Skip to main content

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဝန်ကြီးချုပ် ဦးဆောင်သည့် အဖွဲ့အား လက်ခံ တွေ့ဆုံ

ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း သည်   ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဝန်ကြီးချုပ် မစ္စစ် ရှိတ်ဟာဆီနာ ဦးဆောင်သည့်အဖွဲ့အား ၂၀၁၄ ခုနှစ်၊ မတ်လ ၃ ရက်နေ့ ညနေ ၄ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ဇမ္ဗူသီရိ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် အတူ ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော် စွာ၊ ပြည်သူ့ လွှတ်တော် ကော်မတီဥက္ကဋ္ဌများ ဖြစ်ကြသည့် ဦးသိန်းဇော်၊ ဦးလှမြင့်ဦး၊ ဦးညီထွန်း၊ ဒေါ်အေးအေးမူ၊ ဘင်္ဂလားဒေ့ရှ်ပြည်သူ့သမ္မတ နိုင်ငံဆိုင်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ သံအမတ်ကြီး ဦးမျိုးမြင့်သန်း နှင့် လွှတ်တော်ရုံးများမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး ဧည့်သည်တော်အဖွဲ့နှင့်အတူ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Anup Kumar Chakma လည်း တက်ရောက်သည်။

ရှေးဦးစွာ ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ယခုကဲ့သို့ အဆွေတော် ဝန်ကြီးချုပ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လှိုက်လှဲစွာ ကြိုဆိုပါကြောင်း၊ မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့သည် ကုန်း/ရေ နှစ်သွယ် နယ်နိမိတ်ချင်းထိစပ်သည့် ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်း နိုင်ငံ များဖြစ်ပါကြောင်း၊ အဆွေတော်အနေဖြင့် (၃)ကြိမ်ဆက်တိုက် ရွေးချယ်ခံရသည့်အတွက် ဝမ်းမြောက် ဂုဏ်ယူပါကြောင်း။

မိမိတို့ နှစ်နိုင်ငံသည် နှစ်ပေါင်းများစွာ တည်ရှိသည့် အိမ်နီးချင်းနိုင်ငံများဖြစ်ပြီး တစ်ချိန်က နှစ်နိုင်ငံ နယ်စပ် ကိစ္စရပ် အချို့တွင် ပြဿနာများရှိခဲ့သော်လည်း ညှိနှိုင်း ဖြေရှင်းနိုင်ခဲ့ပါကြောင်း၊ အဆွေတော် ဝန်ကြီးချုပ် လက်ထက်၌ နှစ်နိုင်ငံ ချစ်ကြည် ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်နိုင်ခဲ့ပါကြောင်း။

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ဘက်စုံပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့် အိမ်နီးချင်းနိုင်ငံများနှင့် ချစ်ကြည်ရင်းနှီးမှုရှိပြီး ကမ္ဘာ့နိုင်ငံများနှင့် ပူးပေါင်း ဆောင် ရွက်နေမှုများအား ဂုဏ်ပြုပါကြောင်း၊ မိမိတို့အနေဖြင့် နှစ်နိုင်ငံ အစိုးရအချင်းချင်း၊ လွှတ်တော် အချင်းချင်း၊ ပြည်သူ များအချင်းချင်း ပူးပေါင်းဆောင်ရွက်သွားရန် ဆန္ဒရှိပါကြောင်း၊ မိမိတို့လွှတ်တော်သို့ အချိန်ပေး လာရောက် လည်ပတ်၍  ကျေးဇူးတင်ပါကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် ဘင်္ဂလားဒေ့ရှ်ပြည်သူ့သမ္မတနိုင်ငံ ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ က ပြန်လည်ပြောကြားရာတွင် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံသည် ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းနိုင်ငံများ ဖြစ်ပါကြောင်း၊ နှစ်နိုင်ငံ ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်ပါက စီးပွားရေးနှင့် လူမှုရေးကဏ္ဍများတွင် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင် မည် ဖြစ် ပါကြောင်း၊ နှစ်နိုင်ငံပြည်သူများ လူနေမှုဘဝ ပိုမိုတိုး တက်မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ ၏ ပြုပြင်ပြောင်းလဲမှု များ ဆောင်ရွက်နေမှုအပေါ် ဂုဏ်ပြုပါကြောင်း၊ အစိုးရသစ်တစ်ရပ် ပေါ်ပေါက် လာပြီး နိုင်ငံဖွံ့ဖြိုးတိုး တက်အောင် ဆောင်ရွက်ရခြင်းသည် မလွယ်ကူပါကြောင်း၊ မိမိအနေဖြင့် နှစ်နိုင်ငံဆက်ဆံရေး တိုးတက်ကောင်း မွန်စေပြီး ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ၊ ကုန်သွယ်ရေးကဏ္ဍများတွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ပါက တိုးတက်သော နိုင်ငံများအဖြစ်သို့ တက်လှမ်းနိုင်ရန် မျှော်လင့်ပါကြောင်း၊ နိုင်ငံတစ်နိုင်ငံအနေဖြင့် တစ်နိုင်ငံတည်း သီးခြာ းရပ်တည်ရန် မဖြစ်နိုင်ပါကြောင်း၊ နယ်နိမိတ်ချင်းထိစပ်လျက်ရှိသည့် နိုင်ငံများဖြစ်၍ မည်သည့်ကိစ္စရပ် မဆို နှစ်နိုင်ငံ အစိုးရအကြား ပူးပေါင်း ဆောင်ရွက်ပါက ကောင်း စွာဖြေရှင်းသွားနိုင်မည် ဖြစ်ပါကြောင်းဖြင့် ရင်းနှီး ပွင့်လင်းစွာ အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

ယင်းနောက် ပြည်ထောင်စုလွှတ်တော်နာယကနှင့် အဖွဲ့ဝင်များသည် ဧည့်သည်တော် ဘင်္ဂလားဒေ့ရှ် ပြည်သူ့ သမ္မတနိုင်ငံ ဝန်ကြီးချုပ် ဦးဆောင်သည့်အဖွဲ့နှင့်အတူ အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ကြသည်။

၎င်းနောက် ဘင်္ဂလားဒေ့ရှ်ပြည်သူ့သမ္မတနိုင်ငံ ဝန်ကြီးချုပ်သည် ပြည်ထောင်စု လွှတ်တော် ဧည့်သည်တော် မှတ်တမ်း စာအုပ်၌ လက်မှတ်ရေးထိုးသည်။

၂၀၁၄ ခုနှစ်၊ မတ်လ ၄ ရက်