Skip to main content

မြန်မာနိုင်ငံလွှတ်တော်ဆိုင်ရာအဖွဲ့ (Myanmar Parliamentary Union-MPU) အစည်းအဝေး (၁/၂၀၁၄) ကျင်းပ

မြန်မာနိုင်ငံလွှတ်တော်ဆိုင်ရာအဖွဲ့ (MPU) အစည်းအဝေး ၁/၂၀၁၄ ကို ဇန်နဝါရီ (၃၀)ရက် နံနက် (၈)နာရီခွဲတွင် နေပြည်တော်ရှိလွှတ်တော်အဆောက်အအုံ ဇမ္ဗူသီရိဆောင်၌ ကျင်းပရာ မြန်မာနိုင်ငံ လွှတ်တော် ဆိုင်ရာအဖွဲ့ ဥက္ကဋ္ဌ ပြည်ထောင်စုလွှတ်တော်နာယက နှင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း၊   မြန်မာနိုင်ငံလွှတ်တော်ဆိုင်ရာအဖွဲ့ဒုတိယဥက္ကဋ္ဌ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ မြန်မာနိုင်ငံ လွှတ်တော်ဆိုင်ရာအဖွဲ့ အတွင်းရေးမှူး ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက နှင့် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမြညိမ်းနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်တို့မှ လွှတ်တော်ဥက္ကဋ္ဌ နှင့် ဒုတိယဥက္ကဋ္ဌများစုံညီစွာ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက အဖွင့်အမှာစကားပြောကြားရာတွင် လွှတ်တော်များ စတင်ပေါ်ပေါက်လာချိန်နောက်ပိုင်း ပြည်ထောင်စုလွှတ်တော်နာယက တာဝန်ထမ်းဆောင်ခဲ့ သည့် ဦးခင်အောင်မြင့်အနေဖြင့် လွှတ်တော်ရေးရာကိစ္စများအတွက် အမျှော်အမြင် ကြီးမားစွာဖြင့် မြန်မာနိုင်ငံ လွှတ်တော်ဆိုင်ရာအဖွဲ့ကို ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်ဖြင့် ဖွဲ့စည်းခဲ့ပါကြောင်း၊ ၂၀၁၄ ခုနှစ် ဇန်နဝါရီ ၃၁ ရက်နေ့သည် လွှတ်တော်များ စတင်ထူထောင်သည့် (၃) နှစ်မြောက်နေ့ဖြစ်ပါကြောင်း၊ ယင်းနေ့တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင်  ပြည်ထောင်စုလွှတ်တော်က ဆောင်ရွက်နေသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ၏ အစီရင်ခံစာကို ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းခြင်းအစီအစဉ် ဆောင်ရွက်မည်ဖြစ်ပြီး တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌကြီးများလည်း တက်ရောက် သိမြင်ကြစေရန်ရည်ရွယ်၍ ယခုအစည်းအဝေးကို ခေါ်ယူခြင်း ဖြစ်ပါကြောင်း၊   ရှေ့ဆက်   ဆောင်ရွက်ရမည့်   ကိစ္စရပ်များကို ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် ဖြစ်ပါကြောင်းဖြင့် ပြောကြားသည်။

ယင်းနောက် မြန်မာနိုင်ငံလွှတ်တော်ဆိုင်ရာအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးခင်အောင်မြင့်က အမှာစကား ပြောကြားရာတွင် ပထမဆုံး တစ်ချက်အနေဖြင့် MPU ဖွဲ့စည်းခြင်းကိစ္စဖြစ်ပါကြောင်း၊ လွှတ်တော် ဥက္ကဋ္ဌကြီးများသိပြီးဖြစ်တဲ့အတိုင်း MPU သည်မိမိတို့ လက်ထက်ကျမှထွင်ပြီးဖွဲ့ခြင်း မဟုတ်ပါကြောင်း၊ ယခင် ၁၉၄၈-၁၉၆၂ ကြားက ပါလီမန်ဒီမိုကရေစီကျင့်သုံးတဲ့ကာလကလည်း MPU ဆိုပြီး ဖွဲ့ခဲ့ပါကြောင်း။

နောက်တစ်ချက်မှာ မိမိတို့အားလုံးသည်ယခု လွှတ်တော်စနစ်ကို အသက်သွင်းအုတ်မြစ်ချခြင်း ဖြစ်သည့် အတွက် တစ်ကျောင်းတစ်ဂါထာ၊ တစ်ရွာတစ်ပုဒ်ဆန်း မဖြစ်အောင် အလွတ်သဘော ညှိနှိုင်းနိုင်ရန် ဖြစ်ပါကြောင်း၊   ညွှန်ကြားရန်၊ ကွပ်ကဲရန် မဟုတ်ပါကြောင်း၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်ထောင်စု လွှတ်တော်တို့၏ ဆောင်ရွက်ချက်ကို တိုင်းဒေသကြီး/ ပြည်နယ် တွေကကြည့်ပြီး အားလုံးလိုက် လုပ်ကြခြင်းဖြစ်ပါကြောင်း၊ ယင်းသည်အမှန်တရား အရှိအတိုင်းဖြစ်ပါကြောင်း၊ ယင်းသို့လိုက်လုပ်ကြရာမှ မိမိတို့က ယခုကဲ့သို့ စနစ်တကျ ညှိနှိုင်းနိုင်အောင်၊ ကူညီ ပေးနိုင်အောင် ဆောင်ရွက်ထားခြင်းဖြစ်ပါကြောင်း၊  ယင်းအပေါ် သံသယရှင်းကြရန် မည်သို့ပင် ဝေဖန်သည်ဖြစ်စေ မိမိတို့၏လုပ်ရမည့်လုပ်ငန်းကို အဆင့်အလိုက် တိုးတက်   ဆောင်ရွက် ရန်လိုပါကြောင်း။

မိမိတို့သည် လွှတ်တော်ကို အုတ်မြစ်ချသောသူများဖြစ်သည့်အတွက် နောင်လာနောက်သားများ အတွက် မိမိတို့လုပ်နေခြင်းဖြစ်ပါကြောင်း၊ ယနေ့လုပ်ဆောင်ချက်များအားလုံးသည် ယခုသက်တမ်း တစ်ခု အတွက် ရည်ရွယ်ပြီးလုပ်ခြင်းမဟုတ်ပါကြောင်း၊ ယင်းနှင့်ဆက်စပ်၍ ငွေကျပ်သိန်း(၁၀၀၀)ကိစ္စ သည်လည်း ယခုသက်တမ်း တစ်ရပ်တည်းအတွက် လုပ်ခြင်း မဟုတ်ပါကြောင်း၊ နောင်ရှေ့ရေးအတွက် တိုင်းပြည်အတွက် ဟာကွက်မရှိအောင် ကွက်ပြည့်နင်း ဖွံ့ဖြိုးတိုးတက်ရေး လုပ်နိုင်အောင် ပြည်သူကြားထဲ၌ အမှန်တကယ် နေသည့်   ပြည်သူ့ကိုယ်စားလှယ်များက  ဖြည့်ဆည်းပေးနိုင်ရန်အတွက် လုပ်ခြင်းဖြစ်ပါကြောင်း။

ယင်းအချက်နှင့်ပတ်သက်၍ ဥပဒေတစ်ရပ်ပြဋ္ဌာန်းသင့်သည်ဆိုသော အယူအဆ ခိုင်ခိုင်မာမာ ရှိပါကြောင်း၊ မည်သည့်အတွက် ဥပဒေ ရှိသင့်သနည်းဆိုလျင် လူပြောင်းသွားသည်နှင့် မူပြောင်းသွားသည် ဆိုတာမျိုး မဖြစ်စေလို၍ဖြစ်ပါကြောင်း၊ မိမိတို့ လွှတ်တော်များကို monitoring လုပ်နေကြကြောင်း၊ နိုင်ငံတကာကလည်း လုပ်နေပါကြောင်း၊ Data များ၊  အချက်အလက်များ ရပါကြောင်း၊  ပြည်တွင်းကလည်း ယခုဆိုလျင် စတင်ပြီး လူငယ်အဖွဲ့တစ်ဖွဲ့ လုပ်နေပါကြောင်း၊ ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် တို့က စပြီးလုပ်ခြင်းဖြစ်၍ တိုင်းရင်းသားပါဝင်မှု၊ အမျိုးသမီးပါဝင်မှု၊ ပြည်သူ့ကို ကိုယ်စားပြုတဲ့မေးခွန်းများ၊ Check in Balance လား၊ ဥပဒေပြုရေးကိစ္စလား၊ မည်သည့်အဆိုများလဲ၊  ယင်းမေးခွန်း၊ အဆိုများကိုလည်း ဘာသာရပ်အလိုက်၊ ခေါင်းစဉ်အလိုက် ကျေးလက်ဒေသဖွံ့ဖြိုးရေးလား၊ သတ္တုသယံဇာတကိစ္စလား၊ သစ်တော ကိစ္စလား၊ မွေး/ရေကိစ္စလား စသည်ဖြင့် ခေါင်းစဉ်များခွဲ၍ သုတေသန ပြုကာလုပ်ငန်း စတင်ခဲ့ပါကြောင်း၊ ယင်းလုပ်ငန်းများသည် ကြိုဆိုရမည့်လုပ်ငန်း များဖြစ်ပါကြောင်း၊ မိမိကိုယ်ကို ပြန်မြင်အောင် လုပ်ပေး   နေသည့်သဘောဖြစ်ကြောင်း၊  ယင်းရလဒ်များပေါ်ထွက်လာသည့် အခါမှ မိမိတို့၏ လုပ်ငန်းကို ပြည့်စုံအောင်၊   ထောင့်စုံဘက်စုံ စေ့စေ့ငှငှဖြစ်အောင် မည်သို့ လုပ်ရမည်ဆိုသည်ကို သိလာနိုင်မည် ဖြစ်ပါကြောင်း။

ဤနေရာ၌ Austrialia National University ကသုတေသနပြုထားခြင်းရှိပါကြောင်း၊ မြန်မာလွှတ်တော်များနှင့် ပတ်သက်၍ မြန်မာလွှတ်တော်များသည် Ruber Stamp ဟုထင်နေရာက  လွှတ်တော်များ၏ လှုပ်ရှားမှုသည် အံ့အားသင့်လောက်အောင် တက်ကြွမှုရှိပြီး Robustဖြစ်သည်ဟု ၎င်းတို့က ဆိုပါကြောင်း၊ လွှတ်တော် ကိုယ်စားလှယ်များ၏အသက်အရွယ်၊ တိုင်းရင်းသား လူမျိုး အနေအထား၊ ပညာအရည်အချင်း၊ Background Carrier, Life Carrier  မည်သည့်နေရာက လာခဲ့သလဲ၊ ယင်းသို့ လုပ်ကြည့်သည့်အခါ အသက်အရွယ် အများစုသည် ပျှမ်းမျှသက်တမ်း ၅၇ နှစ်၊ ယင်းမှာထိန်းထိန်းသိမ်းသိမ်းနှင့် ချင့်ချိန်နိုင်စွမ်းရှိသော အသက်အရွယ်   ဖြစ်ပါကြောင်း၊ အစိုးရဝန်ထမ်း၊ ပညာရေးဝန်ထမ်း၊ ကျန်းမာရေးဝန်ထမ်း၊ အင်ဂျင်နီယာ ဝန်ထမ်းများ (၃၀) ရာခိုင်နှုန်းခန့်ပါပါကြောင်း၊ ထို့ပြင်အမျိုးသားညီလာခံတက်ခဲ့သည့် ပုဂ္ဂိုလ်များ ရာခိုင်နှုန်းမည်မျှပါသနည်း၊ ယခင် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီမှာလုပ်ခဲ့သည့် လူမည်မျှပါသနည်း၊ တိုင်းရင်းသားများနှင့် စာပေယဉ်ကျေးမှု အဖွဲ့ ခေါင်းဆောင်များ၊ တက္ကသိုလ်များ၌ EC လုပ်ခဲ့သူများ၊ ပြည်သူ့စစ်ခေါင်းဆောင်များ စသည်ဖြင့် Categories ခွဲပြီး၊ သုတေသနလုပ်ပြီး ယင်းအုပ်စုကြီးတစ်ခုလုံးက အသက်အရွယ်တူ၊ အတွေ့အကြုံတူ သည့်အတွက် အတွေးအမြင်နီးစပ်ကြောင်း၊ ၎င်းတို့ ယခင့်ယခင် ကတည်းက မျှော်မှန်းခဲ့သည့် Democratization လုပ်ငန်း စဉ်များကို လွှတ်တော်များက အင်တိုက်အား တိုက်ဆောင်ရွက်ကြသဖြင့် ယခုကဲ့သို့ မိမိတို့ လွှတ်တော်များကို   Ruber Stamp မဟုတ်ဘဲ အံ့အား သင့်လောက်သည့် တက်ကြွမှုမျိုးရှိသည်ဟု သုံးသပ်ခြင်းဖြစ်ပါကြောင်း။

သို့ဖြစ်၍ ယခုကဲ့သို့ လုပ်နိုင်သည့်အတွက် အနာဂတ်တွင် ခေါင်းဆောင်ပြောင်းသွားခဲ့ သည့်တိုင် Institution ယခုအတိုင်းတည်နေအောင် ဥပဒေပြဋ္ဌာန်းရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ယနေ့ ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ ဥပဒေ၊ ပြည်သူ့လွှတ်တော်ဆိုင်ရာဥပဒေ၊ အမျိုးသားလွှတ်တော် ဆိုင်ရာဥပဒေများကို  Up to Date  ဖြစ်အောင် မိမိတို့ပြင်နေခြင်းဖြစ်ပါကြောင်း၊ ထိုအချက်များကို  မိမိတို့မည်သည်‌့အတွက် လုပ်နေသနည်းဆိုလျင် အနာဂတ် လွှတ်တော်များအတွက် နောင်လာနောက်သား များက ယခုလမ်းစဉ်အတိုင်း ယခုထက်ပို၍လုပ်နိုင်သူများ   ပေါ်လာပါစေ၊ လျော့ကျမသွားပါစေနဲ့ ဆိုသည့် စေတနာနှင့် လုပ်နေခြင်း ဖြစ်ပါကြောင်း၊ သို့ဖြစ်၍ Monitoring လုပ်ခြင်းသည် ဗဟိုအဆင့်ကို လုပ်နေသကဲ့သို့ တိုင်းဒေသကြီး/ ပြည်နယ်အဆင့်များကိုလည်း လုပ်မည်ဆိုသည့် ၎င်းတို့၏ ရည်မှန်းချက်များရှိပါကြောင်း၊ နိုင်ငံတကာကလည်း လုပ်လာ ပါကြောင်း၊ သို့ဖြစ်၍ ဥက္ကဋ္ဌကြီးများ အနေဖြင့် မိမိတို့၏လွှတ်တော်များကို  မိမိတို့ကိုယ်တိုင် သုတေသနပြု၍ ထောင့်စုံဘက်စုံလုပ်နိုင်အောင် ယခုကဲ့သို့ MPU အစည်းအဝေးများတွင် အားလုံးညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်ခြင်းဖြင့် မိမိတို့နိုင်ငံ၏ လွှတ်တော်လုပ်ငန်းများ ဗဟိုအဆင့်မှ တိုင်းဒေသကြီး/ ပြည်နယ် အဆင့်အထိ အားလုံး တက်တက်ကြွကြွဖြစ်လာပါစေဟု ဆန္ဒပြုပါကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသော တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ လွှတ်တော်ဥက္ကဋ္ဌများက သက်ဆိုင်ရာ လွှတ်တော်အလိုက် ဆောင်ရွက်မှုအ‌ခြေအနေများကို ဆွေးနွေးတင်ပြကြသည်။

ယင်းနောက် ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက နိဂုံးချုပ်အမှာစကား ပြောကြားရာတွင် မိမိတို့အနေဖြင့် ရင်ဆိုင်တွေ့ကြုံရမည့် အခက်အခဲများကို ကျော်လွှားနိုင်ရန် ဥပဒေနှင့်အညီ၊ ပြည်သူ့ဆန္ဒနှင့် အညီ ကြိုးပမ်းဆောင်ရွက်သွားကြရန်ဖြစ်ပါကြောင်း၊ ဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့် ဆောင်ရွက်ချက်များကို ပြည်သူတို့ အမှန်တကယ်အကျိုးဖြစ်ထွန်းစေရန် စေတနာမှန်၊ လုပ်ရပ်မှန် ဆောင်ရွက်ခြင်းဖြင့် အမှားအယွင်း မရှိအောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ လွှတ်တော်၏ ဆောင်ရွက်ချက်များကို   ပြည်သူများသိရှိစေရန် သတင်းမီဒီယာ များမှတစ်ဆင့် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားကြရန် လိုကြောင်းဖြင့် ပြောကြားသည်။ (သတင်းစဉ်)