Skip to main content

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းအား အမေရိကန်ပြည်ထောင်စု၏ ပိတ်ဆို့ကန့်သတ်ခံရသူ များ စာရင်းတွင် ထည့်သွင်းကြောင်း သတင်းထုတ်ပြန်ချက်နှင့်စပ်လျဉ်း၍ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မှ သတင်းထုတ်ပြန်ကြေညာ

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်း(တောင်သာ မဲဆန္ဒနယ်)အား အမေရိကန်ပြည်ထောင်စု၏ ပိတ်ဆို့ကန့်သတ်ခံရသူများ စာရင်းတွင် ထည့်သွင်းကြောင်း သတင်းထုတ်ပြန်ချက်နှင့် စပ်လျဉ်း၍ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မှ သတင်းထုတ်ပြန်တစ်ရပ် ထုတ်ပြန် ကြေညာခဲ့သည်။ အဆိုပါ ကြေညာချက် အပြည့်အစုံမှာ -

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

သတင်းထုတ်ပြန်ရေးအဖွဲ့

ထုတ်ပြန်ကြေညာချက် အမှတ်(၃/၂၀၁၄)

၁၃၇၆ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၈ ရက်

(၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်)

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းအား အမေရိကန်ပြည်ထောင်စု၏ ပိတ်ဆို့ကန့်သတ်ခံရသူ များ စာရင်းတွင် ထည့်သွင်းကြောင်း သတင်းထုတ်ပြန်ချက်နှင့်စပ်လျဉ်း၍ သတင်းထုတ်ပြန်ကြေညာချက်

၁။       ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအတိုင်ပင်ခံ၊ ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်၊ ပြည်သူ့လွှတ်တော်၊ ဘဏ်များနှင့်ငွေကြေးဆိုင်ရာ ဖွံ့ဖြိုး တိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်သောင်း ကို အမေရိကန်သမ္မတ၏ အုပ်ချုပ်မှုအာဏာ အီးအို ၁၃၄၄၈ အရ အမေရိကန်ပြည်ထောင်စု ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ပပိုင်ဆိုင်မှု များထိန်းချုပ်ရေးရုံး၏ ပိတ်ဆို့ကန့်သတ်ခံရသူများစာရင်းတွင် ယခုနှစ် အောက်တိုဘာလ ၃၁ ရက်မှစ၍ ထည့်သွင်းလိုက်ကြောင်း သတင်းထုတ်ပြန်ခဲ့ပါသည်။

၂။       အဆိုပါထုတ်ပြန်ကြေညာချက်သည် လွှတ်တော်အသီးသီးနှင့် လွှတ်တော်ကော်မတီ များ၊ လွှတ်တော် ကိုယ်စားလှယ်များ၏ဂုဏ်သိက္ခာကိုလည်းကောင်း၊ လွှတ်တော်အသီးသီးက အလေးအနက်ထား ဆောင်ရွက် လျက်ရှိသည့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ အမျိုးသား ပြန်လည်ပေါင်းစည်းရေး၊ ပြည်တွင်းငြိမ်းချမ်း ရေးနှင့် တရားဥပဒေ စိုးမိုးရေးလုပ်ငန်းစဉ်များ ကိုလည်းကောင်း၊ တိုးတက်ကောင်းမွန်လျက်ရှိသော အမေရိကန် ပြည်ထောင်စုနှင့် မြန်မာ နိုင်ငံတို့၏ ဆက်ဆံရေးကိုလည်းကောင်း မလိုလားအပ်သောထိခိုက်မှု မဖြစ်ပေါ်စေရေး အတွက် အမေရိကန်ပြည်ထောင်စု ဘဏ္ဍာရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်ကို ကန့်ကွက်ပါကြောင်းနှင့် ဤကဲ့သို့ဖြစ်ရပ်မျိုးပေါ်ပေါက်စေရန် ဖန်တီးလုပ်ကိုင်သူများနှင့် လုပ်ဆောင်မှုများကို ရှုတ်ချပါကြောင်း ပြည်ထောင်စု လွှတ်တော်က ထုတ်ပြန်ကြေညာချက် အမှတ်(၁/၂၀၁၄) ထုတ်ပြန်ခဲ့မှုကို မိမိတို့ပါတီမှ ထောက်ခံ ကြိုဆိုပါသည်။

၃။       ဦးအောင်သောင်းသည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတွင် ဝါရင့်ဗဟို အလုပ်အမှုဆောင်၊ ဗဟိုအတိုင်ပင်ခံတစ်ဦး ဖြစ်ပါသည်။ ပါတီတွင်းနှင့် နိုင်ငံအတွင်း ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးတို့တွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်နေသော  ပါတီ၏ ခေါင်းဆောင်တစ်ဦးလည်း ဖြစ်ပါသည်။ ပါတီကိုယ်စားပြု တောင်သာ မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်လည်း ဖြစ်ပါသည်။ ပြည်သူ့လွှတ်တော်တွင် ဘဏ် များနှင့် ငွေကြေး ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ တာဝန်ယူ၍ ဘဏ်များဖွံ့ဖြိုး တိုးတက်ရေး နှင့် ငွေကြေးစနစ် ခိုင်မာတည်ငြိမ်ရေးကို ဆောင်ရွက်နေသူလည်းဖြစ်ပါသည်။ ဦးအောင်သောင်း သည် ပါတီ ကိုယ်စားပြု၍ ပြည်တွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၊ အမျိုးသားပြန်လည် သင့်မြတ်ပေါင်းစည်းရေး ဆောင် ရွက်မှုများ၊ ပါတီအချင်းချင်း သဟဇာတဖြစ်ရေး၊ ပြည်သူ လူထုစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများနှင့် ပြည်သူ့အကျိုးပြု လုပ်ငန်းများတွင် အစဉ်တစ်စိုက် ကြိုးပမ်းဆောင်ရွက်နေသူ တစ်ဦးလည်းဖြစ်ရာ အမေရိကန် ပြည်ထောင်စု ဘဏ္ဍာရေးဝန်ကြီးဌာန၏ စွပ်စွဲပြောဆို ထုတ်ပြန်ကြေညာချက်နှင့် လက်တွေ့ဖြစ်ရပ်မှာ ကွဲလွဲ နေပါသည်။

၄။       သို့ဖြစ်ပါ၍ အမေရိကန်ပြည်ထောင်စု ဘဏ္ဍာရေးဝန်ကြီးဌာန၏ ပိတ်ဆို့ကန့်သတ်မှု ထုတ်ပြန်ချက်သည် လူပုဂ္ဂိုလ်ကိုသာမက ပါတီ၏ဂုဏ်သိက္ခာနှင့် ပုံရိပ်ကိုပါထိခိုက်စေသည့် အတွက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက အထက်အပိုဒ်(၁)ပါ အမေရိကန် ပြည်ထောင်စု ဘဏ္ဍာရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန် ချက်ကို ကန့်ကွက်ကြောင်းနှင့် မဟုတ်မမှန်သတင်းပေးပို့သူများ၏ လုပ်ဆောင်မှုများကို ရှုတ်ချကြောင်း ထုတ်ပြန် ကြေညာ အပ်ပါသည်။

သတင်းထုတ်ပြန်ရေးအဖွဲ့