Skip to main content

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်များမှ ဒေသခံ ပြည်သူများ၊ အဖွဲ့အစည်းများအား တွေ့ဆုံ

ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ဇန်နဝါရီ ၂၆ ရက် နံနက်ပိုင်း တွင် ရွှေဘိုမြို့ ရန်ကြီးအောင်အားကစားခန်းမ၌ ရွှေဘိုခရိုင်မြို့နယ်များမှ စီမံခန့်ခွဲရေးကော်မတီများ၊ ဖွံ့ဖြိုး တိုးတက်ရေး အထောက်အကူပြု ကော်မတီများ၊ နိုင်ငံရေးပါတီများ၊ မြို့မိ မြို့ဖများနှင်‌့ ဒေသခံပြည်သူများ အား တွေ့ဆုံ ခဲ့သည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော် အားကစား၊ ယဉ်ကျေးမှုနှင်‌့ ပြည်သူ့ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု ကော်မတီ ဥက္ကဋ္ဌ သူရဦးအေးမြင်‌့၊ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသာအေး၊ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးသင်းလှိုင်၊ ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီအတွင်းရေးမှူး ဦးစောလှထွန်း၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များနှင်‌့ ပြည်သူ့ လွှတ်တော်ရုံးမှ တာဝန် ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုလွှတ်တော်နာယက က မိမိတို့နိုင်ငံကို ပါတီစုံဒီမိုကရေစီနှင့် ဈေးကွက်စီးပွားရေးစနစ် ကျင်‌့သုံးပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံဖြစ်အောင် တည်ဆောက် လျက်ရှိပါကြောင်း၊ ယင်းသို့ တည်ဆောက်ရာ၌ နိုင်ငံတော်၏ အစိတ်အပိုင်းအားလုံး ဟန်ချက် ညီညီဖွံ့ဖြိုးတိုးတက်ရန် အရေးကြီးသကဲ့သို့ တိုင်းဒေသကြီးနှင့် ပြည်နယ်များ ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်ရန်လည်း အရေးကြီးကြောင်း၊ ပါတီစုံဒီမိုကရေစီ စနစ် ကျင့်သုံးပြီး နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်စေမည့် အကြောင်းအရာများကို ဆောင်ရွက်ခဲ့သည်မှာ (၃)နှစ်ကျော် ကာလသို့ ရောက်ရှိလာခဲ့ပြီဖြစ်ကြောင်း။

၂၀၀၈ ခုနှစ်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေပေါ်ပေါက်လာခဲ့ပြီး ၂၀၁၀ ခုနှစ်၌ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပခဲ့ကြောင်း၊ အဆိုပါ ရွေးကောက်ပွဲရလဒ် အပေါ်မူတည်၍ ၂၀၁၁ ခုနှစ် ၊ ဇန်နဝါရီ (၃၁) ရက် တွင် လွှတ်တော်များပေါ်ပေါက်လာခဲ့ပြီး လုပ်ငန်းများဆောင်ရွက်ခဲ့ပါကြောင်း၊ ၂၀၁၁ ခုနှစ်၊ မတ်(၃၁) ရက် တွင် ယခင်အစိုးရမှ လက်ရှိအစိုးရသို့ အာဏာလွှဲပြောင်းပေးခဲ့ပြီး ခေတ်မီဖွံ့ဖြိုး တိုးတက်သော နိုင်ငံတော် တည်ဆောက်ရေး အတွက် ပါတီစုံဒီမိုကရေစီနှင့် ဈေးကွက်စီးပွားရေးစနစ်ကို ကျင့်သုံးလာခဲ့ သည်ကို အားလုံး အသိပင်ဖြစ်ပါကြောင်း။

လွှတ်တော်များ၏ ယနေ့တာဝန်နှင့် ဆောင်ရွက်ချက်များကို အလျဉ်းသင့်၍ ပြောကြား လိုပါကြောင်း၊ လွှတ်တော်များတွင် ပြည်သူ့အကျိုး စီးပွားဖြစ်ထွန်းစေသော၊ ပြည်သူကို ကာကွယ်စောင့်ရှောက်နိုင်သော၊ တရားမျှတသော ဥပဒေများဖြစ်ပေါ်လာရေးအတွက် လုပ်ဆောင်လျက်ရှိပါကြောင်း၊ ပြည်သူများ၏ အမှန်တကယ် လိုအပ်ချက်ဖြစ်သည့် သောက်သုံး‌ရေ ရရှိရေး၊ ကျေးလက်လမ်း၊ တံတား၊ ပညာရေး၊ ကျန်းမာရေးနှင့် အခြားလိုအပ်သည့် ကိစ္စရပ်များကို ဖြည့်ဆည်းပေးနိုင်ရန် ပြည်ထောင်စုလွှတ်တော်က မြို့နယ်တစ်မြို့နယ်လျှင် သာမန်အားဖြင့် ငွေကျပ်သိန်း (၁၀၀၀)ဖြင့် ဖွံ့ဖြိုးရေးရန်ပုံငွေ ခွင့်ပြုပေးခဲ့ပြီးဖြစ်ကြောင်း၊ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေး အတွက် အခြေခံကျသည့် ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ်များ ဖွံ့ဖြိုး တိုးတက်ရေးအတွက် တာဝန်ရှိသူ များက ဖွံ့ဖြိုးရေး ရန်ပုံငွေကို စနစ်တကျ သုံးစွဲ အကောင်အထည် ဖော်ရန်လိုကြောင်း။

ယခုအခါ ပြည်ထောင်စုလွှတ်တော်၌ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စ၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကိစ္စရပ်များကို အထူး အလေးထား ဆောင်ရွက်လျှက် ရှိပါကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေလေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီကို ပြည်ထောင်စုလွှတ်တော်၌ ဖွဲ့စည်းထားပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာကိစ္စရပ်များကို နိုင်ငံရေးပါတီများ၊ ပညာရှင်များ၊ အဖွဲ့အစည်းများနှင့် ပြည်သူများထံမှ သဘောထား အကြံဉာဏ်များရယူပြီး ဆောင်ရွက်လျက်ရှိကြောင်း၊ လွှတ်တော်အတွင်း၌ နိုင်ငံရေးပါတီ(၁၈)ပါတီမှ ပြည်သူ့ကိုယ်စားလှယ်များ ပါဝင်ပြီး ပါတီအချင်းချင်း လုပ်ဖော် ကိုင်ဖက် များအဖြစ် လက်တွဲ ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် ညီညီညွတ်ညွတ် ဖြင့် ပူးပေါင်းဆောင်ရွက်မှသာ လက်တွေ့အကောင် အထည်ပေါ် လာမည်ဖြစ်ကြောင်း။

မိမိတို့နိုင်ငံတွင် ပါတီစုံဒီမိုကရေစီနှင့် ဈေးကွက်စီးပွားရေးစနစ်ကို ကျင့်သုံးလာ ပြီးနောက် ကမ္ဘာအရပ်ရပ်မှ အစိုးရများနှင့် ပြည်သူများက မြန်မာနိုင်ငံအပေါ် ပိုမို စိတ်ဝင်စား လာကြကြောင်း၊ စနစ်ပြောင်းလဲ ကျင့်သုံး လာချိန် တွင် မြန်မာဆိုလျှင် နိုင်ငံတကာက ခေါင်းထောင်ကြည့်လာကြကြောင်း၊ မိမိတို့လွှတ်တော်များကို လည်း နိုင်ငံတကာက အကဲခတ် လေ့လာကြပြီး လွှတ်တော်ကိုယ်စားလှယ်များနှင့် ကော်မတီများကို ဖိတ်ကြားမှုများ ရှိလာခဲ့ ကြောင်း။

ယခင်က မြန်မာနိုင်ငံ၌ ဒီမိုကရေစီမရှိ၍ လွှတ်တော် မကျင်းပနိုင်ခြင်းဖြစ်ကြောင်း၊ ယခု ဒီမိုကရေစီရှိ၍ လွှတ်တော်များ ကျင်းပနိုင်ခြင်းဖြစ်ကြောင်း၊ ဒီမိုကရေစီကျင့်စဉ်များကို ဆက်လက် ဖော်ဆောင်သွားရန် လိုကြောင်း စသဖြင့် နိုင်ငံတကာမှ ပုဂ္ဂိုလ်များက ပြောကြားခဲ့ ကြကြောင်း၊ ဒီမိုကရေစီသည် အမြဲတမ်းလုပ်ဆောင်နေ ရမည့် လုပ်ငန်းစဉ်ကြီးတစ်ရပ်ဖြစ်၍ ဒီမိုကရေစီကျင့်စဉ်များကို အစဉ်အမြဲ ပြောင်းလဲကျင်‌့သုံးနေရမှာ ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် ဒီမိုကရေစီ နောက်ကြောင်း ပြန်လှည့်မည်၊ ရှေ့မတိုးဘူး စသဖြင့် တွက်ဆနေမှုများရှိကြောင်း၊ မိမိတို့အနေဖြင့် ပြည်သူများနှင့်အတူ ဒီမိုကရေစီဖော်ဆောင်ရေးနှင့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို ဆက်လက် ဖော်ဆောင်သွားမည်ဖြစ်ကြောင်း။

နိုင်ငံတော်သမ္မတကြီးက တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲနွမ်းပါးမှု လျော့ချ ရေးအတွက် ခရိုင်နှင့်မြို့နယ် စီမံခန့်ခွဲရေးကော်မတီများ၊ ရပ်ကွက်၊ ကျေးရွာနှင့် မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီများ အဆင့်ဆင့်ဖွဲ့စည်းကာ ဆောင်ရွက် သွားကြရန် စီမံပေးထားပြီးဖြစ်ကြောင်း၊ ယခုကဲ့သို့ ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်များ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆောင်ရွက်ကြမည့်သူများနှင့် တွေ့ဆုံဆွေးနွေးခြင်းသည် မိမိတို့ဒေသ အကျိုးဖြစ်ထွန်းစေသကဲ့သို့ တိုင်းပြည်အကျိုးကိုလည်း ဖြစ်ထွန်းစေမှာဖြစ်ကြောင်း၊ မြို့နယ် စီမံခန့်ခွဲရေး ကော်မတီ များနှင့် မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီများတွင် လွှတ်တော်ကိုယ်စားလှယ်များ၊ စည်ပင်သာယာရေး ဝန်ထမ်းများ၊ ရပ်မိရပ်ဖများ ပါဝင်၍ အကျိုးရှိစွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း။

လူသားတိုင်း၌ မိမိဒေသကိုချစ်ခင်သည့် ဇာတိစိတ်ရှိကြကြောင်း၊ ဇာတိစိတ်သည် ရှိသင့်သည့်စိတ်ဓာတ်ဖြစ်ပြီး အမျိုးသားရေးစိတ်ဓာတ်ကို ဖြစ်ထွန်းစေကြောင်း၊ ဇာတိစိတ်၊ အမျိုးသားရေးစိတ်ကို အခြေခံပြီး မိမိတို့ရပ်ရွာ အကျိုး ဆောင်ရွက်ခြင်းသည် နိုင်ငံအကျိုး ဆောင်ရွြက်ခင်းပင်ဖြစ်ပါကြောင်း၊ ယခုတွေ့ဆုံပွဲသို့ တက်ရောက် လာကြသူများ သည် မိမိတို့ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးနိုင်ကြမည့်သူများဖြစ်၍ ပွင့်ပွင့် လင်းလင်း၊ ရင်းရင်းနှီးနှီး ဆွေးနွေးပြောဆိုကြရန်ဖြစ်ပါကြောင်းဖြင့် အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။

ထို့နောက် ရွှေဘိုမြို့နယ်၊ ဝက်လက်မြို့နယ်၊ ကန့်ဘလူမြို့နယ်၊ ရေဦးမြို့နယ်၊ ခင်ဦးမြို့နယ်၊ ဒီပဲယင်းမြို့နယ်၊ ကျွန်းလှ မြို့နယ်နှင်‌့ တန့်ဆည်မြို့နယ်တို့မှ မြို့နယ်ဖွံ့ဖြိုး တိုးတက်ရေး အထောက်အကူပြုကော်မတီ ဝင်များ က ဒေသ ဖွံ့ဖြိုးရေးဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြကြသည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသာအေးက တင်ပြချက် များအပေါ် ဖြည့်စွက်ဆွေးနွေးတင်ပြသည်။

တင်ပြချက်များအပေါ် ပြည်ထောင်စုလွှတ်တော်နာယက က ပြန်လည်သုံးသပ် ဆွေးနွေးပြီး နိဂုံးချုပ် အမှာစကား ပြောကြားကာ တွေ့ဆုံပွဲသို့ တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ပြီး ရွှေဘို မြို့မှ မော်တော်ယာဉ် များဖြင့်ပြန်လည် ထွက်ခွာခဲ့ရာ နေပြည်တော်သို့ ညပိုင်းတွင် ပြန်လည်ရောက်ရှိကြသည်။

၂၀၁၄ ဇန်နဝါရီ ၂၇