Skip to main content

ဦးထွန်းအောင်ခိုင် (ပေါက်‌တော မဲဆန္ဒနယ်) က ဆွေးနွေးခြင်း

လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးနှင့်  ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တော်များ၊ ဖိတ်ကြားထားတဲ့ ပုဂ္ဂိုလ်များအားလုံး မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပါစေလို့ ဆုမွန်ကောင်းတောင်း ဂါရဝပြုအပ်ပါတယ်။ ကျွန်တော်ကတော့ ရခိုင်ပြည်နယ်၊ ပေါက်တောမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်ခိုင် ဖြစ်ပါတယ်။ ပထမအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး နဝမနေ့မှာ စစ်ကိုင်းတိုင်း ဒေသကြီး၊ ဘုတလင်မဲဆန္ဒနယ်က ဦးသန်းနွယ် တင်သွင်းတဲ့ အဆိုအပေါ် အကြံပြုထောက်ခံဆွေး နွေးသွားမှာဖြစ်ပါတယ်။

ဥက္ကဋ္ဌကြီး ခင်ဗျား။ စာဖြင့် ဖတ်ကြား တင်သွင်းခွင့် ပြုစေလိုပါတယ်။ မြန်မာနိုင်ငံရဲ့ ပထဝီမြေအနေအထားကို အကြမ်းအားဖြင့် ပိုင်းခြားကြည့်မယ် ဆိုရင် (၁) တောင်တန်းဒေသပိုင်း၊ (၂) ကုန်းမြင့်မြေပြန့်ဒေသပိုင်း၊ (၃) ဒီရေရောက် ဒေသ တစ်နည်းအားဖြင့် ပင်လယ်မြစ်ချောင်းများနှင့် ဆက်စပ်တဲ့ဒေသဆိုပြီး တည်ရှိနေတာကို တွေ့ရမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ ၁၈၂၄ ခုနှစ်မတိုင်မီကာလကဆိုရင် သစ်တောဧရိယာဖုံးလွှမ်းမှုဟာ တစ်နိုင်ငံလုံးရဲ့ ငါးပုံသုံးပုံခန့် ရှိတယ်လို့သိရပါတယ်။ ၁၈၂၄ မှ ၁၉၄၈ ခုနှစ်အတွင်း ကာလမှာတော့ သစ်တော ဧရိယာ ဖုံးလွှမ်းမှုဟာ ၅ ပုံ ၂ ပုံ ဖုံးလွှမ်းနေတယ်လို့ သိရပါတယ်။ အဲဒီနောက်ပိုင်း ယနေ့အထိ မြန်မာနိုင်ငံ၏ သစ်တောဧရိယာ ဖုံးလွှမ်းမှုဟာ တစ်နိုင်ငံလုံး၏ ၅ ပုံ ၁ ပုံ ခန့်ရှိနေတယ်လို့သိရှိရပါတယ်။ ဒါကိုကြည့်ခြင်း အားဖြင့် သစ်တောဧရိယာဖုံးလွှမ်းမှု တွေဟာ တဖြည်းဖြည်းလျော့နည်းလာတဲ့သဘောတွင် ရှိနေတာတွေ့ရမှာ ဖြစ်ပါတယ်။ ထုတ်လုပ်မှုသာရှိပြီး အစားထိုးစိုက်ပျိုးမှုတွေ အားနည်းနေတာကို တွေ့ရပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော်တို့ ရခိုင်ဒေသရှိ ရခိုင်ရိုးမတ‌လျောက်မှာ သစ်တောကြီးတွေ၊ ဝါးတောကြီးတွေ၊ သယံဇာတပေါများ ကြွယ်ဝပြီးတော့ သစ်ထုတ်လုပ်မှုတွေကများလာတော့ တောင်တန်းတွေဟာ တောင်ကတုံးတွေ ဖြစ်လာ နေပါတယ်။ သစ်တော သစ်ပင်တွေ အစားထိုးစိုက်ပျိုးရန်၊ ထိန်းသိမ်း စောင့်ရှောက်ရန် လိုအပ်နေပါတယ်။ သဘာဝသစ်တောတွေနဲ့ ဆက်စပ်နေကြတဲ့ သား၊ ငါး၊ တိရစ္ဆာန်၊ သမင်၊ ဒရယ်၊ ချေငယ်၊ စိုင်၊ ဆတ်၊ ဖွတ်၊ ပဒတ် အစရှိတဲ့ သဘာဝတောရိုင်း တိရစ္ဆာန်များကို ထိန်းသိမ်း စောင့်ရှောက်ရန်နဲ့ ဘေးမဲ့တောတွေ တိုးချဲ့ရန်လည်း လိုအပ် နေပါတယ်။ အချို့နိုင်ငံကြီးတွေက ဆင်စွယ်၊ ကျားရိုးတွေ အမျိုးမျိုးသော တိရစ္ဆာန်ဥသျှောင်များ၊ သားရေများ၊ မြွေ၊ တောက်တဲ့ ကအစ သစ်ဥ၊ သစ်ဖု၊ သစ်မြစ်တွေ ကအစ သစ်တောထွက် ပစ္စည်းများကို ရောင်း ဝယ်ဖောက်ကားနေတာတွေကို တွေ့ရပါတယ်။ အဲဒါတွေကို ထိထိရောက်ရောက် ထိန်းသိမ်းစည်းကြပ် ရန်လည်း လိုအပ်ပါတယ်။

ကျွန်တော်တို့ ရခိုင်ဒေသဟာ သစ်ခွမျိုးစုံပေါတဲ့ ဒေသတစ်ခုလည်း ဖြစ်ပါတယ်။ သဇင်ပန်းဟာ သဘာဝအလျောက် သစ်ပင်ကြီးတွေရဲ့ ပင်မြင့်ထက်မှာ ပွင့်တဲ့ပန်းဖြစ်ပါတယ်။ သဇင်ပန်းဟာ ရခိုင်ပြည်သူတွေရဲ့ အထွတ်အမြတ် တော်ဝင်ပန်း တစ်ပွင့်လည်း ဖြစ်ပါတယ်။ ဒါ့အပြင် အဲဒီပန်းတွေဟာ သစ်ပင်၊ ပန်းပင်ကြီးတွေ ပေါ်မှာ တွဲခိုပြီးပွင့်တဲ့အတွက် သစ်ပင်ကြီးတွေကို ခုတ်လှဲလိုက်တော့ သဇင်ပန်းတွေလည်း မျိုးသုဉ်း ပျောက်ကွယ်သွား မတတ် ဖြစ်နေ ပါတယ်။ ဒါနဲ့ သစ်ခွအမျိုးမျိုးတွေ မပြုန်းတီးဖို့ ထိန်းသိမ်း စောင့်ရှောက်ဖို့လည်း လိုအပ်ပါတယ်။

ဥက္ကဋ္ဌကြီးခင်ဗျား။ တစ်ပင်လဲ တစ်ပင်ထူ ဆိုသလို သစ်ပင်တစ်ပင် ခုတ်လှဲမယ်ဆိုရင် အဲဒီသစ်ပင် မခုတ်လှဲခင်ကတည်းက နောက်ထပ်သစ်ပင်တွေစိုက်ပျိုးရန် အကြုံပြုလိုပါတယ်။

ဥက္ကဋ္ဌကြီးခင်ဗျား။ ဥတုရာသီတောကိုမှီ၏ ဆိုသလို ဂေဟစနစ်များ တည်ငြိမ်ရေး၊ သစ်တောများထိန်းသိမ်း စောင့်ရှောက်ပေးရေးဆိုတဲ့ ကမ္ဘာ့ကုလသမဂ္ဂ၏ အပြည်ပြည်ဆိုင်ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆောင်ပုဒ်နှင့် အညီ ဒီရေတောများ ထိန်းသိမ်းစောင့်ရှောက်မှုအပိုင်းနဲ့ပတ်သက်ပြီး အနည်းငယ်ဆွေး နွေးလိုပါတယ်။ မြန်မာနိုင်ငံဟာ ကမ္ဘာမှာ ဒီရေတောအများစုရှိတဲ့နိုင်ငံ ၁၅ နိုင်ငံထဲမှာ တစ်နိုင်ငံ အပါအဝင်ဖြစ်ပါတယ်။ အမှတ်စဉ်အနေဖြင့် ပဉ္စမနေရာမှာ ရှိတယ်လို့သိရပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ၊ ရခိုင်ကမ်းမြောင်ဒေသ၊ တနင်္သာရီကမ်း‌မြောင်ဒေသများ၌ သဘာဝဒီရေတောများ ပေါက်ရောက်လျက် ရှိကြပါတယ်။ နိုင်ငံသစ်တောဧရိယာ၏ ၁.၄၇ ရာခိုင်နှုန်း ရှိတယ်လို့လည်းသိရပါတယ်။ သို့သော်လည်း လူမှုစီးပွားရေး ဖွံ့ဖြိုးရေး လုပ်ငန်းများကြောင့် မြေအသုံးချမှု ပုံစံပြောင်းလဲကာ အချို့ဒေသရှိ ဒီရေတောများဟာ လျော့နည်း ပျက်ဆီးမှုများ ရှိနေကြပါတယ်။ ဒီလို ပတ်ဝန်းကျင်ယိုယွင်းမှုတွေကြောင့် လူသားနှင်‌့ ပတ်ဝန်းကျင်အပေါ် ထိခိုက်စေမှုများဟာ ရေတိုကာလတွင် မသိသာပဲ ကာလအတန်ကြာမှ သိနိုင်ပါတယ်။ ဥပမာအားဖြင့် နှစ်ပေါင်း ၁၀၀ ဆိုခဲ့သလို အထူးသဖြင့် ကျွန်တော်တို့ရခိုင်ဒေသမှာ အခုအခါ ဒီရေရောက် သစ်တောတွေ၊ ပျက်ဆီး ဆုံးရှုံးမှုတွေ အများကြီး ရှိနေပါတယ်။ ချုံနွယ်ပိတ်ပေါင်းကအစ လမု၊ လမဲ့၊ ကနစို စသည့် သစ်ပင်ကြီးတွေ၊ ဒီရေတောကြီးတွေ မျိုးသုဉ်း ပျောက်ကွယ်လျက် ရှိနေကြပါတယ်။ မြစ်နား၊ မြစ်ကမ်းနား၊ ချောင်းကမ်းနားတွေမှာ သစ်ပင်ဆို တစ်ပင်မှမရှိတော့ပါဘူး။ လူ၊ တိရစ္ဆာန်တွေ နားခိုဖို့နေရာ၊ ကျက်စားမယ့်နေရာ မရှိတော့ပါဘူး။ အဆုံးတစ်နေ့ ငှက်များနားမယ့် သစ်ပင် တွေတောင် မရှိတော့တဲ့ အခြေအနေမျိုး လွင်တီးခေါင်ပြင် ဖြစ်နေကြပါတယ်။ ဒီလိုလွင်တီးခေါင်ပြင် ဖြစ်သွားတာဟာ သဘာဝ အန္တရာယ်ကြောင့် ပျက်ဆီးသွားသလို အမှန်ပြောရရင် စီးပွားရေးတွေ၊ တချို့ သက်ဆိုင်တဲ့ နိုင်ငံ့ဝန်ထမ်း၊ ဌာနဆိုင်ရာတွေလည်း ပါပါတယ်။ သက်ဆိုင်ရာဌာန အကြီးအကဲတွေနဲ့ စီးပွားရေးသမားတွေနဲ့ ညှိနှိုင်း ပူးပေါင်းပြီး လွင်ပြင်တွေ၊ ချောင်းတွေ၊ မြောင်းတွေကို ဂရန်ခံပြီးတော့ သစ်ပင်တွေအားလုံးကို ခုတ်ထွင်ရှင်းလင်း မီးရှို့ပြီးတော့ ပုဇွန်တာတွေ လုပ်လာလို့လည်း ဒီလိုဖြစ်ရ ပါတယ်။ ဒီလိုမြစ်ကမ်းနား၊ ချောင်းကမ်းနားတွေမှာ ဒီရေတောတွေ မရှိတော့ ဟင်းလင်းပြင်ကြီးတွေဖြစ်၊ နေပူရှိန်တိုက်ရိုက်ခံစားရ၊ မြေဆီလွှာတွေမထိန်းသိမ်းနိုင်၊ ဒီရေလှိုင်းတွေ၊ မိုးဒဏ်လေဒဏ်တွေ ရိုက်ပုတ်ခံရတော့ တာတမံတွေမခံနိုင်။ ဒီအတွက် တာတွေကျိုးပေါက်ပြီး လယ်မြေတွေဆုံးရှုံး၊ ပုစွန်တာတွေကျိုးပေါက်ပြီး ပုစွန်တွေဆုံးရှုံး၊ ပုစွန်သားပေါက်တွေ ဝင်ရောက်မှုနည်းလာ၊ ရာသီဥတုတွေဆိုး၊ အချိန်အခါမဟုတ်မိုးရွာ၊ မုန်တိုင်းတွေဖြစ်၊ ‌ဂေဟစနစ်တွေပျက်စီး၊ ဒီလိုဆိုးကျိုးတွေနဲ့ ဆက်တိုက် ခံစားနေကြရပါတယ်။ အမှန်ပြောရရင် လူတွေဟာ ဥတုမကောင်းတာပဲပြောကြပါတယ်။ လူတွေက ရာသီဥတု ဖောက်ပြန်အောင်လုပ်တာကိုတော့ မပြောကြပါဘူး။ ဒါကြောင့် သဘာဝဘေးအန္တရာယ်ကြောင့် ဖြစ်ပေါ်ရတဲ့ အကြောင်းတရားတွေ အများကြီးရှိတဲ့အထဲမှာ သဘာဝသစ်တောကြီးတွေ မပျက်စီးမဆုံးရှုံးရအောင် ထာဝစဉ် တည်တံ့မှုရှိအောင် ထိန်းသိမ်းစောင့်ရှောက်ရန်တာဝန် အထူးအလေးထားဆောင် ရွက်ရမည့် လုပ်ငန်းတာဝန်တစ်ရပ်ဖြစ်ပါတယ်။ ဒါကြောင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများနဲ့အတူ လုပ်ငန်းရှင်များ၊ ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်သင့်ကြောင်း အကြံပြုဆွေးနွေးရင်း ဦးသန်းနွယ် ၏ တင်ပြချက်အဆိုအပေါ် လေးလေးနက်နက် ထောက်ခံရင်းနိဂုံးချုပ်အပ်ပါတယ်ခင်ဗျား။