Skip to main content

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းအား အင်ဒိုနီးရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ လာရောက်တွေ့ဆုံ

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးမန်းရွှေအား အင်ဒိုနီးရှားသမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနဝန်ကြီး H-E. Dr. R. M. Marty M. Natalegawa ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ ညနေ ၃ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော်ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံသည်။

ထိုသို့ တွေ့ဆုံရာတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့်အတူ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ၊ ပြည်သူ့လွှတ်တော်ကော်မတီဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ တက်ရောက်ကြပြီး အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့်အတူ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ အင်ဒိုနီးရှား သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Sebastianus Sumarsono နှင့်သံရုံးအဖွဲ့ဝင်များ တက်ရောက်ကြသည်။

ယင်းသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှု ရှင်သန်ဖွံ့ဖြိုးတိုးတက်စေရေး၊ မြန်မာ-အင်ဒိုနီးရှား လွှတ်တော် နှစ်ရပ်အကြား အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များ၊ မြန်မာနိုင်ငံ၏ ပကတိနိုင်ငံရေး ဖြစ်ပေါ် တိုးတက်ပြောင်းလဲမှုများ၊ ဒေသတွင်း အာဆီယံ အသိုက် အဝန်းအတွင်း အဖွဲ့ဝင်မြန်မာနိုင်ငံက ချစ်ကြည်ရင်းနှီးပူးပေါင်း ကြိုးပမ်းဆောင်ရွက်နေမှုများနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။ တွေ့ဆုံပွဲအပြီးတွင် ပြည်သူ့လွှွတ်တော် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော်ကော်မတီ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များသည် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။