(ဂ)-နိုင်ငံတော်သမ္မတရုံး၏အထူးရန်ပုံငွေမှ ဆိုရှယ်မီဒီယာစောင့်ကြည့်ရေးအတွက် ငွေကျပ်သန်းပေါင်း ၆၄၂၆ သန်း သုံးစွဲခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

 

နိုင်ငံတော်သမ္မတရုံး၏အထူးရန်ပုံငွေမှ ဆိုရှယ်မီဒီယာစောင့်ကြည့်ရေးအတွက် ငွေကျပ်သန်းပေါင်း ၆၄၂၆ သန်း သုံးစွဲခြင်းသည် မည်သူများက မည်သည့်ဥပဒေအရ မည်သည့်အတိုင်းအတာအထိ မည်သို့ သော အကြောင်းအရာများစောင့်ကြည့်၍ မည်သို့အပြစ်ပေးအရေးယူမည်ဖြစ်ပြီး ဤလုပ်ငန်းစဉ်သည် ဖွဲ့စည်းပုံအခြေခံဥပဒေအပါအဝင် တည်ဆဲဥပဒေများနှင့် ညီညွတ်မှုရှိ/မရှိနှင့် နိုင်ငံတော်သမ္မတရုံး၏ အထူးရန်ပုံငွေသုံးစွဲမှု မူဝါဒနှင့်ကိုက်ညီခြင်းရှိ/မရှိ သိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

နိုင်ငံတော်သမ္မတရုံး၏အထူးရန်ပုံငွေမှ ဆိုရှယ်မီဒီယာစောင့်ကြည့်ရေးအတွက် ငွေကျပ်သန်းပေါင်း ၆၄၂၆ သန်း သုံးစွဲခြင်းနှင့် စပ်လျဉ်း၍ ဖွဲ့စည်းပုံအခြေခံဥပဒေအခန်း (၈) နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များ၏ ပုဒ်မ ၃၅၃ တွင် မည်သူမျှ တည်ဆဲဥပဒေများနှင့်အညီမှတစ်ပါး အသက်ကိုဖြစ်စေ၊ လူပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုကို ဖြစ်စေ၊ နစ်နာဆုံးရှုံးမှုမရှိစေရဟု ဆိုထားသည့်အတွက် ၎င်းအချက်နှင့်ငြိ/မငြိ၊ ဆက်သွယ်ရေးပုဒ်မ ၆၆ ပုဒ်မခွဲ (ဃ) တွင် ဆက်သွယ်ရေး ကွန်ရက်တစ်ခုခုကို အသုံးပြု၍ လူပုဂ္ဂိုလ်တစ်ဦးဦးအား ခြောက်လှန့် တောင်းယူခြင်း၊ အနိုင်အထက်ပြုခြင်း၊ မတရား တားဆီးကန့်ကွက်ခြင်း၊ အသရေဖျက်ခြင်း၊ နှောင့်ယှက်ခြင်း၊ မလျော်သြဇာသုံးခြင်း သို့မဟုတ် ခြိမ်းခြောက်ခြင်းဟု ပါရှိပါသဖြင့် ယင်းဥပဒေမှ မတရားတားဆီး ကန့်ကွက်ခြင်းနှင့် မလျော်သြဇာ သုံးခြင်းတို့နှင့် သက်ဆိုင်မှုရှိ/မရှိ၊ သမ္မတ၏အရေးပေါ် ရန်ပုံငွေ ဆိုသည်မှာ  ရုတ်တရက် ပေါ်ပေါက်လာသော သဘာဝဘေးအန္တရာယ်များ ဖြစ်ကြသည့် ရေကြီး ခြင်း၊ မြေပြိုခြင်း၊ မီးလောင်ခြင်း၊ ငလျင်ဒဏ်ခံရခြင်းစသည့် သဘာဝဘေးအန္တရာယ်များကြောင့် ဖြစ်ပေါ်လာရသည့် အရေးပေါ်အခြေအနေတွင် သုံးစွဲရန်ဟု နားလည်ထားသည့်အတွက်  ယခုဆက်သွယ်ရေး ပစ္စည်းဝယ်ယူမှုသည် အရေးပေါ်သုံးစွဲခြင်း ဟုတ်/မဟုတ်စိစစ်ပေးရန်၊ အဆိုပါပစ္စည်းကို အစိုးရမှသုံးစွဲခြင်း၊ အစိုးရမဟုတ်သည့် အဖွဲ့ကသုံးစွဲခြင်း သို့မဟုတ် Facebook ကို ပေးသုံးခြင်း မျိုးလားဆိုသည်နှင့်ပတ်သက်ပြီး လက်ရှိအခြေအနေတွင် မိမိတို့ နားလည်ထားသည်မှာ Fake Speech ဟန့်တားခြင်းဟု နားလည်ထားပါကြောင်း၊ ပြည်သူများထံမှ ၈၀ ရာခိုင်နှုန်း ကိုးကွယ်နေသည့် မြန်မာနိုင်ငံတွင် ကိုယ့်နိုင်ငံဘတ်ဂျက်သုံးပြီး အများဆုံးကိုးကွယ်သည့် မိမိဘာသာတရားကို ကာကွယ်မပေးနိုင်ခြင်းမှာ ဝမ်းနည်းစရာ ဖြစ်ကြောင်းကို ကြားသိနေရပါကြောင်း၊ သို့ဖြစ်ပါ၍ ယခုဆိုရှယ်မီဒီယာကို မည်ကဲ့သို့စောင့်ကြည့်မည်၊ မည်ကဲ့သို့ဝယ်ယူသည်ကို သိရှိရန် လိုအပ်ပါသဖြင့် အဆိုပါဆက်သွယ်ရေးစက် ဝယ်ယူသုံးစွဲမှုကို ပြည်သူများ ပွင့်လင်းမြင်သာမှု ရှိစေရန်နှင့် ထိုသို့ဝယ်ယူသုံးစွဲမှုသည် တည်ဆဲဥပဒေ၊ မူဝါဒများနှင့် ကိုက်ညီမှုရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဦးကျော်မျိုး ဒုတိယဝန်ကြီး
အဖြေ

 

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး စတုတ္ထနေ့တွင် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ယဉ်မင်းလှိုင်က လူငယ်လူရွယ်များ အကျင့်စာရိတ္တ ပျက်ပြားစေခြင်း၊ ရပ်ရွာတည်ငြိမ်အေးချမ်းမှု ပျက်ပြားစေခြင်းတို့ကြောင့် IT နည်းပညာ အလွဲသုံးစွဲမှုကို စောင့်ကြည့်ထိန်းကျောင်းနိုင်ရန် Monitoring ပြုလုပ်နိုင်ရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုကို တင်သွင်းခဲ့ပါကြောင်း၊ ယင်းအဆိုနှင့်စပ်လျဉ်း၍ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး ဒသမနေ့တွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနက ဆက်သွယ်ရေးစနစ်တစ်မျိုးမျိုး၊ အင်တာနက် သို့မဟုတ် ဆိုရှယ် မီဒီယာများကို အသုံးပြု၍ နိုင်ငံတော်၏ တည်ငြိမ်အေးချမ်းရေးကို ထိခိုက်ပျက်ပြားအောင် ပြုလုပ်နေသော ဖြစ်ရပ်/ဖြစ်စဉ်များကို ရှာဖွေဖော်ထုတ်နိုင်ရေးအတွက် ဥပဒေနှင့်အညီ ဖွဲ့စည်းထားသည့် အဖွဲ့အစည်း တစ်ခုခုက အဆင့်မြင့်နည်းပညာများ အသုံးပြု၍ စနစ်တကျ စောင့်ကြပ် ကြည့်ရှုဖော်ထုတ်နိုင် ရေးအတွက် နိုင်ငံတော်သမ္မတရုံးသို့ တင်ပြထားသည်ကို ထည့်သွင်း တင်ပြခဲ့ကြောင်း၊ ဒေါ်ယဉ်မင်းလှိုင်၏ အဆိုကိုလည်း ပြည်သူ့လွှတ်တော်မှ အတည်ပြုခဲ့ပါကြောင်း၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက Facebook နှင့် အခြားဆိုရှယ်မီဒီယာများကို ဥပဒေနှင့်အညီ စောင့်ကြည့်ထိန်းကျောင်းမှု ပြုလုပ်နိုင်ရေးအတွက် Social Media Monitoring Team ကို ဖွဲ့စည်းခွင့်ပြုပါရန် ပြည်ထောင်စုအစိုးရအဖွဲ့သို့ ၂၂-၈-၂၀၁၇ ရက်နေ့တွင် တင်ပြခဲ့ရာ ၂၃-၈-၂၀၁၇ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၁၆/၂၀၁၇) က သဘောတူ ခွင့်ပြုခဲ့ပါကြောင်း၊ ၎င်းနောက် နိုင်ငံတော်သမ္မတရုံးက Social Media Monitoring Team (SMMT) ကို ၇-၂-၂၀၁၈ ရက်နေ့တွင် ဖွဲ့စည်းပေးခဲ့ပါကြောင်း၊

နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၁၉ တွင် ပြည်ထောင်စုအစိုးရသည် နိုင်ငံတော်တည်ငြိမ်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးကို ထိန်းသိမ်းစောင့်ရှောက်သည်ဟူ၍ လည်းကောင်း၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၇၅ တွင် နိုင်ငံတော်လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးကို ထိခိုက်စေသော မည်သည့်သတင်းအချက်အလက်နှင့် ဆက်သွယ်မှုများကိုမဆို ရရှိနိုင်ရေးအတွက် နိုင်ငံသားများ၏ မူလအခွင့်အရေးများကို မထိခိုက်စေဘဲ ပြည်ထောင်စုအစိုးရအဖွဲ့က သက်ဆိုင်ရာ အဖွဲ့အစည်းသို့ လိုအပ်သလို ညွှန်ကြားဆောင်ရွက်နိုင်သည်ဟူ၍ လည်းကောင်း ပြဋ္ဌာန်းထားသဖြင့် Social Media Monitoring Team ကို ဖွဲ့စည်းခြင်းသည် တည်ဆဲဥပဒေများနှင့် ညီညွတ်မှုရှိပါကြောင်း၊ Social Media Monitoring Team ဆိုလျှင် Facebook၊ Messenger၊ Twitter အစရှိသည့် Open Source ဟုခေါ်သည့် အများသူငါဝင်ရောက် ကြည့်ရှုနိုင်သည့် လူမှုကွန်ရက်များမှတစ်ဆင့် လူငယ်လူရွယ်များ အကျင့်စာရိတ္တပျက်ပြားစေမည့် သို့မဟုတ် ရပ်ရွာတည်ငြိမ် အေးချမ်းမှု ပျက်ပြားစေမည့် သို့မဟုတ် နိုင်ငံတော်လုံခြုံရေး သို့မဟုတ် တရားဥပဒေစိုးမိုးရေးကို ထိပါးစေမည့် ပြုမှုဆောင်ရွက် ချက်များကို စောင့်ကြည့်ဖော်ထုတ်၍ ပြည်သူလူထုအား ပညာပေးခြင်း၊ သတိပေး နှိုးဆော်ခြင်းနှင့် ဆိုရှယ်မီဒီယာ ဝန်ဆောင်မှုပေးသည့် ကုမ္ပဏီများနှင့် ပူးပေါင်းညှိနှိုင်းခြင်း စသည်တို့ကို ဆောင်ရွက်လျက်ရှိပြီး တည်ဆဲဥပဒေများနှင့် ငြိစွန်းသည့်ကိစ္စရပ်များအတွက် သက်ဆိုင် ရာဝန်ကြီးဌာန၊ အဖွဲ့အစည်းတို့မှ အရေးယူဆောင်ရွက်နိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်းသွားမည် ဖြစ်ပါကြောင်း၊ Social Media Monitoring Team က ဆောင်ရွက်သွားမည့် လုပ်ငန်းသည် နိုင်ငံတကာတွင် အဆင့်မြင့်အိုင်တီနည်းပညာများ အသုံးပြု၍ ဆောင်ရွက်လျက်ရှိကြသည့် Open Source Intelligence ပင် ဖြစ်ပါကြောင်း၊

Open Source Intelligence(OSINT)သည် အများသူငါ အင်တာနက်မှ ဝင်ရောက်ကြည့်ရှုနိုင်သည့် ဆိုရှယ်မီဒီယာနှင့် အခြား Website များတွင် ပါရှိသည့် သတင်းအချက်အလက် ပေါင်းများစွာအနက်မှ မိမိတို့အတွက် အရေးပါမည့် သတင်းအချက်အလက်များ ရှာဖွေရွေးချယ်စိစစ်ပြီး ခွဲခြမ်းစိတ်ဖြာ၍ လိုအပ်သလို အရေးယူဆောင်ရွက်ခြင်း ဖြစ်ပါကြောင်း၊ အဓိကအချက်က အများပြည်သူငါ Public က Exist  လုပ်၍ရသည့် Information ကို မိမိတို့က စိစစ်ရွေးချယ်ပြီး လိုအပ်သလို ခွဲခြမ်းစိတ်ဖြာ ဆောင်ရွက်ခြင်း ဖြစ်ပါကြောင်း၊ ထို့ကြောင့် အဆင့်မြင့်နည်းပညာ ဖြစ်သည့်အတွက် စက်ပစ္စည်း ကိရိယာများသည်လည်း တန်ဖိုးကြီးမားခြင်း ဖြစ်ပါကြောင်း၊ ၎င်းအရာများကို စိစစ်ရွေးချယ်ပြီး လိုအပ် သလို ဆက်လက်ဆောင်ရွက်သွားခြင်း ဖြစ်ပါကြောင်း၊ အဆိုပါ Open Source Intelligence ကို နိုင်ငံများ၏ စီးပွားရေးလုပ်ငန်းကြီးများ၊ ကာကွယ်ရေး၊ လုံခြုံရေးနှင့်ဥပဒေစိုးမိုးရေး အဖွဲ့အစည်းများနှင့် အစိုးရအဖွဲ့အစည်းများက တွင်ကျယ်စွာအသုံးပြုကြပါကြောင်း၊ တစ်ဘက်မှလည်း ဥပဒေဘောင် ပြင်ပတွင်ရှိသည့် ဒုစရိုက်ဘက်တော်သားများကလည်း အသုံးပြုနေကြပါကြောင်း၊ 9/11 ဟုခေါ်သည့် ၂၀၀၁ ခုနှစ် လေယာဉ်ဖြင့် အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ရပ်၏ နောက်ပိုင်း ၂၀၁၄ ခုနှစ်ခန့်မှ စတင်ပြီး အကြမ်းဖက်သမားများ၏ မီဒီယာများမှတစ်ဆင့် ချိတ်ဆက်ဆောင်ရွက်မှုများကို ထောက်လှမ်း နိုင်ရန် အတွက် နိုင်ငံတကာအစိုးရ အဖွဲ့အစည်းများက Open Source Intelligence ကို တွင်ကျယ်စွာ အသုံးပြုလာကြခြင်း ဖြစ်ပါကြောင်း၊ နိုင်ငံတော်သမ္မတ၏ အထူးရန်ပုံငွေသုံးစွဲမှု မူဝါဒနှင့်ကိုက်ညီခြင်း ရှိ/မရှိနှင့် စပ်လျဉ်း၍ ၂၀၁၇ ခုနှစ်၊ ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေအပိုင်း (၄) အရေးပေါ်ရန်ပုံငွေ ပုဒ်မ ၂၇ ပုဒ်မခွဲ (က) တွင် အရေးပေါ်ရန်ပုံငွေများမှ ကျခံသုံးစွဲခြင်းကို ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စုအစိုးရက မသုံးစွဲလျှင်မဖြစ်သည့် အရေးပေါ်ကိစ္စရပ် အတွက်ဖြစ်ပြီး အရအသုံးခန့်မှန်းခြေငွေစာရင်း လျာထားချက်တွင် ပါဝင်ခြင်းမရှိသည့် အသုံးစရိတ် အတွက်သာ ဆောင်ရွက်ခွင့်ရှိသည်ဟု ဖော်ပြထားပါကြောင်း၊

နိုင်ငံတော်သမ္မတရုံးအနေဖြင့် Social Media Monitoring Team ၏ လုပ်ငန်းများ ဆောင်ရွက်ရန် အတွက် လိုအပ်သည့် နည်းပညာနှင့် စက်ပစ္စည်းများ ဝယ်ယူရန် စုစုပေါင်းငွေကျပ် ၆၄၂၆ သန်းသည် ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ် အရအသုံးခန့်မှန်းခြေငွေစာရင်း လျာထားချက်တွင် မပါဝင်သော်လည်း နိုင်ငံတော်လုံခြုံရေး၊ ရပ်ရွာအေးချမ်းတည်ငြိမ်ရေး၊ တရားဥပဒေစိုးမိုးရေး လုပ်ငန်းများကို လျင်မြန်စွာ အထောက်အကူပြုနိုင်ရေးအတွက် မသုံးစွဲလျှင်မဖြစ်သည့် အရေးပေါ်ကိစ္စရပ်ဖြစ်နေပါသဖြင့် ကျခံ သုံးစွဲခွင့်ပြုရန် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေအရ နိုင်ငံတော်သမ္မတရုံးမှ ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြ၍ သဘောတူခွင့်ပြုချက်ရယူပြီး ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့ တင်ပြခြင်းတို့ကို ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ဆိုရှယ်မီဒီယာ စောင့်ကြည့် ထိန်းကျောင်းမှုပြုလုပ်နိုင်ရေးအဖွဲ့ (Social Media Monitoring Team-SMMT) ကို ဖွဲ့စည်းခြင်း၊ စောင့်ကြည့်ထိန်းကျောင်းခြင်းတို့မှာ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေအပါအဝင် တည်ဆဲ ဥပဒေများနှင့် ညီညွတ်ပြီး လိုအပ်သည့် စက်ပစ္စည်းများဝယ်ယူခဲ့ခြင်းမှာလည်း အရေးပေါ်ရန်ပုံငွေ သုံးစွဲမှုမူဝါဒနှင့် ကိုက်ညီပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

ဒေါက်တာမောင်သင်း (မိတ္ထီလာမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

Social Media Monitoring Team ကို  ဖွဲ့စည်းပြီးသည့် အချိန်မှ စတင်၍ ယနေ့အထိ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးရေးကို မည်မျှအထိ ဆောင်ရွက်ခဲ့ခြင်းရှိ/မရှိ၊ ဆောင်ရွက်ခဲ့ပြီးပြီ ဆိုပါက မိမိမေးခွန်းတွင် ပါရှိသည့် ပွင့်လင်းမြင်သာမှု ရှိစေရန်ဟု ဆိုခဲ့သည့်အတိုင်း အဆိုပါ ဆောင်ရွက်မှုများ အားလုံးကို ပြည်သူ့လွှတ်တော်ကို လာရောက်ရှင်းလင်း တင်ပြနိုင်ခြင်းရှိ/မရှိ ကို သိလိုပါကြောင်းဆက်စပ်မေးခွန်း မေးမြန်းပါသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုး

Social Media Monitoring Team ကို ယခုနှစ်ဆန်းပိုင်း  ဖွဲ့စည်း၍ စက်များ ဝယ်ယူ တပ်ဆင်ခြင်း၊ လေ့ကျင့်သင်ကြားခြင်းများကို ဆောင်ရွက်ခဲ့ပြီး ယခုအချိန်တွင် အဆိုပါစနစ်ကိုစတင် အသုံးပြုလျက် ရှိပါကြောင်း၊

လွှတ်တော်တွင် လာရောက်ရှင်းပြခွင့်နှင့်ပတ်သက်ပြီး Open Source Intelligence ကို နိုင်ငံတကာ အစိုးရ၊ အဖွဲ့အစည်းများ ကာကွယ်ရေး၊ လုံခြုံရေးနှင့် တရားဥပဒေ အဖွဲ့အစည်း တော်တော်များများက အသုံးပြုပါကြောင်း၊ အာဆီယံဆက်သွယ်ရေးဝန်ကြီးများ အစည်းအဝေးတက်ရောက်ရာတွင်လည်း ၎င်းတို့အစိုးရများအနေဖြင့်လည်း အဆိုပါစနစ်ကို အသုံးပြုပါကြောင်း၊ သို့သော် ထိုကိစ္စကို ပွင့်လင်းမြင်သာမှု အပြည့်အဝမထားနိုင်သည့် အကြောင်းရင်းမှ တစ်ဖက်တွင် ဥပဒေဘောင်ပြင်ပက လူအများနှင့် တုံ့ပြန်အရေးယူဆောင်ရွက်ချက်များ၊ တိုက်ခိုက်မှုများ ရှိမည်ကို စိုးရိမ်သဖြင့် ၎င်းတို့အနေဖြင့် ယခုကဲ့သို့ဆောင်ရွက်သည်မှာ မှန်ပါကြောင်း၊ သို့သော် အချက်အလက်များအရ မိမိကို ၎င်းတို့အနေဖြင့် အပြည့်အဝမပြောပါကြောင်း၊ ယခုဆောင်ရွက်နေသည့် လုပ်ငန်းသည် နိုင်ငံတော်အတွက် အင်မတန်အရေးကြီးသည့် ကိစ္စရပ်ဖြစ်သည့်အတွက် နိုင်ငံတော်အကြီးအကဲများ၏ မူအရ ထိုက်သင့်သည့်အချိန်တွင် ထိုက်သင့်သည့်အတိုင်းအတာအထိ လွှတ်တော်ကို အသိ ပေးသွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။