(ခ)-ထန်းတပင်-လမုတန်းတစ်ဖက်ကမ်းကို ကုက္ကိုဝမြစ်ကူးတံတား သို့မဟုတ် ကြိုးတံတားဆောက်လုပ် ပေးရန်အစီအစဉ်ရှိ၊ မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်သည် ပန်းလှိုင်မြစ်၊ လှိုင်မြစ်၊ ကုက္ကိုဝမြစ်၊ ဘောလယ်မြစ်တို့ဝန်းရံလျက်ရှိပါတယ်။ ဧရိယာအကျယ်အဝန်းမှာ ၃၂၇ စတုရန်းမိုင်ကျယ်ဝန်း၍ မြစ်ချောင်းအင်းအိုင်များဖြင့် သွားရေးလာရေးခက်ခဲလျက်ရှိပါတယ်။ ထန်းတပင်မြို့နယ်သည် ရုံးစိုက်ရာမြို့လည်းဖြစ်ပါတယ်။ မြစ် ၄ မြစ်ဝန်းရံလျက်ရှိခြင်းကြောင့် ဘောလယ်ကျွန်းမှ ကျေးရွာပေါင်း ၃၃ အုပ်စုတို့သည် ထန်းတပင်မြို့သို့သွားလာရာ၌ မှော်ဘီ၊ ရွှေပြည်သာ၊ အင်းစိန်၊ လှိုင်သာယာ ၄ မြို့နယ်တို့သို့ကွေ့ပတ်ကျော်ဖြတ်သွားလာရခြင်းကြောင့် အချိန်၊ ငွေ၊ လူပင်ပန်းများစွာဖြင့်အသုံးပြုဆောင်ရွက်နေရပါတယ်။ ထို့အတွက်ကြောင့် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးများနောက်ကျလျက်ရှိနေပါတယ်။ သို့ဖြစ်ပါ၍ နာရီပိုင်းအတွင်း သွားရေး၊ လာရေးများ အဆင်ပြေစေနိုင်သော ထန်းတပင်မြို့တစ်ဖက်ကမ်းမှ လမုတန်းကျေးရွာတစ်ဖက်ကမ်းတွင် ရှိသော ကုက္ကိုဝမြစ်ကူးတံတား သို့မဟုတ် ကြိုးတံတားဆောက်လုပ်ပေးရန် မြို့နေပြည်သူလူထုဆန္ဒအရ အောက်ပါကြယ်ပွင့်ပြမေးခွန်းကို မေးမြန်းရခြင်းဖြစ်ပါတယ်။ မေးခွန်း (၁) ကုက္ကိုဝမြစ်ကူးတံတား သို့မဟုတ် ကြိုးတံတားဆောက်လုပ်ပေးနိုင်ရန် အစီအစဉ်ရှိ၊ မရှိသိရှိလိုပါတယ်။ မေးခွန်း(၂) ဆောင်ရွက်မည်ဆိုပါက မည်သည့်အချိန်တွင်ဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးတင့်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ ဘောလယ်ကျွန်းဒေသဟာ မြောက်ဘက်မှာ လှိုင်မြစ်နှင့် ဘောလယ်မြစ်၊ တောင်ဘက်မှာ ကုက္ကိုဝမြစ်၊ အရှေ့ဘက်မှာ လှိုင်မြစ်နှင့် အနောက်ဘက်မှာ ဘောလယ်မြစ်တို့နဲ့ဝန်းရံတည်ရှိလျက်ရှိပါတယ်။ ဘောလယ်ကျွန်းဒေသဖွံ့ဖြိုးရေး အတွက် နိုင်ငံတော်အစိုးရမှ စီမံချက်ချပြီးဆောင်ရွက်ခဲ့ရာမှာ ၂၀၀၀ ပြည်‌့နှစ်မှာ လှိုင်မြစ်ကူးတံတား (မြို့ချောင်း)နှင့် ဘောလယ်မြစ်ကူးတံတား(ရေပေါ်သောင်)တို့ကို တည်ဆောက်ဖွင့်လှစ်ပေးခဲ့ပြီးဖြစ်ပါ တယ်။ မြို့ချောင်းတံတားနှင့် ရေပေါ်သောင်တံတားများ တည်ဆောက်ပေးခဲ့ခြင်းကြောင့် ဘောလယ် ကျွန်းဒေသမှ ပြည်သူများ မှော်ဘီမြို့သို့အလွယ်တကူသွားလာနိုင်ပြီး ရန်ကုန်မြို့တော်သို့လည်း အချိန်တိုအတွင်းသွားလာနိုင်ခဲ့ပြီဖြစ်တဲ့အတွက် ဒေသရဲ့လူမှုစီးပွားရေးဘဝများလည်း ဖွံ့ဖြိုးတိုးတက် နေပြီဖြစ်ပါတယ်။ ဘောလယ်ကျွန်းဒေသမှာရှိတဲ့ ကျေးရွာ ၃၃ အုပ်စုမှ မြို့နယ်ရုံးစိုက်ရာ ထန်းတပင်မြို့ သို့သွားလာရာမှာတော့ ကုက္ကိုဝမြစ်ခြားနေခြင်းကြောင့် မှော်ဘီမြို့မှ ရွှေပြည်သာ၊ အင်းစိန်၊ လှိုင်သာယာမြို့များသို့ကွေ့ပတ်၍သွားလာရသဖြင့် အချိန်ကုန်၊ ငွေကုန်၊ လူပန်းဖြစ်ခဲ့တာတွေကို လည်းသိရှိပါတယ်။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ဆောက်လုပ်ရေး ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတစ်ဝန်း လမ်းတံတားများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နှစ်ရှည်၊ နှစ်တို စီမံကိန်းများရေးဆွဲ ဆောင်ရွက်လျက်ရှိရာမှာ ကုက္ကိုဝမြစ်ကူးတံတား ဆောက်လုပ်ရေးအတွက် စတုတ္ထနှစ်တို ၅ နှစ် စီမံကိန်းကာလအတွင်းဖြစ်သော ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် ကုက္ကိုဝမြစ် ကူးတံတား စီမံကိန်းအားဆောင်ရွက်ရန် လျာထားရေးဆွဲထားပါကြောင်း ဖြေကြားပါသည်။