Skip to main content

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ဇေယျာ သီရိမြို့နယ်ပထမအကြိမ် မဟာဘုံကထိန် အခမ်းအနားသို့ တက်ရောက်ကြည်ညို၍ ကထိန်လျာသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း

ဇေယျာသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ယနေ့မွန်းလွဲ(၁)နာရီတွင် နေပြည်တော်ကောင်စီ နယ်မြေ ‌ဇေယျာသီရိမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည့် ဇေယျာသီရိမြို့နယ် မဟာဘုံကထိန် အခမ်းအနားသို့ တက်ရောက် ကြည်ညို၍ ကထိန်လျာသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

အဆိုပါဘုံကထိန်အခမ်းအနားသို့ နိုင်ငံတော်သြဝါဒါစရိယ ပျဉ်းမနားမြို့ မဟာဝိသုတာရာမ ဈေးကုန်း ပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော် အဘိဓဇ မဟာရဋ္ဌဂုရု ဘဒ္ဒန္တကဝိသာရ အမှူးပြုတော်မူသော ဆရာတော်၊ သံဃာတော်များ ကြွရောက်တော်မူကြပြီး ပြည်သူ့လွှတ်တော် ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးမောင်ဦး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဌေး၊ နေပြည်တော် ကောင်စီဝင် ဒေါက်တာပိုင်စိုး၊ ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်‌ရေးကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ထွန်း၊ ဦးအေးဟန်နှင့် ဦးအောင်မြင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများမှ ဒေသခံပြည်သူများနှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက် ကြည်ညိုကြသည်။

ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ် ပြီး နိုင်ငံတော်သြဝါဒါစရိယ ပျဉ်းမနားမြို့ မဟာဝိသုတာရာမ ဈေးကုန်းပရိယတ္တိ စာသင်တိုက် ပဓာနနာယက ဆရာတော် အဘိဓဇမဟာ ရဋ္ဌဂုရု ဘဒ္ဒန္တကဝိသာရထံမှ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ အမှူးပြုသော ဧည့်ပရိသတ်များက ငါးပါးသီလခံယူ ဆောက်တည်ကြသည်။

ထို့နောက် ဆရာတော်၊ သံဃာတော်များက သမန္တာမှစ၍ မေတ္တသုတ် ပရိတ်တရားတော်များ ရွတ်ပွား ချီးမြှင့်တော်မူကြသည်။

ယင်းနောက် ဇေယျာသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြတ်သိန်းထွန်းက ဇေယျာသီရိမြို့နယ် ဘုံကထိန်နှင့်စပ်လျဉ်း၍ ရှင်းလင်း‌လျောက်ထားသည်။

ဆက်လက်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် ဧည့်ပရိသတ်များက ဆရာတော်၊ သံဃာတော်များထံ ကထိန်လျာသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် မဟာဝိသုတာရာမ ဈေးကုန်းပရိယတ္တိစာသင်တိုက် ပဓာနနာယက ဆရာတော်ထံမှ ဧည့် ပရိသတ်များက ကထိန်အနုမောဒနာတရားနာကြား၍ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေပြီး ဗုဒ္ဓသာသနံ စိရံတိဋ္ဌတုသုံးကြိမ်ရွတ်ဆို ဆုတောင်းကာ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

 နေပြည်တော်ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ် မဟာဘုံကထိန်အခမ်းအနားကို ယခုနှစ်တွင် ပထမဆုံးအကြိမ် စတင်ကျင်းပခြင်းဖြစ်ကြောင်း သိရှိရသည်။