Skip to main content

ပထမအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအ‌ဝေး သတ္တမနေ့မှတ်တမ်း(၂၆-၁၀-၂၀၁၂)

ပုဂ္ဂလိကဝန်ထမ်းများ၏ ပင်စင်ကရုဏာကြေးများအပေါ်တွင် ကောက်ခံသည့်အခွန်ငွေများနှင့် ပတ်သက်၍ အစိုးရဝန်ထမ်းများနည်းတူ အခွန်မှ ကင်းလွတ်ခွင့်ပြုနိုင်ခြင်း ရှိ၊ မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

           

          ဒေါ်တင်နွယ်ဦး(ဒဂုံမြို့သစ်‌မြောက်ပိုင်းမဲဆန္ဒနယ်)။။ လေးစားရပါသော ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌကြီးရှင့်။ ကျွန်မကတော့ ဒဂုံမြို့သစ်မြောက်ပိုင်း မဲဆန္ဒနယ်မှ တင်နွယ်ဦး ဖြစ်ပါတယ်။ ကျွန်မအနေနဲ့ မေးခွန်းကို ပထမမေးခွန်းနဲ့ဆက်တိုက် ဒုတိယမေးခွန်းလေး ဆက်နွယ်နေတဲ့မေးခွန်းလေးပါ ထပ်ပြီးခွင့်ပြုပါလို့ ခွင့်တောင်းခံ အပ်ပါတယ်။ ကျွန်မေးမယ့် မေးခွန်းရဲ့ အကြောင်းအရာကတော့ ယခုအခါမှာ ကျွန်မတို့ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်က ပါတီစုံ ဒီမိုကရေစီစနစ်နှင့် သမ္မတအုပ်ချုပ်ရေးကို ပြောင်းလဲပြီး ကျင်‌့သုံးလာပါတယ်။ ယခင်ကဆိုရင် ဆိုရှယ်လစ်စနစ်မှာဆိုရင် ပုဂ္ဂလိကပိုင်လုပ်ငန်းတွေက အသေးစား အိမ်တွင်းစက်မှုလုပ်ငန်း အဆင့်မှာ ရှိခဲ့ပါတယ်။ ယခုအခါမှာ ကြီးထွားလာတဲ့စီးပွားရေးလုပ်ငန်း ဈေးကွက်စီးပွားရေးစနစ် အတွက် နိုင်ငံပိုင်၊ နိုင်ငံခြားသားပိုင် ကုမ္ပဏီတွေကို တိုးချဲ့ဆောင်ရွက်လျက်ရှိပါတယ်။ အဲဒီအခါမှာ ဆိုရင် ကျွန်မတို့ ဆိုရှယ်လစ်စနစ်တုန်းကဆိုရင် ဒီအလုပ်သမားတွေအတွက် ပြဋ္ဌာန်းခဲ့တဲ့ ရပိုင်ခွင့်နဲ့ တာဝန်တွေအတွက်ကို ၁၉၆၄ ခုနှစ် အလုပ်သမားများ၏ ရပိုင်ခွင့်နှင့် တာဝန်များဥပဒေဆိုပြီးတော့ ဆိုရှယ်လစ်ဥပဒေသတွေနဲ့အညီ ပြဋ္ဌာန်း ဆောင်ရွက်ခဲ့ပါတယ်။ နောက်ပြီးတော့ ၁၉၅၀ ခုနှစ်တုန်း ကတည်းကလည်း လူမှုဖူလုံရေးဥပဒေမှာ ပါဝင်တဲ့ ပုဂ္ဂလိက လုပ်ငန်းတွေရဲ့ အကျိုးခံစားခွင့် ကိုလည်းပဲ ၂၀၁၂ မှာ အခု ကျွန်မတို့ ပြန်လည်ပြဋ္ဌာန်းလိုက်တဲ့အခါမှာ ပိုမိုပြည့်စုံလာတာ တွေ့ရပါတယ်။ ဒါပေမယ့် အခု အသစ်ပြဋ္ဌာန်းလိုက်တဲ့ အမျိုးသားလွှတ်တော် ဥပဒေအမှတ် ၁၃ (ဂ) (၂)အရဆိုရင် သက်ပြည့်အငြိမ်းစားအကျိုးခံစားခွင့်ကို ပုဂ္ဂလိက အလုပ်သမားတွေလည်း ခံစားခွင်‌့ ရရှိလာကြတော့မှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ အလုပ်သမားတွေရဲ့ သက်ပြည့်အငြိမ်းစား အကျိုးခံစားခွင့်မှာ ပါဝင်တဲ့ ပြင်ဆင်တဲ့ကရုဏာကြေးကလည်း ဝင်ငွေခွန်ဥပဒေအရ လစာ ခေါင်းစဉ် အောက်မှာ အကျုံးဝင်လျက်ရှိတယ်။ အဲဒါကြောင့်မို့လို့ ဝင်ငွေခွန်ဥပဒေပုဒ်မ ၉ မှာ ဖော်ပြထားတဲ့ အတိုင်းပဲ ဝင်ငွေခွန်ပေးဆောင်ရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် အစိုးရဝန်ထမ်းတွေရဲ့ ပြင်ဆင်တဲ့ ကရုဏာကြေးတွေကျတော့ သီးခြားပြဋ္ဌာန်းပြီးတော့ အခွန်ကနေပြီးတော့ ကင်းလွတ်စေခွင့်ပြုထားတာ ရှိပါတယ်။ ဒါပေမယ့်အခုအခါမှာဆိုရင် ပုဂ္ဂလိကဝန်ထမ်းတွေကလည်း နိုင်ငံတော်ရဲ့အကျိုး တစ်ဖက်က သယ်ပိုးနေရတဲ့အတွက်ကြောင်‌့မို့လို့ အစိုးရဝန်ထမ်းများနည်းတူ သက်ပြည့်အငြိမ်းစား အကျိုးခံစားခွင့်မှာပါဝင်တဲ့ ပင်စင်နဲ့ ကရုဏာကြေးငွေကို ဝင်ငွေခွန်ပေးဆောင်ခြင်းမှ ကင်းလွတ် နိုင်ရန် ကင်းလွတ်နိုင်ခြင်း ရှိ၊ မရှိ ဖြေကြားပေးပါရန် လေးစားစွာ မေးမြန်းတင်ပြအပ်ပါတယ်။ တစ်ထပ်တည်း ကျွန်မမေးလိုတာက ဒီကျွန်မတို့ အခုတလောတုန်းက ထောက်ပံ့ကြေးတွေပေးခဲ့တဲ့ အခါမှာ ထောက်ပံ့ကြေးဆိုတဲ့အခါ ပြန်ရှင်းပြရမယ်ဆိုရင် အမှန်ကုန်ကျတဲ့ငွေကို ကာမိဖို့အတွက် အစိုးရကပေးတဲ့ထောက်ပံ့ကြေးတွေဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီထောက်ပံ့ကြေးငွေပေါ်မှာ ဘဏ္ဍာရေး နဲ့ အခွန်ဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာနကနေပြီးတော့မှ ၃-၁၀-၁၂ ရက် နေ့စွဲပါ ညွှန်ကြားလွှာအမှတ်၊ ၃/၂၀၁၂ ဝ(ခ) အပိုဒ်ခွဲ(၃)အရ ဝင်ငွေဖြင့် ထည့်သွင်းခြင်းမပြုရ ဝင်ငွေများဆိုတဲ့ ခေါင်းစဉ်သတ်မှတ်ထားတဲ့အတွက်ကြောင့် ထောက်ပံ့ကြေးငွေကိုလည်း အခုအခါ အခွန်ကောက်နေတာ တွေ့ရပါတယ်။ အဲဒီကိစ္စလေးပါ။ တစ်ဆက်တည်းဖြေကြားပေးပါရန် လေးစားစွာ တင်ပြအပ်ပါတယ်။

ဒေါက်တာမောင်မောင်သိမ်း(ဒုတိယဝန်ကြီး၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန)။        ။  လေးစား အပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး မင်္ဂလာနံနက်ခင်းပါ။ ရန်ကုန်တိုင်းဒေသသကြီး၊ ဒဂုံမြို့သစ်‌မြောက်ပိုင်းမဲဆန္ဒနယ်  ဒေါ်တင်နွယ်ဦး၏ မေးခွန်းကို ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ကိုယ်စား ဒုတိယဝန်ကြီး ကျွန်တော် ဒေါက်တာ မောင်မောင်သိမ်းမှ  ဖြေကြားပေးသွားမှာ ဖြစ်ပါတယ်။ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ကြီး ဒေါ်တင်နွယ်ဦးရဲ့ မေးခွန်းကတော့ ပုဂ္ဂလိကဝန်ထမ်းများကိုလည်းပဲ နိုင်ငံတော်အစိုးရဝန်ထမ်းများနည်းတူ သူတို့ရတဲ့  ကရုဏာကြေး ပင်စင်ကို အခွန်လွတ်ငြိမ်းခွင်ပြုဖို့ ဆိုတဲ့မေးခွန်း ဖြစ်ပါတယ်။ အဲဒီမေးခွန်းနဲ့ပတ်သက်ပြီးတော့ ကျွန်တော် ဥပဒေနှစ်ခုနဲ့ အမိန့်ကြော်ငြာစာနှစ်ခုကို ကိုးကားပြီးတော့ ဖြေဆိုပေးသွားမှာ ဖြစ်ပါတယ်။ ပထမဥပဒေကတော့ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်ပြီးတော့ ပုဒ်မ ၃၈၉ မှာ နိုင်ငံသားတိုင်းဟာ ဥပဒေအရ အခွန်အကောက်ထမ်းဆောင်ရန် တာဝန်ရှိတယ်ဆိုပြီးတော့ ပြဋ္ဌာန်းထားပါတယ်ခင်ဗျား။ ဒုတိယဥပဒေ မှာကတော့ ဝင်ငွေခွန်ဖြစ်ပါတယ်။ ဝင်ငွေခွန်ဥပဒေပုဒ်မ ၉ မှာ မည်သူမဆို လစာ၊ လုပ်ခ၊ နှစ်စဉ်ကြေး၊ ပင်စင်၊ ကရုဏာကြေးတို့အတွက် အခွန်ဆောင်ရမယ်ဆိုပြီးတော့ ပြဋ္ဌာန်းထားပါတယ်ခင်ဗျ။ အဲဒီ မည်သူမဆိုဆိုတဲ့စကားမှာ အစိုးရဝန်ထမ်းရော၊ ပုဂ္ဂလိကဝန်ထမ်းရော အကျုံးဝင်ပါတယ်ခင်ဗျ။ ဒါနဲ့ ပတ်သက်ပြီးတော့မှ ဘဏ္ဍာအခွန် ဝန်ကြီးဌာနက နေပြီးတော့မှ ၁၂-၈-၂၀၀၇ ရက်စွဲပါ အမိန့် ကြော်ငြာစာ အမှတ်၊ ၁၃၆/၂၀၀၇ အရ တာဝန် ထမ်းဆောင်ဆဲဝန်ထမ်များနဲ့ အငြိမ်းစားဝန်ထမ်းများ၏ လစာနဲ့ ပင်စင်ကရုဏာကြေးကို အခွန်ကင်းလွတ်ခွင့် ပြုခဲ့ပါတယ်။  အဲဒီအမိန့်ကြော်ငြာစာကို ၁၀၆/၂၀၁၂ ပယ်ဖျက်ပြီး ဖြစ်ပါတယ်။ အဲဒီလို ပယ်ဖျက်ခဲ့ပြီးဖြစ်တဲ့အတွက် နိုင်ငံတော်ဝန်ထမ်းများရော အငြိမ်းစားဝန်ထမ်းများရော အခွန်ကင်းလွတ်ခွင့်မရဘဲနဲ့ ပေးဆောင်နေရပါတယ်ခင်ဗျား။ ဒါကြောင့်မို့လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်နွယ်ဦးရဲ့ ပထမမေးခွန်းကို ဖြေရမယ်ဆိုရင် တော့ အခုအခါမှာတော့ နိုင်ငံဝန်ထမ်းများလည်း နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များရော ပေးဆောင်နေရ တဲ့ အတွက်ကြောင့် ပုဂ္ဂလိကဝန်ထမ်းများလည်းပဲ Taxable Income ရှိတယ်ဆိုရင် ပေးဆောင်ရမှာ ဖြစ်ပါတယ်ဖြစ်ကြောင်း ဖြေကြားအပ်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်ကြီး ဒေါ်တင်နွယ်ဦးရဲ့ ဒုတိယ မေးခွန်းက ထောက်ပံ့ကြေးတွေကို ဝင်ငွေအဖြစ် မသတ်မှတ်ဘူးဆိုတပြီးတော့  အဲဒီပေါ်မှာ ကောက်နေ တယ်ဆိုတဲ့ကိစ္စနဲ့ပတ်သက်လို့ကတော့ ကျွန်တော် စုံစမ်းပြီးတော့ တင်ပြပါတယ်ခင်ဗျား။ အားလုံး ကျေးဇူးတင်ပါတယ်။

           

          ဦးမြင်‌့စိုး(ပျော်ဘွယ်မဲဆန္ဒနယ်)။  ။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ကြီးနှင့်တကွ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့နှင့် ပြည့်စုံပါစေကြောင်း ဦးစွာပထမ ဆုမွန်ကောင်းတောင်းအပ် ပါတယ်ခင်ဗျား။

၂၀၁၅ ခုနှစ်တွင် AFTA အတွင်းဝင်ရောက်မည်ဖြစ်၍ ပြည်တွင်း SME လုပ်ငန်းရှင်များအနေဖြင့် လက်ရှိ ဘဏ်ချေးငွေများအပေါ်ပေးနေရသောဘဏ်တိုးနှုန်းကို ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် ရာခိုင်နှုန်းသို့ လည်းကောင်း၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် ၆ ရာခိုင်နှုန်းသို့လည်းကောင်း လျော့ချပေးရန်နှင့် စပ်လျဉ်းသည်‌့မေးခွန်း

          ဦးမြင့်စိုး(ပျော်ဘွယ်မဲဆန္ဒနယ်)။  ။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံပါစေကြောင်း ဦးစွာပထမ ဆုမွန်ကောင်းတောင်းအပ်ပါတယ်ခင်ဗျား။ ကျွန်တော်ကတော့ မန္တလေးတိုင်း ဒေသကြီး၊  ပျော်ဘွယ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်စိုး ဖြစ်ပါတယ်။ ဒီကနေ့ မြန်မာနိုင်ငံရဲ့ AFTA ဇုန်အတွင်းမှာ မဝင်ရောက်ခင်မှာ လိုအပ်တဲ့ မေးခွန်းများကိုမေးမြန်းခြင်းဖြစ်ပါတယ်။ ဒီမေးခွန်းနှင့် ပတ်သက်ပြီးတော့ မြန်မာ့စက်မှုလက်မှုဖွံ့ဖြိုးရေး ဘဏ်က အထူးနှုန်းနဲ့ငွေချေးပေးနေတာကိုလည်း သိရှိပြီး ဖြစ်ပါတယ်။ သို့သော်လည်းပဲ မြန်မာနိုင်ငံ တစ်ဝှမ်းလုံးမှာရှိတဲ့ ဘဏ်တွေကနေပြီးတော့ ယခုတင်ပြတဲ့ အတိုးနှုန်းနဲ့ လုံလုံလောက်လောက်ချေးပေး နိုင်ဖို့အတွက် မေးမြန်းခြင်းဖြစ်ကြောင်း ကြိုတင်အသိပေးလိုပါတယ်။ ဒါကြောင့် ကျွန်တော်မေးမြန်း လိုတဲ့မေးခွန်းကတော့ ၂၀၁၅ ခုနှစ်မှာ AFTA (ASEAN Free Trade Area) ကို ဝင်ရောက်တော့မှာ ဖြစ်ပါ၍ ပြည်တွင်မှာရှိတဲ့ SME အသေးစား၊ အလတ်စားလုပ်ငန်းရှင်များအနေဖြင့် ယှဉ်ပြိုင်မှုအား ကောင်းနိုင်စေရေးအတွက် အထောက်အပံ့ဖြစ်စေရန် လက်ရှိဘဏ်ချေးငွေများအပေါ် ပေးနေရသော ဘဏ်တိုးနှုန်း များကို ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် ၈ ရာခိုင်နှုန်းသို့လည်းကောင်း၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် ၆ ရာခိုင်နှုန်းသို့လည်းကောင်းလျော့ချပေးရန် ပြည်တွင်း SME အသေးစား၊ အလတ်စားလုပ်ငန်းရှင်များက လိုလားနေကြပါတယ်။ သို့ဖြစ်ပါ၍ နိုင်ငံတော်အနေဖြင့် ထိုသို့လျှော့ချ ပေးရန် စီစဉ်ပေးနိုင်ခြင်း ရှိ/မရှိသိရှိလိုပါကြောင်း မေးမြန်းအပ်ပါတယ်။

         

           ဒေါက်တာမောင်မောင်သိန်း(ဒုတိယဝန်ကြီး၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန)။      ။ မန္တလေး တိုင်းဒေသကြီး၊  ပျော်ဘွယ်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်စိုးရဲ့မေးခွန်းကို ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကိုယ်စား ကျွန်တော် ဒုတိယဝန်ကြီး ဒေါက်တာ မောင်မောင်သိန်းမှပဲ ဖြေကြားပေးသွားမှာဖြစ်ပါတယ်။ ကိုယ်စားလှယ်တော်ကြီး ဦးမြင့်စိုးရဲ့မေးခွန်းမှာ ကတော့ ၂၀၁၅ ခုနှစ် AFTA ဝင်ရောက်မှာဖြစ်တဲ့အတွက်ကြောင့် ပြည်တွင်း SME များကိုအားပေးတဲ့ ယင်းတို့ပေးနေရတဲ့အတိုးနှုန်း ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်မှာ ၈ ရာခိုင်နှုန်း၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်မှာ ၆ ရာခိုင်နှုန်းသို့လျော့ချပေးနိုင်ခြင်းရှိ၊ မရှိမေးမြန်းထားတာဖြစ်ပါတယ်ခင်ဗျား။ ဒါနှင့်ပတ်သက်လို့ ကျွန်တော့်အဖြေကသုံးမျက်နှာလောက်ရှိပေမယ့် ကျွန်တော် အချိန်ကိုလေးစား သောအားဖြင့် လိုရင်းအချက်တွေပဲဖြေပေးပါ့မယ်။ SME တွေဟာ နိုင်ငံတည်ဆောက်ရေးမှာ အရေးပါ တယ်ဆိုတာကတော့ အငြင်းမပွားတဲ့ကိစ္စဖြစ်တဲ့အတွက် ကျွန်တော်ထပ်ပြီးတော့ မပြောတော့ပါဘူး။ အဲ့လို အရေးပါတဲ့အတွက်ကြောင့် ပုဂ္ဂလိကဘဏ်တွေရော၊ နိုင်ငံပိုင်ဘဏ်တွေရော SME တွေကို ထုတ်ချေးထားတဲ့ငွေဟာ သူတို့ထုတ်ချေးထားတဲ့ငွေအားလုံးရဲ့ ၇၀ ရာခိုင်နှုန်းကျော်ပါတယ်ခင်ဗျား။ ထို့အတူပဲ မြန်မာ့စက်မှုလက်မှုဖွံ့ဖြိုးရေးဘဏ် အခုတော့နာမည်ပြောင်းသွားပါပြီခင်ဗျား။ အသေးစား နှင့် အလတ်စား စက်မှုဖွံ့ဖြိုးရေးဘဏ်ဖြစ်သွားပါပြီ။ အဲ့ဒီ ဘဏ်နဲ့ မြန်မာ့စီးပွားရေးဘဏ်တို့ကနေ ပြီးတော့ ထုတ်ချေးထားတာတွေ ဆိုလို့ရှိရင် SME ကို ထုတ်ချေးထားတာတွေဆိုရင် ချေးငွေရဲ့ ၅၀ ရာခိုင်နှုန်းကျော်ရှိပါတယ်ခင်ဗျား။ SME တွေကိုထုတ်ချေးတဲ့နေရာမှာလည်းပဲ သာမန်ချေးငွေနဲ့မတူဘဲ သက်သာတဲ့နှုန်းထားနဲ့ထုတ်ချေးပါတယ်။ သာမန်ချေးငွေမှာ ၁၅ ရာခိုင်နှုန်းအတိုးပေးနေရတဲ့အချိန်မှာ SME တွေအတွက်ကို ၁၄ ရာခိုင်နှုန်းပဲယူပါတယ်။ ထို့အတူ ကျွန်တော်တို့ ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှာ SME အပေါ်ယူတဲ့အတိုးနှုန်းကိုထပ်မံပြီးတော့ လျှော့ချပေးလိုက်ပါတယ်။ ၁၄ ရာခိုင်နှုန်း ကနေပြီးတော့ ၁၂ ရာခိုင်နှုန်းအထိထပ်ပြီးတော့ လျှော့ချပေးပါတယ်။ အဲ့ဒီထက်ပိုပြီးတော့ လျှော့ချပေး နိုင်ခြင်းရှိ၊ မရှိဆိုတဲ့မေးခွန်းကို ကျွန်တော်ဆက်ပြီးတော့ ဖြေပေးပါ့မယ်။ အဲ့ဒီထက်ပိုပြီးတော့ လျှော့ချပေးဖို့ကတော့ လောလောဆယ်မှာမဖြစ်နိုင်ဘူးဆိုတာတွေ့ရပါတယ်။ ဘာကြောင့်ဘာလဲဆိုရင်  ချေးငွေပေးတယ်ဆိုတာက Deposit တွေရဲ့ငွေကိုလှည့်ပြီးတော့ပေးတာဖြစ်ပါတယ်။ Deposit တွေကို ဘဏ်အနေနဲ့က ၈ ရာခိုင်နှုန်းပေးရပါတယ်ခင်ဗျား။ အဲတော့ ၁၂ ရာခိုင်နှုန်းနဲ့လျော့ပေးမယ်ဆိုရင် သူတို့မှာအရှုံးပေါ်နိုင်ပါတယ်။ ဘာကြောင့်ဘာလဲဆိုရင် သူတို့မှာ Over Head တွေရော၊ အုပ်ချုပ်မှု စရိတ်တွေရောစသည်ဖြင့်စရိတ်တွေရှိတဲ့အတွက်ကြောင့် လောလောဆယ်မှာတော့ ၈ ရာခိုင်နှုန်း Deposit ကိုပေးရတယ်။ SME တွေကို ၁၂ ရာခိုင်နှုန်းပေးထားရတော့ ဒီထက်လျော့ရင် သူတို့မှာ အရှုံးပေါ်သွားနိုင်ပါတယ်။ 

          ဥက္ကဋ္ဌ။           ။ ဒေါက်တာ မောင်မောင်သိန်းခင်ဗျား။ အားလုံးနားလည်နိုင်တဲ့ စကားလုံးကို ရွေးပြီးပြောပါ။ Deposit ဆိုတာ တချို့လည်း သဘောပေါက်ချင်မှပေါက်ပါ့မယ်။

          ဒေါက်တာမောင်မောင်သိန်း(ဒုတိယဝန်ကြီး၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန)။       ။ အပ်ငွေ ပေးသွင်းသူတွေကို ၈ ရာခိုင်နှုန်းအတိုးပေးရပါတယ်ခင်ဗျား။ အဲ့ဒီထက်လျော့ပေးမယ်ဆိုရင် လောလောဆယ်မှာ ဘယ်လိုမှမဖြစ်နိုင်ပါဘူး။ ဘာကြောင့်ဘာလဲဆိုရင် ဘဏ်တွေအရှုံးပေါ်သွားမယ်။ ဘဏ်တွေအရှုံးပေါ်လို့ရှိရင် တစ်နွယ်ငင်တစ်စင်ပါ ဆက်ပြီးတော့ နိုင်ငံတော်ရဲ့ ဘဏ္ဍာရေး၊ စီးပွားရေး ပါထိခိုက်သွားနိုင်တဲ့ အနေအထားရှိပါတယ်။ နောက်တစ်ချက်ကလည်းပဲ အပ်ငွေအတိုးကို ဒီထက် လျော့လို့ရမလားဆိုတဲ့မေးခွန်းပါ။ လျော့လို့ရှိရင်တော့ ချေးငွေအပေါ်မှာလည်းထပ်လျော့လို့ရမယ် ဆိုတဲ့အနေအထားပါ။ ဒါကလည်းပဲ အပ်ငွေအပေါ်မှာ အတိုးနှုန်းကို လျော့ဖို့ဆိုတာကတော့ နိုင်ငံတော် ရဲ့စီးပွားရေးအခြေအနေတို့၊ ငွေကြေးဖောင်းပွမှု အခြေအနေတို့၊ နိုင်ငံအတွင်းမှာလှည့်ပတ်နေတဲ့ ငွေကြေးပမာဏတို့ အဲ့ဒါတွေကို ထည်‌့သွင်းစဉ်းစားပြီးမှ လျော့လို့ရပါတယ်ခင်ဗျား။ အဲ့တော့ လောလောဆယ်မှာကတော့ အပ်ငွေအပေါ်မှာ ပေးရတဲ့ အတိုးကို လျော့မယ်ဆိုလို့ရှိရင် ငွေဖောင်းပွနှုန်း နဲ့နှိုင်းယှဉ်ကြည်‌့မယ်ဆိုရင် ငွေဖောင်းပွမှုနှုန်းထက် အပ်ငွေအပေါ်မှာ ပေးတဲ့အတိုးကလျော့မယ်ဆိုရင် ငွေဖောင်းပွမှုနှုန်းကိုအားပေးသလိုဖြစ်သွားပါမယ်။ အပ်ငွေကို ဘယ်သူ မအပ်တော့ဘဲနဲ့ ပြန်ထုတ်သွား ကြမှာဖြစ်ပါတယ်။ အဲလိုထုတ်သွားတဲ့အခါမှာလည်း တစ်ဖက်ကဘဏ်တွေအနေနဲ့ ထုတ်ချေးဖို့အတွက် ငွေကြေးပမာဏနည်းသွားမှာဖြစ်ပါတယ်ခင်ဗျား။ အဲ့တော့ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန အနေနဲ့ ကတော့ ဒါတွေအားလုံးကို အနီးကပ်ကြည့်ရှုစောင့်ကြပ်ပြီးတော့ အခြေအနေအချိန်အခါပေးတဲ့အခါမှာ လိုအပ်သလိုဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်း အစီရင်ခံအပ်ပါတယ်ခင်ဗျား။

 

သာယာဝတီခရိုင် ပြည်သူ့ဆေးရုံကြီးသည် ခုတင် ၁၀၀ ဆံ့ ဆေးရုံ ဖြစ်သည်နှင့်အညီ ရာထူးအလိုက် ဝန်ထမ်းအင်အားစံနှုန်းပြည့်မီစွာ ခန့်အပ်ပေးနိုင်ခြင်းရှိ၊မရှိနှင်‌့စပ်လျဉ်းသည့်မေးခွန်း

          ဦးမောင်မောင်(သာယာဝတီမဲဆန္ဒနယ်)။  ။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များအားလုံး မင်္ဂလာအပေါင်းနှင့်ပြည့်စုံကြပါစေလို့ ဦးစွာ ဆုတောင်း မေတ္တာပို့သ အပ်ပါတယ်။ ကျွန်တော်ကတော့ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမောင်မောင်ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ သာယာဝတီခရိုင် သာယာဝတီမြို့မှာ ရှိသော ခုတင် ၁၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီးအား ဆေးရုံ၏ရာထူးအလိုက် ဝန်ထမ်းအင်အား စံကိုက် အဖြစ်ဖြည့်တင်းခန့်ထားပေးနိုင်ရန် မေးခွန်းကို မေးမြန်းမှာဖြစ်ပါတယ်။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးခင်ဗျား။ သာယာဝတီခရိုင် သာယာဝတီမြို့ရှိ ပြည်သူ့ဆေးရုံကြီးသည် ၁၉၆၅ ခုနှစ်မှစ၍ ခုတင် ၁၀၀ ဆံ့ ခရိုင်ပြည်သူဆေးရုံကြီးအဖြစ် ချထားသတ်မှတ်ပေးထားပြီဖြစ်ပါတယ်။ ခရိုင်ပြည်သူ့ဆေးရုံကြီးဖြစ်တာနှင့်အညီ ဆေးရုံကြီးတွင် မြွေဆိပ်အထူးကု ဆရာဝန်ကြီးများ၊ ဆေးပညာအထူးကုဆရာဝန်ကြီး၊ ခွဲစိတ်အထူးကုဆရာဝန်ကြီး၊ သားဖွားအထူးကုဆရာဝန်ကြီး၊ ကလေး အထူးကုဆရာဝန်ကြီးနှင့် သွားအထူးကုဆရာဝန်ကြီးများဖြင့် စောင့်ရှောက်ကုသလျက်ရှိပါတယ်။ သို့ရာတွင် အရိုးအကြောအထူးကုဆရာဝန်ကြီး၊ မျက်စိအထူးကုဆရာဝန်နှင့် ရောဂါဗေဒ အထူးကု ဆရာဝန်ကြီးများ လိုအပ်လျက်ရှိပါတယ်။ ကျွန်တော့်အနေနဲ့ အရိုးအကြောအထူးကုနှင့် မျက်စိ အထူးကုဆရာဝန်ကြီးများကို တတိယပုံမှန်အစည်းအဝေးတွင် တစ်ကြိမ် တောင်းခံထားပါသော်လည်း ယနေ့တိုင် ရောက်ရှိတော့မရှိသေးပါ။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးခင်ဗျား။ သာယာဝတီမြို့ ခုတင် ၁၀၀ ပြည်သူ့ဆေးရုံကြီးတွင် လက်ရှိ လက်ထောက်ဆရာဝန် ၅ ဦးသာ ရှိပြီး တော့ သူနာပြု Train Nurse ၁၂ ဦး၊ Staff Nurse ၇ ဦးနှင့် Sister ၂  ဦးသာရှိပါတယ်။ သို့ရာတွင် ရံဖန်ရံခါ လက်ထောက်ဆရာဝန်နှင့် Sister များသည် သင်တန်းများသွားရောက်တက်သည့်အခါတွင် အရေအတွက် ထပ်မံလျော့ကျမှုများရှိနေပါတယ်။ ဒီအတွက် ခုတင် ၁၀၀ စံကိုက်ရှိရမယ့် ရာထူး အလိုက် ဝန်ထမ်းခန့်ထားရန် အင်အားကွာခြားမှုများ များစွာရှိနေပါတယ်။ ဒါ့အပြင် ခရိုင်ပြည်သူ့ ဆေးရုံကြီးနှင့်အညီ သာယာဝတီမြို့အပါအဝင် ၈ မြို့နယ်မှ ဆေးကုသမှုခံယူရန်လူနာများသည် အထူးကုဆရာဝန်ကြီးများရှိရာသို့ အားကိုးတကြီး၊ အရေးတကြီး လာရောက်ကုသကြရာမှာ လက်ထောက် ဆရာဝန်နှင့် သူနာပြုဝန်ထမ်းများ၏ လွန်စွာအားနည်းနေမှုကြောင့် ဆေးကုသမှု လုပ်ငန်းတွင် ဆရာဝန်များသည် မိမိတာဝန်ချိန်အပြင် နေ့ရောညပါတာဝန်ယူရနေသည်အတွက် စိတ်ဖိစိမှုများခံစားနေရခြင်း လူနာများဘက်မှလည်း မိမိတို့၏အပေါ် တာဝန်ယူမှုနည်းသည်ဟု ယူဆကာ အထင်အမြင်လွဲမှားမှုများရှိနေပါသည်။ သို့အတွက် ဆရာဝန်နှင့်လူနာများအကြား မလိုလား အပ်သော ပြဿနာများ၊ စိတ်အနှောင့်အယှက်ဖြစ်မှုများ မကြာခဏ ခံစားနေကြပါတယ်။ သို့ပါ၍ အားကိုးတကြီးလာရောက် ဆေးကုသမှုခံယူသောပြည်သူလူနာများအတွက် ကျန်းမာရေးစောင့်ရှောက် မှုအပြည့်အဝရရှိစေရန်နှင့် အမှန်တကယ် အားကိုးထိုက်သော ခရိုင်အဆင့် ပြည်သူ့ဆေးရုံအဖြစ် ရပ်တည်နိုင်ရန် ရာထူးအလိုက် ဝန်ထမ်းအင်အားဖြည့်ဆည်းရန် အမှန်တကယ် လိုအပ်လျက်ရှိပါ တယ်။ သို့ပါ၍ ကျွန်တော်မေးလိုတဲ့မေးခွန်းမှာ သာယာဝတီခရိုင် ပြည်သူ့ဆေးရုံကြီးအား ခုတင် ၁၀၀ ဆံ့ဆေးရုံအဖြစ်နှင့်အညီ ရာထူးအလိုက် ဝန်ထမ်းအင်အားစံနှုန်းပြည့်မီစွာ ခန့်အပ်ပေးနိုင်ခြင်း ရှိ၊မရှိ သိလိုပါသည်။          စံနှုန်းအပြည့်ခန့်ထားမည်ဆိုပါက မည်သည့်အချိန်တွင် ခန့်ထားချထားပေးနိုင်မည်ကို သိလို၍ မေးမြန်းခြင်းဖြစ်ပါသည်။

           

          ဒေါက်တာသိန်းသိန်းဌေး(ဒုတိယဝန်ကြီး၊ ကျန်းမာရေးဝန်ကြီးဌာန)။။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကြီးများအား မင်္ဂလာနံနက်ခင်း ပါလို့ ကျွန်မဂါရဝပြု နှုတ်ခွန်းဆက်သအပ်ပါတယ်။ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်၏ မေးမြန်းထားချက်အပေါ် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကိုယ်စား ကျွန်မ ဒုတိယဝန်ကြီး ဒေါက်တာသိန်းသိန်းဌေးမှ ဖြေကြားသွားမှာ ဖြစ်ပါတယ်။ ပဲခူးတိုင်းဒေသကြီးမှ သာယာဝတီမဲဆန္ဒနယ်မှ မေးမြန်းထားသည့်  သာယာဝတီခရိုင် ပြည်သူ့ဆေးရုံကြီးသည် ခုတင် ၁၀၀ ဆံ့ ဆေးရုံဖြစ်သည်နှင့်အညီ ရာထူးအလိုက် ဝန်ထမ်းအင်အား စံနှုန်းပြည့်မီစွာ ခန့်အပ်ပေးနိုင်ခြင်းရှိ၊ မရှိနှင့် မည်သည့်ကာလတွင် စံနှုန်းပြည့်ထားရှိပေးနိုင်ရန် မေးမြန်းထားသည့် မေးခွန်းနှင့်စပ်လျဉ်း၍ ဖြေကြားခွင့်ပြုပါ ဥက္ကဋ္ဌကြီးရှင်။ ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ပြည်သူ့ဆေးရုံမှာ ခရိုင်ကျန်းမာရေးဦးစီးဌာနမှူး တစ်ဦး၊ အထူးကုဆရာဝန် ခွင့်ပြု ၅ ဦး၊ ခန့်ထား ၅ ဦး၊ လက်ထောက်ဆရာဝန် ခွင့်ပြု ၈ ဦး၊ လက်ထောက်ဆရာဝန် (ကလေး) အပါအဝင် လက်ထောက်ဆရာဝန်ခန့်ထားပြီး ၇ ဦး၊ သူနာပြုဆရာမကြီး ခွင့်ပြု ၂ ဦး၊ ခန့်ထား ၂ ဦး၊ အထက်တန်း သူနာပြုခွင့်ပြု ၅ ဦး၊ ခန့်ထား ၅ ဦး၊ သူနာပြု ခွင်ပြု ၁၀ ဦး၊ ခန့်ထား ၉ ဦးတို့ တာဝန်ထမ်း ဆောင်လျက်ရှိပါတယ်ရှင်။ သာယာဝတီခရိုင်ပြည်သူ့ဆေးရုံတွင် လစ်လပ်လျက်ရှိသော လက်ထောက် ဆရာဝန်တစ်ဦးအား လောလောဆယ် ခန့်ထားပေးရန် စီစဉ်ထားရှိပြီးဖြစ်ပါကြောင်းနှင့် ဝန်ထမ်း အင်အား စံကိုက်ဖွဲ့စည်းပုံတို့ ပြင်ဆင်ဖွင့်လှစ်ခွင့်ရရှိရန်အတွက် လက်ရှိ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ် အတွင်း တင်ပြသွားရန်အတွက် စီစဉ်ဆောင်ရွက်ထားရှိပြီးဖြစ်ကြောင်း ဖြေကြားအပ်ပါတယ်ရှင်။

 

မြန်မာနိုင်ငံဆေးကောင်စီအား အစိုးရမဟုတ်သော၊ လွတ်လပ်သော Professional Body အဖြစ် ဖွဲ့စည်းရန်နှင့် ဆေးပညာရှင်များ ကာကွယ်ရေးအဖွဲ့ ဖွဲ့စည်းနိုင်ရေးအတွက် လိုအပ်သော ဥပဒေ၊ နည်းဥပဒေများ စီမံဆောင်ရွက်ထားမှု အခြေအနေအား သိလိုပါကြောင်းနှင့်စပ်လျဉ်းသည့် မေးခွန်း

ဒေါက်တာအောင်သန်း(ရွှေဘိုမဲဆန္ဒနယ်)။။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့ကိုယ်စားလှယ်များ ဖိတ်ကြားထားသော ပြည်ထောင်စုအဖွဲ့အစည်းဝင်များ၊  မင်္ဂလာအပေါင်းနှင့် ပြည်‌့စုံကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်။ ကျွန်တော်ကတော့ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်သန်း ဖြစ်ပါတယ်။ လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးခင်ဗျား။ ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယ ပုံမှန်အစည်းအဝေး ဗဟန်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဦးမောင်မောင်ဝင်း ရဲ့ မြန်မာနိုင်ငံဆေးကောင်စီအား အစိုးရမဟုတ်သော လွတ်လပ်သော Professional Body အဖြစ် ရပ်တည်ခွင့်ပြုရေးအဆိုနှင့် ဆေးပညာရှင်များ ကာကွယ်ရေးအဖွဲ့ Medical Protection Society ဖွဲ့စည်းနိုင်ရေးအတွက် လိုအပ်သော ဥပဒေ၊ နည်းဥပဒေများ စီမံဆောင်ရွက်သင့်ကြောင်းအဆိုကို တင်သွင်းခဲ့ပါတယ်။ ဒီအဆို ၂ ခုဟာ ပြည်သူ့လွှတ်တော်က လက်ခံအတည်ပြုခဲ့ပြီးဖြစ်ပါတယ်။ ပြည်သူ့လွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေးကော်မတီရဲ့ တတိယပုံမှန်အစည်းအဝေးမှာ တင်သွင်းတဲ့ အစီရင်ခံစာမှာလည်း မြန်မာနိုင်ငံဆေးကောင်စီသို့   ၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်နေ့မှာလည်းကောင်း၊ ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်နေ့မှာ လည်းကောင်း ဆောင်ရွက်ပြီးစီးမှုအ‌ွခေအနေကို မေးမြန်ထားတာတွေ့ရပါတယ်။ ဆေးပညာရှင်များ ကာကွယ်ရေးအဖွဲ့ Medical Protection Society နှင့်ပတ်သက်ပြီးတော့ပြီးလည်း ညှိနှိုင်း ဆွေးနွေးပွဲများ ဆောင်ရွက်နေကြောင်း ပညာရှင်စုံညီစွာဖိတ်ခေါ်ပြီး Medical Protection Society Challenge Possibilities and Realities ဆိုတဲ့ခေါင်းစဉ်နှင့် Work Shop တစ်ခုကျင်းပမည် ဖြစ်ကြောင်းနှင့် ဆေးပညာရှင်များအတွက်သာမက လူနာရှင်များအတွက်ပါ ကျေနပ်မှုရနိုင်စေမည့် ပဋိပက္ခဖျန်‌ွဖေရေး အသင်းကြီးတစ်ခု ပေါ်ပေါက်ရန် ရှေ့ပြေးလုပ်ငန်းစဉ်များ ရေးဆွဲဆောင်ရွက်မည် ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့်တာဝန်ခံချက်များစိစစ်ရေး ကော်မတီ တတိယပုံမှန်အစည်းအဝေးမှာ အစီရင်ခံစာမှာ ဖော်ပြပါရှိပါတယ်။ ယခုအခါ ပုဂ္ဂလိက ဆေးရုံဆေးခန်းများ အဖွဲ့အစည်းပိုင်ဆေးခန်းများ၊ နိုင်ငံပိုင်ဆေးရုံ ဆေးခန်းများ၊ ကျန်းမာရေး ဝန်ဆောင်မှုပေးနေကြတဲ့ အထူးကုဆရာဝန်ကြီးတွေ၊ တာဝန်ခံဆရာဝန်ကြီးတွေ၊ လက်ထောက် ဆရာဝန်တွေ၊ သူနာပြုနှင့်အခြားကျန်းမာရေးဝန်ဆောင်မှုဆိုင်ရာကိစ္စများကို ပေးနေသော ပုဂ္ဂိုလ်တွေ ဟာ အဆင့်ဆင့်ရှိနေကြပြီ ဖြစ်နေပါတယ်။ အခြားနိုင်ငံများနည်းတူ မြန်မာနိုင်ငံ ကျန်းမာရေး ဝန်ဆောင်မှု အချင်းချင်းသော်လည်းကောင်း၊ လူရှင်များနှင့်သော်လည်းကောင်း သဘောထား မတူညီမှုများ၊ နားလည်မှု လွဲမှားခြင်းများ၊ တာဝန်မကျေခြင်းများ၊ လူ့အခွင့်အရေး မလိုက်နာခြင်းများ၊ ကျင့်ဝတ်သိက္ခာ ဖောက်ဖျက်ခြင်းများ၊ တည်ဆဲဥပဒေများနှင့် သွေဖည်နေခြင်းများ စတဲ့ပြဿနာတွေဟာရှိနေပါတယ်။ ထိုသို့ များပြားလှစွာသော လူမှုရေးနှင့် အတတ်ပညာရောထွေးနေတဲ့ ဆေးပညာဆိုင်ရာပြဿနာများကို လက်ရှိအခြေအနေမှာ ဖြေရှင်း ဆောင်ရွက်ပေးနိုင်ရန် နည်းလမ်းများကို ကျန်းမာရေးဝန်ကြီးဌာန မြန်မာနိုင်ငံဆရာဝန်အသင်းနှင့် မြန်မာနိုင်ငံ ဆေးကောင်စီတို့က ဦးစွာရှာဖွေဖော်ထုတ် အကောင်အထည်ဖော်ဖို့ တာဝန်ရှိနေကြောင်း တွေ့ရှိရပါတယ်။

လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးခင်ဗျား။ ပြည်သူ့လွှတ်တော်က အတည်ပြုပြီးဖြစ်သော မြန်မာနိုင်ငံဆေးကောင်စီသည် လွတ်လပ်သော Professional Body ဖြစ်ရေးနှင့် ဆေးပညာရှင်များ ကာကွယ်ရေးအဖွဲ့ Medical Protection Society တို့ဖွဲ့စည်း သက်ဝင်လှုပ်ရှားလာမှသာ အထက် ဖော်ပြပါ ပြဿနာများကို ပီပီပြင်ပြင် ဆောင်ရွက်နိုင်မည်လို့ယူဆပါတယ်။ အဲဒါကြောင့် အချိန်ကာလ အားဖြင့်လည်း ၁ နှစ်ကျော် ကြာသွားပြီဖြစ်တဲ့အတွက် လွှတ်တော်က အတည်ပြုထားတဲ့ ဖော်ပြပါ အဆိုနှစ်ခုအား မည်ကဲ့သို့ အကောင်အထည်ဖော်ဆောင်ရွက်နေသည် မည်သည်‌့ကာလတွင် ပြီးမြောက်မည့်ကို သိရှိလိုပါကြောင်း မေးမြန်တင်ပြအပ်ပါတယ်ခင်ဗျား။

          ဒေါက်တာသိန်းသိန်းဌေး (ဒုတိယဝန်ကြီး၊ ကျန်းမာရေးဝန်ကြီးဌာန)။          ။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ကြီးများရှင့်။ စစ်ကိုင်းတိုင်း  ဒေသကြီး၊ ရွှေဘိုမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်သန်းမှ မြန်မာ နိုင်ငံဆေးကောင်စီအား အစိုးရမဟုတ်သော လွတ်လပ်သော professional Body အဖြစ်ဖွဲ့စည်း ရန်နှင့် ဆေးပညာရှင်များ ကာကွယ်ရေးအဖွဲ့  Medical protection Society ဖွဲ့စည်းရန်အတွက် လိုအပ်သော ဥပဒေ၊ နည်းဥပဒေများ စီမံဆောင်ရွက်ထားရှိမှု အခြေအနေအား သိရှိလိုပါကြောင်း မေးခွန်းနှင့်စပ်လျဉ်း၍ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ကိုယ်စား ဒုတိယဝန်ကြီး ကျွန်မဒေါက်တာသိန်းသိန်းဌေးမှ ဖြေကြားသွားမှာ ဖြစ်ပါတယ်။ ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးမှာ ဗဟန်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ မောင်မောင်ဝင့်မှ တင်သွင်းပြီး ပြည်သူ့လွှတ်တော်မှ အတည်ပြုခဲ့ပြီးဖြစ်သည့် မြန်မာနိုင်ငံ ဆေးကောင်စီအား အစိုးရမဟုတ်သော၊ လွတ်လပ်သော professional Body  အဖြစ်ရပ်တည် ခွင့်ပြုမိန့်အဆိုနှင့် ပတ်သက်၍ မြန်မာနိုင်ငံဆေးကောင်စီသည် မြန်မာနိုင်ငံဆေးကောင်စီဥပဒေပါ လုပ်ငန်းဆောင်ရွက်ချက်များကို ကျန်းမာရေးဝန်ကြီးဌာနသို့ တင်ပြခွင့်ပြုချက်တောင်းရန် လိုအပ် သော ကိစ္စများမှအပ ကျန် professional  ကိစ္စများကို လွတ်လပ်စွာ ဆောင်ရွက်နိုင်ရန်  ကျန်းမာရေး ဝန်ကြီးဌာနနှင့် ညှိုနှိုင်းဆောင်ရွက်လျက် ရှိနေပါသည်။ မြန်မာနိုင်ငံဆေးကောင်စီသည် ဆရာဝန်များ ၏ ဆေးပညာအရည်အသွေးထိန်းသိမ်းရန်နှင့် အများပြည်သူများ ယုံကြည်စိတ်ချရသော ကုသမှုကို ရရှိရန်အတွက် အစိုးရဆေးတက္ကသိုလ်များနှင့်  နောင်တွင်အစိုးရမဟုတ်သော ဆေးတက္ကသိုလ်များ ဖြစ်ပေါ်လာပါက ၎င်းတို့၏အရည်အသွေးကို စစ်ဆေးပြီး ပြည်သူ့လွှတ်တော်သို့ တိုက်ရိုက် အစီရင်ခံ ရန်၊ အစိုးရဆေးတက္ကသိုလ်များ၊ နိုင်ငံခြားဆေးတက္ကသိုလ်များနှင့် နောင်တွင်ပေါ်ပေါက်လာမည့် ပုဂ္ဂလိကဆေးတက္ကသိုလ်များမှ အောင်မြင်သော ဆေးပညာရှင်များကို ၎င်းတို့၏ အဆင့်အတန်း အလိုက် လိုင်စင်ထုတ်ပေးရာတွင် ပြည်သူလူထုကို စိတ်ချယုံကြည်စွာ ကုသနိုင်စွမ်း ရှိ၊ မရှိ  စစ်ဆေး မည့်  Licencing  Examination  စစ်ဆေးနိုင်ရန်၊ ဆေးကုသခွင့် လိုင်စင်ထုတ်ပေးသော ဆရာဝန်များအား ၃ နှစ်တစ်ကြိမ် ဆေးကုသခွင့် လိုင်စင်သက်တမ်းတိုးရာတွင် ဆေးပညာ အရည်အသွေး လုံလောက်မှု ရှိ၊ မရှိ စစ်ဆေးသည့်  အမှတ်ပေးစနစ် Credit point System နှင့် အရည်အသွေးစစ်ဆေးသော  Accreditation System တို့ကိုကျင့်သုံးနိုင်ရန်၊ အဆိုပါစနစ်များကို ၂၀၁၅ ခုနှစ်တွင် စတင်ကျင့်သုံးနိုင်ရန်၊ ဆရာဝန်များနှင့် ဆေးကုသမှုခံယူသူများအား ဖြစ်ပေါ်လာ သည့် ပြဿနာများကို ဖြေရှင်းသည့် အဖွဲ့အစည်း Medical Protection Society အဖွဲ့ဝင်ဖြစ်မှသာ ဆေးကုသခွင့် လိုင်စင်ထုတ်ပေးရန်ဆိုသည့်အချက်ကို ဥပဒေတွင်ထည့်သွင်းရန် ကိစ္စရပ်များကို ဖြစ်မြောက်အောင် ဆောင်ရွက်လျက် ရှိပါတယ်။ ဒါ့အပြင် ဆေးပညာရှင်များ ကာကွယ်ရေးအဖွဲ့ Medical Protection Society ဖွဲ့စည်းနိုင်ရေးအတွက် လိုအပ်သော ဥပဒေ၊ နည်းဥပဒေများ စီမံဆောင်ရွက်သင့်ကြောင်း အဆိုအပေါ် ကျန်းမာရေးဝန်ကြီးဌာနမှ ပြန်လည်ဖြေကြားချက်များကို အ‌ွခေပြု၍ မြန်မာနိုင်ငံဆရာဝန်အသင်း  အစည်းအဝေးမှ ညှိနှိုင်းဆုံးဖြတ်ချက်အရ ရှေ့ပြေးစီမံချက် လုပ်ငန်းတစ်ခုကို ၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလမှာ  ရေးဆွဲခဲ့ပြီးဖြစ်ပါတယ်။ အဆိုပါစီမံချက်အရ  မြန်မာနိုင်ငံဆရာဝန်အသင်းသည် ကျန်းမာရေးဝန်ကြီးဌာန၏ ဦ‌းဆောင်မှုဖြင့် မြန်မာနိုင်ငံ ဆေးကောင်စီ၊ မြန်မာနိုင်ငံဆေးပညာအဖွဲ့၊ အခြားသော မိတ်ဖက်ဆေးပညာရှင်အသင်းများနှင့် ပူးပေါင်း၍ ဆေးပညာရှင်များ ကာကွယ်ရေးအဖွဲ့ Medical Protection Society ဖွဲ့စည်းနိုင်ရေး အတွက် စည်းရုံးဆော်သြခြင်း၊ ပညာပေးခြင်း၊ ပေါင်းစပ်ညှိနှိုင်းခြင်း၊ လေ့လာဆည်းပူးခြင်း၊ အကြံဉာဏ်များ ရယူခြင်းတို့ကို ပြုလုပ်သွားရန်အတွက် လုပ်ငန်းကာလအဆင့်အလိုက် ခွဲခြား၍ လျာထားသတ်မှတ်ခဲ့ပြီး ဖြစ်ပါတယ်။ ဆေးပညာရှင်များ ကာကွယ်ရေးအဖွဲ့သည် ဆေးပညာရှင်များ အတွက် သာမက ဆေးကုသမှုခံယူသူ တိုင်းရင်းသားပြည်သူများနှင့် ဆေးကုသ စောင့်ရှောက်မှု လုပ်ငန်းစဉ်  တစ်ခုလုံးအား ဥပဒေကြောင်းအရ၊ လူ့အခွင့်အရေးအရ၊ ပညာရပ်ပိုင်းဆိုင်ရာအရ အကာအကွယ်ပေးထားသော  professional System  ဖြစ်တဲ့အတွက် ခက်ခဲနက်နဲပြီး ကျယ်ပြန်သော လုပ်ငန်းစဉ်ကြီး ဖြစ်သည့်အားလျော်စွာ အချိန်ယူလေ့လာွပင်ဆင် အဖန်ဖန် တလဲလဲ သုံးသပ်ပြီး ပကတိအခြေအနေနှင့် လိုက်လျောညီထွေမှုရှိစေရန်၊ လုပ်သာကိုင်သာရှိစေရန်  အထူးလိုအပ်ပါသည်။ သို့ဖြစ်ပါ၍ ကျွမ်းကျင်သောပညာရှင်များ၊ အဖွဲ့အစည်းများ၏ အကြံဉာဏ်နှင့် ပံပိုးကူညီမှုများ လိုအပ်မည်ဖြစ်ပါသည်။ လူမှုရေးကဏ္ဍ၊ ပညာရပ်ဆိုင်ရာကဏ္ဍ၊ ဥပဒေကဏ္ဍ၊ လူ့အခွင့်အရေး ကဏ္ဍ၊ ငွေရေးကြေးရေးကဏ္ဍများ စသည်ဖြင့် ရောယှက်နေသော သဘောသဘာဝ လည်းရှိမည်ဖြစ်ပါသည်။ ဆေးပညာရှင်များကာကွယ်ရေးအဖွဲ့   ဖွဲ့စည်းရေးဟာ နေ့ချင်းညချင်းဆောင်ရွက်၍ မရနိုင်ဘဲ ထောင့်စေ့ရန်၊ အကွက်စေ့ရန်၊ ခိုင်မာတိကျစေရန် ၊ လက်ခံနိုင်ချေရှိစေရန် ပြင်ဆင်ဆောင်ရွက်ရမည် ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ မြန်မာနိုင်ငံဆရာဝန်အသင်း အနေဖြင့် အိမ်နီးချင်း အာဆီယံနိုင်ငံများတွင် လက်ရှိကျင့်သုံးလျက်ရှိသော Medical Protection Society ကို အချိန်ယူလေ့လာခဲ့ပြီး ကျွမ်းကျင် ပညာရှင် အချို့ကိုလည်း ခေါ်ယူညှိနှိုင်းခဲ့ပါသည်။ ယခု ၂၀၁၂ခုနှစ် ဒီဇင်ဘာလ အတွင်းမှာ Head of Medical Service, Asia မှ ကျွမ်းကျင်သူ Dr. Ming Keng အား တက်ရောက်ပါရန် ဖိတ်ကြားထားပြီးဖြစ်ပါသည်။ အထက်ပါ ကျွမ်းကျင်သူရောက်ရှိလာချိန်တွင် National Seminar on Medical Protection Society တစ်ခုကို ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်နေ့မှာ ကျန်းမာရေးဝန်ကြီးဌာန ဆေးပညာရှင်အဖွဲ့အစည်းများ၊ ဥပဒေပညာရှင်များ၊ လူမှုရေးအဖွဲ့အစည်း များ၊ ဘဏ်အဖွဲ့အစည်းများနှင့် အခြားဖိတ်ကြားသင့်သည့် ပုဂ္ဂိုလ်များအားလုံးကို ဖိတ်ကြား၍ မြန်မာနိုင်ငံဆရာဝန်အသင်းတွင် ကျင်းပပြုလုပ်သွားရန် စီစဉ်ဆောင်ရွက်ပြီးကြောင်းလည်း တင်ပြအပ် ပါသည်။ အဆိုပါအလုပ်ရုံဆွေးနွေးပွဲမှာ မြန်မာနိုင်ငံ၏ ပကတိအခြေအနေနှင့် ထင်ဟပ်သော ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ၊ ပုဂ္ဂလိက ကျန်းမာရေးဝန်ဆောင်မှု အဆင့်အတန်း၊ ကျန်းမာရေးဆိုင်ရာ  မတော်တဆအန္တရာယ် ဖြစ်နိုင်ချေ လေ့လာဆန်းစစ်ခြင်း (Health Related Risk Assessment )၊ ဆေးပညာရှင်များကာကွယ်ရေးအဖွဲ့၏ မူဝါဒနှင့်လုပ်ငန်းစဉ်များ၊ အာရှနိုင်ငံများ၏ ဆေးပညာရှင်များ ကာကွယ်ရေးအဖွဲ့ ဆောင်ရွက်မှုပုံစံနှင့် မြန်မာနိုင်ငံနှင့် သင့်လျော်မည့် နည်းစနစ်ကို ရှာဖွေခြင်းစသည်တို့ကို ဆွေးနွေးညှိနှိုင်းကြမှာ ဖြစ်ပါသည်။ ယခုကြိုတင်ပြင်ဆင်ချိန်ကာလတွင် မြန်မာနိုင်ငံဆရာဝန်အသင်း ဥက္ကဋ္ဌမှ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး အဖွဲ့ဝင် ၁၀ ဦး ပါဝင်သော  Arbitration Committee  တစ်ရပ်ကို ၂၀၁၂ ခုနှစ် သြဂုတ်လအတွင်းမှာ ဖွဲ့စည်းထားရှိပြီး ဖြစ်ပါကြောင်းနှင့် အဆိုပါအဖွဲ့မှ အောက်ပါလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း တင်ပြအပ် ပါသည်။ အဖွဲ့ဝင် ဆရာဝန်များ၏ ကျန်းမာရေးဆိုင်ရာ အငြင်းပွားမှုများ မ‌ကျေနပ်မှုများ ပြည်သူမှ တိုင်တန်းချက်များအပေါ် ယထာဘူတကျကျ လေ့လာဆန်းစစ်ခြင်း၊ ဥပဒေကြောင်းအရ အကြံပြု ခြင်းနှင့် ပြေလည်မှုရှိစေရန် ဖျန်ဖြေခြင်း၊ ပညာရေးအစီအစဉ်များ ရေးဆွဲခြင်းနှင့် အကောင်အထည် ဖော်ခြင်း လုပ်ငန်းအတွေ့အကြုံအပေါ် အခြေခံ၍ ပြဿနာ အတိမ်အနက်ကို တိုင်းတာခြင်း၊ လေ့လာ သုံးသပ်ခြင်း၊ ကျွမ်းကျင်ပညာရှင်များအား ဖိတ်ကြားခေါ်ယူ ဆွေးနွေးတိုင်ပင် ညှိနှိုင်းခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါတယ်။ သို့ဖြစ်ပါ၍ မြန်မာနိုင်ငံဆရာဝန်အသင်းအနေဖြင့်  Medical Protection Societyအား စနစ်တကျ ပီပီပြင်ပြင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်‌ရေးအတွက် ဦးစားပေးလုပ်ငန်း တစ်ခုအဖြစ် အများပြည်သူအကျိုးအလို့ငှာ အချိန်ယူပြင်ဆင် ဆောင်ရွက်လျက် ရှိပါကြောင်း လေးစားစွာ ဖြေကြားအပ်ပါတယ်ရှင့် ။

၂၀၁၃-၂၀၁၄ ခုနှစ်အတွက် အသစ်တိုးချဲ့ ဖွင့်လှစ်လိုသည့် ကျေးလက်ကျန်းမာရေးဌာန၊ ကျေးလက် ကျန်းမာရေးဌာနခွဲများ၊ သားဖွာဆရာမ ၂ ဦး တိုးချဲ့ခန့်ထားပေးရန်၊ လိုအပ်သည့် ကျန်းမာရေးဌာန၊ မိခင်နှင့်ကလေးကျန်းမာရေးဌာနတို့အား မည်သို့စီစဉ်ဆောင်ရွက်ပေးမည်နှင့် စပ်လျဉ်းသည့်မေးခွန်း

           

          ဦးခင်မောင်ရွှေ(တမူးမဲဆန္ဒနယ်)။။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီး ခင်ဗျား။ ကျွန်တော်ကတော့ ပဲခူးတိုင်းဒေသကြီး၊ တမူးမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ရွှေ ဖြစ်ပါတယ်။ ကျွန်တော့်အနေဖြင့် တမူးခရိုင်အတွင်း ကျေးလက်နေပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှု အလွယ်တကူ ခံစားခွင့်ရရှိရေးကိုရည်ရွယ်ပြီး ဒေသခံပြည်သူများရဲ့ ကိုယ်စား မေးမြန်းသွားမှာဖြစ်ပါတယ်။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ စစ်ကိုင်းတိုင်းဒေသကြီး တမူးခရိုင်အတွင်းမှာ ပြည်သူများ ကျန်းမာရေးစောင့်ရှောက်မှု ရရှိစေရန် အတွက် ခုတင် ၁၀၀ ဆံ့ ခရိုင်အဆင့် ဆေးရုံတစ်ရုံ၊ တိုက်နယ်ဆေးရုံ ၃ ခု၊ ကျေးလက်ကျန်းမာရေးဌာန ၂ ခုနှင့် ကျေးလက်ကျန်းမာရေးဌာနခွဲ ၁၆ ခုတို့ရှိကြောင်း သိရှိရပါတယ်။ ကျေးလက်ကျန်းမာရေးဌာန ခွဲ ၁၆ ခုရှိတဲ့အနက် ခမိတ်ကျေးရွာဟာ ကျေးလက်ကျန်းမာရေးဌာနခွဲအား ကျေးလက်ကျန်းမာရေး ဌာနအဖြစ်သို့လည်းကောင်း၊ မြို့သစ်မြို့နယ်ခွဲမှ လှည်းဆိပ်ကျေးရွာ၊ တမူးမြို့နယ်မှ အလှော်ကျေးရွာ နှင့် ခမ်းပတ်မြို့နယ်ခွဲမှ စွန်လည်ရွာသစ်ကျေးရွာ၊ ကနန်ကျေးရွာ၊ ခမ်းပတ် အမှတ် (၄) ကျေးရွာ တို့အား ကျေးလက်ကျန်းမာရေးဌာနခွဲအတွက် ဖွင်‌့လှစ်ရန်အတွက်လည်းကောင်း၊ တမူးမြို့ပေါ်ရှိ မိခင်နှင့်ကလေးကျန်းမာရေးဌာနအတွက် လိုအပ်လျက်ရှိသော သားဖွားဆရာမ ၂ ဦး ခန့်ထားနိုင်ရေး အတွက် သက်ဆိုင်ရာ ခရိုင် ကျန်းမာရေးဦးစီးဌာနမှ အဆင့်ဆင့် တင်ပြထားပြီးဖြစ်ကြောင်း သိရှိရပါ တယ်။ သို့ပါ၍ အောက်ပါမေးခွန်းအား မေးမြန်းအပ်ပါတယ်။ တမူးခရိုင်အတွင်းရှိ အသစ်တိုးချဲ့ ဖွင်‌့လှစ်လိုသည့် ကျန်းမာရေးဌာန၊ အသစ်တိုးချဲ့ဖွင်‌့လှစ်လိုသည့် ကျန်းမာရေးဌာနခွဲများနှင့် မိခင်နှင့် ကလေးကျန်းမာရေးဌာနတွင်လိုအပ်သည့် သားဖွားဆရာမ ၂ ဦးတို့အား ခန့်ထားပေးရေးတင်ပြချက် တို့အား မည်သို့စီစဉ်ဆောင်ရွက်ပေးမည်ကို သိရှိလိုပါသဖြင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် လေးစားစွာ မေးမြန်းအပ်ပါတယ်ခင်ဗျား။

 

          ဥက္ကဋ္ဌ။           ။ သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနမှ ပြန်လည်ဖြေကြားဖို့ ဖြစ်ပါတယ်။

          ဒေါက်တာသိန်းသိန်းဌေး(ဒုတိယဝန်ကြီး၊ကျန်းမာရေးဝန်ကြီးဌာန)။      ။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တော်ကြီးများရှင်။ စစ်ကိုင်း ဒေသကြီး၊ တမူးမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ရွှေမှ တမူးမြို့နယ်အတွင်းရှိ ၂၀၁၃-၂၀၁၄ ခုနှစ်အတွက် အသစ်တိုးချဲ့ဖွင့်လှစ်လိုသည့် ကျေးလက်ကျန်းမာရေးဌာန၊ ကျေးလက် ကျန်းမာရေးဌာနခွဲများ၊ သားဖွာဆရာမ ၂ ဦး တိုးချဲ့ခန့်ထားပေးရန်၊ လိုအပ်သည့် ကျန်းမာရေးဌာန၊ မိခင်နှင့်ကလေး ကျန်းမာရေးဌာနတို့ တင်ပြချက်များအား မည်သို့စီစဉ်ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းထားခြင်းအပေါ် ကျန်းမာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကိုယ်စား ကျွန်မ ဒုတိယဝန်ကြီး ဒေါက်တာသိန်းသိန်းဌေးမှ ဆက်လက်ဖြေကြားသွားမှာဖြစ်ပါတယ်ရှင်။  စစ်ကိုင်းဒေသကြီး၊ တမူးမြို့နယ်အတွင်းရှိ ခမိတ်ကျေးရွာတွင် ကျေးလက်ကျန်းမာရေးဌာနအသစ် တိုးချဲ့ဖွင့်လှစ်နိုင်ရန်နှင့် လှည်းဆိပ်၊ အလှော်၊ စွန်လည်ရွာသစ်၊ ကနန်နှင့် ခမ်းပတ် အမှတ် (၄) ကျေးရွာများတွင် ကျေးလက်ကျန်းမာရေးဌာနခွဲများ အသစ်ဖွင့်လှစ်ခွင့်ရရှိရန် ၂၀၁၃-၂၀၁၄ ဘဏ္ဍာ ရေးနှစ်အတွင်း စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းဖြေကြားအပ်ပါတယ်။ တမူးမြို့နယ် မိခင်နှင့် ကလေးကျန်းမာရေးဌာနမှ အမျိုးသမီးကျန်းမာရေးဆရာမ ခွင့်ပြု ၁ ဦး၊ ခန့်ထား ၁ ဦး၊ သားဖွား ဆရာမ ခွင့်ပြု ၂ ဦး၊ ခန့်ထား ၂ ဦး အပြည့်ခန့်ထားပြီးဖြစ်ပါတယ်။ တမူးမြို့နယ် မိခင်နှင့်ကလေး ကျန်းမာရေးဌာနတွင် ထပ်မံ၍ သားဖွားဆရာမ ၂ ဦး တိုးချဲ့ခန့်ထားရန် ခွင့်ပြုချက်တောင်းခံပြီး ခွင့်ပြုချက်ရရှိသည့်အချိန်တွင် တိုးချဲ့ခန့်ထားပေးမည်ဖြစ်ပါကြောင်း ဖြေကြားအပ်ပါတယ်ရှင်။ ကျေးဇူးတင်ပါတယ်ရှင်။ (သြဘာသံများ)

          ဥက္ကဋ္ဌ။           ။ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ အစည်းအဝေးကို မိနစ် ၃၀ ခန့် ခေတ္တ ရပ်နားပါမယ်။

အချိန်၊

           

         

ဦးမန်းမောင်မောင်ဉာဏ်၊ ပန်းတနော်မဲဆန္ဒနယ်က ရခိုင်ပြည်နယ်တွင် ၂၃-၁၀-၂၀၁၂ ရက်နေ့မှစ၍ ပေါ်ပေါက်လာသော ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်နေသော ပဋိပက္ခသည် အိုးအိမ်များ မီးလောင် ကျွမ်းခြင်း၊ လူအများ ဒဏ်ရာ ရရှိရုံသာမက သေဆုံးသည်အထိ ဖြစ်လာသည့်အတွက်ကြောင့် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းမှုရရှိရေးအတွက် ပဋိပက္ခဖြစ်ပွားနေသော၊ ဖြစ်နိုင်ချေရှိသော မြို့နယ်များတွင် လုံခြုံရေး လိုအပ်ချက်အရ တပ်ဖွဲ့ဝင်များ အင်အားမြှင့်တင်ခြင်း၊ အဆင့်တိုးမြှင့်ခြင်း အလျင်အမြန်ဆောင်ရွက်ရန်နှင့်     ဥပဒေချိုးဖောက်ခြင်း၊ အခြေခံလူအခွင်‌့အရေးများ ချိုးဖောက်ခြင်းနှင့် ပတ်သက်၍ တရားဥပဒေနှင့်အညီ ညီညွတ်စွာ ပွင့်လင်းမြင်သာစွာ အမြန်ဆုံးစီရင်ဆုံးဖြတ်ရန်တို့ကို ပြည်ထောင်စုအစိုးရအား ဤလွှတ်တော်မှ တိုက်တွန်းကြောင်း အဆိုတင်သွင်းခြင်းနှင့် လက်ခံဆွေးနွေးရန် သင့်၊ မသင့် ဆုံးဖြတ်ရယူခြင်း

          ဥက္ကဋ္ဌ။           ။ ဒီနေ့ မိမိလွှတ်တော်ဥက္ကဋ္ဌထံကို အရေးကြီးအဆိုတစ်ရပ်တင်သွင်းလိုကြောင်း လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက တင်ပြလာပါတယ်။ ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၃၃ အရ အရေးကြီးကိစ္စတစ်ရပ်ကို ဆွေးနွေးရန် ဦးမန်းမောင်မောင်ဉာဏ်၊ ပန်းတနော်မဲဆန္ဒနယ် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီဝင်က မိမိထံ စာဖြင့် ရေးသားလက်မှတ် ရေးထိုးပြီး အဆိုတစ်ရပ်တင်ပြလာပါတယ်။ အဆိုမှာ ရခိုင်ပြည်နယ်မှာ အောက်တိုဘာလ ၂၃ ရက်နေ့ မှစ၍ ပေါ်ပေါက်လာသော ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်နေသော ပဋိပက္ခသည် အိုးအိမ်များ မီးလောင်ကျွမ်းခြင်း၊ လူအများ ဒဏ်ရာရရှိရုံသာမက သေဆုံးသည်အထိ ဖြစ်လာတဲ့အတွက်ကြောင့် တရားဥပဒေစိုးမိုးရေးနှင်‌့ တည်ငြိမ်အေးချမ်းရေးကော်မတီမှ အရေးကြီးအဆို တင်သွင်းရန် ၂၅-၁၀-၂၀၁၂ ရက်နေ့တွင် ကျင်းပခဲ့သော အစည်းအဝေးမှ ဆုံးဖြတ်ခဲ့ပါတယ်။ ရခိုင်အရေးခင်းသည် လောလောဆယ် ပေါ်ပေါက်လာသော အရေးအခင်းဖြစ်၍ အများပြည်သူနှင့် အရေးကြီး သက်ဆိုင် သော ကိစ္စဖြစ်ပါတယ်။ ဒီအဆို တင်သွင်းဖို့ ပန်းတနော်မဲဆန္ဒနယ်မှ ဦးမန်းမောင်မောင်ဉာဏ်အား ဖိတ်ခေါ်ပါတယ်။

          ဦးမန်းမောင်မောင်ဉာဏ်(ပန်းတနော်မဲဆန္ဒနယ်)။  ။ လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော်ရဲ့ အရေးကြီးအဆိုကို ခွင့်ပြုတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။ ဥက္ကဋ္ဌကြီးနှင့် ကိုယ်စား လှယ်များကို အားလုံးပဲ လေးစားပါတယ်။ ကျွန်တော်တို့ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်း ရေးမှာ လုပ်ငန်းတာဝန်တစ်ရပ်အနေနဲ့ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးမှတစ်ဆင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု အောင်မြင်ရေးအတွက် လေ့လာသုံးသပ်ဆောင်ရွက်ရမယ်လို့ သတ်မှတ် ထားတာရှိပါတယ်။ ဒီကနေ့ ရက်ပိုင်းအတွင်းမှာပဲ ရခိုင်ပြည်နယ်အတွင်းမှာ မြောက်ဦးမြို့နယ်၊ မင်းပြားမြို့နယ်၊ ကျောက်ဖြူမြို့နယ်များအတွင်းမှာ ပေါ်ပေါက်နေတဲ့ ပဋိပက္ခများကြောင့် လူတွေ သေဆုံးမှုတွေ၊ ဒဏ်ရာရမှုတွေ၊ နေအိမ်မီးလောင်ဆုံးရှုံးမှုတွေ ဖြစ်ပေါ်နေတယ်ဆိုတာ အားလုံးသိကြမှာ ဖြစ်ပါတယ်။ မြောက်ဦးမြို့နယ်မှာ လုံခြုံရေးတာဝန်ရှိသူများပင် ကျဆုံးတယ်လို့ ကြားသိရပါတယ်။ မင်းပြားတို့၊ ကျောက်ဖြူတို့မှာလည်း တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန် မီးရှို့မှုများ ဖြစ်ပွားခဲ့တာ ကြောင့် ဒဏ်ရာရသူအချို့ရှိနေကြောင်း သတင်းများ ကြားသိရပါတယ်။ မြောက်ဦးမြို့နယ်အနေနဲ့တော့ ရဟန်းသံဃာများ အပါအဝင် မြို့မိမြို့ဖတွေက ဝင်ပြီးတော့ ညှိနှိုင်းစေ့စပ်တဲ့အတွက် အေးချမ်းမှု တချို့ ပြန်လည်ရရှိတယ်လို့လည်း သိရပါတယ်။ ပဋိပက္ခများ ဆက်လက်ဖြစ်ပွားဖို့ အခြေအနေ ရှိတယ်လို့ လည်း သုံးသပ်ရရှိပါတယ်။ ဒါကြောင့် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းမှုရရှိရေးအတွက် ပဋိပက္ခဖြစ်ပွားနေတဲ့ နေရာတွေ၊ ဖြစ်နိုင်ချေရှိတဲ့ မြို့နယ်တွေမှာ လုံခြုံရေးလိုအပ်ချက်များအရ တပ်ဖွဲ့ ဝင်များ အင်အားဖြည့်တင်းခြင်း၊ အဆင့်တိုးမြှင့်ခြင်း၊ အလျင်အမြန်ဆောင်ရွက်စီစဉ်ပေးရန်နှင့် ဥပဒေ ချိုးဖောက်ခြင်း၊ အခြေခံလူအခွင့်အရေးများ ချိုးဖောက်ခြင်းနှင့် ပတ်သက်ပြီးတော့ တရားဥပဒေနှင့် ညီညွတ်ပြီး ပွင့်လင်းမြင်သာစွာ အမြန်ဆုံးစီစဉ်ဆောင်ရွက်ဆုံးဖြတ်ပေးပါလို့ ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုကို လေးစားစွာ တင်ပြအပ်ပါတယ်ခင်ဗျား။ အားလုံးကို ကျေးဇူးတင်ပါတယ်။

         

          (ကိုယ်စားလှယ်တစ်ဦး)။။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ဧည့်သည်တော်များ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တော်ကြီးများခင်ဗျား။ ဦးမန်းမောင်မောင်ဉာဏ် တင်သွင်းတဲ့ အဆိုဟာ အရေးကြီးတဲ့ အဆိုတစ်ခု ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်အတွင်းမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကို နိုင်ငံတော်အစိုးရနှင့် ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ တိုင်းရင်းသားများ ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်တဲ့အတွက် တည်ငြိမ်အေးချမ်းမှုရကာစအချိန်မှာ အခုတစ်ခါ ထပ်မံဖြစ်ပွားတဲ့ ပြဿနာဟာ ရိုးသားမှုမရှိဘူးလို့ ယူဆ ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဘက္ကရီးအစ်နေ့ နီးတဲ့အချိန်၊ နောက်တစ်ခါ မြို့ ၄ မြို့ မြောက်ဦး၊ မင်းပြား၊ ကျောက်ဖြူ၊ မြေပုံမှာ တစ်ပြိုင်တည်းဖြစ်တဲ့အချိန်ဟာ ကျွန်တော်တို့ဟာ ဒါဟာ ရိုးရိုးသားသား ဖြစ်ပွားတဲ့ ပြဿနာတစ်ခု မဟုတ်ဘူးလို့ ယူဆပါတယ်။ ဒါဟာ ကျွန်တော်တို့ရဲ့ တိုင်းရင်းသားတွေ စည်းလုံးညီညွတ်မှုပျက်ပြားအောင် နောက် ဒို့တာဝန်အရေး ၃ ပါး ကို ထိခိုက်စေနိုင်သည့်အထိ ဖြစ်လာနိုင်တဲ့ အခြေအနေမျိုးလို့ ယူဆပါတယ်။ ဒါကြောင့် ဦးမန်းမောင်မောင်ဉာဏ်ရဲ့ အဆိုကို လက်ခံဆွေးနွေးသင့်ကြောင်း လေးနက်စွာ ထောက်ခံတင်ပြအပ်ပါ တယ်ခင်ဗျား။

          ဥက္ကဋ္ဌ။           ။ အရေးကြီးအဆိုဆွေးနွေးရန် ဆက်လက်ဆောင်ရွက်ပါမယ်။ အမည်စာရင်း တင်သွင်းထားသူများ သူရဦးအောင်ကို(ကန်ပက်လက်)၊ ဦးတင်မောင်ဦး(ရွှေပြည်သာ)၊ ဒေါ်နန်းစေအွာ (ဘားအံ)၊ ဦးရွှေမောင်(ဘူးသီးတောင်)၊ ဦးသာစိန်(ကျောက်တော်)၊ ဒေါက်တာဇော်မြင့်မောင် (ကျောက်ပန်းတောင်း)၊ ဦးထွန်းအောင်ကျော်(ပုဏ္ဏားကျွန်း)၊ ဦးခိုင်မောင်ရည်(အလုံ)၊ ဦးစိုင်းမောင်တင် (လဲချား)တို့ဖြစ်ပါတယ်။ ဆွေးနွေးတဲ့နေရာမှာ ပြည်သူ့လွှတ်တော်နည်းဥပဒေ ၁၃၀ နှင့် ၁၃၃ အရ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဆွေးနွေးတဲ့နေရာမှာ အခုဖြစ်စဉ်အကြောင်းအရာဟာ ဘာကြောင့် ဖြစ်တယ်။ ဘယ်သူ့ကြောင့်ဖြစ်တယ်။ ဘယ်လိုဖြစ်တယ်ဆိုတာတွေ ဒီအဆိုမှာဆွေးနွေးဖို့မလိုပါဘူး။ ဆွေးနွေးရာမှာ အဆိုနဲ့အဓိက သက်ဆိုင်တာများကိုသာ ဆွေးနွေးဖို့ဖြစ်ပါတယ်။ ဒို့တာဝန်အရေး သုံးပါးကိုမထိခိုက်စေဖို့၊ နိုင်ငံရေးအလို့ငှာ ဘာသာရေး၊ သာသနာရေးကိုရှေ့တန်းတင်ပြီးတော့ ပြောဆို ဆွေးနွေးမှုမရှိဖို့ ဥက္ကဋ္ဌအနေနဲ့ ဆွေးနွေးမှုဟာလုံလောက်ပြီဆိုရင်၊ လုံလောက်ပြီလို့ယူဆရင် အမည် စာရင်းပေးထားသူအားလုံးမလိုဘဲနဲ့ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်းလည်း အသိပေးလိုပါ တယ်။ ဒါကြောင့် ဦးမန်းမောင်မောင်ဉာဏ် တင်သွင်းတဲ့အရေးကြီးအဆိုအပေါ် သူရဦးအောင်ကိုက စတင်ဆွေးနွေးဖိတ်ခေါ်ပါတယ်။

          သူရဦးအောင်ကို(ကန်ပက်လက်မဲဆန္ဒနယ်)။               ။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် ကိုယ်စားလှယ်တော်ကြီးများအားလုံး ကာယစိတ္တသုခအဖြာဖြာနဲ့ ပြည့်ဝကြပါစေကြောင်း ဆုမွန်တောင်းအပ်ပါတယ်။ အရေးကြီးအဆိုနှင့်ပတ်သက်ပြီးတော့ ကျွန်တော့်အနေနဲ့ ဆွေးနွေးရမယ် ဆိုလို့ရှိရင် ဒီလ အောက်တိုဘာလ ၂၃ ရက်နေ့မှာ မင်းပြားမြို့နယ်နှင့် မြောက်ဦးမြို့နယ်အတွင်းမှာ နေထိုင်ကြတဲ့ လူပုဂ္ဂိုလ်‌တွေကြားမှာ ပဋိပက္ခတွေဖြစ်ခဲ့ပါတယ်။ ဖြစ်လို့အိမ်ခြေ ၁၀၀၀ ကျော်လည်း မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ပါတယ်။ အဲ့ဒီ ပဋိပက္ခတွေက မနေ့တစ်နေ့က ကျောက်ဖြူ၊ မြေပုံမြို့နယ် များအထိကူးစက်သွားခဲ့ပါတယ်။ ဒီဆုံးရှုံးမှုတွေက ရခိုင်ပြည်နယ်ရဲ့ ဆုံးရှုံးမှုတွေဖြစ်သလိုပဲ ပြည်ထောင်စုကြီးရဲ့ ဆုံးရှုံးမှုများလို့လည်းဆိုနိုင်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ဒီနေ့ကမ္ဘာကို ပြန်ကြည်‌့လို့ရှိရင် နိုင်ငံပေါင်း ၂၅၀ ကျော်နဲ့ဖွဲ့စည်းထားပါတယ်။ အဲ့ဒီ ကမ္ဘာကြီးမှာရှိတဲ့နိုင်ငံတွေမှာ နိုင်ငံအားလုံးကိုပြန်ကြည့်လို့ရှိရင်လည်း လူမျိုးတစ်မျိုးတည်းနေထိုင်တဲ့နိုင်ငံဆိုတာမရှိ သလောက် ပါပဲ။ ဘာသာတစ်ခုတည်းကိုးကွယ်တဲ့ နိုင်ငံဆိုတာမရှိသလောက်ပါပဲ။ လူဦးရေတစ်သန်းပင်မပြည့်တဲ့ နိုင်ငံငယ်များသော်မှ လူမျိုးများစွာနဲ့ဖွဲ့စည်းနေထိုင်ကြပါတယ်။ ကိုးကွယ်တဲ့ဘာသာမျိုးစုံလည်း ရှိကြပါတယ်။ နောက် ကမ္ဘာကြီးက ဒီကနေ့က Information Technology ခေတ်ရောက်လာတဲ့ အခါမှာ ကမ္ဘာကြီးကလည်း ရွာကြီးတစ်ရွာအနေအထားသို့ရောက်ရှိနေပါပြီ။ ဒီကာလမှာ ကမ္ဘာ့ အရှေ့ဖျားကဖြစ်ပျက်နေတဲ့ ပဋိပက္ခပြဿနာ သတင်းကလည်း ကမ္ဘာ့အနောက်ဖျားက စက္ကန့်ပိုင်း အတွင်းမှာကြားသိနေရပါတယ်။ တောင်ဖျား၊ မြောက်ဖျားလည်း ထိုနည်းတူပါပဲ။ ကမ္ဘာကြီးက ရွာကြီး တစ်ရွာအဖြစ်နဲ့ဖြစ်ပေါ်လာတဲ့အခါမှာ အဲ့ဒီရွာကြီးအတွင်း ရွာကြီးနဲ့တူတဲ့နိုင်ငံတွေအတွင်းမှာ နေထိုင် ကြတဲ့လူသားများအနေနဲ့ ခုန ကိုးကွယ်တဲ့ဘာသာ၊ မတူညီမှု၊ ခြားနားမှုများရှိနေမှာဖြစ်ပါတယ်။ မျိုးနွယ်စုမတူညီမှု၊ ခြားနားမှုများရှိမှာဖြစ်ပါတယ်။ ဒီသဘောပါပဲ။ ရခိုင်ပြည်နယ်မှာလည်း ခုနက ကိုးကွယ်တဲ့ဘာသာမတူညီမှု၊ မျိုးနွယ်စုမတူညီမှုတွေရှိနေပါတယ်။ တစ်ခုရှိပါတယ်။ ကျွန်တော်တို့ လောကကြီးမှာ ကောင်းမွေ၊ ဆိုးမွေဆိုတာရှိပါတယ်။ သူ့ကျွန်ဘဝရောက်ခဲ့တဲ့ ကိုလိုနီဘဝ ရောက်ခဲ့တဲ့ အကျိုးဆက်အဖြစ် ရခိုင်ပြည်နယ်အတွင်းမှာ ခုနက ဘင်ဂါလီမျိုးနွယ်စုများ လာရောက် နေထိုင်ခဲ့ကြပါ တယ်။ ဒါက ကောင်းတဲ့အမွေတော့ မဟုတ်ပါဘူး။ သို့သော်လည်း တစ်ဖက်ကကြည့်လို့ရှိရင် ရခိုင် ပြည်နယ်အနေနဲ့ မြေပေါ် မြေအောက်၊ ရေပေါ် ရေအောက်၊ ပင်လယ်ပြင်အောက်မှာလည်း ရေနံ၊ ဓာတ်ငွေ့သယံဇာတတွေ နောက် ပင်လယ်ပြင်ငါးမျိုးစုံသယံဇာတတွေပေါကြွယ်ဝတဲ့ဟာလည်းရှိပါ တယ်။ နောက်ပြီးတော့ အင်မတန်ကို ရှေးကျခေတ်မီတဲ့ အနုပညာယဉ်ကျေးမှုတွေထွန်းကားတဲ့ ပြည်နယ်ဖြစ်ပါတယ်။ ကောင်းမွေတွေဖြစ်ပါတယ်။ လောကကြီးမှာ ကောင်းမွေနှင့် ဆိုးမွေကလည်း ရောယှက်နေပါတယ်။ ခွဲခြားလို့မရပါဘူး။ ကျွန်တော်တို့ မျိုးနွယ်စုများအ‌နေနဲ့ကြည့်လို့ရှိရင် ဘိုးစဉ်ဘောင်ဆက်ကထားခဲ့တဲ့ ကောင်းမွေကိုတော့ဖြင့်လက်ခံမယ်။ ဆိုးမွေကိုတော့ဖြင့် လက်မခံဘူး။ ငြင်းပယ်ခွင့်၊ ငြင်းပယ်လို့မရပါဘူး။ ဒါဟာ ယနေ့ ကမ္ဘာ့ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာကနေ ကျင့်သုံးလက်ခံထားတဲ့ လူသားရေးရာမူဝါဒဖြစ်ပါတယ်။ အဲ့ဒီအခါမှာ မတူညီတဲ့ ကွဲပြားခြားနားမှုတွေ ကို ခုနက ပဋိပက္ခအသွင်းမျိုးမရောက်စေဘဲနဲ့ သဟဇာတဖြစ်အောင်၊ ငြိမ်းချမ်းအောင် ပညာပေး စည်းရုံးတည်ဆောက်ခြင်းနဲ့သာလျှင် ပြည်နယ်တိုးတက်မှုရှိအောင်လုပ်ရမှာဖြစ်ပါတယ်။ အခု ရခိုင် ပြည်နယ်ရဲ့ အခုမတည်ငြိမ်မှုအရေးဟာ ပြည်ထောင်စုရဲ့အရေးဖြစ်ပါတယ်။ ပြည်ထောင်စုရဲ့အရေး ဟာလည်းပဲ ဒေသတွင်းရဲ့အရေးဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ရခိုင်ပြည်နယ်ကိစ္စမှာ ဘယ်သူ မှားတယ်။ မှန်တယ်။ ကျွန်တော်တို့မဆွေးနွေးလိုပါဘူး။ ဒါနှင်ပတ်သက်ပြီးတော့ ရေရှည်တည်ငြိမ် အေးချမ်းမှုရရှိအောင် အားလုံးဝိုင်းဝန်းတည်ဆောက်ကြရမှာဖြစ်ပါတယ်။ ပြည်နယ်တစ်ခု၊ နိုင်ငံတစ်ခု တည်ငြိမ်အေးချမ်းမှုမရှိလို့ရှိရင် တရားဥပဒေစိုးမိုးမှုမရနိုင်ပါဘူး။ တရားဥပဒေစိုးမိုးမှုမရှိလို့ရှိရင် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးများလည်း ရရှိနိုင်မှာမဟုတ်ပါဘူး။ ဒါကြောင့်မို့လို့ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်မှုအတွက်ပဲဖြစ်ဖြစ်၊ ပြည်ထောင်စုကြီး တည်ငြိမ်းအေးချမ်းဖို့ဖြစ်ဖြစ် ဝိုင်းဝန်ပြီးတော့မှ ငြိမ်းချမ်းတဲ့နည်းနဲ့ စေ့စပ်ညှိနှိုင်းတဲ့နည်းနဲ့ ဖြေရှင်းသွားဖို့ လိုအပ်မှာဖြစ်ပါတယ်လို့တင်ပြလိုပါတယ်။ အထူးသဖြင့် ရခိုင်တိုင်းရင်းသားများသာမကပါဘူး။ ပြည်ထောင်စု တိုင်းရင်းသားအားလုံးအနေဲ့ ထားရမယ့်သဘောထားကလည်းပဲ မိမိပြည်နယ်၊ မိမိလိုလားချက် တစ်ခုတည်းကိုသာ မကြည်‌့ဘဲနဲ့ ပြည်ထောင်စုကြီးအတိုင်းအတာနှင့် နိုင်ငံတကာအတိုင်းအတာနဲ့ ကြည်‌့ဖို့ လိုအပ်ပါတယ်။ အိမ်နား နီးချင်း နိုင်ငံတွေမှာလည်းပဲ ကျွန်တော်တို့ တိုင်းရင်းသားတွေသွားရောက်ပြီးတော့ အလုပ်လုပ်ကိုင်နေ တာတွေရှိပါတယ်။ ဒါကြောင့်မို့လို့ ကမ္ဘာကြီးမှာခွဲခြားလို့မရပါဘူး။ ဒါကြောင့်မို့လို့ သဘောထား ကြီးကြီး၊ အမြင်ကျယ်ကျယ်နဲ့ ထိတွေ့ဆက်ဆံသွားဖို့၊ ငြိမ်းချမ်းစွာနေထိုင်သွားဖို့လိုအပ်လှပါတယ်။ သာမန်အားဖြင့်ကြည်‌့ရင် ပုံမှန်အားဖြင့်ကြည့်ရင် ရခိုင်ပြည်နယ်မှာ ရခိုင်တိုင်းရင်းသားများက အိမ်ရှင် များဖြစ်တယ်။ နိုင်ငံသား၊ တိုင်းရင်းသားများဖြစ်ပါတယ်။ ဘင်ဂါလီမျိုးနွယ်စုများက ဧည့်နိုင်ငံသားများ ဖြစ်ပါတယ်။ နိုင်ငံသား တိုင်းရင်းသား အိမ်ရှင်ကလည်းပဲ ဧည့်သည်အပေါ်မှာ ကူညီစောင့်ရှောက်မှုမျိုး ပေးရပါမယ်။ ဧည့်နိုင်ငံသားကလည်း အိမ်ရှင်ကိုထိပါး စော်ကားတာမျိုးလည်း ရှောင်ရှားရပါမယ်။ ပဋိပက္ခဆိုတာနှစ်ဖက်ကြောင့်ဖြစ်တာပါ။ လက်ခုပ်ဆိုတာနှစ်ဖက်တီးမှမြည်တာပါ။ ဒါကြောင့်မို့လို့ ဒီကိစ္စမှာ ကျွန်တော်တင်ပြချင်တာက ရေရှည်တည်တဲ့မယ့် တည်ငြိမ်အေးချမ်းမှုကို အမျိုးသားရေး အဆင့် နိုင်ငံတော်အဆင့် အစီအမံများချမှတ် အကောင်အထည် ဖော်ဖို့လိုနေပြီ ဆိုတာတင်ပြလိုပါတယ်။ အခု ကျွန်တော်တို့ခေတ်တွေလည်း ပြောင်းခဲ့ပါပြီ။ စနစ်တွေလည်း ပြောင်းခဲ့ပါပြီ။ ကမ္ဘာကြီးကလည်းပဲ နယ်နိမိတ်၊ ခြံစည်းရိုးမရှိတော့ပါဘူး။ အားလုံးတိုးယိုပေါက်ဖြစ်နေပါပြီ။ ဒီအချိန်မှာ ပဋိပက္ခဖြစ်ခြင်း အားဖြင့် ပြုလုပ်ခြင်းအားဖြင့် တည်ငြိမ်းအေးချမ်းမှု၊ တိုးတက်မှု၊ ကြွယ်ဝချမ်းသာမှုတွေ မရနိုင်ပါဘူး။ ခုန သားစဉ်မြေးဆက်တည်ငြိမ်အေးချမ်းမှု၊ လူ့အခွင့်ရေးအပြည့်အဝရရှိမှု၊ ဒီမိုကရေစီ အပြည့်အဝရရှိမှု တွေကို ဒီကနေ့ဖော်ဆောင်ရမှာဖြစ်ပါတယ်။ အဲ့ဒီအခါမှာ အောက်ခြေမှာဖြစ်ပေါ်နေတဲ့ အသေးအဖွဲ ပဋိပက္ခများဖြစ်ခဲ့လို့ရှိရင်လည်းပဲ သက်ဆိုင်ရာပြည်သူ့ကိုယ်စားလှယ်များရှိပါတယ်။ လွှတ်တော် ကိုယ်စားလှယ်များ ရှိပါတယ်။ ကိုယ်စားလှယ်များကတစ်ဆင့် လွှတ်တော်မှာတင်ပြဖြေရှင်းလို့ရပါတယ်။ ခုန သို့မဟုတ်လို့ရှိရင်လည်းပဲ သက်ဆိုင်ရာပြည်နယ်အစိုးရ အဲ့ဒီကနေတစ်ဆင့် ပြည်ထောင်စုအစိုးရ ထံလည်း တိုက်ရိုက် သမ္မတကြီးအဆင့်အထိ အခက်အခဲများကိုဆက်သွယ်တင်ပြလို့ရပါတယ်။ ပြဿနာဖြေရှင်းလို့ရပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော့်အနေနဲ့ နိဂုံးချုပ်တင်ပြချင်တာကတော့ ရခိုင်ပြည်နယ်မှာ ရေရှည်တည်တံ့ခိုင်မြဲမယ့် တည်ငြိမ်မှု၊ အေးချမ်းမှုရရှိအောင် နိုင်ငံတော်အဆင့်၊ ပြည်ထောင်စုအဆင့် အစီအမံများ ချမှတ်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း ဆွေးနွေးတင်ပြရင်းနဲ့ နိဂုံး ချုပ်အပ်ပါတယ်ခင်ဗျား။

 

          ဥက္ကဋ္ဌ။           ။ ဦးတင်မောင်ဦး မဆွေးနွေးခင် အဆိုရှင်ရဲ့ တင်ပြချက်ကိုလည်း ထပ်မံတင်ပြ လိုပါတယ်။ တရားဥပဒေစိုးမိုးရေးနှင်‌့ တည်ငြိမ်အေးချမ်းရေးကော်မတီရဲ့ တာဝန်ဟာ တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းမှုမှတစ်ဆင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုအောင်မြင်ရေးဆိုပြီးတော့ ကျွန်တော်တို့ လွှတ်တော်က ဒီကော်မတီကို တာဝန်ပေးထားပါတယ်။ ကော်မတီရဲ့ ဆုံးဖြတ်ဆောင်ရွက် မှုနှင့် အဆိုတင်သွင်းမှုဟာလည်း တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းမှုရရှိရေးအတွက် ပဋိပက္ခဖြစ်ပွားနေသော ဖြစ်နိုင်ချေရှိသော မြို့နယ်များတွင် လုံခြုံရေးလိုအပ်ချက်အရ တပ်ဖွဲ့ဝင်များ အင်အားတိုးမြှင့်ခြင်း၊ အဆင့်တိုးမြှင့်ခြင်း၊ အလျင်အမြန်ဆောင်ရွက်ရန်နှင့် ဥပဒေချိုးဖောက်ခြင်း၊ လူအခွင့်အရေးများ ချိုးဖောက်ခြင်းနှင့်ပတ်သက်၍ တရားဥပဒေနှင့်ညီညွတ်စွာ ပွင့်လင်းမြင်သာစွာ အမြန်ဆုံးစီရင်ဆုံးဖြတ်နိုင်ရန်တို့ကို ပြည်ထောင်စုအစိုးရအား ဤလွှတ်တော်မှ တိုက်တွန်းကြောင်း အဆိုတင်သွင်းခြင်း ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ရှည်ရှည်ဝေးဝေး ဆွေးနွေးမယ့်အစား ဒီအဆိုဟာ တကယ်ဖြစ်သင့်တဲ့အဆိုဖြစ်တယ်။ ဒါကြောင့်မို့လို့ ထောက်ခံပါတယ် သို့မဟုတ် ကန့်ကွက်ပါတယ်။ ဒါပဲ ဆွေးနွေးပေးပါ။ ကျန်တာတွေ ကျွန်တော်တို့ အချိန်ကုန်ပါတယ်။ ဒါကြောင့်မို့လို့ ဦးတင်မောင်ဦး ဆွေးနွေးပါ။

          ဦးတင်မောင်ဦး(ရွှေပြည်သာမဲဆန္ဒနယ်)။  ။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးခင်ဗျား။ တင်သွင်းသွားတဲ့ အရေးပေါ်အဆိုနှင့်ပတ်သက်လို့၊ ဖြစ်စဉ်နှင့်ပတ်သက်လို့လည်း အားလုံးက သိပြီး ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ အကျဉ်းချုပ်တင်ပြလိုတာကတော့ ဖြစ်စဉ်ဟာ ၂၀၁၂ ခုနှစ် မေလ၊ ဇွန်လကစပြီးတော့ ရခိုင်ပြည်နယ်မှာရှိတဲ့ နတ်မြစ်၊ လေးမြို့မြစ်၊ မယူမြစ်၊ ကုလားတန်မြစ်ရဲ့ အနောက်ဘက်အခြမ်းမှာရှိတဲ့ ဒေသကနေစတင်ဖြစ်ပွားခြင်း ဖြစ်ပါတယ်။ သမိုင်း ကြောင်းအရလည်း များစွာ ရှည်လျားပါတယ်။ သို့သော် ယနေ့ဖြစ်နိုင်တဲ့ ဖြစ်စဉ်သည် လူမျိုးရေးနှင့် ဘာသာရေးကို အခြေခံတာ မဟုတ်ဘဲနှင့် ပြီးခဲ့တဲ့ ၆ လလောက်က စတင်ပြီးတော့ တအုံနွေးနွေးနဲ့ စတင်ဖြစ်ပွားခြင်းသည် ယနေ့အချိန်ထိ ပြီးဆုံးခြင်းမရှိဘဲနှင့် ကူးစက်လာခြင်း ဖြစ်ပါတယ်။ အလားတူ ရခိုင်ပြည်နယ်အပြင် ရခိုင်ပြည်နယ်နှင့်ဆက်စပ်နေတဲ့ တိုင်းနှင့် ပြည်နယ်အသီးသီးမှာလည်း သတင်း အမျိုးမျိုးထွက်ပေါ်ပြီးတော့ ပြည်သူလူထုအချို့ဟာ စိုးရိမ်ပူပန်မှုတွေဖြစ်နေကြောင်း ကြားသိနေရပါ တယ်။ ဒါကြောင့် ယခုတင်သွင်းသွားတဲ့ အဆိုနှင့် ပတ်သက်ပြီးတော့ ပထမအချက်အနေနဲ့ ဖြစ်စဉ် ဖြစ်ပွားတာဟာ ကြာပြီဖြစ်တဲ့အတွက်ကြောင့် ထိရောက်တဲ့ လုပ်ဆောင်မှုတွေကို ဆောင်ရွက်ပေးဖို့နှင့် အခြား ဒေသတွေပါ ကူးစက်မှုမရှိစေဖို့အတွက် တာဝန်ယူဖို့ လိုမှာဖြစ်ကြောင်း တွေ့ရှိရပါတယ်။ ဒုတိယအချက်အနေနဲ့ လက်ရှိအခြေအနေကို အမြန်ဆုံးပုံမှန်အခြေအနေရောက်အောင် ဆောင်ရွက် ပေးဖို့ လိုမယ်လို့ တွေ့ရှိရပါတယ်။ တတိယအချက်အနေနဲ့ တရားဥပဒေစိုးမိုးရေးကို ထိထိရောက် ရောက်ဆောင်ရွက်မှသာ လိုအပ်တဲ့ ဒီမိုကရေစီအခွင့်အရေးတွေ အမြန်ဆုံးရရှိမှာ ဖြစ်ပါတယ်။ နောက် တရားဥပဒေစိုးမိုးရေးကို ဆောင်ရွက်ပေးဖို့ ဖြစ်ပါတယ်။ စတုတ္ထအချက်အနေနဲ့ ဘာသာရေးနှင့် လူမျိုးရေးအရ ဖြစ်ပွားခြင်းမရှိတာ တွေ့ရတဲ့အတွက် ဒါနှင့်ပတ်သက်ပြီးတော့ ဖြစ်စဉ်မှာပါဝင်တဲ့ အသင်းအဖွဲ့တွေကို ဖော်ထုတ်ပြီးတော့ ထိထိရောက်ရောက် အရေးယူဖို့လည်း လိုမယ်လို့ တွေ့ရှိရပါ တယ်။ နောက်တစ်ချက်အနေနဲ့ ဒီဖြစ်စဉ်တွေကြောင့် အတိဒုက္ခရောက်သွားတဲ့ ပြည်သူလူထုအားလုံးကို ထိခိုက်ဆုံးရှုံးပျက်စီးမှုတွေ အမြန်ဆုံးပြန်လည်ထူထောင်ပေးနိုင်ဖို့ လိုမယ်လို့လည်း တွေ့ရှိရပါတယ်။ နောက်ဆုံးအချက်အနေနဲ့တော့ လွှတ်တော်ရယ်၊ အစိုးရရယ်၊ နိုင်ငံရေးပါတီတွေရယ်၊ NGO, INGO စတဲ့ အသင်းအဖွဲ့ပေါင်းစုံရဲ့ ကူညီမှုများနှင့်ဆောင်ရွက်ဖို့ တင်ပြလိုပါတယ်။ အဆိုအားလည်း ထောက်ခံကြောင်း တင်ပြရင်းနဲ့ နိဂုံးချုပ်ပါတယ်။

         

          ဒေါ်နန်းစေအွာ(ဘားအံမဲဆန္ဒနယ်)။        ။ လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးရှင့်။ ရခိုင်ပြည်နယ် အရေးအခင်းကို ငြိမ်းချမ်းစွာဖြေရှင်းရေးအဆိုနှင့်ပတ်သက်ပြီး ၂၀၁၂ ခုနှစ် မေ၊ ဇွန်လအတွင်းမှာ ဖြစ်ပွားခဲ့တဲ့ ရာဇဝတ်မှုတွေကို အကြောင်းပြုပြီး ရခိုင်ပြည်နယ်အတွင်းမှာ လူအုပ်စုချင်း အကြမ်းဖက်မှု၊ မီးရှို့ဖျက်ဆီးမှုများကြောင့် သေဆုံးသူ၊ ဒဏ်ရာရသူများရှိခဲ့ကြောင်း၊ ဘာသာရေး အဆောက်အအုံများ မီးလောင်ဆုံးရှုံးခဲ့ကြောင်း၊ ဒေသခံပြည်သူ ၆၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ပွားခဲ့ ကြောင်း၊ ၎င်းကိစ္စနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ် အစိုးရက ဦးဆောင်ကာ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် တပ်မတော်သား အပါအဝင် ဒေသခံပြည်သူများ ပူးပေါင်းပြီး ဥပဒေစိုးမိုးရေးနှင့် ရပ်ရွာတည်ငြိမ် အေးချမ်းရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း သိရှိခဲ့ရပါတယ်ရှင့်။ သို့သော်လည်းပဲ ၂၀၁၂ ခုနှစ်၊ အောက်တိုဘာ ၂၄ ရက်နေ့အထိ ကျောက်ဖြူ၊ မင်းပြား၊ မြေပုံနှင့် မြောက်ဦးတို့မှာ ဆူပူမှု ထပ်မံ ဖြစ်ပွားခဲ့ကြောင်း သိရှိရပါတယ်ရှင့်။

          ဥက္ကဋ္ဌကြီးရှင့်။ ရခိုင်တိုင်းရင်းသားအရေးဟာ ပြည်ထောင်စုတိုင်းရင်းသား အရေးဖြစ်တဲ့ အတွက် ဆူပူမှုဆက်လက်မဖြစ်ပွားစေရန်အတွက် မြန်မာနိုင်ငံမှာရှိတဲ့ ရဲတပ်ဖွဲ့ဝင်များ၊ တပ်မတော်နှင့် ဒေသခံပြည်သူများက ဒီထက်ပိုပြီးတော့ ဝိုင်းဝန်းကူညီဆောင်ရွက်သင်‌့ကြောင်း အကြံပြုတင်ပြလိုပါ တယ်ရှင့်။ ဒါကြောင့် လုံခြုံရေးအင်အားကို ပိုမို၍ ထပ်မံဖြည့်ခြင်းအပြင် ဆူပူမှုဖြစ်ပွားနေခြင်းကို ကြိုးကိုင်နေသော လူ သို့မဟုတ် အဖွဲ့အစည်းကို ဥပဒေအရ အမြန်ဆုံး ရှာဖေဖြော်ထုတ်ပြီး ထိရောက် စွာ အရေးယူသင့်ပါကြောင်း တင်ပြရင်း နိဂုံးချုပ်အပ်ပါတယ်ရှင့်။

         

          ဦးရွှေမောင်(ဘူးသီးတောင်မဲဆန္ဒနယ်)။    ။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီး၊ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းဝင်များနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ အားလုံးကို မင်္ဂလာပါလို့ နှုတ်ဆက်ရင်း ဂါရဝပြုအပ်ပါတယ်။ ကျွန်တော့်အနေနဲ့ ပန်းတနော်မဲဆန္ဒနယ် က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမန်းမောင်မောင်ဉာဏ်မှ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေးကော်မတီကိုယ်စားတင်သွင်းတဲ့ ရခိုင်ပြည်နယ်မှာ တရားဥပဒေစိုးမိုးမှုနှင့် တည်ငြိမ် အေးချမ်းမှုနှင့်ပတ်သက်ပြီးတော့ တင်သွင်းခဲ့တဲ့အဆိုကို အကြံပြုချက်အချို့နှင့် ထောက်ခံဆွေးနွေး သွားမှာ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်မှာ ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ ၂၁ ရက် (တနင်္ဂနွေနေ့) ည ၁၁ နာရီက စပြီးမှ အောက်တိုဘာလ ၂၅ ရက် မနေ့ကအထိ မင်းပြား၊ မြောက်ဦး၊ မြေပုံ၊ ကျောက်ဖြူ၊ ကျောက်တော်နှင့် ရသေ့တောင်မြို့နယ်မှာ အကြမ်းဖက်သမားတွေက လူအုပ်စုဖွဲ့ အကြမ်းဖက် တိုက်ခိုက်မှုကြောင့် အသက်ပေါင်းများစွာ ဆုံးရှုံးပြီးတော့ လူနေအိမ်နှင့် ဘာသာအဆောက်အအုံ အများအပြားလည်း မီးရှို့ခံရပြီးတော့ ဆုံးရှုံးသွားရပါတယ်။ ဒီဟာနှင့်စပ်လျဉ်းပြီးတော့ မနေ့က ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ ၂၅ ရက်နေ့မှာ နိုင်ငံတော်သမ္မတရုံးကနေပြီး ကြေညာချက် အပိုဒ် ၆ ချက်ပါတဲ့ ကြေညာချက်ကို ထုတ်ပြီးသားဖြစ်ပါတယ်။ အဲ့ဒီကြေညာချက်မှာ အပိုဒ် ၆ ကလည်း အင်မတန် အရေးကြီးတဲ့အချက် အချို့ ပါတာကိုလည်း ကျွန်တော့်အနေနဲ့ အလေးအနက်ထားပြီးတော့ တင်ပြလိုပါတယ်။ အဲ့ဒီမှာ ဘယ်လိုတင်ပြလာလဲ ဆိုတော့ ရခိုင်ပြည်နယ် ပဋိပက္ခမှာ နောက်ကွယ်မှာ ကြိုးကိုင်လှုပ်ရှားနေသော လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများလည်း ရှိနေကြောင်း သိရှိရသဖြင့် ၎င်းတို့ကို ဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာအပ်ပါ သည်လို့ ပါပါတယ်။ မှန်ပါတယ်။ ဒါနိုင်ငံတော်သမ္မတရုံးရဲ့ ထုတ်ပြန်ကြေညာချက်ဟာ တကယ် ရခိုင်ပြည်နယ်မှာ ဖြစ်ပျက်နေတဲ့ ပကတိ အခြေအနေမှန်ကို ထင်ဟပ်ပေါ်လွင်စေပါတယ်။ ကျွန်တော်တို့ ဒီလို ခုနက စောစောက ဦးမန်းမောင်မောင်ဉာဏ်တင်သွင်းခဲ့တဲ့ ဒီအဆိုနှင့်ပတ်သက်ပြီး တော့ ဥက္ကဋ္ဌကြီးရဲ့ ညွှန်ကြားချက်အတိုင်း ဆွေးနွေးရလို့ရှိရင် ဒီနေ့ မနက် ၂၆ ရက်နေ့မှာလည်း နိုင်ငံတော်သမ္မတရုံးက ကြေညာချက် ထုတ်ပြီးပါလျက် အခု ဒီကျောက်ဖြူမြို့နယ်မှာ လက်ရှိ ဘောလုံး ကွင်းမှာ မီးဘေးဒုက္ခသည်၊ အိမ်တွေဖျက်ဆီးခံရတဲ့ ဒုက္ခသည် ၄၀၀၀ လောက်စုနေပါတယ်။ အဲဒီမှာ လည်း တချို့ သေနတ်ပစ်မှုကြောင့် လူ ၃ ဦးသေတယ်လို့ ဒီလွှတ်တော်နားတဲ့  အချိန်မှာပဲ သိရပါတယ်။ ဒီအချက်ကို တင်ပြရတဲ့သဘောက ဒီဟာ တရားဥပဒေစိုးမိုးရေးကို ထဲထဲဝင်ဝင်လုပ်ပေးမှ ဒါကို လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးကို အကောင်အထည်ဖော်လို့တဲ့အတွက် ဒါကို တင်ပြလိုခြင်း ဖြစ်ပါတယ်။ ပြီးတော့ ကျွန်တော်တို့ ကျောက်ဖြူနှင့် ပေါက်တောမြို့နယ်ကနေ ဒီနေ့ မနက်အထိ လှေစီး ဒုက္ခသည် သဘော အဲဒီမှာ ကျွန်တော်တို့ ဒီမီးလောင်လို့ ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေဟာ လှေတွေ မြောက်မြားစွာပဲ စစ်တွေမြို့ကို ရောက်ရှိလာတယ်လို့ သိရှိရပါတယ်။ အဲဒီစက်လှေနဲ့ လူထောင်ပေါင်း များစွာကိုပဲ ရခိုင်ပြည်နယ်အစိုးရရဲ့ ညွှန်ကြားချက်အရလိုဆိုပြီးတော့ လုံခြုံရေးတာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေ က စစ်တွေမှာ အချို့ကို ဆင်းခွင့်ပြုခဲ့သော်လည်း အများစုကို ပင်လယ်ထဲကိုပဲ ပြန်ပြီးတော့ သွားဖို့အတွက် အဲဒီလို ပြောကြား နေတယ်ဆိုပြီးတော့မှ နားမထောင်တဲ့လူတွေကိုလည်း မိုးပေါ်ကို ထောင်ပစ် ပြီးမှ ခြောက်လန့်နေတဲ့အတွက် လူတွေကနေ လက်ရှိ ယနေ့ပကတိအခြေအနေမှာပဲ၊ ကျွန်တော်တင်ပြ နေတဲ့အချိန်မှာပဲ ဒီဒုက္ခရောက်နေတဲ့ဟာကိုလည်း တင်ပြလိုပါတယ်။ ဒီဟာနှင့်ပတ်သက်ပြီးတော့ အဓိက ပြည်သူတွေ စွပ်စွဲနေတာကိုလည်း အများကြီးရှိပါတယ်။ ဒီဟာကဘာလဲဆိုတော့ တည်ငြိမ် အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးမှာ အခြေခံအကျဆုံးက မြန်မာနိုင်ငံရဲတပ်ဖွဲ့ပါပဲ။ လက်ရှိ ရဲတပ်ဖွဲ့က ဒီလုပ်နေတဲ့ ပုံစံတွေကိုလည်း ဒေသခံပြည်သူတွေရော၊ ကျွန်တော့်အနေနဲ့ပါ အားမလို အားမရဖြစ်တာ အများကြီးရှိပါတယ်။ အဲဒါကြောင့် ဒီတရားဥပဒေစိုးမိုးဖို့နှင့် တည်ငြိမ်အေးချမ်းဖို့ ရှိဖို့အတွက် လက်ရှိ ရခိုင်ပြည်နယ်မှာရှိနေတဲ့ ဒီမြန်မာနိုင်ငံရဲတပ်ဖွဲ့တွေကို ပြည်ထဲရေးဝန်ကြီးဌာန ကနေ ပြန်လည်သုံးသပ်ပြီးတော့မှ အမြန်ဆုံးထိထိရောက်ရောက် လုံခြုံရေးကို ဆောင်ရွက်နိုင်မယ် ဆိုလို့ရှိရင်တော့ ဒါအကောင်းဆုံးဖြစ်မယ်လို့ အကြံပြုတင်ပြလိုပါတယ်။ ပြီးတော့ နောက်ဆုံးအချက် အနေနဲ့ ကျွန်တော်တင်ပြလိုတာက ပေါက်တောမြို့နယ်မှာလည်း လက်ရှိအခြေအနေမှာ ကြိမ်ထည်ပြန် ရွာနှင့် မင်းသာဘရွာမှာလည်း အိမ်တွေကို မီးရှို့ပြီးတော့ ဝိုင်းရံပိတ်ဆို့ခြင်းခံရပြီးတော့ လူတွေကို သတ်ဖြတ်နေတယ်လို့ ဒီနေ့ မနက် ၈ နာရီခွဲကတည်းက ကျွန်တော်ဆီကို ဖုန်းတွေလာနေတဲ့အတွက် လည်း ဒါကို ကျွန်တော့်အနေနဲ့ အမှန်တကယ် လက်တွေ့မှာဖြစ်နေတဲ့ဟာတွေကို ထိထိမိမိ ကာကွယ်လို့ ရအောင်၊ စောင့်ရှောက်လို့ရအောင် တင်ပြလိုခြင်း ဖြစ်ပါတယ်။ နိဂုံးချုပ်အနေနဲ့ တင်ပြ ရလို့ရှိရင်တော့ ကျွန်တော် စောစောက တင်ပြခဲ့သလို ရခိုင်ပြည်နယ် လောလောဆယ်ဖြစ်ပွားနေတဲ့ လူအုပ်စုဖွဲ့ အကြမ်းဖက်မှုများ၊ လူနေအိမ်မီးရှို့မှုများသည် ဘာသာစုံ၊ လူမျိုးစုံ နေထိုင်ကြသော ရခိုင်ပြည်နယ်၏ တရားဥပဒေစိုးမိုးရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် ငြိမ်းချမ်းစွာ ပူးတွဲနေထိုင်ရေး တို့ကို စိန်ခေါ်အံတုနေခြင်းပဲ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဒီအကြမ်းဖက်သမားတွေကို ဥပဒေနှင့်အညီ အမြန်ဆုံးအရေးယူပြီးတော့ ရခိုင်ပြည်နယ်မှာ နေနေကြတဲ့ ဘာသာစုံအကုန်လုံးကို အပြည့်အဝ အကာအကွယ်ပေးဖို့အတွက်လည်း အင်မတန်အရေးကြီးတဲ့အတွက် ကျွန်တော့်အနေနဲ့ ပန်းတနော် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမန်းမောင်မောင်ဉာဏ်တင်သွင်းတဲ့ အဆိုကို လေးလေးနက်နက် ထောက်ခံကြောင်း တင်ပြရင်းနဲ့ နိဂုံးချုပ်အပ်ပါတယ်။

ဦးသာစိန်(ကျောက်တော်မဲဆန္ဒနယ်)။               ။ လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်များကို လေးစားဂါရဝပြုပါတယ်။ ကျွန်တော်က ရခိုင်ပြည်နယ်ကျောက်တော်က ဦးသာစိန်ဖြစ်ပါ။ ကျွန်တော့်အနေနဲ့ ဦးမောင်မောင်ဉာဏ်ရဲ့အဆိုကို ထောက်ခံဖို့ဖြစ်ပါတယ်။ နံပါတ် ၁ အချက်အနေနဲ့ မထောက်ခံခင်ပြောချင်တာကတော့ ခံယူထားတာ တစ်ခုကိုတော့ ပြောချင်ပါတယ်။ ဒီရခိုင်မှာဖြစ်နေတဲ့ ပဋိပက္ခရဲ့ ဖြစ်ရခြင်းအကြောင်းရင်းရဲ့ သဘောတရားကို ကျွန်တော့်အနေနဲ့ ခံယူထားတာရှိပါတယ်။ အဲဒီခံယူထားတာက ဘာလည်းဆိုတော့ လူမှုနယ်ချဲ့ရေး ပဋိပက္ခကို ဖန်တီးနေတဲ့ ပုဂ္ဂိုလ်တွေကြောင့် ဒီ ပဋိပက္ခဟာဖြစ်လာတယ်လို့ ကျွန်တော် ယူဆပါတယ်။ ဒါကိုအကျယ်မပြောတော့ပါဘူး။ အဲတော့ ဒုတိယအချက်အနေနဲ့ ပြီးသွားခဲ့တဲ့ ပဋိပက္ခဟာ ထပ်ပြီး ဘာဖြစ်လို့ ဖြစ်လာသလဲလို့ စဉ်းစားကြည့်တဲ့အခါမှာ ကျွန်တော်တို့တစ်တွေဟာ  ဒီကနေ့ ရခိုင်ပြည်နယ်က ရခိုင်သားတွေဟာ ပြည်ထောင်စုအစိုးရရဲ့ အောက်မှာ အုပ်ချုပ်မှု အောက်မှာ ရှိပါတယ်။ ကျွန်တော်တို့ရဲ့အားကိုးရာ၊ ကျွန်တော်တို့ရဲ့မှီခိုရာ၊ ကျွန်တော်တို့ရဲ့ အရေးအကြောင်းဆွေးနွေးစရာကတော့ ဒီအစိုးရပဲ ဖြစ်ပါတယ်။ ဆိုတော့ တစ်ခုခုဖြစ်လာလို့ရှိရင် ဒီအစိုးရ ဒီမိဘကပဲလာပြီးတော့ရခိုင်ပြည်သူပြည်သားတွေကို လာပြီးတော့ ကူညီမယ်၊ ကာကွယ်ပေး မယ်ဆိုတဲ့ မျှော်လင့်ချက်တွေရှိပါတယ်။ ရခိုင်သားတွေမှာ ဒီအတွေးအခေါ်အယူအဆတွေရှိပါတယ်။ အားကိုးစိတ်တွေရှိပါတယ်။ မျှော်လင့်ခြင်းတွေရှိပါတယ်။ ဒါပေမယ့် တကယ်ဖြစ်လာတဲ့ အခါမှာ ကျွန်တော်တို့ အားကိုးတဲ့လူတွေဟာ ကျွန်တော်တို့အားကိုးသလောက် ဆောင်ရွက်ပေးတာကို မတှေ့ရပါဘူး။ အမျိုးသားရေးစိတ်ဓာတ်လည်း နည်းနည်းလျော့ပြီးတော့ လှေနံကို တစ်ဖက်နင်းမယ့် အစား နှစ်ဖက်နင်းတာကို တွေ့နေပြီးတော့ ရခိုင်းသားတွေ စိတ်ထဲမှာ တော်တော်လေး မချင့်မရဲ အားမလိုအားမရဖြစ်နေတာကို တွေ့ရပါတယ်။ ဒါ့ကြောင့် ကိစ္စမရှိဘူးကွာ ငါတို့လက်နဲ့ ငါတို့ ချရအောင်ဆိုတဲ့ ပုံစံလေးနဲ့ မခံချင်တဲ့စိတ်နဲ့ ဒီ ပဋိပက္ခကိုပြန်ပြီးတော့ ရေရှည်အောင် လုပ်နေတယ် လို့ပဲမြင်ပါတယ်။ ဒါကြောင့် အဓိကအချက်ကတော့ ကျွန်တော်တို့ ဖြစ်တဲ့ ပဋိပက္ခကိုပိုင်ပိုင် နိုင်နိုင် တိုင်းရင်းသားဖက်က ပိုင်ပိုင်နိုင်နိုင် တရားမျှတစွာ ကိုင်တွယ်ဖို့ ဖြေရှင်းပေးမယ်ဆိုလို့ရှိရင် ရခိုင်သား အားလုံးက ဝမ်းသားပီတိဖြစ်ပြီးတော့ ကြိုဆိုကြမှာပါ။ အခုအနေအထားကို ပြောရမယ်ဆိုလို့ရှိရင် လုံခြုံရေးဆောင်ရွက်မှုဟာ အင်မတန် အားနည်းနေပါတယ်။ အားနည်းနေလို့ပဲ ဒီလိုဖြစ်တယ်လို့ ယူဆပါတယ်။ ကျွန်တော်တို့ဆရာကြီးဦးအောင်ကို ပြောသွားတဲ့အထဲမှာလည်းပဲ တရားဥပဒေမစိုးမိုးလို့ ဆိုတဲ့ စကားတစ်လုံးပါသွားပါတယ်။ အဲဒီအချက်ဟာ တော်တော်မှန်ပါတယ်။ တရားဥပဒေဟာ ထိုက်ထိုက်တန်တန်ထိရောက်နိုင်မယ်ဆိုရင် နယ်မြေတွေကို ကျရောက်နိုင်မယ်ဆိုရင် ဒီလောက်ထိ ဖြစ်လာဖို့အကြောင်းမရှိပါဘူး။ ဒါကြောင့် ကွြန်တော့်အနေနဲ့ လိုရင်းကို တိုတိုလေး ဆွေးနွေးချင်တာ ကတော့ တရားဥပဒေစိုးမိုးရေးကို ထိထိရောက်ရောက် ဒီထက်အကျိုးရှိအောင် ဆောင်ရွက်ပေးပါလို့ ကျွန်တော့်အနေနဲ့ တိုက်တွန်းလိုပါတယ်။ နောက်တစ်ချက်ကတော့ ဒီ ပဋိပက္ခအရေးဟာ  ဗုဒ္ဓဘာသာနဲ့ မူစလင် ဖြစ်နေတာလည်း မဟုတ်ပါဘူး။ ရခိုင်တိုင်းရင်းသားများနဲ့ မူစလင်နဲ့ ရန်ဖြစ်နေတာလည်း မဟုတ်ပါဘူး။ ဒီအရေးအခင်းဟာ မူစလင်ကို ကိုးကွယ်တဲ့ ဘင်္ဂါလီလူမျိုးတွေနဲ့ ဗုဒ္ဓဘာသာကို ကိုးကွယ်တဲ့ အိမ်ရှင်ရခိုင်တိုင်းရင်းသားများနဲ့ ပဋိပက္ခသာ ဖြစ်ပါတယ်။ အဲဒီ ပဋိပက္ခကိုကမ္ဘာအရပ်ရပ် တစ်ခုလုံးမှာရှိတဲ့ လူတွေဝိုင်းဝန်းပြီးတော့ အားပေးတယ်ထောက်ခံတယ်ဆိုတဲ့  ပုံစံလေးနဲ့ မြေတောင် မြှောက်ပေးတာတွေဟာလည်း ဒီ ပဋိပက္ခကိုမငြိမ်းအေးနိုင်အောင် လုပ်တယ်လို့ကျွန်တော် မြင်ပါတယ်။ ဒါကြောင့် အဲဒီကိစ္စတွေကိုလည်း အထူးသတိထားဖို့လိုပါတယ်။နောက်တစ်ခုက ဒီအရေးအခင်းဟာ လည်းကျွန်တော်တို့ ရခိုင်ပြည်အတွက် ကျွန်တော်တို့ ပြောတာမဟုတ်ပါဘူး။ ကျွန်တော်တို့ မြန်မာပြည် တစ်ခုလုံးအတွက် အရေးအခင်းဖြစ်တယ် ဆိုတာကိုလည်း မှတ်တမ်းထားရပါမယ်။ အဲဒါကြောင့် အဓိက ကတော့ ဒီနေ့ လုပ်ဆောင်နေတဲ့ ဒီ ပဋိပက္ခကိုကိုင်တွယ်တဲ့ ကိုင်တွယ်တဲ့ နေရာမှာ ဆရာကြီးဦးအောင်ကို ပြောသလို တရားဥပဒေစိုးမိုးရေး မထိရောက်လို့ ဖြစ်နေတာလို့ ကျွန်တော် ယူဆပါတယ်။ ဒါကြောင့် တရားဥပဒေကို ဒီ့ထက် ပိုမိုထိရောက်အောင်လုပ်ပေးပါ။ ခံစားရတာ တိုင်းရင်းသားများဖြစ်ပါတယ်။ အိမ်ရှင်တွေဖြစ်ပါတယ်။ဆိုတဲ့ ဆရာကြီးရဲ့အဆိုကိုလည်း ထောက်ခံ သွားပါတယ်။ ဒါကြောင့်ဒီ့ထက်ပိုပြီးတော့ ဖိဖိစီးစီးနဲ့ကိုင်တွယ်ဖြေရှင်းပေးပါလို့ ပြောကြားရင်းနဲ့ ဆရာ မောင်မောင်ဉာဏ်ရဲ့အဆိုကို ကျွန်တော်ထောက်ခံပါတယ်။

ဒေါက်တာဇော်မြင့်မောင်(ကျောက်ပန်းတောင်းမဲဆန္ဒနယ်)။           ။ လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးနှင့်တကွ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အားလုံး စိတ်၏ကျန်းမာခြင်းနှင့် ကိုယ်၏ ချမ်းသားခြင်းနှင့် ပြည့်စုံကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော် ဦးမန်းမောင်မောင်ဉာဏ်တင်သွားတဲ့အဆိုကို ထောက်ခံဆွေးနွေးမှာ ဖြစ်ပါတယ်။ကနေ့ ကျွန်တော်တို့ ဗမာနိုင်ငံဟာ ဒီမိုကရေစီကိုသွားနေတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ ဒီအချိန်ဟာ ငြိမ်းချမ်းစွာ အသွင်ကူး ပြောင်းဖို့ ကြိုးပမ်းနေတဲ့ ကာလဖြစ်ပါတယ်။ ကျွန်တော်တို့လွှတ်တော်ကြီးဟာလည်း ငြိမ်းချမ်းစွာ အသွင်ကူးပြောင်းရေးမှာ ကျရာတာဝန်ကနေထမ်းဆောင်နေတဲ့ အဖွဲ့ကြီးဖြစ်ပါတယ်။ ကျွန်တော်တို့ တစ်တွေ ဥက္ကဋ္ဌကြီးလမ်းညွှန်ခဲ့သလို ပြည်သူကိုအကျိုးပြုမယ့်ဥပဒေတွေကို ပြဋ္ဌာန်းဖို့ ကြိုးစားနေသလို ပြည်သူကို အကာအကွယ်မပေးတဲ့ ဥပဒေတွေကိုလည်း ကွှန်တော်တို့ဖျက်သိမ်းဖို့ ကြိုးပမ်းနေတာဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျားဒါပေမယ့် ဒီဥပဒေတွေသက်ရောက်ဖို့ဟာ ကျွန်တော်တို့ နိုင်ငံမှာ တရားဥပဒေစိုးမိုးမှုရှိမှ ဖြစ်မှာပါ။ တရားဥပဒေစိုးမိုးမှုမရှိပဲနဲ့ ကျွန်တော်တို့ဥပဒေတွေ မသက်ရောက်နိုင်ပါဘူး။ အဲဒီတော့ ကနေ့ကျွန်တော်တို့ ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့ အဖြစ်အပျက်တွေ အားလုံးဟာ တရားဥပဒေစိုးမိုးမှုမရှိခဲ့လို့ ပထမဆုံးအကြိမ်ဖြစ်ခဲ့တာဟာလည်း တရားဥပဒေစိုးမိုးမှု မရှိခဲ့လို့ အခုတဖန်ပြန်ဖြစ်တာဟာလည်း တရားဥပဒေစိုးမိုးမှုမရှိလို့ ဥက္ကဋ္ဌကြီးခင်ဗျား။ ကမ္ဘာမှာ ဒီနေ့ ဒီအချိန်ခါဟာ ဒီမိုကရေစီကိုသွားနေကြတဲ့ နိုင်ငံတွေချည်းဖြစ်ပါတယ်။ ဒါပေမယ့် ဒီမိုကရေစီကူးပြောင်း သွားတဲ့နိုင်ငံတိုင်း အောင်မြင်သလားဆိုတော့ မအောင်မြင်ပါဘူး။ နိုင်ငံ ၈၀ကျော်လောက် နောက်ပြန်လှည်‌့သွားပါတယ်။ ဒီနေရာမှာ နိုင်ငံရေးကျွမ်းကျင်သူတွေ လေ့လာသုံးသပ်တဲ့အခါမှာ နောက်ပြန်လှည်‌့သွားတဲ့ အကြောင်းအရင်းက တရားဥပဒေစိုးမိုးမှု မရှိလို့ပါ rule of law မရှိလို့ပါ။ ၂ corruption လာဘ်ပေးလာဘ်ယူမှုတွေ ရှိနေတဲ့အခါလည်း ကျွန်တော်တို့ တွေ ဒီမိုကရေစီမရောက်ပါဘူး။ တတိယအချက်ကအရေးမကြီးဘူးလို့ ထင်ရပေမယ့် အကြမ်းဖက်မှုလို့ ခေါ်တဲ့ violence ရှိနေရင်လည်း ကျွန်တော်တို့တွေ ဒီမိုကရေစီကိုမရောက်နိုင်ပါဘူး။ ကနေ့ ရခိုပြည်မှာ ဖြစ်နေတဲ့ အဖြစ်အပျက်ဟာ ကျွန်တော်တို့ အိမ်နီးချင်းနိုင်ငံတစ်ခုမှာ တောင်ပိုင်းမှာ ဖြစ်နေတဲ့ အဖြစ်အပျက်တွေနဲ့ ဆင်တူနေပါတယ်။     ကျွန်တော်တို့တစ်တွေ အမှိုက်ကစ ပြသာဒ်မီးမလောင်စေချင်ပါဘူး။ အဲဒီတော့ ကျွန်တော်တို့တစ်တွေ ဒီအရေးအခင်း ဒီပဋိပက္ခကို ကျွန်တော်တို့ ဖြေရှင်းဖို့ ကြိုးပမ်းရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့လွှတ်တာ်ဟာ ဥပဒေတွေပြဋ္ဌားန်းဖို့ပဲ တာဝန်ရှိတာ  ဒါပေမယ့် ပြည်သူလူထုအကျိုးအတွက် တိုင်းပြည်အကျိုးအတွက် ပြည်ထောင်စုကြီးရဲ့ အကျိုးအတွက်ဆိုရင် ဖြေရှင်းနိုင်တဲ့ အဖွဲ့အစည်းတွေကို ကျွန်တော်တို့ တိုက်တွန်းဖို့ တာဝန်ရှိတယ်လို့ ထင်ပါတယ်။ ယနေ့မွန်ပြည်နယ်မှာရှိနေတာ communal strike လို့ခေါ်ပါတယ်။  ဒေသအတွင်းမှာ ရှိနေတဲ့ ပဋိပက္ခတစ်ခုကို ကျွန်တော်တို့ဒါကို ရေတိုချက်ချင်းမဖြေရှင်းနိုင်ပါဘူး။ ကျွန်တော်တို့နားလည် ပါတယ်။ ဒါပေမယ့် ‌ရေရှည်စီမံချက်တွေတော့ ကျွန်တော်တို့ရှိဖို့လိုပါတယ်။ ကျွန်တော်တို့မှာ mission ရှိရမယ်။ vision ရှိရမယ်။ ရေရှည်အတွက်၊ ကျွန်တော်တို့လုပ်ငန်းစဉ်တွေရှိရမယ်။ ကျွန်တော်တို့အမြင်တွေရှိရမယ်။ ဒီမှာ နောက်ခံအကြောင်းအချက်တွေအများကြီးရှိပါတယ်။ အချိန်ကို ငဲ့ကွက်သောအားဖြင့် ကျွန်တော်မပြောချင်ပါဘူး။ အဲတော့ ရေတိုစီမံချက် ကျွန်တော်တို့ ရခိုင်ပြည်နယ်မှာ တရားဥပဒေစိုးမိုးမှု ရှိကိုရှိရမယ်။ ကျွန်တော်တို့ လုံခြုံရေးတွေချထားတာပဲ ဒါဖြင့် ဘာလို့ဖြစ်သလဲ မလုံလောက်လို့လား မလုံလောက်ရင်တော့ ထပ်တိုးပါ။ကျွန်တော်တို့လုံခြုံရေးတွေ စွမ်းအင်မရှိဘူးဆိုတာတော့ ကျွန်တော်မယုံပါဘူး ရှိပါတယ်။ ဖြေရှင်းဖို့ရော၊ ပဋိပက္ခဖြေရှင်းဖို့ရော အမိန့်တွေပေးထားသလား။ဒါလည်း ကျွန်တော်တို့ပြန်စဉ်းစားဖို့လိုပါတယ်။ အဲဒီတော့ ကနေ့ အမှိုက်ကစ ပြသာဒ်မီးမလောင်ဖို့ တိုင်းရင်းသား ပြည်သူလူထုတစ်ရပ်လုံးရဲ့အကျိုးအတွက်  ဒီနေရာမှာ စကားလေးဖြတ်ပြီးပြောချင်ပါတယ်။ မနေ့ကကျွန်တော်တို့ ပြည်ထောင်စုကပွဲကို ကြည့်ရပါတယ်။ ဥက္ကဋ္ဌကြီးကို ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ အဲဒီဟာကိုကြည့်ရင်းနဲ့ ဘာကိုသွားပြီးတွေးမိသလဲ ဆိုတော့ ကျွန်တော်တို့ ပြည်ထောင်စုကြီးတစ်ခုလုံး ဒီလိုကပွဲကြီးတွေကို နေပြည်တော်မှာတင်မကပဲနဲ့ နယ်မြေတိုင်းနယ်မြေတိုင်းမှာကပြီး ဆိုပြီးတီးမှုတ်နေတာကို ကျွန်တော်တို့အားလုံး ကြည့်ကြရရင် ကောင်းမှာပဲဆိုတဲ့အတွေး ဝင်သွားပါတယ်။ ဒီတော့ကျွန်တော်တို့ ဒီ ဒီမိုကရေစီနိုင်ငံကြီးလည်းရောက် ရမယ်။ တိုင်းပြည်ကြီးလည်း ငြိမ်းချမ်းဖို့အတွက် ကျွန်တော်တို့ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့ အရေးအခင်း တွေကို ရေတိုကာလမှာ ထိထိရောက်ရောက်ဖြစ်အောင် ပြည်ထောင်စုအစိုးရအနေနဲ့ လုံခြုံရေးတွေ တင်းတင်းကြပ်ကြပ်ချပြီး ‌ဖြေရှင်းတဲ့အခါမှာလည်း လူ့အခွင့်အရေးကြေငြာစာတမ်းကြီးနှင့်အညီ ဖြေရှင်းပေးပြီးတော့ တည်ငြိမ်အေးချမ်းမှု ရအောင် ဆောင်ရွက်ပေးပါလို့ ပြောကြားရင်းနဲ့ နိဂုံးချုပ်ချင်ပါတယ်။ အားလုံးကျေးဇူးတင်ပါတယ်။ (သြာဘာသံများ)

          ဥက္ကဋ္ဌ။           ။ပုဏ္ဏားကျွန်းမဲဆန္ဒနယ်မှ ဦးထွန်းအောင်ကျော် ဆွေးနွေးဖို့ ဖိတ်ခေါ်ပါတယ်။

          ဦးထွန်းအောင်ကျော်(ပုဏ္ဏားကျွန်းမဲဆန္ဒနယ်)။               ။ အားလုံးကျန်းကျန်းမာမာရှိကြပါစေ ကျွန်တော့်အနေနဲ့ အပြင်ယံဝေဖန်သုံးသပ်တာထက် ကိုယ်တွေ့ခံစားနေရတဲ့ ရခိုင်ပြည်သူတစ်ယောက် အနေနဲ့ ကျွန်တော်လက်တွေ့ကျကျတင်ပြချင်ပါတယ်။ ရခိုင်အမျိုးသားတွေဟာ ဒီနေ့ ဖြစ်ပျက်နေတဲ့ ပြဿနာဟာ အပေါ်ယံကြည့်ရင်တော့ တစ်ဘက်နဲ့တစ်ဘက် ဖြစ်ရိုးဖြစ်စဉ်အတိုင်းပဲလို့ ယူဆကြပါတယ်။ သို့သော်လည်း ရခိုင်အမျိုးသားတွေ နှစ်ရှည်လများ သမိုင်းကြောင်းကို ထည့်မပြော ရင်တော့မရပါဘူး။ သို့သော် အချိန်ကို ငဲ့ညှာသောအားဖြင့် လည်းကောင်း၊ ဥက္ကဋ္ဌကြီးရဲ့ ဆိုဆုံးမချက် တွေကို လိုက်နာလေးစားသောအာဖြင့်လည်းကောင်း၊ ဒါအများသိတဲ့သမိုင်းကြောင်းမို့ မပြောလိုတော့ ပါဘူး။ ဒီနေ့ ၂၀၁၂မှာ မေ၊ ဇွန်မှာ ဖြစ်ခဲ့တဲ့ ပြဿနာကို နိုင်ငံတော်အစိုးရ အပိုင်းက ကိုယ်ဖိရင်ဖိ စွမ်းစွမ်းတမံ ထိမ်းသိမ်းခဲ့တဲ့အတွက် အများသိတဲ့အတိုင်းပဲ ငြိမ်သက်အေးဆေး ခဲ့ပါတယ်။ ဒါပေမယ့် အခု ၅လ အကြာမှာ ဘာဖြစ်လို့ ပြန်ပြီးတော့ ဖြစ်လာရတဲ့အကြောင်းအရင်းကို ဝေဖန်ဆန်းစစ်ဖို့ မလွဲ မသွေလိုအပ်ပါတယ်။ ဒီနေ့ ဖြစ်တဲ့ကိစ္စတိုင်းဟာ စနစ်တကျတစ်ပြိုင်နက်တည်း ဖြစ်လာတာ ဖြစ်ပါတယ်။ ဒီဥစ္စာဟာ အများပြောသလို နောက်ကွယ်က အခြားအဖွဲ့အစည်းတွေ စနစ်တကျ ညွှန်ကြားနေတဲ့ အဖွဲ့အစည်းတွေ အသက်ကို ပဓာနမထားပဲနဲ့ အနစ်နာခံပြီးတော့ သွေးတိုးစမ်းနေတဲ့ အဖွဲ့အစည်းတွေရှိပါတယ်။ အထူးသဖြင့် ကျွန်တော်တို့နိုင်ငံကို တခြားနိုင်ငံက အဖွဲ့အစည်းတစ်ခုက ရုံးခန်းဖွင့်ဖို့ ကြိုးစားတယ်။ အများပြည်သူက လက်မခံတဲ့အတွက် တစ်ပြိုင်နက်တည်း ကန့်ကွက်ကြတဲ့ အချိန်မှာ နိုင်ငံတော်သမ္မတကြီးက ခွင့်မပြုတဲ့ အချိန်နဲ့ တိုက်ဆိုင်ပြီးတော့ တစ်ပြိုက်နက်တည်း ဖြစ်ပေါ်လာတဲ့ ကိစ္စဟာ အလွန်တရာစဉ်းစားစရာကောင်းတဲ့ အချက်လည်း ဖြစ်ပါတယ်။ ဒီနေ့ ကျွန်တော်တို့ အားလုံး ဂျာနယ်တွေမှာလည်း ဖော်ပြနေပါတယ်။ ရခိုင်ပြည်နယ်မှာရှိတဲ့ ရခိုင်တိုင်းရင်းသားများ ဆရာတော်ကြီးများ၊ နိုင်ငံရေးပါတီခေါင်းဆောင်များလူမှုရေးအသင်းအဖွဲ့က ခေါင်းဆောင်များ အားလုံးဝိုင်းဝန်းပြီး ထိမ်းသိမ်းနေတဲ့အတွက် ရက်ပိုင်းအတွင်းမှာ ငြိမ်သက်မှု ရနေပါတယ်။ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးကိုယ်တိုင် မြောက်ဦးမှာထိုင်ပြီးတော့ ကြီးကြပ် ကွပ်ကဲထိမ်းသိမ်း နေပါတယ်။ အဲဒီလိုပဲ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးလှမောင်တင်ကိုယ်တိုင် ဦးစီးပြီးတော့ မင်းပြားမှာ ကိုယ်ဖိရင်ဖိ စည်းကမ်းတစ်ကျ ထိမ်းသိမ်းတဲ့အတွက် ငြိမ်ဝပ်ပိပြားမှုတွေ ရှိနေပါတယ်။  သို့သော်အဲဒီလိုကြားထဲက ထပ်ပြီးတော့ ဖြစ်ပွားလာတဲ့ အကြောင်းအရင်းကို ကျွန်တော် တို့သေသေချာချာလေ့လာဆန်းစစ်ပြီးတော့မှ ဒီဥစ္စာဟာ အကြောင်းအရင်း ဘာလဲဆိုတာကို ဆန်းစစ်ပြီးမှ သာလျှင် ကျွန်တော်တို့တိကျတဲ့အဖြေကို ဖြေရှင်းနိုင်မှာဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ လေးစားစွာနဲ့ နိဂုံးချုပ်ပြောကြားချင်ပါတယ်။ ရခိုင်အမျိုးသားများဟာ မိမိတို့ဇာတိဒေသကို အလွန်တရာချစ်မြတ်နိုးပါတယ်။ အသက်နဲ့ ထပ်တူလဲတန်ဖိုးထားပါတယ်။ ကျွန်တော်တို့ ပထမဆုံး အစ္စရေးနိုင်ငံဝန်ကြီးချုပ်  ဘင်ဂိုလီယံ ပြောဖူးတဲ့ စကားတစ်ခွန်းရှိပါတယ်။ လူမျိုးတစ်မျိုးမှာ ကိုယ့်နိုင်ငံက မောင်းထုတ်ပြီးတော့ လေလွင့်သွားရတဲ့ လူမျိုးဟာ လမ်းဘေးခွေးနဲ့တူတယ်။ ကျွန်တော်တို့ ရခိုင်အမျိုးသားတွေ အနေနဲ့ နှစ်စဉ်နှစ်ပေါင်းများစွာ နေလာခဲ့တဲ့ ကျွန်တော်တို့တိုင်းပြည် ကို ကျွန်တော်တို့အသက်နဲ့ထပ်တူ ချစ်မြတ်နိုးတယ်။ မဆုံးရှုံးစေချင်ဘူး။ မပြတ်စီးစေချင်ဘူး။ မည်သူ တစ်ယောက်ကမှလည်း ဒီပြည်ထောင်စုထဲက ကျွန်တော်တို့ပိုင်တဲ့နယ်မြေတစ်လက်မကို ခွင့်မပြုနိုင်ဘူးဆိုတာကို ကျွန်တော်အလေးအနက်တင်ပြရင်းနဲ့ နိဂုံးချုပ်ပါတယ်ခင်ဗျား။ ကျေးဇူးတင်ပါတယ်။

           

ဦးခိုင်မောင်ရည် (အလုံမဲဆန္ဒနယ်)။        ။ ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်အားလုံး မင်္ဂလာပါခင်ဗျား။ ဥက္ကဋ္ဌကြီးခင်ဗျား ယခုလက်ရှိရခိုင်မှာဖြစ်ပျက်နေတဲ့ အရေးကိစ္စဟာ ခုမှဖြစ်တာ မဟုတ်ဘဲနှင့် နှစ်ပေါင်းများစွာကတည်းကဖြစ်ခဲ့တာပါ။ ဒါနဲ့ပတ်သက်လို့ ဥက္ကဋ္ဌကြီးအပါအဝင် ကျွန်တော်တို့ ရခိုင်ကိုသွားခဲ့တုန်းက ရခိုင်ပြည်နယ်ပြည်သားတွေရဲ့ ဝမ်းနည်းကြေကွဲနေတဲ့ မျက်နှာတွေ၊ စိုးရိမ်ကြောက်လန့်နေတဲ့မျက်နှာတွေကို တဝကြီးကြည့်ခဲ့ရပါတယ်။ ယခုလက်ရှိရခိုင်ဟာ အေးချမ်းပြီလို့ထင်နေရပေမယ့် အတွင်းကျိတ်ပြီးဖြစ်နေတာ အများကြီးဖြစ်နေပြီးတာ့ အခုလိုပိုပိုများ လာပါတယ်။ ယနေ့မှာ အဆိုးဝါးဆုံးအခြေအနေနဲ့ကြားနေရတဲ့အတွက် စိတ်မချမ်းသာဖြစ်ရပါတယ်။ တရားဥပဒေစိုးမိုးရေးနှင်‌့ တည်ငြိမ်အေးချမ်းရေးကော်မတီရဲ့ အခွင့်အခါသင့်တဲ့ အချိန်မှာ ဒီအရေးကြီး အဆိုကိုတင်နိုင်ခဲ့တာလည်း ကျွန်တော်တို့အနေနဲ့ အင်မတန်မှကျေးဇူးတင်သလို ဒါ ရခိုင်ပြည်နယ် အရေးဟာ မြန်မာနိုင်ငံအရေးဖြစ်တဲ့အတွက် ဒါဟာ တရားဥပဒေစိုးမိုးရေးကော်မတီရဲ့ပထမဆုံး၊ အကောင်းဆုံးဆောင်ရွက်ချက်တစ်ခုအဖြစ် ကျွန်တော်ဂုဏ်ယူပါတယ်။ ကျွန်တော်တို့နိုင်ငံကို လုံခြုံရေး အားနည်းချက်၊ အုပ်ချုပ်ရေးအားနည်းချက်တွေကိုအခွင့်ကောင်းယူပြီး ဝင်ချင်သလိုဝင်၊ ထွက်ချင်သလို ထွက်နေတဲ့အခြေအနေရယ်၊ ဆက်တိုက် ကျွန်တော်တို့နိုင်ငံကို နေရာအသီးသီးမှာ တရားမဝင်ခိုးဝင် သူတွေတွေ့နေရပါတယ်။ သတင်းစာတွေမှာလဲပါပါတယ်။ ဒါဟာ ဘာဖြစ်လဲဆိုတော့ ကျွန်တော်တို့ နိုင်ငံရဲ့အုပ်ချုပ်ရေး၊ လုံခြုံရေးအားနည်းချက်ဆိုတာ ကျွန်တော်တို့သိနေရပါတယ်။ ကျွန်တော်တို့ မြို့မှာ ဖြစ်တဲ့ ကောလင်းမြို့မှာတောင် အဝေးကြီးမှာတောင် နိုင်ငံခြားသားတွေရောက်နေတယ်။ ဗမာလို မတတ်ပဲ အဲလိုလူမျိုးတွေကို နေရာအနှံ့မှာတွေ့ရသလိုပဲ ကျွန်တော်တို့ အခုရှာဖွေတွေ့ရှိသလောက်ပဲ‌ ွပောနေတာပါ မတွေ့သေးတဲ့သူတွေအများကြီးရှိပါတယ်။ အဲဒါ လုံခြုံရေးအားနည်းချက်တွေ ဖြစ်ပါတယ်။ အခု ဒီကော်မတီကတင်ထားတာကလည်း လုံခြုံရေးလိုအပ်ချက်အရ တပ်ဖွဲ့ဝင်တွေ အင်အားတိုးမြှင့်ဖို့၊ အဆင့်တိုးဖို့ အလျင်အမြန်ဆောင်ရွက်ဖို့၊ လက်ရှိ ရခိုင်ပြည်နယ်မှာ လုံခြုံရေးတွေ မရှိဘူးလား။ အရေးပေါ်အ‌ခြေအနေကြေညာပြီးတော့ အင်အားအပြည့်နဲ့ရှိပါတယ်။ ရှိနေလျက်နဲ့ ဒါတွေဟာ ထပ်ဖြစ်နေတယ်။ ဒီအရေးကို ကမ္ဘာကလည်းစိတ်ဝင်စားတယ်။ အင်မတန်မှလည်း စိတ်ဝင်စားပါတယ်။ စိတ်ဝင်စားရင်း၊ စိတ်ဝင်စားရင်းနဲ့ ပိုပိုပြီးဖြစ်လာပါတယ်။ အဲ့တော့ ကျွန်တော်တို့ ဒီအရေးက ကျွန်တော်တို့နိုင်ငံရဲ့မြေပုံက တစ်လက္မမှ အလျော့မခံနှိုင်တဲ့ကိစ္စဖြစ်တဲ့အတွက် ကျွန်တော်တို့ဟာ ကာကွယ်စောင့်ရှောက်ရမယ့်တာဝန် အားလုံးမှာရှိပါတယ်။ အဲ့ဒီအတွက် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီမှတင်သွင်းလာတဲ့ အရေးကြီးအဆိုကို ကျွန်တော့်အနေနဲ့ လေးလေးနက်နက် ထောက်ခံပါကြောင်းတင်ပြအပ်ပါတယ်။

ဦးစိုင်းမောင်တင်(လဲချားမဲဆန္ဒနယ်)။                ။ လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးခင်ဗျား။ မြန်မာ စကားပုံတစ်ခုလို လက်ဖျားဆိတ်တော့ လက်ထိပ်နာတယ်တဲ့။ ပြည်ထောင်စုအတွင်းမှာ ဘယ်တိုင်းနှင့် ဘယ်ပြည်နယ်ပဲဖြစ်ဖြစ်၊ ကောင်းတာဖြြစ်ဖစ်၊ ဆိုးတာဖြြစ်ဖစ် ကြုံလာရလေတိုင်း စံစားရတာ ခံစားရတာ အနည်းနှင့်အများအတူတူပါဘဲ။ ဒါကြောင့်မို့ ရခိုင်ပြည်နယ်မှာ တရားဥပဒေစိုးမိုးရေး ရရှိနိုင်ဖို့၊ တည်ငြိမ်အေးချမ်းသာယာနိုင်ဖို့၊ ပြန်လည်ထူထောင်ဆောင်ရွက်နိုင်ဖို့ နိုင်ငံတော်အစိုးရကပဲ မှန်မှန်နှင့်မြန်မြန် ကူညီဖြေရှင်းပေးနိုင်မှသာ နဂိုထက်ကောင်းတဲ့အခြေအနေတွေ ပိုကောင်းလာနိုင် လိမ့်မယ်လို့ ကျွန်တော်အနေနဲ့ ယုံကြည်ပါကြောင်း ပန်းတနော်မဲဆန္ဒနယ်က ဦးမန်းမောင်မောင်ဉာဏ်ရဲ့ အရေးကြီးအဆိုကို လေးလေးနက်နက် ထောက်ခံပါကြောင်း တင်ပြအပ်ပါတယ်ခင်ဗျား။

          ဒုတိယဗိုလ်ချုပ်ကြီးကိုကို(ပြည်ထောင်စုဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးဌာန)။    ။ လေးစားအပ်ပါ သော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနဲ့တကွ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တော်များ အားလုံး မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သအပ်ပါတယ်။ ကျွန်တော်ကတော့ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကိုဖြစ်ပါတယ်။      အဆိုနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့ နိုင်ငံရခိုင်ပြည်နယ်မှာ ဒီနှစ် မေလနှင့်ဇွန်လကစပြီးတော့ ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်အတွင်း တည်ငြိမ် အေးချမ်းမှု ပျက်ပြားစေတဲ့ကိစ္စရပ်တွေနဲ့ စပ်လျဉ်းပြီးတော့ နိုင်ငံတော်အစိုးရအနေနဲ့ လုပ်ငန်း တာဝန်အဖွဲ့ Task Forced တစ်ခုကို ဖွဲ့စည်းပေးအပ်ခဲ့ပါတယ်။ နောက်တစ်ဖွဲ့ကတော့ ကာကွယ်ရေး ဝန်ကြီးဌာနက ဒုတိယဗိုလ်ချုပ်ကြီး လှမင်း ဦးဆောင်ပြီးတော့မှ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ပြည်ထဲရေးတန်ကြီးဌာန ဒုတိယဝန်ကြီး၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က တာဝန်ရှိသူတွေပါဝင် တဲ့ အဖွဲ့ဖြစ်ပြီးတော့မှ ဒီအဖွဲ့ကတော့ တည်ငြိမ်အေးချမ်းမှုအကောင်အထည်ဖော်ရေးနဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေနဲ့ ကွပ်ကဲပြီးတော့မှ ရောက်ရှိအောင်ဆောင်ရွက်ဖို့ ဆိုပြီးတော့ ဖွဲ့စည်းခဲ့ပါတယ်။ ဒုတိယ အဖွဲ့အနေနဲ့ကတော့ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်‌ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေး ဦးဆောင်ပြီးတော့ အဖွဲ့ဝင်တွေအနေနဲ့က‌တော့ လူမှုဝန်ထမ်းကယ်ဆည်ရေးနဲ့ ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနရဲ့ ဒုတိယဝန်ကြီး နဲ့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က တာဝန်ရှိသူတွေပါဝင်တဲ့ အဖွဲ့ဖွဲ့ပြီးတော့မှ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ အကောင်အထည်ဖော်ဖို့ ဒုက္ခသည်တွေစောင့်ရှောက်ဖို့ လုပ်ငန်းတွေကို ကြီးကြပ်ဖို့၊ စိစစ်ဖို့၊ ဒါတွေကို ကြပ်မတ်ကွပ်ကဲဖို့ဆိုပြီးတော့ တာဝန်ပေးအပ်ခဲ့ပါတယ်။ ဒါကတော့ ကျွန်တော်တို့ ၂၀၁၂ ခုနှစ် ဇွန်လ ၂၂ ရက်နေ့မှာပဲ ဒီဇွန်လအတွင်းမှာပဲ ဇွန်လ အတွင်းမှာပဲ ဒါတာဝန်ပေးအပ်ခဲ့ပါ တယ်။ ဒီအဖွဲ့အနေကလည်း ဒီအခြေအနေတွေကို သုံးသပ်ပြီးတော့မှ အဆင့်သုံးဆင့်နဲ့ဆောင်ရွက် ခဲ့တာ ရှိပါတယ်။ ပထမအဆင့်အနေနဲ့ကတော့ ဒီအကြမ်းဖက်မှုဒဏ်တွေကို ခံစားနေရတဲ့ ပြည်သူတွေ နဲ့ ကြောက်ရွံစိတ်ကြောင့် ထွက်ပြေးတိမ်းရှောင်နေတဲ့ သူတွေကို ကယ်ဆယ်ရေးစခန်းတွေဖွင်‌့ပြီးတော့မှ ယာယီထိန်းသိမ်းစောင့်ရှောက်ဖို့ ဖြစ်ပါတယ်။ ဒုတိယအဆင့်အနေနဲ့ကတော့ စာရင်းပြုစုပြီးတော့မှ လတ်တလောအရေးပေါ်အခြေအနေအရ လိုအပ်တဲ့ ကယ်ဆယ်ရေးပစ္စည်းတွေကို ထောက်ပံ့ဖို့ ဖြစ်ပါတယ်။ တတိယအဆင့်အနေနဲ့ကတော့ ရေရှည်ရပ်တည်နိုင်ပြီး‌တော့မှ ပုံမှန်အခြေအနေအတိုင်း လုပ်ကိုင်စားသောက်နိုင်ရေးအတွက်ကို ဒါစီမံဆောင်ရွက်ပေးဖို့ ဆိုပြီတော့ ဖွဲ့စည်းပေးခဲ့တာ ဖြစ်ပါတယ်။ အဲဒီတော့ ဒီလို ဒီအဖွဲ့တွေရဲ့ အရေးယူဆောင်ရွက်မှုကြောင့်လည်း တည်ငြိမ်မှုဟာ အထိုက်အလျောက် ပြန်လည်ရရှိခဲ့တာကို တွေ့ရပါတယ်။ သို့သော်လည်း ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၁ ရက်နေ့က မင်းပြားမြို့နယ်မှာရှိတဲ့ ကျေးရွာတစ်ရွာကစတင်ပြီးတော့မှ ဒါဆူပူအကြမ်းဖက် မီးရှို့မှု တွေဟာ ဖြစ်လာတာ ဒါ အားလုံးအသိပဲဖြစ်ပါတယ်။ ဒါကြောင်‌့မို့လို့လည်း ဒီအ‌ွခေအနေတွေကြောင့် ကျွန်တော်တို့ မနေ့ကပဲ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီအဆင်‌့ အစည်းအဝေးကို ကျွန်တော်တို့ အရေးပေါ် ခေါ်ယူကျင်းပခဲ့ပါတယ်။ ဒီအစည်းအဝေးကနေပြီးတော့မှ ကျွန်တော်တို့ ဒါ ဆုံးဖြတ်ချက်များအနေနဲ့ ပထမတစ်ချက်ကတော့ ဒီအ‌ွခေအနေနဲ့ပတ်သက်ပြီးတော့မှ ဒါ နိုင်ငံတော်ကို ပြည်သူကို အသိပေးကြေညာရန် ဆုံးွဖတ်ခဲ့ပါတယ်။ ဒီဆုံးွဖတ်ချက်နဲ့အညီ ကျွန်တော်တို့ အောက်တိုဘာလ ၂၅ ရက်နေ့ ရက်စွဲနဲ့ နိုင်ငံတော်သမ္မတရုံး သတင်းထုတ်ပြန်ချက်အမှတ်၊ ၁/၂၀၁၂ နဲ့ ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခနဲ့စပ်လျဉ်း၍ အတိအလင်း ကြေညာခြင်းဆိုပြီးတော့ ဒါ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ဒုတိယဆုံးဖြတ်ချက်အနေနဲ့ကတော့ ကျွန်တော်တို့ ရခိုင်ပြည်နယ်ဒေသ  အတွင်းမှာ လုံခြုံရေးကို တိုးမြှင့်ချထားပြီးတော့မှ အနီးကပ် ကြီးကြပ်ကွပ်ကဲဆောင်ရွက်ဖို့ ဆိုပြီးတော့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒီဆုံးဖြတ်ချက်နဲ့အညီပဲ ကျွန်တော်တို့ ဒုတိယဗိုလ်ချုပ်ကြီးသိန်းဌေးနဲ့ ဒုတိယဗိုလ်ချုပ်ကြီးလှမင်း ခေါင်းဆောင်တဲ့အဖွဲ့ဟာ ယနေ့ပဲ မနက် ၉ နာရီမှာ ကျွန်တော်တို့ ရခိုင်ပြည်နယ်ကို မနက်ကိုးနာရီမှာ ထွက်ခွာသွားပြီး ဖြစ်ပါတယ်။ ကျွန်တော်တို့ ဒီ ရခိုင်ပြည်နယ်အ‌ွခေ အနေနဲ့ပတ်သက်ပြီးတော့မှ လိုအပ်တဲ့ဒေသမြို့နယ်တွေမှာ ဥပဒေကျင်‌့ထုံးအမှတ် ၁၄၄ တားမြစ်အမိန့် ထုတ်ပြန်ပြီးတော့မှ ဆူပူအကြမ်းဖက်မှုတွေကို ထိန်းသိမ်းခဲ့ပါတယ်။ ဒါတင်မက လိုအပ်တဲ့အတွက် လည်း ကျွန်တော်တို့ ဇွန်လ ၁၀ ရက်နေ့ကလည်း နိုင်ငံတော်သမ္မတရုံးကနေပြီးတော်‌့မှ ပုဒ်မ ၄၁၃ ပုဒ်မခွဲ(က)အရ ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်အမှတ်စဉ် ၁/၂၀၁၂ နဲ့ အရေးပေါ်အခြေအနေ State of Emergency ကို ထုတ်ပြန်ကြေညာထားပြီးဖြစ်ပါတယ်။ ဒီအရေးပေါ် အ‌ွခေအနေကြောင့် လုံခြုံရေးတွေကို ဒါ တိုးမြှင့်ဆောင်ရွက်နိုင်မယ့် အနေအထား ရောက်နေပြီဖြစ်ပါတယ်။ ကျွန်တော်တို့ ဒီလို ဆောင်ရွက်နေတဲ့ကြားထဲက ယခုလို ဆူပူအကြမ်းဖက်မှု တွေ ဖြစ်ပေါ်လာတဲ့အတွက် ယခုလို အဆိုတင်သွင်းလာတဲ့ကိစ္စဖြစ်ပါတယ်။ ဒီအဆို တင်သွင်းချက်မှာ ပါရှိတဲ့အချက်တွေထဲမှာ အဓိကတွေ့ရှိရတဲ့အချက်ကတော့  တစ်အချက်ကတော့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ အင်အားတိုးမြှင့်ရေးကိစ္စဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့လည်း ကျွန်တော်တို့ အရေးယူဆောင်ရွက်နေပြီးဖြစ်ပါတယ်။ လုံခြုံရေးတပ်ဖွဲ့ဝင်အင်အား တိုးမြှင့်ဖို့ ဆောင်ရွက်နေပြီး ဖြစ်ပါတယ်။ ဒုတိယအချက်အနေနဲ့ တွေ့ရတာကတော့ လုံခြုံရေးအဆင့် တိုးမြှင့်ခြင်း ကိစ္စဖြစ်ပါတယ်။ ကျွန်တော်တို့ လက်ရှိ ဒီ State of Emergency ကို ကြေညာထားပြီးဖြစ်ပါတယ်။ ဒါကြောင်‌့မို့လို့ လိုအပ်လာလို့ ရှိရင် ဒီထက်ပိုမိုပြီးတော့ ဆိုးရွားလာလို့ရှိရင် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၁၁ မှာပါတဲ့အတိုင်း ကျွန်တော်တို့ အရေးယူဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ နံပါတ် ၃ အချက်တွေ့တာကတော့ ဒါ ဥပဒေချိုးဖောက်မှုတွေ ဒီအခြေခံလူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဒါ ထိထိရောက်ရောက် အရေးယူပေးမှုနဲ့ပတ်သက်လို့ ကျွန်တော်တို့ ဒီလို ဒီပြစ်မှုတွေကို ဒါ ကျူးလွန် ချိုးဖောက်တဲ့သူတွေကို ဖမ်းဆီးတာတွေ ရှိပါတယ်။ ဒါ ကျွန်တော်တို့ ထိန်းသိမ်းထားတာတွေ ရှိပါ တယ်။ ထို့အတူပဲ တရားစွဲဆိုပြီးတော့ ဒါ အပြစ်ထားတဲ့ကိစ္စရပ်တွေလည်း အများကြီးရှိနေပြီး ဖြစ်ပါတယ်။ သို့သော်လည်း ဒီယခု တင်သွင်းတဲ့ အဆိုနဲ့ပတ်သက်ပြီးတော့ ကြည့်မယ်ဆိုလို့ရှိရင် အ‌ွခေအနေ၊ အချိန်အခါနဲ့ ကိုက်ညီတဲ့အတွက် သင်‌့မြတ်ပါကြောင်း တင်ပြအပ်ပါတယ်။

ဥက္ကဋ္ဌ။           ။ အဆိုရှင် ဦးမန်းမောင်မောင်ဉာဏ် သို့တည်းမဟုတ် တရားဥပဒေ စိုးမိုးရေးအဖွဲ့က ဆွေးနွေးစရာရှိရင် ပြန်လည်ဆွေးနွေးဖို့ ဖိတ်ခေါ်ပါတယ်။

ဦး    (တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းမှုကော်မတီ)။              ။ အခု ကျွန်တော် တို့ ပြည်ထောင်စုအစိုးရကိုယ်စား ပြည်ထဲရေးဝန်ကြီးဖြေသွားတာက အင်မတန်အားရစရာ လည်းကောင်းပါတယ်။ ဝမ်းသာစရာလည်းကောင်းပါတယ်။ ဒါပေမယ့် ကျွန်တော်တို့အဆိုမှာ အရေးယူဆောင်ရွက် တဲ့အခါမှာ ပွင့်လင်းမြင်သာမှုရှိဖို့ ထိထိရောက်ရောက်ရှိဖို့ ဒီကြားထဲမှာလည်းပဲ ကျွန်တော်တို့ လူ့အခွင်‌့အရေးတွေ ဖောက်ဖျက်တဲ့ကိစ္စတွေမှာလည်း အမှန်တကယ်အရေးယူ ဆောင်ရွက်နိုင်ဖို့ ဖြစ်တဲ့အကြောင်းတွေလည်း ရှိပါတယ်။ ဒါတွေလည်းပဲ ဝန်ကြီးပြောသွားတဲ့အထဲမှာ ဒါတွေလည်း ပဲပါသွားပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့က ကိစ္စတစ်ခုဟာ အဖြစ်အပျက် တစ်ခုဟာ အချိန်နှင်‌့ တစ်ပြေးညီမလုပ်နိုင်ရင်လည်း ဒါ အစွန်းတရားတစ်ခုပါပဲ။ ဒါကြောင့် အခုဆိုလို့ရှိရင် ချက်ချင်းကို လိုက်သွားပြီးတော့ နည်းနည်းလေးတော့ ကြာတယ်ပေါ့လေ။ ဒီလိုနဲ့လိုက်သွားပြီးတော့ အရေးယူ ဆောင်ရွက်မယ်ဆိုတာ သိရတော့ ဝမ်းသာပါတယ်။ ဒါပေမယ့်လို့ ကျွန်တော်တို့ အရေးယူ ဆောင်ရွက်တဲ့အခါမှာတော့ ပွင့်လင်းမြင်သာမှုရှိဖို့ ပြည်သူပြည်သားတွေသိဖို့ ဘယ်လောက် ထိထိရောက်ရောက်လုပ်နိုင်တယ်ဆိုတာ ပြည်သူပြည်သားတွေသိဖို့ အကြောင်းဖြစ်စေ ချင်ပါတယ်။ ဖြစ်အောင်လည်းလုပ်ပေးစေချင်ပါတယ်။ ခုနက ဝန်ကြီးပြောသလိုပဲ။ သမ္မတရုံးရဲ့ ဒါအမိန့်ကြော်ငြာစာ ထုတ်သလိုပဲ အချိန်နှင့်တစ်ပြေးညီ ပြည်သူတွေသိအောင် လုပ်ပေးစေချင် ပါတယ်။ ဒါမှသာ ပြည်သူတွေက ကျွန်တော်တို့နိုင်ငံတော်အစိုးရအနေနဲ့ ရခိုင်မှာ ရှိတဲ့ပြည်သူတွေအတွက် ဘယ်လိုလုပ် ပေးတယ်။ အလားတူပဲ တစ်နိုင်ငံလုံးအတွက်လည်း လုပ်ပေးနိုင်တာတွေ လုပ်ပေးတယ်ဆိုတဲ့ဟာတွေ ပြည်သူတွေသိရင် ဒါကျွန်တော်တို့ ကျေနပ်စရာ ရှိပါတယ်။ ဒါကြောင့် ဒီကိစ္စနဲ့ပတ်သက်လို့ကတော့ ကျွန်တော်တို့ ဆောင်လည်းဆောင်ရွက်နေတယ် ဆိုတဲ့အခါကျတော့ ကျွန်တော်တို့ကလည်း မှတ်တမ်းတင်ပြီးတော့ လုပ်ပေးရမယ့်သဘောရှိပါတယ်။ ဒါလောက်ပါပဲခင်ဗျား။

ဥက္ကဋ္ဌ။           ။ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းမှုကော်မတီရဲ့ အဖွဲ့ဝင်ဖြစ်တဲ့ ဦးမန်းမောင်မောင်ဉာဏ်တင်သွင်းတဲ့အဆိုဟာ အဓိကအချက်ကိုပဲ ကျွန်တော်ထပ်မံရှင်းလိုပါတယ်။ သို့ဖြစ်၍ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းမှုရရှိရေးအတွက် ပဋိပက္ခဖြစ်ပွားနေသော ဖြစ်နိုင်ခြေရှိသော မြို့များတွင် လုံခြုံရေးလိုအပ်ချက်များအရ တပ်ဖွဲ့ဝင်များအင်အားမြှင့်တင်ခြင်း၊ အဆင့်တိုးမြှင့်ခြင်း၊ အလျင်အမြန်ဆောင်ရွက်ရန်နှင့် ဥပဒေချိုးဖောက်ခြင်း၊ အခြေခံလူ့အခွင့်အရေး များချိုးဖောက်ခြင်းနှင့်ပတ်သက်၍ တရားဥပဒေနှင့်ညီညွတ်စွာပွင့်လင်းမြင်သာစွာ အမြန်ဆုံးစီရင် ဆုံးဖြတ်နိုင်ရန်တို့ကို ပြည်ထောင်စုအစိုးရအား ဤလွှတ်တော်မှတိုက်တွန်းကြောင်း အဆိုတင်သွင်း အပ်ပါသည်ဆိုပြီးတော့ ဒီလိုတင်ပြထားတာရှိပါတယ်။ ဒီနေရာမှာ ပြည်ထောင်စုအစိုးရလို့ အမှန်တကယ် ရည်ညွှန်းတယ်ဆိုရင် အုပ်ချုပ်ရေးအဖွဲ့တစ်ခုတည်းတင်မကပါဘူး။ အစိုးရဆိုတဲ့ နေရာမှာ ဥပဒေပြုရေးအဖွဲ့၊ အုပ်ချုပ်ရေးအဖွဲ့၊ တရားစီရင်ရေးအဖွဲ့အားလုံးပါဝင်မှ အစိုးရ ဖြစ်ပါတယ်။ ဒီနေ့ ကျွန်တော်တို့နိုင်ငံမှာ နှုတ်ကျိုးပြောဆိုနေတာကတော့ အစိုးရဆိုရင် အုပ်ချုပ်ရေး အဖွဲတစ်ခုတည်းကိုပဲ ရည်ညွှန်းသလိုဖြစ်နေပါတယ်။ တကယ်တမ်းကျတော့ အစိုးရဆိုတာ ဒီအာဏာ သုံးရပ်မဏ္ဍိုင်ကြီး အားလုံးပါဝင်မှ အစိုးရဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ တကယ့်ဥပဒေအရ ပြောမယ်ဆိုရင် ပြည်ထောင်စုအစိုးရလို့ပြောတဲ့အခါမှာ ကျွန်တော်တို့ ဥပဒေပြုတဲ့အဖွဲ့အစည်း လည်းပါတယ်ဆိုတာ ဒါ သတိပြုဖို့လိုအပ်ပါတယ်။ ဒါကြောင့် အခုလိုအဆိုတင်သွင်းလာတဲ့နေရာမှာ ဥပဒေပြုအဖွဲ့အနေနဲ့ရော၊ အုပ်ချုပ်ရေးအဖွဲ့အနေနဲ့ရော၊ တရားစီရင်ရေးအဖွဲ့အနေနဲ့ရော အားလုံး တက်ညီလက်ညီပါဝင်ပူးပေါင်း ဆောင်ရွက်မှ ပြည့်စုံမယ့်သဘောရှိကြောင်းလည်း သတိပြုစေလို ပါတယ်။ အဆိုနဲ့ပတ်သက်ပြီးတော့ ပြည်ထောင်စုဝန်ကြီးရှင်းလင်းပြောသွားတာတွေ အားလုံး သဘောပေါက်၊ သဘောတူသလိုပဲ ဒီနေရာမှာ ကျွန်တော်တို့နိုင်ငံရဲ့လိုအပ်ချက်ကတော့ ပွင့်လင်းမြင်သာစွာအမြန်ဆုံး ဆုံးဖြတ်ရန်ဆိုတဲ့ ကိစ္စကတော့ ပြုလုပ်ဖို့ကျန်သေးတယ်။ ကျန်သေးတယ်လို့ပဲဆိုရမှာဖြစ်ပါတယ်။ တရားဥပဒေနဲ့ ညီညွတ်စွာ၊ ပွင့်လင်းမြင်သာစွာ အမြန်ဆုံးဆုံးဖြတ်မှသာလျှင် ကျန်တဲ့ဖောက်ဖျက်ကျူးလွန်မည်‌့သူများ မဖောက်ဖျက်ရဲဘဲ ဖြစ်မှာဖြစ်ပါတယ်၊။ ဒါကြောင့်မို့လို့ ဒီလိုဆုံးဖြတ်တဲ့နေရာမှာ တရားစွဲအဖွဲ့အစည်း တွေရှိတယ်။ ပြီးတဲ့အခါမှာ တရားစီရင်ရေးအဖွဲ့အစည်းတွေရှိပါတယ်။ ဒီဟာတွေကလည်း တိတိကျကျ မှန်မှန်ကန်ကန်နဲ့ ရဲရဲဝံ့ဝံ့လုပ်သွားဖို့လည်းလိုမှာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဒီအဆိုတိုက်တွန်းခြင်းဟာ အုပ်ချုပ်ရေးအဖွဲ့အစည်းတစ်ခုတည်းမဟုတ်ဘဲနဲ့ ကျွန်တော်တို့လွှတ်တော်များ၊ တစ်နည်းအားဖြင့် ပြောမယ်ဆိုရင် ဥပဒေပြုအဖွဲ့များနှင့် တရားရေးမဏ္ဍိုင်အဖွဲ့အစည်းများပါပါဝင်တယ်လို့ ယူဆခံရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ခုနက ဦးရွှေမောင် ထပ်ပြီးတော့ မတ်တပ်ရပ်ပြီးတော့ တင်ပြဖို့ ကြိုးစားပါတယ်။ ကျွန်တော်တို့အားလုံးပြီးဆုံးပါပြီ။ အရေးကြီးတာက အဆိုကိုထောက်ခံခြင်း ရှိ/မရှိနှင့် အဆိုကိုထောက်ခံတယ်ဆိုလို့ရှိရင်လည်း ဒီအဆိုအရ သက်ဆိုင်ရာတာဝန်ရှိတဲ့အဖွဲ့အစည်းများဟာ တိတိကျကျလိုက်ပါဆောင်ရွက်ပေးဖို့လိုလားပါတယ်။ ဒါကြောင့်မို့လို့ သီးခြား ကျွန်တော့်အနေနဲ့ လွှတ်တော်ဥက္ကဋ္ဌတစ်ယောက်အနေနဲ့ပြောမယ်ဆိုရင် အဆိုကို အဆိုအဖြစ်မှတ်တမ်း တင်ထားရှိပြီး တကယ့်ကို အဆိုပါအတိုင်း တာဝန်ရှိတဲ့ပုဂ္ဂိုလ်များကဆောင်ရွက်ပေးဖို့လိုကြောင်း တိုက်တွန်းတင်ပြ လိုပါတယ်။ ဒါကြောင့် ဒီနေ့ အရေးကြီးအဆိုအဖြစ် ဦးမန်းမောင်မောင်ဉာဏ်တင်သွင်းတဲ့   ဦးမန်းမောင်မောင်ဉာဏ် တင်သွင်းတဲ့ အဆိုဖြစ်သော ရခိုင်ပြည်နယ်တွင်အောက်တိုဘာလ ၂၃ ရက်နေ့ မှစ၍ ပေါ်ပေါက်လာသော ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားနေသော ပဋိပက္ခများကြောင့် လူသေဆုံးမှု ဒါဏ်ရာရရှိမှုများနှင့် နေအိမ်များမီးလောင် ဆုံးရှုံးမှုများပေါ်ပေါက်လာ။ မြောက်ဦးမြို့နယ်တွင် လုံခြုံရေးတာဝန်ရှိသူများပင် ကျဆုံးကြောင်းကြားသိရပါသည်။ မင်းပြားကျောက်ဖြူတို့တွင် တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန်မီးရှို့မှုများဖြစ်ပွားခဲ့ပြီး ဒါဏ်ရာရသူအချို့ ရှိနေကြောင်း သတင်းများ ကြားသိရပါသည်။ မြောက်ဦးမြို့နယ်တွင် ရဟန်းသင်္ဃာတော်များအပါအဝင် မြို့မိမြို့ဖများကြားဝင် စေ့စပ်ညှိနှိုင်းမှုများကြောင့် အေးချမ်းမှုအချို့ ပြန်လည်ရရှိမှုရှိသော်လည်း ပဋိပက္ခများ ဆက်လက် ဖြစ်ပွားရာ အခြေအနေများ ရှိနေပါသည်။ သို့ဖြစ်၍ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ရရှိမှုအတွက် ပဋိပက္ခဖြစ်ပွားရေးအတွက် ဖြစ်နိုင်ခြေရှိသော မြို့များတွင်လုံခြုံရေးလိုအပ်ချက်အရ တပ်ဖွဲ့ဝင်များ အင်အားတိုးမြှင့်ခြင်း အဆင့်တိုးမြှင့်ခြင်း အဆင့်တိုးမြှင့်ခြင်းဆိုတာကတော့ လုံခြုံရေးနှင့် ပတ်သက်၍ အဆင့်တိုးမြှင့်ခြင်း ကိုဆိုလိုခြင်း ဖြစ်ပါတယ်။ ဒါကိုလည်းအလျှင်အမြန်ဆောင်ရွက်ရန်နှင့် ဥပဒေချိုးဖေါက်ခြင်း အခြေခံလူ့အခွင့်အရေးများ ချိုးဖေါက်ခြင်းနှင့် ပတ်သက်၍ တရားဥပဒေနှင့် ညီညွတ်စွာ ပွင့်လင်းမြင်သာစွာ အမြန်ဆုံးစီရင်ဆုံဖြတ်ရန်တို့ကို ပြည်ထောင်စုအစိုးရအား ဤလွှတ်တော်မှ တိုက်တွန်းကြောင်းအဆိုအား လွှတ်တော်မှ မှတ်တမ်းတင်အဆိုထားရှိ ကြီးကြပ်ဆောင်ရွက်သွားရန် လိုကြောင်းမှတ်တမ်ပြုလိုပါတယ်။ ကျွန်တော် ဒီနေရာမှာ ကြီးကြပ်ဆောင်ရွက်သွားရန်ဆိုတဲ့နေရာမှာ ကျွန်တော်တို့လွှတ်တော်မှာလည်းတာဝန်ရှိပါတယ်။ အခု အဆိုတင်သွင်းလို့ တာဝန်ရှိတဲ့သူတွေက ဆက်လက်ပြီးမလုပ်ဘူးဆိုလို့ရှိရင် မလုပ်ဆောင်တဲ့ အဖွဲ့အစည်းများကို လွှတ်တော်အနေနှင့်ထိုက်သင့်သလို ဆောင်ရွက်နိုင်ဖို့လိုပါတယ်။ အဲလိုမှ မဟုတ်ပဲနှင့် အဆိုကိုအဆို အတိုင်းထားပြီးလက်တွေကျမပါလာဘူးဆိုရင် ကျွန်တော်တင်သွင်းရတာ ဆွေးနွေးရတာ ဆုံဖြတ်ရတာတွေဟာ ဘာမှအဓိပ္ပါယ်မရှိပါဘူးဒီထက်တစ်နည်း‌ွပောမယ်ဆိုရင် တရား ဥပဒေစိုးမိုးမှုကို လိုချင်ပေမယ့် ဖြစ်လာမှာ မဟုတ်ပါဘူး။ ဒါကြောင့်မို့လို့ မှတ်တမ်းထားရှိပြီး စောင့်ကြည့်ဆောင်ရွက် သွားရန်လိုမယ်လို့ ကျွန်တော်တင်ပြရခြင်း ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ အတိုချုပ်ပြန်ပြီး လွှတ်တော်ရဲ့ သဘောထားများကို တင်ပြမှာဖြစ်ပါတယ်။ ပန်းတနော်မဲဆန္ဒနယ်မှ ဦးမန်းမောင်မောင်ဉာဏ် တင်သွင်းတဲ့ အဆိုကို လွှတ်တော်က မှတ်တမ်းတင်စောင့်ကြည့် သွားမှာ ဖြစ်ကြောင်း အတည်ပြု ကြေညာပါတယ်။

          ဥက္ကဋ္ဌ။           ။ ဒီနေ့ အဆိုနဲ့ပတ်သက်ပြီးတော့ ဆွေးနွေးသွားကြတဲ့ ပုဂ္ဂိုလ်များ အစွန်းတရား များရှောင်ပြီးတော့ ထိထိရောက်ရောက်ဆွေးနွေးတင်ပြသွားတဲ့အတွက်လည်း လွှတ်တော်ဥက္ကဋ္ဌ အနေနဲ့ရော လွှတ်တော်အနေနဲ့ရော ကျေးဇူးတင်ပါတယ်။ ဒီနေရာမှာ အချို့သော ကိုယ်စားလှယ်များ ဆွေးနွေးသွားသလို ဒီဖြစ်ရပ်ရဲ့နောက်ကွယ်မှာ ဖြစ်ပေါ်နေတဲ့ အခြေအနေများကို လေ့လာသုံးသပ် ဆောင်ရွက်ဖို့လည်းလိုတဲ့ကိစ္စသည် ကျွန်တော်တို့လွှတ်တော်နဲ့တော့ အနည်းငယ်အလှမ်းဝေးပါတယ်။ ဒါကြောင့်မို့လို့ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်များအနေနဲ့ ဒီလိုဖြစ်စဉ်ဖြစ်ရပ်များ မည်ကဲ့သို့ ထပ်မံ၍ဖြစ်ပေါ်နေ ခြင်းသည် ထပ်မံ၍ဖြစ်ပေါ်အောင် ဆောင်ရွက်ဖို့အတွက် အခြေအနေများ ဖြစ်ပေါ်နေခြင်းသည် မည်သူ့ကြောင့် မည်ဝါ့ကြောင့် ဖြစ်တယ်ဆိုတာ လေ့လာသုံးသပ်ပြီး အဲဒီအရင်းအမြစ်တွေကိုပါ တစ်ခါတည်း ဖြေရှင်းဆောင်ရွက်ပေးမှသာလျှင် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှု ရေရှည်ရမှာ ဖြစ်ကြောင်း ကျွန်တော့်အနေနဲ့ တင်ပြလိုပါတယ်။ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ပထမအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေးရဲ့ သတ္တမနေ့အစီအစဉ်ကို ရပ်နားပါ့မယ်။ ပထမအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး အဌမနေ့ကို ၂၀၁၂ခုနှစ် နိုဝင်ဘာလ ၁ရက် ကြာသပတေးနေ့ ၁၃း၀၀နာရီအချိန်မှာ ဆက်လက်ကျင်းပမှာ ဖြစ်ကြောင်း ကြေညာပါတယ်။

          ဥက္ကဋ္ဌ ။          ။ ကျွန်တော်တို့ မူလအစီအစဉ်ကတော့ နိုဝင်ဘာလ ၁ရက် နေ့မှာ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးရှိမယ်လို့ သတ်မှတ်ထားပါတယ်။ အခုအချိန်ထိ ပြည်ထောင်စု လွှတ်တော်ရဲ့ အစည်းအဝေးအစီအစဉ် ရရှိခြင်းမရှိသေးပါဘူး။ တကယ်လို့ အဲဒီရက်မှာ ပြည်ထောင်စု လွှတ်တော်အစည်းအဝေးက မနက် ၁၀နာရီက စပြီးတစ်နေကုန် ဆောင်ရွက်မယ်ဆိုရင် ကျွန်တော် တင်ပြတဲ့ နိုဝင်ဘာလ  ၁ရက် ကြာသပတေးနေ့ ၁၃း၀၀နာရီ အချိန်မှာ ကျွန်တော်တို့ ဆောင်ရွက်စရာ မလိုပါဘူး။ သို့ရာတွင် ပြည်ထောင်စုလွှတ်တော်က အဲဒီအချိန်မှာ ပြည်ထောင်စုလွှတ်တော် မကျင်းပ ဘူးဆိုရင်တော့ ကျွန်တော်တို့လွှတ်တော်ရဲ့ရက် အချိန်ကာလ ဆုံးရှုံးမှာဖြစ်တဲ့အတွက် ဒီလိုကြိုတင် ကြေညာထားခြင်းဖြစ်ပါတယ်။