Skip to main content

လွှတ်တော်အသီးသီး၏နဝမပုံမှန်အစည်းအဝေးများကျင်းပရေးလုပ်ငန်းညှိုနှိုင်း အစည်းအဝေးကျင်းပ

၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၁၃ ရက်နေ့တွင် ကျင်းပမည့် လွှတ်တော်အသီးသီး၏ ပထမအကြိမ် နဝမပုံမှန်အစည်းအဝေးများ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် ၂၀၁၄ ခုနှစ် လွှတ်တော်အစည်းအဝေးများ ကျင်းပရေး ဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီများ ပြန်လည်ဖွဲ့စည်းရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို

ယနေ့နံနက် (၉) နာရီခွဲတွင် လွှတ်တော်ဝင်းအတွင်းရှိ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌရုံး (1G) အစည်းအဝေးခန်းမ၌ ကျင်းပရာ ၂၀၁၄ ခုနှစ် လွှတ်တော်အစည်းအဝေးများ ကျင်းပရေးဗဟိုကော်မတီ နာယက၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့် တက်ရောက်အမှာစကားပြောကြားသည်။

အစည်းအဝေးသို့ လွှတ်တော်အစည်းအဝေးများ ကျင်းပရေးဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုလွှတ်တော် ဒုတိယနာယကနှင့် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမြညိမ်း၊ ဗဟိုကော်မတီအဖွဲ့ဝင်နှင့် လုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးများ၊ လွှတ်တော်ရုံး အသီးသီးနှင့် သက်ဆိုင်ရာဌာနအဖွဲ့အစည်းများမှ ညွှန်ကြားရေးမှူးချုပ် နှင့် ဦးဆောင်ညွှန်ကြားရေးမှူးများ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေ့ဦးစွာ ဗဟိုကော်မတီ နာယက အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ က လွှတ်တော်အစည်းအဝေးများ အောင်မြင်စွာ ကျင်းပနိုင်ခဲ့မှုနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည့် အစီအစဉ်များကို ရှင်းလင်းမှာကြားသည်။

ထို့နောက် လွှတ်တော်အစည်းအဝေးများ ကျင်းပရေးဗဟိုကော်မတီ အတွင်းရေးမှူးက လုပ်ငန်းကော်မတီများ ဖွဲ့စည်းရန်လျာထားချက်များနှင့် စပ်လျဉ်း၍ရှင်းလင်းတင်ပြသည်။

ယင်းနောက် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဗိုလ်ချုပ်ကြီးကိုကို က လွှတ်တော်နှင့် စပ်လျဉ်းသည့် လုံခြုံရေးလုပ်ငန်းများကိုလည်းကောင်း၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည် က လွှတ်တော်ကျင်းပစဉ် ကာလအတွင်း သတင်းထုတ်ပြန် ဖော်ပြနိုင်ရေးအပါအဝင် ဆောင်ရွက်သွားမည့် ပြန်ကြားရေး လုပ်ငန်းဆိုင်ရာများကိုလည်းကောင်း၊ ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းအောင် က သယ်ယူပို့ဆောင်ရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍လည်းကောင်း၊ ရထားပို့ဆောင်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေးက လွှတ်တော်အစည်းအဝေးသို့တက်ရောက်လာကြသည့် လွှတ်တော်ကိုယ်စားလှယ်များအတွက် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍လည်းကောင်း၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေသက်ခင် က ကျန်းမာရေးဆိုင်ရာလုပ်ငန်းများကို လည်းကောင်း၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်က ဧည့်ခံ ကျွေးမွေးရေးဆိုင်ရာ လုပ်ငန်းများကိုလည်းကောင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်လွင် က အခမ်းအနားပြင်ဆင်ရေး လုပ်ငန်းဆိုင်ရာများကိုလည်းကောင်း၊ နေပြည်တော် စည်ပင်သာယာရေး ကော်မတီအတွင်းရေးမှူးက တည်းခိုရေးနှင့် နေရာချထားရေး လုပ်ငန်းများကို လည်းကောင်း၊ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန ဦးဆောင်ညွှန်ကြားရေးမှူး က ဆက်သွယ်ရေး အသံထိန်းစနစ်များနှင့် စပ်လျဉ်း၍လည်းကောင်း၊  လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဦးဆောင်ညွှန်ကြားရေးမှူး က လျှပ်စစ်ကဏ္ဍများကိုလည်းကောင်း အသီးသီး ရှင်းလင်းတင်ပြကြရာ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦခင်အောင်မြင့်က ရှင်းလင်းတင်ပြချက်များနှင့် စပ်လျဉ်း၍လိုအပ်သည်များကို ဖြည့်စွက်မှာကြား ညှိနှိုင်းဆောင် ရွက်ပေးသည်။

ထု့ိနောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက နိဂုံးချုပ် အမှာစကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။