Skip to main content

(၁၃၁)ကြိမ်မြောက် နိုင်ငံတကာပါလီမန်များအဖွဲ့ ညီလာခံနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်ခဲ့ခြင်း

နိုင်ငံတကာပါလီမန်များအဖွဲ့ ပူးပေါင်းကော်မတီအတွင်းရေးမှူး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်တိုး ခေါင်းဆောင်သည့်အဖွဲ့သည် ၂၀၁၄ခုနှစ် အောက်တိုဘာလ ၁၀ ရက်နေ့မှ ၁၁ ရက် နေ့ အထိ ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့တွင် ကျင်းပသော ပထမအကြိမ် နိုင်ငံတကာ ပါလီမန်များ အဖွဲ့ လူငယ် လွှတ်တော်ကိုယ်စားလှယ်များ ညီလာခံသို့လည်းကောင်း၊ အောက်တိုဘာလ ၁၂ ရက် နေ့က ကျင်းပသော အမျိုးသမီးလွှတ်တော် ကိုယ်စားလှယ်များ အစည်းအဝေးသို့ လည်းကောင်း၊ အောက်တိုဘာ ၁၃ ရက်နေ့မှ ၁၆ ရက် နေ့အထိ ကျင်းပသော (၁၃၁)ကြိမ်မြောက် နိုင်ငံတကာ ပါလီမန်များအဖွဲ့ ညီလာခံသို့လည်းကောင်း တက်ရောက်ခဲ့ပါသည်။

အဖွဲ့ခေါင်းဆောင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်တိုးသည် အောက်တိုဘာလ ၁၂ ရက်နေ့ နံနက်ပိုင်းတွင်ကျင်းပသည့် အာဆီယံ အပေါင်းသုံး အစည်းအဝေးဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ပြီး နေ့လယ်ပိုင်းတွင် ကျင်းပသည့် အာရှ-ပစိဖိတ် ဒေသအုပ်စုအစည်းအဝေးသို့ အာဆီယံအပေါင်းသုံး အစည်းအဝေး အစီရင်ခံစာ တင်သွင်းခဲ့ပါသည်။ အောက်တိုဘာလ (၁၅) ရက် နေ့ ညီလာခံမျက်နှာစုံညီ အစည်းအဝေးတွင် အမျိုးသား-အမျိုးသမီး တန်းတူညီတူ ရှိရေးနှင့် အမျိုးသမီးများ အကြမ်းဖက်မှု အဆုံးသတ်ရေး ခေါင်းစဉ်ဖြင့် မိန့်ခွန်းပြောကြားခဲ့ပါသည်။

ညီလာခံသို့ လွှတ်တော် ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌများအပါအဝင် လွှတ်တော်ကိုယ်စားလှယ် (၇၄၄)ဦး တက်ရောက်ခဲ့ကြပါသည်။ ညီလာခံတွင် အရေးပေါ်ဘာသာရပ် (၁၀)ခု တင်သွင်းခဲ့ရာ အီဘိုလာ ကူးစက်ရောဂါကို ထိရောက်စွာ တုံ့ပြန်ရန် လွှတ်တော်များ၏ အခန်းကဏ္ဍခေါင်းစဉ်ကို မဲပေး ရွေးချယ်ခဲ့ကြပါသည်။ ၂၀၁၄ - ၂၀၁၇ ခုနှစ် အတွက် နိုင်ငံတကာပါလီမန်များအဖွဲ့ ဥက္ကဋ္ဌ ရွေးချယ်ပွဲတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ လွှတ်တော်ကိုယ်စားလှယ် မစ္စတာ ဆာဘာချောင်ဒရီ အား မဲပေးရွေးချယ်ခဲ့ကြပါသည်။