Skip to main content

အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေး ကော်မတီက ဆွေးနွေးတင်ပြခြင်း

ဥက္ကဋ္ဌ။           ။ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ယနေ့ကျင်းပပြုလုပ်တဲ့ လွှတ်တော်အစည်းအဝေးမှာ အရေးကြီး ကိစ္စဆွေးနွေးတင်ပြဖို့ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေး ကော်မတီက တင်ပြခွင့်ပြု တောင်းခံထားပါတယ်။ ဒီတင်ပြမှုကို လွှတ်တော် ဥက္ကဋ္ဌ ခွင့်ပြုတဲ့ အတွက် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီက တင်ပြဖို့ဖိတ်ခေါ်ပါတယ်။

ဦးသန်းမြင့် (အတွင်းရေးမှူး၊ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေး ကော်မတီ)။     ။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များခင်ဗျား။ မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သ ဂါရဝပြုအပ်ပါတယ်။ ကျွန်တော်ကတော့ စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီး မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသန်းမြင့် ဖြစ်ပြီးတော့ အစိုးရရဲ့အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ၊ အတွင်းရေးမှူးလည်း ဖြစ်ပါတယ်။ ယခုဆွေးနွေးမယ့် အကြောင်းအရာက ကော်မတီ ကိုယ်စားဆွေးနွေး တာဖြစ်ပါတယ်ခင်ဗျား။ ၂၆-၄-၂၀၁၂ ရက်နေ့မှာ ပြည်သူ့ လွှတ်တော် အခွင့်အရေးကော်မတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၁၉၁ ဦးလက်မှတ်ရေးထိုးပြီး နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအားစွပ်စွဲပြစ်တင်ရန် ပြည်သူ့လွှတ်တော် ဆိုင်ရာ နည်းဥပ‌ဒေ အပိုဒ် ၁၃၆ အရ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌထံတင်ပြပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌမှ သီးခံ စောင်‌့ဆိုင်းပါရန် ပြည်သူ့လွှတ်တော်သို့ ပထမအကြိမ် ပန်ကြားခဲ့ကြောင်း ကော်မတီအနေနဲ့ တွေ့ရှိရပါတယ်။ ၈-၈-၂၀၁၂ ရက်နေ့မှာလည်း အလားတူတောင်းဆိုမှုကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၃၀၁ တို့က လက်မှတ်ရေးထိုးပြီး ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌထံ ဒုတိယအကြိမ် ထပ်မံတင်ပြခဲ့ပါတယ်။ ဒီ ဒုတိယ အကြိမ်မှာလည်း ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များအား သည်းခံစောင့်ဆိုင်းပေးပါရန် နိုင်ငံတော် သမ္မတကြီးထံသို့ သဝဏ်လွှာ ပို့ပေးမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌမှ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်သို့ ပန်ကြားခဲ့ပါတယ်။ ယခုလည်း ကျန်လွှတ်တော် ကိုယ်စားလှယ်များကပါ လက်မှတ် ရေးထိုးပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌထံ ထပ်မံတင်ပြရန် စီမံနေကြောင်း သိရှိရပါတယ်။ အမျိုးသား လွှတ်တော်မှာ ၂၈-၈-၂၀၁၂ ရက်နေ့က နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ အပိုဒ် ၃၃၄ အပိုဒ်ခွဲ (က)၊ အပိုဒ်ခွဲငယ် ၂ နှင့် အပိုဒ်ခွဲ(က)၊ အပိုဒ်ခွဲငယ် ၅ တို့အရ စွပ်စွဲပြစ်တင်ခြင်းကို ဆောင်ရွက်ခဲ့ပြီး အဲ့ဒီနေ့မှာပဲ ဖွဲ့စည်းပုံ အခြေခံဥပဒေ အပိုဒ် ၇၁ နှင့် အပိုဒ် ၃၃၄ အရ ဆက်လက် အရေးယူ စစ်ဆေးဆောင်ရွက်နိုင်ရန် ပြည်သူ့လွှတ်တော်သို့ လွှဲပြောင်း ပေးအပ်ခဲ့တာ တွေ့ရှိရပါတယ်။ ဒီအထိ စွပ်စွဲပြစ်တင်ခြင်း ပြုလုပ်ရန် အတွက် အရေးယူ ဆောင်ရွက်မှု အဆင့်ဆင်‌့နှင့် လွှဲပြောင်း ပေးပို့ခြင်းတို့ဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ညီညွတ်ကြောင်း အစိုးရရဲ့ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေး ကော်မတီက စိစစ်တွေ့ရှိရပါတယ်။ ၂၉-၈-၂၀၁၂ ရက်နေ့မှာ ပြည်သူ့လွှတ်တော်က ပြည်သူ့ လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ၊ ဒဂုံ မဲဆန္ဒနယ်အား ဥက္ကဋ္ဌအဖြစ်ဦးဆောင်တဲ့ စုံစမ်းစစ်ဆေးရေး အဖွဲ့ကို ဖွဲ့စည်းခဲ့ကြောင်းနှင့် အဲ့ဒီမှတစ်ဆင့် ဥက္ကဋ္ဌ အသစ်အဖြစ် ဦးသိန်းဆွေ၊ အမ်း မဲဆန္ဒနယ်အား ပြောင်းလဲ တာဝန်ပေးအပ်ပြီး စုံစမ်းစစ်ဆေး စေခဲ့ပါတယ်။ ဒီကနေ့အထိ စုံစမ်း စစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းပုံနှင့် စစ်ဆေး ဆောင်ရွက်ပုံတို့ဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ ပြဋ္ဌာန်းချက်နှင့် ညီညွတ်ကြောင်း ကော်မတီအနေဖြင့် စိစစ် တွေ့ရှိရပါတယ်။ အထက်ပါအတိုင်း စုံစမ်းစစ်ဆေးရေး အဖွဲ့ရဲ့ဆောင်ရွက်ချက် အဆင့်ဆင့်ဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ခဲ့ကြောင်း တွေ့ရှိရတဲ့ အပြင် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား စွပ်စွဲပြစ်တင်ခြင်းနှင့် စုံစမ်းစစ်ဆေးခြင်း ကိစ္စများကို လွှတ်တော်သို့ လက်ရှိ ယနေ့ တက်ရောက်နေတဲ့ လွှတ်တော် ကိုယ်စားလှယ်များသာမက လွှတ်တော် ကိုယ်စားလှယ် အားလုံးနှင့် သက်ဆိုင်နေပါသဖြင့် လက်မှတ် ရေးထိုးထားတဲ့ လွှတ်တော်ကိုယ်စားလှယ်များရဲ့ မှန်ကန်သောဆန္ဒနှင့် အခွင့်အရေးနစ်နာမှု မရှိစေရန် အတွက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့်တကွ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အားလုံးမှ အထူးအလေးအနက်ထား စဉ်းစားဆုံးဖြတ်ပေးပါရန်နှင့် လွှတ်တော် အခွင့်အရေး ကော်မတီမှလည်း လက်မှတ်ရေးထိုးထားတဲ့ လွှတ်တော်ကိုယ်စားလှယ်များရဲ့ မူရင်းစာရင်းကို ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌထံတင်ပြပေးပါရန် ထပ်မံ တိုက်တွန်းကြောင်း ကော်မတီကိုယ်စား လေးစားစွာ တင်ပြအပ်ပါတယ်ခင်ဗျား။