Skip to main content

နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးနှင့် စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်က ဖွဲ့စည်းသည့် စုံစမ်း စစ်ဆေးရေး အဖွဲ့၏ အစီရင်ခံစာ ကို ကိုယ်စားလှယ်တစ်ဦးက ထောက်ခံခြင်း

ဦးစောလှထွန်း (ချောင်းဦး မဲဆန္ဒနယ်)။          ။ လေးစားအပ်တဲ့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များခင်ဗျား။ စုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ့ စုံစမ်းစစ်ဆေးတွေ့ရှိ ချက်ကို ကျွန်တော့်အနေနဲ့ စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦး မဲဆန္ဒနယ်မှ ကျွန်တော် ဦးစောလှထွန်း အနေနဲ့ သော်လည်းကောင်း၊ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီအနေနဲ့သော်လည်းကောင်း ထောက်ခံတင်ပြ သွားပါ့မယ်။ ခုံရုံးဆုံးဖြတ်ချက်ကို စတင်စွပ်စွဲပြစ်တင်ဖို့ ခုံရုံး၏ဆောင်ရွက်ချက်များ သည် တာဝန်ကိုကျေပွန်စွာ ထမ်းဆောင်နိုင်မှု မရှိခြင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေကို မလိုက်နာခြင်းတို့ ကြောင့် လွှတ်တော်ကိုယ်စားလှယ် ၁၉၁ ဦးတို့က စတင်တင်သွင်းခဲ့ကြပါတယ်။ ထပ်မံပြီး ဒုတိယအကြိမ် ၃၀၁ ဦးတို့ကလည်း တင်သွင်းခဲ့ကြပါတယ်။ ဘာကြောင့် တင်သွင်းခဲ့ကြပါသလဲ။ ထိခိုက်လို့ တင်သွင်းခဲ့ကြတာပါ။ ဘာတွေထိခိုက်ပါသလဲ။ ပြည်သူ့အကျိုးကို ဆောင်ရွက်ဖို့ထိခိုက်ပါတယ်။ ဘယ်လို ထိခိုက်ပါသလဲ။ ယနေ့ လွှတ်တော်ကိုယ်စားလှယ်များ တာဝန်နှစ်ရပ် ရှိပါတယ်။ လွှတ်တော်က ပေးအပ်တဲ့တာဝန်ကိုထမ်းဆောင်ဖို့၊ ပြည်သူတွေရဲ့လိုအပ်ချက်ကို ဖြည်‌့ဆည်း ဆောင်ရွက်ပေးဖို့ဖြစ်ပါတယ်။ လွှတ်တော် ကိုယ်စားလှယ်တစ်ဦး ပြည်သူက တင်မြှောက်လိုက်ပါတယ်။ ပြည်သူ့ အကျိုးကို လေနဲ့၊ ပါးစပ်နဲ့လုပ်လို့ ဖြည့်ဆည်းပေးလို့မရပါဘူး။ လောလောဆယ်လုပ်ပိုင်ခွင့်ရှိတဲ့ ပြည်ထောင်စု အစိုးရထံမှာ တင်ပြပေးခြင်းဖြင့်ဆောင်ရွက်နေ ကြရပါတယ်။ မေးခွန်းမေးလိုက်၊ အဆိုတင်လိုက်နဲ့ မိမိတို့ဒေသ ဖွံ့ဖြိုးရေးဆောင်ရွက်ပေးနေကြပါတယ်။ လုပ်ပေးလို့ရတာတွေလည်းရှိပါတယ်။ ရခြင်း/မရခြင်း၊ လုပ်ပေးခြင်း/ မပေးခြင်းသည် အရေးမကြီးပါ။ အရေးကြီးတာက များပြား လှသော နိုင်ငံ့တာဝန် ကိုထမ်းဆောင် နေကြသူများအဖို့ နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးကိုသာ အာရုံစူးစိုက် ဆောင်ရွက်သင့်ပါတယ်။ မြို့နယ်ပေါင်း ၃၀၀ ကျော်အတွက် အခြေခံ လိုအပ်ချက်များကိုတော့ လွှတ်တော် ကိုယ်စားလှယ် အသီးသီးက ထောက်ခံ ဆောင်ရွက်ပေးပြီး ပြည်ထောင်စု အစိုးရ၏ လုပ်ငန်းရပ်များ ချောမွေ့လျင်မြန်စွာဆောင်ရွက်နိုင်ဖို့ ဥပဒေများအလျင်အမြန်ပြဋ္ဌာန်းပေးပြီး ခေတ်သစ်၊ စနစ်သစ်ကိုထူထောင်သွားရဖို့ အချိန် ဖြစ်တယ်လို့ သုံးသပ်ရရှိပါတယ်။ ဒီလိုဆောင်ရွက် နိုင်ဖို့ ကျွန်တော်တို့ လွှတ်တော် ကိုယ်စားလှယ်များဟာ ပြည်သူ့လွှတ်တော် ဆိုင်ရာဥပဒေ၊ အမျိုးသား လွှတ်တော်ဆိုင်ရာ ဥပဒေများကို ပြင်ဆင်ရေးဆွဲပြီး ပြည်ထောင်စု လွှတ်တော်မှာ တင်ပြနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဒီနေ့အထိ အတည်မပြုနိုင်သေးပါ။ ဘာကြောင့်အတည် မပြုနိုင်ပါသလဲ။ ခုံရုံးရဲ့ဆုံးဖြတ်ချက်က ဟန့်တားနေပါတယ်။ အခြေခံဥပဒေကို လေးစားလိုက်နာပြီး အပြီးအပြတ် အတည်ဖြစ်သည် ဆိုသည့် ဆုံးဖြတ်ချက်ကို ကျော်ဖြတ်ရမယ့် နည်းလမ်းဟာ ခုံရုံးနှင့် ခုံရုံး၏ဆုံးဖြတ်ချက်အပေါ် ပြင်ဆင် ဆုံးဖြတ်မှသာ ချောမွေ့ သွားမှာဖြစ်ပါတယ်။ ယနေ့အထိ လွှတ်တော်က ဆောင်ရွက်ချက်များသည် အခြေခံဥပဒေအရသာ ဆောင်ရွက်လျက် ရှိနေပါတယ်။ ထွင်၍၊ ချဲ့၍ ဆောင်ရွက်ထားတာမရှိပါ။ အခြေခံဥပဒေကို လေးစားလိုက်နာနေသူများကို အခြေခံဥပဒေ မလိုက်နာသူများဟုသာ စွပ်စွဲချက်များ၊ သိက္ခာချခြင်းများ ခံစားကြရပါတယ်။ ကျွန်တော်တို့ လွှတ်တော် ကိုယ်စားလှယ်များသည် အခွင့်အရေး မတောင်းဆိုပါ။ ပုဂ္ဂိုလ်ရေးလည်းမုန်းတီးမှုမရှိပါ။ ဥပဒေနှင့်အညီ နိုင်ငံတော်၏အနာဂတ်ခရီးအတွက် အခြေခံဥပဒေလမ်းကြောင်း ပေါ်အတိုင်းသာ နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သစ္စာရှိရှိလိုက်နာ စောင့်ထိန်း လျှောက်လှမ်းနေကြခြင်း ဖြစ်ပါတယ်။ ထိခိုက်မှုများကြောင့် နှစ်ကြိမ်တိုင်တိုင်လက်မှတ် ရေးထိုးတင်ပြခဲ့ကြခြင်းသာဖြစ်ပါတယ်။ အခြေခံဥပဒေကိုချစ်တဲ့စိတ်၊ နိုင်ငံတော်အပေါ်ကိုချစ်တဲ့စိတ်၊ နိုင်ငံတော် သမ္မတကြီးအပေါ်ကို ချစ်တဲ့စိတ်၊ တပ်မတော်အပေါ် ချစ်တဲ့စိတ် မည်သည်‌့အခါမျှ လျော့ပါး သွားမည် မဟုတ်ပါ။ တစ်စိတ်တစ်ဝှမ်းတည်း ခရီးအတူသွားကြသူများပီပီ သမိုင်းမှတ်တမ်း အတင်ခံ နိုင်ကြစေဖို့ စုံစမ်းစစ်ဆေးရေး အဖွဲ့ရဲ့ အစီရင်ခံစာကို လေးလေးနက်နက်ထောက်ခံပါကြောင်း တင်ပြရင်း နိဂုံးချုပ်အပ်ပါတယ်။