Skip to main content

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ Dr. Jim Yong Kim နှင့် အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ဇန်နဝါရီ ၂၇ နေ့လည် ၁၂ နာရီတွင် ကမ္ဘာ့ဘဏ် Dr. Jim Yong Kim နှင့် အဖွဲ့အား နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ဇမ္ဗူသီရိ ဧည့်ခန်းမ ဆောင်၌ လက်ခံတွေ့ဆုံ သည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများ၊ စီးပွားပြုပြင်ပြောင်းလဲမှု အောင်မြင်စေရေးအတွက် ကမ္ဘာ့ဘဏ်မှ အကူအညီများတိုးတက်ရရှိရေး၊ လူမှုဘဝ မြင့်မားရေးနှင့် စက်မှုကဏ္ဍ တိုးတက်ရေး အတွက် လိုအပ်သောအကူအညီများရရှိရေး၊ လျှပ်စစ်ကဏ္ဍ၊ ဆက်သွယ်ရေး နှင့် ICT ကဏ္ဍ၊ ကုန်းလမ်းပို့ဆောင်ရေး၊ ရေကြောင်းပို့ဆောင်ရေးနှင့် လေကြောင်းပို့ဆောင်ရေး ကဏ္ဍများ ပိုမိုဖွံ့ဖြိုးတိုးတက်ရေး၊ စိုက်ပျိုးရေး၊ ပညာရေး၊ ကျန်းမာရေး၊ ဘဏ်နှင့် ငွေရေးကြေးရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အတွက် နည်းပညာနှင့် အကူအညီများရရှိရေး တို့နှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် အတူ ကော်မတီဥက္ကဋ္ဌများ ဖြစ်ကြသော ဦးအောင်သောင်း၊ ဦးစိုးသာ၊ ဦးမောင်မောင်သိမ်း၊ ဦးလှမြင့်ဦး၊ ကော်မရှင် အဖွဲ့ဝင်များဖြစ်ကြသည့် ဦးသန်းလွင်၊ ဦးသန်းရီ နှင့် လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

၂၀၁၄ ဇန်နဝါရီ ၂၇