Skip to main content

နိုင်ငံအဝှမ်းရှိ သစ်တောကြိုးဝိုင်းများ အတွင်းမှ လယ်မြေ များအား ဥပဒေနှင့်အညီ တရားဝင် လုပ်ကိုင်ခွင့်ရသော လယ်ယာမြေများအဖြစ် ဆောင်ရွက် ပေးပါရန်” အဆိုတင်သွင်းခြင်း

ဦးအောင်မြင်‌့ (ဂန့်ဂေါမဲဆန္ဒနယ်)။          ။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့ကိုယ်စားလှယ်များ ကိုယ်၏ ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းနှင့် ပြည့်စုံကြပါစေလို့ ဆုမွန် ကောင်းတောင်းရင်း ဂါရဝပြုနှုတ်ခွန်း ဆက်သအပ်ပါတယ်။ ကျွန်တော်ကတော့ မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မြင့်ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ နိုင်ငံတော်အကျိုး၊ ပြည်သူများရဲ့ အကျိုး၊ တောင်သူလယ်သမားများရဲ့ အကျိုးကို မျှော်ကိုးပြီး နိုင်ငံတော် အဝန်းရှိ ကြိုးဝိုင်းများ အတွင်းမှ လယ်ယာမြေများအား ဥပဒေနှင်‌့အညီ တရားဝင် လုပ်ကိုင်ခွင့်ရတဲ့ လယ်ယာမြေများ အဖြစ် ဆောင်ရွက်ေ ပးပါရန်အဆိုအား တင်သွင်းသွားမှာဖြစ်ပါတယ်။ ကျွန်တော်ရဲ့ အဆိုအား စာဖြင့်ဖတ်ကြား တင်သွင်းခွင်‌့ပြုပေးပါရန် လေးစားစွာဖြင့် တင်ပြအပ်ပါတယ်။

လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော်တို့ ဂန့်ဂေါခရိုင်မှာရှိတဲ့ ဂန့်ဂေါ၊ ထီလင်း၊ ဆော မြို့နယ်များနှင့် ကျောက်ထု မြို့နယ်ခွဲတို့မှာ သစ်တောကြိုးဝိုင်းပေါင်း ၃၃ ခုရှိပြီး ကြိုးဝိုင်း ဧရိယာအတွင်း လယ်ယာမြေ ဧကပေါင်း ၁၂၆၆၈ ဧကရှိကြောင်း လေ့လာ တွေ့ရှိရပါတယ်။ အလားတူ နိုင်ငံအဝန်းရှိ မြို့နယ်များမှာလည်း သစ်တော ကြိုးဝိုင်းများအတွင်း လယ်ယာမြေများ များစွာရှိ ကြကြောင်း အချို့ မြို့နယ်များမှာ ကျေးရွာများပင် ရှိနေကြကြောင်း လွှတ်တော် ကိုယ်စားလှယ်ကြီးများမှ ပြောပြကြလို့ သိရှိရပါတယ်။ ၁၈-၉-၂၀၁၁ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာမှာပါတဲ့ သစ်တော ကဏ္ဍနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ခေါင်းစဉ်နှင့် မောင်သစ်တော ရေးသားထားတဲ့စာထဲမှာ သစ်တောကြိုးဝိုင်းများအတွင်း လယ်မြေ၊ ယာမြေနှင့် အခြားကျူးကျော်မြေ ဧရိယာများဟာ နိုင်ငံအဝန်း ရှိကြိုးဝိုင်း ဧရိယာစုစုပေါင်း ၁၂၂၆၇၄ စတုရန်း မိုင်ရဲ့ ၄.၅ ရာခိုင်နှုန်းတွေ့ရှိရပြီ ဧရိယာအများဆုံးမှာ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းဖြစ်ကာ လယ်ယာမြေ ဧကပေါင်း ၄၅၆၂၉၅.၈ ဧကရှိကြောင်း လေ့လာ တွေ့ရှိရပါတယ်။

လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးခင်ဗျား။ သစ်တောကြိုးဝိုင်းများ အတွင်းမှ လယ်ယာမြေများဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀၊ ၆၀ မက ဘိုးဘွားများ လက်ထက်ကတိုင် သားစဉ်မြေးဆက်ထိ လုပ်ကိုင်ခဲ့ကြတဲ့ လယ်ယာမြေများ ပါဝင်သလို အချို့မှာ စားဝတ်နေရေးအတွက် လုပ်ကိုင်စားသောက်ရန် မြေနေရာ အခက်အခဲများကြောင့် နီးစပ်ရာ သစ်တောကြိုးဝိုင်းများ အတွင်းမှ စိုက်ပျိုးရန် သင့်တော်တဲ့ မြေနေရာများမှာ လယ်ယာမြေများ ဖော်ထုတ်လုပ်ကိုင် စားသောက်နေရခြင်း လည်းဖြစ်ပါတယ်။ သစ်တော ဝန်ထမ်းများမှာလည်း မသိရှိကြလို့ မဟုတ်ဘဲ တောင်သူများရဲ့အကျိုးကို ရှေးရှုကာ လုပ်ကိုင်စားသောက်ခွင့် များပေးခဲ့ကြတာ ဖြစ်နိုင်ပါတယ်။ သစ်တောဝန်ထမ်းများက တောင်သူလယ်သမားများ ကို လယ်ယာမြေ ဖော်ထုတ် လုပ်ကိုင်ခွင့်များ မပေးခဲ့ကြပါက အဲဒီကြိုးဝိုင်းထဲက လယ်ယာမြေများဟာလည်း သစ်တော ကြိုးဝိုင်းများ အတွင်းမှာ ရှိလာနိုင်စရာ အကြောင်း မရှိဘူးလို့ ယူဆစရာလည်းဖြစ်ပါတယ်။

လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ယခင်နှစ်ပေါင်းများစွာက သတ်မှတ်ခဲ့တဲ့ သစ်တောကြိုးဝိုင်းများအတွင်းမှာ လယ်ယာမြေများ ဖြစ်ပေါ်ခဲ့ရခြင်း အကြောင်းအရင်း များအားလည်း ထည့်သွင်း စဉ်းစားကြဖို့လိုမှာ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လယ်တစ်ဧက၊ ယာတစ်ဧက ဖြစ်ဖို့အတွက် နေ့ချင်းညချင်း ရုတ်တရုက် အချိန်တိုကာလအတွင်း ဖော်ထုတ်လုပ်ယူလို့ ရတဲ့အရာများ မဟုတ်လို့ပဲ ဖြစ်ပါတယ်။ ယခင်ခေတ်ကာလများက စက်ယန္တရားများလည်း မရှိကြတဲ့ အတွက် တောင်သူများဟာ မိမိခန္ဓာကိုယ် လုပ်အားများနှင့် အချိန် ကာလများစွာ သစ်ခုတ်ခြင်း၊ သစ်ငုတ် ထုတ်ခြင်း၊ မြေညှိခြင်း အစရှိတဲ့ ‌မြေကို ပင်ပန်းကြီးစွာ ပြုပြင်ကြပြီးမှ လယ်ကောင်း၊ ယာကောင်းများ ဖြစ်ကြရတာဖြစ်လို့ မိမိတို့ရဲ့ လယ်ယာမြေများကို အသက်သခင် ကျေးဇူးများကဲ့သို့ အမြတ်တနိုး တန်ဖိုးထားကြခြင်းလည်း ဖြစ်ပါတယ်။ လယ်ယာမြေများမှာ စိုက်ပျိုးကြတဲ့ သီးနှံအပင်များရဲ့အရောင်များ ဟာလည်း အစိမ်းရောင်များပဲ ဖြစ်တဲ့အတွက် သဘာဝ ပတ်ဝန်းကျင်ကိုလည်း များစွာထိခိုက်မှု မရှိနိုင်ဘူးလို့ ယူဆမိပါတယ်။ ဘာကြောင့်လဲဆိုတော့ သစ်ပင်များဟာလည်း နွေရာသီမှာ သစ်ရွက်များ ခြောက်သွေ့ကြွေကျတဲ့ ကာလများရှိတဲ့အတွက် အမြဲတမ်း မစိမ်းနိုင်ကြလို့ပဲ ဖြစ်ပါတယ်။ လယ်ယာမြေ ကောင်းတစ်ဧကဟာ သစ်တောတစ်ဧကထက် များစွာ တန်ဖိုး ကြီးမားလှပါတယ်။

လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးခင်ဗျား။ သစ်တောကြိုးဝိုင်း အတွင်းမှာရှိတဲ့ လယ်ယာမြေဧက များစွာအပေါ်မှီခိုကာ စားဝတ်နေရေးအတွက် လုပ်ကိုင်စားသောက် နေကြရတဲ့ တောင်သူ လယ်သမားများနှင့် မိသားစုများစွာတို့ရဲ့ ဘဝရှင်သန် ရပ်တည်ရေးကို နိုင်ငံတော်ရဲ့ တာဝန် တစ်ရပ်အနေဖြင့် ထည်‌့သွင်းစဉ်းစားဖို့ လိုအပ်မှာဖြစ်ပါတယ်။ နိုင်ငံတော်အနေဖြင့်လည်း သစ်တော ကြိုးဝိုင်းဧရိယာဧကများဟာ လယ်ယာမြေနှင့် ရွာမြေများကြောင့် ဧကများ လျော့နည်းသွားပါကလည်း ထပ်မံဖြည့်ဆည်း လိုပါက ကြိုးပြင်တောနှင့် ‌မြေလွတ်၊ ‌မြေလပ်နှင့် မြေရိုင်းဧရိယာ ဧက များစွာတို့ဖြင့် ပြန်လည်ဖြည့်ဆည်း သင့်လှပါတယ်။ ဥပမာအားဖြင့် ကျွန်တော်တို့ ဂန့်ဂေါခရိုင်မှာ ကြိုးပြင်တော ဧရိယာပေါင်း ၄၈၁၉၀၇ ဧက ရှိသလို နိုင်ငံအဝန်း အခြား ဒေသများမှာလည်း ကြိုးပြင်တော ဧရိယာများစွာ ရှိမှာဖြစ်ပြီး အဲဒီကြိုးပြင်တော ဧကများအား နိုင်ငံတော် အနေဖြင့် ကြိုးဝိုင်းဧရိယာအဖြစ် ပြောင်းလဲသတ်မှတ်ကာ သစ်ပင်များစိုက်ပျိုးပါက ပိုမိုအဆင်ပြေမှာဖြစ်ပါတယ်။

လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးခင်ဗျား။ နိုင်ငံတော်မှာလည်း တိုးပွားလာတဲ့ လူဦးရေများနှင့် အညီ စားနပ်ရိက္ခာ ဖူလုံစေရန် အတွက် လယ်ယာထွက်ကုန် သီးနှံများ ပိုမိုထွက်ရှိရေး အတွက်ကိုလည်း ‌မြေလွတ်၊ ‌မြေလပ်နှင့် မြေရိုင်းများကို လယ်ယာမြေများအဖြစ် တိုးချဲ့ဖော်ထုတ်စေပြီး စိုက်ပျိုး စေလျက်ရှိပါတယ်။ ဒါ့အပြင် လယ်ယာထွက်ကုန် သီးနှံများ အထွက် တိုးရေးအတွက်လည်း အထွက်နှုန်းကောင်း၊ မျိုးကောင်း၊ မျိုးသန့်များတီထွင် အသုံးပြုစေခြင်း၊ သိပ္ပံနည်းကျ စိုက်နည်းစနစ်များ တီထွင်ခြင်း၊ ဓာတ်မြေသြဇာများ အသုံးပြုစေခြင်း အစရှိတဲ့ နည်းလမ်းပေါင်းစုံနဲ့ သီးနှံများအထွက်တိုး အောင်ဆောင်ရွက် စေလျက်ရှိပါတယ်။ ယခုလည်း သစ်တောကြိုးဝိုင်းများအတွင်းမှ တည်ရှိပြီးသော တန်ဖိုးကြီးမားလှတဲ့ လယ်ယာမြေများကို သစ်ပင်များ ပြန်လည်စိုက်ပျိုးစေခြင်းဟာ မှန်ကန်သော မူဝါဒ တစ်ရပ်အဖြစ် ယူဆရန် မသင့်ကြောင်းလည်း တင်ပြလိုပါတယ်။ လယ်ယာမြေများဟာ ညီညာပြန့်ပြူးပြီး ရေရရှိနိုင်တဲ့ မြေနေရာများမှသာ ဖော်ထုတ် စိုက်ပျိုး အောင်မြင်ကြရတာဖြစ်ပါတယ်။ သစ်ပင်များ ကတော့ တောင်ကုန်း၊ တောင်စောင်းများ၊ လျှိုမြောင်၊ ချိုင့်ဝှမ်းများ အစရှိတဲ့မညီညာတဲ့မြေများ မှာလည်း စိုက်ပျိုးလို့ရကြတဲ့ အပင်များဖြစ်ပါတယ်။ လယ်ယာမြေများထဲမှာ သစ်ပင်များပြန်စိုက်ပျိုး စေခြင်းဟာ ဆင်းရဲသား တောင်သူလယ်သမားများအတွက် စားဝတ်နေရေး အခက်အခဲများကို ဖန်တီ ပေးသလိုဖြစ်ပြီး လတ်တလော ဒုက္ခရောက် စေကြမယ့် နည်းလမ်းများကို အတတ်နိုင်ဆုံး ကိုယ်ချင်းစာနာ စိတ်များနှင့် ရှောင်ရှားသင့်လှပါကြောင်း တင်ပြလိုပါတယ်။ နိုင်ငံတော်ရဲ့ စားနပ်ရိက္ခာ ထုတ်လုပ်ခြင်း ကိုလည်း ကျဆင်းအောင် ဆောင်ရွက်သကဲ့သို့ ဖြစ်နေတဲ့အတွက် သက်ရှိ လူသားများ အသက်ရှင် ရပ်တည်နိုင်ရန် စားရေးနှင့် သစ်ပင်များအရေး ဘယ်ဟာ အရေးကြီးတယ် ဆိုတာကိုလည်း စဉ်းစဉ်း စားစားနဲ့ ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။

လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးခင်ဗျား။ အခုအခါမှာ တောင်သူလယ်သမား များအတွက် စပါးတစ်ဧကစိုက်လျှင် ချေးငွေ ၅၀၀၀၀ ကျပ်အထိ နိုင်ငံတော်မှ အတိုးနှုန်း သက်သာစွာ ဖြင့် စိုက်ပျိုးစရိတ် ချေးငွေများ ချေးပေးနေပြီဖြစ်ပါတယ်။ ဒါ့အပြင် လယ်ယာမြေ ဥပဒေသစ်ရဲ့ ရပိုင်ခွင့် များဖြစ်တဲ့ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ လွှဲပြောင်းခြင်း၊ အပြီးအပိုင်လွှဲပြောင်းခြင်း၊ အမွေဆက်ခံခွင့် ရှိခြင်း အစရှိတဲ့ အခွင့်အရေးများဟာ အကာအကွယ်များ၊ လုပ်ပိုင်ခွင့်များကိုလည်း တရားဝင် လယ်ယာမြေများက ခံစားနေကြ ရပြီဖြစ်ပါတယ်။ သစ်တောကြိုးဝိုင်းများ အတွင်းမှ လယ်ယာမြေများကို လုပ်ကိုင်နေကြရတဲ့ တောင်သူ လယ်သမားများကတော့ အခုလို အခွင့်အရေးများ မခံစားရတဲ့အပြင် ဘယ်နေ့ ပုဂ္ဂလိက လုပ်ငန်းရှင် ကုမ္ပဏီများရဲ့ နှစ်ရှည်ပင် စိုက်ခင်းများ အတွက် အသိမ်းခံရမလဲလို့ ရင်တမမနှင့် စိတ်ဒုက္ခ ခံစားနေကြရတဲ့ ဘဝများကို နားလည် စာနာကြရန်လည်း နိုင်ငံတော်အနေဖြင်‌့ လိုအပ်မယ်လို့ ယူဆမိပါတယ်။ လယ်ယာမြေ လုပ်ကိုင် စားသောက်ကြရတဲ့ တောင်သူလယ်သမားများ အနေနဲ့ နိုင်ငံတော်ပိုင်မြေများကို လုပ်ကိုင်ကြရခြင်းအတူတူ အခွင့်အရေးများလည်း တူညီစွာခံစားခွင့် များရရှိစေလိုပါတယ်။ အခြားလုပ်ကိုင်စားသောက်စရာ လုပ်ငန်းမရှိလို့သာ ဆင်းရဲပင်ပန်းစွာလုပ်ကိုင် ကြရတဲ့ လယ်ယာလုပ်ငန်းကို လုပ်ကိုင်ရခြင်းလည်းဖြစ်ပါတယ်။ သစ်တောကြိုးဝိုင်းထဲက တောင်သူ လယ်သမားများဟာ လယ်ယာမြေပိုင်ဆိုင်မှုအများဆုံးရှိမှ ၃ ဧကနှင့် ၄ ဧကခန့်သာ ပိုင်ဆိုင်ကြတာ များပြီး ဆင်းရဲကြတာလည်းများကြပါတယ်။

လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီး ခင်ဗျား။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၃ (က) မှာ နိုင်ငံတော်သည် တောင်သူလယ်သမား များရဲ့အခွင့်အရေးများအား ကာကွယ်စောင့်ရှောက်တဲ့ ဥပဒေများ ပြဋ္ဌာန်းဆောင်ရွက်ရမည်ဟုလည်း ပါရှိပြီးဖြစ်ပါတယ်။ နိုင်ငံတော်သမ္မတကြီးမှလည်း အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော်နိုင်ဖို့အတွက် တည်ဆဲဥပဒေများကို လိုအပ်ပါက ပြင်ဆင်ခြင်း၊ ဖျက်သိမ်းခြင်း၊ ဥပဒေသစ် ရေးဆွဲပြဋ္ဌာန်းခြင်းတို့ကို လုပ်ဆောင်သွားမှာဖြစ်ကြောင်း ပြောကြားခဲ့ပြီးလည်း ဖြစ်ပါတယ်။ ပြည်သူ့အကျိုးပြု ဥပဒေများကိုလည်း ပြုပေးနေပြီဖြစ်တဲ့ လွှတ်တော်ကြီးများလည်း ပေါ်ပေါက် နေပြီဖြစ်ပါ တယ်။

လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ နိုင်ငံတော်အဝန်းသစ်တော ကြိုးဝိုင်းများအတွင်းရှိ သစ်တောဧရိယာ စုစုပေါင်း ၁၂၂၆၇၄ စတုရန်းမိုင်ရဲ့ ၄.၅ ရာခိုင်နှုန်းရှိတဲ့ များလှစွာသော လယ်ယာမြေများ အပေါ် အမှီပြုပြီး ဘဝရှင်သန် ရပ်တည်ရေးအတွက် လုပ်ကိုင် စားသောက်နေကြရတဲ့ များလှစွာသော တောင်သူ လယ်သမားများနှင့် မိသားစုဝင်များအား ကျွန်တော် အနေနဲ့ (၁) လယ်ယာမြေကို ကြီးမြင့်သော အခွန်အခ ပေးဆောင်ကြရခြင်းများမှ ကင်းလွတ်စေလိုခြင်း (၂) လယ်ယာမြေများကို စိတ်ချမ်းမြေ့စွာ စားသောက် လုပ်ကိုင်စေလိုခြင်း (၃) ပုဂ္ဂလိက လုပ်ငန်းရှင်များရဲ့ စိုက်ခင်းများအတွက် လယ်ယာမြေများ အသိမ်းဆည်း ခံရခြင်းမှ ကင်းလွတ် စေလိုခြင်း (၄) ဥပဒေနှင့်အညီ တရားဝင် လုပ်ပိုင်ခွင့်ရသော လယ်ယာမြေများ၏ အခွင့်အရေးများဖြစ်တဲ့ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ လွှဲပြောင်းခြင်း၊ အမွေဆက်ခံခွင်‌့ရှိခြင်းများကို ရရှိခံစား စေလိုခြင်း (၅) နိုင်ငံတော်မှ အတိုးနှုန်း သက်သာစွာဖြင့် ထုတ်ချေးပေးသော စိုက်ပျိုးစရိတ်ချေးငွေများ ရရှိ ခံစားစေလိုခြင်း (၆) ဆင်းရဲနွမ်းပါးမှုများ လျော့ကျစေလိုခြင်း အစရှိတဲ့ အခွင့်အရေးများအား ခံစားစေလိုတဲ့ ဆန္ဒ များကြောင့် အခုလို အဆိုတင်သွင်းရခြင်းလည်း ဖြစ်ပါတယ်။ ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ် ကြီးများရဲ့ ရင်ထဲမှာလည်း ကိုယ်ချင်းစာ တရားများ ပြည့်ဝစွာ ရှိကြမှာဖြစ်ပါတယ်။ စိတ်စေတနာ ကောင်းများနှင့် အညီ ယခုအဆို အောင်မြင်ရေးအတွက်ကိုလည်း ဝိုင်းဝန်း ကူညီဆောင်ရွက်ပေးကြ လိမ့်မယ်လို့ ယူဆမိပါတယ်။

လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးခင်ဗျား။ ဖော်ပြခဲ့ပါ အချက် ၆ ချက်ကို  တောင်သူ လယ်သမားများ ခံစားခွင့် ရရှိရေးကို အဓိကထားပြီး နိုင်ငံအဝန်းရှိ သစ်တောကြိုးဝိုင်းများ အတွင်းမှ လယ်ယာမြေများအား ဥပဒေနှင့်အညီ တရားဝင် လုပ်ကိုင်ခွင့်ရသော လယ်ယာမြေများ ဖြစ်စေရေးအတွက် နိုင်ငံတော်မှ စီမံဆောင်ရွက် ပေးပါရန်အဆိုအား လေးစားစွာဖြင့် တင်သွင်းအပ်ပါ တယ်ခင်ဗျား။ အားလုံးကို ကျေးဇူးတင်ပါတယ်။

ဥက္ကဋ္ဌ။           ။ ဦးအောင်မြင့်တင်သွင်းတဲ့အဆိုကို ထောက်ခံမယ့်ကိုယ်စားလှယ်တစ်ဦးအား ဖိတ်ခေါ်ပါတယ်။

ဦးတင်ထွေး (အုတ်ဖို မဲဆန္ဒနယ်)။         ။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တော်များ၊ ဧည့်သည်တော်များအားလုံး မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေလို့ ပထမဦးစွာ နှုတ်ခွန်းဆက်သ ဂါရဝပြုအပ်ပါတယ်။ ကျွန်တော်ကတော့ ပဲခူးတိုင်းဒေသကြီး၊ အုတ်ဖိုမဲဆန္ဒနယ် က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်ထွေးဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမဲဆန္ဒနယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မြင့် တင်သွင်းသွားတဲ့ နိုင်ငံအဝန်းရှိ သစ်တော ကြိုးဝိုင်းများအတွင်းမှ လယ်ယာမြေများအား ဥပဒေနှင်‌့အညီ တရားဝင် လုပ်ကိုင်ခွင့်ရသော လယ်ယာမြေများ အဖြစ် ဆောင်ရွက်ပေးရေး အဆိုအား ကျွန်တော်တို့မြို့နယ်အတွင်းမှာလည်း အလားတူ သစ်တော ကြိုးဝိုင်းများအတွင်းမှာ လုပ်ကိုင်နေကြတဲ့ လယ်သမားများ များစွာရှိနေတဲ့ အတွက် ကျွန်တော်တို့ လယ်သမားများ တရားဝင် စိတ်ချမ်းမြေ့စွာ လုပ်ကိုင်ခွင့် ရရှိစေမယ့် အခွင့်အလမ်းကောင်း အဆိုဖြစ်တဲ့အတွက် ဂန့်ဂေါမဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြင့်တင်သွင်းသွားတဲ့ နိုင်ငံအဝန်းရှိ သစ်တော ကြိုးဝိုင်းများ အတွင်းမှ လယ်ယာမြေများအား ဥပဒေနှင်‌့အညီ တရားဝင် လုပ်ကိုင်ခွင့်ရသော လယ်ယာမြေများ အဖြစ် ဆောင်ရွက်ပေးပါရန် အဆိုအား ကျွန်တော့်အနေနဲ့ အလေးအနက် ထောက်ခံ တင်ပြအပ်ပါတယ်ခင်ဗျား။ (သြဘာသံများ)

ဥက္ကဋ္ဌ။           ။ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ဂန့်ဂေါမဲဆန္ဒနယ်က ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မြင့် တင်သွင်းတဲ့ အဆိုကို ကိုယ်စားလှယ် တစ်ဦးက ထောက်ခံသွား ပါတယ်။ ဒီအဆိုကို လက်ခံဆွေးနွေးရန် သင့်မသင့် လွှတ်တော်ရဲ့ဆန္ဒရယူပါမယ်။ ဦးအောင်မြင့် တင်သွင်းတဲ့ အဆိုကို လက်ခံဆွေးနွေးရန် လွှတ်တော်က သဘောတူပါသလားခင်ဗျား။

[သုံးကြိမ်တိုင်တိုင်မေးမြန်းပါသည်။ လွှတ်တော်က သဘောတူပါသည်။]

ဥက္ကဋ္ဌ။           ။ သဘောမတူတဲ့သူရှိပါသလားခင်ဗျား။

ဦး     (       မဲဆန္ဒနယ်)။         ။ အဆိုရှင်တင်သွင်းသွားတဲ့ အဆိုနဲ့ပတ်သက်ပြီး ကျွန်တော် အကြံပြု တင်ပြလိုပါတယ်။ ကျွန်တော်တို့ ၃-၉-၂၀၁၂ ရက်နေ့က ပထမအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေး (၃၈) ရက်မြောက်နေ့ အစီအစဉ်မှာတုန်းက ဘုတလင် မဲဆန္ဒနယ်က ဦးသန်းနွယ် တင်သွင်းသွားတဲ့ သဘာဝပတ်ဝန်းကျင် တည်ငြိမ်မှု ဂေဟစနစ်မျှတမှု ပြန်လည်ရရှိစေရေး နဲ့ အမြဲတမ်း သစ်တော‌မြေများမှ သစ်နှင့် သစ်တောထွက် ပစ္စည်းများ ရေရှည်ထာဝစဉ်အညီ အသုံးပြု နိုင်ရေးအတွက် နိုင်ငံတော်ရှိ အရေးပါသော သဘာဝသစ်တောကြီးများ ထာဝစဉ် တည်တံ့အောင် ထိန်းသိမ်း ကာကွယ်ရေး လုပ်ငန်းများကို အလေးထား ဆောင်ရွက်သင်‌့ ပါကြောင်းဆိုတဲ့ အဆိုကို တင်သွင်းခဲ့ပါတယ်။ အဲဒီအဆိုကို ဦးစိုင်းငေါင်ဆန်း မောက်မယ် မဲဆန္ဒနယ်၊ ဦးစိုးအောင် သဲကုန်း မဲဆန္ဒနယ် အားလုံး ကျွန်တော်တို့ ၉ ဦးဆွေးနွေး ခဲ့ပါတယ်။ အဲဒီတော့ကာ ဒီကိစ္စနှင့် ဆွေးနွေးစဉ်အခါ ကာလတုန်းက ကျွန်တော်တို့ ဒီဆွေးနွေးတဲ့ ပုဂ္ဂိုလ် အားလုံးရော၊ ဒီကိစ္စကို လေးလေးနက်နက် ထောက်ခံ ဆွေးနွေးသွားခဲ့ကြပါတယ်။ သဘာဝ သစ်တောကြီးများ ပျက်စီးသွားရင် တိုင်းပြည်ရဲ့ ဂေဟစနစ်တွေ ပျက်စီးပြီးတော့ သဘာဝ ဘေးဒုက္ခအန္တရာယ်တွေ ကျရောက်ဖို့ အန္တရာယ်က ကာကွယ်နိုင်ဖို့ ဒီသစ်တောတွေကို ပြန်လည် ထိန်းသိမ်းဖို့ရန် ဆိုပြီးတော့ ထောက်ခံအကြံပြု ဆွေးနွေး သွားကြသလို သစ်တောရေးရာ ဒုတိယဝန်ကြီးကလည်းပဲ ဒီကိစ္စနဲ့ ပတ်သက်လို့ စီမံချက်တွေ ချမှတ်ပြီး ဆောင်ရွက် နေပြီလို့ ဆွေးနွေးသွားတဲ့ အတွက် ဒီလွှတ်တော် ကနေပြီးတော့ ဒီအဆိုကို အတည်ပြု ပေးခဲ့ပြီးပါပြီ။ အဲဒီတော့ ကနေ့ အဆိုရှင် တင်သွင်းတဲ့ အဆိုဟာလည်းပဲ တောင်သူ လယ်သမားအများစုရဲ့ အကျိုးစီးပွားကို လုပ်ကိုင် နိုင်အောင်လို့ ရှေးရှုတဲ့ အဆိုတစ်ရပ် အနေနဲ့ တွေ့ရတဲ့အတွက် များစွာ ဝမ်းမြောက်ဖွယ် ဖြစ်ပါတယ်။ သို့သော်လည်း ဒီနေ့ တင်သွင်းတဲ့အဆိုသည် ကျွန်တော် စောစောက တင်ပြခဲ့တဲ့ တနင်္လာနေ့က တင်သွင်း သွားခဲ့တဲ့ အဆိုနဲ့ ဆန့်ကျင်ဘက် သဖွယ်ဖြစ်နေတဲ့ အတွက် ကျွန်တော်တို့ လွှတ်တော်မှာ တင်သွင်း ဆွေးနွေးတဲ့ အဆိုများသည် တစ်ခုနဲ့ တစ်ခု အဖျက် သဘောဆောင်တဲ့ ထိပ်တိုက်တွေ့နေတဲ့ အနေအထားမျိုး ဖြစ်နေတယ်လို့ ကျွန်တော် ထင်မြင်ယူဆလို့ ဆွေးနွေးရခြင်းဖြစ်ပါတယ်။

နောက်ဒုတိယ တစ်ချက် အနေနဲ့ကတော့ ကျွန်တော်တို့ လွှတ်တော်မှာ တင်သွင်းဆွေးနွေးတဲ့ အဆိုများ ပဲဖြစ်စေ၊ ဥပဒေများပဲ ဖြစ်စေ တစ်ခုနဲ့တစ်ခု ကျွန်တော် စောစောက အစီရင်ခံသလို ထိပ်တိုက်တွေ့တဲ့ ပုံစံမျိုး မဖြစ် စေချင်ပါဘူး။ ဒီတင်သွင်းတဲ့ အဆိုထဲမှာ တရားဥပဒေနဲ့ အညီလို့ ပါတဲ့အတွက် နောက်ပြီး တော့ သစ်တောကြိုးဝိုင်းနဲ့ပတ်သက်ရင်လည်း ကျွန်တော်သိတာကတော့ သစ်တောကြိုးဝိုင်းဟာ အမျိုးအစား သုံးခု ရှိပါတယ်။ ကျွန်တော်တို့ ဒီကြိုးဝိုင်းမှာ ကာကွယ်တောရှိတယ်။ ကြိုးပြင်တောရှိတယ်။ နောက်ပြီးတော့ သတ်မှတ်တဲ့ ကြိုးဝိုင်းဆိုပြီးတော့ သုံးမျိုးရှိပါတယ်။ အဲဒီဟာတွေနဲ့ ပတ်သက်လို့ ဆောင်ရွက်မယ် ဆိုလို့ရှိရင် သက်ဆိုင်ရာ ဝန်ကြီးဌာန၊ အစိုးရဌာန၊ ပြည်ထောင်စု အစိုးရရဲ့ သတ်မှတ်တဲ့ ပြဋ္ဌာန်းထားခဲ့တဲ့ ပြဋ္ဌာန်းချက် ဥပဒေတွေနဲ့ လိုက်လျော ညီထွေဖြစ်မယ်ဆိုရင် ကျွန်တော်တို့ အဆိုရှင် တင်သွင်းသလို ကျွန်တော်တို့ မြန်မာနိုင်ငံ တစ်ဝှမ်းလုံးမှာ မိသားစုများ နိုင်ငံတော် သမ္မတကြီးလည်း ဦးတည်ထားတဲ့ ဆင်းရဲမွဲတေမှု ပပျောက်ရေး စီမံချက်ကို ပြည့်ပြည့်ဝဝ အကောင်အထည်ဖော်နိုင်မှာ ဖြစ်ပါတယ်။ အဲဒီတော့ အဲဒီလို အကောင်အထည် ဖော်တဲ့ နေရာမှာ ကျွန်တော်တို့ ဒီဥပဒေပြုရေး ဌာနနဲ့ အုပ်ချုပ်ရေး ဌာနနဲ့ အပြန်အလှန် Check Balance ထိန်းကျောင်းသွားတဲ့ စနစ်မှာ ကျွန်တော်တို့ ထိပ်တိုက် တွေ့ဆုံမှုမျိုး မဖြစ်ရအောင် သစ်တော ကြိုးဝိုင်း ဥပဒေများကိုလည်း ကျွန်တော် တင်ပြလိုပါတယ်။ ၁၉၉၃ ခုနှစ် သစ်တော ဥပဒေပုဒ်မ ၄၀ မှာ သစ်တော ကြိုးဝိုင်းအား မည်သူမှ မည်သည့်နည်းနှင့် ဖြစ်စေမကျူးကျော်ရ။ နေထိုင်ခြင်းမပြုရ။ စားကျက်ချခြင်း၊ လုပ်ကိုင် စားသောက်ခြင်း မပြုရလို့ ဖော်ပြထားပါတယ်။ သစ်တော ဥပဒေပုဒ်မ ၄ မှာ ကြိုးဝိုင်းပြန်လည် တည်ဆောက်ခြင်း၊ ကြိုးပြင်တော၊ ကြိုပြင် ကာကွယ်တောများ တည်ထောင်ခြင်းတို့ကို အစဉ်တစ်စိုက် ဆောင်ရွက်ရန်လို့ ဖော်ပြထားတာ ရှိပါတယ်။ ဒါပေမယ့် သစ်တော ဥပဒေပုဒ်မ ၃ အခန်း (၇) မှာတော့ အစိုးရအဖွဲ့က သဘောတူလျှင် ကြိုးဝိုင်းတောအား (က) ကြိုးဝိုင်းပြုပြင် ထိန်းသိမ်းခြင်း၊ ကြိုးဝိုင်း ဖျက်သိမ်းခြင်း၊ ကြိုးပြင် ကာကွယ်တောများကို ဖျက်သိမ်းခြင်း၊ ပြုပြင်ခြင်း၊ ဆက်လက်ထားရှိရန် မလိုတော့တဲ့ ကြိုးပြင် ကာကွယ်တောများ၊ ကြိုးပြင်တောများရဲ့ တစ်စိတ်တစ်ဒေသကို သော်လည်းကောင်း တစ်ခုလုံးကို သော်လည်းကောင်း ဖျက်သိမ်း နိုင်တယ်လို့ ဖော်ပြထားပါတယ်။ အဲဒီတော့ ဒီသစ်တောကြိုးဝိုင်း အနေနဲ့ ပတ်သက်လို့ ဒီသစ်တောရေးရာ ဝန်ကြီးဌာန အနေနဲ့လည်းပဲ ကျွန်တော်သိရတာက ဟိုတစ်နေ့က အမျိုးသားလွှတ်တော်မှာ ကျွန်တော်တို့ ဆွေးနွေးတုန်းကလည်းပဲ ဒါကို မူတည် ချမှတ်ပြီးတော့ အဖွဲ့တွေ လုပ်ပြီးတော့ စီစဉ် ဆောင်ရွက်နေတယ်လို့ ကြားထားရပါတယ်။ ‌မြေယာ အသုံးချမှုကိစ္စနဲ့ ပတ်သက်လို့ အသေးစိတ် ဆွေးနွေးတာက ဒီကိစ္စတွေမှာ ကျွန်တော်တို့က ခုနအဆိုရှင် ဆွေးနွေးသွားတာသည် ကျွန်တော်တို့ မြန်မာနိုင်ငံမှာရှိတဲ့ သမ္မတကြီး ဦးသိန်းစိန် မိန့်ကြားခဲ့သလို ဆင်းရဲမွဲတေမှု ပပျောက်ရေး စီမံကိန်း အတွက်လည်း အထောက်အကူပြုရာ ရောက်တယ်။ အများစုလူတန်းစားဖြစ်တဲ့ တောင်သူ လယ်သမားများအားလုံးရဲ့ အကျိုးစီးပွားကို ရှေးရှုစေရာလည်း ရောက်တဲ့အတွက် ဝမ်းမြောက်ဝမ်းသာ လက်ခံပါတယ်။

သို့သော် ကျွန်တော် ဒီနေရာမှာ အကြံပြုချင်တာ ခုနက အချက်နှစ်ခုပါ။ ကျွန်တော်တို့ ပြည်သူ့လွှတ်တော်မှာ ဆွေးနွေးကြတယ်။ ကျွန်တော်တို့ ပြည်သူ့လွှတ်တော်သည် ဥပဒေပြုကိစ္စနဲ့ ပတ်သက်လို့ ပြည်သူများ အကျိုးစီးပွားကို ရှေးရှုဆောင်ရွက်တဲ့ နေရာမှာ ကျွန်တော်တို့ အဆိုလိုပဲ ဒီမှာတင်သွင်းကြတဲ့ အဆိုများ၊ ဆွေးနွေးကြတဲ့ အချက်အလက်များ၊ ပြဋ္ဌာန်းရေးဆွဲကြတဲ့ ဥပဒေများသည် ကျွန်တော်တို့ တစ်ခုနဲ့တစ်ခု ပဋိပက္ခအသွင် မဆောင်ဘဲနဲ့ လိုက်လျော ညီထွေဖြစ်ပြီး အဆင်ပြေပြေ ကျင့်သုံးသွားနိုင်ဖွယ် အခြေအနေမျိုး ဖြစ်နိုင်ဖို့ရာအတွက် ဒီဥစ္စာကို ကျွန်တော်က သက်ဆိုင်ရာ သစ်တောရေးရာ ဝန်ကြီးဌာနအနေနဲ့ ညှိနှိုင်းပြီးတော့မှ ဒီကိစ္စကို ကျွန်တော်တို့ စနတကျ အချိန်ယူပြီးတော့ စာရင်းဇယား ကောက်ပြီးတော့မှ ပြည့်ပြည့်ဝဝ အသုံးချမယ် ဆိုလို့ရှိရင် အဆိုရှင်ရဲ့ ဆန္ဒလည်း ပြည့်ဝမယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ အများစုဖြစ်တဲ့ တောင်သူ လယ်သမား အများစုရဲ့ စားဝတ်နေရေး အကြပ်အတည်းကို တစ်ဖက်တစ်လမ်းက ကူညီဖြေရှင်းရာလည်း ရောက်တဲ့အတွက် သားရွှေအိုးထမ်းတဲ့ကိန်းမျိုး ဖြစ်မယ်လို့ ယူဆတဲ့အတွက် ကျွန်တော်တို့ ပြည်သူ့ လွှတ်တော်ရဲ့ ဥပဒေပြုရေး ဂုဏ်သိက္ခာကိုလည်းပဲ ထိန်းသိမ်း တည့်မတ်ပြီးသား ဖြစ်မယ်လို့ ယူဆတဲ့အတွက် ကျွန်တော် ဒီအကြံကို ဆွေးနွေးတင်ပြရခြင်းဖြစ်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။

ဦး       (   မဲဆန္ဒနယ်)။           ။ စောစောက ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်ကြီး တစ်ဦး တင်ပြဆွေးနွေး သွားတာလည်း ကောင်းပါတယ်ခင်ဗျ။ ဦးအောင်မြင့် ဂန့်ဂေါမဲဆန္ဒနယ်ရဲ့ အဆိုဟာ ဒုတိယ အကြိမ်လောက်မှာ ကျွန်တော်တို့ မေးခွန်းအဖြစ် မေးပြီးသားဖြစ်ပါတယ်။ တကယ့် နယ်‌မြေ ပကတိ အခြေအနေ ကတော့ သစ်တော ကြိုးဝိုင်းထဲမှာ သစ်တောအဖြစ် သတ်မှတ်ခြင်း မရှိတော့ ဘဲနဲ့ ဆောင်ရွက်ခြင်း မရှိတော့ဘဲနဲ့ သစ်ပင် မရှိတဲ့ နယ်‌မြေမှာ တောင်သူတွေ ခံစားနေရတဲ့ဒုက္ခ ဒါကို ကျွန်တော်တို့က တိုင်းချင်းကပ်နေတဲ့ စစ်ကိုင်း တိုင်းဒေသကြီး ဖြစ်တဲ့အတွက် ဒါကိုတွေ့ပါတယ်။ တွေ့တော့ ဒီသစ်တော ဝန်ကြီးဌာနရဲ့ ဆောင်ရွက် ပိုင်ခွင့်များ ကိုလည်း မထိခိုက်စေဘဲ ဦးအောင်မြင့်တို့ ဒေသမှာရှိတဲ့ ကျွန်တော်တို့ မကွေးတိုင်းမှာရှိတဲ့ တောင်သူတွေရဲ့ ပကတိ ဖြစ်ပျက်နေတဲ့ အခက်အခဲ များကိုလည်းပဲ ကျွန်တော်တို့ ‌ဖြေရှင်းနိုင်အောင် အဆိုရဲ့ အမည်ကို ပြောင်းလဲ ပြင်ဆင်ပြီးတော့ အသုံးပြုမယ်ဆိုရင် ဒါအဆင်ပြေနိုင်မယ်လို့ ကျွန်တော့်အနေနဲ့ ဖြည့်စွက် အကြံပြုလိုပါတယ်။ ကျွန်တော် အကြံပြုလိုတဲ့ အဆိုကတော့ ဦးအောင်မြင့် ဂန့်ဂေါ မဲဆန္ဒနယ်ရဲ့ အဆိုမှာပါဝင်တဲ့ နိုင်ငံအဝှမ်းရှိ သစ်တော ကြိုးဝိုင်းများအတွင်းမှ သစ်တောဝန်ကြီးဌာနမှ အသုံးမပြုတော့သော ဒေသရှိ လယ်ယာ‌မြေများအား ဥပဒေနဲ့အညီ တရားဝင် လုပ်ကိုင်ခွင့်ရသော လယ်ယာ‌မြေများ အဖြစ် နယ်မြေ ပြင်ဆင် သတ်မှတ်ပေးရေး  ဆောင်ရွက်ပေးပါရန် ဆိုလို့ရှိရင်တော့ ကျွန်တော်တို့ ဒါ အဲဒီဒေသမှာ ရှိတဲ့ ပြည်သူများရဲ့ ဆန္ဒကို ရောက်မယ်လို့ ကျွန်တော်အနေနဲ့ အကြံပြု တင်ပြလိုပါတယ်။ ကျွန်တော် ထပ်မံပြီးတော့ တင်ပြရရင် နိုင်ငံအဝှမ်းရှိ သစ်တော ကြိုးဝိုင်းများမှ သစ်တောရေးရာ ဝန်ကြီးဌာနမှ အသုံး မပြုတော့သော ‌မြေယာများရှိ လယ်ယာ‌မြေများအား ဥပဒေနှင့်အညီ တရားဝင်လုပ်ကိုင်ခွင်ပြု သော လယ်ယာ‌မြေများ အဖြစ် နယ်‌မြေပြင်ဆင် သတ်မှတ်ပေးရေး ဆောင်ရွက်ပေးပါရန် တင်ပြအပ်ပါ တယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။

ဥက္ကဋ္ဌ။           ။အခု ဦးအောင်မြင့်အဆိုကို ဆွေးနွေးလိုကြောင်း ကျွန်တော် ဘယ်ဘက်ခြမ်းက လွှတ်တော် ကိုယ်စားလှယ်တစ်ဦး တင်ပြပါတယ်။ ၃-၉-၂၀၁၂ ရက်နေ့က အဆိုနဲ့ စပ်လျဉ်းပြီး ဆန့်ကျင်ဘက်ဖြစ်နေတယ်။ ဒါကြောင့်မို့လို့ လွှတ်တော်တစ်ခု အတွင်းမှာ ဒီလိုဆန့်ကျင်ဘက်ဖြစ်တဲ့ အဆိုမျိုး မဆောင်ရွက်သင်‌့ပါဘူး။ ဆိုတဲ့ဟာ အပြုသဘော အကောင်းမြင်နဲ့ အကြံပြုတာ ဖြစ်ပါတယ်။ ကျွန်တော်မှတ်မိပါတယ်။ အဲဒီနေ့ ၃-၉-၂၀၁၂ ရက်နေ့မှာ ဆွေးနွေးတုန်း ကလည်း ဦးအောင်မြင့်၊ ဂန့်ဂေါပါတယ်လို့ ကျွန်တော်ထင်ပါတယ်။ ဆွေးနွေးတာ မပါဘူးဆိုရင်တောင် စာရင်းပေးတဲ့ အထဲမှာ ပါတယ်လို့ ကျွန်တော်ထင်ပါတယ်။ အဲဒီတော့ အဲဒီနေ့မှာပဲ အောင်‌မြေသာဇံ မဲဆန္ဒနယ်က ဦးအုန်းကြိုင် ဆွေးနွေးတဲ့ ဧရာဝတီတိုင်း အတွင်းက သစ်တော ကြိုးဝိုင်းတွေ၊ ဒီရေတောတွေဟာ ပျက်စီးဆုံးရှုံး ခဲ့တယ်ဆိုတာလည်း ဆွေးနွေးသွားတာ ရှိပါတယ်။ ကျွန်တော်လည်း ဧရာဝတီတိုင်းမှာ ၄ နှစ်ကျော်ကျော် တိုင်းမှူး တာဝန်ထမ်းဆောင်ခဲ့တဲ့ အတွက် ဦးအုန်းကြိုင် ဆွေးနွေးတဲ့ ဟာဖြင့် ကျွန်တော် တော်တော်များများလည်း ကျွန်တော် သိခဲ့ပါတယ်။ ဒီနေ့ ဖြစ်နေတာက ‌မြေကြီးနဲ့‌မြေကို အခေါ်က ဘယ်က အခေါ်လည်းဆိုရင် မြေစာရင်း ဦးစီးဌာနရဲ့ ‌မြေကြီးနဲ့‌မြေကို မှန်ကန်မှုမရှိ။ အဲဒီတော့ဧရာဝတီ တိင်းဒေသကြီး အတွင်းမှာ ခုနကပြောတဲ့ အထူးသဖြင့်တော့ ဘိုကလေး ဒီနေ့ သစ်တောရေးရာဝန်ကြီး ဒုတိယဝန်ကြီးရဲ့ ဇာတိဖြစ်တဲ့ ဘိုကလေးမှာရှိတဲ့ ကြိုးဝိုင်းတွေ မြေပုံပေါ်မှာ ကြိုးဝိုင်း မြေပြင်မှာ ရွာတွေ ဖြစ်တယ်။ ဘုန်းကြီးကျောင်းတွေရှိတယ်။ စာသင်ကျောင်းတွေရှိတယ်။ လယ်ကွက်တွေဖြစ်တယ်။ အဲဒီထဲမှာ လပွတ္တာလည်း ဒီအတိုင်းပဲ မိန်းမလှကျွန်းတို့၊ ကျွန်းညိုကြီးတို့ အပြင်ပန်းတော့ လယ်ပျောက် အဲဒီမှာ မူတည်ပြီးတော့ အဲဒီခေတ်ကာလတုန်းက တာဝန်ယူခဲ့တဲ့ အစိုးရပိုင်းမှာလည်းတော်တော်လေး အခက်အခဲတွေ တွေ့ပါတယ်။ မြေပုံပေါ်မှာ သစ်တောကြိုးဝိုင်း မြေကြီးပေါ်မှာ လက်တွေ့ကျတဲ့အခါ အိမ်တွေ၊ ကျေးရွာ အုပ်စုတွေ ဒါ့ကြောင့်မို့လို့ ဘိုကလေးမြို့နယ်မှာ ကြည့်မယ်ဆိုလို့ရှိရင် ကျေးရွာအုပ်စု တစ်စုဟာ တချို့နေရာမှာ အိမ်‌ခြေသောင်း ဂဏန်းအထိ ရှိပါတယ်။ ဒါကြောင့် ဒီကိစ္စတွေဟာ ‌မြေကြီးမြေပုံ တော်တော်လေး ကွာခြားချက်တွေ ရှိပါတယ်။  ဒါဖြင့် ၁၉၉၇ ကနေ ကျွန်တော် ၂၀၀၁ ထိ နေခဲ့တဲ့ ကာလကြားအတွင်း ဒီလိုလား ဆိုတော့ ဒါတင်မကပါဘူး။ ဒီနေ့ ကျွန်တော်တို့ နေပြည်တော် တည်ဆောက်တယ်။ နေပြည်တော် တည်ဆောက်တဲ့ အချိန်မှာဘဲ တပ်ထဲမှာ ကျွန်တော်တို့ ကျင်လည် ခဲ့တဲ့အတွက် တပ်တွေ နေရာချထားပေးဖို့ ‌မြေသိမ်းဆည်းရေး လုပ်တယ်။ လုပ်တဲ့နေရာမှာ ‌မြေပုံအတိုင်း ‌မြေသိမ်းဆည်းရေး လုပ်တဲ့အခါကျတော့ တချို့ သစ်တောကြိုးဝိုင်း၊ တချို့ သစ်တောပြင်ပ ဒီလို မြေပုံမှာ ပေါ်တယ်။ အဲဒီအတွက် သက်ဆိုင်ရာ မြေသိမ်းဆည်းရေး အဖွဲ့က သိမ်းလိုက်တယ်။ ဒါပေမယ့် လက်တွေ့ကျတဲ့ အခါကျတော့ အဲဒီမှာ ရွာတွေဖြစ်နေတယ်။ လယ်တွေ ဖြစ်နေတယ်။ သို့ရာတွင် စာရွက်ပေါ်တွင် လုပ်ပြီးတော့  အမိန့်ထုတ်ပြန် လိုက်တဲ့အတွက် ရွာတွေက တရားဥပဒေနဲ့အညီ ဆောင်ရွက်ရမှာ ဖြစ်တဲ့အတွက် ရွာတွေက  ရွှေ့ပေးလိုက်ရတယ်။ လယ်တွေလည်း ဒီအတိုင်းထားတယ်။ အဲဒီအချိန်မှာ နောက်ကျတဲ့ အခါကျတော့ ဘယ်မှာ ပြဿနာ လာပေါ်သလဲ ဆိုရင် တပ်မတော်နဲ့ ရွာနဲ့ ပြည်သူတွေနဲ့ တပ်မတော်ကသိမ်းလို့ ဒီလိုဖြစ်တယ် ဆိုပြီးတော့မှ တပ်မတော်အပေါ် လက်ညှိုးထိုးပြီး ပြောတာရှိတယ်။ ဒါပေမယ့် ‌မြေသိမ်းဆည်းရေး လုပ်ငန်းဟာ တကယ်တမ်းကျတော့ ‌မြေစာရင်းလည်း မဟုတ်ဘူး။ နိုင်ငံတော်အစိုးရက တာဝန်ပေးထားတဲ့ ပုဂ္ဂိုလ် အဖွဲ့အစည်းကပဲ ‌မြေသိမ်းဆည်းရေး လုပ်တယ်။ အကြမ်းဖျဉ်း ပြောမယ်ဆိုရင် ကျွန်တော်တို့ ပြည်ထဲရေးဝန်ကြီးဌာန အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနကို အဓိက တာဝန် ပေးထားပါတယ်။ အဲဒီမှာမှ သိမ်းဆည်းလိုတဲ့ ဌာန၊ အဖွဲ့အစည်းက ကိုယ်စားလှယ်၊ ‌မြေစာရင်းဦးစီးဌာန ကိုယ်စားလှယ်၊ အဲဒီသိမ်းတဲ့ နေရာသည် စိုက်ပျိုးရေး ရှိတယ်ဆိုရင် စိုက်ပျိုးရေး ဝန်ကြီးဌာနက ကိုယ်စားလှယ် စသည့်စသည့် သက်ဆိုင်တဲ့သူများ ပါဝင်ပြီးတော့ ‌မြေသိမ်းဆည်းမှု လုပ်တယ်။ လုပ်တဲ့အခါမှာ မြေပုံပေါ်ကိုပဲ ကြည့်၊ ‌မြေပြင် မကြည့်တဲ့အတွက် ဒီနေ့ ကျွန်တော်တို့ နိုင်ငံအတွင်းမှာ များစွာသော ပြဿနာတွေရှိပါတယ်။ အခု ဦးအောင်မြင့်ရဲ့ အဆိုနဲ့ ပတ်သက်ပြီးတော့ တစ်ဖက်က ဆွေးနွေးသလို ဆန့်ကျင်တဲ့သဘော ဖြစ်ကောင်း ဖြစ်မယ်။ လက်တွေ့မှာ ကတော့ ဆန့်ကျင်တဲ့ အဆိုတစ်ခု ဖြစ်နိုင်တယ်။ အဲဒီမှာ ခုနက ဥပဒေကြမ်း ကော်မတီ အတွင်းရေးမှူး တင်ပြသလို အဆိုရဲ့နာမည်၊ ပြောင်းပြီး ဆောင်ရွက်မယ် ဆိုလို့ရှိရင် ရှေ့က ၃ ရက်နေ့က ဆိုလို့ရှိရင် ဆွေးနွေးသွားတဲ့ အဆိုနဲ့ ဒီနေ့ တင်ပြတဲ့ အဆိုဟာ ပဋိပက္ခအသွင်း သို့မဟုတ်လို့ ရှိရင် ဆန့်ကျင်ဘက် အသွင် မရှိဘဲနဲ့ အဆင်ပြေသွားနိုင်ပါတယ်။ ဒါက မူသဘောအရ ပြောတာပါ။ ဒါ ပုဂ္ဂိုလ်ရေး သဘော အရ ပြောမယ်ဆိုလို့ရှိရင် ဖြစ်နိုင်သမျှ အဆိုတွေပေါ် မူတည်ပြီးတော့ ဆွေးနွေးတာကို ကြားချင်ပါတယ်။ ဖြစ်နိုင်သမျှ ကျွန်တော်တို့ မသိတဲ့အချက်တွေ၊ လွှတ်တော် ကိုယ်စားလှယ်တွေ မသိတဲ့ အချက်တွေဟာ ဆွေးနွေးရင်း၊ ဆွေးနွေးရင်းနဲ့မှ အဖြေပေါ်လာမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော် တင်ပြသလို အဆိုတစ်ခု တက်လာတဲ့ အခါမှာ ဒီမိုကရေစီ အနိုင်ကျင်‌့တဲ့ သဘောနဲ့ ကိုယ်နဲ့ မတူဘူး။ ကိုယ့်ပါတီမဟုတ်ဘူး။ ဒါကြောင့်မို့လို့ ဒီအဆိုကို မတက်စေရဆိုတဲ့ စိတ်ထားမျိုး ထားမယ် ဆိုလို့ရှိရင် မှန်ကန်တဲ့ စိတ်ထား မဟုတ်ပါဘူး။ ဒီမိုကရေစီရဲ့ သဘောသဘာဝလည်း ဖြစ်နိုင်ရင် လူတိုင်းပါဝင် ဆွေးနွေး အဖြေရှာဖို့ပဲ ဖြစ်တယ်။ အဆိုတစ်ခုဟာ ဆွေးနွေး အဖြေရှာမှ ဒီအဆိုကို ထောက်ခံသင့်၊ မထောက်ခံသင်‌့ အဲဒီလို အ‌ဖြေပေါ်မှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ခုနလက်ထောင်တာတွေ မဆွေးနွေးပါနဲ့ ဆွေးနွေးစရာ မလိုတော့ပါဘူး။ ဒါကြောင့် ခုနက ဦးအောင်မြင့်ရဲ့ အဆိုကို ဖြည့်စွက်ဖို့ ပြောတဲ့စာ အားလုံးတောင် မရလိုက် ပါဘူး။ အဲဒီတော့ ဒီနေ့ ခုနက မြေပြင်မှာ ဘာတွေဖြစ်နေလဲ မြေပုံအတိုင်း မဟုတ်ဘဲနဲ့ တကယ့်ရွာတွေ ၊ အိမ်တွေ၊ ဘုန်းကြီးကျောင်းတွေ ပြီးတဲ့အခါမှာ လယ်ကွင်းတွေ ဖြစ်နေပြီးတော့ သစ်ပင်တစ်ပင်မှမရှိဘူး။ အဲဒီလို နေရာမျိုးကို သစ်ပင် ပြန်စိုက်မလား။ သစ်တော ပြန်လုပ်မလား။ သစ်ပင်ပြန်စိုက်မယ် ဆိုရင် အဲဒီမှာ အလုပ်လုပ်နေတဲ့ ရွာဆိုလည်း ရွာဖယ်ပေးရမယ်။ ရွှေ့ပြောင်းပေးရမယ်။  လယ်ဆိုလို့ရှိရင်လည်း အဲဒီလယ်ကို ပြန်အစားရဖို့ ဘယ်သူက လုပ်ပေးမလဲ။ ဒါကြောင့်မို့လို့ ‌မြေပြင်အ‌ခြေအနေကို မှန်မှန်ကန်ကန်သုံးသပ်ပြီး သက်ဆိုင်သူဒီနေ့ဆို သစ်တောရေးရာဝန်ကြီးဌာန နောက်အခြား အဖွဲ့အစည်းတွေလည်း ရှိပါတယ်။ သက်ဆိုင် သူများနဲ့ သေသေချာချာ ဆွေးနွေးညှိနှိုင်းပြီး တဲ့အခါမှာ အဖြေထုတ်တာ အကောင်းဆုံးဖြစ်ပါလိမ့်မယ်။ ဒါကြောင့်မို့လို့ မိမိ လွှတ်တော်ဥက္ကဋ္ဌ တစ်ယောက်အနေနဲ့ ပြောရမယ် ဆိုလို့ရှိရင် အဆိုတစ်ခု တင်လာတိုင်း ကိုယ်မကြိုက်တိုင်း ကိုယ့်အဖွဲ့က မကြိုက်တိုင်း ဒီမိုကရေစီ အနိုင်ကျင့်တဲ့ ပုံစံမျိုးနဲ့ အဆိုမဖြစ်မြောက်ရေး အတွက်တော့ မလုပ်ကြ စေလိုကြောင်း ကျွန်တော့် အနေနဲ့ တင်ပြချင်ပါတယ်။ ဆွေးနွေးတဲ့အခါမှာ အ‌ဖြေ ပေါ်လာပါ့မယ်။ ညှိနှိုင်းတဲ့ အခါမှာ အဖြေပေါ်လာပါ့မယ်။ ဒါမှ အမှန်တရား ရရှိမှာဖြစ်ပါတယ်။ ကျွန်တော်တို့ လွှတ်တော်က  အမှန်တရားကို ရှာဖွေပြီးတော့ ပြည်သူ့အကျိုးပြုဖို့ နိုင်ငံ့အကျိုးပြုဖို့ ဆိုတဲ့ စေတနာ စိတ်ထားများနဲ့ ဆက်လက် ဆောင်ရွက်သွားဖို့ မေတ္တာရပ်ခံ တိုက်တွန်းပါတယ်။ ကဲဒါကြောင့် ခုနက ဒီဖက်မှာ စပြီးတော့ တင်ပြစရာ ရှိပါတယ်။ ဆွေးနွေးစရာ ရှိပါတယ်ဆိုတဲ့ ထပ်မံဆွေးနွေးမယ့် ပုဂ္ဂိုလ်များနဲ့ ပတ်သက်လို့ မိမိရဲ့ သဘောထား၊ သက်ဆိုင်ရာ ဥပဒေကြမ်းကော်မတီက အတွင်းရေးမှူးရဲ့ ပြောတာနဲ့ ပတ်သက်လို့ ဘယ်လိုများ သဘောရပါသလဲ။

ဦး       (    မဲဆန္ဒနယ်)။          ။ ကျွန်တော်ကို ဆိုလိုတာလားမသိဘူး။

ဥက္ကဋ္ဌ။  ။မှန်ပါတယ်။

ဦး       (    မဲဆန္ဒနယ်)။          ။ ကျွန်တော်ခုနက ဆွေးနွေးစဉ် အခါကလည်း ကျွန်တော် ရှင်းရှင်း တင်ပြပြီးပါပြီ။ ကျွန်တော်ဟာ ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲနဲ့ ဆွေးနွေးတာ မဟုတ်ပါဘူး။ အပြုသဘောအရ ကျွန်တော် ဆွေးနွေးတာပါ။ ကျွန်တော်တို့ လွှတ်တော်မှာ ဆွေးနွေးတဲ့ အဆိုတစ်ခုနဲ့ တစ်ခု ထိပ်တိုက်တွေ့နေတယ်လို့ အမြင်ရှိတဲ့အတွက် စောစောက ကျွန်တော် ဆွေးနွေးစဉ်အခါ ကာလတုန်းက လည်း အဆိုရှင်ရဲ့ထားတဲ့ စေတနာအရ ကျွန်တော်တို့ နိုင်ငံ အတွင်းမှာရှိနေတဲ့ တောင်သူလယ်သမား အများစု လယ်ယာ‌မြေမှာ မိသားစုတိုးချဲ့ လာတာနဲ့အမျှ လယ်ယာ‌မြေတိုးချဲ့ လာနိုင်ခြင်း မရှိလို့ လုပ်ကိုင်ရေးကို ဦးတည်ပြီးတော့ ကျွန်တော် လေးစား အသိအမှတ်ပြုတဲ့ ကျွန်တော် ဆွေးနွေးတဲ့အထဲ ပါပြီးသားပါ။ ကျွန်တော့အဓိက စေတနာက ကျွန်တော်တို့ ပြည်သူ့လွှတ်တော်နဲ့ ပြည်ထောင်စုအစိုးရ အဖွဲ့သက်ဆိုင်ရာ ဥပဒေတွေနဲ့ ထိပ်တိုက် တွေ့လာခဲ့သော် ကျွန်တော်တို့ အဲဒီ ပဋိပက္ခ အသွင်းသဏ္ဍာန် ဖြစ်မှာကို ကျွန်တော် စေတနာထားပြီးတော့ တင်ပြတာပဲဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော် နိဂုံးချုပ် ပြောတဲ့အထဲမှာလည်း ဒီဥစ္စာကို အားလုံး ကျယ်ကျယ်ပြန့်ပြန့် သက်ဆိုင်ရာ သစ်တောရေးရာ ဝန်ကြီးဌာန လည်း ဒီဥစ္စာကို အားလုံး ကျယ်ကျယ်ပြန့်ပြန့် စီစဉ်ပြီးမှ ဆောင်ရွက်သင့်ပါတယ်လို့ ဒါကို အဆုံးသတ် သွားခဲ့ပါတယ်။ ကျွန်တော့်အနေနဲ့ ဒါကို လုံးဝ ကန့်ကွက်တဲ့ အဓိပ္ပာယ် မဟုတ်ပါဘူး။ ဘာလို့လဲ ဆိုတော့ ကျွန်တော်တို့ လွှတ်တော်အနေနဲ့ ကျွန်တော်တို့ လွှတ်တော်ရဲ့အစဉ်အလာကို ကောင်းမြတ်တဲ့ စေတနာ ဖြစ်စေချင်တဲ့ စေတနာသန့်သန့်နဲ့ ကျွန်တော် ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲ၊ ဂိုဏ်းဂဏစွဲ လုံးဝ မပါပါဘူး။ တစ်ဖက် က တင်လာတဲ့အဆိုကို ကန့်ကွက် ရရင်ပြီးရောဆိုတဲ့ အမြင်နဲ့လည်း မဟုတ်ပါဘူး။ ကျွန်တော့်အမြင်က ရိုးရိုးရှင်းရှင်းလေးပါ။ ဥက္ကဋ္ဌကြီးကို ကျွန်တော် တင်ပြခဲ့သလို ကျွန်တော်တို့ လွှတ်တော်ရဲ့ ဥပဒေပြုရေး မဏ္ဍိုင် အခန်းကဏ္ဍမှာ ခိုင်မာ တည့်မတ်စေချင်တဲ့ သဘော၊ ထိပ်တိုက်တွေ့နေတဲ့ ကျွန်တော့်အမြင်ရှိတဲ့ အတွက် ဒါမဖြစ်အောင် ကျွန်တော်တို့ လွှတ်တော်ကနေ သတိထားပြီးတော့ သက်ဆိုင်ရာ ဝန်ကြီးဌာနနဲ့ ညှိနှိုင်းပြီးတော့ ကျယ်ကျယ်ပြန့်ပြန့် စာရင်းဇယား သတ်သတ်မှတ်မှတ် လုပ်ပြီးတော့ ဆောင်ရွက်ပါလို့ ကျွန်တော် တိုက်တွန်းတာပါ။ ကျွန်တော့်မှာ ကန့်ကွက်တဲ့ အဓိပ္ပာယ်မပါပါဘူး။

ဥက္ကဋ္ဌ။           ။ ကောင်းပါပြီ။ ကျွန်တော် မေးတဲ့မေးခွန်းက ခုနက ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲကြောင့် ကန့်ကွက်တယ် ဆိုတဲ့သဘော မပါဘူး။ ကျွန်တော် မေးတာက ဒါကြောင့်မို့လို့ ခုနက အဆိုရှင်နောက် အဆိုရှင့်ကိုယ်စား ကိုယ်စားလှယ်တစ်ဦးက နေပြီးတော့ အဆိုကို ဤကဲ့သို့ပြင်ဆင် ဆောင်ရွက်မယ် ဆိုရင် ဒီကိစ္စကို လွှတ်တော် ကိုယ်စားလှယ် တစ်ဦးအနေနဲ့ ဘယ်လိုများ သဘောထားပါသလဲ။ အဲဒီလို ဆိုလို့ရှိရင်တော့ ကျွန်တော့်ဘက် ဆန္ဒကလည်း ဒီအဆိုကို ဒီမှာ ဆွေးနွေးခြင်းအားဖြင့် ကျယ်ကျယ် ပြန့်ပြန့်သိသွားမယ်။ ခုနက အုတ်ဖို ဒေသက ဆွေးနွေးသလို နောက်ဒီဘက်ကလည်း စစ်ကိုင်းတိုင်း ဒေသကြီးကနေ သူတို့ဆီမှာလည်း ခုနက ‌မြေပုံပေါ်မှာတော့ ကြိုးဝိုင်းပဲ ‌မြေပြင်ကြတဲ့ အခါကျတော့ သစ်ပင်တစ်ပင်မှ မရှိဘူး။ လယ်ကွင်းတွေရှိတယ်။ ရွာတွေရှိတယ်။ အဲဒီအတိုင်းပဲ ကျွန်တော်တို့ ဒီ ပျဉ်းမနား ဒေသမှာလည်း ဒါမျိုးတွေရှိတယ်။ အဲဒါတွေကို ကျွန်တော်တို့က ‌မြေပုံပေါ်မှာအတိုင်း ဥပဒေနဲ့အညီ လုပ်တယ်ဆိုတဲ့အနေရာမှာ ဥပဒေအရတော့မှန်တယ်။ ဒါပေမယ့် တရားသဖြင့်မဖြစ်တဲ့ ကိစ္စတွေ ဖြစ်လာတဲ့အခါမျိုးမှာ မိမိပြည်သူတွေပဲ နစ်နာတဲ့အတွက် ကျွန်တော်ဘက်ကတော့ ဒီဆွေးနွေးမှုကို အဆိုဆွေးနွေးမှုကို ထပြီးတော့ ဆွေးနွေးတဲ့ လွှတ်တော် ကိုယ်စားလှယ် အနေနဲ့ လက်ခံသလား၊ လက်မခံဘူးလား မေးခွန်းဖြစ်ပါတယ်။

ဦး       (    မဲဆန္ဒနယ်)။          ။ ဟုတ်ကဲ့။ ခုနက တင်သွင်းပြုပြင်ဖို့ ပြောသွားတဲ့ အဆိုသဘော အရဆိုရင် လက်ခံပါတယ်။

ဥက္ကဋ္ဌ။           ။ ကဲဒါကြောင့် ဂန့်ဂေါမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြင့် တင်သွင်းတဲ့ အဆိုကို လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ထောက်ခံပါတယ်။ ဒီအဆိုကို လက်ခံဆွေးနွေးဖို့ ဆိုရင် ဦးအောင်မြင့်ရဲ့အဆိုမှာ တချို့စာသားများ ဖြည့်စွက်ပြီးတော့ ဆွေးနွေးမယ် ဆိုရင် လွှတ်တော်က သဘောတူမတူ ကျွန်တော် မေးမှာဖြစ်ပါတယ်။ ဒါကြောင့် ဒီအဆိုကို ပြင်ဆင်အဆို ပြုမှုကို လက်ခံဆွေးနွေးရန် သင်‌့၊ မသင်‌့ လွှတ်တော်ရဲ့ဆန္ဒရယူပါမယ်။ ဦးအောြင်မင့်တင်သွင်းတဲ့အဆို ၎င်းကို ပြင်ဆင်တဲ့အဆိုကို လက်ခံဆွေးနွေးရန် လွှတ်တော်က သဘောတူပါသလားခင်ဗျား။

[သုံးကြိမ်တိုင်တိုင်မေးမြန်းပါသည်။ လွှတ်တော်က သဘောတူပါသည်။]

ဥက္ကဋ္ဌ။           ။ သဘောမတူတဲ့သူ ရှိပါသလားခင်ဗျား။ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ဂန့်ဂေါမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြင့် တင်သွင်းတဲ့ အဆိုနဲ့ပတ်သက်ပြီး လွှတ်တော်က သဘောတူတဲ့အတွက် လက်ခံဆွေးနွေးရန် ဆုံးဖြတ်ကြောင်း ကြေညာပါတယ်။