Skip to main content

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ကညွတ်ကွင်းနှင့် ဖြူးမြို့တို့မှဒေသခံများနှင့်တွေ့ ဆုံပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကြည့်ရှု

ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ယနေ့ နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ် ကညွတ်ကွင်းမြို့ မဟာမြို့လှကျောင်းတိုက်သို့ ရောက် ရှိပြီး ကျောင်းထိုင်ဆရာတော် ဦးနေမိန္ဒအမှူးပြုသော ဆရာတော်၊သံဃာတော် များအား  ဖူးမြော်ကြည် ညိုကာ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသည် အဆိုပါကျောင်းတိုက်၌ မြို့မိမြို့ဖများ၊ ဒေသခံပြည်သူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံသည်။          

အဆိုပါတွေ့ဆုံပွဲသို့ ပဲခူးတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးဝင်းမြင့်ဦး၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ဦးညွန့်လှိုင်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးသက်နိုင်ဦး၊  ပြည်သူ့ လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များလေ့လာဆန်းစစ်ရေးကော်မရှင်အဖွဲ့ဝင် ဦးခင် မောင်ထွန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဦးတင်စိုးနှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စား လှယ်များ၊ မြို့ဖိမြို့ ဖများနှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများတက် ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ကညွတ်ကွင်းမြို့သည်

ယခင်ကနှင့်မတူဘဲ လူမှုရေး၊ ကျန်းမာရေး၊ စီးပွားရေးကဏ္ဍများ၌ များစွာဖွံ့ဖြိုးတိုးတက်နေသည် ကို တွေ့မြင်ရပါကြောင်း၊ ယနေ့ခေတ်သည် ပညာခေတ်ဖြစ်သည့်အလျောက် ဒေသခံပြည်သူများ အနေဖြင့်လည်း မိမိတို့ဒေသဆင်းရဲမှုလျော့ကျပြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလုပ်အကိုင်အခွင့် အလမ်းများရရှိလိုအပ်ပါကြောင်း၊ ထိုသို့ရရှိရန် ထိုက်သင့်သည့် အတတ်ပညာများတတ်မြောက်ရန် လိုအပ်ပါကြောင်း၊ သို့ဖြစ်၍မိမိတို့၏ သား၊ သမီးများအား ပညာတတ်များဖြစ်အောင် ငယ်စဉ်က ပင်ပြုစုပျိုးထောင်ကြရန်လိုအပ်ပါကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် တာဝန်ရှိသူများက တက်ရောက်လာကြသည့် ဒေသခံပြည်သူများအား အဝတ် အထည်နှင့် လက်ဆောင်ပစ္စည်းများကိုပေးအပ်သည်။

ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသည် ကညွတ်ကွင်းမြို့ (၂၅)ခုတင် ဆံ့ပြည်သူ့ဆေးရုံသို့ရောက်ရှိပြီး ဆေးဝါးကုသမှုခံယူနေကြသည့်လူနာများအား အားပေး စကားပြောကြားကာ ထောက်ပံ့ငွေများ ပေးအပ်၍ ဆေးဝါးနှင့် ဆေးရုံသုံးပစ္စည်းများ လိုအပ်မှုအခြေအနေများကို မေးမြန်းမှာကြား ဖြည့်ဆည်းဆောင်ရွက်ပေးသည်။  

ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသည် ကညွတ်ကွင်းမြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း မြရတနာခန်းမ၌ကျင်းပသည့် (၂၉)ကြိမ်မြောက်အာစရိယပူဇော်ပွဲအခမ်း အနားသို့တက်ရောက်ပြီး အငြိမ်းစားဆရာကြီးများဖြစ်ကြသည့် ဦးထွန်းရှိန်၊ ဦးမြင့်လွင်၊ ဦးသိန်း ဌေးနှင့် ဦးလှမောင်လေးတို့အား လက်ဆောင်ပစ္စည်များပေးအပ်၍ မြန်မာ့ရိုးရာအစဉ်အလာနှင့် အညီကန်တော့သည်။

အခမ်းအနား၌ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက နှုတ်ခွန်းဆက်စကားပြောကြားရာတွင် မိမိဘဝနှင့် မိမိပတ်ဝန်းကျင်ဖွံ့ဖြိုးတိုးတက်ရန် အတွက် ပညာသည်သာ အောင်မြင်မှု၏ ထွက်လမ်းဖြစ်၍ အသိပညာနှင့် အတတ်ပညာများကို မဖြစ်မနေတတ်မြောက်အောင် ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် စိတ်၊ ဆန္ဒ၊ ဝီရိယတို့ဖြင့် ပြင်းပြင်းထန်ထန် ကြိုးစားဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားသည်။

အခမ်းအနားအစီအစဉ် ပထမပိုင်းအပြီးတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသည် တက်ရောက် လာကြသည့် ဆရာကြီး၊ ဆရာမကြီးများနှင့် ကျောင်းသား၊ ကျောင်းသူဟောင်းများအား ရင်းရင်း နှီးနှီးလိုက်လံနှုတ်ဆက်သည်။

ယင်းနောက် ကျောင်းအုပ်ကြီးရုံးခန်း၌ ကျောင်းသား၊ ကျောင်းသူဟောင်းများအား တွေ့ဆုံ၍ ဒေသဆိုင်ရာလိုအပ်ချက်များကိုဖြည့်ဆည်းမှာကြားဆောင်ရွက်ပေးသည်။

ဆက်လက်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် ဖြူးမြို့ သပြေတန်းကျောင်း တိုက်သို့ရောက်ရှိပြီး မြို့နယ်သံဃာ့နာယကဥက္ကဋ္ဌ ကျောင်းတိုက်ပဓာနနာယကဆရာတော် ဘဒ္ဒန္တပဏ္ဍဝအမှူးပြုသော ဆရာတော်၊ သံဃာတော်များအား ဖူးမြော်ကြည်ညိုကြသည်။

ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ဖြူးမြို့နယ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့်စပ်လျဉ်း ၍လျောက်ထားရာ ဆရာတော်က ဩဝါဒစကားမြွက်ကြားသည်။

ယင်းနောက်  ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသည် ဖြူးမြို့  မြို့မအနောက်ရပ်ကွက်ရှိ ဖြူးမြို့နယ် ခန်းမတည်ဆောက်ရေးစီမံကိန်းရှင်းလင်းဆောင်သို့ရောက်ရှိပြီး မြို့နယ်ခန်းမပုံစံနှင့် တည်ဆောက်မည့် မြေနေရာတို့ကို ကြည့်ရှုရာ တာဝန်ရှိသူများက တည်ဆောက်ရေး လုပ်ငန်းများဆောင်ရွက်နေမှုနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြသည်။

ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက မြို့နယ်ခန်းမသတ်မှတ်ကာလအတွင်းပြီးစီးရေးနှင့် စံချိန်စံညွှန်းပြည့်မီရေးအတွက် တာဝန်ရှိသူများညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ကြရန်မှာကြားခဲ့သည်။