Skip to main content

မြေသိမ်း (သတ္ထုတွင်းများ) အက်ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေမူကြမ်းအပေါ် လွှတ်တော် ဥပဒေကြမ်းကော်မတီ၏ စိစစ်တွေ့ရှိချက် အစီရင်ခံစာအား ဖတ်ကြား

ဦးခင်မောင်ညို (ပေါက် မဲဆန္ဒနယ်)။         ။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ကြီးများ မင်္ဂလာအပေါင်းနှင့် ပြည့်ဝကြပါစေကြောင်း ဆုမွန်ကောင်း တောင်းရင်း ဂါရဝပြုနှုတ်ခွန်း ဆက်သအပ်ပါတယ်။ ကျွန်တော်ကတော့ မကွေးတိုင်း ဒေသကြီး၊ ပေါက်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီဝင် ဦးခင်မောင်ညိုဖြစ် ပါတယ်။ ကျွန်တော့်အနေနဲ့ ဥပဒေကြမ်း ကော်မတီကိုယ်စား ကော်မတီဥက္ကဋ္ဌ၏ တာဝန်ပေးအပ်ချက် အရ မြေသိမ်း (သတ္ထုတွင်းများ) အက်ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေမူကြမ်းအပေါ် လွှတ်တော် ဥပဒေကြမ်းကော်မတီ၏ စိစစ်တွေ့ရှိချက် အစီရင်ခံစာအား ဖတ်ကြားသွားမှာ ဖြစ်ပါတယ်။

၁။       ပြည်ထောင်စု အစိုးရအဖွဲ့ရုံးမှ ပေးပို့လာသော မြေသိမ်း (သတ္ထုတွင်းများ) အက်ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေမူကြမ်းအား အမျိုးသားလွှတ်တော်၌ စတင်ဆွေးနွေးခဲ့ပြီး ပြင်ဆင်ချက်များဖြင့် အတည်ပြု၍ ပြည်သူ့လွှတ်တော်၌ ဆွေးနွေးရန် ရည်ညွှန်းပါစာဖြင့် ပေးပို့လာပါသည်။

၂။       ပြည်ထဲရေးဝန်ကြီးဌာန မြေသိမ်း (သတ္ထုတွင်းများ) အက်ဥပဒေသည် ၁၈၈၅ ခုနှစ်က အင်္ဂလိပ် ဘာသာဖြင့် ပြဋ္ဌာန်းခဲ့သော ဥပဒေဖြစ်ပြီး ဆက်လက်ကျင့်သုံးရန် မလိုအပ်တော့ခြင်း၊ သတ္ထုတွင်း ဝန်ကြီးဌာနမှလည်း မြန်မာ့သတ္ထုတွင်းဥပဒေ၊ နည်းဥပဒေများကို ပြဋ္ဌာန်းဆောင်ရွက် နေပြီဖြစ်ပါ၍ ဤဥပဒေသည် ဆက်လက်ကျင့်သုံးရန် မလိုအပ်တော့ကြောင်း လေ့လာတွေ့ရှိရပါသည်။

၃။       ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီသည် ‌မြေသိမ်း(သတ္ထုတွင်းများ) အက်ဥပဒေကို ရုပ်သိမ်းသည့်ဥပဒေကြမ်းအား ပြည်သူ့လွှတ်တော်မှ တာဝန်ပေးအပ်ထားသည့် အချက် ၁၂ ချက်နှင့် အညီ ၂၇-၈-၂၀၁၂ ရက်နေ့တွင် လေ့လာစိစစ်ခဲ့ကြပါသည်။

၄။       ဤဥပဒေကြမ်း အပေါ်တွင် အမျိုးသားလွှတ်တော်က မြေသိမ်း (သတ္ထုတွင်းများ) အက်ဥပဒေ အစား The Land Acquisition (Mines) Act, 1885 ဟု ပြင်ဆင်ပြီး အတည်ပြုခဲ့ရာ ဆက်လက် ကျင့်သုံးရန် မလိုအပ်တော့သည့် ဥပဒေဖြစ်သည့် အတွက် ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ သည် အမျိုးသားလွှတ်တော်၏ ပြင်ဆင်ချက်အတိုင်း  အတည်ပြုသင့်ပါကြောင်း ပြည်သူ့လွှတ်တော် ဆိုင်ရာ နည်းဥပဒေ ၄၄ အရ စိစစ်ခဲ့ကြပြီး နည်းဥပဒေ ၄၅ နှင့်အညီ ပြည်သူ့လွှတ်တော်သို့ အစီရင်ခံ တင်ပြအပ်ပါသည်။ အားလုံးကို ကျေးဇူးတင်ပါတယ်။