Skip to main content

ရန်ကုန်တိုင်းဒေသကြီးတွင် ကျင်းပပြုလုပ်သော ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီတွင် ပြည်သူလွှတ်တော် ဥက္ကဋ္ဌကြီး သူရဦးရွှေမန်းမှအမှာစကားပြောကြားခြင်း

သူရဦးရွှေမန်း(ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ)။               ။ အားလုံးကို လေးစားပါတယ်။ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ။ ဒီကနေ့ကျင်းပတဲ့ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီက ကြီးမှူးကျင်းပတဲ့ ဒီအခမ်းအနားမှာ ကျွန်တော် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌတစ်ယောက်အနေနဲ့ တက်ရောက်စကားပြောခွင့်ရတဲ့ အတွက် ကျေးဇူးတင်ကြောင်းနဲ့ ဂုဏ်ယူကြောင်းပြောကြားလိုပါတယ်။ ကျွန်တော်တို့ ဥပဒေပြုလွှတ်တော်များဟာ မြန်မာနိုင်ငံနဲ့ မြန်မာနိုင်ငံသားများ အကျိုးစီးပွားဖြစ်ထွန်းစေသော

ဥပဒေများ၊ မြန်မာနိုင်ငံနဲ့ မြန်မာနိုင်ငံ သားများရဲ့ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်သော ဥပဒေများပြုဖို့ ကြိုးစားလျက်ရှိပါတယ်။ ဥပဒေပြုတယ် ဆိုတဲ့နေရာမှာလည်း ဥပဒေများအသစ်ပြဋ္ဌာန်းသလို တည်ဆဲဥပဒေများအနက် ပြင်ဆင်ရန်၊ ပယ်ဖျက်ရန် လိုအပ်သော ကိစ္စများကိုလည်း ကျွန်တော်တို့လွှတ်တော်များက ပြင်ဆင်ဖို့၊ ပယ်ဖျက်ဖို့ ကြိုးစားဆောင်ရွက်လျက်ရှိပါတယ်။ ဒီလိုဆောင်ရွက်တဲ့နေရာမှာ ဥပဒေတစ်ခုဟာ ကျွန်တော်တင်ပြသလို နိုင်ငံနဲ့နိုင်ငံသားအကျိုးစီးပွား အတွက် သို့တည်းမဟုတ် နိုင်ငံတော်နဲ့နိုင်ငံသား အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်နိုင်တဲ့ဥပဒေမဖြစ်ဘူး ဆိုရင် ဒီဥပဒေတွေကို ကျွန်တော်တို့ အမြန်ဆုံးပြင်ဆင်ဖို့လိုပါတယ်။ ပယ်ဖျက်ဖို့လိုပါတယ်။ အသစ်ပြဋ္ဌာန်းစရာရှိက ပြဋ္ဌာန်းဖို့လိုပါတယ်။ အဲလိုမျိုး ဆောင်ရွက်တဲ့အခါမှာလည်း ကျွန်တော်တို့ လိုချင်တဲ့ဥပဒေများအတိုင်း ပြဋ္ဌာန်းနိုင်ပြီဆိုရင်လည်း ဒီဥပဒေများကို သက်ဆိုင်ရာတာဝန်ရှိ ပုဂ္ဂိုလ်များက ကျင့်သုံးဆောင်ရွက်တဲ့နေရာမှာ ဥပဒေ များအတိုင်း မှန်မှန်ကန်ကန် ထိထိရောက်ရောက် လိုက်နာဆောင်ရွက်ဖို့ အရေးကြီးပါတယ်။ အဲလိုအရေးကြီး တယ်ဆိုရင် တစ်ဖက်က ကျွန်တော်တို့ သုံးသပ်ချက်အနေနဲ့ ပြောမယ်ဆိုရင် ပြဋ္ဌာန်းထားတဲ့ဥပဒေများ၊ တည်ဆဲဥပဒေများကို နိုင်ငံသားများ၊ နိုင်ငံသားများရွေးချယ်ထားတဲ့ ပြည်သူ့ကိုယ်စားလှယ်များ၊ ပြည်သူ့ကိုယ်စားလှယ် များကရွေးချယ်ထားတဲ့ အစိုးရအဖွဲ့အစည်းများ၊ တစ်ခါ ကျွန်တော်တို့ နိုင်ငံသားများရဲ့ လုပ်ငန်းဆောင်တာများ ကိုဆောင်ရွက်ပေးမယ့် ပြည်သူ့ဝန်ထမ်းများဟာလည်း အားလုံး ဥပဒေနဲ့အညီ လိုက်ပါဆောင်ရွက်ဖို့လိုပါတယ်။ အဲလို လိုက်ပါဆောင်ရွက်တော့မှပဲ တရားဥပဒေစိုးမိုးရေးဆိုတာ ဖြစ်နိုင်မယ့်အနေအထားရှိပါတယ်။ ဒါကြောင့်မို့ လို့ လွှတ်တော်များက ပြဋ္ဌာန်းကြမယ့် သို့တည်းမဟုတ် ဒီကနေ့ တည်ဆဲဥပဒေများကို ပြန်လည်လေ့လာသုံးသပ် ပြီး တကယ် နိုင်ငံတော်နဲ့နိုင်ငံသားများအကျိုးစီးပွားကိုဖြစ်ထွန်းစေသော သို့တည်းမဟုတ် နိုင်ငံတော်နဲ့ နိုင်ငံသား များရဲ့ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်သော ဥပဒေများ အမှန်တကယ်ဖြစ်ဖို့လိုပါတယ်။ ဒီလိုဖြစ်လာပြီ ဆိုရင်လည်းပဲ ဒီဥပဒေများဟာ ဒီနေ့ နိုင်ငံအတွင်းမှာ လက်တွေ့ကျင့်သုံး အကောင်အထည်ဖော်ဆောင်နိုင်တဲ့ ဥပဒေမျိုးလည်း ဖြစ်ဖို့လိုပါတယ်။ ဒါကြောင့်မို့လို့ ဒီလို ကျွန်တော်တို့ လွှတ်တော်က ကြိုးစားနေချိန်မှာပင် ပြီးခဲ့တဲ့ ဧပြီလ ၁ရက်နေ့က မြန်မာနိုင်ငံမှာပြုလုပ်ကျင်းပတဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ ကော့မှူးမဲဆန္ဒနယ်က အနိုင်ရရှိ ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်က ကျွန်တော်တို့ လွှတ်တော်ထဲကို ပြည်သူ့ကိုယ်စားလှယ်အဖြစ် ရောက်ရှိလာပါ တယ်။ ရောက်ရှိလာတဲ့အခါမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မူလဆန္ဒသဘောထားက တရားဥပဒေစိုးမိုးရေး၊ ငြိမ်းချမ်းရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ လိုအပ်တဲ့အခါမှာ ဥပဒေများပြင်ဆင်ရေးကိစ္စများကို ဆောင်ရွက်ဖို့ဆန္ဒရှိတယ် ဆိုတာကို ကျွန်တော်တို့ ဝမ်းမြောက်စွာသိထားရပါတယ်။ ဒါကြောင့် လွှတ်တော်ထဲကို ဒေါ်အောင်ဆန်းစုကြည် ရောက်လာတဲ့အခါမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စိတ်ရင်းစေတနာနဲ့ ရှိနေတဲ့အရည်အချင်းများပေါ်မူတည်ပြီးတော့ ဒီကော်မတီမှာ တာဝန်ပေးဖို့ ဥက္ကဋ္ဌအဖြစ်တာဝန်ပေးဖို့ ကျွန်တော် မေတ္တာရပ်ခံခဲ့ပါတယ်။ မေတ္တာရပ်ခံတဲ့ အတိုင်းပဲ ကျွန်တော်တို့ရဲ့စေတနာနဲ့၊ ကျွန်တော်တို့ရဲ့ဆန္ဒနဲ့ သဘောထားတွေကို နားလည်ပြီး နောက်ဆုံး ဒီကော်မတီဥက္ကဋ္ဌအဖြစ် တာဝန်ယူပါ့မယ်ဆိုပြီးတော့ ကျွန်တော်တို့ဆီ ပြန်ကြားညှိနှိုင်းလာပါတယ်။ အဲလို ညှိနှိုင်း တဲ့အချိန်မှာပဲ "ကျွန်မကတော့ တာဝန်တစ်ခုပေးအပ်မယ်ဆိုရင် တာဝန်ကျေချင်တယ်။ ကျေအောင်လည်း ဆောင်ရွက်မယ်။ ကျေအောင်ဆောင်ရွက်မယ်ဆိုလို့ရှိရင် ကျွန်မတစ်ယောက်တည်းနဲ့ မဖြစ်ဘူး။ ကော်မတီမှာပါဝင်ကြမယ့် ပုဂ္ဂိုလ်များလည်း လိုပါတယ်။ ဒါကြောင့်မို့လို့ ဒီလိုပုဂ္ဂိုလ်မျိုးတွေ ကော်မတီမှာထည့်ပေးပါ" ဆိုပြီးတော့ ကျွန်တော့်ကို တစ်ဖန်ပြန်လည် မေတ္တာရပ်ခံတောင်းခံခဲ့ပါတယ်။ ကျွန်တော်လည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ လိုလားဆန္ဒရှိတဲ့ ပုဂ္ဂိုလ်အသီးသီးကို ဒီကော်မတီထဲကိုရောက်ရှိရေးအတွက် ကျွန်တော်ဆောင်ရွက်ခဲ့ပါတယ်။ ကျွန်တော်မဖြည့်ဆည်းပေးနိုင်တာတော့ ဒါတစ်ဖွဲ့တစ်ဦးပဲရှိပါတယ်။ သို့ရာတွင် ဘယ်လိုပဲဖြစ်ဖြစ် အခုဖွဲ့စည်း ပေးထားတဲ့ ကော်မတီသည်၊ ကျွန်တော်တို့ လွှတ်တော်အတွက်တင်မက နိုင်ငံအတွက်ပါ အင်မတန်မှ အရေးကြီးတဲ့ ကော်မတီတစ်ခု ဖြစ်ပါတယ်။ ကမ္ဘာကြီး နိမ့်ပြားသွားသလိုပဲ တရားဥပဒေစိုးမိုးရေးဟာ အင်မတန်မှ အရေးကြီးတယ်။ အရေးကြီးတဲ့အကြောင်းလည်း ထုတ်ဖော်ပြောထားတာရှိပါတယ်။ ဒီနေရာမှာ အရင်တုန်းက ကျွန်တော်တို့နိုင်ငံမှာ ရပ်ရွာအေးချမ်းသာယာရေးနဲ့ တရားဥပဒေစိုးမိုးရေးသည် မူလပထမလို့ ဒီလိုပြောဆိုသတ် မှတ်ခဲ့ပါတယ်။ ဒါပေမယ့် ဒီနေ့မှာတော့ ကျွန်တော့်အမြင်ပြောမယ်ဆိုရင် တရားဥပဒေစိုးမိုးရေးက ရှေကဦးဆောင်ဖို့လိုလိမ့်မယ် တည်ငြိမ်အေးချမ်းရေးက ကျွန်တော်တို့နိုင်ငံမှာ ရှိပြီးပြီလို့ယူဆလို့ရတယ်။ ဒါ့ကြောင့် တရားဥပဒေစိုးမိုးရေး ရှေ့တန်းတင်ဆောင်ရွက်၊ အားလုံးကလည်း ပူးပေါင်းပါဝင်၊ ဒါကြောင့် တည်ငြိမ်အေးချမ်း တဲ့အချိန်ကတစ်ဆင့် ပြည်တွင်းငြိမ်းချမ်းရေးကို ဖော်ဆောင်ဖို့အတွက် များစွာအထောက်အကူပြုနိုင်မယ်လို့ ယုံကြည်တယ်။ တရားဥပဒေစိုးမိုးရေး၊ တည်ငြိမ်အေးချမ်းရေးမှသည် ပြည်တွင်းငြိမ်းချမ်းရေး၊ ပြည်တွင်းငြိမ်းချမ်း ရေးမှသည် ပြည်ထောင်စုကြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နိုင်ဖို့ဟာ ကျွန်တော်တို့နိုင်ငံမှာ မလုပ်မဖြစ် လုပ်ရမယ့်ကိစ္စများဖြစ်တဲ့အတွက် ဒီလုပ်ငန်းများအောင်မြင်စွာ ဆောင်ရွက်ဖို့ဆိုရင် ကော်မတီဥက္ကဋ္ဌ၊ ကော်မတီ တစ်ခုတည်းနဲ့ မရပါဘူး။ လွှတ်တော်တစ်ခုတည်းနဲ့လည်း မရပါဘူး။ ခြုံပြောမယ်ဆိုလို့ရှိရင်တော့ နိုင်ငံသူ၊ နိုင်ငံသားအားလုံးပါဝင်ရမယ်။ ပြီးတဲ့အခါမှာ လွှတ်တော်များပါဝင်ရမယ်။ လွှတ်တော်များဆိုတဲ့နေရာမှာ ပြည်သူ များက ရွေးချယ်တင်မြှောက်ထားကြတဲ့ ပြည်သူ့ကိုယ်စားလှယ်များအားလုံး ပါဝင်ရမယ်။ ဒီအတိုင်းပဲ ပြည်သူ့ကိုယ်စားလှယ်များက ထပ်ဆင့် ရွေးချယ်တာဝန်ပေးထားတဲ့ အစိုးရအဖွဲ့၊ တရားရေးအဖွဲ့အစည်းများအားလုံး ပါပါတယ်။ ဒါတင်လားတင်မဟုတ်ပါဘူး။ ကျွန်တော်တို့ ပြည်သူ့ဝန်ထမ်း၊ နိုင်ငံ့ဝန်ထမ်းအားလုံးပါတယ်။ ဒါကြောင့်မို့လို့ ဒီလိုပါဝင်ရမယ့် အခြေအနေနဲ့ အနေအထားဟာ ဤမျှလောက်ကြီးမားတဲ့အတွက် အားလုံးပါဝင် နိုင်ရေးအတွက်၊ အားလုံးပါဝင်နိုင်ဖို့အတွက် အားလုံးကလည်း ဝိုင်းဝန်းကြိုးစားရမှာဖြစ်တဲ့နေရာမှာ ဒီနေ့တော့ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်ရေးကော်မတီက စတင်လှုပ်ရှားတဲ့ခြေလှမ်းကို မိမိတို့အားလုံးကြိုဆိုပြီး မိမိတို့ အားလုံးပါဝင်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားရင်းနဲ့ နိဂုံးချုပ်ပါတယ်။