(ဆ)-ရပ်စောက်မြို့နယ်နှင့် ပင်းတယမြို့နယ် ဆက်သွယ်သွားလာသော မြို့နယ်ချင်းဆက် ကျေးလက်လမ်း ဖြစ်သည့် ကြာအင်း-မြောင်းတော်-သနပ်တောင်-ဝန်စို-ဖောင်းပြားလမ်းကို ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် ကတ္တရာလမ်းအဖြစ် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

 

(ဆ)-ရပ်စောက်မြို့နယ်နှင့် ပင်းတယမြို့နယ် ဆက်သွယ်သွားလာသော မြို့နယ်ချင်းဆက် ကျေးလက်လမ်း ဖြစ်သည့် ကြာအင်း-မြောင်းတော်-သနပ်တောင်-ဝန်စို-ဖောင်းပြားလမ်းကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ကတ္တရာလမ်းအဖြစ် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

 

ရပ်စောက်မြို့နယ် မန်ကျီးကုန်းကျေးရွာအုပ်စုအတွင်းရှိ ကြာအင်း-မြောင်းတော်-သနပ်တောင်-ဝန်စို-ဖောင်းပြားလမ်းအရှည် ၇ မိုင် သည် ရှေးယခင် ရှမ်းစော်ဘွားများ လက်ထက်ကတည်းက ဖောက်လုပ် ဆောင်ရွက်ခဲ့သော အမာခံကျောက်လမ်း ဖြစ်ပါကြောင်း၊ ယခုအချိန်တွင် နှစ်ကာလရှည်ကြာ၍ သော်လည်းကောင်း၊ မိုးရေတိုက်စားမှုများကြောင့် သော်လည်းကောင်း၊ ပျက်စီးယိုယွင်း ချိုင့်ခွက်များ ဖြစ်ပေါ်နေပြီး သွားလာမှုခက်ခဲလာပြီ ဖြစ်ပါကြောင်း၊ ၎င်းလမ်းသည် ကျေးရွာငါးရွာ၊ ဖြတ်သန်းဆက်သွယ် ထားပြီး အိမ်ခြေငါးရာကျော်နှင့် လူဦးရေ ၂၀၀၀ ကျော်အတွက် ပညာရေး၊ ကျန်းမာရေးစသည့် ကျေးလက်လူမှု စီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လွန်စွာအရေးပါသောလမ်း ဖြစ်ပါကြောင်း၊ ၎င်းအပြင် မန်ကျီးကုန်းကျေးရွာ အုပ်စုအတွင်းရှိ ကျေးရွာများမှ ပြည်သူများ၊ မြင်တောင်ကျေးရွာအတွင်းရှိ ကျေးရွာများမှပြည်သူများ၊ အမြဲတမ်းဆက်သွယ်သွားလာရေး၊ ဒေသထွက်ကုန်ပစ္စည်းများ သယ်ယူ ရောင်းချရာတွင်လည်း ကုန်ထုတ်လမ်းအဖြစ် အကျိုးရှိစွာ အသုံးပြုနေသော လမ်းလည်းဖြစ်ပါကြောင်း၊ ဒေသအတွက် လွန်စွာအကျိုးရှိသော မြို့နယ်ချင်းဆက် ကျေးလက်လမ်း ဖြစ်သောကြောင့် ဒေသကျေးရွာများရှိ ဘုန်းတော်ကြီးကျောင်းများမှ ဆရာတော်များ၏ မှာကြားတောင်းဆိုချက်များ၊ ဒေသခံပြည်သူများမှလည်း ပြန်လည်ပြုပြင်၍ ကတ္တရာလမ်းအဖြစ် တည်ဆောက်ပေးရန် ပြောဆိုဆွေးနွေးခဲ့ခြင်းများ ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ ရပ်စောက်မြို့နယ်နှင့် ပင်းတယမြို့နယ် ဆက်သွယ်သွားလာရသော မြို့နယ်ချင်းဆက် ကျေးလက်လမ်းဖြစ်သော ကြာအင်း-မြောင်းတော်-သနပ်တောင်-ဝန်စို-ဖောင်းပြားလမ်းကို ယခုဘဏ္ဍာရေးနှစ် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

 

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်နှင့် ပင်းတယမြို့နယ်တို့ကို ဆက်သွယ်ထားသော ကြာအင်း-မြောင်းတော်-သနပ်တောင်-ဝန်စို-ဖောင်းပြားလမ်းအရှည် ၇ မိုင်သည် ရပ်စောက်-ပင်းတယ လမ်းမကြီးနှင့် ဆက်သွယ်ထားသည့် ဆောက်လုပ်ရေးဝန်ကြီးဌာန ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနမှ စီမံခန့်ခွဲသောလမ်းဖြစ်ပြီး လမ်းအဆင့်သတ်မှတ်ချက်အရ Class (A) ဖြစ်ပြီး အမာခံကျောက်ကြမ်းလမ်း ဖြစ်ပါကြောင်း၊ အဆိုပါလမ်းသည် ကျေးရွာငါးရွာ၊ အိမ်ခြေ ၃၇၇ အိမ်၊ လူဦးရေ ၁၉၀၀ တို့အား အကျိုးပြုလျက်ရှိသည့် လမ်းဖြစ်သဖြင့် လမ်းအဆင့်မြှင့်တင်နိုင်ရန်အတွက် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် ပြည်နယ်အစိုးရ ရန်ပုံငွေတွင် ကတ္တရာလမ်း ၁ မိုင် ၂ ဖာလုံလျာထားပြီး ရန်ပုံငွေရရှိမှုအပေါ် မူတည်၍ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်းနှင့် ကျန်ရှိသည့်လမ်းအရှည် ၅ မိုင် ၆ ဖာလုံနှင့် ပေ ၄၀ တံတားတစ်စင်း၊ ၅ ပေ Box Culvert ခုနစ်စင်းတို့ကို ဆက်လက်ပြီး အဆင့်မြှင့်တင်ပေးနိုင်ရေးအတွက် ဘဏ္ဍာရေးနှစ်အလိုက် ရန်ပုံငွေများ ဆက်လက်တင်ပြသွားပြီး ရန်ပုံငွေရရှိမှုအပေါ် မူတည်၍ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။