Skip to main content

ဦးဝင်းဆွေ (ညောင်ရွှေ မဲဆန္ဒနယ်) က ဆွေးနွေးခြင်း

လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ အထူးဖိတ်ကြားထားသော ဧည့်သည်တော်ကြီးများ အားလုံး ကောင်းကျိုး လိုရာဆန္ဒပြည့်စုံ ကြပါစေလို့ ဂါရဝပြုနှုတ်ခွန်း ဆက်သလိုက်ပါတယ်။ ကျွန်တော်ကတော့ ရှမ်းပြည်နယ် တောင်ပိုင်း အင်းလေးဒေသညောင်ရွှေ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းဆွေဖြစ်ပါတယ်။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးခင်ဗျား။ ပထမအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေး နဝမနေ့ မှာ ဘုတလင်မဲဆန္ဒနယ်မှ ဦးသန်းနွယ်တင်သွင်းတဲ့ သဘာဝပတ်ဝန်းကျင်တည်ငြိမ်မှု ဂေဟစနစ် မျှတမှုကို ပြန်လည် ရရှိစေရေးနှင့် အမြဲတမ်းသစ်တောများမှ သစ်နဲ့သစ်တောထွက်ပစ္စည်းများ ရေရှည်ထာဝစဉ် တည်တံ့အောင် ထိန်းသိမ်းကာကွယ်ရေး လုပ်ငန်းများကို အလေးထားဆောင်ရွက်သင့် ကြောင်း အဆိုကို ထောက်ခံ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ အဆိုရှင်ဖြစ်တဲ့ ဦးသန်းနွယ် အပါအဝင် ကျွန်တော့်မတိုင်ခင် အရင်ဆွေးနွေးသွားကြတဲ့ နောင်တော်ကြီးတွေလည်း တော်တော်လေးကို ပြည့်ပြည့်စုံစုံ ဆွေးနွေးသွားကြပြီး ဖြစ်တာမို့ ကျွန်တော်အနေနဲ့ အင်းလေး ဒေသမှာ လတ်တလော ဖြစ်ပေါ်နေတဲ့ သဘာဝပတ်ဝန်းကျင်တည်ငြိမ်မှု ဂေဟစနစ်မျှတမှု ပြန်လည်ရရှိရေးကို အဓိကထားပြီး အကျဉ်းချုံးဆွေးနွေးသွားမှာဖြစ်ပါတယ်။

ဥက္ကဋ္ဌကြီးခင်ဗျား။ မြေတိုင်းဦးစီးဌာန ကောင်းကင် မြေတိုင်း ဓာတ်ပုံအရ အင်းလေးကန်ဟာ ၂၀၀၈ ခုနှစ် နွေရာသီမှာ ရေပြင်အကျယ်က ၄၀ စတုရန်းမိုင် ရှိခဲ့ရာမှာ ၂၀၁၀ ခုနှစ် နွေရာသီက ၂၇ စတုရန်းမိုင်သာ ရှိခဲ့ပါတော့တယ်။ အင်းလေးကန်ရဲ့ အလျားဟာ ယခင်က ၃၆ မိုင် ရှိခဲ့ရာမှ ယခုအခါမှာဆိုရင် ၁၁ မိုင်သာကျန်ပါတော့တယ်။ ယခင်က ရှစ်မိုင်ခန့်ရှိတဲ့အနံဟာ ၄ မိုင်ခန့်သာ ကျန်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၀ ခုနှစ်မှာ အင်းလေးကန်ဟာ အနိမ့်ဆုံးရေမှတ် ရောက်တဲ့အထိ နှစ်ပေါင်း ၅၀ အတွင်း စံချိန်တင်လောက်အောင် ကျဆင်းခဲ့ပါတယ်။ အင်းလေးကန် ရေဝေရေလဲဒေသ ဧရိယာရဲ့ ၃၅ ရာခိုင်နှုန်းဟာ သစ်တောများ ဖုံးလွမ်းလျက်ရှိပြီး ၃၃.၈ ရာခိုင်နှုန်းသာ စိုက်ပျိုးမြေ ဖြစ်ပါတယ်။ ၂၈.၈ ရာခိုင်နှုန်းကိုတော့ အခြားမြေအဖြစ် အသုံးပြုလျက်ရှိကြောင်း သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ သစ်တောဝန်ကြီးဌာနမှ ထုတ်ပြန်တဲ့စာရင်း ဇယားများအရ သိရှိရခဲ့ပါ တယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀ ခန့်က အင်းလေးကန်ရဲ့ ပတ်ဝန်းကျင်မှာ စိမ်းလန်းနေတဲ့သစ်တောတွေ နဲ့ ဖုံးလွှမ်းနေပြီး လောင်လှေသာမရှိရင် အင်းထဲမှာ ခရီးသွားလို့ မရတဲ့ အခြေအနေကစပြီး လက်ရှိ ကာလမှာတော့ လှေမရှိရင် အကြောင်းမဟုတ်တော့ပါဘူး။ လှေနဲ့သာသွားလာရတဲ့ ခရီးလမ်းကို ခြေလျင်၊ ဆိုင်ကယ်၊ စက်ဘီးတွေနဲ့ သွားလာနေကြရပါသည်။ ဒီလို ဖြစ်လာရတာလည်း ကမ္ဘာ့ ရာသီဥတုပြောင်းလဲလာမှုကို အခြေခံပြီး ဖြစ်ပေါ်ပြောင်းလဲလာရတယ်လို့ ပြန်လည်သုံးသပ်ထားကြ ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ အဆိုရှင်တင်ပြခဲ့သလို ၁၉၆၆ ခုနှစ်နောက်ပိုင်းကစပြီး ပဲခူးရိုးမ တောင်ကြောတစ်လျှောက် သစ်တောတွေပြုန်းတီလာလိုက်ကြတာ အခုဆိုရင် ပြောင်သလင်းခါဖြစ် နေပြီ ဆိုတာကိုလည်းပဲ အားလုံး မျက်မြင်ဖြစ်ပါတယ်။ မြန်မာနိုင်ငံနေရာဒေသအနှံ့မှာ မဆင်မခြင် သစ်ခိုးထုတ်တာတွေ၊ ထင်း မီးသွေးအတွက် သစ်ပင်တွေကို ပထမခုတ်ယူခဲ့တာတွေကြောင့် သဘာဝ သစ်တောတွေ ပြုန်းတီးမှု များပြား လာတာနဲ့အမျှ စိုးရိမ်ရတဲ့အ‌ခြေအနေသို့ ဆိုက်ရောက်နေပါသည်။ ၁၉၈၀ ပြည့်နှစ်ပတ်ဝန်းကျင်မှာ သစ်တော စိုက်ခင်းများကို နိုင်ငံတော်က ဦးဆောင်ကာ အရှိန်အဟုန် ဖြင့် စိုက်ပျိုးလာခဲ့တာလည်း အားလုံးအသိ ပင်ဖြစ်ပါတယ်။ ဒါပေမယ့် ထင်သလောက်အောင်မြင်မှု မရခဲ့ပါဘူး။ အနည်းငယ်မျှသာ အောင်မြင်ခဲ့ကြောင်းကို မျက်မြင်ကြားသိ နေရပါတယ်။ အင်းလေးဒေသအကြောင်းကို ဆက်လက်တင်ပြလိုပါတယ်။ လောပိတ လျပ်စစ်ဓာတ်အား စီမံကိန်း အ‌ခြေတည်ရာ ဘီလူးချောင်းဟာ ရှေးဟောင်းသမိုင်းဝင်ဘုရားတစ်ဆူဖြစ်တဲ့ ရွှေအင်းတိမ်ဘုရား အနောက်ဖက်ရှိ တောင်များမှ မြစ်ဖျားခံလာပြီး အင်တိမ်ရွာ၊ ‌တောင်ခြေရွာ၊ ကျွန်းစုကျေးရွာနဲ့ ဟဲရာ ရွာမတို့ကို မြွေလိမ်မြေကောက် သဖွယ် ဖြတ်ကျော်ပြီး အင်းလေးကန်ထဲစီးဝင်ပါတယ်။ ၎င်းနောက် နမ့်ပန်ကျေးရွာ၊ စကား၊ ဖယ်ခုံ၊ မိုးဗြဲဆည်ရောက်တဲ့အထိ ကောက်ကောက်ကွေ့ကွေ့နဲ့ စီးဆင်းခဲ့ပြီး နောက်ဆုံးမှ မိုးဗြဲဆည်မှတစ်ဆင့် လွိုင်ကော်မြို့ကို ဖြတ်လို့ သံလွင်မြစ်ထဲ စီးဝင်တာဖြစ်ပါတယ်။ ဘီလူးချောင်းရဲ့ ရေစီးနှုန်းကို နှေးကွေးနေအောင် သဘာဝအလျောက် ထိန်းသိမ်းပေးခဲ့တာတွေ ဖြစ်ပါတယ်။ အင်းလေးကန်ရဲ့ အရှေ့နဲ့ အနောက်ကို ဆက်သွယ်ပေးထားတဲ့ တွံဟုန်းတံတား မရောက်ခင် ဒီခေါင်းအထက်ဖက် ‘ပ’ ပုံသဏ္ဍာန် စီးဆင်းနေတဲ့ ဘီလူးချောင်း ချောင်းကွေ့ကြီးတစ်ခု ရှိပါတယ်။ လှေနဲ့သွားမယ်ဆိုရင် အချိန်တော် တော်ကြာအောင် လှော်ခတ် သွားလာရတဲ့ နေရာဖြစ်ပါ တယ်။ တစ်ခါတုန်းက တရုတ် တစ်ယောက် ဟာ ကွေ့ပတ်ပြီး လှော်ခတ် သွားလာရတာကို အချိန်ကုန်လို့ သူရဲ့လှေကို ထန်းပြီး ဖြတ်ကျော်ခဲ့ဖူးတာရှိခဲ့လို့ အဲဒီချောင်းကွေ့ကြီးကို တရုတ် လှေထန်းကွေ့လို့ အမည်တွင်နေပါတယ်။ ၁၉၉၂ ခုနှစ်က အင်းလေးဒေသမှာ မိုးသည်းထန်ခဲ့လို့ အဲဒီ လှေထန်းကွေ့ကို ရေနစ်ဆုံးရှုံးရ မလိုဖြစ်ခဲ့ပါတယ်။ ရေမြန်မြန် စီးဆင်းစေဖို့အတွက် မြေတူး၊ ‌မြေကော်စက် တွေနဲ့ ချောင်းအကွေ့ကြီးကို တူးမြောင်းဖော်ထုတ်ပေးခဲ့ပါတယ်။ ဒီတူးမြောင်းမှာ ရေထိန်းတံခါးတပ်ဆင်ပေး မယ်ဆိုရင် အင်းလေးကန်အတွင်း ရေနည်းလာနေတဲ့အခက်အခဲကို ဖြေရှင်းပေးနိုင်လိမ့်မယ်လို့ ဒေသခံတွေက မျှော်လင့်လျက် ရှိကြပါတယ်။ နိုင်ငံတော်မှ ရေထိန်းတံခါး တပ်ဆင်ပေးပါရန်လည်း တစ်ဆက်တည်း တင်ပြအပ် ပါတယ်ခင်ဗျား။

ဥက္ကဋ္ဌကြီးခင်ဗျား။ သဘာဝပတ်ဝန်းကျင် အ‌ခြေအနေတွေကြောင့် ဖြစ်ဖြစ် လူသားတွေရဲ့ လုပ်ဆောင်ချက် တွေကြောင့် ပဲဖြစ်ဖြစ် အင်းလေးကန်ရဲ့ ဂေဟစနစ် ပျက်စီးထိခိုက်နေတာ ကတော့ အမှန်ပင်ဖြစ်ပါတယ်။ မြောက်မြားစွာသော ငှက်မျိုးစိပ်တွေ ၊ ရေချိုငါးများ၊ ငါးချဉ့်၊ လိပ်၊ ပုစွန်၊ ဂဏန်း၊ ခရုစတဲ့ ဇီဝမျိုးစုံမျိုးကွဲများ ဟာလည်း ပျောက်ဆုံး ကွယ်ပျောက်လုနီး ဖြစ်နေရပါပြီ။ အင်းလေးကန်ထိန်းသိမ်းရေးအတွက် အင်းလေးကန် အတွင်းသို့ စီးဝင်နေသော ချောင်းဘောင်များကို မပြိုကျ မပျက်စီးစေရန် ကွန်ကရစ်မြေထိန်းနံရံများ တည်ဆောက်ခြင်း၊ ရွာရိုးတစ်လျောက် ရွံ့နွံများဖြင်‌့ တည်ဆောက်ထားသော တာဘောင်၊ တာရိုးများ၊ အမြဲတမ်းကျစ်လျစ် နေစေရန်အတွက် တာရိုးများ ပေါ်တွင် သစ်ပင်ကြီးများစိုက်ပျိုးခြင်း၊ တာရိုးပေါ်တွင် လမ်းမကြီးများ ဖောက်လုပ်ပြီး အင်းလေးကန် ဘေးပတ်လည်တွင် ကျေးရွာများမှာ သစ်တောသီးနှံ ရောနှောစိုက်ပျိုးသည့် စနစ်များကို ပြုစုပျိုးထောင် ပေးခြင်းများ ပြုလုပ်ပေးသင်‌့ပါတယ်။ ယခုအခါ အင်းလေး ဒေသတွင် အင်လေးကန် မတိမ်ကောစေရေး နှင့် အင်းလေးဒေသဂေဟစနစ်မပျက်စီးစေရန်အတွက် INGO နဲ့ NGO များ ဒေသခံလူ့အဖွဲ့အစည်း အသီးသီးမှ နည်းလမ်းအမျိုးမျိုးဖြင့် ကူညီဆောင်ရွက်ပေးလျက်ရှိရာ နိုင်ငံတော်အပိုင်းမှလည်း တတတ်တအား ပါဝင်ကူညီဆောင်ရွက်ပေးဖို့ တိုက်တွန်းပါတယ်။ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးက နိုင်ငံပိုင်စိုက်ခင်းထူထောင်ခြင်း၊ စီးပွားရေးစိုက်ခင်း၊ ရေဝေရေလဲ ကျေးရွာသုံး စိုက်ခင်း၊ အပူပိုင်း စိမ်းလန်းစိုပြေရေးစိုက်ခင်းများ ယခုလို မိုးရာသီရောက်လေတိုင်း စိုက်ပျိုးနေကြတာကိုလည်း ကြားသိ မြင်တွေ့နေရသည့်အတွက် အနာဂတ်အတွက် ဝမ်းမြောက်ဝမ်းသာ ဖြစ်နေရပါတယ်။ ထို့အတူ ကျွန်တော်တို့ အင်းလေးဒေသ ညောင်ရွှေမြို့နယ်အတွင်းမှာလည်း ယခုနှစ် မိုးရာသီအစမှာ မြို့နယ် အဆင့်ဌာန ဆိုင်ရာများ၊ စေတနာ့ဝန်ထမ်းလူမှုရေးအဖွဲ့များ၊ ကျောင်းသူကျောင်းသားများ အပါအဝင် ပြည်သူလူထုမှ သစ်ပင် စိုက်ပျိုးပွဲများကို အင်တိုက်အားတိုက် ဆောင်ရွက်ခဲ့ကြကြောင်းကို အလျဉ်းသင့် တင်ပြအပ်ပါတယ်။

ရှမ်းပြည်နယ် ငါးလုပ်ငန်း အဖွဲ့ချုပ်မှလည်း သြဂုတ်လ ၂၅ ရက်နေ့တွင် အင်းလေးကန်နဲ့ စကားအင်းအတွင်း ငါး၊ ငါးချဉ့်အပါအဝင် ငါးမျိုးစုံ စုစုပေါင်းအကောင်ရေ ၃၀၂၇၀၀ စိုက်ထည့်ပေးခဲ့ကြောင်း စက်တင်ဘာလ ၂ ရက်တနင်္ဂနွေနေ့ ကြေးမုံ သတင်းစာတွင် ဝမ်းသာစွာ ဖတ်ကြားသိရှိခဲ့ရပါတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့ နိုင်ငံရဲ့ အနာဂတ်ခရီးမှာ မဖြစ်မနေဆောင်ရွက်ရ မယ့် လုပ်ငန်းဖြစ်တဲ့အတွက် ဘုတလင်မဲဆန္ဒနယ်မှ ဦးသန်းနွယ် တင်သွင်းတဲ့ သဘာဝ ပတ်ဝန်းကျင် ဂေဟစနစ် မျှတမှုကို ပြန်လည်ရရှိစေရေးနဲ့ အမြဲတမ်း သစ်တောမြေများ၊ သစ်နဲ့ သစ်တော‌မြေများ ရေရှည်တည်တံ့အောင် ထိန်းသိမ်းကာကွယ်ရေး လုပ်ငန်းများကို အလေးထား ဆောင်ရွက်သင်‌့ကြောင်း အဆိုကို လေးလေး နက်နက် ထောက်ခံပါကြောင်း တင်ပြရင်း နိဂုံးချုပ်ပါတယ်ခင်ဗျား။ အားလုံးကို ကျေးဇူးတင်ပါတယ်။