Skip to main content

ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ဧရာဝတီတိုင်းဒေသကြီး ဒေသခံပြည်သူများနှင့်တွေ့ဆုံ (၉-၁-၂၀၁၄)

နေပြည်တော် ဇန်နဝါရီ ၉

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့၌ရောက်ရှိနေသော ပြည်ထောင်စု လွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ဧရာဝတီတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးသိန်းအောင်၊ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင်စိုး၊ ပြည်သူ့လွှတ်တော်  ကော်မတီဥက္ကဋ္ဌများ၊ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင် အဖွဲ့ဝင်များ

တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်း ဒေသကြီး မြောင်းမြမြို့သို့ရောက်ရှိပြီး မြောင်းမြမြို့ နောင်ရိုးခန်းမ၌ ကျင်းပသည့်မြောင်းမြခရိုင်နှင့် လပွတ္တာခရိုင်အတွင်းရှိ မြောင်းမြ၊ လပွတ္တာ၊ဝါးခယ်မ၊ အိမ်မဲနှင့် မော်လမြိုင်ကျွန်းမြို့နယ်တို့မှ မြို့မိမြို့ဖများ၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအထောက် အကူပြုအဖွဲ့များ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲသို့ တက်ရောက်သည်။

တွေ့ဆုံပွဲတွင် ပြည်ထောင်စုလွှတ်တော်နာယကက မြန်မာနိုင်ငံ၏နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှု အခြေအနေနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ အဖွင့်အမှာစကားပြောကြားသည်။

ယင်းနောက် မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီဝင်များက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ထို့နောက် ပြည်ထောင်စုလွှတ်တော်နာယကက တင်ပြချက်များအပေါ် ပြန်လည်ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကားပြောကြား ကာ တွေ့ဆုံပွဲသို့ တက်ရောက်လာသည့် ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။

ထို့နောက် ပြည်ထောင်စုလွှတ်တော်နာယကနှင့် အဖွဲ့ဝင်များသည်မြောင်းမြမြို့မှ မော်တော်ယာဉ်များဖြင့်ထွက်ခွာခဲ့ပြီး ပုသိမ်မြို့သို့ ရောက်ရှိကြကာ ပုသိမ်မြို့ မြို့တော်ခန်းမ၌ ကျင်းပသော ပုသိမ်ခရိုင်အတွင်းရှိ ကျောင်းကုန်း၊ ကန်ကြီးထောင့်၊ သာပေါင်း၊ရေကြည်၊ ကျုံပျော်၊ ပုသိမ်နှင့် ငပုတောမြို့နယ် များမှ မြို့မိမြို့ဖများ၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုအဖွဲ့များ၊ ဒေသခံပြည်သူများနှင့်တွေ့ဆုံပွဲသို့ တက်ရောက်သည်။

တွေ့ဆုံပွဲတွင် ပြည်ထောင်စု လွှတ်တော်နာယကက လွှတ်တော်အစည်းအဝေးများတွင် ပြည်သူများအတွက် အကျိုးဖြစ်ထွန်းစေမည့် ဥပဒေများရေး ဆွဲပြဋ္ဌာန်းနေမှု၊ မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှု အခြေအနေ၊ ပြည်ထောင်စုလွှတ်တော်က ရေးဆွဲ ထုတ်ပြန်လိုက်သည့် ဒေသ ဖွံ့ဖြိုးရေး ရန်ပုံငွေ ထိန်းသိမ်းခြင်းနှင့် သုံးစွဲခြင်းဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ အမှာစကားပြောကြားသည်။

ယင်းနောက် မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီဝင်များက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ ရှင်းလင်း တင်ပြကြသည်။ တင်ပြချက်များအပေါ် ပြည်ထောင်စုလွှတ်တော် နာယကက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး နိဂုံးချုပ် အမှာစကား ပြောကြားကာ တွေ့ဆုံပွဲသို့ တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။

ယခုခရီးစဉ်အတွင်း မြောင်းမြခရိုင်၊ လပွတ္တာ ခရိုင်နှင့် ပုသိမ်ခရိုင်တို့မှ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြု အဖွဲ့များ၊ မြို့မိမြို့ဖများ၊ ဒေသခံ ပြည်သူများနှင့် တွေ့ဆုံရာတွင် ပြည်ထောင်စုလွှတ်တော်နာယက က ၂၀၁၄ ခုနှစ် နှစ်သစ်တွင် လုပ်ဖော်ကိုင်ဖက်များ၏ ဖိတ်ခေါ်မှုကြောင့် လည်းကောင်း၊ မိမိကိုယ်တိုင်လာရောက်လိုသည့် ဆန္ဒကြောင့် လည်းကောင်း၊ မြောင်းမြ၊ လပွတ္တာ၊ ပုသိမ်ဒေသများသို့ မိမိတို့အဖွဲ့ လာရောက်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ လွှတ်တော် အစည်းအဝေးများကိုလာမည့် ဇန်နဝါရီလ ၁၃ ရက်နေ့တွင်ပြန်လည်ကျင်းပမည်ဖြစ်၍ မအားလပ်သည့်ကြားမှ လာရောက်ခဲ့ရသော်လည်း ဧရာဝတီတိုင်းဒေသကြီးမှပြည်သူများ၊ လုပ်ဖော်ကိုင်ဖက်များနှင့်တွေ့ဆုံရသဖြင့် အလွန်ဝမ်းမြောက်ဝမ်းသာဖြစ်ရသလို အကျိုးဖြစ်ထွန်းမှုများလည်း ရရှိပါကြောင်း၊ အလျဉ်းသင့်၍ မြန်မာ့နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုအခြေအနေများကို ပြောကြားလိုပါကြောင်း၊ ယနေ့ကာလတွင် မိမိတို့နိုင်ငံကို ပါတီစုံ ဒီမိုကရေစီစနစ်နှင့် ဈေးကွက်စီးပွားရေးစနစ်ကို ဖော်ဆောင်ပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်ကြီး ဖြစ်ပေါ်လာအောင် ကြိုးပမ်း ဆောင်ရွက်လျက် ရှိပါကြောင်း။

ယနေ့အချိန်အခါတွင် မြန်မာနိုင်ငံ၏ ဒီမိုကရေစီစနစ်သို့ စနစ်တကျပြောင်းလဲမှုဖြစ်စဉ်များကို နိုင်ငံတကာက ဂရုစိုက်စောင့်ကြည့်နေသည့် အချိန်အခါဖြစ်ပါ ကြောင်း၊ ယခုအခါ မြန်မာနိုင်ငံသို့ နိုင်ငံတကာမှဧည့်သည်များပိုမိုများပြားစွာ လာရောက်လျက်ရှိသကဲ့သို့ မြန်မာနိုင်ငံမှ လွှတ်တော် ကိုယ်စားလှယ်များ ကိုလည်း နိုင်ငံတကာမှ လေ့လာရေးခရီး လာရောက်ရန် ဖိတ်ခေါ်မှုများ များစွာရရှိနေပါကြောင်း၊ လွှတ်တော် ရပ်နားထားသည့် ကာလအတွင်း မိမိအနေဖြင့်လည်းနိုင်ငံတကာ၏ဖိတ်ကြားချက်အရ သွားရောက်လေ့လာ မှုများပြုလုပ်ခဲ့ပါကြောင်း။

ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုဖြစ်စဉ်ကို မြန်မာ့နည်း မြန်မာ့ဟန်ဖြင့်ညင်သာစွာပြောင်းလဲနိုင်ခဲ့ခြင်းသည်နိုင်ငံတကာ၏ စိတ်ဝင်စားမှုကို ရရှိခဲ့ခြင်းလည်းဖြစ်ပါ ကြောင်း၊ ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေး ကိစ္စရပ်များကို နိုင်ငံတကာက စိတ်ဝင်တစားစောင့်ကြည့်လျက်ရှိပြီး မည်သို့ပြင်ဆင် ဆောင်ရွက်ကြမည်ကို မေးခွန်းများ ပေါ်ထွက်လာလျက် ရှိပါကြောင်း၊ ပြည်ထောင်စု လွှတ်တော်၌ ဖွဲ့စည်းပုံအခြေခံဥပဒေလေ့လာသုံးသပ်ရေး ပူးပေါင်း ကော်မရှင် ဖွဲ့စည်းပြီး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့်ပတ်သက်၍ နိုင်ငံရေးပါတီများ၊ ပညာရှင် များနှင့်ပြည်သူ များထံမှ လေ့လာသုံးသပ်အကြံပြုချက်များ ရရှိထားပါကြောင်း။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့်ပတ်သက်၍ လေ့လာသုံးသပ်ရာတွင် ရရှိထားသည့် တည်ငြိမ်အေးချမ်းမှုကို မထိခိုက်စေဘဲ ပိုမိုကောင်းမွန်စေရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး အပါအဝင် ငြိမ်းချမ်းရေးဖော်ဆောင်မှုကို မပျက်ပြားစေဘဲ ပိုမိုဖြစ်ထွန်းစေရေး၊ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုကို မထိခိုက်စေဘဲ ပိုမိုတိုးတက်ဖြစ်ထွန်းစေရေး ဟူသော ဦးတည်ချက်(၃)ရပ်ကိုအခြေခံစဉ်းစားရန်လိုအပ်ပါကြောင်း၊၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြဋ္ဌာန်းကျင့်သုံးခဲ့သည်မှာ မကြာသေး၍ ပြင်ဆင်ရန်မလိုဟု ဆုံးဖြတ်ပါကမှားယွင်းနိုင်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေသည် ဒီမိုကရေစီစံနှုန်း၊ လူအခွင့်အရေး စံနှုန်းများ မပြည့်စုံသေးဟုယူဆပြီး လောဘတကြီးဖြင့် အလျင်စလို ပြင်ဆင်ရန်ဆုံးဖြတ်ပါကလည်းမှားယွင်းနိုင်ပါကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး သုံးသပ်ရာတွင် ဉာဏ်အမြော်အမြင်ရှိစွာဖြင့်လေ့လာသုံးသပ်ပြီး ပြင်ဆင်သင့်သည်ကို ရဲရဲဝံ့ဝံ့ ဆုံးဖြတ်ရမှာဖြစ်သကဲ့သို့ မပြင်သင့်သည်များကိုလည်း ရဲရဲဝံ့ဝံ့သတ္တိရှိရှိ ဆုံးဖြတ်ရမှာဖြစ်ပါကြောင်း၊ဒီမိုကရေစီစနစ်ကျင့်သုံးရာ၌ ကိုယ့်နိုင်ငံ၊ ကိုယ့်သမိုင်းကြောင်းကို အခြေခံရမှာဖြစ်ပြီး အခြားနိုင်ငံများမှ ဒီမိုကရေစီစနစ်ကို ပုံတူကူးချမဖြစ်နိုင်ကြောင်း။

ယခုအခါ ပြည်ထောင်စုလွှတ်တော်က ထုတ်ပြန်လိုက်သည့်ဖွံ့ဖြိုးရေး ရန်ပုံငွေထိန်းသိမ်းခြင်းနှင့်သုံးစွဲခြင်းဆိုင်ရာ လုပ်ထုံး လုပ်နည်းများအရ ပြည်သူများ၏ အဓိကလိုအပ်ချက်ဖြစ်သည့်သောက်သုံးရေ ရရှိရေးကျေးလက်လမ်းများ၊ တံတားများပြုပြင် တည်ဆောက်ခြင်း လုပ်ငန်းများ ပညာရေးဆိုင်ရာ အဆောက်အအုံပြုပြင် တည်ဆောက်ခြင်း လုပ်ငန်းများ၊ကျန်းမာရေးဆိုင်ရာ အဆောက်အအုံပြုပြင်တည်ဆောက်ခြင်းဆိုင်ရာ လုပ်ငန်းများနှင့် မြို့နယ်အတွင်းပြည်သူလူထု၏ အမှန်တကယ်လိုအပ်ချက်ဖြစ်သော အခြားလုပ်ငန်းများကိုလက်တွေ့ကျကျ ဆောင်ရွက်ပေးနိုင်ရေးလွှတ်တော် ကိုယ်စားလှယ်များနှင့်မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီများပေါင်းစပ်ဆောင်ရွက်လျက် ရှိပါကြောင်း၊ နိုင်ငံတော်သမ္မတကြီး ချမှတ်ထားသော ဆင်းရဲနွမ်းပါးမှု လျှော့ချရေးလုပ်ငန်းအစီအစဉ်များ အောင်မြင်ရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်ရေး ပူးပေါင်း ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ပြည်သူ့ကိုယ်စားလှယ်များ ဖြစ်ကြသည့် လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် လာမည့်လွှတ်တော် အစည်းအဝေးများတွင် ပြည်သူများ၏ အကျိုးစီးပွားကို ဖော်ဆောင်နိုင်မည့်ဥပဒေများ ရေးဆွဲပြဋ္ဌာန်းနိုင်ရေး ကြိုးပမ်း ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းဖြင့် အသေးစိတ် ရှင်းလင်းပြောကြားခဲ့သည်။

(သတင်းစဉ်)