Skip to main content

အရေးကြီးအဆိုတစ်ရပ်ကို ပူတာအို မဲဆန္ဒနယ်မှ ဦးယော်ဒီဒွေ့က တင်သွင်းခြင်း

လေးစားရပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီး နှင့် ပြည်သူ့ကိုယ်စားလှယ်တော်များခင်ဗျား။ မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သရင်း ဂါရဝပြုအပ်ပါတယ်။ ကျွန်တော်ကတော့ ကချင်ပြည်နယ်၊ ပူတာအိုမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးယော်ဒီဒွေ့ ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ အရေးကြီးအဆိုတစ်ရပ် တင်သွင်းသွားမှာ ဖြစ်ပါတယ်။ ဒေသခံ ပြည်သူများအတွက် အရေးကြီးအဆိုတစ်ရပ်ကို တင်သွင်းခွင့်ပေးပါသော ဥက္ကဋ္ဌကြီးအား အထူးပင် ကျေးဇူးတင်ရှိပါကြောင်း ပြည်သူများရဲ့ကိုယ်စား တင်ပြလိုပါတယ်။

လေးစားရပါသော ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော့်အနေနဲ့ ကချင်ပြည်နယ်အတွင်း နယ်‌မြေလုံခြုံရေးအရ မိမိတို့၏ နေရပ်ဒေသကိုစွန့်ခွာ၍ ခေတ္တတိမ်းရှောင်လာကြသော ဒေသခံတိုင်းရင်းသားနှင့် ဒေသအလိုက် ရိက္ခာ ပြတ်လပ်မှုများအပါအဝင် လုံခြုံရေးအရ မိမိတို့တာဝန်ကျရာ ဒေသ၌ တာဝန်ထမ်းဆောင်ရန် အခက်အခဲဖြစ်နေသော နိုင်ငံ့ဝန်ထမ်းများ၊ ပြည်တွင်းပြည်ပမှ ပုဂ္ဂလိကစီးပွားရေး လုပ်ငန်းရှင်များ အတွက် အထူးသဖြင့် ပူတာအိုခရိုင်နှင့်ချီဖွေ၊ ဆော့လော်ဒေသများသို့ လမ်းပန်းဆက်သွယ်ရေး အပါအဝင် စီမန်ခံခွဲရေးနည်းလမ်းများအရ အဖက်ဖက်က ကူညီစောင့်ရှောက်ပေးနိုင်ရေးအတွက် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုတစ်ရပ် တင်သွင်းသွားမှာဖြစ်ပါတယ်။

ဥက္ကဋ္ဌကြီး ခင်ဗျား။ ယခုအခါ ကချင်ပြည်နယ်တွင်  KIO, KIA နှင့် မြန်မာ့တပ်မတော်တို့အကြား လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားခဲ့သည်မှာ တစ်နှစ်ကျော်ကြာမြင့်လာပြီးဖြစ်ပါတယ်။ ယင်းကဲ့သို့ အချိန်ကြာမြှင့်လာတာ နှင့်အမျှ ကချင်ပြည်နယ် အတွင်းမှာ နယ်‌မြေတည်ငြိမ်အေးချမ်းမှု၊ တရားဥပဒေစိုးမိုးမှုများ တဖြည်းဖြည်း ရုတ်လျော့ကာ ဒေသခံပြည်သူများ၊ နိုင်ငံ့ဝန်ထမ်းများမှ စိုးရိမ်ထိတ်လန့်မှုများ၊ ပူပင်သောကများနှင့် အတူ လုံခြုံစိတ်ချရမှုများ ကင်းမဲ့ နေကြရပါတယ်။ ယခုကဲ့သို့ နိုင်ငံရေး၊ စီးပွားရေးစနစ်ပြောင်း၊ ခေတ်ပြောင်းကာလများမှာ တည်ငြိမ်အေးချမ်းမှု၊ လုံခြုံစိတ်ချရမှု၊ တစ်လုံး တစ်စည်းတည်းရှိမှုတို့နှင့် အတူ မိမိတို့ဒေသ တိုးတက်ဖွံ့ဖြိုးခြင်းနှင့် ဖွံ့ဖြိုးွခင်းလမ်းကြောင်းပေါ်သို့ အလျင်အမြန်ရောက်ရှိရန် ပူးပေါင်းဝိုင်းဝန်းအားထုတ်ကြိုးပမ်းရမည့် အကောင်းဆုံးအချိန် ဖြစ်ပါတယ်။ ကျွန်တော်တို့ ဒေသခံ တိုင်းရင်းသားပြည်သူများကလည်း မိမိတို့၏ လူမှုစီးပွားဘဝတိုးတက်ဖွံ့ဖြိုးရန် ဆန္ဒပြင်းပြတာစူအားခဲ နေကြတဲ့အချိန်ဖြစ်ပါတယ်။

ဥက္ကဋ္ဌကြီးခင်ဗျား။ ကချင်ပြည်နယ်အတွင်းမှာ ရန်ဖြစ်စကားများနေကြရမယ့်အစား၊ အတ္တ၊ မာနတွေကြီးထွားပြီး အားပြိုင်နေကြရမယ့်အစား၊ လက်နက်ကိုင်ပဋိပက္ခတွေရှုပ်ထွေးပြီး ယမ်းခိုယမ်း ငွေ့တွေ လွှမ်းခြုံနေရမယ့်အစား မေတ္တာစိတ်ကို အ‌ခြေခံလျက် နှစ်ဦးနှစ်ဖက် အပြန်အလှန် နားလည် မှုရှိရှိ၊ ယုံကြည်မှုရှိရှိနဲ့ ဘက်နှစ်ဖက်ထိန်းညှိကာ ပြဿနာတစ်ရပ်ကို အကောင်းဆုံးနည်းလမ်းဖြင့် ဖြေရှင်းသင့်ပါတယ်။ ဒါက ကချင်ပြည်နယ်တွင်း မှီတင်း နေထိုင်ကြသော တိုင်းရင်းသားအများစု၏ ဆန္ဒလည်းဖြစ်ပါတယ်။ ဒီလိုဖြေရှင်းတဲ့အခါမှာလည်း စစ်ရေးအရ တစ်ခုတည်းကိုပဲ မရှုမြင်ပဲ နိုင်ငံရေးအမြင်၊ လူမှုရေးအမြင်နဲ့ ပြည်သူ့ဘဝ၊ ပြည်သူ့မျက်နှာကိုပါ ကျယ်ကျယ်ပြန့်ပြန့်ရှုမြင် ပေးကြ ဖို့လိုအပ်မှာဖြစ်ပါတယ်။ တစ်နည်းအားဖြင့် နှစ်ဦးနှစ်ဖက်၊ တပ်ပိုင်းဆိုင်ရာများအပါအဝင် မျက်နှာချင်း ဆိုင်တွေ့ဆုံကာ ပြည်သူအများ စိတ်ချမ်း‌မြေ့စေမည့် နည်းလမ်းများကို အကျေအလည် ညှိနှိုင်းဆွေးနွေး အဖြေရှာသင့်ပါတယ်။ ဥက္ကဋ္ဌကြီးနဲ့ လွှတ်တော် ကိုယ်စားလှယ်များ ခင်ဗျား။ ယခုဆိုရင် ကျွန်တော်တို့ ကချင်ပြည်နယ်မှာ နယ်မြေလုံခြုံရေးအရ စိုးရိမ် ထိတ်လန့်မှုတွေဖြစ်ပွားပြီး ဒေသခံတိုင်းရင်းသား တွေဟာ မိမိနေရပ်ဒေသကို စွန့်ခွာလျက် ကယ်ဆယ်ရေးစခန်းများသို့ တိမ်းရှောင်ခိုလှုံနေကြရပါတယ်။ တစ်ရက်ထက်တစ်ရက်၊ တစ်လထက်တစ်လ ကယ်ဆယ်ရေးစခန်းများကို ရောက်ရှိလာတဲ့ဦးရေ ဟာလည်း တိုးတက်များပြားလျက်ရှိပါတယ်။ ကချင်ပြည်နယ် နယ်စပ်ဒေသမှာရှိတဲ့ တိုင်းရင်းသား အချို့တွေဟာလည်း တစ်ဖက်နိုင်ငံမှာ သွားရောက်ခိုလှုံနေကြရပါတယ်။

ဒါ့အပြင် နယ်မြေလုံခြုံရေးရဲ့ နောက်ဆက်တွဲဆိုးကျိုးများကြောင့် လမ်းပန်းဆက်သွယ်ရေးတွေ ပျက်စီးပြီး ကုန်စည်ပို့ဆောင်မှုတွေ ပုံမှန်စီးဆင်းမှုမရှိဘဲ အထူးသဖြင့် ပူတာအိုခရိုင်တစ်ခုလုံးနှင့် ချီဖွေ၊ ဆော့လော်ဒေသတွေမှာ ဆန်ရေစပါးများ ပြတ်လပ်နေပါတယ်။ ပြည်သူတွေအတိဒုက္ခရောက်နေကြရ ပါတယ်။ အလားတူ အချို့ဒေသတွေမှာလည်း နယ်‌မြေလုံခြုံရေးအရ နိုင်ငံ့ဝန်ထမ်းတွေဟာ မိမိတို့ တာဝန်ကျတဲ့ဒေသတွေကို သွားရောက်တာဝန်ထမ်းဆောင်ဖို့ ခက်ခဲနေကြရပါတယ်။ အဲ့ဒီရလဒ်တွေဟာ ဒေသခံ တိုင်းရင်းသားပြည်သူတွေပဲ နစ်နာဆုံးရှုံးနေကြရပါတယ်။ တစ်ဆက်တည်း ပြည်တွင်းပြည်ပမှ ကုမ္ပဏီများ၏ စီးပွားရေးလုပ်ငန်းရှင်တွေဟာလည်း လုံခြုံစိတ်ချရမှု အပြည့်အဝနဲ့ မိမိတို့ရဲ့စီးပွားရေး လုပ်ငန်းများ တိုးတက်အောင်မြင်ဖြစ်ထွန်းနိုင်အောင် စိတ်ချလက်ချဆောင်ရွက်ဖို့ ကြီးမားစွာ အကြပ် အတည်းဖြစ်ပြီး နစ်နာဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်တွေ့ကြုံနေကြရပါတယ်။ လေးစားအပ်ပါသော ဥက္ကဋ္ဌကြီး ခင်ဗျား။ ယခု ကျွန်တော်တို့ ကချင်ပြည်နယ်ရဲ့ ပကတိအခြေအနေဟာ လုံခြုံစိတ်ချရမှု လျော့နည်း လာသော ဖြစ်စဉ် ဖြစ်ရပ်များ ကြုံတွေ့နေကြရတဲ့အတွက် ဒေသခံပြည်သူများဟာ စိတ်မချမ်းမြေ့ဖွယ်ရာ ခံစားနေကြရပါတယ်။ ယာယီကယ်ဆယ်ရေးစခန်းများမှာ ရောက်ရှိနေကြတဲ့ ဒေသခံတိုင်းရင်းသား များရဲ့ ကျန်းမာရေးပြဿနာ၊ စားသောက်နေထိုင်ရေးပြဿနာအပါအဝင် ပညာသင်ကြားနိုင်ရေး အခွင့်အလမ်းတွေအတွက် စိုးရိမ် ပူပန်နေကြရပါတယ်။ ဒါ့အပြင် မိမိတို့နေရပ်ဒေသမှာ ကျန်ရစ်ခဲ့တဲ့ လယ်ယာစိုက်ပျိုးရေးလုပ်ငန်း၊ မိသားစုစီးပွားရေးလုပ်ငန်းများ ပုံမှန်ပြန်လည်လည်ပတ်နိုင်ရေး အတွက်လည်း ကြီးမားကျယ်ပြန့်စွာ ကျော်လွှားဖြတ်သန်းကြရဦးမှာ ဖြစ်ပါတယ်။

ဒါကြောင့် ကျွန်တော့်အနေနဲ့ ကချင်ပြည်နယ်အတွင်း နယ်မြေလုံခြုံရေးအရ မိမိတို့၏ နေရပ် ဒေသကိုစွန့်ခွာ၍ ခေတ္တတိမ်းရှောင်လာကြသော ဒေသခံတိုင်းရင်းသားများနှင့် ဒေသအလိုက် ရိက္ခာ ပြတ်လပ်မှုများအပါအဝင် လုံခြုံရေးအရ မိမိတို့တာဝန်ကျရာ ဒေသ၌ တာဝန်ထမ်းဆောင်ရန် အခက်အခဲဖြစ်နေသော နိုင်ငံ့ဝန်ထမ်းများ၊ ပြည်တွင်းပြည်ပ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင်များ အတွက် အထူးသဖြင့် ပူတာအိုခရိုင်နှင့် ချီဖွေ၊ ဆော့လော်ဒေသများသို့ လမ်းပန်းဆက်သွယ်ရေး အပါအဝင် စီမံခန့်ခွဲရေးနည်းလမ်းများအရ အဖက်ဖက်က ကူညီစောင့်ရှောက်ပေးနိုင်ရေးအတွက် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုကို အလေးအနက် တင်သွင်းရင်း နိဂုံးချုပ်အပ် ပါတယ်ခင်ဗျား။ ကျေးဇူးတင်ပါတယ်။