Skip to main content

ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ လွှတ်တော်များ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရေးအဖွဲ့ (JCC) ဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန် Panna Institute ၏ အမှုဆောင်အရာရှိချုပ် ဦးဖေအောင်ဇင် အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ လွှတ်တော်များ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ (JCC) ဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်သည် Panna Institute ၏ အမှုဆောင်အရာရှိချုပ် ဦးဖေအောင်ဇင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား  ယနေ့ မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ၊ ပြည်သူ့လွှတ်တော်ဒုတိယ ဥက္ကဋ္ဌရုံးခန်း၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် Panna Institute အနေဖြင့် လွှတ်တော်ကိုယ်စားလှယ်များ၏ ဒေသဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် မဲဆန္ဒရှင်ပြည်သူများနှင့် ဆက်သွယ်မှု လွယ်ကူချောမွေ့စေရေးအတွက် အိုင်တီနည်းပညာ အသုံးပြုနိုင်ရေးဆိုင်ရာ ကိစ္စရပ်များ၊ လူမှုမီဒီယာနှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ ပြည်သူ့ဆက်ဆံရေးကဏ္ဍ၊ ပြည်သူနှင့် စဉ်ဆက်မပြတ် ထိတွေ့နိုင်ရေးဆိုင်ရာ သတင်းအချက်အလက်နှင့် နည်းပညာဆိုင်ရာ  ပလက်ဖောင်း (ICT- Information and Communication Technology Platform ) စသည့် ဆွေးနွေးပွဲများ ကျင်းပနိုင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်းပြီး ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ်ဆွေးနွေး ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌနှင့်အတူ လွှတ်တော်များ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ (JCC) အဖွဲ့ဝင်များ ဖြစ်ကြသည့် ဒေါ်အေးအေးမူ၊ ဦးတင်အောင်ချို နှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်