Skip to main content

သဘာဝဝန်းကျင် တည်ငြိမ်မှု၊ ဂေဟစနစ်မျှတမှုကို ပြန်လည် ရရှိစေရေးနှင့် အမြဲတမ်း သစ်တောမြေများမှ သစ်နှင့် သစ်တောထွက် ပစ္စည်းများ ရေရှည်ထာဝစဉ် အသုံးပြုနိုင်ရေးအတွက် နိုင်ငံတော်ရှိ အရေးပါသော သဘာဝ သစ်တောကြီးများ ထိန်းသိမ်းကာကွယ်ရေး နှင့်စပ်လျဉ်းသည့် အဆိုကို ဆွေးန

ဦးအေးမြင့်မောင် (ဒုတိယဝန်ကြီး၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန)။  ။အားလုံး မင်္ဂလာပါခင်ဗျား။ လေးစားအပ်တဲ့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် လွှတ်တော် ကိုယ်စားလှယ်များ ခင်ဗျား။ ကျွန်တော်ကတော့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးမြင့်မောင် ဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနွယ်ရဲ့ သဘာဝ ဝန်းကျင်တည်ငြိမ်မှုနှင့် ဂေဟစနစ်မျှတမှုကို ပြန်လည် ရရှိစေရေးနှင့် အမြဲတမ်း သစ်တော မြေများမှ သစ်နှင့်သစ်တော ထွက်ပစ္စည်းများ ရေရှည်ထာဝစဉ်ညီ အသုံးပြုနိုင်ရေးအတွက် နိုင်ငံတော်ရှိ အရေးပါသော သဘာဝ သစ်တောကြီးများ ထာဝစဉ် တည်တံ့အောင် ထိန်းသိမ်း ကာကွယ်ရေး လုပ်ငန်းများကို အလေးထား ဆောင်ရွက် သင့်ကြောင်း အဆိုနှင့်စပ်လျဉ်းပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန  ကိုယ်စားရှင်းလင်း ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

လွှတ်တော် ကိုယ်စားလှယ်ကြီးရဲ့ တင်ပြတဲ့အဆိုနှင့် လွှတ်တော်ကိုယ်စားလှယ်ကြီးများ ဆွေးနွေးမှုများမှာ ကျွန်တော်တို့ ဝန်ကြီးဌာနမှ ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များကို အောင်မြင်စေ ရေးအတွက် သဘာဝ သယံဇာတ ထိန်းသိမ်းရေး ကော်မတီကိုယ်စားနှင့် ပြည်သူ့လွှတ်တော်ကိုယ်စား အဆိုပြု ဆွေးနွေးကြခြင်း ဖြစ်တဲ့အတွက် အဆိုနှင့်ဆွေးနွေးမှုများအား ကြိုဆိုပါကြောင်း ဦးစွာ တင်ပြလိုပါတယ်။ လွှတ်တော် ကိုယ်စားလှယ်ကြီး တင်ပြရာမှာ ပါဝင်သည့်အချို့အချက်များနှင့် ပတ်သက်ပြီး ဝန်ကြီးဌာန၏ ဆောင်ရွက် ချက်များကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ အားလုံး သိရှိနိုင်ပါရန် အကျဉ်းချုပ် တင်ပြသွားမှာ ဖြစ်ပါတယ်။ သစ်တောများကို စနစ်တကျစီမံအုပ်ချုပ် လုပ်ကိုင်ခဲ့ရာမှာ ၂၀၀၁-၂၀၀၂ ခုနှစ်မှ  ၂၀၃၀-၂၀၃၁ ခုနှစ်အထိ  အမျိုးသားသစ်တော ကဏ္ဍပင်မ စီမံကိန်းအရ အမြဲတန်းသစ်တောမြေကို နိုင်ငံတော် ဧရိယာ၏ ၃၀ ရာခိုင်နှုန်း အထိတိုးချဲ့ ဖွဲ့စည်းရန် ရည်မှန်းချက်ထားရှိပြီး လက်ရှိတွင် နိုင်ငံတော်ဧရိယာ၏ ၂၄.၄၉ ရာခိုင်နှုန်း ဖွဲ့စည်းဆောင်ရွက်ပြီး ဖြစ်ပါတယ်။ သစ်တောစီမံ အုပ်ချူပ် လုပ်ကိုင်ရာမှာ ဒေသအလိုက် ၁၀ နှစ်တစ်ကြိမ် သစ်တောသယံ ဇာတ အရင်းအမြစ်များ စာရင်းကောက်ယူခြင်း၊ ခရိုင်သစ်တော အုပ်ချုပ် လုပ်ကိုင်မှု စီမံကိန်းများ ရေးဆွဲခြင်းကို ဆောင်ရွက်ခဲ့ရာ ခရိုင်  ၆၃  ခရိုင်အတွက်  ၂၀၀၆-၂၀၀၇ ခုနှစ်အထိ မှ  ၂၀၁၅ -၂၀၁၆ ခုနှစ်အထိ သစ်တော အုပ်ချုပ်လုပ်ကိုင်မှု စီမံကိန်းများ ရေးဆွဲပြီး ဖြစ်ပါတယ်။ ၂၀၁၀ ခုနှစ်မှာ ၅ နှစ် ဆောင်ရွက် ပြီးစီးမှုအပေါ် အကဲဖြတ် သုံးသပ်ခြင်း လုပ်ငန်းများကိုလည်း ဆောင်ရွက်ခဲ့ကြောင်း တင်ပြလာပါတယ်။ ဒီ့အပြင် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများ တိုးတက် ကောင်းမွန်ရေးနှင့် သဘာဝ သစ်တောများ ရေရှည် တည်တံ့ရေးကို အထောက်အကူပြုမယ့် လုပ်ငန်းစဉ်တစ်ရပ်ကိုလည်း ဆောင်ရွက်လျက်ရှိပါတယ်။ Korea Forest Services  International နှင့် Tropical Timber  Organization တို့ဖြင့် ပူးပေါင်းပြီး REDD အဖွဲ့ဝင်နိုင်ငံအဖြစ်ပါဝင်၍ သဘာဝ သစ်တောထိန်း သိမ်းခြင်း လုပ်ငန်းကို ဦးစားပေးကာ ကျွန်းနှင့်သစ်မာ ထုတ်လုပ် နေမှုများကိုလည်း အချိုးကျလျော့ချ ထုတ်လုပ်ရန်နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများ အဓိက ဦးစားပေးစီစဉ် ဆောင်ရွက် လျှက်ရှိကြောင်း တင်ပြအပ်ပါတယ်။ သစ်ထုတ်လုပ်မှုများကို စနစ်တကျ စီမံဆောင်ရွက်မယ့်  သစ် ထောက်ခံချက်ပြုရေး လုပ်ငန်းအဆင့်ဆင့်ကို ၂၀၁၀ ခုနှစ်မှ  ၂၀၁၅  ခုနှစ်အထိ ( Phase Approach to Forest  Certification 2010 – 2015) အား အကောင်အထည် ဖော်ဆောင်ရွက်လျှက် ရှိပြီး စံနှုန်းအညွန်းများ (Criteria & Indicators)  အတိအကျသတ်မှတ်ပြီး စံပြခရိုင်များ ရွေးချယ်စမ်းသပ် ဆောင်ရွက်၍ အာစီယံစံနှုန်းများနှင့် အညီဖြစ်စေရေး အဆင့်လိုက် စီမံဆောင်ရွက်လျှက် ရှိပါတယ်။ နိုင်ငံတော်အတွင်းရှိ ကျေးလက်ပြည်သူများရဲ့ အိမ်ယာထူထောင်ရေးနှင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများတွင် အသုံးပြုရန်လိုအပ်တဲ့ သစ်တိုင်မျောများလွယ်ကူ အဆင်ပြေစွာ ရရှိနိုင်ရေးအတွက်  တစ်အိမ်ထောင်ကျွန်း ၃  ပင် တစ်အိမ်ထောင် သစ်မာ ၂၀ ပင် ကျေးရွာပိုင်သစ်တောစိုက်ခင်း တစ်ရွာ တစ်ဧကတို့ကို ပြည်နယ်နှင့် တိုင်းဒေသကြီးများ အတွင်း ၂၀၀၈-၂၀၀၉ ခုနှစ်မှစ၍ စတင် တည်ထောင် စိုက်ပျိုးခဲ့ပြီး ၂၀၁၁-၂၀၁၂ ခုနှစ်အထိ အပင်ပေါင်း ၃၃.၃၁ သန်း တည်ထောင် စိုက်ပျိုးခဲ့ပါတယ်။ ၂၀၁၂ - ၂၀၁၃ ခုနှစ်တွင် အပင်ပေါင်း ၇.၇ သန်း စိုက်ပျိုးရန် အကောင်အထည်ဖော် ဆောင်ရွက်လျှက် ရှိကြောင်း ဖော်ပြ အပ်ပါတယ်။ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန သစ်တော ဦးစီးဌာန  ခရိုင်သစ်တော အုပ်ချုပ်လုပ်ကိုင်မှု စီမံကိန်းများအရ ဒေသထောက်ပံရေး/ ဒေသခံ ပြည်သူ အစုအဖွဲ့ပိုင် သစ်တောများ အလုပ်တိုက်နယ် ဧရိယာဧက စုစုပေါင်း ၁၆.၇ သန်းမှ ဒေသခံပြည်သူများ ၏ ထင်းလောင်စာ လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေးအတွက်  နှစ်စဉ်စီမံကိန်းများရေးဆွဲ၍ အကောင်အထည်ဖော် ဆောင်ရွက် လျှက် ရှိပါသည်။ ဇီဝမျိူးစုံ မျိုးကွဲများ ထိန်းသိမ်းရေး လုပ်ငန်းများကို အလေးထား ဆောင်ရွက်ခဲ့ရာ နိုင်ငံအဆင့် ဇီဝစုံမျိုးကွဲဆိုင်ရာ မဟာဗျူဟာနှင့် လုပ်ငန်းစီမံချက်ကို သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ Stake holder များပေါင်းစပ် ညှိုနှိုင်းရေးဆွဲပြီး နိုင်ငံတကာ အဖွဲ့အစည်းများဖြစ်တဲ့ Convention On Biodiversity ၊ CITES ၊ GLOBAL Tiger Forum ရေတိမ်ဒေသများ ထိန်းသိမ်းရေးအဖွဲ့၊ အာဆီယံအတွင်း တောရိုင်းတိရစ္ဆာန်နှင့် သစ်ပင်ပန်းပင်များ၊ တရားမဝင် ကူးသန်း ရောင်းဝယ်မှုတားစီးရေး ဥပဒေအာဏာ သက်ရောက်မှု ကွန်ယက်၊ အာဆီယံ ဇီဝမျိုးစုံမျိုးကွဲဗဟိုဌာန တို့ဖြင့် ပူးပေါင်းအကောင်အထည် ဖော်ဆောင်ရွက်လျှက်ရှိပါတယ်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာနဟာ ဒီရေတောများ အစဉ်ထိန်းသိမ်း ဆောင်ရွက်ရေးအတွက် ကုလသမ္မဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) ၊ ဂျပန်နိုင်ငံအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) တို့၏ အကူအညီအထောက်အပံများဖြင့် ဒီရေတောများ ဘက်စုံပြန်လည် ထူထောင်ရေး၊ စီမံအုပ်ချုပ်လုပ်ကိုင်ခြင်း စီမံကိန်းများ ဆောင်ရွက်ခြင်းနှင့် ဘက်စုံဒီရေတော စီမံအုပ်ချုပ်လုပ်ကိုင်မှုစီမံချက် Integrated Mangrove Management Plan ကိုရေးဆွဲ အကောင် အထည်ဖော် ဆောင်ရွက်လျှက်ရှိပါတယ်။ ဒီနေရာမှာလည်း ဂျပန်နိုင်ငံနှင့် ၂၀၁၃ မှ ၄ နှစ် ကာလအထိ Joint x နှင့် ဒေါ်လာ ၇  သန်းရယူပြီးတော့မှ ဖျာပုံခရိုင် ဘိုကလေးမြို့နယ်အတွင်းမှာ ဒီရေတောများ၊ နာဂစ်လွန် ဒီရေတောများ ပြန်လည် ထူထောင်ရေး လုပ်ငန်းများကိုလည်း ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဖြည့်စွက်ဖော်ပြအပ်ပါတယ်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ကြီးများ၏ အဆိုပြုချက်များအပေါ် အောက်ပါအတိုင်း ဆွေးနွေး ပြန်လည်ဆွေးနွေးအပ်ပါတယ်။ ကျွန်းနှင့်သစ်မာများ အလွန်အကျွံ ထုတ်လုပ်ရောင်းချမှုကို လျော့ချခြင်းအဆိုနှင့် ပတ်သက်ပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာနသည် ၂၀၁၂ - ၂၀၁၃ ဘဏ္ဍာနှစ်တွင် ၂၀၁၁ - ၂၀၁၂ ဘဏ္ဍာနှစ် လျာထားချက်ရဲ့ ကျွန်း ၁၅ ရာခိုင်နှုန်းနှင့် သစ်မာ ၂၀ ရာခိုင်နှုန်း လျော့ချ ထုတ်လုပ်ရန် ၂၀၁၅ - ၂၀၁၆ ခုနှစ်၌ တိုင်းဒေသကြီး/ ပြည်နယ် အားလုံးတို့တွင် AAC ဘောင်အတွင်းမှ ထုတ်လုပ်ရန် သစ်အလုံးလိုက် ပြည်ပတင်ပို့ရောင်းချမှုကို အဆင့်လိုက် လျော့ချပြီး တန်ဖိုးမြှင့် သစ်အခြေခံ ထွက်ကုန်ပစ္စည်း (Value Added Wood Based Products) များ တိုးမြှင့်ထုတ်လုပ်ရန်အတွက် အစီအမံများ ချမှတ်ဆောင်ရွက်လျက်ရှိပါတယ်။ သစ်တောစိုက်ခင်းများအောင်မြင်အောင် ထိန်းသိမ်းစောင့်ရှောက်ခြင်းနှင့် ပတ်သက်ပြီး ၂၀၁၁ - ၂၀၁၂ ခုနှစ်အထိ နိုင်ငံပိုင်သစ်တော စိုက်ခင်း ဧရိယာဧက ၂.၄သန်းကို တည်ထောင်စိုက် ပျိုးခဲ့ပြီး ၂၀၁၁ - ၂၀၁၂ ခုနှစ်အထိ ပုဂ္ဂလိကကျွန်း ၇၁၁၂၃ ဧကနှင့် ပုဂ္ဂလိကသစ်မာစိုက်ခင်း ၄၈၄၆၅ ဧကကို တည်ထောင်စိုက်ပျိုးခဲ့ပါတယ်။ သစ်တော စိုက်ခင်းများ အောင်မြင်စွာ တည်ထောင် စိုက်ပျိုးနိုင်ရေး အတွက် လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များနှင့်အညီ စနစ်တကျ အကောင် အထည်ဖော် ဆောင်ရွက်ရေး တွန်းအားပေး ကြပ်မတ်ဆောင်ရွက်ခြင်း၊ မျိုးကောင်း မျိုးသန့်ရွေးချယ် ခြင်း၊ စိုက်နည်းစနစ် မှန်ကန်စေရေးနှင့် နည်းပညာပံ့ပိုးကူညီခြင်းများ ပိုမိုထိရောက်သည့်နည်းလမ်း များနဲ့ ရရှိလာတဲ့ အတွေ့အကြုံများ အပေါ် အခြေခံ၍ စနစ်တကျ ကြပ်မတ်ဆောင် ရွက်လျက်ရှိပါတယ်။ အမြဲတမ်း သစ်တောမြေများကို အခြားမြေအသုံးချမှုများကြောင့် ပယ်ဖျက်ပေးရမှုကို အနည်းဆုံးဖြစ် အောင် ညှိနှိုင်း ဆောင်ရွက်ခြင်းနှင့် ပတ်သက်၍ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မကြီး၏ လမ်းညွှန်ချက်နှင့် အညီ ဖွဲ့စည်းထားသည့် မြေယာခွဲဝေအသုံးချမှု စိစစ်ရေး ကော်မတီသည် နိုင်ငံတော်၏ မြေအသုံးချရေးမူဝါဒ (Land Use Policy)ချမှတ်နိုင်ရေးအတွက် စီမံဆောင်ရွက် ရှိပါတယ်။   မြို့ကြီးများမှာ ထင်း၊ မီးသွေးအစား ဂက်စ်၊ လျှပ်စစ်မီး တို့ဖြင့် အစားထိုး သုံးစွဲ နိုင်ရေးနှင့် ပတ်သက်၍ ဆက်စပ်ဝန်ကြီးဌာနများနှင့် နိုင်ငံတော်၏ အခြေအနေပေးမှု အပေါ်အခြေခံ၍ ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ သစ်တောရှိရာ ဒေသများတွင် ထင်း၊ မီးသွေးလုပ်ငန်း မိရိုးဖလာ လုပ်ကိုင်သူများကို အခြားအလုပ်အကိုင်များ ရရှိအောင် ဆောင်ရွက် ပေးခြင်းနှင့် ပတ်သက်ပြီး သစ်တော လုပ်ငန်းများ ကျွန်းနှင့် သစ်မာစိုက်ခင်း လုပ်ငန်းများတွင် ပါဝင် ဆောင်ရွက်လာစေခြင်းဖြင့် ဝင်ငွေရရှိမည့် အခွင့်အလမ်းများကို စီစဉ် ဆောင်ရွက် ပေးခြင်းနှင့် လုပ်ငန်း များတိုးချဲ့ပေးနိုင်ရေး ကူညီစီမံ ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။ ပုဂ္ဂလိက သစ်ထုတ်ရေး လုပ်ပိုင်ခွင်‌့ရသူ များက သစ်ပိုထုတ်ခြင်း၊ စက်ယန္တရားများဖြင့် သစ်ထုတ်လမ်းဖောက်၍ သစ်ပင်များထိခိုက်  ပျက်စီး ပါက ငွေပေးလျော်စေခြင်း ကိစ္စနှင့် ပတ်သက်၍ ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်း များနှင့်အညီ သစ်ကွက်များအတွင်း စစ်ဆေး ဆောင်ရွက်လျက်ရှိပြီး အရေးယူခြင်း၊ ထိခိုက်ပျက်စီးမှုများ အလိုက် ပေးလျော်စေခြင်းများကို ကြပ်မတ် ဆောင်ရွက်လျက်ရှိပါတယ်။ ယခုထက် ပိုမိုထိရောက်သော အစီအမံများ ချမှတ်၍ အလေးထား အကောင်အထည်ဖော် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ တရားမဝင် သစ်၊ ထင်း၊ မီးသွေး ထုတ်လုပ်မှု၊ သစ်တောသစ်ပင် ပျက်စီးမှုမရှိစေရေး ကြီးကြပ် စောင့်ရှောက်ခြင်း သစ်၊ ထင်း၊ မီးသွေး လိုအပ်ချက်ကို သစ်တောပြုန်းတီးမှု မဖြစ်စေအောင် ထိန်းသိမ်း၍ ထုတ်လုပ် ရောင်းချခြင်းကိစ္စနှင့်ပတ်သက်၍ ပြဋ္ဌာန်းထားသည့် ဥပဒေများဖြင့် ရှာဖွေ ဖော်ထုတ်ဖမ်းဆီး အရေးယူ ဆောင်ရွက်ပြီး တစ်ဖက်မှလည်း ထင်း၊ မီးသွေး၊ လိုအပ်ချက်များကို နှစ်စဉ် စီးပွားရေးစီမံကိန်း လျာထားချက်များနှင့်အတူ တရားဝင် ထုတ်လုပ်နိုင်ရေး အတွက် ကြပ်မတ်ဆောင် ရွက် လျက်ရှိပါတယ်။ တောက်တဲ့ရှာရန်၊ သစ်ခွပင်ရရန်၊ သစ်ပင်ခုတ်လှဲခြင်းများကို သစ်တောဦးစီးဌာန နယ်မြေခံ ဝန်ထမ်း များမှ ရှာဖွေဖော်ထုတ်ဖမ်းဆီးခြင်း၊ သက်ဆိုင်ရာ ဒေသအုပ်ချုပ်ရေး အဖွဲ့အစည်းများဖြင်‌့ ပူးပေါင်း၍ ဖော်ထုတ် ဖမ်းဆီးခြင်း၊ ကြိုတင်ကာကွယ်ထိန်းသိမ်းခြင်း၊ တိုးချဲ့ပညာပေး ဟောပြောခြင်း လုပ်ငန်းများ ဆောင်ရွက်သွားမည် ဖြစ်ပါတယ်။ သစ်တောမြေများ အတွင်း ကျူးကျော်ဝင်ရောက် နေထိုင်ခြင်း၊ စိုက်ပျိုး လုပ်ကိုင်ခြင်း၊ ရွှေ့ပြောင်း တောင်ယာ လုပ်ကိုင်ခြင်းများနှင့် ပတ်သက်၍ ကြိုးဝိုင်း ကျူးကျော်မှုများကို တည်ဆဲ ပြဋ္ဌာန်းထားသည့် ဥပဒေများအရ အရေးယူရန် ဖြစ်သော်လည်း ကြိုးဝိုင်းအနီး မှီတင်း နေထိုင်ကြသည့် ပြည်သူများ၏ ဘဝရှင်သန်ရပ်တည်ရေးနှင့် စားဝတ်နေမှု အဆင်ပြေစေရေးတို့ အတွက် ဝင်ရောက် လုပ်ကိုင်ကြခြင်းဖြစ်ရာ မလိုလားအပ်သည့် ရှုပ်ထွေးမှုနှင့် ပြဿနာများ မပေါ် ပေါက်စေရေးအတွက် ဘက်ပေါင်းစုံမှ ချင့်ချိန်စဉ်းစား ဆောင်ရွက်လျက်ရှိပါသည်။ သို့အတွက် ဒေသခံ များမှ ကြိုးဝိုင်းကျူးကျော် ဝင်ရောက် စိုက်ပျိုး လုပ်ကိုင်နေမှုများကို အရေးယူခြင်းထက် လုပ်ထုံး လုပ်နည်းနှင့် ကိုက်ညီသည့် တရားဝင် လုပ်ပိုင်ခွင့်ရရှိမည့် ဒေသခံပြည်သူ အစုအဖွဲ့ပိုင် သစ်တော စိုက်ခင်း Community Forestry နှင့် သီးနှံသစ်တော ရောနှော စိုက်ပျိုးသည့် နည်းစနစ် (Agroforestry System) ဖြင့်ဆောင်ရွက်ရေး ပုဂ္ဂလိက သစ်တော စိုက်ခင်းများ တည်ထောင်၍ စီးပွားရေး ဖွံ့ဖြိုးတိုး တက်စေမည့် နည်းလမ်းများဖြင့် စည်းရုံး ဆောင်ရွက် လျက်ရှိပါတယ်။ ထပ်မံ၍ ကျူးကျော်တိုးချဲ့မှုများ မဖြစ်စေရေးအတွက် ထိရောက်သည့် အစီအမံများ စီစဉ် ဆောင်ရွက်မည် ဖြစ်ပါ တယ်။ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာနသည် လက်ရှိပြဋ္ဌာန်းထားသည့် ဥပဒေ၊ နည်းဥပဒေများကို ခေတ်စနစ်နှင့်အညီ ပြင်ဆင် ဆောင်ရွက်ကာ ရှေ့နေချုပ်ရုံးသို့ ပေးပို့ထားပြီး ဖြစ်ပါတယ်။ Land Use Policy နှင့် Land Use Plan များ ရေးဆွဲပြဋ္ဌာန်းပြီးပါက သဘာဝ သစ်တော သယံဇာတများကို ထာဝစဉ် တည်တံ့အောင် ထိန်းသိမ်းသွားနိုင်ရေး ပိုမိုထိရောက်ပီပြင်စွာ ဆောင်ရွက် သွားနိုင်မည်ဖြစ်ပါတယ်။

နိဂုံးချုပ်အားဖြင့် အဆိုရှင်နှင့် လွှတ်တော် ကိုယ်စားလှယ်များရဲ့ ဆွေးနွေးမှုများကို ဝန်ကြီးဌာနရဲ့ ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းစဉ်များမှာ စဉ်းစားလက်ခံ ကျင့်သုံးအကောင် အထည်ဖော်သွားမှာဖြစ်သလို နိုင်ငံရဲ့ သစ်တောသယံဇာတများ ထာဝစဉ် တည်တံ့ရေးအတွက် ပြည်သူများရဲ့ ပူးပေါင်းဆောင်ရွက်မှုအားကို ရယူကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း တင်ပြရင်းနိဂုံချုပ်အပ်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။