Skip to main content

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ဂျပန်နိုင်ငံလွှတ်တော်၊ ဥပဒေရေးရာနှင့် အုပ်ချုပ်ရေး ဆိုင်ရာ အမြဲတမ်းကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ဂျပန်နိုင်ငံလွှတ်တော်၊ ဥပဒေရေးရာနှင့် အုပ်ချုပ်ရေးဆိုင်ရာ အမြဲတမ်းကော်မတီ ဥက္ကဋ္ဌ H.E.Mr. Ichiro AISAWA နှင့် Liberal Democratic Party (LDP), Democratic Party, Japan Restoration Party တို့မှလွှတ်တော်ကိုယ်စားလှယ် များအား ယနေ့နံနက် ၉း၁၅ တွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ၊ ဇမ္ဗူသီရိ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် အတူ ကော်မတီဥက္ကဋ္ဌများဖြစ်ကြသည့် ဦးဌေးဦး၊ ဒေါက်တာခင်ရွှေ၊ ဦးဌေးမြင့်၊ ကော်မတီ အတွင်းအရေးမှူးများ ဖြစ်ကြသော ဦးစောလှထွန်း၊ ဦးကြည်သာ၊ ကော်မရှင်အဖွဲ့ဝင် ဒေါ်အေးအေးမူနှင့် လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင် ဂျပန်-မြန်မာ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးတက်ခိုင်မြဲရေး၊ ဂျပန်-မြန်မာ နှစ်နိုင်ငံလွှတ်တော်များအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် နှစ်နိုင်ငံ လွှတ်တော်ချစ်ကြည်ရေးအသင်း ဖွဲ့စည်းရေးဆိုင်ရာ ကိစ္စရပ်များ၊ ဂျပန်-မြန်မာ နှစ်နိုင်ငံလွှတ်တော်အချင်းချင်း၊ အစိုးရအချင်းချင်း၊ ပြည်သူအချင်းချင်း ကဏ္ဍစုံ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေး ကြသည်။ တွေ့ဆုံပွဲအပြီးတွင် ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ဧည့်သည်တော်အဖွဲ့နှင့်အတူ အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ကူးကြသည်။ (သတင်းစဉ်)