်စားလှယ်များ)သည် အင်္ဂလိပ်ဘာသာနှင့် ကွန်ပျူတာဘာသာရပ်တွင် အားနည်းသူ များပြားကြောင်း တွေ့ရှိ ရသဖြင့် အရည်အသွေးမြှင့်တင်ရေး ဆောင်ရွက်ရန် လိုအပ်ပါသည်။

(၂)              တာဝန်နှင့် ရပိုင်ခွင့်။ သီးခြားတင်ပြရန် မရှိပါ။

      (ဂ)        ကော်မတီရုံးများဖွဲ့စည်းမှု(ဝန်ထမ်းများ၏ အရေအတွက်၊ အရည်အချင်း၊ ဘာသာရပ် ဆိုင်ရာကျွမ်းကျင်မှု)။        ကော်မတီရုံးများတွင် လက်ရှိဖွဲ့စည်းပုံအရ သင့်လျော်မှုရှိကြောင်း တွေ့ရှိရပါသည်။ ကော်မတီရုံးများ၌ အမျိုးသားဝန်ထမ်းများသာ ထမ်းဆောင်သင့်သော တာဝန်များလည်းရှိရာ အမျိုးသားဝန်ထမ်းများ ထပ်မံခန့်အပ်သင့်ပါသည်။ ရုံးသုံး အထောက်အကူပြုပစ္စည်း (ဥပမာ- ကွန်ပျူတာ၊ Printer၊ မိတ္တူကူးစက်)၊ Scanne၊ Fax Phone၊ Projector၊ အသံဖမ်းကိရိယာ (Mic အမျိုးမျိုး)စသည်တို့ ပြည့်စုံအောင် ဖြည့်ဆည်းပေးခြင်းအပြင်၊ ရုံးသုံးစရိတ်၊ အသေးသုံးစရိတ်များကိုလည်း တိုးမြှင့် သတ်မှတ်ပေးနိုင်ရန် လိုအပ်မည်ဖြစ်ပါသည်။ ဝန်ထမ်းများအနေဖြင့် ကွန်ပျူတာ စွမ်းရည်၊ Network အသုံးပြုနိုင်မှုစွမ်းရည်၊ လက်ရေးတို(Stenorgraphy)၊ ဥပဒေများ ကို အင်္ဂလိပ်-မြန်မာအပြန်အလှန် ဘာသာပြန်ဆိုနိုင်မှု စွမ်းရည်များရှိစေရန် အတွက် Capacity မြှင့်တင်ခြင်းကိုဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ပြည်တွင်း ပြည်ပ သင်တန်းများစေလွှတ်ခြင်း၊ အလုပ်ရုံဆွေးနွေးပွဲများ၊ Seminer များ ကျင်းပခြင်း၊ သုတေသနလုပ်ငန်းများတိုးချဲ့ဆောင်ရွက်စေခြင်းဖြင့့်် လေ့ကျင့်ပေးရန် လိုအပ်မည် ဖြစ်ပါသည်။

(ဃ)           လွှတ်တော်တွင် မေးခွန်း၊ အဆို၊ ဥပဒေကြမ်းများ တင်သွင်းဆောင်ရွက်မှု

(၁)     မေးခွန်းမေးမြန်းမှု။    ကိုယ်စားလှယ်များအနေဖြင့် သတ်မှန်ချိန်အတွင်း မေးခွန်း၏ ဆိုလိုရင်းကို ရှင်းလင်းပြတ်သားစွာမေးမြန်းသင့်ပြီး ရှည်လျားထွေပြားစွာ မေမြန်းခြင်း များအား ထိရောက်စွာ ပြစ်တင်ရှုတ်ချ၍ မှတ်တမ်းတင်သင့်ပါသည်။ မေးခွန်းများ မေးမြန်းရာတွင်လည်း မေးခွန်းရှင်သည် အပြုသဘောဆောင်သည့် မေးခွန်းများကို မေးမြန်းသင့်ပါသည်။ အချို့သော မေးခွန်းများအနေဖြင့် ပုဂ္ဂလိက အဓိဋ္ဌာန် ဆောင် နေခြင်း၊ ဆန့်ကျင်ဘက်အသွင် ဆောင်နေခြင်းတို့ကို တွေ့ရှိရပါသည်။ နိုင်ငံသား အများစုကို ကိုယ်စားပြုနိုင်သော မေးခွန်းများအား ဦးစားပေးမေးမြန်း သင့်ပါသည်။ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းဝင်များအနေဖြင့်လည်း မေးခွန်းများအား ပြန်လည် ဖြေကြားရာ၌ ခွင့်ပြုချိန်အတွင်း လိုအပ်သည့်အကြောင်းအရာ အချက်အလက်တို့ကို အနှစ်ချုပ်၍ လိုရင်းကို ထိထိမိမိ ဖြေကြားနိုင်ရေးအတွက် လွှတ်တော်ရုံးနှင့် ကြိုတင်ညှိနှိုင်း ဆောင်ရွက်သင့်ပါသည်။

(ဥပမာ- Power Point လိုအပ်ပါက ကြိုတင်ပြင်ဆင်လာခြင်း)။

(၂) အဆိုများဆွေးနွေးခြင်း။   အဆိုများနှင့် ပတ်သက်၍ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များသည် နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးအတွက် ပြန်လည်ရှင်းလင်းဖြေကြားရာတွင် နိုင်ငံသားများကို ကိုယ်စားပြုနေသော လွှတ်တော်ကိုယ်စားလှယ်များ၏ ယုံကြည်လက်ခံမှု အပြည့်အဝရရှိစေရန် အရည်အချင်းပြည့်မီစွာ ပြန်လည်ရှင်းလင်း ဖြေကြားတင်ပြသင့် ပါသည်။

(၃) ဥပဒေကြမ်းဆွေးနွေးခြင်း။                တင်သွင်းလာသော ဥပဒေကြမ်းများသည် နိုင်ငံသား အားလုံး လိုက်နာရမည့် ဥပဒေတစ်ရပ်ဖြစ်လာနိုင်ပါသည်။ ဥပဒေကြမ်းများနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီက စိစစ်ချက်အစီရင်ခံစာ တင်သွင်းရာတွင် အစီရင်ခံစာပါ အကြောင်း အရာများ၊ အကျိုးအကြောင်းဖော်ပြချက်များသည် နိုင်ငံတော်နှင့်နိုင်ငံသားများ အတွက် အမှန်တကယ် အကျိုးဖြစ်ထွန်းစေမည့် အစီရင်ခံစာများ ဖြစ်ရန်လိုအပ်ပါသည်။ တာဝန်ယူမှု၊ တာဝန်ခံမှုရှိရန်လည်း အထူးလိုအပ်ပါသည်။ အချို့ဥပဒေကြမ်းများတွင် ပြည်ထောင်စု အဆင့် ပုဂ္ဂိုလ်၏ ပြန်လည်ရှင်းလင်းတင်ပြမှုနှင့် လုံးဝဆန့်ကျင်နေပြီး လွှတ်တော် ကိုယ်စားလှယ်အများစု၏ ဆုံးဖြတ်ချက်မှာလည်း ကော်မတီ၏ အစီရင်ခံစာပါ ကျိုးကြောင်း ဖော်ပြချက်နှင့် ဆန့်ကျင်ကွဲလွဲမှုရှိကြောင်း၊ တွေ့ရှိနေရပါသည်။ ကော်မတီ၏ အစီရင်ခံစာ သည် လူ၊ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက် သို့မဟုတ် အဖွဲ့အစည်းတစ်ခုအား အထောက်အကူ ပြုသည့် ပုံသဏ္ဍာန်မျိုးမဖြစ်ပေါ်စေရန် စနစ်တကျ အချိန်ယူစိစစ်ပြီးမှသာ အစီရင်ခံသင့် ပါသည်။ (ဥပမာ- နိုင်ငံခြားရင်နှီးမြုပ်နှံမှု ဥပဒေကြမ်း၊ အားဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေကြမ်း)။ ဥပဒေကြမ်းများ ရေးဆွဲရာတွင် ခိုင်မာသည့် ဥပဒေတစ်ရပ် ဖြစ်ပေါ်လာ စေရန်အတွက် ဥပဒေပါအကြောင်းအရာများနှင့် ပတ်သက်၍ ပြည်သူလူထု၏ အကြံပြုချက်များပါဝင်နိုင်ရန် နည်းမျိုးစုံဖြင့် ချပြသင့်ပါသည်။ ဥပဒေပြုရာတွင် လည်း ကောင်း၊ အစီရင်ခံစာတင်သွင်းရာတွင်လည်းကောင်း၊ ပြည်သူလူထု၏ အကြံပြုချက် များ၊ ပညာရှင်များ၊ အသင်း/အဖွဲ့များ၏ အကြံပြုချက်များကို ယခုထက်ပိုမို၍ ပွင့်လင်း မြင်သာစွာ ရယူပြီး (Public Hearing) ဆောင်ရွက်၍ ထည့်သွင်းစဉ်းစားသွားရန် လိုအပ် ပါသည်။ နိုင်ငံတကာမှ ဥပဒေများကို လေ့လာခြင်းအပြင် ပညာရှင်များ၏ အကြံဉာဏ် များကိုလည်း ရယူသင့်ပါသည်။ လွှတ်တော်အတွင်း ဥပဒေပြုရာတွင် တွေ့ရှိရသော ထင်သာမြင်သာ ရှိသည့်အချက်မှာ လွှတ်တော်ကိုယ်စားလှယ် အများစုသည် ဥပဒေကြမ်းကော်မတီ (သို့မဟုတ်) ဥပဒေကြမ်းပူးပေါင်းကော်မတီ၏ ပြင်ဆင်ချက် အတိုင်းသာ ထောက်ခံဆန္ဒပြု နေရခြင်းမျိုးတွေ့ရှိနေရပါသည်။ ယှဉ်ပြိုင်ပြင်ဆင်လိုသူက တင်ပြသည့်အချက်သည် မည်မျှသင့်လျော်မှန်ကန်မှု ရှိသည်ဖြစ်စေ ၎င်းကိုယ်စားလှယ် အနေဖြင့် တင်ပြပုံတွင် အနည်းငယ် အားနည်းချက်ရှိပြီး လွှတ်တော်ကိုယ်စားလှယ်အများစု ရှင်းလင်းအောင် တင်ပြနိုင်ခြင်းမရှိပါက ဆန္ဒမဲဆုံးရှုံးပြီး ဥပဒေကောင်းတစ်ရပ် ပေါ်ပေါက်လာစေမည့် အခြေနေမှလမ်းလွဲသွားရပါသည်။ (ဥပမာ- အမျိုးသားပညာရေးဥပဒေ) လွှတ်တော်များ အနေဖြင့် ဥပဒေပြုရာတွင် သတ်မှတ်ချိန်အတွင်း အရည်အသွေး ရှိသော ဥပဒေများ ပေါ်ထွက်လာစေရန်အတွက် ပြဋ္ဌာန်းလိုသည့် ဥပဒေအရေအတွက်ကို ကန့်သတ်ရန် လိုအပ်ပြီး ဥပဒေကြမ်းကော်မတီဝင်များ၏ အရည်အချင်းကို မြှင့်တင်ရန်လိုအပ်ပါသည်။ ၎င်းအပြင် ဥပဒေကြမ်းကော်မတီအား အထောက်အကူဖြစ်စေရန် ဥပဒေရေးရာနှင့် အထူး ကိစ္စရပ်များ လေ့လာစမ်းစစ်သုံးသပ်ရေး ကော်မရှင်ကို ဘာသာရပ် ကျွမ်းကျင်သူများ ထပ်မံထည့်သွင်း၍ တိုးချဲ့ဖွဲ့စည်းသင့်ပါသည်။

(င) မဏ္ဍိုင်ကြီး (၃) အပြန်အလှန်ထိန်းကျောင်းမှုကဏ္ဍ ပိုမိုတိုးမြှင့်ဆောင်ရွက်ရေး။ မဏ္ဍိုင်ကြီး (၃) ရပ်အပြန်အလှန်ထိန်းကျောင်းမှုပြုရာတွင် ကြုံတွေ့နေရသောစိန်ခေါ်မှုများမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -

(၁)    ဥပဒေပြုမဏ္ဍိုင်မှ အုပ်ချုပ်ရေးမဏ္ဍိုင်အား စောင့်ကြည့်ထိန်းကျောင်းရာတွင် အုပ်ချုပ်ရေး မဏ္ဍိုင်သည် ဂတိကဝတ်အတိုင်းလိုက်နာဆောင်ရွက်မှု အားနည်းခြင်းနှင့် ကြန့်ကြာခြင်း များရှိ ကြောင်း တွေ့ရှိရပါသည်။

(၂)    ဥပဒေပြုမဏ္ဍိုင်မှ တရားစီရင်ရေးမဏ္ဍိုင်အား စောင့်ကြည့်ထိန်းကျောင်းရာတွင် ကော်မတီ၊ ကော်မရှင်များ လိုအပ်သလို ဖွဲ့စည်းဆောင်ရွက်မှုအား တရားစီရင်ရေးမဏ္ဍိုင်အနေဖြင့် နားလည်မှုရှိရန်နှင့် လက်ခံနိုင်ရန် လိုအပ်ပါသည်။

(၃)    အုပ်ချုပ်ရေးမဏ္ဍိုင်မှ ဥပဒေပြုရေးမဏ္ဍိုင်ကို ထိန်းကျောင်းရာတွင် ဥပဒေပြုရေးမဏ္ဍိုင်က ပြဋ္ဌာန်းလိုက်သော ဥပဒေကြမ်းများအနက် အချို့သော ဥပဒေကြမ်းများအား အုပ်ချုပ်ရေးမဏ္ဍိုင်မှ ပြင်ဆင်ချက်/သဘောထားမှတ်ချက်ဖြင့် ပြန်လည်ပေးပို့လာသောအခါ ဥပဒေပြုရေးမဏ္ဍိုင်အနေဖြင့် နားလည်လက်ခံရန် ခက်ခဲကြောင်းတွေ့ရှိရပါသည်။

(၄)    တရားစီရင်ရေးမဏ္ဍိုင်မှ ဥပဒေပြုရေးမဏ္ဍိုင်ကို စောင့်ကြည့်ထိန်းကျောင်းမှုပြုရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံး၏ ဆုံးဖြတ်ချက်ကို ဥပဒေပြုရေးမဏ္ဍိုင်အနေဖြင့် နားလည်ရန် ခက်ခဲကြောင်းတွေ့ရှိရပါသည်။

(၅)    သို့ဖြစ်ပါ၍ မဏ္ဍိုင်ကြီး (၃)ရပ် အနေဖြင့် ပုဂ္ဂိုလ်စွဲ၊ အဖွဲ့အစည်းစွဲများ မပါရှိစေဘဲ အပြန် အလှန်နားလည်ပေးရန် လိုအပ်ပြီးအားသာသည့် အဖွဲ့အစည်းက အားနည်းသည့် အဖွဲ့ အစည်းကို နားလည်မှုရှိရှိ ပူးပေါင်းဆောင်ရွက်သင့်ပါသည်။

(စ) ပြည်ထောင်စုလွှတ်တော်နှင့် တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်များ အကြားအပြန်အလှန်ဆက်သွယ်မှု အခန်းကဏ္ဍ

(၁)     ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြည်ထောင်စုလွှတ်တော်နှင့် တိုင်းဒေသကြီး ပြည်နယ်လွှတ်တော်များက ပြဋ္ဌာန်းရမည့်ဥပဒေများကို နောက်ဆက်တွဲဇယား (၁)၊ (၂)တို့ဖြင့် တိကျစွာဖော်ပြထားပါသည်။

(၂)     ပြည်ထောင်စုလွှတ်တော်မှ ပြဋ္ဌာန်းလိုက်သော ဥပဒေများသည် ပြည်ထောင်စုတစ်ဝှမ်း လုံးရှိ ပြည်သူလူထုတစ်ရပ်လုံးနှင့် သက်ဆိုင်သဖြင့် ပြည်ထောင်စုလွှတ်တော်က ဆွေးနွေး အတည်ပြုပြဋ္ဌာန်းလိုက်သော ဥပဒေများအား တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်များမှ ကိုယ်စားလှယ်များနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရတို့က သိရှိနားလည်ထားသင့် ပါသည်။ သို့မှသာ ပင်မဥပဒေ (Mother Law)ဖြစ်သော ပြည်ထောင်စုလွှတ်တော်၏ ဥပဒေပြဋ္ဌာန်းချက် မူဘောင်ကို ကျော်လွန်မှုမရှိစေဘဲ ယင်းပင်မဥပဒေ၏ ကာကွယ် စောင့်ရှောက်မှုကို ရယူခံစားနိုင်သည့် အပြင်တိုင်းဒေသကြီး/ ပြည်နယ်လွှတ်တော်များ အနေဖြင့် ဥပဒေများပြဋ္ဌာန်းရာတွင် အထောက်အကူရရှိမည်ဖြစ်ပါသည်၊

(၃)     အလားတူပြည်ထောင်စုလွှတ်တော်ရှိ ကိုယ်စားလှယ်များသည် တိုင်းဒေသကြီး/ ပြည်နယ် များတွင် နေထိုင်နေကြသော ပြည်သူများဖြစ်သည့်အညီ မိမိတို့နေထိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်လွှတ်တော်များက ပြဋ္ဌာန်းလိုက်သော ဥပဒေများအား သိရှိလိုက်နာရမည် ဖြစ်သကဲ့သို့ ယင်းဥပဒေများသည် ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းလိုက်သော ဥပဒေ၊ ပြည်ထောင်စုအစိုးရ၏ မူဝါဒ၊ ရည်မှန်းချက်၊ ဆောင်ရွက်ချက်များနှင့် ဟန်ချက်ညီ/မညီ ယင်းဒေသရှိ ပြည်သူလူထုအား ညီမျှအကျိုးပြု/မပြုကို သိရှိနားလည်နိုင်မည် ဖြစ်ပါသည်။

(၄)     တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်များအနေဖြင့်လည်း ပြည်ထောင်စုလွှတ်တော်နှင့် ဟန်ချက်ညီသော ဥပဒေများပြဋ္ဌာန်းနိုင်ရန် လိုအပ်ပြီး သက်ဆိုင်ရာဥပဒေများအား အပြန်အလှန် သိရှိနားလည်ထားရန် အထူးလိုအပ်ပါသည်။ သို့မှသာ နိုင်ငံတော်သည် ဘက်ပေါင်းစုံမှ ဟန်ချက်ညီညီ အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်လာနိုင်မည်ဖြစ်ပါသည်။ ပြည်ထောင်စုလွှတ်တော်၏ လုပ်ပိုင်ခွင့်အာဏာများကို တိုင်းဒေသကြီး/ပြည်နယ်များက ကျော်လွန်ဆောင်ရွက်မိခြင်းမျိုး မဖြစ်ပေါ်စေရန် လိုအပ်သကဲ့သို့ တိုင်းဒေသကြီး / ပြည်နယ်များ၏ လုပ်ပိုင်ခွင့်များကိုလည်း ပြည်ထောင်စုလွှတ်တော်က ဝင်ရောက်စွက်ဖက် ဆောင်ရွက်မိခြင်းမျိုး မပေါ်ပေါက်စေရန် လိုအပ်သဖြင့် လွှတ်တော်များအကြား အပြန် အလှန်ဆက်သွယ်မှု အခန်းကဏ္ဍကို ယခုထက်ပိုမိုတိုးမြှင့်ဆောင်ရွက်သင့်ပါသည်။

(ဆ) လွှတ်တော်၏ ဆောင်ရွက်ချက်များ ပိုမိုပွင့်လင်းမြင်သာစေရန်

(၁)     လွှတ်တော်တွင် အဆို၊ ဥပဒေကြမ်းများတင်သွင်းမှုကို မည်သည့်လွှတ်တော် ကိုယ်စားလှယ်က မည်သည့်နေ့တွင် မည်သည့်အဆို/ ဥပဒေကြမ်းကို တင်သွင်းမည် ဖြစ်ကြောင်းကို ကြေညာသင်ပုန်းတွင် ကြိုတင်၍ ဖော်ပြထားပေးသင့်ပါသည်။ သို့မှသာ ကိုယ်စားလှယ်အားလုံး တွေ့ရှိနိုင်မည်ဖြစ်သကဲ့သို့ အကြောင်းအရာနှင့်ပတ်သက်သော အချက်အလက်များကို ကြိုတင်ရှာဖွေစုဆောင်းထားရှိကာ ဝင်ရောက်ဆွေးနွေးခြင်းအားဖြင့် နိုင်ငံတော်အတွက် ပိုမိုအကျိုးဖြစ်စေမည်ဖြစ်သကဲ့သို့ လွှတ်တော်ရုံး၏ ပွင့်လင်းမြင်သာ မှုကို ဖော်ပြရာရောက်မည်ဖြစ်ပါသည်။

(၂)     ကော်မတီများအနေဖြင့်လည်း မည်သည့်ဥပဒေကြမ်းများအား မည်သည့် ရက် တွင် ဆွေးနွေးမည်ကို ကြေညာသင်ပုန်းတွင် ကြိုတင်ဖော်ပြထားပေးသင့်ပါသည် သို့မှသာ ကိုယ်စားလှယ်အားလုံး သိရှိပြီးဥပဒေကြမ်းပါ အကြောင်းအရာနှင့် ပတ်သက်သော အချက်အလက်များကို ကြိုတင်ရှာဖွေစုဆောင်းကာ စိတ်ပါဝင်စားသူ ကိုယ်စားလှယ် အားလုံး ဝင်ရောက်ဆွေးနွေးနိုင်သောကြောင့် ပိုမိုတောင့်တင်းခိုင်မာသော ဥပဒေများပေါ်ထွက်လာနိုင်မည် ဖြစ်သကဲ့သို့ တန်ဖိုးရှိသော လွှတ်တော်၏အချိန်များကိုလည်း အကျိုးရှိရှိပိုင်းခြား သုံးစွဲသွားနိုင်မည် ဖြစ်ပါသည်။

(၃)     အရေးကြီးအဆိုများ တင်သွင်းရာ၌ ပြည်သူ့လွှတ်တော်နည်းဥပဒေ ၁၆၃ ပါ အတိုင်း တိကျစွာ ဆောင်ရွက်သင့်ပြီး ကိုယ်စားလှယ်များအနေဖြင့် အဆိုပါအကြောင်းအရာနှင့် ပတ်သက်ပြီး လိုအပ်သော အချက်အလက်များ ရှာဖွေဆွေးနွေးနိုင်မည် ဖြစ်ပါသည်။

(၄)     ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်၏ လှုပ်ရှားဆောင်ရွက်မှုများ အားနည်းကြောင်း တွေ့ရသဖြင့် လှုပ်ရှားဆောင်ရွက်မှုများအား ယခင်ထက်ပိုမိုပွင့်လင်း မြင်သာစေရန် ဆောင်ရွက်သွားရန် လိုအပ်ပါသည်။

(၅)     လွှတ်တော်၏ဆောင်ရွက်ချက်များနှင့် ပတ်သက်ပြီး သုတေသနလုပ်ငန်းများ ဆောင်ရွက် ရာ၌ ပုဂ္ဂလိကအသင်းအဖွဲ့၊ ကုမ္ပဏီများသို့ တာဝန်မပေးဘဲ လွှတ်တော်ရုံးကသာ ဌာန တစ်ခုအနေဖြင့် ဆောင်ရွက်သင့်ပြီး အသင်းအဖွဲ့၊ ကုမ္ပဏီများအနေဖြင့် ဆောင်ရွက် လိုပါက ပြင်ပမှစောင့်ကြည့် သုတေသနလုပ်ငန်းမျိုးသာ လုပ်ဆောင်စေသင့်ပါသည်။ အကြောင်းအရာ၊ အချက်အလက်များ ပံ့ပိုးပေးရမည်ဆိုပါက စာရွက်စာတမ်းလုံခြုံရေး၊ သတင်းလုံခြုံရေးအရ လွှတ်တော်ကိုယ်စားလှယ်အားလုံးကို ချပြပြီးမှသာ အတည်ပြုချက် ရယူ၍ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်သင့်ပါသည်။

(၆)     နိုင်ငံတကာဆောင်ရွက်ချက်များ၊ သတင်းစဉ်များတွင်လည်း အသေးစိတ်လုပ်ငန်း ဆောင်ရွက်ချက်များကို ကိုယ်စားလှယ်အားလုံး သိရှိနားလည်ပါဝင်ဆောင်ရွက်နိုင်ရေး ယခုထက် ပို၍တိုးမြှင့်ဆောင်ရွက်သင့်ပါသည်။

(ဇ)    နိုင်ငံတကာလွှတ်တော်များနှင့် ဆက်သွယ်ဆောင်ရွက်မှု၊ သတင်းအချက်အလက်နှင့် အတွေ့အကြုံများ ဖလှယ်မှု

(၁)   ပြည်သူ့လွှတ်တော်တွင် “နိုင်ငံတကာ ဆက်ဆံရေးကော်မတီ” အမျိုးသားလွှတ်တော်တွင် “ကမ္ဘာကုလသမဂ္ဂ၊ အာဆီယံ၊ AIPA နှင့် အပြည်ပြည်ဆိုင်ရာဆက်ဆံရေးကော်မတီ” ပြည်ထောင်စုလွှတ်တော်တွင် “နိုင်ငံတကာပါလီမန်များ အဖွဲ့ဆိုင်ရာ ပူပေါင်းကော်မတီ” နှင့် “အာဆီယံပါလီမန်များ ညီလာခံဆိုင်ရာ ပူပေါင်းကော်မတီ” များဖွဲ့စည်းထားရှိပါသည်။ လွှတ်တော်တစ်ခု၏ သက်တမ်းမှာ ၅ နှစ်ကာလဖြစ်ပြီး လွှတ်တော်သက်တမ်းတစ်ခု အတွင်း ဆောင်ရွက်ချက်များကို နောင်လွှတ်တော်များသို့ လက်ဆင့်ကမ်းယူရန် လိုအပ်သကဲ့သို့ လွှတ်တော်၏နိုင်ငံတကာနှင့် ပတ်သက်သော ဆောင်ရွက်ချက်များကို လွှတ်တော်ကိုယ်စားလှယ်အားလုံးနှင့် ပြည်သူများသိရှိထားရန်လိုအပ်ပါသည်။ သို့ဖြစ်ပါ၍ နိုင်ငံတကာဆက်ဆံရေးနှင့်ပတ်သက်သော ကော်မတီ၏ဆောင်ရွက်ချက်များ၊ ခရီးစဉ်များ၊ လေ့လာရေး၊ သင်တန်း၊ အစည်းအဝေးများနှင့် ပတ်သက်ပြီး ခရီးစဉ်မှတ်တမ်း၊ လုပ်ဆောင်ချက်များ၊ လွှတ်တော်များဆိုင်ရာ သဘောတူညီချက်များ၊ အစီရင်ခံစာများ ကိုပိုမို ပွင့်လင်းမြင်သာစွာ ချပြသင့်ပါသည်။ သို့မှသာ ကိုယ်စားလှယ်အားလုံး သိရှိပြီး ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။

(၂)     လွှတ်တော်အတွေ့အကြုံများ ပိုမိုရင့်ကျက်လာနိုင်စေရန် လွှတ်တော် ကိုယ်စားလှယ်များ အားလေ့လာရေးခရီးစဉ်များ၊ သင်တန်းများကို ပိုမိုစေလွှတ်သင့်ပြီး ကိုယ်စားလှယ် အားလုံးပါဝင်နိုင်ရေး တိုးမြှင့်ဆောင်ရွက်သွားသင့်ပါသည်။

(ဈ)     လွှတ်တော်ကိုယ်စားလှယ်များ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ထိရောက်စွာ အကောင်အထည်ဖော် ဆောင်မှု

(၁)     ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေးရန်ပုံငွေဥပဒေကို ရေးဆွဲပြဌာန်းနိုင်ရေး ဆောင်ရွက် နေဆဲဖြစ်သော်လည်း ဖွံ့ဖြိုးရေးရန်ပုံငွေသုံးစွဲရာတွင် ဖွံ့ဖြိုးမှုနောက်ကျ နေသော ဒေသများ၌  ပိုမိုသုံးစွဲသင့်ပါသည်။ ယင်းသို့ဆောင်ရွက်နိုင်စေရန် ရန်ပုံငွေ ရွှေ့ပြောင်းသုံးစွဲမည်ဆိုပါကလည်း ခိုင်မာတိကျသောမှုဝါဒ၊ လုပ်ထုံးလုပ်နည်း၊ နည်းဥပဒေ များချမှတ်ရန်လိုအပ်ပါသည်။ သို့မှသာ တိုင်းဒေသကြီးနှင့် ပြည်နယ်များအကြား၊ မြို့နယ် တစ်မြို့နယ်နှင့် တစ်မြို့နယ်အကြား၊ တိုင်းရင်းသားလူမျိုးစု တစ်စုနှင့် တစ်စုအကြား သာမက ပါတီတစ်ခုနှင့်တစ်ခုအကြား နားလည်မှုပိုမိုရရှိကာ တိုင်းရင်းသားစည်းလုံး ညီညွှတ်ရေးကို မထိခိုက်ဘဲ ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။

(၂)     မြို့နယ်ဖွံ့ဖြိုးရေးရန်ပုံငွေ သုံးစွဲရာတွင်လည်း ဒေသစွဲ၊ နယ်မြေစွဲ၊ ရပ်ကွက်စွဲ၊ လူမျိုးစွဲ၊ ဘာသာစွဲ၊ ပါတီစွဲ၊ လူပုဂ္ဂိုလ်စွဲကင်းစွာဖြင့် ဥပဒေနှင့်အညီ ဆောင်ရွက်သင့်ပါသည်။

(၃)     ဖွံ့ဖြိုးရေးရန်ပုံငွေသုံးစွဲပြီး ဆောင်ရွက်ချက်များ၊ လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှုများ၊ ကြပ်မတ်စစ်ဆေးမှုများကို သက်ဆိုင်ရာမြို့နယ်ရှိ မြို့နယ်ဖွံ့ဖြိုးရေး အထောက်အကူပြု ကော်မတီဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ဆောင်ရွက်ပြီးစီးမှု မှတ်တမ်းများကို တိကျစွာအစီအရင်ခံ တင်ပြသင့်ပြီး ယင်းအစီရင်ခံစာကို စိစစ်ရန် လိုအပ်ပါသည်။ အစီရင်ခံစာများကိုစီစစ်ရာ၌ မမှန်မကန်သော အစီအရင်ခံစာ ရေးသားတင်ပြမှုများ ပါရှိလာပါက လိုအပ်သလို သတိပေးမှု၊ အရေးယှုမှုများပြုလုပ်ရန် လိုအပ်ပါသည်။ လုပ်ငန်းဆောင်ရွက်ပြီးစီးမှုများကိုလည်း အများပြည်သူသိရှိစေရန် သတင်းစာနှင့် စာစောင်များ၊ လွှတ်တော်ဂျာနယ်များ၊ စသည်တို့တွင် ပွင့်လင်းမြင်သာစွာ ဖော်ပြသွားသင့်ပါသည်။

 (ည)   ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၁၁(က)နှင့်အညီ လွှတ်တော်၊ လွှတ်တော်ကော်မတီ၊ အုပ်ချုပ်ရေးအဖွဲ့၊    ပြည်ထောင်စုလွှတ်တော်ချုပ်တို့ အတွင်းဆက်သွယ်ဆက်ဆံမှု။ လွှွှတ်တော်အနေဖြင့် ပြည်ထောင်စု ဝန်ကြီးဌာနများနှင့် ဆက်သွယ်ဆောင်ရွက်ရာ၌ အဆင်ပြေမှုရှိသော်လည်း အချို့လွှတ်တော်ကော် မတီများအနေဖြင့် ဝန်ကြီးဌာနများနှင့် ဆက်သွယ်ဆောင်ရွက်ရာတွင် အခက်အခဲများရှိကြောင်း တွေ့ရပါသည်။ ယင်းသို့ မဖြစ်ပေါ်စေရန်အတွက် အဓိကအချက်မှာ တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန်နားလည်မှုရှိရန်လိုအပ်ပြီး ညှိနှိုင်းဆောင်ရွက်ရန် လိုအပ်ကြောင်း တွေ့ရှိရပါသည်။

(ဋ)     သတင်းမီဒီယာနှင့် လွှတ်တော်အကြား အပြန်အလှန်ဆက်သွယ်မှု အခန်းကဏ္ဍ

(၁)     သတင်းမီဒီယာများအနေဖြင့် လွှတ်တော်များတွင် ကိုယ်စားလှယ်များ၏ ဆောင်ရွက်ချက် ဖြစ်သော မေးခွန်းမေးမြန်းခြင်း၊ အဆိုတင်သွင်းခြင်း၊ ဥပဒေပြုခြင်း အပိုင်းတွင် သတင်းမှန်များ ထုတ်လွှင့်ဖြန့်ချီပေးရန် အလွန်အရေးကြီးပါသည်။ သို့မှသာ ပြည်သူလူထု အနေဖြင့် လွှတ်တော်ကိုယ်စားလှယ်များက နိုင်ငံတော်နှင့် နိုင်ငံသားများအကျိုးအတွက် မည်သို့ ဆောင်ရွက်နေသည်၊ မဏ္ဍိုကြီး(၃)ရပ်အကြား ဥပဒေနှင့်အညီ မည်သို့ အပြန်အလှန်ထိန်းကျောင်း ဆောင်ရွက်နေသည်ကို အမှန်တကယ်သိရှိနိုင်မည် ဖြစ် ပါသည်။ အချို့သော သတင်းမီဒီယာနှင့် ဂျာနယ်များသည် သတင်းများဖော်ပြရာတွင် ကျ၎င်းတို့ ကျောထောက် နောက်ခံပြုထားသော အဖွဲ့အစည်း၏ အရိပ်ယောင် လွှမ်းမိုးမှုအရ လည်းကောင်း၊ စီးပွားရေးဆန်ဆန်ဖြင့် သတင်းဂျာနယ် ပိုမိုရောင်း အားကောင်း စေရန်လည်းကောင်း ကိုယ်စားလှယ်များ၏ ဆောင်ရွက်ချက်၊ ဆွေးနွေးချက်၊ ဆိုလိုရင်းအနက် အဓိပ္ပါယ်တစ်ခုလုံးကိုပေါ်လွင်အောင် ဖော်ပြရေးသားခြင်းအရှိဘဲ အကြောင်းအရာတစ်ခု၊ အပိုင်းအခြားတစ်ခု၊ တစ်စိတ်တစ်ဒေသကိုသာ ရွေးချယ် ဖော်ပြမှုများရှိနေသည့်အပြင် ၎င်းအကြောင်းအရာတစ်စိတ်တစ်ဒေသကို ကိုးကား၍ လိုရာဆွဲသုံးသပ် ရေးသားမှုများကြောင့် မဏ္ဍိုင်ကြီး(၃)ရပ်၏ ဆောင်ရွက်ချက်အပေါ် ပြည်သူလူထုအနေဖြင့်ယုံကြည်မှုကင်းမဲ့ကာ အထင်အမြင်လွဲမှားမှုများ ဖြစ်ပေါ်လာနိုင် ပါသည်။ ၎င်းအပြင် နိုင်ငံတကာ အသိုင်းအဝိုငး၏ ယုံကြည်မှုကိုလည်း လျော့ပါးစေနိုင် ပါသည်။

(၂)     ယင်းသို့ မဖြစ်ပေါ်စေရေးအတွက် အုပ်ချုပ်ရေး မဏ္ဍိုင်အနေဖြင့် ဥပဒေနှင့်အညီ ထိန်းကျောင်းနေပါသော်လည်း အချို့မီဒီယာများ           နေဖြင့်ကျင့်ဝတ်နှင့်မညီဖော်ပြ ရေး သား နေမှုများကို ဥပဒေပြုရေး           မဏ္ဍိုင်အနေဖြင့်လည်း စဉ်ဆက်မပြတ်စောင့်ကြည့်ပြီး အပြန်အလှန်          ထိန်းကျောင်းရန် လိုအပ်ပါသည်။

              အနာဂတ်အစီအမံနှင့် နည်းလမ်းများ

၄။       ကျန်ရှိနေသော သက်တမ်းကာလအတွင်း မဏ္ဍိုင်ကြီး(၃)ရပ်အနေဖြင့် နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက် အနာဂတ်အစီအမံများချမှတ်ဆောင်ရွက်ရန် လိုအပ်ပါသည်။ ထိုသို့ ချမှတ် ဆောင်ရွက်ရာတွင်လည်းမဏ္ဍိုင်တိုင်ကြီး(၃)ရပ်အကြား ဟန်ချက်ညီဆောင်ရွက်ရန် လိုအပ်မည် ဖြစ်ပါသည်။ ဟန်ချက်ညီဆိုသည်မှာ အုပ်ချုပ်ရေးကဏ္ဍက ဦးစားပေးအလိုက် အကောင်း အထည်ဖော်ဆောင်ရွက်လိုသည့် စီမံကိန်းများအပေါ်မှုတည်၍ ဥပဒေပြုရေးမဏ္ဍိုင်က ဥပဒေများ ပြဌာန်းပေးရန်လိုအပ်ပါသည်။ ထိုသို့ပြဌာန်းလိုက်သော ဥပဒေများသည် ဥပဒေစည်းနှောင်အား (enforcement) ရှိစေရန်အတွက် တရားစီရင်ရေးမဏ္ဍိုင်နှင့် အုပ်ချုပ်ရေးမဏ္ဍိုင်က အားဖြည့်ပေးရန် လိုအပ်ပါသည်။ သို့မှသာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် ထိရောက်သော အောင်မြင်မှု ရရှိမည်ဖြစ်ပါသည်။

၅။       ဥပဒေပြုရေးမဏ္ဍိုင်အနေဖြင့် ဥပဒေများအား ရုပ်သိမ်းခြင်း၊ ပြင်ဆင်ခြင်း၊ အသစ်ရေးဆွဲခြင်းတို့ကို ယခုထက်ပို၍ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ရန် လိုအပ်ပြီး ၎င်းတို့ကို လုပ်ငန်းလမ်းညွှန် အချိန်ဇယား (Schedule) ရေးဆွဲ၍ စီမံဆောင်ရွက်သွားရန် လိုအပ်ပါသည်။

၆။       အုပ်ချုပ်ရေးမဏ္ဍိုင်အနေဖြင့် နှစ်တို/ နှစ်ရှည် အကောင်အထည်ဖော် ဆောင်ရွက်လိုသော လုပ်ငန်းများအတွက် လိုအပ်သော ဥပဒေများ ပြဌာန်းနိုင်ရေး ဥပဒေပြုရေးမဏ္ဍိုင်နှင့် စဉ်ဆက်မပြတ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပါသည်။ ယခုအခါ အမျိုးသား ဘက်စုံဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းကို ရေးဆွဲပြုစုနေကြောင်း သိရှိရသဖြင့် အဆိုပါစီမံကိန်း အောင်မြင်ရေးအတွက် လိုအပ်သည့် ဥပဒေပိုင်းဆိုင်ရာများကို ဥပဒေပြုရေးမဏ္ဍိုင်၊ တရားစီရင်ရေးမဏ္ဍိုင်နှင့် ကြိုတင်ညှိနှိုင်း ပြင်ဆင်ဆောင်ရွက် ထားသင့်ပါသည်။ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများမှ တင်သွင်းလိုသည့် ဥပဒေကြမ်းများကို ရှေ့နေချုပ်ရုံးသို့ ပေးပို့၍ အပြံပြုချက်ရယူရာတွင် အလွန်ကြန့်ကြာမှုရှိသဖြင့် ရှေ့နေချုပ်ရုံး၏ စွမ်းရည်ကို မြှင့်တင်ရန်လိုအပ်ပါသည်။

၇။      တရားစီရင်ရေးမဏ္ဍိုင်အနေဖြင့်လည်း အထက်ပါမဏ္ဍိုင်ကြီး(၂)ရပ် လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်မှုများအာ ဥပဒေဆိုင်ရာအကြံဉာဏ်ပေးခြင်း၊ ဟန်ချက်ညီအား ဖြည့်ကူညီခြင်း၊ တရားဥပဒေ စိုးမိုးရေးဆိုင်ရာကိစ္စများကို မှန်မှန်ကန်ကန်နှင့် မြန်မြန်ဆန်ဆန် စီရင်ဆုံးဖြတ်ပေးခြင်းတို့ကို ယခုထက် ပိုမိုတိုးမြှင့်ဆောင်ရွက်ရန်လိုအပ်ပါသည်။

နိဂုံး

၈။                မဏ္ဍိုင်ကြီး(၃)ရပ်အနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို ရှေးရှုဆောင်ရွက်ရာတွင် မဏ္ဍိုင်ကြီး တစ်ခုနှင်‌့တစ်ခု အပြန်အလှန်ထိန်းကျောင်းလျက် အပြုသဘောဖြင့် အပြိုင်အဆိုင်တိုး တက်အောင် ဆောင်ရွက်ရန် လိုအပ်သော်လည်း မဏ္ဍိုင်ကြီး(၃)ခုအကြား တိုးတက်မှုကို ဆုတ်ယုတ်စေမည့် အားပြိုင်မှု များကို ရှောင်ရှားသင့်ပေသည်။ အားနည်းသောမဏ္ဍိုင်အား အခြားသောမဏ္ဍိုင္များက ဝင်ရောက်စွက်ဖက် လွှမ်းမိုးခြင်းမျိုးမဟုတ်ဘဲ အထောက်အကူပြုစေရန်အတွက်သာ ပံ့ပိုးပေးသင့်ပါသည်။ တွေ့ကြုံလာ ရသော အခက်အခဲများ၊ စိန်ခေါ်မှုများကို မဏ္ဍိုင်ကြီး(၃)ရပ်အနေဖြင့် အချင်းချင်းအပြည့်အဝ နားလည် ယုံကြည်မှုဖြင့် ဖေးမကူညီ ဆောင်ရွက်သွားမည်ဆိုပါက ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော် အဖြစ်သို့ အချိန်တိုအတွင်း အလျင်အမြန် ရောက်ရှိလာမည်ဖြစ်ကြောင်း အကြံပြုသုံးသပ် တင်ပြ အပ်ပါသည်။

ပထမအကြိမ် ပြည်သူ့လွှတ်တော် (၁၁)ကြိမ်မြောက်ပုံမှန်အစည်းအဝေးတွင် တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးချုပ်တင့်ဆန်း မေးမြန်းသည့် ကြယ်ပွင့်ပြမေးခွန်းနှင့် ပတ်သက်၍ တရားရေးမဏ္ဍိုင်နှင့်စပ်လျဉ်းပြီး ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ အောက်ပါအတိုင်း ရှင်းလင်းတင်ပြအပ်ပါသည်-

၁။         ပထမအကြိမ် ပြည်သူ့လွှတ်တော် (၁၁)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ၃၀-၉-၂၀၁၄ ရက်နေ့တွင်

ပြည်သူ့လွှတ်တော် တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးချုပ်တင့်ဆန်းမှ "ယနေ့ဒီမိုကရေစီနိုင်ငံတော်ကြီး အလျင်အမြန်ဖွံ့ဖြိုးတိုးတက်စေရန် မဏ္ဍိုင်ကြီး ၃ ခုဖြစ်သည့် အုပ်ချုပ်ရေး မဏ္ဍိုင်၊ဥပဒေပြုရေး မဏ္ဍိုင်၊ တရားစီရင်ရေးမဏ္ဍိုင်တို့ ဟန်ချက်ညီအကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းကြောင့်နိုင်ငံတော် အစိုးရသစ် လက်ထက် ၃ နှစ်ကျော်ကာလအတွင်းမှာ အထိုက်အလျောက် တိုးတက်မှုရှိသည်ကိုတွေ့ရပါကြောင်း၊ မဏ္ဍိုင်ကြီး ၃ ခု ဟန်ချက်ညီဆောင်ရွက်ရာတွင် မဏ္ဍိုင်တစ်ခုချင်းစီအလိုက် အားသာချက်၊ အားနည်းချက် နှင့် စိန်ခေါ်မှုများ ရှိမည်ဖြစ်ပါကြောင်း၊ မဏ္ဍိုင်ကြီးများအနေဖြင့် ကျန်ရှိသောသက်တမ်းကာလအတွင်း နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် ဟန်ချက်ညီဆောင်ရွက်မည့် အနာဂတ်အစီအမံများမည်သို့ချမှတ်ထားပါကြောင်း၊ အနာဂတ်အစီအမံများကို အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ စိန်ခေါ်မှုများနှင့်ကြုံတွေ့လာပါက စိန်ခေါ်မှုများကို အားသာချက် အခွင့်အလမ်းများအဖြစ် ဖန်တီးယူနိုင်ရန်အတွက်မည်သည့်နည်းလမ်းများဖြင့် ဖြေရှင်းဆောင်ရွက်သွားမည်ကို သိလိုပါကြောင်း " မေးမြန်းခဲ့ရာ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ ဖြိုးတိုးတက်မှုဝန်ကြီးဌာန၊ ဒတု ိယဝန်ကြီး ဒေါ်လဲ့လဲ့သိန်းက မဏ္ဍိုင် ၃ ရပ်လုံးကိုကိုယ်စားပြု၍ ရှင်းလင်းဖြေကြားခဲ့ပါသည်။ အဆိုပါမေးခွန်းအပေါ် ဖြေကြားချက်နှင့် စပ်လျဉ်း၍"ဥပဒေပြုရေး မဏ္ဍိုင်ဖြစ်သော လွှတ်တော်နှင့် တရားရေးမဏ္ဍိုင်ဖြစ်သော ပြည်ထောင်စုတရားလွှတ်တော်ချုပ်တို့က ပြန်လည်သုံးသပ်တင်ပြရန် လိုအပ်မည်"ဟု ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကမှတ်ချက်ပြုပါသဖြင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အဆိုပါမေးခွန်းအပေါ် ပြန်လည်သုံးသပ် ရှင်းလင်းဖြေကြားခြင်းဖြစ်ပါသည်။

၂။         နိုင်ငံတော်သည် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးသည်ဟူ၍ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၇ ပါ ပြဋ္ဌာန်းချက်နှင့်အညီ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကို ဒီမိုကရေစီနိုင်ငံတော်တစ်ခု အဖြစ် ပြောင်းလဲတည်ထောင်ခဲ့ရာတွင် အချုပ်အခြာအာဏာ၏ မဏ္ဍိုင်တစ်ရပ်ဖြစ်သော တရားစီရင်ရေးမဏ္ဍိုင်သည် လည်း ဥပဒေပြုရေးမဏ္ဍိုင်၊ အုပ်ချုပ်ရေးမဏ္ဍိုင်တို့နှင့်အတူပေါ်ထွန်းခဲ့ပါသည်။ ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ၂၀၁၀ ပြည့်နှစ်၊ ပြည်ထောင်စုတရားစီရင်ရေးဥပဒေတို့အရ ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တရားရုံးအဆင့်ဆင့်ကိုဖွဲ့စည်းတည်ထောင်ခဲ့ပါသည်။

၃။         ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးဆိုတဲ့ ခက်မသုံးဖြာအနက် တရားစီရင်ရေးအာဏာကို ယုံကြည်စွာ အပ်နှင်းခြင်းခံရတဲ့ တရားရေးမဏ္ဍိုင် ဖြောင့်မတ်မှန်ကန်ရေးအတွက် ဥပဒေပြုရေးမဏ္ဍိုင်၊ အုပ်ချုပ်ရေး မဏ္ဍိုင်တို့နှင့် ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်ပြီး ဥပဒေအရ တရားမျှတမှုကိုဖော်ဆောင်ရန်တာဝန်ရှိကြောင်း ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ခံယူထားပြီးဖြစ်ပါသည်။ တရားစီရင်ရေးမဏ္ဍိုင် ဖြောင့်မတ်ခိုင်မာမှ ဥပဒေစိုးမိုးမှုရှိမည်ဖြစ်ပါသည်။ ဥပဒေစိုးမိုးမှ ပြည်သူများ ဥပဒေဘောင်အတွင်း လုံခြုံအေးချမ်းစွာ နေထိုင်အသက်မွေးဝမ်းကျောင်း ပြုနိုင်မည်ဖြစ်ပါသည်။ ပြည်သူ့ဘဝလုံခြုံအေးချမ်းပြီး ဒီမိုကရေစီ အခွင့အ် ရေး အပြည့်အဝ ခံစားနိုင်ရေးအတွက် တရားရေးမဏ္ဍိုင်သည်ဥပဒေပြုရေးမဏ္ဍိုင်၊ အုပ်ချုပ်ရေးမဏ္ဍိုင်တို့နှင့် ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်ပြီး အပြန်အလှန်ထိန်းကျောင်းခြင်းတို့ ပြုလုပ်သွားမည်ဖြစ်ပါသည်။

၄။ တရားရေးမဏ္ဍိုင်ကြံ့ခိုင်စေရန်အတွက် မဏ္ဍိုင်ကြီး ၃ ရပ် ဟန်ချက်ညီညီ ပူးပေါင်းပြီး အပြန်အလှန် ထိန်းကျောင်းခြင်းမူနှင့် ဆောင်ရွက်ရာတွင် တရားရေးမဏ္ဍိုင်သည် ကြီးမားသည့် စိန်ခေါ်မှုများနှင့်ကြုံတွေ့ခဲ့ရ ပါသည်။ ပထမစိန်ခေါ်မှုမှာ တရားရုံးများအပေါ် မကျေနပ်သူတို့က အာဃာတတရားဖြင့်တရားရုံးများကို အဆက် မပြတ် ဝေဖန်စွပ်စွဲတိုက်ခိုက်ခြင်း ဖြစ်ပါသည်။

၅။ တရားစီရင်ရေးဆိုသည်မှာ နိုင်ငံတော်နှင့် ပြည်သူတို့အကြား ဖြစ်ပွားသော မှုခင်းများနှင့် ပြည်သူတို့ အချင်းချင်း ဖြစ်ပွားသော မှုခင်းများကို စီရင်ဆုံးဖြတ်ရခြင်း ဖြစ်ပါသည်။ တစ်နည်းအားဖြင့် တရားရုံးသည် မိမိတို့ အမှု အောင်မြင်ရေးကို နည်းမျိုးစုံဖြင့် ကြိုးစားနေကြသော နှစ်ဖက်အမှုသည်တို့၏ အမှုကို အနိုင်အရှုံးဆုံးဖြတ်ပေးရခြင်း ဖြစ်ပါသည်။ အမှုဆုံးဖြတ်ရာတွင် တစ်ဘက်က အနိုင်ရလျှင် တစ်ဘက်ကရှုံးရမည်သာဖြစ်ပါသည်။ ရှုံးသည့်ဘက်အနေဖြင့ ် တရားရုံးဆုံးဖြတ်ချက်အပေါ် လက်ခံကျေနပ်ရန် ခက်ခဲကြသဖြင့် မိမိတို့အနိုင်ရလိုသည့် ဆန္ဒစွဲကို အခြေပြုပြီး တစ်ဖက်သတ် ထင်မြင်ယူဆချက်ဖြင့် အထောက်အထားမရှိဘဲ တရားရုံးများကို စွပ်စွဲတိုင်ကြား လေ့ရှိသည်မှာ ဓမ္မတာဖြစ်ပါသည်။

၆။ အမှုသည်၏ တစ်ဖက်သတ် စွပ်စွဲချက်ကို စိစစ်ခြင်းမရှိဘဲ ယုံကြည်လက်ခံပြီး တရားရုံး၏ ဆုံးဖြတ်ချက်သည်  မှန်ကန်ခြင်းမရှိကြောင်း၊ ဘက်လိုက်ကြောင်းစွပ်စွဲ ပြောဆိုခြင်းသည် နှစ်ဖက် တင်ပြချက်ကို နားထောင်ခြင်းမရှိဘဲ တစ်ဖက်သတ်ပြောဆိုခြင်းဖြစ်၍ အမှန်တရားနှင့် အလှမ်းဝေးဖွယ်ရာရှိပါသည်။ တစ်ဖက်သတ်တင်ပြချက်ကို အခြေပြု၍ ဝေဖန်ခြင်း၊ အပြစ်တင်ခြင်း၊ အရေးယူခြင်း တို့ကိုစိုးရိမ်နေရသည့် အခြေအနေရှိပါက တရားစီရင်ရေး တာဝန် ထမ်းဆောင်သူအတွက် တရားစီရင်ရေး မဏ္ဍိုင်ကိုဖြောင့်မတ်ကြံ့ခိုင်အောင် ဆောင်ရွက်ရန်အတွက် စိန်ခေါ်မှုကြီးတစ်ရပ်ဖြစ်သည်ကိုလည်း သတိပြုရမည်ဖြစ်ပါသည်။

၇။         ဆက်လက်ပြီးတော့ စိန်ခေါ်မှုများကိုအားသာချက်များအဖြစ် ဖန်တီးဖော်ဆောင်သွားမည့်နည်းလမ်းများကို ဆက်လက်တင်ပြမည်ဖြစ်ပါသည်။ ပထမစိန်ခေါ်မှုဖြစ်သည့် အာဃာတဖြင့် တရားရုံးများအပေါ် အခြေအမြစ်မရှိဘဲ အခွင့်ရတိုင်း ဝေဖန်တိုက်ခိုက်ခြင်းသည် တရားရုံး၏ ဂုဏ်သိက္ခာကျဆင်းစေရန်ဆောင်ရွက်ခြင်းသာဖြစ်ပြီး တရားရေးမဏ္ဍိုင် ကြံ့ခိုင်စေရန် အားပေးကူညီခြင်း မဟုတ်သည့်အတွက်မလုပ်ဆောင်သင့်ပါဘူး။ တရားရုံးများက အဂတိလိုက်စားခြင်း၊ တရားစီရင်ရေးတိမ်းစောင်းအောင် ဆောင်ရွက်ခြင်းတို့ တွေ့ရှိပါက တိတိကျကျ ပြောဆို တိုင်တန်းနိုင်ပါသည်။ ဤကဲ့သို့ တိုင်ကြားနိုင်သည့် ယန္တရားတစ်ရပ်မက ဖွဲ့စည်းထားပြီးဖြစ်ပါသည်။ အခြေအမြစ် မရှိဘဲ တရားရေးအဖွဲ့အစည်းတစ်ခုလုံးကို မတရားစွပ်စွဲနေမည့်အစား အဂတိလိုက်စားသည့် တရားသူကြီး၊ တရားရုံးကိုတိတိကျကျ ဖော်ထုတ် တိုင်တန်းခြင်းကသာလျှင် ကြံ့ခိုင်သည့် တရားစီရင်ရေးဖြစ်အောင် အားပေး ကူညီရာရောက်မည်ဖြစ်ပါသည်။ အဂတိလိုက်စားကြောင်း၊ လာဘ်စားကြောင်း အထောက်အထား အခိုင်အမာ ပေါ်ပေါက်ပါက ဥပဒေအရ ထိရောက်စွာအရေးယူခြင်းအားဖြင့် တရားရုံးအပေါ် ပြည်သူတို့၏ ယုံကြည်အားထားမှု တိုးမြှင့်နိုင်မည်ဖြစ်၍စိန်ခေါ်မှုကိုအားသာချက်အဖြစ် ပြောင်းလဲဖန်တီးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်း တင်ပြအပ်ပါ သည်။

၈။ ဒုတိယစိန်ခေါ်မှုမှာ တရားစီရင်ရေးအပေါ် ဥပဒေနှင့်မညီပဲ ဝင်ရောက်စွက်ဖက်မှုဖြစ်ပါသည်။ မဏ္ဍိုင်ကြီး ၃ ရပ်သည် ဟန်ချက်ညီအောင် အချင်းချင်း ပူးပေါင်းဆောင်ရွက်ရသည်များရှိသကဲ့သို့ အပြန် အလှန် ထိန်းကျောင်းခြင်း များလည်းရှိပါသည်။ တရားမျှတမှုအတွက် အခွင့်အာဏာကို တိတိကျကျ ပိုင်းခြား သုံးစွဲရသည်များလည်း ရှိပါသည်။ ဤကဲ့သို့ ဆောင်ရွက်ကြရာ၌ အပြန်အလှန် ထိန်းကျောင်းခြင်း အဆင့်ကို ကျော်ပြီး တရားရေး မဏ္ဍိုင်ကို အခြားမဏ္ဍိုင်တစ်ခုခုက၊ အဖွဲ့အစည်းတစ်ခုခုက ဝင်ရောက်စွက်ဖက်လွှွမ်းမိုးမည်ဆိုပါက တရားစီရင်ရေးပုံရိပ်ကို သာမက နိုင်ငံ၏ပုံရိပ်ကိုပါ ထိခိုက်စေမည် ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ဥပဒေနှင့်အညီလွတ်လပ်စွာ တရားစီရင်ရေးမူကို တရားရုံးများက အခိုင်အမာစောင့်ထိန်းရခြင်းမှာ စိန်ခေါ်မှုတစ်ရပ်ဖြစ်ပါသည်။

၉။         ဒုတိယစိန်ခေါ်မှုနှင့် စပ်လျဉ်း၍ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၁ ပုဒ်မခွဲ (က) နှင့် (ခ) တို့အရနိုင်ငံတော် အချုပ်အခြာအာဏာ၏ ခက်မ ၃ ဖြာကိုတတ်နိုင်သမျှ ပိုင်းခြားသုံးစွဲခြင်းနှင့် အပြန်အလှန်ထိန်ကျောင်းခြင်းတို့ ပြုလုပ်ရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေပြဋ္ဌာန်းချက်၏ ရည်ရွယ်ရင်းကို သေချာစွာနားလည်သဘောပေါက်ပြီး ဥပဒေပြုရေးမဏ္ဍိုင်က တရားရေးနှင့် သက်ဆိုင်သည့် ဥပဒေများကို ပြဋ္ဌာန်းပေးခြင်း၊ တရားရေးမဏ္ဍိုင်က ပြဋ္ဌာန်းဥပဒေများနှင့်အညီတရားစီရင်ခြင်း၊ အုပ်ချုပ်ရေး မဏ္ဍိုင်ကဥပဒေပြဋ္ဌာန်းချက်၊ တရားရုံးဆုံးဖြတ်ချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ပေးခြင်းဖြင့် မဏ္ဍိုင်ကြီး၃ ရပ် ဟန်ချက်ညီညီပူးပေါင်းပြီး ဥပဒေနှင့်အညီ လွတ်လပ်စွာ တရားစီရင်ရေးမူကို အခိုင်အမာစောင့်ထိန်းခြင်းအားဖြင့် စိန်ခေါ်မှုများကို အားသာချက်အဖြစ် ပြောင်းလဲကာ ကြံ့ခိုင်သည့် တရားရေးမဏ္ဍိုင်ပြည်သူယုံကြည်အားသည့် တရားရေးမဏ္ဍိုင် ဖြစ်ထွန်းစေမည်ဖြစ် ပါကြောင်း တင်ပြအပ်ပါသည်။

၁၀။ တတိယစိန်ခေါ်မှုတစ်ရပ်ကတော့ တရားရုံး၏ ဆုံးဖြတ်ချက်အပေါ် နားလည် သဘောပေါက်မှု လွဲမှားခြင်းဖြစ်ပါသည်။ တရားရုံးများကအမှန်တရားကိုသာ ရှာဖွေဖော်ထုတ်ဆုံးဖြတ်ခြင်း ဖြစ်ပါသည်။ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်း၊ အဆင့်အတန်းတို့ကိုကြည့်ရှုခြင်း မပြုဘဲပေါ်ပေါက်သည့် သက်သေခံ အထောက်အထားများအရ ဥပဒေနှင့် အညီ စီရင်ဆုံးဖြတ်ရပါသည်။ အပြစ်ရှိသူတစ်ဦး တစ်ယောက်ကို ပြစ်ဒဏ် ချမှတ်ခြင်းသည် ထိုသူတစ်ဦးတစ်ယောက်နှင့်သာ သက်ဆိုင်ပါသည်။ ၎င်းကိုယ်စားပြုသည့် အဖွဲ့အစည်းနှင့် သက်ဆိုင်ခြင်းမရှိပါဘူး။ ပြစ်မှုကျူးလွန်သူတစ်ဦးကို ဥပဒေနှင့်အညီစီရင် ဆုံးဖြတ်ခြင်းကိုအဖွဲ့အစည်းကိုထိခိုက်အောင် လုပ်ဆောင်သည်လို့ နားလည်သဘောပေါက်မှု လွဲမှားပြီးပြောဆိုရေးသားခြင်းသည်လည်း ပြည်သူများက တရားရုံးများအပေါ် အထင်အမြင်လွဲမှားစေနိုင်သည့် စိန်ခေါ်မှုတစ်ရပ်ဖြစ်ပါသည်။

၁၁။ တတိယစိန်ခေါ်မှုဖြစ်သည့် တရားရုံး၏ ဆောင်ရွက်ချက်အပေါ် နားလည်သဘောပေါက်မှုလွဲမှားခြင်းများ မပေါ်ပေါက်စေရန်အတွက် တရားစီရင်ရေး ဆောင်ရွက်ချက်များကို ပြည်သူများအားပွင့်လင်းစွာ တင်ပြရန် လိုအပ်မည်ဖြစ်ပါသည်။ သို့မှသာပြည်သူများအနေဖြင့် တရားစီရင်ရေးကို နားလည်သဘောပေါက်ပြီး အမှန်တရား ပေါ်ပေါက်ရေးအတွက် ပူးပေါင်းပါဝင်ကာ မှန်ကန်သော တရားစီရင်ရေးကိုအထောက်အကူပြုနိုင်မည် ဖြစ်ပါသည်။ ပြည်သူများကိုအသိပေးရှင်းလင်းရန်အတွက် မီဒီယာများ၏အကူအညီကိုရယူ၍ ဆောင်ရွက်မှသာ အဆင်ပြေ ချောမွေ့မည်ဖြစ်ပါသည်။ နိုင်ငံတော်၏ စတုတ္ထမဏ္ဍိုင်ဖြစ်သော သတင်းမီဒီယာကဏ္ဍ ဖံ့ွ ဖြိုးတိုးတက်လာသည်နှင့် အညီ သတင်းမီဒီယာ ဥပဒေကိုလည်းပြဋ္ဌာန်းထားပြီးဖြစ်ရာ တရားစီရင်ရေးမဏ္ဍိုင်အနေဖြင့် သတင်းမီဒီယာများနှင့် ထိတွေ့ဆက်ဆံရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။ ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တရားရုံးအဆင့်ဆင့်၏ လုပ်ကိုင်ဆောင်ရွက်မှုများအပေါ်ပြည်သူလူထုက ပွင့်လင်းမြင်သာစွာ သိမြင်နိုင်စေရန် သတင်းပြန်ကြားရေးအဖွဲ့များ

ဖွဲ့စည်းထားရှိပြီး ဖြစ်ပါသည်။ တရားရုံးများက ပွင့်လင်းမြင်သာသည့် တရားစီရင်ရေးစနစ် ဖော်ဆောင်လာ

ခြင်းသည် အားသာချက်တစ်ရပ်ဖြစ်ပါကြောင်း တင်ပြအပ်ပါသည်။

၁၂။      နောက်စိန်ခေါ်မှုတစ်ရပ်ကတော့ တရားစီရင်ရေးနှင့်သက်ဆိုင်သော တရားသူကြီးများ၊ ဥပဒေ

အရာရှိများ၊ ရှေ့နေရှေ့ရပ်များ၊ တရားစွဲ အဖွဲ့အစည်းများနှင့် သက်သေများအားလုံး အရည်အချင်း၊ အရည်

အသွေး တိုးတက်မြင့်မားရန် လိုအပ်ချက်ဖြစ်ပါသည်။ တရားရုံးအဆင့်ဆင့်တိုင်းတွင် တရား စီရင်ရေးနှင့် သက်ဆိုင်သူများ အားလုံး အရည်အသွေး တိုးတက်မြင့်မားနေမှသာလျှင် အမှန်တရားကို ဖော်ထုတ်နိုင်ပြီး ပြည်သူများ ယုံကြည်အားထားသည့် တရားစီရင်ရေး ရရှိစေမည် ဖြစ်ပါသည်။

၁၃။      စတုတ္ထစိန်ခေါ်မှုဖြစ်သည့် တရားသူကြီးများ၊ တရားရေးဝန်ထမ်းများနှင့် တရားရုံးဝန်ထမ်းများ၏ အရည် အသွေး တိုးတက်မြင့်မားအောင် ဆောင်ရွက်ရာတွင် အဖွဲ့အစည်းအလိုက်သာမက တစ်ဦးချင်း အနေဖြင့်ပါ အရည်အချင်း တိုးတက်မြင့်မားအောင် စီမံချက်ရေးဆွဲဆောင်ရွက်ခြင်း၊ ပြည်တွင်း သင်တန်းများတွင် နိုင်ငံခြားမှ ပညာရှင်များ လာရောက်ပို့ချစေခြင်း၊ ပြည်ပနိုင်ငံများကို စေလွှတ်၍ ဘွဲ့လွန် သင်တန်း များ၊ ပါရဂူသင်တန်းများ တက်ရောက်စေခြင်း၊ အလုပ်ရုံဆွေးနွေးပွဲများ၊ အပြည်ပြည်ဆိုင်ရာ ညီလာခံများတက်ရောက်စေခြင်းတို့ဖြင့် အားသာ ချက်များ ရရှိစေမည်ဖြစ်ပါကြောင်း တင်ပြအပ်ပါသည်။

၁၄။      ဆက်လက်ပြီး ကျန်ရှိသည့် သက်တမ်းကာလတွင် တရားစီရင်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန် ချမှတ်ထားသည့် အနာဂတ်အစီအမံများကို တင်ပြမည်ဖြစ်ပါသည်။

၁၅။      ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် မြန်မာနိုင်ငံ၏ အမျိုးသားဘက်စုံဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း တွင် တရားစီရင်ရေးကဏ္ဍ၏ ၅ နှစ်စီမံကိန်းနှင့် အနှစ် ၂၀ စီမံကိန်းသက်တမ်းကာလများအလိုက် ရည်မှန်းချက်ချမှတ်၍ ပါဝင်ဆောင်ရွက်လျက်ရှိပါသည်။ တရားစီရင်ရေးဆိုင်ရာ အဓိကရည်မှန်းချက်များမှာ

အောက်ပါအတိုင်းဖြစ်ပါသည်။

(က)      တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး၊

(ခ)       ပြည်သူအများ ယုံကြည်ကိုးစားသည့် ပြည်သူ့အကျိုးပြု တရားစီရင်ရေးစနစ် ပေါ်ထွန်းရေး၊

(ဂ)       အမှုအခင်းများကို ဥပဒေနှင့်အညီ မှန်မှန်နှင့်မြန်မြန် စီရင်ဆုံးဖြတ်ရေး၊

(ဃ)      တရားရုံးများ၏ ဂုဏ်သိက္ခာမြှင့်တင်ရေး။

၁၆။ တရားစီရင်ရေးကဏ္ဍအပေါ် စိန်ခေါ်မှုများကို အားသာချက်များအဖြစ် ဖန်တီးနိုင်ရန်နှင့် တရားရေးမဏ္ဍိုင်၏ မူလရည်မှန်းချက်များကို အကောင်အထည်ဖော် ဆောင်ရွက်မည့် မဟာဗျူဟာ ရည်မှန်းချက်များချမှတ်နိုင်ရန် အတွက် ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် ၂၀၁၃ ခုနှစ်၊ မေလ ၂၆ ရက်နေ့တွင် စီမံကိန်း ရေးဆွဲရေးအဖွဲ့ကို ဖွဲ့စည်း၍ မဟာဗျူဟာစီမံကိန်းနှင့် အချက်အလက်ဆန်းစစ်လေ့လာမှုဆိုင်ရာဆောင်ရွက်မှုတို့ကို စတင် လုပ်ဆောင်ခဲ့ပါသည်။

၁၇။      လက်ရှိ တရားရုံးများ၏ ဆောင်ရွက်မှုများအပေါ် လေ့လာအကဲဖြတ်ရန်အတွက် စီမံကိန်းရေးဆွဲရေး အဖွဲ့သည် တရားသူကြီးများ၊ တရားရေးအရာရှိများ၊ ရုံးဝန်ထမ်းများ အပါအဝင် တရားရုံးဆိုင်ရာပုဂ္ဂိုလ်များနှင့် အမှုသည်များ၊ သက်သေများ၊ ရှေ့နေများကို တွေ့ဆုံ၍ လူတွေ့မေးမြန်းခြင်း၊ အမှုစာရင်းဇယားဆိုင်ရာ အစီရင်ခံစာများအပေါ် ဆန်းစစ်လေ့လာခြင်း၊ တရားသူကြီးများ၏ လွတ်လပ်စွာဆောင်ရွက်မှု၊ တာဝန်ခံမှုနှင့် စပ်လျဉ်းသည့် အပြည်ပြည်ဆိုင်ရာ မူသဘောများ၊ အာရှ-ပစိဖိတ်ဒေသ တရား စီရင်ရေးပြုပြင်ပြောင်းလဲမှုနှင့် စင်္ကာပူနိုင်ငံ၏ တရားစီရင်ရေး ပြုပြင်ပြောင်းလဲမှုအပေါ် လေ့လာခြင်း၊ လေ့လာတွေ့ရှိချက်များကို အခြေခံ၍ UNDP၊ ICJ မှ ကျွမ်းကျင်ပညာရှင်များနှင့် USAID ၏ တရားဥပဒေစိုးမိုးမှုစီမံချက်မှ ကျွမ်းကျင်ပညာရှင်များနှင့် မဟာဗျူဟာ စီမံကိန်းရေးဆွဲရေး အလုပ်ရုံဆွေးနွေးပွဲနှင့် ပြန်လည်သုံးသပ်သည့် အစည်းအဝေးတို့ ကျင်းပ၍ နိုင်ငံတကာ စံနှုန်းများနှင့်အညီ မြန်မာနိုင်ငံ၏ တရားစီရင်ရေး ဆောင်ရွက်မှုဆိုင်ရာ နယ်ပယ် ၅ ရပ်အပေါ် ဆွေးနွေးခြင်း၊ အကြံပြုချက်ရယူခြင်းတို့ ဆောင်ရွက်ခဲ့ပါသည်။

၁၈။ ရလာဒ်အနေဖြင့် တရားစီရင်ရေး ဆောင်ရွက်မှုဆိုင်ရာ နယ်ပယ် ၅ ရပ်အနက် အမှုများကို စစ်ဆေး စီရင်ရာတွင် အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်မှု (Expedition and Timeliness)၊ တရားစီရင်ရေး၏ တန်းတူညီမျှမှု၊ မျှတမှုနှင့် ဂုဏ်သိက္ခာ (Equity, Fairness and Integrity)နှင့် တရားစီရင်ရေး၏ လွတ်လပ်မှုနှင့် တာဝန်ယူဆောင်ရွက်မှု (Independence and Accountability)တို့တွင် အစဉ်အလိုက် အားကောင်းသော်လည်း လူထု၏ တရားမျှတမှု လက်လှမ်းမီရေး (Access to Justice) နှင့် တရားစီရင်ရေးအပေါ် ပြည်သူလူထု၏ ယုံကြည်မှု (Public trust and confidence) အားနည်းသည်ကိုသုံးသပ်တွေ့ရှိခဲ့ရပါသည်။

၁၉။ သို့အတွက် လူတိုင်းသို့ အရည်အသွေးမြင့် တရားမျှတမှုများကို ဖြည့်ဆည်းပေးရန်၊ တရားရုံးများ အပေါ် ပြည်သူလူထု၏ စိတ်ချယုံကြည်မှုနှင့် ထိရောက်မှုရှိသည့် တရားဥပဒေစိုးမိုးရေးကို မြှင့်တင်ရန် ၃ နှစ်တာ မဟာဗျူဟာစီမံကိန်း (၂၀၁၅-၂၀၁၇ ခုနှစ်) ကို ရေးဆွဲဆောင်ရွက်လျက်ရှိပါသည်။ ထိုမဟာ ဗျူဟာစီမံကိန်းတွင် မဟာဗျူဟာဖော်ဆောင်မည့် နယ်ပယ် ၅ ရပ်ကို အောက်ပါအတိုင်း ပိုင်းခြား သတ်မှတ်ဆောင်ရွက်သွားမည် ဖြစ်ပါသည်-

(က)      အများပြည်သူ၏ တရားမျှတမှု လက်လှမ်းမီရေးကို ကာကွယ် စောင့်ရှောက်ရန်၊

( ခ )     လူထု၏ အသိအမြင်ကို မြှင့်တင်ပေးရန်၊

(ဂ)       တရားစီရင်ရေး၏ လွတ်လပ်မှုနှင့် တာဝန်ယူဆောင်ရွက်မှုတို့ကို

            မြှင့်တင်ပေးရန်၊

(ဃ)      တရားစီရင်ရေး၏ သာတူညီမျှမှု၊ မျှတမှုနှင့် ဂုဏ်သိက္ခာကို အာမခံနိုင်သည့်

            ကတိကဝတ် ထိန်းသိမ်းရန်၊

(င)       အမှုများစစ်ဆေးစီရင်ရာတွင် အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်မှု

            အားကောင်းလာစေရန်။

၂၀။ မဟာဗျူဟာ ဖော်ဆောင်မည့် နယ်ပယ် ၅ ရပ်အတွက် ချမှတ်ထားသော မဟာဗျူဟာ

ရည်မှန်းချက် ၁၂ ရပ်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

(က)      တရားရုံးဝန်ဆောင်မှုလုပ်ငန်းများကို အလွယ်တကူ လက်လှမ်းမီနိုင်ရေး တိုးမြှင့်လုပ်ဆောင်ရန်၊

( ခ )     ပြည်သူများ၊ အမှုသည်များနှင့် တရားပြိုင်များ အားလုံးကို ယဉ်ကျေးမှု၊လေးစားမှုနှင့် လိုလားစွာ ဆက်ဆံပေးရန်၊

( ဂ )     တရားရုံးဝန် ဆောင်မှုများကို ပြည်သူများ လက်လှမ်းမီစေရေးအတွက်

တရားရုံးများကို ပေါင်းစည်းထားသော ဒီဇိုင်းပုံစံများဖြင့် ပြန်လည်မွမ်းမံရန်၊

( ဃ )    သတင်းမီဒီယာများ၊ ပြည်သူများနှင့် ဆက်ဆံပြောဆိုမှု (Communication with Media and the Public) ကို မြှင့်တင်ရန်၊

( င )     တရားရုံး-လူအစုအဖွဲ့အစည်း သတင်းအချက်အလက်ဆိုင်ရာ အစီအစဉ်များ ( Court- Community Information Program ) ကို တိုးမြှင့်လုပ်ဆောင်ရန်၊

( စ )     ပြည်သူ့ဘဏ္ဍာကို အသုံးပြုရာတွင် ပွင့်လင်းမြင်သာမှုရှိပြီး တာဝန်ယူမှု ရှိစေရန်အတွက် ဘတ်ဂျက်နှင့် ငွေအသုံးစရိတ် ရှင်းတမ်းများကို စီမံကြီးကြပ်ခြင်း၊ မှန်ကန်မျှတသည့် တစ်စုံတစ်စည်းတည်းသော

ဘတ်ဂျက်ကို စီမံကြီးကြပ်ရေးအတွက် စွမ်းဆောင်ရည် တိုးမြှင့်ရန်၊

(ဆ)      ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးတွင် ထိရောက်မှုရှိသည့် တရားစီရင်ရေး စီမံခန့်ခွဲမှု အတွက် လိုအပ်သည့် စွမ်းဆောင်ရည်များကို မြှင့်တင်ရန်၊

(ဇ)       တရားသူကြီးများ၊ တရားရုံးဝန်ထမ်းများ၏ လုပ်ကိုင်နိုင်စွမ်း၊ စွမ်းရည်နှင့် ဗဟုသုတများကို တိုးမြှင့်ပေးရန်၊

(ဈ)       တရားသူကြီးများ၏ အတတ်ပညာ တိုးတက်ရေးအတွက် စွမ်းဆောင်ရည် မြှင့်တင် ပေးရန်၊

(ည)      မှုခင်းလုပ်ငန်းစဉ်များ အချိန်မီဆောင်ရွက်နိုင်မှု တိုးတက်လာစေရေးအတွက် ရှေ့ပြေး တရားရုံး၏ မှုခင်းစီမံခန့်ခွဲမှု အစီအစဉ်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့် အကောင်းဆုံးကျင့်စဉ်များကို တိုးမြှင့် လုပ်ဆောင်ရန်၊

(ဋ)        ထိရောက်မှုမြှင့်တင်ရေးအတွက် တရားစီရင်ရေးဆိုင်ရာ အဓိကလုပ်ငန်းစဉ်များကို လူကိုယ်တိုင်အစား စက်များဖြင့် လုပ်ဆောင်ရန်နှင့် လိုအပ်ပါက ထိရောက်သော လုပ်ငန်းစနစ် အသုံးပြုခြင်းကို စတင် ဆောင်ရွက်ရန်၊

(ဌ)        ရှေ့ပြေးတရားရုံး၏ မှုခင်းစီမံခန့်ခွဲမှု အစီအစဉ် (Case Management) မှတစ်ဆင့်အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်မှု မြှင့်တင်ရေးအတွက် ဥပဒေပြုပြင်ပြောင်းလဲမှုများကို ဖော်ထုတ်ရန်။

၂၁။      မဟာဗျူဟာအစီအစဉ်များ အကောင်အထည်ဖော်ရန်အတွက် ဦးစားပေးအဆင့် ၃ ဆင့်သတ်မှတ်ထားပြီး ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တရားရုံးအဆင့်ဆင့်သည် မြန်မာနုငိ ်ငံဆိုင်ရာလုပ်ငန်းအစီအစဉ် (Country Profgramme) ဆောင်ရွက်နေသည့် ကုလသမဂ္ဂအဖွဲ့အစည်းများ (ဥပမာ-UNDP၊ UNICEF၊ UNODC)၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ်နှင့် သဘောတူညီမှု/နားလည်မှုစာချွန်လွှာ(MOU) လက်မှတ်ရေးထိုး ထားသော အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ (ဥပမာ- JICA၊ USAID)၊နိုင်ငံခြားအစိုးရ အဖွဲ့အစည်းများ၊ အာဆီယံ တရားရေးအဖွဲ့အစည်းများ၊ စင်္ကာပူဥပဒေရေးရာဝန်ကြီးဌာနစသည်တို့နှင့် လက်တွဲဆောင်ရွက်လျက်ရှိပါသည်။ မဟာဗျူဟာစီမံကိန်း၏ ပထမနှစ်စီမံကိန်းတွင်ပါဝင်သည့် ရှေ့ပြေးတရားရုံးအစီအစဉ်အတွက် တောင်ငူခရိုင်တရားရုံး၊ ဘားအံမြို့နယ်တရားရုံးနှင့်လှိုင်သာယာမြို့နယ်တရားရုံးတို့တွင် ကြိုတင်လုပ်ငန်းများ စတင်လုပ်ဆောင်လျက် ရှိပါကြောင်းနှင့်ပြည်ထောင်စုတရား လွှတ်တော်ချုပ်၏ အနာဂတ်အစီအမံများကို သိရှိနိုင်ပါရန် ရှင်းလင်း တင်ပြအပ်ပါသည်။