Skip to main content

ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံအား စွပ်စွဲပြစ်တင်ရန် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ လက်မှတ် ရေးထိုးတင်ပြ

ဒုတိယဥက္ကဋ္ဌ။            ။ ကြည်ညိုရိုသေ လေးစားရပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များ အားလုံး သုမင်္ဂလာ အပေါင်းနှင့် ပြည့်စုံကြပါစေကြောင်း ခုနတင်ပြခဲ့တဲ့ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီရဲ့ တင်ပြချက်များ မှန်ကန်တာ တွေ့ရှိပါတယ်။ ဒါကြောင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များရဲ့ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ဖွဲ့စည်းပုံ အ‌ခြေခံဥပဒေပုဒ်မ ၃၃၄ ပုဒ်မခွဲ(ဃ)၊ ပုဒ်မခွဲငယ်(၂) ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက် တစ်ရပ်ရပ်ကို ဖောက်ဖျက် ကျူးလွန်ခြင်း၊ ပုဒ်မခွဲငယ် (၅) ဥပဒေအရ ပေးအပ်သော တာဝန်များကို ကျေပွန်စွာ မဆောင်ရွက်ခြင်းတို့ အရ စွပ်စွဲပြစ်တင်ရာတွင် သဘောတူကြောင်း လက်မှတ် ရေးထိုးထားကြတဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၃၀၁ ဦးနဲ့ ထပ်တိုး လက်မှတ်ရေးထားတဲ့ လက်မှတ် မူရင်းများကို ပြည်သူ့လွှတ်တော် အခွင့်အရေး ကော်မတီရဲ့ကိုယ်စား ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးထံ လက်ရောက် တင်ပြပေးရပါတယ် ခင်ဗျား။

ဥက္ကဋ္ဌ။           ။ လွှတ်တော် ကိုယ်စားလှယ်များ ခင်ဗျား။ စွပ်စွဲပြစ်တင်ခြင်း impeachment ကိစ္စဟာ လွယ်လွယ်နဲ့ မပြုလုပ်နိုင်ရန်အတွက် ဖွဲ့စည်းပုံ အ‌ခြေခံဥပဒေမှာ ရေးဆွဲပြဋ္ဌာန်း ထားတာဖြစ်ပါတယ်။ ဒီလိုကိစ္စမျိုးကိုလည်း မိမိအပါအဝင် လွှတ်တော် ကိုယ်စားလှယ်များ ဆောင်ရွက်လိုခြင်း အလျဉ်း မရှိကြောင်းလည်း အားလုံး အသိပင်ဖြစ်ပါတယ်။ သို့ရာတွင် ဖြစ်ပေါ်လာတဲ့အ‌ခြေအနေ အရပ်ရပ်ကြောင့် ဘယ်လိုမှ လွဲရှောင် မရတဲ့အတွက် ဒီအ‌ခြေအနေမျိုး ရောက်ရှိခဲ့တာကိုလည်း စိတ်ကောင်းဖွယ်ရာ မဟုတ်ပါဘူး။ သို့ရာတွင် မိမိတို့တွေသည် နိုင်ငံနဲ့ နိုင်ငံသားများ အကျိုးစီးပွား အတွက် ဆောင်ရွက်ဖို့ သန္နိဋ္ဌာန်ချထားတဲ့သူများ ဖြစ်တာနဲ့အညီ နိုင်ငံတော်နဲ့ နိုင်ငံသားများ အကျိုးစီးပွားကို ဆောင်ရွက်ဖို့ပင် လွှတ်တော် ကိုယ်စားလှယ်တစ်ဦး သို့မဟုတ် လွှတ်တော် တစ်ရပ်လုံး သို့မဟုတ် လွှတ်တော်ကော်မတီ၊ ကော်မရှင်နဲ့ အဖွဲ့များဟာ မိမိတို့ ဆောင်ရွက်ရမယ့် တာဝန်၊ လုပ်ပိုင်ခွင့်များ ဆောင်ရွက်နိုင်ဖို့ အခွင့်အလမ်းတွေလည်း ရှိဖို့လိုပါတယ်။ ဒါကြောင့် နိုင်ငံတော်နဲ့ နိုင်ငံသား အကျိုးစီးပွားအတွက် ဆောင်ရွက်လိုကြတဲ့ လွှတ်တော် ကိုယ်စားလှယ်များရဲ့ ဆန္ဒ သဘောထားကိုလည်း မိမိတို့ အလေးထားရမှာဖြစ်ပါတယ်။ ဒါကြောင့် ဒီနေ့လွှတ်တော်ထဲမှာ ဒီနေ့ အခု ဆောင်ရွက်နေတဲ့ ဆောင်ရွက်မှု၊ စွပ်စွဲပြစ်တင်ခြင်း ကိစ္စတွေကို မိမိလွှတ်တော် ဥက္ကဋ္ဌအနေနဲ့ လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနဲ့ အညီဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒီလို ဆောင်ရွက်တဲ့နေရာမှာ အစိုးရရဲ့ တာဝန်ခံချက်များ၊ ကတိကဝတ်များ ကော်မတီက တင်ပြသလို လွှတ်တော် ကိုယ်စားလှယ်များ၏ အခွင့်အရေး မဆုံးရှုံးစေရေး အတွက်လည်း မိမိနဲ့အတူ လွှတ်တော် ကိုယ်စားလှယ်များ အားလုံးက အဆုံးအဖြတ် ဆောင်ရွက်ပေးဖို့ အတွက်လည်း လိုပါတယ်။ ဒီလို ဆောင်ရွက်တဲ့ နေရာမှာ မိမိတို့ အရေးကြီးစွာနဲ့ အမှာအယွင်းကင်းစွာ ဆောင်ရွက်ဖို့လည်း လိုအပ်တာ ဖြစ်ပါတယ်။ ယခု မိမိထံကို လွှတ်တော်အခွင်‌့အရေး ကော်မတီ ဥက္ကဋ္ဌလည်းဖြစ်၊ လွှတ်တော်ရဲ့ ဒုတိယဥက္ကဋ္ဌလည်း ဖြစ်တဲ့ ဦးနန္ဒကျော်စွာက လွှတ်တော် ကိုယ်စားလှယ် အသီးသီး လက်မှတ်ရေးထိုးထားတဲ့ မူရင်းလက်မှတ်များကိုလည်း ပေးပို့ တင်ပြ လာတာရှိပါတယ်။ ဒီလက်မှတ်ရေးထိုးထားတဲ့ စာမျက်နှာ အသီးသီးမှာရှိတဲ့ ခေါင်းစဉ်ဟာ ဖွဲ့စည်းပုံ အ‌ခြေခံဥပဒေ ခုံရုံး ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်များသည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၃၃၄ ပုဒ်မခွဲ(က) ပုဒ်မခွဲငယ်(၂) ဖွဲ့စည်းပုံ အ‌ခြေခံဥပဒေပြဋ္ဌာန်းချက် တစ်ရပ်ရပ်ကို ဖောက်ဖျက် ကျူးလွန်ခြင်း၊ ပုဒ်မ ခွဲငယ်(၅) ဥပဒေအရ ပေးအပ်သော တာဝန်များကို ကျေပွန်စွာ မဆောင်ရွက်နိုင်ခြင်းတို့ကြောင့် စွပ်စွဲပြစ်တင်ခြင်း ပြုလုပ်ရန် သဘောတူ ကြပါသည် ဆိုပြီးတော့ လက်မှတ်ရေးထိုးထားတဲ့ အကြောင်းအရာပဲ ဖြစ်ပါတယ်။ ဒီနေ့ အမျိုးသား လွှတ်တော်က စွပ်စွဲပြစ်တင်တဲ့ ပုဒ်မများဟာလည်း ဖွဲ့စည်းပုံအ‌ခြေခံဥပဒေပုဒ်မ ၃၃၄ ပုဒ်မခွဲ(က) ပုဒ်မခွဲငယ်(၂)နှင့် (၅) တို့အရ ပေးအပ်ထားသော တာဝန်များကို ကျေပွန်စွာ မဆောင်ရွက်နိုင်ခြင်း တွေ့ရှိရသလို ပြည်သူ့လွှတ်တော်က ဖွဲ့စည်း ပေးလိုက်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ တွေ့ရှိချက်ကလည်း အမျိုးသား လွှတ်တော်က စွပ်စွဲပြစ်တင်လိုက်တဲ့ ပုဒ်မများဖြစ်သလို မိမိတို့ ပြည်သူ့လွှတ်တော်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ လက်မှတ်ရေးထိုး စွပ်စွဲပြစ်တင်ထားတဲ့ ပုဒ်မများနဲ့လည်း တစ်ထပ်တည်း ပြစ်နေပါတယ်။ ဒါကြောင့် ဒီလက်မှတ် ရေးထိုးထားတဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များရဲ့ အခွင့်အရေးကလည်း ဆုံးရှုံးလို့ မဖြစ်ပါဘူး။ ဒါကြောင့်မို့လို့ လွှတ်တော်ကို ကတိကဝတ်နဲ့ တာဝန်ခံချက်များ ကော်မတီက တင်ပြသလို လွှတ်တော်ဥက္ကဋ္ဌထံ လက်မှတ်ရေးထိုး တင်ပြထားတဲ့ လွှတ်တော် ကိုယ်စားလှယ်များရဲ့ တင်ပြချက်သည် ဒီနေ့ ဆုံးဖြတ်မယ့် အစည်းအဝေးရဲ့ ဆုံးဖြတ်ချက်ကို သူတို့လည်း ပါဝင်စေရမယ်ဆိုတဲ့ လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်ကို ရယူဖို့ လိုပါတယ်။ ဒါနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦး မိမိထံ ခွင့်ပန်ကြားရင်းနဲ့ စွပ်စွဲပြစ်တင်မှု ကိစ္စပြုလုပ်တဲ့အခါမှာ မိမိသည်သော် လည်းကောင်း၊ မိမိပါတီသော် လည်းကောင်း လွှတ်တော်သို့ တင်ပြထားတဲ့ ရပ်တည်ချက်အတိုင်း ရှိပါကြောင်း ဒီလိုလည်း မိမိထံ တင်ပြသွားတာ ရှိပါတယ်။ ဒါကြောင့်မို့လို့ ဦးစွာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များက လက်မှတ် ရေးထိုးထားတဲ့ ကိုယ်စားလှယ်များသည် ဒီနေ့ လွှတ်တော်အတွင်းမှာ မရှိဘဲ အကြောင်း အမျိုးမျိုးနဲ့ ဆေးရုံတက်၊ အခြားကိစ္စများ ဆောင်ရွက်နေတဲ့ ပုဂ္ဂိုလ်များရှိပါတယ်။ သူတို့ရဲ့ လက်မှတ်ရေးထိုးတင်ပြထားချက်ကို လွှတ်တော်က လက်ခံဆောင်ရွက်ဖို့ လွှတ်တော်က အတည်ပြုပါသလားခင်ဗျား။

[သုံးကြိမ်တိုင်တိုင ်မေးမြန်းပါသည်။ လွှတ်တော်က အတည်ပြုပါသည်။]

ဥက္ကဋ္ဌ။           ။ ကန့်ကွက်ရန် ရှိပါသလားခင်ဗျား။ ကန့်ကွက်ရန် မရှိတဲ့အတွက် လက်မှတ် ရေးထိုးတင်ပြထားတဲ့ လွှတ်တော်အတွင်း မရောက်ရှိနေသော ပုဂ္ဂိုလ်များရဲ့ ဆန္ဒများသည်လည်း ယနေ့ လွှတ်တော်မှာ ဆုံးဖြတ်တဲ့အခါမှာ အကျုံးဝင်ကြောင်း၊ အတည်ပြုကြေညာပါတယ်။