Skip to main content

ပထမအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအ‌ဝေး ဆဋ္ဌမနေ့မှတ်တမ်း(၂၅-၁၀-၂၀၁၂)

တရားရုံးအဆင့်ဆင့်၏ လာဘ်ပေးလာဘ်ယူအကျင့်ဆိုးများ ဖြစ်ပေါ်နေသည်ကို လျော့နည်းပပျောက် စေရန် မည်ကဲ့သို့ အရေးယူစီမံဆောင်ရွက်ထားမှုနှင့်စပ်လျဉ်းသည့်မေးခွန်း

          ဦးသန်းထွန်း(ဒီပဲယင်းမဲဆန္ဒနယ်)။     ။ အားလုံးမင်္ဂလာပါလို့ နှုတ်ခွန်းဆက်ရင်း ဂါရဝပြုပါ တယ်။ ကျွန်တော့်အနေနဲ့ တရားစီရင်ရေးနှင့်ပတ်သက်ပြီး တင်ပြမေးမြန်းမှာ ဖြစ်ပါတယ်။ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ အမှုတစ်ခုဖွင့်နိုင်ရန် သက်ဆိုင်ရာတရားရုံးသို့ သွားရောက်ရပါတယ်။ တရားရုံးစာရေးနှင့်တွေ့ဆုံရပြီး ၎င်းရဲ့စီစဉ်ပေးမှုအရ မြို့နယ်တရားသူကြီးကို တွေ့ဆုံရာ အမှုလက်ခံ ရန်အတွက် ဂါရဝပြုရပါတယ်။ ပေးရတဲ့ပမာဏဟာ အမှုအခြေအနေပေါ်မူတည်ပြီး အနည်းအများ ရှိပါတယ်။ မြို့နယ်တရားသူကြီး၏ လမ်းညွှန်ချက်အရ မြို့နယ်ဥပဒေအရာရှိနှင့် ခရိုင်တရားသူကြီးတို့ ထံ ဆက်လက် သွားရောက်တွေ့ဆုံကာ အမှုကိစ္စအဆင်ပြေစေဖို့ ဂါရဝပြုရပြန်ပါတယ်။ မြို့နယ်တရား သူကြီးက အကြံပြုတဲ့ပမာဏအတိုင်း ပေးရပါတယ်။ အဲဒီနောက် မြို့နယ်ဥပဒေအရာရှိက အကြံပြုတဲ့ အတိုင်း ခရိုင်ဥပဒေအရာရှိထံ ဆက်လက်သွားရောက်ပြီး ထပ်ဆင့်ဂါရဝပြုရပါတယ်။ ထိုမျှနှင့်မပြီး သေးပါ တရားသူကြီးက အမှုကိစ္စပိုမိုအခြေအနေကောင်းမွန်စေဖို့ တရားရုံးနှင့်ဆက်ဆံ လုပ်ကိုင်ရာမှာ အဆင်ပြေတဲ့ ရှေ့နေ ဦးအဝှာနှင့် ဒေါ်ဟိုဒင်းကို ငှားစေလိုကြောင်း ၎င်းကို ငှားလျှင် အမှုအခြေအနေ ကောင်းမွန်နိုင်ကြောင်း အခြားရှေ့နေများဖြင့် ဆောင်ရွက်ပါက အမှုအခြေအနေအား အာမ မခံနိုင် ကြောင်း ပြောကြားလေ့ရှိပါတယ်။ အဲဒီအခြေအနေများကြောင့် ငှားရမ်းခဈေးနှုန်းပိုများတဲ့ တရားရုံးက ဆက်သွယ်ပေးတဲ့ ရှေ့နေများကို ငှားရပြန်ပါတယ်။ အဆိုပါကုန်ကျမှုများတွင် တရားရုံးစာရေးကို အလီလီပေးရမှုများ မပါသေးပါ။ ကာလကြာမြင့်စွာ အချိန်ယူစစ်ဆေးကြသော တရားရုံးဆောင်ရွက် ချက်များ ပြီးမြောက်၍ စီရင်ချက်မချမှတ်မီ ၎င်းအမှုအနိုင်ရရန်အတွက် မြို့နယ်တရားသူကြီးရဲ့ သတ်မှတ်ဈေးဖြတ်တဲ့အတိုင်း ကျေးဇူးတင်ကန်တော့ခန်း ဆင်ရပြန်ပါတယ်။ အကယ်၍ အမှုရှုံးနိမ့်ကာ ပြစ်ဒဏ်ချမှတ်ခံရပါက တရားသူကြီးအား ဥပဒေအရာရှိနှင့် ၎င်းတို့ ၂ ဦးက စေတနာဖြင့် ကူညီ တာကြောင့် ဒီလောက်ပဲ ကျခံရတာ သို့မဟုတ်ရင် ပြစ်ဒဏ်ပိုမိုကျခံနိုင်ရတယ်လို့ မိန့်ကြားလေ့ရှိ ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ဒီနေ့တရားရုံးများဟာ ကျွန်တော်တင်ပြခဲ့တဲ့ ဖန်တီးကွက်၊ ဖန်ကွက်များ ခေတ်စားနေပါတယ်။ ရန်ကုန်တိုင်းဒေသကြီး တရားရုံးအများစုဟာ ထိုကဲ့သို့ ဖန်ကွက်ဆင် ရိုက်စား လုပ်နေကြသလို မန္တလေးတိုင်းဒေသကြီးနှင့် အခြားပြည်နယ်/တိုင်းဒေသကြီးမှာလည်း အဆိုပါ ဖန်ကွက်ရောဂါများ ကူးစက်ကာ လုပ်စားလျက်ရှိပါကြောင်း မြေပြင်သတင်းများအရ ကြားသိရပါ တယ်။ ဖော်ပြပါအတိုင်းဖြစ်ပေါ်နေတဲ့ တရားရုံးများရဲ့ အခြေအနေကို ပြည်ထောင်စုတရားလွှတ်တော် ချုပ်အနေနဲ့ အခြေခံတရားရုံးများသို့ ကွင်းဆင်း စုံစမ်းစစ်ဆေး အရေးယူအပြစ်ပေးမှုများ ပြုလုပ်သင့်ပါ တယ်။ အဲဒီလို တရားရုံးများရဲ့ လာဘ်ပေးလာဘ်ယူအကျင်‌့ဆိုးများ လျော့နည်းပပျောက်စေရန် မည်ကဲ့သို့ အရေးယူစီမံဆောင်ရွက်သွားမည်ကို သိရှိလိုပါသဖြင့် ရှင်းလင်း ဖြေကြားပေးပါရန် ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် မေးမြန်းတင်ပြအပ်ပါတယ်။ 

         

ဦးစိုးညွန့်(တရားသူကြီး၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်)။       ။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအားလုံးကို မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သအပ်ပါတယ်။  ကျွန်တော်ကတော့ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဦးစိုးညွန့် ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ရှေးဦးစွာ စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသန်းထွန်းမေးမြန်းတဲ့ မေးခွန်းနှင့်ပတ်သက်၍ ရှင်းလင်း ဖြေကြားပါမယ်။ ပထမဦးဆုံးအနေနဲ့ ကိုယ်စားလှယ်ကြီးမေးမြန်းထားတဲ့ အထဲမှာပါတဲ့ ပြောဆိုချက်နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြလိုပါတယ်။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကြီးက တရားရုံးအဆင့်ဆင့် မှာ ဖန်ကွက်များ ခေတ်စားနေကြောင်း မြေပြင်သတင်းများအရ ကြားသိရတယ်လို့ ဆိုပါတယ်။ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ကြီး၏ ပြောဆိုချက်မှာ တရားရုံးအားလုံးတို့က ဖန်ကွက်ဆင်ပြီး အဂတိလိုက်စားနေတယ်လို့ ထင်ယောင်ထင်မှားဖြစ်စေပါတယ်။ မြေပြင်သတင်းအရ ကြားသိရတယ် ဆိုတဲ့အတွက် တစ်ဆင့်ကြားသတင်းတွေဖြစ်ပြီး တထစ်ချမှန်ကန်တဲ့သတင်းလို့ မပြောနိုင်ပါဘူး။ အမှန်အားဖြင့်တော့ အဖွဲ့အစည်းတစ်ခုမှာ အားလုံးရာနှုန်းပြည့် ကောင်းတယ်ဆိုတာမရှိပါဘူး။ မကောင်းသူ တစ်ယောက်တလေရှိတတ်ပါတယ်။ သို့သော်လည်း ပြည်ထောင်စုတရားလွှတ်တော်ချုပ် က မကောင်းသူရှိတတ်တာဘဲဆိုတာ ဆင်ခြေနဲ့ မကောင်းတဲ့သူကို ပြုပြင်မှုမလုပ်ဘဲ မနေပါဘူး။ အားလုံးကောင်းအောင် ကြိုးစား ဆောင်ရွက်လျက်ရှိကြောင်း တင်ပြလိုပါတယ်။

လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ပြည်ထောင်စုတရားလွှတ်တော် ချုပ်အနေနဲ့ တရားရုံးအဆင့်ဆင့်မှာ လာဘ်ပေးလာဘ်ယူမှုများ မရှိစေရန်အတွက် ကြိုတင်ကာကွယ်မှု အပိုင်းနှင့် အရေးယူမှုအပိုင်းဆိုပြီးတော့ အပိုင်း ၂ ပိုင်း ခွဲခြားဆောင်ရွက်လျက်ရှိပါတယ်။ အဲဒီလို ဆောင်ရွက်တဲ့နေရာမှာ တရားရုံးအဆင့်ဆင့်မှာ တာဝန်ထမ်းဆောင်လျက်ရှိတဲ့ တရားသူကြီးများ၊ ဝန်ထမ်းများ လာဘ်ပေးလာဘ်ယူမှု၊ အဂတိလိုက်စားမှု ကျူးလွန်ခြင်းများ မရှိစေရေးအတွက် ကာကွယ်တားဆီးရန်နှင့် ကျူးလွန်မှုများရှိပါကလည်း ဖော်ထုတ်အရေးယူနိုင်ရန် ဦးတည် ပြီးတော့  တရားရုံးများမှာ လာဘ်ပေးလာဘ်ယူမှုများ မရှိစေရန် ကြိုတင်ကာကွယ်ရေးနှင့် စည်းကမ်းဥပဒေ အရ ထိရောက်စွာ အရေးယူရန် စီမံချက်များရေးဆွဲခြင်း၊ အကောင်အထည်ဖော်ခြင်းတို့ကို ပြုလုပ်ခဲ့ပါ တယ်။ လာဘ်ပေးလာဘ်ယူမှုကင်းရှင်းစေရန်အတွက် ကာကွယ်တားဆီးရေးအပိုင်းတွင် လာဘ်ပေး လာဘ်ယူမှု၊ အဂတိလိုက်စားမှု ပပျောက်ရေးအတွက် လှုံ့ဆော်ပညာပေးခြင်း၊ ဝန်ထမ်းများက လာဘ်ပေးလာဘ်ယူမှု၊ အဂတိလိုက်စားမှုတို့အပေါ်မှာ ဒဏ်ခတ်ခံရမည်ကို ကြောက်ရွံ့ပြီး မကျူး လွန်ခြင်းနှင့် ယင်းလုပ်ငန်းများကို ရွံ့ရှာမုန်းတီးပြီး မကျူးလွန်လိုသည် စိတ်ဓာတ်များ ပေါ်ပေါက် စေရန်အတွက် တာဝန်ရှိသူများက အခြေအနေပေးသလို ဆွေးနွေးရှင်းလင်းခြင်း၊ လာဘ်ပေးလာဘ်ယူ မှုများ ကင်းရှင်းစေရန် မိမိဌာနအလိုက် အများမြင်သာတဲ့နေရာမှာ ဆိုင်းဘုတ်များ ပြုလုပ်ချိတ်ဆွဲထား စေခြင်း၊ တာဝန်နှင့် လုပ်ပိုင်ခွင့်များကို တိကျစွာ သတ်မှတ်ပြီးတော့ အနီးကပ်ကြီးကြပ်သူများ အနေနဲ့ တာဝန်ကျေပွန်စွာ ထမ်းဆောင်ခြင်းမှု ရှိ၊ မရှိကြီးကြပ်ခြင်းနှင့် ပျက်ကွက်မှုပေါ်ပေါက်ပါက အနီးကပ် ကြီးကြပ်သူကိုပါ အရေးယူဆောင်ရွက်ခြင်းတို့ ပြုလုပ်ရန်အတွက် စီမံချက်များ ရေးဆွဲ အကောင်အထည် ဖော်ခဲ့ပါတယ်။ ဒါ့အပြင် ဝန်ထမ်းများသည် မိမိလုပ်ငန်းအပေါ် ဂုဏ်ယူလိုစိတ်များ ရှိမှသာလျှင် လာဘ်ပေးလာဘ်ယူမှု၊ အဂတိလိုက်စားမှုများပြုရန် ပတ်ဝန်းကျင်က စည်းရုံးသွေးဆောင် မှုကို ကြံ့ကြံ့ခံနိုင်မည်ဖြစ်ပါတယ်။ ဒါကြောင့် ဝန်ထမ်းများ စိတ်ဓာတ်မြင့်မားရေးနှင့် လုပ်ငန်းအပေါ် ဂုဏ်ယူလိုစိတ်ရှိစေရေးတို့အတွက် ဝန်ထမ်းများ သက်သာချောင်ချိရေး၊ ဝန်ထမ်းရေးရာကိစ္စများမှာ ညီညွတ်မျှတစွာ ဆောင်ရွက်ရေး၊ ဝန်ထမ်းတစ်ဦးစီ၏ အခြေအနေကို အနီးကပ်ကြီးကြပ်သူများက စိတ်ဝင်တစား ကူညီဖြေရှင်းရေး၊ အဂတိလိုက်စားမှုများကို ဖော်ထုတ်ပေးနိုင်သူများကို ဂုဏ်ပြုနိုင်ရေး တို့ကို ဂရုပြုဆောင်ရွက်လျက်ရှိပါတယ်။ ဖော်ထုတ်အရေးယူမှု အပိုင်းမှာလည်း အမှုသည်များ တိုင်ကြားစာအရ သိရှိရပါက စုံစမ်းစစ်ဆေးရေးအဖွဲ့တွေ ဖွဲ့စည်းပြီးတော့မှ စုံစမ်းစစ်ဆေးစေပြီး စုံစမ်းစစ်ဆေးရေးအဖွဲ့၏ အစီရင်ခံစာအရ တိုင်ကြားစာပါအတိုင်း မှန်ကန်ကြောင်း ဖော်ထုတ်တွေ့ရှိ ပါက ထိရောက်စွာ အရေးယူဆောင်ရွက်ခြင်းတို့ ဆောင်ရွက်လျက်ရှိပါကြောင်း တင်ပြအပ်ပါတယ်။

ဒါ့ပြင် တရားရေးဝန်ထမ်းများဟာ မိမိတို့ အားပေးအပ်ထားသည့် တရားစီရင်ရေးတာဝန်ကို လာဘ်ပေးလာဘ်ယူ ကင်းရှင်းစွာဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်း တရားသူကြီး တစ်ဦး၏ ကျင့်ဝတ်သိက္ခာများကို စောင့်ထိန်းမည် ဖြစ်ကြောင်း တာဝန်ယူလက်မှတ်ရေးထိုးရန်နှင့် လာဘ်ပေး လာဘ်ယူကင်းရှင်းမှု မရှိလျှင် သော်လည်းကောင်း၊ တရားသူကြီးတစ်ဦး၏ ကျင်‌့ဝတ်သိက္ခာ စောင့်ထိန်း ခြင်း မပြုလျှင်သော်လည်းကောင်း ရာထူးမှ ထုတ်ပစ်ခြင်းခံရသည်အထိ ထိုက်သင့်သလို အရေးယူခံရ မည်ဖြစ်ကြောင်း ကတိဝန်ခံချက် လက်မှတ်များ ရေးထိုးစေခြင်းများကိုလည်း ပြုလုပ်ရန် ညွှန်ကြား ဆောင်ရွက်ထားပြီး ဖြစ်ပါတယ်။

အလားတူပင် အကျင်‌့ပျက်ဝန်ထမ်းများ ဖော်ထုတ်ပြီးတော့ ထိရောက်စွာ အရေးယူခြင်းနှင့် စပ်လျဉ်း၍ ညွှန်ကြားချက်များ ထုတ်ပြန်ပြီးတော့ အကျင့်ပျက်ဝန်ထမ်းများ ဖော်ထုတ်၍ ထိရောက်စွာ အရေးယူရေး၊ လာဘ်ပေးလာဘ်ယူမှု ကင်းရှင်းရေးနှင့် ကျင့်ဝတ်သိက္ခာစောင့်ထိန်းရေးတို့နှင့် စပ်လျဉ်း ပြီးတော့ ညွှန်ကြားချက်များကို တရားရေးဝန်ထမ်းများနှင့် ရုံးဝန်ထမ်းတစ်ဦးချင်းတို့ကို ကိုယ်တိုင် ပြန်လည်ဖတ်ရှုစေပြီး သိရှိလိုက်နာမည်ဖြစ်ကြောင်း ဝန်ခံကတိပြု လက်မှတ်ရေးထိုးစေခြင်းတို့ကို လည်း ပြုလုပ်ရန် ထပ်ဆင့်ညွှန်ကြားခဲ့ပါတယ်။

ဝန်ထမ်းများ လာဘ်ပေးလာဘ်ယူ ကင်းရှင်းရေးနှင့်စပ်လျဉ်းပြီးတော့ နိုင်ငံတော်အကြီးအကဲ များ၏ လမ်းညွှန် အမှာစကားများကိုလည်း ဝန်ထမ်းများ သိရှိစေရန်အတွက် ထပ်ဆင့်ရှင်းလင်းပြော ကြားခြင်း၊ လက်အောက် တရားရုံးများမှ သိရှိလိုက်နာနိုင်စေရန်အတွက် အမှာစကားမိတ္တူများ ပူးတွဲ၍ ထပ်ဆင့်ရှင်းလင်းစေခြင်းများ ညွှန်ကြားချက်များ ထုတ်ပြန်ခြင်းများကို ဆောင်ရွက်လျက်ရှိပါတယ်။

သို့ပါ၍ ပြည်ထောင်စုတရားလွှတ်တော်ချုပ်အနေဖြင့် တရားရုံးအဆင့်ဆင့်မှာ တာဝန်ထမ်းဆောင်နေကြတဲ့ တရားသူကြီးများ၊ ဝန်ထမ်းများ လာဘ်ပေးလာဘ်ယူမှု၊ အဂတိလိုက်စား မှု၊ အကျင့်ပျက်မှု၊ လုပ်ငန်းတာဝန်များ ပေါ့လျော့စွာ ဆောင်ရွက်ခြင်းတို့ မဖြစ်ပွားစေရန် ကြိုတင် ကာကွယ်နိုင်ရေးအတွက် ညွှန်ကြားချက်များ ထုတ်ပြန်ခြင်း၊ ညွှန်ကြားချက်များနှင့်အညီ လိုက်နာ ဆောင်ရွက်စေရန် အဆင့်ဆင့်ကြီးကြပ်ကွပ်ကဲခြင်း၊ လိုက်နာဆောင်ရွက်မှုမရှိပါက ထိရောက်စွာ အရေးယူခြင်း၊ တိုင်ကြားစာများအရ သိရှိရလျှင် စုံစမ်းစစ်ဆေးမှုပြုလုပ်၍ တိုင်ကြားစာပါအတိုင်း ပေါ်ပေါက်မှုရှိလျှင် ထိရောက်စွာ ပြစ်ဒဏ်ပေးသည်အထိ အရေးယူဆောင်ရွက်ခြင်းတို့ ပြုလုပ်လျက် ရှိပါကြောင်း ရှင်းလင်းဖြေကြားအပ်ပါတယ်ခင်ဗျား။

 

ပြည်သူ့လွှတ်တော်မှ အတည်ပြုပေးခဲ့သော တရားစီရင်ရေး မဏ္ဍိုင်ဖြောင့်မတ်ကြံ့ခိုင်စေရန် ဝိုင်းဝန်ကူညီ ထောက်မပေးရေး အဆိုနှင်‌့စပ်လျဉ်း၍ ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ စီမံ ဆောင်ရွက်မှု အခြေအနေ နှင့် စပ်လျဉ်းသည့်မေးခွန်း

                    ဦးစိုးအောင်(သဲကုန်းမဲဆန္ဒနယ်)။။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော်ကတော့ သဲကုန်းမဲဆန္ဒနယ်မှ ဦးစိုးအောင်ဖြစ်ပါတယ်။ ကော့သောင်း မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်ထွန်း အတွင်းရေးမှူး တရားစိရင်ရေးနှင့် ဥပဒေရေးရာကော်မတီမှ ပြည်ထောင်စု တရားလွှတ်တော်ချုပ်သို့ မေးမြန်းသော မေးခွန်းကို ကိုယ်စား မေးမြန်းခြင်းဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ပထမအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်း အဝေးမှာ ကျွန်တော်တို့ကော်မတီရဲ့ဥက္ကဋ္ဌ သူရဦးအောင်ကိုမှ တရားစိရင်ရေးမဏ္ဍိုင် ဖြောင့်မတ်ကြံ့ ခိုင်စေရန်အတွက် ဝိုင်းဝန်းကူညီ ထောက်မပေးရေး အဆိုတစ်ရပ်ကို တင်သွင်းခဲ့ပါတယ်။ ယင်းအဆိုကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အများစုမှ ထောက်ခံအတည်ပြုခဲ့ကြပြီးဖြစ်ပါတယ်။ တင်သွင်းခဲ့ တဲ့အဆိုမှာ ပထမ ဥပဒေပြုရေးမဏ္ဍိုင်၊ ဒုတိယအုပ်ချုပ်ရေးမဏ္ဍိုင်၊ တတိယ တရားစီရင်ရေးမဏ္ဍိုင်၊ စတုတ္ထ သတင်းမီဒီယာမဏ္ဍိုင်၊ ပဉ္စမ ပြည်သူ့ကိုယ်စားလှယ်များ အကြုံးဝင်ပါရှိတဲ့ ပြည်သူလူထု မဏ္ဍိုင် ဖြစ်ပါတယ်။ တတိယမဏ္ဍိုင်ဖြစ်တဲ့ တရားစီရင်ရေးမဏ္ဍိုင်ကြီးကို ကျန်တဲ့ မဏ္ဍိုင် ၄ ရပ်က ဝိုင်းဝန်းထောက်မတ်ထိန်းညှိပေးရန်ဖြစ်ပါတယ်။ ယင်းအဆိုနှင့်သက်ဆိုင်တဲ့ ဥပဒေ၊ နည်းဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်တွေကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ရေးဆွဲထုတ်ပြန်လျှင် လက်ထောက်တရားလွှတ်တော် တရားရုံးအဆင့်ဆင့်သို့ ကြပ်မတ် ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။ ဖော်ပြပါ ပြည်သူ့လွှတ်တော်မှအတည်ပြုပေးခဲ့သော တရားစီရင်ရေး မဏ္ဍိုင်ဖြောင့်မတ်ကြံ့ခိုင်စေရန် ဝိုင်းဝန်းကူညီထောက်မပေးရေးအဆိုနှင့်ပတ်သက်၍ ပြည်သူ့လွှတ်တော် တရားလွှတ်တော်ချုပ်၏ စီမံ ဆောင်ရွက်ထားမှု အခြေအနေကို သိရှိလိုပါသဖြင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးမှတစ်ဆင့် လေးစား စွာဖြင့် မေးမြန်းအပ်ပါတယ်ခင်ဗျား။

          ဦးစိုးညွန့်(တရားသူကြီး၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်)။       ။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ဆက်လက်ပြီးတော့ တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင်‌့ထွန်းရဲ့ ကြယ်ပွင့်ပြ မေးခွန်းနှင့်စပ်လျဉ်းပြီးတော့ ရှင်းလင်းဖြေကြားပါမယ်။ ပထမအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန် အစည်းအဝေးက တရားစီရင်မဏ္ဍိုင်ဖြောင့်မတ်ကြံ့ခိုင်စေရန်အတွက် ဝိုင်းဝန်းကူညီ ထောက်မပေးရေးအဆိုကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အများစုက ထောက်ခံအတည်ပြုခဲ့ပါ တယ်။ ယင်းအဆိုမှာ တတိယမဏ္ဍိုင်ဖြစ်တဲ့ တရားစီရင်ရေးကဏ္ဍကို ကျန်ရှိတဲ့ မဏ္ဍိုင် ၄ ရပ်က ဝိုင်းဝန်းထောက်မထိန်းညှိပေးရန်ဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော်တို့ နားလည်သဘော ပေါက်တာကတော့ ပြည်သူ့လွှတ်တော်က အတည်ပြုခဲ့သည်အဆိုဟာ တရားစီရင်ရေးကဏ္ဍကို ကျန်ရှိတဲ့ မဏ္ဍိုင် ၄ ရပ်က ဝိုင်းဝန်းထောက်မထိန်းညှိပေးရန်ဖြစ်တဲ့အတွက် ယင်း မဏ္ဍိုင် ၄ ရပ်က ထောက်မထိန်းညှိတဲ့အနေနဲ့ တရားစီရင်ရေးမဏ္ဍိုင် တည့်မတ်စေရန်အတွက် ပြုပြင်ရန်ရှိသည်များကို ပြုပြင်ရန်၊ ဆောင်ရွက်ဖွယ်ရာရှိသည်များကို ဆောင်ရွက်သွားရန်၊ ရှောင်ကြဉ်ရန်သင့်သည်များကို ရှောင်ကြဉ်ရန် လိုအပ်တဲ့အကြံပြုချက်များ၊ လမ်းညွှန်းမှုများ၊ နည်းပေးလမ်းပြမှုများနှင့် ဝိုင်းဝန်းကူညီ သွားမယ်လို့ နားလည်သဘောပေါက်ပါတယ်။ မဏ္ဍိုင် ၄ ရပ်က အဲဒီလို ဝိုင်းဝန်းကူညီဆောင်ရွက်လာ ပါက ပြည်ထောင်စု တရားလွှတ်တော်ချုပ်က လိုအပ်သလို လိုက်နာဆောင်ရွက်သွားဖို့အတွက် အသစ် ပြင်ဆင်ထားပြီးဖြစ်ပါကြောင်း တင်ပြလိုပါတယ်။ ပြည်သူ့လွှတ်တော်က အတည်ပြုခဲ့တဲ့ အဆိုနှင့် ပတ်သက်လို့ကတော့ ပြည်ထောင်စု တရားလွှတ်တော်ချုပ်က ဥပဒေ၊ နည်းဥပဒေ၊ အမိန့်၊ ညွှန်ကြား ချက်တွေရေးဆွဲထုတ်ပြသွားရန် လိုအပ်မယ်မဟုတ်ပါကြောင်း ရိုးသားစွာယူဆပါကြောင်း ရှင်းလင်း တင်ပြအပ်ပါတယ်ခင်ဗျား။

 

မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များသည် ၂၄ နာရီ တာဝန်ထမ်းဆောင်နေရသဖြင့် လုံလောက်သော အနားယူမှုများ ဆောင်ရွက်နိုင်ရေး ရဲတပ်ဖွဲ့ဝင်အင်အား တိုးချဲ့ခန့်ထားရန်နှင့်စပ်လျဉ်းသည့်မေးခွန်း

          ဦးသိန်းထွန်းဦး(အမရပူရမဲဆန္ဒနယ်)။      ။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များအားလုံး နိုင်ငံတော်နှင့်နိုင်ငံသားများ၏ အကျိုးကို တရားဥပဒေစိုးမိုး ရေးနှင့်အညီ စွမ်းစွမ်းတမံဆောင်ရွက်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း ဂါရဝပြုနှုတ်ခွန်း ဆက်သအပ်ပါတယ်။ ကျွန်တော်ကတော့ မန္တလေးတိုင်းဒေသကြီး၊ အမရပူရမဲဆန္ဒနယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းထွန်းဦး ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ တရားဥပဒေစိုးမိုးရေးကို ပြည်သူလူထုနှင့် ထိတွေ့ဆက်ဆံနေရတဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့်သက်ဆိုင်တဲ့မေးခွန်းကို မေးမြန်း တင်ပြသွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံအနေနဲ့ ဒီမိုကရေစီလမ်းကြောင်းမှာ လျှောက်လှမ်းနေတဲ့ အချိန်မှာ ပြည်သူလူထုကို အမှန်တကယ်အနီးကပ် တရားဥပဒေစိုးမိုးရေးကိစ္စကို ဆောင်ရွက်နေရတဲ့ ရဲတပ်ဖွဲ့ဝင်များရဲ့ ပကတိအခြေအနေများနှင့် အခြေအနေများကို တာဝန်ရှိသူများက ဖြေရှင်း ဆောင်ရွက်ပေးနိုင်မှသာ လက်ရှိအချို့သော ရဲတပ်ဖွဲ့ဝင်များ၏ မလိုလားအပ်သည့် ကိစ္စတွေ ဆောင်ရွက်နေမှုတွေ၊ ဖြစ်ပျက်နေမှုတွေကို ထိရောက်စွာ အရေးယူဆောင်ရွက်နိုင်မှာဖြစ်တဲ့အတွက် ဒီမေးခွန်းကို မေးမြန်းတင်ပြရခြင်း ဖြစ်ပါတယ်။

          လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ပြည်ထဲရေးဝန်ကြီးဌာနမှ နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ပြည်သူ့အကျိုးပြု ဆောင်ရွက်ရေးဆိုတဲ့ ရည်မှန်းချက် ၄ ရပ်ဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့အား ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါ တယ်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များဟာ လက်နက်ကိုင် အဖွဲ့အစည်းဖြစ်တာနှင့်အညီ ၎င်းတို့၏ လုံခြုံရေးတာဝန်ဟာ ၂၄ နာရီတာဝန်ရှိကြောင်းလည်း သိရှိရပါတယ်။ ရဲတပ်ဖွဲ့ဝင်များဟာ ဒီလို ၂၄ နာရီတာဝန်ထမ်းဆောင်ကြရာမှာ မိမိတို့တာဝန်အလိုက် ညပိုင်းမှာ ပင်ပန်းစွာ တာဝန်ထမ်းဆောင်ပြီး နောက်တစ်နေ့မှာ ရဲတပ်ဖွဲ့ဝင်လုံလောက်မှုမရှိတဲ့အခြေအနေအရ အနားမယူရဘဲ ဆက်လက်ပြီး တာဝန်များကို ထမ်းဆောင်နေကြရတဲ့အခါမှာ ကျန်းမာရေးထိခိုက်ခြင်း၊ လုံလောက်သော အနားယူမှု မရရှိခဲ့ခြင်းများကြောင့် မလိုလားအပ်သောကိစ္စရပ်များ မကြာခဏဖြစ်ပေါ်လျက်ရှိကြောင်း လေ့လာ တွေ့ရှိရပါတယ်။ သို့ဖြစ်ပါ၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များသည် ၂၄ နာရီတာဝန်ထမ်းဆောင်ကြရသူများ ဖြစ်သည့်အလျောက် ညပိုင်းတွင် တာဝန်ထမ်းဆောင်ပြီး နောက်တစ်နေ့တွင် လုံလောက်သော အနားယူမှုများ ဆောင်ရွက်နိုင်ရန်နှင့် အလှည့်ကျတာဝန်ထမ်းဆောင်နိုင်ရန်အတွက် ရဲစခန်းအသီးသီး တွင် ရဲတပ်ဖွဲ့ဝင်အဆင့်အလိုက် အင်အားတိုးချဲ့ ခန့်ထားရန် အစီအစဉ်ရှိ၊ မရှိ သိရှိလိုပါကြောင်းနှင့် အစီအစဉ်ရှိပါက မည်သည့်အချိန်ကာလတွင် အကောင် အထည်ဖော်ခန့်ထားဆောင်ရွက်မည်ကို သိရှိလိုပါကြောင်း လေးစားစွာ မေးမြန်းတင်ပြအပ်ပါတယ်ခင်ဗျား။

         

          ရဲအုပ်ကျော်ကျော်ထွန်း(ဒုတိယဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးဌာန)။    ။ လေးစားအပ်ပါသော ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ အားလုံး မင်္ဂလာအပေါင်းနှင့်ပြည့်စုံကြပါစေလို့ နှုတ်ခွန်းဆက်သအပ်ပါတယ် ခင်ဗျား။ ယခု မန္တလေးတိုင်းဒေသကြီး၊ အမရပူရမဲဆန္ဒနယ်၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းထွန်းဦးရဲ့ မေးမြန်းချက်နှင့်စပ်လျဉ်းလို့ ကျွန်တော် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ရဲအုပ်ကျော်ကျော်ထွန်းက ဖြေကြားသွားမှာ ဖြစ်ပါတယ်။  မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဟာ ရည်မှန်းချက် တာဝန်များဖြစ်တဲ့ ပြည်တွင်းလုံခြုံရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေ စိုးမိုးရေး၊ မူးယစ် ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး၊ ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရေးတို့ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါတယ်။ ရဲတပ်ဖွဲ့ဝင်တိုင်းရဲ့ အလုပ်ဝတ္တရားများကို စီမံ အုပ်ချုပ်ခန့်ခွဲခြင်းနှင့် ရဲတပ်ဖွဲ့ဝင်များရဲ့ အရပ်ရပ်အခွင့်အာဏာ အလုပ်ဝတ္တရားများနှင့် တာဝန်များ မှာ အမြဲဝတ္တရား ထမ်းရွက်ရခြင်းနှင့်ပတ်သက်လို့ ရဲလက်စွဲ ဒုတိယတွဲ အပိုဒ် ၁၀၄၀ တွင် ရဲတပ်ဖွဲ့ဝင် တို့သည် မိမိတို့ ဝတ္တရားဆောင်ရွက်ရန်အချိန်မှာ အရေးကိစ္စအားလုံးအတွက် အမြဲတစေ နေ့ရောညပါ  ဝတ္တရား ဆောင်ရွက်ရန် အချိန်ဖြစ်သည်ဟု မှတ်ယူရမည့်အပြင် ၎င်းတို့အား နိုင်ငံအတွင်း မည်သည်‌့ ဒေသတွင်မဆို ဝတ္တရား ဆောင်ရွက်စေနိုင်သည်လို့ ပြဋ္ဌာန်းထားရှိပါတယ်။ အဲဒီလို ၂၄ နာရီ တာဝန်ချိန် သတ်မှတ်ထားရှိပေမယ့်လည်း ရည်မှန်းချက် တာဝန်များကို ထမ်းဆောင်ရာမှာ အလှည့်ကျ အနားပေး တဲ့စနစ်ကို ကျင့်သုံးပြီး စနစ်တကျ တာဝန်များခွဲဝေပေးအပ်ပြီး ဆောင်ရွက်လျက်ရှိတဲ့အတွက် တပ်ဖွဲ့ ဝင်များအနေနဲ့ လုံလောက်တဲ့ အနားယူချိန်တွေ ရရှိအောင်ဆောင်ရွက်လျက်ရှိပါတယ်။ လုပ်ငန်း တာဝန်များကို ခွဲခြားသတ်မှတ်ထားရှိတဲ့အတွက် ကိုယ်စီလုပ်ငန်းတာဝန်များကို စွမ်းအားပြည့် ထမ်းဆောင်နိုင်လျက် ရှိပါတယ်။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှာ တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ ရဲစခန်း များကို ပြည်သူနှင့် ရဲတပ်ဖွဲ့ဝင်များရဲ့ အချိုးညီမျှစေဖို့အတွက် ခေတ်နှင့်လျော်ညီတဲ့ ရဲစခန်းများရဲ့ ဖွဲ့စည်းပုံများကို ပြင်ဆင်ဖွဲ့စည်းခြင်း၊ ရဲတပ်ရင်း/တပ်ဖွဲ့များကို အသစ်တိုးချဲ့ဖွဲ့စည်းခြင်းများကို နိုင်ငံတော်သမ္မတရုံးကို တင်ပြ ဆောင်ရွက်လျက်ရှိပါတယ်။ နိုင်ငံတော်သမ္မတရုံးမှ ခွင့်ပြုချက်ရရှိပါက လုပ်ထုံးလုပ်နည်းများနှင့်အညီ ရဲစခန်းအသီးသီးမှာ ရဲတပ်ဖွဲ့ဝင်အဆင့်အလိုက် အင်အားတိုးချဲ့ ခန့်အပ်သွားရန် အစီအစဉ်ရှိပါကြောင်း ရှင်းလင်းဖြေကြားအပ်ပါတယ်။

 

ကျောက်ဖြူမြို့နယ် ကပိုင်ချောင်းကျေးရွာမှ လယ်သမား ၅ ဦး မတရားဆုံးရှုံး နစ်နာမှုနှင်‌့စပ်လျဉ်း သည့်မေးခွန်း

                    ဦးဘရှိန်(ကျောက်ဖြူမဲဆန္ဒနယ်)။။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် လွှတ်တော် ကိုယ်စားလှယ်များ၊ ဧည့်သည်တော်အားလုံး မင်္ဂလာပါခင်ဗျား။ ကျွန်တော်ကတော့ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဘရှိန်ဖြစ်ပါတယ်။ ဒီနေ့ ပြည်သူ့လွှတ်တော်မှာ ကျွန်တော် မေးခွန်းမေးမယ့်အကြောင်းအရာကတော့ ရခိုင်ပြည်နယ် ကျောက်ဖြူ မြို့နယ်က လယ်သမား ၅ ဦးထံက ငွေ ၄၉ သိန်း အဓမ္မခြိမ်းခြောက် ရယူသွားတဲ့အမှုဖြစ်ပါတယ်။ ဖြစ်ရပ်အကျဉ်းချုပ်ကိုတင်ပြရမယ်ဆိုရင် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်အတွင်းမှာ သဘာဝ ဓာတ်ငွေ့စီမံကိန်းကြောင့် လယ်မြေတွေ၊ ဥယျာဉ်မြေတွေကို ဖြတ်သန်းပြီးတော့ ရေနံပိုက်လိုင်းတွေ၊ ဓာတ်ငွေ့ပိုက်လိုင်းတွေ သွယ်ရပါတယ်။ အဲဒီလို ပိုက်လိုင်းတွေ ဖြတ်သန်းသွားတဲ့အခါ နစ်နာတဲ့သူ တွေကိုငွေတွေထုတ်ပေးပါတယ်။ ထုတ်ပေးတဲ့အခါ မြို့နယ်ငွေစာရင်းဦးစီးဌာနနဲ့ ကျေးရွာအုပ်ချုပ်ရေး မှူးတို့က ဒီငွေတွေနဲ့ပတ်သက်ပြီးတော့ စီစဉ်တွက်ချက်ကြပါတယ်။ ကျသင့်ငွေတွေကို ကုမ္ပဏီက တိုက်ရိုက်ထုတ်မပေးပါဘူး။ မြို့နယ်အုပ်ချုပ်ရေးမှူးက ထုတ်ပေးပါတယ်။ ကျောက်ဖြူမြို့နယ် ကပိုင် ချောင်းကျေးရွာက တောင်သူလယ်သမားမိသားစုတွေဖြစ်ကြတဲ့ (၁) ဒေါ်မဝင်းနု အဖေနာမည် ဦးရွှေသာဖြူ (၂) ဒေါ်မကျော်သိန်း အဖေနာမည် ဦးဘချစ်ဦး (၃) ဦးကျော်သိန်း အဖေနာမည် ဦးဘချစ်ဦး (၄) ဒေါ်ခင်ဝင့်တင် အဖေနာမည် ဦးမောင်ညွန့်စိန် (၅) ဒေါ်မာလာရီ အဖေနာမည် ဦးငထီးဆိုတဲ့ လူ ၅ ဦးဟာ မိမိတို့ရရှိရတဲ့ လျော်ကြေးငွေတွေကို လွန်ခဲ့တဲ့ သီတင်းကျွတ်လဆန်း ၁၄ ရက်နေ့မှာ မြို့နယ်အုပ်ချုပ်ရေးမှူးထံ လာရောက်ထုတ်ယူရမယ်လို့ အကြောင်းကြားတဲ့ အတွက်ကြောင့် အဲဒီနေ့ နံနက်ပိုင်းမှာ မိမိတို့ ကပိုင်ချောင်းကျေးရွာက စက်လှေနဲ့လာရောက်ပြီးတော့ ပိုက်ဆံထုတ်ယူခဲ့ကြပါတယ်။ နောက်တနေ့မှာ ပိုက်ဆံထုတ်ပြီးတဲ့အခါမှာ ရွာပြန်ဖို့ဆိုပြီးတော့ စက်လှေ နဲ့ပြန်ဖို့အတွက် စက်လှေဆိပ်ကို ဆင်းကြပါတယ်။ စက်လှေပေါ်မှာလည်း လူအများရောက်နေကြပါ တယ်။ အဲဒီအချိန်မှာ ကျေးရွာအုပ်ရေးမှူးဖြစ်တဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးဆိုတာ ကပိုင်ချောင်းက ဂြင်ကြီးကျေးရွာအုပ်စုမှာပါဝင်တဲ့ ရွာကြီးတစ်ရွာပါ။ အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းကတော့ ကပိုင်ချောင်း ရွာက ရွာသားပါ။ ဦးစိုးဝင်းရယ်၊ မြေစာရင်းဌာနမှ ဝန်ထမ်းတွေဖြစ်ကြတဲ့ ဦးဝေဘစံ၊ ဦးမိုးလင်းထွန်း၊ ဦးထွန်းဝင်း တို့ရောက်လာကြပြီးတော့ ဦးစိုးဝင်း၊ ဦးဝေဘစံ၊ ဦးမိုးလင်းထွန်း၊ ဦးထွန်းဝင်းတို့က ဒီလယ်သမားတွေ နောက်ထပ်ရမယ့်ငွေတွေကို မရချင်ကြတော့ဘူးလားဆိုပြီးတော့ ချိန်းခြောက်တယ်။ မရချင်တော့ဘူးဆိုရင် မင်းတို့ကို ငါတို့ပိုက်ဆံပေးဖို့ ပိုက်ဆံလိုချင်လို့ရှိရင်တော့ ငါတို့ကို ပိုက်ဆံ ဘယ်လောက်ဘယ်လောက်ပေးရမယ်ဆိုပြီးတော့ ငွေချိန်းခြောက်ပြီးတော့ တောင်းကြတယ်။ အဲဒီလို တောင်းတဲ့အတွက်ကြောင့် ဒေါ်မဝင်းတို့က ငွေ ၁၅ သိန်းကျပ်၊ ဒေါ်မကျော်သိန်းက ငွေ ၅ သိန်းကျပ်၊ ဦးကျော်သိန်း ငွေ ၁၅ သိန်းကျပ်၊ ဒေါ်ခင်ဝင်းတင်က ၄ သိန်း၊ ဒေါ်မာလာရီထံက ၁၀ သိန်း စုစုပေါင်း ၄၉ သိန်းကို အဲဒီ စက်လှေပေါ်မှာပဲထုတ်ပေးလိုက်ရပါတယ်။ ဒီလောက်လူအများကြီးရှေ့မှာ ဒီလို တောင်းတာကြောက်လို့ ထုတ်ပေးလိုက်ရတယ်။ ထုတ်ပေးလိုက်ရတဲ့အတွက်ကြောင့် ဒီလူတွေက မကျေနပ်လို့ ရဲကိုအကြောင်းကြားတယ်။ ရဲကိုအကြောင်းကြားတော့ ထုံးစံအတိုင်း ပေါ့ပေါ့တန်တန် နေတယ်။ ပေါ့ပေါ့တန်တန်နေတဲ့အခါ လယ်သမားတွေက ကျောက်ဖြူမြို့နယ် တရားရုံးမှာ ဦးတိုက် လျှောက်ထားတဲ့အတွက်ကြောင့် ကျောက်ဖြူမြို့နယ် တရားရုံး ပြစ်မှုကြီးအမှတ် (၅၆၉/၂၀၁၁)၊ (၅၇၀/၂၀၁၁)၊ (၅၇၁/၂၀၁၁)၊ (၅၇၂/၂၀၁၁)၊ (၅/၂၀၁၂) ဒီပြစ်မှုတွေမှာ အမှုလက်ခံပြီးတော့ တရား လိုတွေကို တရားရုံးအပေါ် ပြစ်မှုကျင့်ထုံး ပုဒ်မ ၂၀၀ နဲ့ စစ်ဆေးတယ်။ စစ်ဆေးပြီးတော့ ရဲစခန်းကို ပြန်ပြီးတော့ စုံစမ်းဖို့ ချပေးလိုက်ပါတယ်။ ရဲစခန်းကို အမှုစုံစမ်းစစ်ဆေးဖို့ ချပေးလိုက်တဲ့အခါ ရဲစခန်းက စုံစမ်းစစ်ဆေးမှု ပြုလုပ်ပါတယ်။ ပြုလုပ်ပေမယ့်လည်း သက်သေခံငွေတွေ သိမ်းဆည်း တင်ပြခဲ့တာမရှိပါဘူး။ ကျွန်တော်တို့ ရရှိတဲ့ မှတ်တမ်းအရ လူပြသက်သေတွေ ၇ ဦး စစ်ဆေးခဲ့ပါ တယ်။ ရဲစစ်ဆေးချက်တွေ၊ တရားတင်မိတ္တူ ကျွန်တော်ဆီမှာလည်းရှိပါတယ်။

          ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော်တို့ မကြာခဏကြားဖူးတဲ့ စကားတွေရှိပါတယ်။ အဲဒါတွေကတော့ တရားခံအဖြစ် မမှန်မကန်စွက်စွဲခံရတယ်။ တရားခံအစစ်အမှန်ကို လာဘ်စားပြီးတော့ လွှင့်ပစ်လိုက် တယ်ဆိုတဲ့ ပြည်သူအသံတွေဖြစ်ပါတယ်။ အခု ကပိုင်ချောင်းကျေးရွာက လယ်သမား ၅ ဦး စုစုပေါင်း ငွေ ၄၉ သိန်း ဖြစ်ရပ်က စက်လှေပေါ်မှာရောက်ရှိနေကြတဲ့ အများပြည်သူတွေရှေ့မှာ ခြိမ်းခြောက်ပြီး တော့ အဓမ္မယူသွားတဲ့ ဖြစ်ရပ်ပါ။ သက်သေတွေလည်း ရှိကြပါတယ်။ တစ်ခါတလေ ကျွန်တော်တို့ ကြုံဖူးပါတယ်။ ကြုံဖူးတာက ကျွန်တော်က ရှေ့နေဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်တို့ရဲ့ လုပ်ငန်း အရ ကြုံဖူးတာပါ။ တရားခံရာဇဝတ်သားကို မဖော်ထုတ်နိုင်ဘူး။ အလွယ်တကူမဖော်ထုတ်နိုင်တဲ့အခါ ရဲစခန်းတွေရဲ့ လုပ်ဆောင်ချက်တွေကို အားမရလို့ဖြစ်ပါလိမ့်မယ်။ တစ်ခါတလေ စီအိုင်ဒီက အမှုတွေ လာရောက်စစ်ဆေးတာတွေတွေ့ပါတယ်။ တစ်ခါတလေ စသုံးလုံးက လာရောက်စစ်ဆေးတာတွေ တွေ့ပါတယ်။ ဒီမြို့မှာတော့ အဲဒီလို စစ်ဆေးတာမတွေ့ရပါဘူး။ အခုအမှုမှာ ပြစ်မှုကျူးလွန်သူတွေဟာ အများပြည်သူရဲ့ရှေ့မှာ ဒီပြည်သူတွေကို ဂရုမစိုက်ဘဲ မိမိတို့ရဲ့တာဝန်ကို အရောင်ပြပြီးတော့ ထင်ထင် ပေါ်ပေါ် ကျူးလွန်ခဲ့တဲ့ ပြစ်မှုဖြစ်တယ်ဆိုတာလည်း ကျွန်တော်တို့ တွေ့ရပါကြောင်း တင်ပြလိုပါတယ်။ ဆက်လက်ပြီးတင်ပြလိုပါတယ်။ မြို့နယ်တရားရုံးက အမှုကိုဆက်လက်ပြီးတော့ ဆောင်ရွက်တယ်။ ဘယ်အချိန်မှာဆောင်ရွက်သလဲဆိုတော့ ရဲစခန်းက ရဲစစ်ချက်တွေနဲ့ ပြန်လည်တင်ပေးလိုက်တဲ့အခါ ကျောက်ဖြူမြို့နယ်တရားရုံးက ဒီအမှုတွေကို ဆက်လက်စစ်ဆေးပါတယ်။ စစ်ဆေးတဲ့အခါ မြို့နယ် တရားရုံးက တရားမကြောင်းနဲ့သာ စပ်ဆိုင်သည်ဟုအကြောင်းပြပြီးတော့  အမှုတွေကို ပလပ်လိုက် ပါတယ်။ ခရိုင်တရားရုံးကို ပြင်ဆင်ဖို့တက်တဲ့အခါလည်း ဒီအတိုင်းပဲ အမိန့်ချလိုက်ပါတယ်။ အဲဒီတော့ ခြိမ်းခြောက်ယူသွားတဲ့ငွေတွေကို တရားမမှုနဲ့ ဘယ်လိုတောင်းရမလဲ။ ခြိမ်းခြောက်ယူသွားတဲ့ငွေ တွေကို တရားမမှုနဲ့ ဒီလယ်သမားတွေ ဘယ်လိုတောင်းရမလဲ။ တရားရုံးက ဒါအတွက်တော့ လမ်းညွှန်းချက်မပေးပါဘူး။ ကျေးရွာအုပ်ချုပ်ရေးမှူးဟာ မိမိတို့ရွာသားတွေကို ကာကွယ်ပေးဖို့ တာဝန်ရှိပါတယ်။ မြေစာရင်းဌာနက ဝန်ထမ်းတွေဟာ နိုင်ငံတော်က ချီးမြှောက်တဲ့လစာတွေနှင့် စရိတ်တွေကို စားတဲ့ ပြည်သူ့ဝန်ထမ်းတွေပါ။ ဥပဒေနှင့်အညီ ပြည်သူတွေကို ကာကွယ်ပေးဖို့ တာဝန် ရှိကြပါတယ်။ မသိနားမလည်တဲ့သူတွေကို ခြိမ်းခြောက်ပြီးတော့ ငွေတောင်းယူတာကို တာဝန်ရှိတဲ့  အဖွဲ့အစည်းအသီးသီးက နည်းမှန်လမ်းမှန် စုံးစမ်းစစ်ဆေးဖော်ထုတ်ပေးဖို့ လိုအပ်ပါတယ်။ အမှုကို စုံစမ်းစစ်ဆေးရာမှာ ရဲတပ်ဖွဲ့ ဒါမှမဟုတ် အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ စသည့်ဖြင့် စစ်ဆေးရတာ ဖြစ်ပါတယ်။ ဦးစိုးဝင်း၊ ဦးဝေဘစံ၊ ဦးမိုးလင်းထွန်း၊ ဦးထွန်းဝင်းတို့ဟာ စက်လှေပေါ်ကို ရည်ရွယ်ချက် ရှိရှိနှင့်ရောက်ရှိလာကြပြီးတော့ ခြိမ်းခြောက်လို့ မိမိတို့ရဲ့ လုပ်ပိုင်ခွင့်တာဝန်တွေကို အရောင်ပြ ခြိမ်းခြောက် ငွေရယူသွားကြတဲ့အဓမ္မမှုကို ဖော်ထုတ်ဖို့လိုပါတယ်။ ဒါကြောင့် ကျွန်တော် မေးခွန်း ၃ ခု မေးမြန်းလိုပါတယ်။ အဲဒီမေးမြန်းလိုတဲ့ မေးခွန်းတွေကတော့ (၁)ကျောက်ဖြူမြို့နယ် ကပိုင်ချောင်း ကျေးရွာမှ လယ်သမားတွေဖြစ်ကြတဲ့ ဒေါ်မဝင်းနုထံက ငွေ ၁၅ သိန်း၊ ဒေါ်မကျော်သိန်းက ငွေ ၅ သိန်း၊ ဦးကျော်သိန်း ငွေ ၁၅ သိန်း၊ ဒေါ်ခင်ဝင်းတင်က ၄ သိန်း၊ ဒေါ်မာလာရီထံက ၁၀ သိန်းအသီးသီးကို ပိုင်ရှင်တွေအလိုမတူဘဲ ပေးအပ်လိုက်ရသော်လည်း တရားမကြောင်းအရသာ ဆက်ဆိုင်သည်ဟု လမ်းညွှန်းမှုကို မည်သို့နားလည်ရပါမည်းနည်း။ (၂) ဒီမေးခွန်း (၁) ပါ ပုဂ္ဂိုလ် တွေရဲ့ မတရားဆုံးရှုံးမှုကို အမှန်အတိုင်း စုံစမ်းဖော်ထုတ်ပေးနိုင်ပါမလား။ (၃) မေးခွန်းကတော့ အထက်ပါကိစ္စရပ်များအတွက် ဒေါ်မဝင်းနုပါ ၅ ဦးတို့ မတရားဆုံးရှုံးနစ်နာမှုဖြစ်အောင် ပြုလုပ်ရာမှာ ပါဝင်ကြတဲ့ ဒီပုဂ္ဂိုလ်တွေကို ဘယ်လိုအရေးယူဆောင်ရွက်နိုင်ပါမလဲ ဆိုတဲ့ မေးခွန်းတွေဖြစ်ပါတယ်။

         

          ရဲချုပ်ကျော်ကျော်ထွန်း(ဒုတိယဝန်ကြီး၊ပြည်ထဲရေးဝန်ကြီးဌာန)။     ။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များအားလုံး မင်္ဂလာအပေါင်းနှင့်ပြည့်စုံကြပါစေလို့ နှုတ်ခွန်းဆက်သအပ်ပါတယ်။ ယခု ရခိုင်ပြည်နယ်၊ ကျောက်ဖြူမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဘရှိန်ရဲ့ မေးခွန်းနှင့် စပ်လျဉ်းလို့ ကျွန်တော် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ဖြေကြားသွားမှာဖြစ်ပါတယ်။ ရခိုင် ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ ဂြင်ကြီးကျေးရွာအုပ်စု၊ ကပိုင်ကျေးရွာမှာ ဒေါ်မဝင်းနုပါ ၅ ဦးတို့က ၂၀၁၁ ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက်နေ့မှာ သဘာဝဓာတ်ငွေ့ပိုက်လိုင်းဖြတ်သန်းမှုမှာပါဝင်တဲ့ လယ်သမားတွေအတွက် လျော်ကြေးငွေများကို နေရာနှင့် သီးနှံလျော်ကြေးပေးရေးဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူးဆီက ထုတ်ယူခဲ့ပြီး နောက်တစ်နေ့နံနက်မှာ စက်လှေနဲ့ရွာကိုပြန်ပို့ စောင့်နေတဲ့ အချိန်မှာ မြို့နယ်မြေစာရင်းဦးစီးဌာနမှ လက်ထောက်ဦးစီးမှူး ဦးဝေဘစံ၊ မြေတိုင်အဆင့်(၄) ဦးမိုးလင်းထွန်း၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးစိုးဝင်းနှင့် ရာအိမ်မှူး ဦးထွန်းဝင်းတို့ ရောက်လာ ကြပြီးတော့ ဒေါ်မဝင်းနုထံမှ ငွေကျပ် ၁၅ သိန်း၊ ဒေါ်မကျော်သိန်းထံမှ ငွေကျပ် ၅ သိန်း၊ ဦးကျော်သိန်း ထံမှ ငွေကျပ် ၁၅ သိန်း၊ ဒေါ်ခင်ဝင်းတင်ထံမှ ငွေကျပ် ၄ သိန်းနှင့် ဒေါ်မာလာရီထံမှ ငွေကျပ် ၁၀ သိန်းတို့ကို တောင်းယူသွားတဲ့အတွက် ဦးဝေဘစံပါ ၄ ဦးအပေါ် အရေးယူပေးရန် ၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်နေ့နှင့် ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက်နေ့တို့မှာ ကျောက်ဖြူမြို့နယ် တရားရုံးသို့ ဦးတိုက်လျှောက်ထားချက်များအရ ကျောက်ဖြူမြို့နယ် တရားရုံးက ပြစ်မှုကြီးအမှတ် (၅၆၉/၂၀၁၁)၊ (၅၇၀/၂၀၁၁)၊ (၅၇၁/၂၀၁၁)၊ (၅၇၂/၂၀၁၁)နှင့် ပြစ်မှုကြီးအမှတ် (၅/၂၀၁၂) တို့အရ လက်ခံစစ်ဆေးခဲ့ကြောင်း သိရှိရပါတယ်။ အဲဒီလို ဦးတိုက်လျှောက်ထားမှုများကို ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၂၀၂ အရ စစ်ဆေးတင်ပြဖို့ ကျောက်ဖြူမြို့နယ် တရားရုံးက ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့မှာ ကျောက်ဖြူမြို့နယ် ရဲတပ်ဖွဲ့စခန်းကို ညွှန်ကြားချက်အရ ကျောက်ဖြူ မြို့နယ် ရဲတပ်ဖွဲ့စခန်းမှ ဒုတိယရဲအုပ် တင်ထွန်းနောင်က လက်ခံစစ်ဆေးပြီး စုံးစမ်းစစ်ဆေးတွေ့ရှိချက် အမှုတွဲ ၅ တွဲကို တရားရုံးကို ပြန်လည်တင်ပြခဲ့ကြောင်း၊ ဒုတိယမြို့နယ်တရားသူကြီး ဦးအောင်မင်းထွန်းက အမှုများကို လက်ခံစစ်ဆေးခဲ့ပြီး ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၂၀၀ အရ အစစ်ခံချက်များနဲ့ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၂၀၂ အရ စုံစမ်းစစ်ဆေးချက်များအပေါ် သုံးသပ် ပြီး လျှောက်ထားသူ လယ်သမားများမှ ငွေပြန်လည်ရယူလိုကြောင်းသာ ပေါ်ပေါက်တဲ့အတွက် တရားမကြောင်းနှင့်သာစပ်ဆိုင်ကြောင်း တွေ့ရှိရလို့ ၂၀၁၂ ခုနှစ်၊ မေလ ၂၂ ရက်နေ့မှာ အမှုများကို ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၂၀၃ အရ ပလပ်ခဲ့ကြောင်း၊ အဲဒီလိုပလပ်ခဲ့ခြင်းနှင့် ပတ်သက်လို့ မကျေနပ်တဲ့အတွက် ဒေါ်မဝင်းနုပါ ၅ ဦးတို့က ကျောက်ဖြူခရိုင် တရားရုံးကို ဆက်လက်ပြီး ပြင်ဆင်မှု တင်သွင်းခဲ့ရာ ဒုတိယခရိုင်တရားသူကြီး ဦးဌေးရီက သုံးသပ်လျက် ကျောက်ဖြူမြို့နယ်တရားရုံးရဲ့ အမိန့်ကို အတည်ပြုပြီး တင်သွင်းခဲ့တဲ့ ပြင်ဆင်မှုများကို ပလပ်ခဲ့ကြောင်း သိရှိရပါတယ်။

          ရဲစခန်းက အဲဒီဦးတိုက်လျှောက်ထားမှုများကို ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၂၀၂ အရ စစ် ဆေးစဉ် စစ်ဆေးခံရသူများက ငွေလက်ခံရယူခြင်းမရှိကြောင်း ထွက်ဆိုကြတဲ့အတွက် သက်သေခံငွေ များကို သိမ်းဆည်းတင်ပြနိုင်ခြင်းမရှိခဲ့ကြောင်း၊ ဒီအမှုကိစ္စများကို ဒေါ်မဝင်းနုပါ ၅ ဦးတို့က ကျောက်ဖြူမြို့နယ် ရဲတပ်ဖွဲ့စခန်းကို လာရောက်တိုင်ကြားခဲ့ခြင်းမရှိဘဲ ၎င်းတို့ကိုယ်တိုင် ကျောက်ဖြူ မြို့နယ် တရားရုံးကို ဦးတိုက်လျှောက်ထားခဲ့ခြင်းဖြစ်ကြောင်း၊ ကျောက်ဖြူမြို့နယ်နဲ့ ခရိုင်တရားရုံးတို့ရဲ့  အမိန့်များကို ရခိုင်ပြည်နယ် တရားလွှတ်တော်ကို ဆက်လက်ပြီးတော့ ပြင်ဆင်မှုတက်ရောက်ခဲ့ခြင်း မရှိကြောင်းလည်း သိရှိရပါတယ်။ ဒေါ်မဝင်းနုပါ ၅ ဦးတို့က တရားရုံးကို ဦးတိုက်မလျှောက်မီ ဦးဝေဘစံပါ ၄ ဦးတို့အား သူတို့ထံမှ ငွေများရယူသွားခြင်းကို မကျေနပ်တဲ့အတွက် အရေးယူပေးဖို့ ၂၀၁၁ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်နေ့မှာ ရခိုင်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမှတ်(၁) မဲဆန္ဒနယ် ကျောက်ဖြူမြို့နယ် ဦးကျော်လွင်ထံလိပ်မူပြီး တိုင်ကြားခဲ့လို့ ဦးကျော်လွင်က ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ထံကို ဆက်လက်တင်ပြခဲ့ကြောင်း၊ အဲဒီလိုတင်ပြခဲ့မှုကြောင့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရဲ့ ၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်နေ့ ရက်စွဲပါစာအမှတ်၊ ၀၁/၁-၁/အစိုးရ(ရခိုင်)ဖြင့် အဆိုပါကိစ္စနှင့်ပတ်သက်လို့ မှန်ကန်မှုရှိ၊မရှိ စိစစ်တင်ပြရန် ကျောက်ဖြူခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနကို အကြောင်းကြားခဲ့ကြောင်း၊ အဲဒီတိုင်ကြားစာနှင့်ပတ်သက်ပြီး ကျောက်ဖြူခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက ကျောက်ဖြူခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး စံရွှေမောင် ခေါင်းဆောင်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းတာဝန်ပေးအပ် စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း၊ စုံစမ်း စစ်ဆေးရေးအဖွဲ့ရဲ့ စစ်ဆေးတွေ့ရှိချက်အရ လျော်ကြေးငွေရရှိသူ ၉ ဦးအနက် ဒေါ်မဝင်းနုပါ ၅ ဦးက မြို့နယ်မြေစာရင်းဦးစီးဌာနက လက်ထောက်ဦးစီးမှူး ဦးဝေဘစံ၊ မြေတိုင်အဆင့်(၄) ဦးမိုးလင်းထွန်းနဲ့ ဂြင်းကြီးကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးစိုးဝင်းတို့ကို ငွေများပေးခဲ့ရကြောင်း ထွက်ဆိုခဲ့ကြပြီး ကျန် ၄ ဦးမှ မပေးခဲ့ရကြောင်း ထွက်ဆိုခဲ့ကြကြောင်း၊ စုံစမ်းစစ်ဆေးရေးအဖွဲ့မှ တိုင်ကြားခံရသူများက လျော်ကြေးငွေ ရရှိသူအချို့ဆီက ငွေကြေးရယူမှုနှင့်ပတ်သက်ပြီး သံသယဖြစ်ဖွယ်ရှိကြောင်း သုံးသပ် တင်ပြချက်အရ ကျောက်ဖြူခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တိုင်ကြားခံရသူများကို အရေး ယူဆောင်ရွက်သင့်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ထံ တင်ပြခဲ့ပါတယ်။

          စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ စစ်ဆေးတင်ပြချက်အရ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးက ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့ ရက်စွဲပါစာအမှတ်၊ ၀၁/၁-၁/အစိုးရ(ရခိုင်)နဲ့ မြေစာရင်းဦးစီးဌာန လက်ထောက်ဦးစီးမှူး ဦးဝေဘစံနှင့် မြေတိုင်အဆင့်(၄) ဦးမိုးလင်းထွန်းတို့ကို ဝန်ထမ်းစည်းမျဉ်း စည်းကမ်းအရ အရေးယူရန်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးကို တာဝန်မှရပ်စဲသွားရန် အကြောင်း ကြားခဲ့ကြောင်း၊ အဲဒီလို အကြောင်းကြားချက်အရ ကျောက်ဖြူခရိုင် မြေစာရင်းဦးစီးဌာနမှူး ခေါင်းဆောင်ပါဝင်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းစစ်ဆေးခဲ့ပြီး ၎င်းတို့က လျော်ကြေးငွေ ရရှိသူ များထံမှ ငွေကြေးတစ်စုံတစ်ရာ တောင်းခံခြင်း မရှိခဲ့ပေမယ့်လည်း အများပြည်သူ သံသယဖြစ်ဖွယ် စိစစ်တွေ့ရှိရကြောင်း သုံးသပ်တင်ပြချက်အရ လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနရဲ့ ၂၀၁၂ ခုနှစ်၊ ဇွန်လ ၂၇ ရက်နေ့ ရက်စွဲပါရုံးအမိန့်အမှတ် (၂၂၆/၂၀၁၂) ဖြင့် ဦးဝေဘစံနှင့် ဦးမိုးလင်းထွန်းတို့ ၂ ဦးကို မှတ်တမ်းတင် သတိပေးခဲ့ခြင်း၊ ကျောက်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ ၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက် ရက်စွဲပါ စာအမှတ်၊ ၅/၁-၁၇/ဦး-၁ ဖြင့် ဂြင်းကြီးကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးစိုးဝင်းကို တာဝန်မှ ရပ်စဲခဲ့ခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီးဖြစ်ပါကြောင်းနှင့် စုံစမ်းစစ်ဆေးချက်များနှင့် တရားရုံးစစ်ဆေးချက် များအရ ဒေါ်မဝင်းနုပါ ၅ ဦးက ငွေများ ပြန်လည်ရယူလိုကြောင်းသာ ပေါ်ပေါက်တဲ့အတွက် တရားမ ကြောင်းအရ ငွေရယူလိုမှုဖြင့်ဖြစ်စေ၊ မတရားနစ်နာမှုဖြင့်ဖြစ်စေ တရားဥပဒေအရ စွဲဆိုတောင်းခံနိုင် ပါကြောင်း ရှင်းလင်းဖြေကြားအပ်ပါတယ်။

 

လေလံပေးထားသောစက်သုံးဆီဆိုင်များမှပုဂ္ဂလိကဆီဆိုင်များကဲ့သို့ လိုသလောက်ရောင်းချပေးနိုင် အောင် စီစဉ်ဆောင်ရွက်ပေးခြင်းရှိ/မရှိနှင့်စပ်လျဉ်းသည်‌့မေးခွန်း

                    ဦးဌေးဝင်း(လယ်ဝေးမဲဆန္ဒနယ်)။။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဧည့်သည်တော်များအားလုံး ကျန်းမာခြင်းသုခနဲ့ ပြည့်စုံနိုင်ကြပါစေလို့ ဆုမွန်ကောင်းပို့သဂါရဝပြုအပ်ပါတယ်။ ကျွန်တော်ကတော့ မန္တလေးတိုင်းဒေသကြီး၊  လယ်ဝေးမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဌေးဝင်း ဖြစ်ပါ တယ်။ မန္တလေးတိုင်းဒေသကြီး၊  ဝမ်းတွင်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန်းမြင့်ရဲ့ ကိုယ်စား စက်သုံးဆီအရောင်းဆိုင်များနှင့် ပတ်သက်သော မေးခွန်းကိုမေးမြန်းသွာမှာဖြစ်ပါတယ်။ လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော်တို့ မြန်မာနိုင်ငံအတွင်းရှိနေရာဒေသအနှံ့အပြား မှာရှိသော စွမ်းအင်ဝန်ကြီးဌာနလက်အောက်ရှိ စက်သုံးဆီဆိုင်များကို ပုဂ္ဂလိလသို့လေလံတင် ရောင်းချပြီး နိုင်ငံတော်မှသတ်မှတ်ပေးထားသောဈေးနှုန်းဖြင့် လစဉ်ခွဲတမ်းပေး ရောင်းချစေခဲ့ပါတယ်။ အဆိုပါလေလံရရှိသော ပုဂ္ဂလိကဆိုင်များဟာ နိုင်ငံတော်မှသတ်မှတ်ပေးထားသော ဈေးနှုန်းအတက် အကျအတိုင်းရောင်းချသော်လည်း မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်များကို လစဉ်ထုတ်ပေး နေသောခွဲတမ်းများမှာ တစ်မြို့နယ်နှင့် တစ်မြို့နယ်မတူညီခြင်း၊ အသစ်တိုးလာသော မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်များကိုလည်း စက်သုံးဆီခွဲတမ်းထုတ်မပေးနိုင်ခြင်းတို့ကို တွေ့ရှိကြားသိရပါတယ်။ စက်သုံးဆီ‌ ဈေးနှုန်းမှာလည်း ဒီဇယ်ဆီအနေဖြင့် ဈေးနှုန်းပြင်ပပေါက်ဈေးနဲ့ မကွာဟသော်လည်း ဓာတ်ဆီဈေးနှုန်း ကွာဟနေမှုကြောင့် မသမာမှုများရှိနေတာကိုလည်း ကြားသိနေရပါတယ်။ နိုင်ငံတော် အစိုးရထံမှရရှိတဲ့ လစဉ်ခွဲတမ်းစက်သုံးဆီများကို ပိုလျှံအောင်နည်းမျိုးစုံနဲ့လုပ်ဆောင်ကြပြီး အပြင်မှာ ထုတ်ရောင်းနေကြတဲ့အတွက် လက်ရှိနိုင်ငံတော်အစိုးရရဲ့ မူဝါဒများနဲ့ကိုက်ညီမှုမရှိတာကိုလည်း တွေ့ရှိနေရပါတယ်။ ဒါကြောင့်  နိုင်ငံတော် အစိုးရထံမှ လေလံရရှိထားကြသော စက်သုံးဆီဆိုင် များအား ပြင်ပပုဂ္ဂလိကစက်သုံးဆီဆိုင်များကဲ့သို့ တူညီသော ဈေးနှုန်းဖြင့် လိုသလောက်ရောင်းချ ပေးနိုင်အောင် စီစဉ်ဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းအပ်ပါတယ် ခင်ဗျား။      ။

           ဦးထင်အောင်(ဒုတိယဝန်ကြီး၊ စွမ်းအင်ဝန်ကြီးဌာန)။       ။ လေးစားအပ်ပါသော ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအားလုံး ကိုယ်စိတ်နှစ်ပါး ကျန်းမာ၊ ချမ်းသာကြပါစေကြောင်း ဦးစွာဆုတောင်းမေတ္တာပို့သရင်း လေးစားစွာဖြင်‌့ဂါရဝပြုနှုတ်ခွန်းဆက်သ အပ်ပါတယ်။ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေးကိုယ်စား ကျွန်တော် ဒုတိယ ဝန်ကြီး ဦးထင်အောင်က မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသန်းမြင့် မေးထားသောမေးခွန်းကို ဖြေကြားသွားမှာဖြစ်ပါတယ်။ နိုင်ငံတစ်ဝှမ်းရှိ နိုင်ငံပိုင်စက်သုံးဆီအရောင်းဆိုင် ၂၆၁ ဆိုင်ကို ပုဂ္ဂလိကသို့အပြီးအပိုင်လွှဲပြောင်းရောင်းချခဲ့ပြီး ၂၀၁၀ ပြည်နှစ်၊ ဇွန်လမှစ၍ ပုဂ္ဂလိက စက်သုံးဆီ တင်သွင်းရောင်းချခြင်းလုပ်ငန်းကို ဈေးကွက်စီးပွားရေးစနစ် နဲ့အညီ လွတ်လပ်စွာလုပ်ကိုင်ခွင့်ပြုခဲ့ပါတယ်။ ထိုစဉ်က ဓာတ်ဆီကိုပြည်တွင်းမှာ တစ်လလျှင်ဂါလန် ၁၀ သန်းခန့်ထုတ်လုပ်ပြီး ပုဂ္ဂလိကကဏ္ဍသို့တစ်လလျှင် ဂါလန် ၈.၈ သန်းခန့်ဖြန့်ဖြူးပေးနိုင်ခဲ့ပါတယ်။ ပုဂ္ဂလိကစက်သုံးဆီအရောင်းဆိုင်များအနေနဲ့ 92 Ron ဓာတ်ဆီကို အကန့်အသတ် မရှိဝယ်ယူ တင်သွင်းခွင့်ရရှိထားသော်လည်း ဒီဇယ်ဆီကဲ့သို့ ပြင်ပမှအပြည့်အဝ တင်သွင်းဖြန့်ဖြူးနိုင်မှု မရှိသေး တာကြောင့် ယခင်က ဓာတ်ဆီဖြန့်ဖြူးရောင်းချခဲ့တဲ့ နိုင်ငံပိုင်အရောင်းဆိုင် ၂၃၇ ဆိုင်သို့လစဉ်ခွဲဝေ ဖြန့်ဖြူးပေးခဲ့တဲ့ ပြည်တွင်းထုတ်ဓာတ်ဆီဂါလန်ပမာဏအတိုင်း ပုဂ္ဂလိကသို့လစဉ်ဆက်လက်ခွဲဝေ ဖြန့်ဖြူးပေးခဲ့ပါတယ်။ ပြည်သူလူထုအနေနဲ့စက်သုံးဆီများကို တစ်ပြည်လုံးနေရာအနှံ့အပြားမှာ အလွယ်တကူ အဆင်ပြေစွာ ဝယ်ယူသုံးစွဲနိုင်ရေး အတွက် စွမ်းအင်ဝန်ကြီးဌာနမှ စက်သုံးဆီသိုလှောင် ဖြန့်ဖြူးရောင်းချခွင့် လိုင်စင်များကို စိစစ်ထုတ်ပေးခဲ့ပြီး အရောင်းဆိုင်အသစ်များကိုဖွင့်လှစ်ရောင်ချခွင့် ပြုလျက်ရှိရာ ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ ကုန်မှာ ဓာတ်ဆီဖြန့်ဖြူးရောင်းချနိုင်တဲ့အရောင်းဆိုင် အသစ် ၃၄၇ ဆိုင်အထိ ထပ်မံဖွင့်လှစ် ရောင်းချနေပြီဖြစ်ပါတယ်။ ပုဂ္ဂလိကလုပ်ငန်းရှင်များအနေနဲ့ လည်း 92 Ron ဓာတ်ဆီကို ပြည်ပမှလုံလောက်စွာ တင်သွင်းဖြန့်ဖြူးနေပြီဖြစ်တာကြောင့် ဆိုင်အဟောင်းများသို့ ပြည်တွင်းထုတ်ဓာတ်ဆီဖြန့်ဖြူးမှုပမာဏကို ၂၀၁၂ ခုနှစ်၊ ဇူလိုင်လမှစ၍ လျှော့ချခဲ့ပြီး ဆိုင်အသစ်များသို့ခွဲဝေဖြန့်ဖြူးခဲ့ရာ အရောင်းဆိုင်များရဲ့တည်နေရာဒေသနှင့် ယာဉ် သိပ်သည်းမှုအပေါ်မူတည်သုံးသပ်ကာ ခွဲဝေဖြန့်ဖြူးပေးခဲ့ပါတယ်။

          လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးခင်ဗျား။ ၂၀၁၂ ခုနှစ်၊ ဇူလိုင်လမှ စက်တင်ဘာလအထိ ပြည်တွင်းထုတ်ဓာတ်ဆီခွဲဝေဖြန့်ဖြူးပေးခဲ့တဲ့ ပမာဏကိုရှင်းလင်းတင်ပြပါမယ်-

          (က)    ၂၀၁၂ ခုနှစ်၊ ဇူလိုင်လမှာ ဆိုင်အဟောင်း ၂၃၇ ဆိုင်သို့ ပြည်တွင်းထုတ်ဓာတ်ဆီ ၆.၁၈၉ ဂါလံသန်း၊ ဆိုင်သစ် ၁၇၈ ဆိုင်သို့ ပြည်တွင်းထုတ်ဓာတ်ဆီ ဝ.၅၁၄ ဂါလန်သန်း၊ စုစုပေါင်း ၄၁၅ ဆိုင်သို့ ပြည်တွင်းထုတ်ဓာတ်ဆီ ၆.၇၀၃ ဂါလန်သန်းခွဲဝေဖြန့်ဖြူး ပေးခဲ့ပါတယ်။        

          (ခ)     ၂၀၁၂ ခုနှစ်၊ သြဂုတ်လမှာ ဆိုင်အဟောင်း ၂၃၇ ဆိုင်သို့ ပြည်တွင်းထုတ်ဓာတ်ဆီ ၅.၃၁၅ ဂါလံသန်း၊ ဆိုင်သစ် ၂၀၄ ဆိုင်သို့ ပြည်တွင်းထုတ်ဓာတ်ဆီ ၁.၂၅၇ ဂါလန်သန်း၊ စုစုပေါင်း ၄၄၁ ဆိုင်သို့ ပြည်တွင်းထုတ်ဓာတ်ဆီ ၆.၅၇၂ ဂါလန်သန်းခွဲဝေဖြန့်ဖြူး ပေးခဲ့ပါတယ်။

          (ဂ)     ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလမှာ ဆိုင်အဟောင်း ၂၃၇ ဆိုင်သို့ ပြည်တွင်းထုတ်ဓာတ်ဆီ ၅.၃၃၈ ဂါလံသန်း၊ ဆိုင်သစ် ၂၅၉ ဆိုင်သို့ ပြည်တွင်းထုတ်ဓာတ်ဆီ ၂.၆၅၁ ဂါလန်သန်း၊ စုစုပေါင်း ၄၉၆ ဆိုင်သို့ ပြည်တွင်းထုတ်ဓာတ်ဆီ ၇.၈၉၉ ဂါလန်သန်းခွဲဝေဖြန့်ဖြူး ပေးခဲ့ပါတယ်။

          ဒါဟာဆိုရင် လုပ်ငန်းရှင်အသစ်အဟောင်းမခွဲခြားဘဲ မျှတစွာခွဲဝေဖြန့်ဖြူးပေးနေတာဖြစ်ပါ တယ်။ စွမ်းအင်ဝန်ကြီးဌာနက ထုတ်လုပ်တဲ့ ပြည်တွင်းထုတ်ဓာတ်ဆီကို တစ်နိုင်ငံလုံးမှာတစ်ပြေးညီ တစ်ဂါလန်လျှင် ၂၅၀၀ ကျပ်နဲ့ ဆိုင်အဟောင်းတွေကနေ ပြန်လည်ဖြန့်ဖြူးရောင်းချစေခဲ့ရာမှာ လက်တွေ့အောက်ခြေဖြန့်ဖြူးရေးမှာ ကမောက်ကမနဲ့ နိုင်ငံတော်ရဲ့စေတနာကို ပြည်သူများကမခံစား ရဘဲ လုပ်ပိုင်ခွင့်ရသူနှင့် ဝယ်ရောင်းသမားများ ကသာ အဓိကအကျိုးခံစားနေရတဲ့အတွက် လွှတ်တော် ရဲ့လိုလားချက်၊ ပြည်ထောင်စုအစိုးရရဲ့ခွင့်ပြုချက်အရ နိုင်ငံတော်ကထိုက်သင်‌့တဲ့ဈေးနှုန်းအရှင်ဖြင့် ပြင်ဆင်သတ်မှတ်ဖြန့်ဖြူးရောင်းချပေးခဲ့ပါတယ်။ ဒီလိုဆောင်ရွက်ခဲ့ရာ မှာ စွမ်းအင်ဝန်ကြီးဌာနရဲ့ ပြည်တွင်းထုတ်ဓာတ်ဆီရောင်းဈေးနှုန်းကို ၁-၁-၂၀၁၂ ရက်နေ့မှာ တစ်ဂါလန်လျှင် ၂၃၅၀ ကျပ်မှ ၃၀၀၀ ကျပ်သို့ စတင်ပြင်ဆင်သတ်မှတ်ဖြန့်ဖြူးခဲ့ပြီး ၈-၁၀-၂၀၁၂ ရက်နေ့ကစပြီး ယနေ့အထိ တစ်ဂါလန်လျှင် ၃၃၀၀ ကျပ်နဲ့ ပြင်ဆင်သတ်မှတ်ဖြန့်ဖြူးရောင်းချပေးလျက်ရှိပါတယ်။ ဤဈေးနှုန်း သည်ပင်လျှင် ပြည်သူများသွားလာမှုအဆင်ပြေစေရေးအတွက် ရောင်းသင့်ရောင်းထိုက်တဲ့ဈေးနှုန်း ထက် အနည်းငယ်လျှော့ချ ဖြန့်ဖြူးပေးနေတာဖြစ်ကြောင်းတင်ပြလိုပါတယ်။ ပုဂ္ဂလိကအရောင်းဆိုင် တွေက ပြန်လည်ဖြန့်ဖြူးရောင်းချတဲ့ ဈေးနှုန်းကိုလည်း ကန့်သတ်ထားဖို့မဖြစ်သင့်တော့တဲ့အတွက် သင့်တင့်တဲ့အမြတ်အစွန်းနဲ့ လွတ်လပ်စွာပြန်လည် ဖြန့်ဖြူးရောင်းချခွင့်ပြုခဲ့ပါတယ်။

          လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးခင်ဗျား။ ပုဂ္ဂလိကလုပ်ငန်းရှင်တွေက ပြည်ပမှတင်သွင်းလာတဲ့ စက်သုံးဆီများအတွက် တရားဝင်ကျသင့်တဲ့အခွန်အခပေးဆောင်စေပြီး ထိုက်သင်‌့တဲ့အမြတ်အစွန်း ရယူကာ ဈေးနှုန်းအရှင်နဲ့ လွတ်လပ်စွာဖြန့်ဖြူးရောင်းချခွင့်ပြုခဲ့ရာမှာ ပုဂ္ဂလိကဆိုင်တွေစတင်ဖွင့်လှစ် ရောင်းချခဲ့တဲ့အချိန်မှစပြီး ယခုအချိန်အထိ ဒီဇယ်နှင့် 92 Ron ဓာတ်ဆီတို့ကို ဈေးကွက်စီးပွားရေး စနစ်နဲ့အညီ ဈေးနှုန်းအရှင်နဲ့ လွတ်လပ်စွာလိုသလောက် ဖြန့်ဖြူးရောင်းချပေးနေတာကိုတွေ့ရှိရပါ တယ်။ ပုဂ္ဂလိကအရောင်းဆိုင်တွေက သတ်မှတ်ရောင်းချတဲ့ရောင်းဈေးနှုန်းကို အခွန်အကောက်နဲ့ ထိန်းချုပ်သွားနိုင်ဖို့အတွက် ပြည်နယ်နှင့် တိုင်းဒေသကြီး အလိုက် အရောင်းဆိုင်တစ်ဆိုင်ချင်းဆီသို့ စွမ်းအင်ဝန်ကြီးဌာနကခွဲဝေဖြန့်ဖြူးပေးခဲ့တဲ့ ပြည်တွင်းထုတ် ဓာတ်ဆီဂါလန်ပမာဏနှင့် ရောင်းချပေး ခဲ့တဲ့ တစ်ဂါလန်ရောင်းဈေးနှုန်း၊ ဖြန့်ဖြူးထုတ်ပေးသည့် သိုလှောင်ဖြန့်ဖြူးရေးဌာနအလိုက် ကောက်ခံ ခဲ့သည့်သယ်ယူပို့ဆောင်ခ၊ တစ်ဂါလန်နှုန်းထားများစတဲ့ အသေးစိတ်စာရင်းများကို ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးများနှင့် မြန်မာနိုင်ငံစက်သုံးဆီတင်သွင်း ရောင်းချဖြန့်ဖြူးရေး အသင်းတို့သို့ လစဉ်ပြုစုပေးပို့လျက် ရှိပါတယ်။

          နိုင်ငံတော်ရဲ့ပြုပြင်ပြောင်းလဲရေးမဟာဗျူဟာ (Reform Strategy) အရ စွမ်းအင်ဝန်ကြီးဌာန အနေနဲ့ မကြာမီလိုအပ်တဲ့ပြုပြင်ပြောင်းလဲမှုများဆောင်ရွက်ပြီး ဈေးကွက်စီးပွားရေးစနစ်နဲ့အညီ စီးပွားရေးဆန်ဆန် ဆောင်ရွက်သွားတော့မှာဖြစ်တဲ့အတွက် ပြည်တွင်းထုတ်ဓာတ်ဆီကို အရှုံးခံထုတ်လုပ် ဖြန့်ဖြူးပေးခြင်းကို လျှော့ချရပ်ဆိုင်းလိုက်တဲ့အချိန်မှာ ပုဂ္ဂလိကအစီအစဉ်ဖြင့်သာ 92 Ron ဓာတ်ဆီကို ပြည်ပမှအပြည့်အဝ ဝယ်ယူတင်သွင်းပြီး ပုဂ္ဂလိကအရောင်းဆိုင်များမှ လွတ်လပ်စွာလိုသလောက် ဖြန့်ဖြူးရောင်းချသွားရန်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားအပ်ပါတယ်။

အမျိုးသားလွှတ်တော်မှ အတည်ပြုချက်ဖြင့် ပေးပို့သော နိုင်ငံဝန်ထမ်းဆိုင်ရာဥပဒေကြမ်းကို လက်ခံရရှိကြောင်း လွှတ်တော်သို့ အသိပေးတင်ပြခြင်း

ဥက္ကဋ္ဌ။           ။ အစီအစဉ် ၆ ဖြစ်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ပြည်သူ့လွှတ်တော်နည်းဥပဒေ ၁၆၇ အရ အမျိုးသားလွှတ်တော်တွင် စတင်တင်သွင်း၍ အတည်ပြုပြီး သော နိုင်ငံ့ဝန်ထမ်းဆိုင်ရာဥပဒေကြမ်းကို လွှတ်တော်သို့ လွှတ်တော်က ၃၀-၈-၂၀၁၂ ရက်နေ့တွင် လက်ခံရရှိခဲ့ပါတယ်။ ယင်းဥပဒေကြမ်း၏ မိတ္တူများကို ပြည်သူ့လွှတ်တော်ဥပဒေကြမ်းကော်မတီက အစီရင်ခံစာတင်သွင်းနိုင်ရန်နှင့် ကိုယ်စားလှယ်များထံ လေ့လာနိုင်ရန် ဖြန့်ဝေထားပါတယ်။ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ အမျိုးသားလွှတ်တော်မှာ စတင်တင်သွင်းပြီး အတည်ပြုချက် ဖြင့် ပေးပို့ခဲ့တဲ့ နိုင်ငံ့ဝန်ထမ်းဆိုင်ရာဥပဒေကြမ်းကို လွှတ်တော်ကိုယ်စားလှယ်များထံ ဥပဒေကြမ်း မိတ္တူများကိုလည်း တစ်ပါတည်း ဖြန့်ဝေထားပြီးဖြစ်ပါတယ်။ ဒီဥပဒေကြမ်းနှင့်စပ်လျဉ်းပြီး အစီရင်ခံစာ တင်သွင်းရန် ဥပဒေကြမ်းကော်မတီအား ဖိတ်ခေါ်ပါတယ်။

ဦးစတီဖန်(အဖွဲ့ဝင်၊ ဥပဒေကြမ်းကော်မတီ)။       ။ လေးစားအပ်ပါသော ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်တော်များ၊ ပြည်ထောင်စုဒုတိယဝန်ကြီးများ၊ အထူးဧည့်သည်တော်များအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း ဂါရဝပြု နှုတ်ခွန်းဆက်သအပ်ပါတယ်။ ကျွန်တော်ကတော့ ကျိုင်းတုံ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဥပဒေကြမ်းကော်မတီဝင် ဦးစတီဖန် ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌရဲ့ တာဝန်ပေးချက်အရ ဥပဒေကြမ်းကော်မတီ ကိုယ်စား အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြု၍ ပေးပို့လာသော နိုင်ငံ့ဝန်ထမ်း ဆိုင်ရာ ဥပဒေကြမ်းအား ပြည်သူ့လွှတ်တော်ဥပဒေကြမ်းကော်မတီ၏ စိစစ်တွေ့ရှိချက်နှင့်စပ်လျဉ်းပြီး အစီရင်ခံစာကို ဖတ်ကြားတင်သွင်းမှာ ဖြစ်ပါတယ်ခင်ဗျား။ လေးစားအပ်သော ဥက္ကဋ္ဌကြီးခင်ဗျား။

၁။       ပြည်ထောင်စုအစိုးရအဖွဲ့ရုံးမှ ပေးပို့လာသော နိုင်ငံ့ဝန်ထမ်းဆိုင်ရာ ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်က ပေးပို့လာရာ အမျိုးသားလွှတ်တော်တွင် ၁၀-၈-၂၀၁၂ ရက်နေ့၌ စတင် တင်သွင်းခဲ့ပြီး ၂၉-၈-၂၀၁၂ ရက်နေ့ အမျိုးသားလွှတ်တော်အစည်းအဝေးတွင် ယင်းဥပဒေကြမ်းအား ပြင်ဆင်ချက်များဖြင့် အတည်ပြုခဲ့ပါသည်။

၂။       အမျိုးသားလွှတ်တော်မှ ယင်းဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်တွင် ဆွေးနွေးနိုင်ရန်  ပေးပို့ လာပါသည်။ အမျိုးသားလွှတ်တော်မှ အတည်ပြုခဲ့သည့် ဥပဒေကြမ်းတွင် အခေန်း(၁၄)ခန်းနှင့် ဥပဒေပုဒ်မပေါင်း ၇၇ ခု ပါရှိပါသည်။

၃။       ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီသည် အမျိုးသားလွှတ်တော်မှ ပေးပို့လာသော ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်မှ တာဝန်ပေးအပ်ထားသည့် အချက် ၁၂ ချက်နှင့်အညီ စိစစ်နိုင်ရန် ၁၀-၁၀-၂၀၁၂ ရက်နေ့တွင် ညှိနှိုင်းအစည်းအဝေး စတင်ကျင်းပခဲ့ပါသည်။

၄။       ထို့အပြင် ၂၀-၁၀-၂၀၁၂ ရက်နေ့တွင် ဥပဒေကြမ်းကော်မတီ၊ ဥပဒေရေးရာနှင့် အထူး ကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်နှင့် ပြည်ထောင်စုရာထူးဝန်အဖွဲ့တို့မှ တာဝန်ရှိသူ များနှင့် ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ပြီး ဥပဒေကြမ်း၏ ပုဒ်မတစ်ခုချင်းအလိုက် ထပ်မံ စိစစ်ခဲ့ကြပါသည်။

၅။       နိုင်ငံ့ဝန်ထမ်းဆိုင်ရာဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ပြင်ဆင်ချက် ၁၀၆ ချက်ရှိသည့်အနက် အမျိုးသားလွှတ်တော်၏ ပြင်ဆင်ချက် ၆၁ ချက်ကို သဘောတူခဲ့ပြီး ဥပဒေကြမ်းတစ်ရပ်လုံးကို လေ့လာခဲ့ရာ ဥပဒေကြမ်းကော်မတီ၏ စိစစ်တွေ့ရှိချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည် -

(၁)     အခန်း(၁) ပုဒ်မ ၂ ပုဒ်မခွဲ (ခ) တွင် တည်ဆဲဥပဒေ စကားရပ်အစား ဤဥပဒေပါ ဟု လည်းကောင်း၊ ပြည်ထောင်စုအစိုးရက ဟူသော စကားရပ် အစား  ပြည်ထောင်စုအစိုးရ အဖွဲ့ကဟူ၍ ပြင်ဆင်ပါသည်။

(၂)     အခန်း(၁) ပုဒ်မ ၂  ပုဒ်မခွဲ(ဃ)တွင် ယင်းစကားရပ်တွင် ဤဥပဒေပါ ကိစ္စအလို့ငှာ တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ မပါဝင်ပါ ဟူသော စကားရပ်၌ မပါဝင်ပါ စကားရပ်အစား မပါဝင် ဟု ပြင်ဆင်ပါသည်။

(၃)     အခန်း(၁) ပုဒ်မ ၂ တွင် ပုဒ်မခွဲ (ဃ)အဖြစ် ဝန်ထမ်းအဖွဲ့အစည်း အကြီးအမှူး ဆိုသည်မှာ နိုင်ငံတော်သမ္မတက ဝန်ထမ်းအဖွဲ့အစည်းတစ်ခုခုတွင် ဝန်ထမ်းအဖွဲ့အစည်း အကြီးအမှူးအဖြစ် တာဝန်ပေးခန့်အပ်ခြင်းခံရသူကို ဆိုသည် ဟူ၍ အသစ်ထပ်မံ ဖြည့်စွက်ပါသည်။    

(၄)     အခန်း(၁) ပုဒ်မ ၂ တွင် ပုဒ်မခွဲ (ဆ)အဖြစ် ရာထူးအနွယ်ပိုင်ဆိုင်ခွင့်ဆိုသည်မှာ ဖွဲ့စည်းပုံပါလစ်လပ်သောအမြဲတမ်းရာထူး၌ အတည်ပြုခန့်ထားပိုင်ဆိုင်ခွင့်ရရှိခြင်းကို ဆိုသည်ဟူ၍ အသစ်ထပ်မံ ဖြည့်စွက်ပါသည်။

(၅)     အခန်း(၁)ပုဒ်မ ၂ တွင် ပုဒ်မခွဲ(ည)အဖြစ်  နည်းဥပဒေများဆိုသည်မှာ ဤဥပဒေအရ ပြုလုပ်သောနည်းဥပဒေများကို ဆိုသည်ဟူ၍အသစ်ထပ်မံဖြည့်စွက်ပါသည်။

(၆)     အခန်း (၂) ပုဒ်မ ၃ တွင် ပြည်ထောင်စုအစိုးရအဖွဲ့သည် ပြည်ထောင်စုဆိုင်ရာ ဝန်ထမ်းအဖွဲ့အစည်းများကို လိုအပ်သလို ဖွဲ့စည်းနိုင်သည် ဟူသော စကားရပ်တွင် ပြည်ထောင်စုဆိုင်ရာ စကားရပ်အား ပယ်ဖျက်၍   ပြည်ထောင်စုအစိုးရအဖွဲ့သည် ဝန်ထမ်း အဖွဲ့အစည်း များကို လိုအပ်သလို ဖွဲ့စည်းနိုင်သည် ဟူ၍ အထားအသို အစီအစဉ် ကျစေရန် ပြင်ဆင်ပါသည်။

(၇)     အခန်း(၂) ပုဒ်မ ၄ တွင် အမျိုးသားလွှတ်တော်မှ မူလပြဋ္ဌာန်းချက်အတိုင်း သဘောတူ ထားပါသည်။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဆိုင်ရာနယ်ဘက်ဝန်ထမ်း အဖွဲ့အစည်း များကို လိုအပ်သလို ဖွဲ့စည်းနိုင်သည်။ လိုအပ်သော နယ်ဘက်ဝန်ထမ်းများကို ခန့်အပ်နိုင် သည်ဟူသော စကားရပ်တွင် ပါရှိသည့် နယ်ဘက်ဟူသော စကားရပ်ကို ပယ်ဖျက် ပါသည်။

          (၈)     အခန်း(၂) ပုဒ်မ ၅ တွင် လမ်းညွှန်မူဝါဒများ စကားရပ်မှ လမ်းညွှန်စကားရပ်ကို ပယ်ဖျက် ပါသည်။

(၉)     အခန်း(၃) ပုဒ်မ ၈ ပုဒ်မခွဲ(က)ဖြစ်သည့် အမျိုးသားလွှတ်တော်၏ အသစ်ဖြည့်စွက်ချက် တွင် ဝန်ထမ်းအဖွဲ့အစည်းတစ်ခုခုမှ သတ်မှတ်ထားသည့် အရည်အချင်းနှင့်ပြည့်စုံသည့် ပုဂ္ဂိုလ်တစ်ဦးဦးကို ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းတစ်ခုမှ တစ်ခုသို့ ပြောင်းရွှေ့ခန့်ထား လိုပါက သက်ဆိုင်ရာ ဝန်ထမ်းအဖွဲ့အစည်းသည် ရာထူးဝန်အဖွဲ့နှင့်ညှိနှိုင်းရမည် ဟူသော စကားရပ်များကို ဝန်ကြီးဌာနနှင့်ဝန်ထမ်း အဖွဲ့အစည်းတစ်ခုခုမှ ဝန်ထမ်းတစ်ဦးဦးကို ဝန်ကြီးဌာနနှင့် ဝန်ထမ်းအဖွဲ့အစည်းတစ်ခုမှ တစ်ခုသို့ ပြောင်းရွှေ့ခန့်ထားလိုပါက သတ်မှတ်ထားသည့် အရည်အချင်းနှင့် ပြည့်စုံလျှင် သက်ဆိုင်ရာဝန်ထမ်းအဖွဲ့အစည်း သည် ရာထူးဝန်အဖွဲ့နှင့် ညှိနှိုင်းရမည်ဟု အဓိပ္ပာယ်ပိုမိုလေးနက်ပေါ်လွင်စေရန် စကားရပ် ပြင်ဆင်ပါသည်။

(၁၀)    အခန်း (၃) ပုဒ်မ ၈ ပုဒ်မခွဲ(ခ)ဖြစ်သည့် အမျိုးသားလွှတ်တော်၏ အသစ် ဖြည့်စွက်ချက် ကို အဓိပ္ပာယ်ပိုမိုလေးနက်ပေါ်လွင်စေရန် ရာထူးဝန်အဖွဲ့သည် ပုဒ်မခွဲ(က)အရ ညှိနှိုင်းလာသည့်အပေါ် စိစစ်ပြီး ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြရမည် ဟု ပြင်ဆင် ပါသည်။

(၁၁)    အခန်း (၃) မူလပုဒ်မ ၈ ကို ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် နှင့် သက်ဆိုင်ရာ ဝန်ထမ်းအဖွဲ့အစည်းများသည် ဟူသော စကားရပ်တို့အား ရှေ့နောက် ပြောင်းလဲပြင်ဆင်ပါသည်။

(၁၂)    အခန်း (၄) ပုဒ်မ ၉ အပိုဒ်ခွဲ(ခ)ကို အဓိပ္ပာယ်ပိုမိုလေးနက်ပေါ်လွင်စေရန် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်တည်ဆဲဥပဒေများပါပြဋ္ဌာန်းချက်များကို လိုက်နာခြင်းဟူ၍ စကားရပ် ဖြည့်စွက် ပြင်ဆင်ပါသည်။

(၁၃)    အခန်း(၄) ပုဒ်မ ၉ အပိုဒ်ခွဲ(င)တွင် မိမိအားပေးအပ်ထားသော တာဝန်နှင့်ဝတ္တရားများကို တာဝန်ခံ၍ ရိုးသားဖြောင့်မတ်ကျေပွန်စွာ ထမ်းဆောင်ခြင်း ဟူသော စကားရပ်အစား  မိမိအားပေးအပ်ထားသော တာဝန်နှင့် ဝတ္တရားများကို ကျေပွန်စွာထမ်းဆောင်ခြင်း ဟူ၍စကားရပ်များ ကျစ်လစ်စေရန်ပြင်ဆင်ပါသည်။

(၁၄)    အခန်း(၄) ပုဒ်မ ၉ ပုဒ်မခွဲ(စ)တွင်  ဝန်ထမ်းဆိုင်ရာ စည်းမျဉ်း၊ စည်းကမ်းများနှင့် ဝန်ထမ်းအဖွဲ့အစည်းအလိုက် သီးခြားသတ်မှတ်ထားသော လုပ်ငန်းခွင် စည်းကမ်းများ၊ အမိန့်ညွှန်ကြားချက်များကို လိုက်နာခြင်း ဟူသော စကားရပ်ကို  ဤဥပဒေအရ ပြုလုပ်သော နည်းဥပဒေများ၊  စည်းမျဉ်း၊ စည်းကမ်းများ၊ အမိန့်ညွှန်ကြားချက်များ၊ ဝန်ထမ်းအဖွဲ့အစည်းအလိုက်  သီးခြားသတ်မှတ်ထားသော လုပ်ငန်းခွင်စည်းကမ်းများ၊ အမိန့်နှင့်ညွှန်ကြားချက်များကိုလိုက်နာခြင်း ဟူ၍ အဓိပ္ပာယ်ရှင်းလင်းစေရန် ပြင်ဆင် ပါသည်။

(၁၅)    အခန်း(၄) ပုဒ်မ ၁၀ တွင် အမျိုးသားလွှတ်တော်က ဝန်ထမ်းသည် အောက်ပါ အခြေခံ အခွင့်အရေးများကိုသတ်မှတ်ချက်များနှင့်အညီ ခံစားခွင့်ရှိသည် ဟူသော ပြင်ဆင်ချက် အပေါ်တွင် ပါဝင်သည့် အခြေခံအခွင့်အရေးများ စကားရပ်အစား အခြေခံရပိုင်ခွင့်များ ဟူ၍ ပြင်ဆင်ပါသည်။

(၁၆)    အခန်း(၄) ပုဒ်မ ၁၀ ပုဒ်မခွဲ (ဂ) တွင် အမျိုးသားလွှတ်တော်က လုပ်အား၊ အတတ်ပညာနှင့် တာဝန်ထမ်းဆောင်မှုအရ လျော်ညီသည့်လစာ၊ ထောက်ပံ့ကြေး၊ ခရီးစရိတ်နှင့် အခြားစရိတ် ခံစားခွင့် ဟူသော ပြင်ဆင်ချက်အပေါ်တွင် စကားရပ် များပြောင်းလဲပြီး လုပ်အား၊ အတတ်ပညာ၊ တာဝန်ထမ်းဆောင်မှုနှင့် လျော်ညီသည့်လစာ၊ ထောက်ပံ့ကြေး၊ ခရီးစရိတ်နှင့် အခြားစရိတ်ခံစားခွင့် ဟူ၍ ပြင်ဆင်ပါသည်။

(၁၇)    အခန်း(၄) ပုဒ်မ ၁၀ ပုဒ်မခွဲ(ဋ) တွင် အမျိုးသားလွှတ်တော်က အမျိုးသမီး ဝန်ထမ်းဖြစ် ပါက တူညီသော အလုပ်အတွက် အမျိုးသားဝန်ထမ်းများနည်းတူ အကျိုးခံစားခွင့်နှင့် မီးဖွားခြင်းဆိုင်ရာ အကျိုးခံစားခွင့် ဟူသော ပြင်ဆင်ချက်အပေါ်တွင် စကားရပ်များ ပြောင်းလဲပြီး အမျိုးသမီးဝန်ထမ်းဖြစ်ပါက တူညီသော အလုပ်အတွက်အမျိုးသားဝန်ထမ်း များနည်းတူအကျိုးခံစားခွင့်အပြင် မီးဖွားခြင်းဆိုင်ရာ အကျိုးခံစားခွင့် ဟူ၍ ပြင်ဆင် ပါသည်။

(၁၈)    အခန်း(၄) ပုဒ်မ ၁၀ ပုဒ်မခွဲ(ဌ) တွင် အမျိုးသားလွှတ်တော်က ပါတီနိုင်ငံရေး မဟုတ်သော အသင်းအဖွဲ့များတွင် ပါဝင်ခွင့် ဟူသော ပြင်ဆင်ချက်အပေါ်တွင် မူလဥပဒေတွင် ဖော်ပြထားသည့် ပါတီနိုင်ငံရေးနှင့် ကင်းရှင်းသော အသင်း အဖွဲ့များတွင် ပါဝင်ခွင့် ဟူ၍ မူလအတိုင်းထားရှိ ပြင်ဆင်ပါသည်။  

(၁၉)    အခန်း(၅) ပုဒ်မ ၁၁ နှင့် ပုဒ်မ ၁၂ တို့ကို အမျိုးသားလွှတ်တော်က ဝန်ထမ်းသည် တူညီသောအလုပ်အတွက် တူညီသည့် လစာ၊ ထောက်ပံ့ကြေး၊ ခရီးစရိတ်နှင့် အခြားစရိတ်များကို သက်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ခံစားခွင့်ရှိသည် ဟူသော ပြင်ဆင်ချက်အပေါ်တွင် ဝန်ထမ်းသည် တူညီသော အလုပ်အတွက် တူညီသည့် လစာ၊ ထောက်ပံ့ကြေး၊ ခရီးစရိတ်နှင့် အခြားစရိတ်များကို သက်ဆိုင်ရာနည်းဥပဒေများ၊ စည်းမျဉ်း စည်းကမ်းများနှင့်အညီ ခံစားခွင့်ရှိသည် ဟူ၍ ဥပဒေရေးထုံးနှင့် ညီညွတ် စေရန် ပြင်ဆင်ပါသည်။

(၂၀)    အခန်း (၆) ပုဒ်မ ၁၄ ကို အမျိုးသားလွှတ်တော်က ဝန်ထမ်းသည် တည်ဆဲ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ အောက်ပါခွင့်များကိုခံစားခွင့်ရှိသည် ဟူသော ပြင်ဆင်ချက် အပေါ်တွင် ဝန်ထမ်းသည်တည်ဆဲ နည်းဥပဒေများ၊ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ အောက်ပါခွင့်များကို ခံစားခွင့်ရှိသည် ဟူ၍ ပြင်ဆင် ပါသည်။

(၂၁)    အခန်း(၆) ပုဒ်မ ၁၆ ကို အမျိုးသားလွှတ်တော်က  ဝန်ထမ်းသည် လုပ်ပိုင်ခွင့် အပ်နှင်းခြင်းခံရသူ၏ ခွင့်ပြုချက်ဖြင့် ခွင့်ခံစားနိုင်သည် ဟူသော ပြင်ဆင်ချက် အပေါ်တွင် ဝန်ထမ်းသည် ခွင့်ပေးပိုင်ခွင့်ရှိသူ၏ခွင့်ပြုချက်ဖြင့်ခွင့်ခံစားနိုင်သည်  ဟူ၍ အဓိပ္ပာယ်ပေါ်လွင်စေရန် မူလအတိုင်း ထားရှိ ပြင်ဆင်ပါသည်။

(၂၂)    အခန်း(၆) ပုဒ်မ ၁၈ ကို အမျိုးသားလွှတ်တော်က ဝန်ထမ်းသည် ခွင့်ကို ရပိုင်ခွင့်တစ်ရပ် အဖြစ် တောင်းခံပိုင်ခွင့်မရှိစေရ ဟူသော ပြင်ဆင်ချက်အပေါ်တွင် ဝန်ထမ်းသည်ခွင့်ကို အခွင့်အရေး တစ်ရပ် အဖြစ် တောင်းခံပိုင်ခွင့် မရှိစေရ ဟူ၍ မူလအတိုင်းထားရှိ ပြင်ဆင် ပါသည်။

(၂၃)    အခန်း(၆) ပုဒ်မ ၂၀ ကို အမျိုးသားလွှတ်တော်၏ ပြင်ဆင်ချက်တွင်  ကြိုတင် ခွင့်ပြုချက် မရရှိဘဲ ဟူသောစကားရပ်ကို ပယ်ဖျက်ပါသည်။ 

(၂၄)    အခန်း(၆)တွင် ပုဒ်မအသစ်တစ်ခုကို ဖြည့်စွက်ပြီး အမျိုးသားလွှတ်တော်က ဝန်ထမ်းသည် ခွင့်ကာလကုန်ဆုံးသော်လည်း ပြန်လည်အလုပ်မဝင်ပါက ကျော်လွန်သည့်ကာလအတွက် ခွင့်လစာခံစားခွင့်မရှိ၊ ခိုင်လုံသော အကြောင်းပြချက်မရှိဘဲ ခွင့်ရက်ကျော်လွန်ခြင်း  ဖြစ်ပါက စည်းကမ်းဖောက်ဖျက်မှုဖြင့် အရေးယူနိုင်သည် ဟူသော ပြင်ဆင်ချက်အပေါ်တွင် ယင်းဝန်ထမ်းအား စည်းကမ်းဖောက်ဖျက်မှုဖြင့် အရေးယူနိုင်သည် ဟု ဖြည့်စွက်ပြင်ဆင် ပါသည်။

(၂၅)    အခန်း(၆)တွင် ပုဒ်မ အသစ်တစ်ခု ထပ်မံဖြည့်စွက်ပြီး အမျိုးသားလွှတ်တော်က စာရိတ္တ ပျက်ပြားမှု သို့မဟုတ် ဆက်လက်တာဝန်ထမ်းဆောင်ရန် မသင့်မှုတို့ကြောင့် ချက်ချင်း ရာထူးမှ ထုတ်ပယ်ခြင်း သို့မဟုတ် ဝန်ထမ်းအဖြစ်မှထုတ်ပစ်ခြင်း သို့မဟုတ် အငြိမ်းစား ယူစေခြင်းခံရသည့် ဝန်ထမ်းအား မည်သည့်ခွင့်မျှခွင့်မပြုရ ဟူသည့် ပြင်ဆင်ချက် အပေါ်တွင် ချက်ချင်း ဟူသော စကားရပ်အား ပယ်ဖျက်ပါသည်။

(၂၆)    အခန်း (၇) ပုဒ်မ ၂၇ တွင် သတ်မှတ်ချက်နှင့်အညီ ဟူသော စကားရပ်ကို အထူးပြု ဖော်ပြစေလိုသော နေရာတွင် ပြောင်းရွေ့ပြီး ဝန်ထမ်းများသည် သတ်မှတ်ချက်များနှင့် ညီညွတ်ပါက ရာထူးတိုးမြှင့်ခြင်း ခံစားပိုင်ခွင့်ရှိသည် ဟု ပြင်ဆင်ပါသည်။

(၂၇)    အခန်း(၇)တွင် ပုဒ်မအသစ်တစ်ခု ထပ်မံဖြည့်စွက်ခြင်း ဖြစ်ပါသည်။ ရာထူးဝန်အဖွဲ့က၊ ပုဒ်မ ၁၀၊ ပုဒ်မခွဲ (ဇ)ပါ သတ်မှတ်ထားသော သင်တန်းတက်ရောက်ပြီးသူများကို ရာထူး တိုးမြှင့်ပေးရာတွင် ဦးစားပေးစဉ်းစားရမည်ဟူ၍ ဖြစ်ပါသည်။

(၂၈)    အခန်း(၈) ပုဒ်မ ၃၅ တွင် အဖွဲ့သို့ ဟူသောစကားရပ်အား အဓိပ္ပါယ်ပိုမို ပြည်စုံစေရန် ရာထူးဝန်အဖွဲ့သို့ဟူ၍ စကားရပ်ဖြည့်စွက် ပြင်ဆင်ပါသည်။

(၂၉)    အခန်း (၁၀) ပုဒ်မ ၃၈ တွင် ဝန်ထမ်းသည် ဝန်ထမ်းကျင့်ဝတ်နှင့် စည်းကမ်းများ ဟူသော စကားရပ်ကို ဝန်ထမ်းသည်ဤဥပဒေအရ ပြုလုပ်သော နည်းဥပဒေများ၊ စည်းမျဉ်း စည်းကမ်းများဟူ၍ အဓိပ္ပါယ်ပြည့်စုံ၍ ညီညွတ်စေရန် ပြင်ပါသည်။

(၃၀)    အခန်း (၁၀) ပုဒ်မ ၄၄ တွင် ဝန်ထမ်းကို ဌာနဆိုင်ရာ အရေးယူရာတွင် ရှေးဦး စုံစမ်းမှုပြုလုပ်ခြင်းနှင့် ဌာနဆိုင်ရာစစ်ဆေးမှုဟူသော စကားရပ်တွင် ဝန်ထမ်းတစ်ဦးကို တစ်ပြိုင်တည်းနှစ်မျိုး ဆောင်ရွက်ခြင်း မပြုရန် ရည်ရွယ်၍ သို့မဟုတ် စကားရပ်ကို နှင့် ဟု ပြင်ဆင်ပါသည်။

(၃၁)    အခန်း(၁၀) ပုဒ်မ ၄၉ ကို အမျိုးသားလွှတ်တော်မှ ပယ်ဖျက်ထားခြင်းအား လိုအပ်ချက် အရ ပြန်လည်ထည့်သွင်းပါသည်။

          (၃၂)    အခန်း(၁၀) ပုဒ်မ ၄၉ ကို ပြန်လည်ထည့်သွင်းသဖြင့် ပုဒ်မ ၄၆ ကို ပယ်ဖျက်ပါသည်။

(၃၃)    အခန်း(၁၀) ပုဒ်မ ၅၁ ပုဒ်မခွဲ(ခ) အချိန်လုံလောက်စွာပေး၍ ချေပလွှာတောင်းခံရမည် ဟူသောစကားရပ်အစား အချိန်လုံလောက်စွာပေး၍ ချေပလွှာတင်ပြခွင့် ပေးရမည်ဟု ပြင်ဆင်ပါသည်။

(၃၄)    အခန်း(၁၀) ပုဒ်မ ၅၁ ပုဒ်မခွဲ (ဂ)တွင် ဝန်ထမ်း၏ချေပလွှာလက်ခံရရှိသည့်အခါ ဟူသော စကားရပ်အစား ဝန်ထမ်း၏ချေပလွှာကို လက်ခံရရှိသည့်အခါ ဟု ပြင်ဆင်ပါသည်။

(၃၅)    အခန်း(၁၀) ပုဒ်မ ၅၁ ပုဒ်မခွဲ (င)တွင် အစီရင်ခံစာတွင် အမှုအကြောင်းအရာ အကျဉ်းချုပ် ဟူသော စကားရပ်အစား အစီရင်ခံစာတွင် အမှုတွဲဖွင့်လှစ်၍ အကြောင်းအရာ အကျဉ်းချုပ် ဟု ပြင်ဆင်ပါသည်။

(၃၆)    အခန်း(၁၀) ပုဒ်မ ၅၃ တွင် ပုဒ်မ ၄ အရ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဆိုင်ရာ နယ်ဘက်ဝန်ထမ်း ဟူသောစကားရပ်မှ နယ်ဘက်စကားရပ် ကို ပယ်ဖျက်ပါသည်။

(၃၇)    အခန်း(၁၀) ပုဒ်မ ၅၅ တွင် ဝန်ထမ်းရေးရာ ရပိုင်ခွင့်များ ဟူသော စကားရပ်ကို ဝန်ထမ်းအခွင့်အရေးများ ဟု ပြင်ဆင်ပါသည်။

(၃၈)    အခန်း(၁၁)၏အခန်းခေါင်းစဉ် ဝန်ထမ်းစည်းကမ်းဆိုင်ရာ ပြစ်ဒဏ်ချမှတ်ခြင်း စကားရပ် ကို ဝန်ထမ်းစည်းကမ်းဆိုင်ရာ ပြစ်ဒဏ်ချမှတ်ခြင်းနှင့် အယူခံခြင်း ဟု ပြင်ဆင်ပါသည်။

(၃၉)    အခန်း(၁၁) ပုဒ်မ ၅၆ တွင် စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာ စည်းမျဉ်း စည်းကမ်းများနှင့် အညီ ဟူသော စကားရပ်အစား ဝန်ထမ်းနည်းဥပဒေများနှင့်အညီ ဟု ပြင်ဆင်ပါသည်။

(၄၀)    အခန်း(၁၁) ပုဒ်မ ၅၇ တွင် ဝန်ထမ်းအား ပြစ်ဒဏ်ချမှတ်သည့်အခါ ဟူသော စကားရပ် အစား ဝန်ထမ်းအား အရေးယူသည့်အခါ ဟု ပြင်ဆင်ပါသည်။

(၄၁)    အခန်း(၁၁) ပုဒ်မ ၅၈ တွင် စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဟူသော စကားရပ်အစား နည်းဥပဒေများနှင့်အညီ ဟု ပြင်ဆင်ပါသည်။

(၄၂)    အခန်း(၁၂) ပုဒ်မ ၆၃ တွင် ပင်စင်ခံစားခွင့်ပြုနိုင်သည် ဟူသော စကားရပ်အစား ပင်စင်ခံစားခွင့်ရှိစေရမည် ဟု ပြင်ဆင်ပါသည်။

(၄၃)    အခန်း(၁၂)တွင် အမျိုးသားလွှတ်တော်မှ အသစ်ဖြည့်စွက်ရာ၌ ပင်စင်ခံစားခွင့် တို့ကို ရခွင့်ရှိသည် ဟူသော စကားရပ်ကို ပင်စင်ခံစားခွင့်တို့ကို ရခွင့်ရှိစေရမည် ဟု ပြင်ဆင်ပါသည်။

(၄၄)    အခန်း(၁၂)တွင် အမျိုးသားလွှတ်တော်မှ အသစ်ဖြည့်စွက်ရာ၌ သတ်မှတ်ထားသော စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ဟူသော စကားရပ်ရှေ့တွင် နည်းဥပဒေများ၊  စည်းမျဉ်း စည်းကမ်းများနှင့်အညီ ဟု ပြင်ဆင်ပါသည်။

(၄၅)    အခန်း(၁၄) ပုဒ်မ ၇၅ ပုဒ်မခွဲ(က)တွင် ရာထူးဝန်အဖွဲ့သည် လိုအပ်သော နည်းဥပဒေနှင့် စည်းမျဉ်း၊ စည်းကမ်းများကို ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ထုတ်ပြန်နိုင်သည် ဟူသော စကားရပ်မှ ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက် ဖြင့် ဟူသော စကားရပ်ကို ပယ်ဖျက်ပါသည်။

၆။       ပြည်သူ့လွှတ်တော်၊ ဥပဒေကြမ်းကော်မတီသည် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးမှ ပေးပို့လာသော နိုင်ငံ့ဝန်ထမ်းဆိုင်ရာ ဥပဒေကြမ်းအား ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၄၄ အရ စိစစ်ခဲ့ပြီး နည်းဥပဒေ ၄၅ နှင့်အညီ အတည်ပြုပေးနိုင်ပါရန် လွှတ်တော်သို့ အစီရင်ခံတင်ပြအပ်ပါသည်။ ဥပဒေကြမ်းကော်မတီ အားလုံးကို ကျေးဇူးတင်ပါတယ်။

          ဥက္ကဋ္ဌ။           ။ လွှတ်တော်ကိုယ်စားလှယ်တော်များခင်ဗျား။ နိုင်ငံ့ဝန်ထမ်းဆိုင်ရာ ဥပဒေကြမ်းနှင့် စပ်လျဉ်းပြီး ဆွေးနွေးလိုတဲ့ကိုယ်စားလှယ်များ ရှိပါက ဆွေးနွေးလိုတဲ့အပိုဒ်၊ အပိုဒ်ခွဲအကြောင်းအရာ၊ အချက်အလက်များကို တိကျစွာ ဖော်ပြ၍ ၁-၁၁-၂၀၁၁ ရက်နေ့(ကြာသာပတေးနေ့)၁၆၀၀ နာရီနောက်ဆုံးထားပြီး ပြည်သူ့လွှတ်တော်ဒုတိယညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်းပေးသွင်းရြန်ဖစ်ကြောင်း အသိပေး ကြေညာပါတယ်။

          ဥက္ကဋ္ဌ။           ။ အစည်းအဝေးကို မိနစ် ၃၀ ခန့်ရပ်နားပါမယ်။

          အခမ်းအနားမှူး။။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီး ပြန်လည်ထွက်ခွာပါပြီခင်ဗျား။

          အခမ်းအနားမှူး။။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ဒီနေ့ ညနေ ၄ နာရီ ၃၀ မိနစ်မှာ သဘင်ဆောင်မှာ တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုရသူများက ဖျော်ဖြေတင်ဆက်မှာဖြစ်ပါတယ်။ တိုင်းဒသေကြီးနှင့်ပြည်နယ်အလိုက် သော်လည်းကောင်း၊ တစ်ဦးချင်း သော်လည်းကောင်း၊ ကိုယ်စားလှယ်များမှ ဆုငွေများ ချီးမြှင့်နိုင်ပါရန် အသိပေးအပ်ပါတယ်။

          အခမ်းအနားမှူး။။ လွှတ်တော်ကိုယ်စားလှယ်များအားလုံး အစည်းအဝေးခန်းမအတွင်းမှ ထွက်ခွာနိုင်ကြပါပြီခင်ဗျား။

အခမ်းအနားမှူး။          ။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ အစည်းအဝေး ပြန်လည် စတင်တော့မှာဖြစ်ပါတယ်။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီး ကြွရောက်လာပါပြီခင်ဗျား။ အားလုံးထိုင်နိုင်ကြပါပြီ ခင်ဗျား။

ဥက္ကဋ္ဌ။           ။ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ မြစ်ကြီးနားမြို့နယ် လွှတ်တော်ကိုယ် စားလှယ် ဦးသိန်းဇော်က  အရေးကြီး           အဆိုတစ်ရပ်တင်သွင်းဖို့ တင်ပြထားပါတယ်။ ဒါ့ကြောင့် မြစ်ကြီး နားမြို့နယ် ကိုယ်စားလှယ် ဦးသိန်းဇော်က တင်သွင်းပေးပါရန် ဖိတ်ခေါ်အပ်ပါတယ်။

ဦးသိန်းဇော် (မြစ်ကြီးနားမဲဆန္ဒနယ်)။      ။  လေးစားအပ်ပါတဲ့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနဲ့ ကိုယ်စားလှယ်တော်များအားလုံး မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပါစေလို့ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်။ ကျွန်တော်ကတော့ မြစ်ကြီးနားမြို့နယ်ကိုယ်စားလှယ် ဦးသိန်းဇော်ဖြစ်ပါတယ်။  ကျွန်တော့်အနေနဲ့ ဒီနေ့ ပူတာအိုခရိုင် စားနပ်ရိက္ခာဖူလုံရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်မှ ဦးဆောင်စီမံပေးရေး ဆိုတဲ့အဆိုကို အရေးကြီးအဆိုအဖြစ် နဲ့တင်သွင်းလိုပါတယ်။ ကျွန် တော်တင်သွင်းရမည့် ကိစ္စရပ်မှာ အချို့စာရင်းဇယားလေးတွေပါဝင်တာဖြစ်တဲ့အတွက် အချို့အချက် အလက်လေးတွေကို ဖတ်ကြားပြီးတော့ တင်ပြသွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ပူတာအိုခရိုင်ဟာ မြန်မာနိုင်ငံရဲ့ မြောက်ဘက်အကျဆုံး ခရိုင်တစ်ခု ဖြစ်ပါတယ်။ တရုတ်ပြည်အိန္ဒိယပြည်တို့နဲ့ တဆက် တစ်ဆက်တည်းရှိနေပြီးတော့ အကျယ်အဝန်းအားဖြင့် ၁၆၁၀.၇စတုရန်းမိုင် ဧကအားဖြင့် ပြောရမယ်ဆိုရင် ၆၇၉၀၈၅၆ဧကရှိပါတယ်။ မြစ်ကြီးနားကနေ ပူတာအိုကို ကုန်းလမ်းကြောင်းနဲ့ သွားမယ်ဆိုရင် မိုင်အားဖြင့် ၂၁၈မိုင်ရှိပြီးတော့ ကျွန်တော်တို့ ရေလမ်းကြောင်း မရှိပါဘူး။ လေယာဉ် လမ်းကြောင်းပဲရှိပါတယ်။ ပူတာအိုခရိုင်အတွင်းမှာ ပူတာအိုမြို့နယ်၊ မချမ်းဘောမြို့နယ်၊ နောင်မွန်မြို့နယ်၊ ခေါင်လန်ဖူးမြို့နယ်၊ ဆွမ်ပရာဘွမ်မြို့နယ်နဲ့ ပန်သန်းတင်မြို့နယ်တို့ပါဝင်ပါတယ်။ ပူတာအိုခရိုင်ကို ကျွန်တော်တို့ကြည့်မယ်ဆိုရင် ရဝမ်လူမျိုး ၃၇၃၂၃ဦး၊ လီဆူလူမျိုး ၃၂၇၃၂ဦး၊ ဂျိမ်းဖောလူမျိုး ၁၆၆၇၁ဦး၊ ခန္တီးလူမျိုး ၄၆၇၄ဦးနဲ့ အခြားလူမျိုး ကျွန်တော်တို့ တိဘက်အပါအဝင် ၁၂၀၀ဦး စုစုပေါင်း ၉၂၅၄၆ဦးတို့ဟာ ချစ်ကြည်ရင်းနှီးစွာနဲ့ အတူတကွယှဉ်တွဲ တည်မှီနေကြပါတယ်။ မြစ်ကြီးနား -ဆွမ်ပရာဘွမ်-ပူတာအို ကားလမ်းမှာ မြစ်ကြီးနားမှ ပူတာအိုကို ၂၁၈မိုင်ဝေးကွာပါတယ်။ ၎င်းလမ်းပိုင်းမှာ တစ်ချို့က တစ်ချို့က ကွန်ဂရစ်လမ်း၊ တစ်ချို့က ကတ္တရာလမ်းနဲ့တစ်ချို့က ကျောက်ချောလမ်း အများအားဖြင့်ကတော့ အမာခံမြေသားလမ်းများဖြစ်ပါတယ်။ အဆိုပါလမ်းများကို ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း လမ်းအထူးအဖွဲ့များက လမ်းအပိုင်းအလိုက်တာဝန်ယူ၍ လမ်းတံတားများ ပြင်ဆင်တိုးတက်ကောင်းမွန်အောင်ဆောင်ရွက်ခဲ့သော်လည်း ၂၀၁၁ခုနှစ် ဇွန်မှ စ၍ နယ်မြေအတွင်းတည်ငြိမ်အေးချမ်းမှုများမရှိတော့ တဲ့အတွက် လမ်းတံတားများကို ပြုပြင်ထိမ်းသိမ်းခြင်း လမ်းတိုးတက်ပြုပြင်ခြင်းအပိုင်းများ လုပ်ဆောင်နိုင်ခြင်းမရှိသလောက် ဖြစ်ခဲ့ရပါတယ်။ မြစ်ကြီးနား ဆွမ်ပရာဘွမ် လမ်းပိုင်းဟာ မိုင်တိုင် ၃၆/ဝမှာရှိတဲ့ ဖုန်အင်ခတံတား ပေ ၂၇၀ နှစ်ထပ်ဘေလီတံတား၊ မိုင်တိုင် ၇၆မှာရှိတဲ့ ဒရုခတံတား ပေ ၁၉၀၊ မိုင်တိုင် ၁၁၁မှာရှိတဲ့ ဆီနင်ခ တံတား ပေ ၁၅၀ တို့ဟာလည်း နယ်မြေတည်ငြိမ်အေးချမ်းမှုမရှိတဲ့အတွက် တံတားများ ကျိုးကျပျက်စီး ပြီးတော့သွားပါတယ်။ အခုအချိန်မှာ လမ်းလွဲကနေပြီးတော့ ကားမောင်းနိုင်တော့မှာ မဟုတ်တဲ့အတွက် ပူတာအိုနဲ့မြစ်ကြီးနားကြားထဲမှာ လမ်းသွားလာမှု မရှိသလောက် ပြတ်တောက်လျက်ရှိပါတယ်။ ဒါကြောင့် ပူတာအို တစ်ခရိုင်လုံးဟာ ဒီနေ့ကြည့်မယ်ဆိုရင် လေကြောင်းလိုင်းတစ်ခုတည်းကိုပဲ မှီခိုအားထားရတဲ့အခြေအနေမှာ ရှိပါတယ်။ လေကြောင်းခရီးစဉ်တစ်ခုတည်းဖြင့် ပူတာအိုခရိုင် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူသုံးကုန်ပစ္စည်းများ ဆောက်လုပ်ရေးပစ္စည်းများ မွေးမြူရေး စိုက်ပျိုးရေး ဆိုင်ရာပစ္စည်းများ၊ ဆေးနဲ့ ဆေးပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ အစရှိတဲ့ပစ္စည်းများကို တင်ပို့နေရတဲ့အထဲ သယ်ယူပို့ဆောင်စရိတ်ကြီးမြင့်ခြင်း လိုအပ်ချက်ကို ပြည့်မှီစွာတင်ပို့ပေးရန် ခက်ခဲခြင်းစတဲ့ အခက်အခဲပြဿနာများ  ပူတာအိုတစ်ခရိုင်လုံးမှာ ဖြစ်ပေါ်လျက်ရှိပါတယ်။ ဒါကြောင့် ပူတာအိုမြစ်ကြီးနားကားလမ်းကို လုံခြုံချောမွေ့စွာ သွားလာနိုင်ရေးအတွက် နိုင်ငံတော်အစိုးရမှ စီစဉ်ဆောင်ရွက်ပေးနိုင်ဖို့ရာအတွက် တင်ပြအပ်ပါတယ်။ ဒါအပြင် ပြီးခဲ့တဲ့ ၂၀၁၁ခုနှစ် မိုးရာသီမှာ မိုးဦးကာလ မိုးရွာသွန်းမှု နည်းပါးခြင်း မိုးစပါးစိုက်ပျိုးမှုနောက်ကျခြင်းနှင့် စိုက်ပျိုးရေလုံလောက်စွာ မရရှိခြင်း စပါးဝတ်မှုန်ကူးချိန်မှာ နှင်းခါးကျရောက်သည့် စပါးထွက်နှုန်း ၁ဧကမှာ ၂၅%လျော့နည်း ကျဆင်းသွားခြင်း တပါတည်းမှာပဲ အဲဒီကာလမှာ ကျွဲနွားများ လည်ချောင်းနာရောဂါဖြစ်ပြီးတော့ ကျွဲနွားသေဆုံးမှုနည်းတဲ့အတွက် ထွန်ယက်လုပ်ကိုင်ရန်မှာ အခက်အခဲရှိခြင်းများကြောင့် လယ်ယာမြေ စိုက်ပျိုးမှုမှာ အားနည်းခဲ့ရပါတယ်။ အခြားတစ်ဘက်မှာလည်း ဝင်ငွေကောင်းတဲ့ ရွှေတူးခြင်း၊ သတ္တုတူးခြင်း၊ သစ်တောထွက် သယံဇာတများ ရှာဖွေခြင်း၊ တခြားဝင်ငွေကောင်းသော ဒေသများသို့ ပြောင်းရွှေ့လုပ်ကိုင်ခြင်းကြောင့် ဝမ်းစာဖူလုံမှုလျော့နည်းရပါတယ်။ အထက်ပါအကြောင်းများကြောင့် ပူတာအိုခရိုင်အတွင်းမှာ ယခုမိုးရာသည်တွင် ဆန်ရိက္ခာနှင့် လူသုံးကုန်ပစ္စည်းများ ဆောက်လုပ်ရေး လောင်စာဆီအစရှိသည့် ပစ္စည်းများ ပြတ်လပ်ပြီး အဆမတန် ဈေးကြီးမြင့်ခဲ့ရပါတယ်။ ဥပမာအားဖြင့် တင်ပြရမယ်ဆိုရင် ဆန်တစ်ပြည်ကို ပူတာအိုခရိုင်အတွင်းမှာ ၄၀၀၀ ကျပ်အထိကြီးမြင့်ခဲ့ပါတယ်။  ဈေးနှုန်းသာရှိပြီးဆန်လို့မရတဲ့ အခြေအနေဆိုးတွေ ဖြစ်ပေါ်လျက်ရှိခဲ့ပါတယ်။ အစိုးရလွှတ်တော် တပ်မတော် ကျွန်တော်တို့ ပါတီအသီးသီးနဲ့ လူမှုရေးအဖွဲ့အစည်းအသီးသီးကနေပြီးတော့ တပ်မတော် စစ်လုပ်ငန်းလေယာဉ်၊ ချာတာလေယာဉ်များနဲ့ ဆန်အိပ်ပေါင်း ၄၀၀၀ကျော်တင်ပို့ထောက်ပံ့ ရောင်းချပေးခဲ့တဲ့အတွက် ထိုက်သင့်သလောက်သက်သာရာရခဲ့သော်လည်း ဆိုးဝါးအကြပ်အတည်း များကို အခက်အခဲများကိုလည်း ဒေသခံတိုင်းရင်းသားများခံခဲ့ကြရပါတယ်။ ပူတာအိုခရိုင်ဟာ ခေတ်အဆက်ဆက် အစိုးရအပေါ်မှာ သစ္စာရှိကြသူများ ဖြစ်ကြပါတယ်။ အဖြူရောင်နယ်မြေ ဖြစ်ပြီးတော့ ဒေသခံတိုင်းရင်းသား လူထုရဲ့ အကူအညီဖြင့် အားလုံးနယ်မြေဒေသကို တည်ငြိမ် အေးချမ်းအောင် စောင့်ထိမ်းနိုင်ခဲ့ပါတယ်။ သို့သော်လည်းပဲ ဒီနေ့ဒီအချိန်မှာတော့ ဒီပြည်တွင်း တည်ငြိမ်အေးချမ်းမှုမရှိတဲ့ အခြေအနေ၊ မိုးရာသီဥတုဖောက်ပြန်တဲ့အခြေအနေ၊ အစရှိသည့် အခြေအနေအရပ်ရပ်ကြောင့် ပူတာအိုခရိုင်ဟာ အခက်အခဲများ များစွာကြုံတွေ့နေရပါတယ်။ ဒါကြောင့် ပူတာအိုခရိုင်အတွင်းမှာ မဟာဗျူဟာအရ ဒေသစားနပ်ရိက္ခာဖူလုံရေးအတွက် နိုင်ငံတော်က နေပြီးတော့ ပံ့ပိုးကူညီဆောင်ရွက်ပေးစေလိုတဲ့ဆန္ဒရှိပါတယ်။ ပူတာအိုခရိုင်ရဲ့ အကျယ်အဝန်းဟာ ကျွန်တော်ခုနတုံးက တင်ပြသလိုပဲ ၆၇၉၀၈၅၆ ဧကရှိပါတယ်။အဲဒီအကျယ်အဝန်းထဲမှာ ပူတာအိုမြို့နယ်မှာ စိုက်ပျိုးလုပ်နိုင်တဲ့ဧကဟာ ဧက ၃၅၃၀၀ရှိပါတယ်။ မချမ်းဘောမြို့နယ်မှာ ၆၆၀ဧက ရှိပါတယ်။ နောင်မွန်မြို့နယ်မှာ ဧက ၅၀၀၀ရှိပါတယ်။ ခေါင်လန်ဖူးမြို့နယ်မှာ ၁၀၇၂၉ဧကနဲ့ ဆွမ်ပရာဘွမ်မြို့နယ်မှာ ဧက ၈၀၀၀ကျော်ရှိပါတယ်။ ပန်နန်းဒင်မြို့နယ်ခွဲမှာ ဧက ၁၂၃၉ဧက ရှိပါတယ်။ ဒါကြောင့်မို့လို့ ပူတာအိုခရိုင်ဟာ စာရင်းဇယားအရ ဆန်ဖူလုံမှုရာခိုင်နှုန်း ၁၀၅ရာခိုင်နှုန်း ရှိခဲ့ပါတယ်။ သို့သော် လက်ရှိအခြေအနေမှာတော့ ဆန်ဖူလုံမှုမရှိဖြစ်နေပါတယ်။ ဒါ့အပြင်ပူတာအို မြို့နယ်ရဲ့ ပူတာအိုခရိုင်အတွင်းထဲမှာ မြေလွတ်မြေလပ်များဟာ ဧကပေါင်းမြောက်များစွာ ရှိလျက်ရှိပါတယ်။ ကျွန်တော့်အနေနဲ့ အကြမ်းဖျဉ်းတင်ပြရမယ်ဆိုရင် ပူတာအိုမြို့နယ်မှာ လွင်ပြင်အနေနဲ့ပဲ မြေရိုင်းဧကပေါင်း ၈၂၀၀၀ရှိပါတယ်။ မချမ်းဘောမြို့နယ်မှာ မြေရိုင်းဧကပေါင်း ၂၀၄၀၀ကျော်ရှိပါတယ်။ နောင်မွန်မြို့နယ်မှာ မြေရိုင်းဧကပေါင်း ၄၉၀၀၀ကျော်ရှိပါတယ်။ ခေါင်လန်ဖူး မြို့နယ်မှာ ၇၃၀၀၀၊ ဆွမ်ပရာဘွန်မြို့နယ်မှာ ၂၀၀၀၀နဲ့ ပန်နန်းဒင်မြို့နယ်မှာ ၆၆၀၀၀ကျော် ကျွန်တော်တို့မြေလွတ်မြေရိုင်းများအဖြစ်ရှိနေပါတယ်။ စုစုပေါင်းပူတာအို ခရိုင်အတွင်းမှာ မြေလွတ် မြေရိုင်းများဧက ၄၉၈၂၂၉ ဧက ကျွန်တော်တို့ ဆောင်ရွက်နိုင်တဲ့ အခြေအနေရှိပါတယ်။ ယခုနိုင်ငံတော်ကလည်း ပူတာအိုခရိုင်အတွင်းမှာ စားနပ်ရိက္ခာ ဖူလုံရေးအတွက်ဆိုပြီးတော့မှ လယ်ယာမြေများကို ဖော်ထုတ်စိုက်ပျိုးနိုင်ဖို့ အတွက် ဆည်များဆောင်ရွက်ဖို့အတွက် တိုင်းတာနေတာ ရှိပါတယ်။ ဒီဆည်တွေကတော့ နမ်ပလပ်ကွန်ကရစ် ရေလွဲဆည်၊ ဒါအကျိုးပြုဧက ၄၀၀၀ဖြစ်ပါတယ်။နမ့်ရှမ်ရေလှောင်တမံ အကျိုးပြုဧက ၂၉၉၁ဖြစ်ပါတယ်။ ဟိုဖိုင်ကွန်ကရစ်ရေလွှဲ ဆည် တည်ဆောက်ခြင်းဖြင့် အကျိုးပြုဧက ၁၀၅၂ဧက ဖြစ်ပါတယ်။ ၎င်းဆည်များကို နိုင်ငံတော်က ဦးစားပေးပြီးတည်ဆောက်ပေးနိုင်မည်ဆိုပါက ပူတာအိုခရိုင်ရဲ့ စားနပ်ရိက္ခာဖူလုံမှုဟာ မွောက်များစွာ တိုးတက်သွားမည်ဖြစ်တဲ့အကြောင်းတင်ပြအပ်ပါတယ်။ ဒါ့အပြင်ပူတာအိုခရိုင်အတွင်းထဲမှာ ပူတာအို ခရိုင်တွင် သာမကပဲနဲ့ နောင်မွန်မြို့နယ်အတွင်းထဲမှာ လေယာဉ်ကွင်းတစ်ကွင်း တည်ရှိပြီးဖြစ်ပါတယ်။ ဒီလေယာဉ်ကွင်း ဟာလည်း ပြုပြင်သုံးစွဲမယ်ဆိုလို့ရှိရင် လေယာဉ်ငယ်များ အချိန်မရွေး ဆင်းသက်နိုင် မယ့်အနေအထားရှိပါတယ်။ တစ်ချိန်တုန်းကလည်း နောင်မွန်မြို့နယ်အတွက်လိုအပ်တဲ့ အုပ်ချုပ်မှု ကိစ္စရပ်များကို လေကြောင်းခရီးကနေ ပို့ဆောင်ခဲ့တဲ့ သာဓကများလည်း ရှိခဲ့ပါတယ်။ ဒါကြောင့် ပူတာအိုခရိုင်အတွင်းမှာ အရေးပေါ်လိုအပ်ပါ လေကြောင်းလမ်းမှ အသုံးပြုနိုင်ဖို့အတွက် နောင်မွန် လေယာဉ်ကွင်းကိုလည်း ကျွန်တော်တို့ထပ်ဆင်ပြီးတော့မှ ပြုပြင် ဆင်းသက်နိုင်အောင် ဆောင်ရွက်ပေး ဖို့အထူး လိုအပ်လျက်ရှိပါတယ်။ ပူတာအိုဒေသဟာ မြန်မာနိုင်ငံရဲ့ မြောက်ဖျားမှာ ရှိတာနဲ့အညီ ကျွန်တော်တို့ ရေအရင်းအမြစ် မြောက်များစွာရှိပါတယ်။ ဒါကြောင့် အဲဒီဒေသမှာ ရေအားလျှပ်စစ်များနဲ့ မီးလင်းရေးများကို ဆောင်ရွက်ပေးနိုင်မယ်ဆိုရင် ပူတာအိုဒေသအတွက် ဖွံ့ဖြိုးတိုးတက်မှုမှာ များစွာ တိုးတက်ဖြစ်ထွန်းလာမှာ ဖြစ်ပါတယ်။

လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးခင်ဗျား အချိန်ကို ငဲ့ညှာသောအားဖြင့်လည်းကောင်း၊ အခြေအနေအရပ်ရပ်ကြောင့် လည်းကောင်း ကျွန်တော့်အနေနဲ့ အကျဉ်းချုပ်ပြီးပဲ အနှစ်ချုပ်လိုအပ် ချက်များကို တင်ပြသွားမှာ ဖြစ်ပါတယ်။ ကျွန်တော်အနေနဲ့ ဆွေးနွေးတင်ပြလိုတာကတော့ ၁ ပူတာအိုမှ မြစ်ကြီးနားသို့ လမ်းပန်းဆက်သွယ်မှု လုံခြုံချောမွေ့စွာ သွားလာနိုင်ရေးအတွက် စီစဉ်ဆောင် ရွက်ပေးနိုင်ရေး၊၂ပူတာအိုခရိုင်အတွင်း ဝမ်းစာဖူလုံရေး အတွက် လိုအပ်ချက်များကို နိုင်ငံတော်က ပံ့ပိုးကူညီပြီး ကော်မတီတစ်ရပ်ဖွဲ့စည်း၍ အနီးကပ် ဦးဆောင်မှုဖြင့် ဆောင်ရွက်ပေးနိုင်ရေး၊ ၃ လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေး အထက်တန်းကျောင်း တစ်ကျောင်း ဖွင့်လှစ်ရေး၊ ၄ နောင်မွန်လေယာဉ်ကွင်းကို အဆင့်မြှင့်တင်ပြီး လေယာဉ်များ ဆင်းသက်နိုင်ရေး စီမံဆောင်ရွက်ပေးရေးနှင့် ၅အနေနဲ့ ဒေသအတွင်း ရှိနှင့်ပြီး ဖြစ်တဲ့ ပေါကြွယ်ဝသည့် သယံဇာတများ ဖြစ်ကြသော စိုက်ပျိုးမြေများ ရေအရင်းအမြစ်များ သတ္တုသယံဇာတများ သစ်တောထွက်ပစ္စည်းများ အဖိုးတန် သဘာဝမပျက် တည်ရှိနေသည့် အခြေခံကောင်းများကို ပတ်ဝန်းကျင်ထိခိုက်မှုမရှိစေပဲ စနစ် တကျ ဖော်ထုတ်ပေါင်းစပ် အသုံးပြုနိုင်ရေး အတွက် အစီအမံများ ချမှတ်ပေးရေးတို့ကို ဆောင်ရွက်ပေး နိုင်ရေးတင်ပြလိုပါတယ်။ ဒါကြောင့် နိဂုံးချုပ်အားဖြင့် ကချင်ပြည်နယ်ပူတာအိုခရိုင်အတွင်း စားနပ် ရိက္ခာဖူလုံရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်မှ ဦးဆောင်စီမံဆောင်ရွက်ပေးရေး အဆိုကို လေးစားစွာဖြင့် တင်သွင်းအပ်ပါတယ်ခင်ဗျား။ (သြဘာသံများ)

ဥက္ကဋ္ဌ။           ။ ဦးသိန်းဇော်တင်သွင်းလာတဲ့ အရေးကြီးအဆိုဟာဒီနေ့ မိမိတို့ စီစဉ်ထားတဲ့ ဦးယောဒီဒွေ့ ပူတာအိုမဲဆန္ဒနယ်ရဲ့ အဆိုပြုချက်နဲ့ တစ်ချို့ကိစ္စများဟာ ထပ်တူထပ်မျှဖြစ်ပါတယ်။ လေယာဉ်ကွင်းကိစ္စနဲ့ အခြား လူမှုဖွံ့ဖြိုးရေးကိစ္စကတော့ ထပ်ပြီးတိုးတာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဒီနေ့ အစည်းအဝေးခန်းမထဲမှာ ပြည်ထောင်စု အစိုးရရဲ့ကိုယ်စားလှယ် ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ဒုတိယဝန်ကြီးလည်း ပါတဲ့အတွက် ဒီအဆိုနှစ်ခုကို တစ်ပေါင်းတစ်စည်းထဲ လုပ်တယ်လို့မှတ်ပြီး သက်ဆိုင်ရာပြည်ထောင်စုအစိုးရကို ပြန်လည်တင်ပြပေးဖို့ ဖြစ်ပါတယ်။

အစီအစဉ် ၈ ဖြစ်ပါတယ်။

အစီအစဉ် ၈ဟာ ပြီးခဲ့တဲ့လွှတ်တော်ကာလအတွင်းက တင်ထားတဲ့အဆို တစ်ခုဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ အဆိုရဲ့ အကြောင်းအရာအသေးစိတ်ကို လွှတ်တော်ကိုယ်စားလှယ်အားလုံး ပြန်လည် သိစိမ့်သောငှာ ကျွန်တော် အတိုချုပ်ပြီးတော့ ကျွန်တော်ကိုယ်တိုင်ပဲ အဆိုရှင်ရဲ့ဟာကို ကျွန်တော်ပြန်ပြီး တော့ တင်ပြပါ့မယ်။ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ပြီးခဲ့တဲ့ အစည်းအဝေး ၃၈ရက်မြောက်နေ့ မှာ အဆိုအဖြစ်တင်သွင်းထားတဲ့ ကချင်ပြည်နယ်အတွင်း နယ်မြေလုံခြုံရေးအရ မိမိတို့ရဲ့ နေရပ်ဒေသကို စွန့်ခွာ၍ ခေတ္တတိမ်းရှောင်နေကြသော ဒေသခံတိုင်းရင်းသားများနှင့် ဒေသအလိုက် ရိက္ခာပြတ်လပ်မှုများအပါအဝင် လုံခြုံရေးအရ မိမိတို့တာဝန်ကျရာ ဒေသ၌ တာဝန်ထမ်းဆောင်ရန် အခက်အခဲဖြစ်နေသော နိုင်ငံ့ဝန်ထမ်းများ ပြည်တွင်းပြည်ပ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင်များ အတွက် အထူးသဖြင့် ပူတာအိုခရိုင်နှင့် ချီဗွေဆော့ဒေသများသို့ လမ်းပမ်းဆက်သွယ်ရေးအပါအဝင် စီမံခန့်ခွဲရေးနည်းလမ်းများအရ အဖက်ဖက်ကကူညီစောင့်ရှောက်ပေးနိုင်ပါရန် အတွက် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်းအဆိုကို တင်သွင်းခဲ့ပါတယ်။ ထို့နည်းတူစွာပဲ မိမိလွှတ်တော်ဥက္ကဋ္ဌထံ ကို စောလော်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အနေနဲ့လည်း လေးကြိမ်တိုင်တိုင် လူကိုယ်တိုင်လာ ရောက် တင်ပြခဲ့ပါတယ်။ သူရဲ့တင်ပြချက်အတိုချုပ်ကတော့ စောလော်ဒေသကို  သူပြန်လို့မရဘူး စောလော်ဒေသမှာ ဝန်ထမ်းများ တာဝန်ထမ်းဆောင်လို့မရဘူး။ ဘာကြောင့်လည်းဆိုရင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့က စောလော်မြို့ကိုသွားလို့မရလို့ ထိုနည်းတူစွာပဲ စောလော်မြို့နယ် အတွင်းမှာ ရိက္ခာမရှိတဲ့အတွက် ဒီရိက္ခာတွေကို ကချင်ပြည်နယ်မြစ်ကြီးနားမြို့က သွားရောက် ဖြည့်တင်းနိုင်ခြင်းမရှိပဲနဲ့ တဖက်နိုင်ငံက ဝယ်ယူစားသောက်နေရတဲ့ အခက်အခဲ များစွာရှိနေကြောင်း ဒီလို အခြေအနေကြောင့် သီးခြား ကျွန်တော့်ဆီ တင်ပြပါတယ်။ ဒီအပေါ်မူတည်ပြီးတော့ ကျွန်တော့်အနေ နဲ့လည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို အခြေအနေပြောပြအကူအညီတောင်း ပါတယ်။ ဒါကြောင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေနဲ့လည်း ရဟတ်ယာဉ်များနဲ့ ဝန်ထမ်းများကို စောလော်ဒေသ ချီဖွေဒေသကို ပို့ပေးခဲ့ပါတယ်။ ထို့နည်းတူစွာပဲ အရေးကြီးသော ဆေးဝါးပစ္စည်းများ ကိုလည်း တပ်မတော်ရဟတ်ယာဉ်များနဲ့ပေးပို့ခဲ့ပါတယ်။ သို့ရာတွင် နယ်မြေတစ်ခုလုံးအတွက် စားရေးရိက္ခာနဲ့ လမ်းပန်းဆက်သွယ်ရေးကိစ္စကတော့ အခုအချိန်အထိပဲ အခက်အခဲများစွာ ကြုံတွေ့ နေရကြောင်း ထပ်လောင်းပြီးတော့ တင်ပြတာရှိပါတယ်။ ဒါကြောင့်မို့လို့ ဒီအဆိုဟာကချင်ပြည်နယ် အထူးသဖြင့် တင်ပြထားတဲ့ ပူတာအိုခရိုင် ချီဖွေ၊ စောလော်ဒေသ များအတွက်တော့ အင်မတန်မှ အရေးကြီးတဲ့အဆိုတစ်ခု ဖြစ်တဲ့အတွက် ဒီအဆိုကို မူလတင်ပြထားတဲ့ အစည်းအဝေးအစီအစဉ်မှာ ဖော်ပြထားတဲ့ ပုဂ္ဂိုလ်များကို ကျွန်တော် မေတ္တာရပ်ခံပြီးတော့ မလိုတဲ့ ဆွေးနွေးရန်လိုတော့လိုမယ် သို့ရာတွင် အချိန်ကကျွန်တော်တို့ဆီမှာ ကန့်သတ်ချက်ရှိတဲ့ အတွက် ဆွေးနွေးမှုထပ်မံပြုလိုမပြုလို စာရင်းတောင်းတဲ့အခါမှာ တစ်ချို့က မဆွေးနွေးတော့ပါဘူးလို့။ ဒီလိုတင်ပြပါတယ်။ ကျန်တဲ့လူတွေ ဆွေးနွေးမယ်ဆိုလို့ရှိရင်လည်း အချိန်ဟာ ကျွန်တော်တို့အတွက် အကန့်အသတ်ဖြစ်တဲ့အတွက် တိုတိုနဲ့ လိုရင်းပဲဆွေးနွေးဖို့ ကျွန်တော်ပန်ကြားခဲ့ပါတယ်။ ဒါကြောင့်မို့လို့ ဒီအဆိုပေါ်မူတည်ပြီးတော့ ကျွန်တော်အခု တင်ပြဖို့ခေါ်ယူမယ့် ပုဂ္ဂိုလ်များအနေနဲ့ တိုတိုနဲ့ထိထိမိမိပဲ ဆွေးနွေးပေးဖို့ ထပ်မံပန်ကြားလိုပါတယ်။

          ဒေါ်ဒွဲဘူ(အင်ဂျန်းယန်မဲဆန္ဒနယ်)။                  ။  လေးစားအပ်ပါတဲ့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တော်များ၊ ဖိတ်ကြားထားသော ဧည့်သည်များ ၊ လာရောက်လေ့လာသူများ အားလုံးကို မင်္ဂလာပါလို့ ဦးစွာ နှုတ်ခွန်းဆက်သအပ်ပါတယ်။ ကျွန်မကတော့ ကချင်ပြည်နယ်၊ အင်ဂျန်းယန်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဒွဲဘူဖြစ်ပါတယ်။ ကျွန်မအနေနဲ့ ဦးယော်ဒီဒွေ့၊ ပူတာအိုမဲဆန္ဒနယ်က တင်ပြသွားတဲ့အဆိုအပေါ် မှာ ကျွန်မအနေနဲ့ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ ဒီအဆိုကို ဆွေးနွေးရခြင်းမှာ ကျွန်မအနေနဲ့ ဒီ ကျွန်မတို့  အင်ဂျန်းယန်မဲဆန္ဒနယ်ဟာဆိုရင် မြစ်ကြီးနားမြို့နယ်အတွင်းမှာ မြစ်ကြီးနားခရိုင်အတွင်းမှာ ပါတဲ့မြို့နယ်တစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်မ မဲဆန္ဒနယ်ဟာ ဆိုလို့ရှိရင် မြစ်ကြီးနား ဆွမ်ပရာဘွမ်၊ ပူတာအိုလမ်းမပေါ်မှာရှိတဲ့ အင်မတန်သွားလာရခက်ခဲတဲ့ မဲဆန္ဒနယ် ဖြစ်ပါတယ်။ ဒါ့အပြင် ကျွန်မအနေနဲ့ ဒီလွှတ်တော်မှာ စတက်ကတည်းကနေ ကျွန်မရဲ့ မဲဆန္ဒနယ်ကို တစ်ကြိမ်တစ်ခါမှ သွားခွင်‌့မရပါဘူး။ အဲဒါဆိုလို့ရှိရင် ဒီအခု ဦးယော်ဒီဒွေ့တင်ပြ ထားတဲ့အတိုင်းပါပဲ။ ကျွန်မတို့မဲဆန္ဒနယ်ဟာဆိုလို့ရှိရင် နယ်‌ွမေမလုံခြုံတဲ့အတွက် ကျွန်မတို့ သွားလာခွင့်မရဘူး။ ဒါ့အပြင် ကျွန်မအနေနဲ့ ကိုယ့်ရဲ့မဲဆန္ဒရှင်တွေနဲ့ မတွေ့ရသလို ကျန်တဲ့ပြည်သူ လူထုတွေ၊ ဝန်ထမ်းတွေကလည်း သွားလာခွင့် အင်မတန်ခက်ခဲပါတယ်။ အဲဒီတော့ ကျွန်မတို့ ဒီ အင်ဂျန်းယန်ဟာဆိုလို့ရှိရင် မြစ်ကြီးနားနဲ့ နီးတယ်လို့ထင်ပေမယ့် အင်မတန်ဝေးတဲ့နေရာဖြစ်ပါတယ်။ အဲဒီတော့ ကျွန်မအနေနဲ့ ဒီကနေ့ ဒီအချိန်အထိ လွှတ်တော်မှာလည်း ကျွန်မမဲဆန္ဒနယ်အတွက် တစ်ခါမှ ကျွန်မ မတင်ပြခဲ့ပါဘူး။ ဘာလို့လဲဆိုလို့ရှိရင် ဒီကိစ္စတွေတင်ပြဖို့က နယ်‌ွမေလုံခြုံမှ ငြိမ်းချမ်းရေးရရင် ဒီကိစ္စတွေဟာ အကုန်လုံးပြေလည်သွားမှာဖြစ်ပါတယ်။ အဲဒီတော့ ဦးယော်ဒီဒွေ့ တင်ပြတဲ့အပေါ်မှာ ကျွန်မရဲ့ဒီမဲဆန္ဒနယ်ဟာလည်း လမ်းမပေါ်မှာ ဒီလိုပဲ ခံစားနေရတဲ့အတွက် တစ်လက်စတည်း ကျွန်မအနေနဲ့ ဒီပူတာအိုခရိုင်၊ ချီဖွေ၊ ဆော့လော်အပါအဝင် အင်မတန်သွားရလာရခက်ခဲတဲ့ အင်ဂျန်းယန်အတွက်ပါ တင်ပြခြင်းဖြစ်ပါတယ်။ အဲဒီတော့ ဦးယော်ဒီဒွေ့ရဲ့ အဆိုမှာ ကျွန်မအနေနဲ့ တွေ့ရှိတာဆိုလို့ရှိရင် (၁) အနေနဲ့ ဒီနယ်‌ွမေလုံခြုံရေးအရ ကိုယ့်ရဲ့ အရပ်ဒေသကို စွန့်ခွာတယ်။ ခေတ္တတိမ်းရှောင်လာတဲ့ ဒေသခံများ ရှိတယ်ဆိုတာကို နံပါတ် ၁ အချက်အနေနဲ့ တွေ့ပါတယ်။ နံပါတ် (၂)အချက်ကတော့ ဒေသအလိုက် ရိက္ခာပျက်လက်မှု တွေရှိပါတယ်။ နောက်တစ်ခါ မိမိ တာဝန်ယူထမ်းဆောင်ရတဲ့ ဒေသတွေမှာ သွားလို့မရတဲ့ နိုင်ငံ့ဝန်ထမ်းတွေရှိပါတယ်။ နောက်တစ်ခါ  ဒီကိစ္စတွေကြောင့် နယ်မြေမလုံခြုံတဲ့အတွက် ပြည်တွင်းပြည်ပပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင်တွေ ခက်ခဲတာကို တွေ့ရှိရပါတယ်။ နောက်တစ်ခါ ဒီလမ်းပန်းဆက်သွယ်ရေး အပါအဝင် ကျန်တဲ့ စီမံခန့်ခွဲရေးတွေကို ဒီကျန်တဲ့ကိစ္စရပ်တွေကို စီမံခန့်ခွဲရေးနည်းလမ်းအရ အဘက်ဘက်မှ ကူညီစောင်‌့ရှောက်သွားပေးဖို့ အတွက် ပြည်ထောင်စုအစိုးရကို တိုက်တွန်းကြောင်း အဆိုဖြစ်ပါတယ်။ ဒီအဆိုကို ကျွန်မလှိုက်လှိုက်လှဲလှဲထောက်ခံပါတယ်။ ဘာကြောင့်လဲဆိုရင် ဒီကျွန်မတို့ ကချင်ပြည်နယ် မှာက ပူတာအိုခရိုင်၊ ချီဖွေ၊ ဆော့လော်အပြင် ဒီအထဲမှာမပါတဲ့ တခြားမြို့နယ်တွေ တော်တော် များများမှာလည်း ဒီလိုပဲ အခက်အခဲတွေရှိနေတယ်ဆိုတဲ့အကြောင်းကို ကျွန်မအနေနဲ့ ဖြည့်စွက် တင်ပြလိုခြင်း ဖြစ်ပါတယ်။ အဲဒီတော့ ကျွန်မအနေနဲ့လည်း ကျွန်မမဲဆန္ဒနယ်အတွက် ဒီတစ်ခါမှ ကျွန်မပြောရခြင်း ဖြစ်ပါတယ်။ ဒီလို အဖြစ်အပျက်မျိုးတွေဟာ အခုထိ ကျွန်မတို့ ကြုံတွေ့နေရဆဲ ဖြစ်ပါတယ်။ ဒါတွေဟာ ဆိုလို့ရှိရင် ဘာကြောင့်လဲဆိုရင် ဒေသမတည်ငြိမ်မှု၊ ကျွန်မတို့ရဲ့ ငြိမ်းချမ်းမှုဟာ အထူးပဲလိုအပ်ပါတယ်။  ဒီလို ငြိမ်းချမ်းမှုရရှိလို့ရှိရင်တော့ ကျန်တဲ့ကိစ္စရပ်တွေဟာ အားလုံးပြေလည်သွားမှာ ဖြစ်တဲ့အတွက် ဒေသတည်ငြိမ်ရေး၊ ငြိမ်းချမ်းရေးအတွက် အထူးအလေးထား ဆောင်ရွက်သွားပေးဖို့အတွက်လည်းပဲ တိုက်တွန်းလိုပါတယ်။ လက်ရှိဒီကိစ္စတွေ မဆောင်ရွက်နေဖူး လားလို့ဆိုရင် အများကြီး ကြိုးစားပြီးဆောင်ရွက်နေတယ်ဆိုတာ သိရပါတယ်။ အစိုးရအဖွဲ့အနေနဲ့ ရော ငြိမ်းချမ်းရေးဆောင်ရွက်နေတဲ့ လုပ်ငန်းကော်မတီအနေနဲ့ရော ဒါတွေကို ထဲထဲဝင်ဝင် ဆောင်ရွက် နေတယ်ဆိုတာ ကျွန်မတို့ တွေ့ပါတယ်။ ဒီပူတာအို ဖက်မှာလည်းပဲ တပ်မတော်ပိုင်းကရော၊ အစိုးရပိုင်း ကရော၊ ပြည်ထောင်စုအစိုးရပိုင်းကရော၊ ပြည်နယ်ပိုင်းကရော၊ အားလုံးဒီလိုအပ်တာများကို ဆောင်ရွက်ပေးနေပါတယ်။ ဒါပေမယ့် ဒါတွေဟာဆိုလို့ရှိရင် နိစ္စဓူဝဒီလိုပဲ ဆောင်ရွက်နေလို့ မပြီးပါဘူး။ တကယ်အဓိကလိုအပ်ချက်ဟာဆိုလို့ရှိရင် တကယ်တည်ငြိမ် အေးချမ်းသွားတဲ့အခါမှာ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်သွားတဲ့အခါမှာ ဆိုလို့ရှိရင် အကုန် ပြေလည်သွားနိုင်မယ်လို့ ကျွန်မနဲ့ ပြည်သူလူထုအားလုံးက နားလည်နေပါတယ်။ အဲဒီတော့ ပူတာအိုမှာ ဒီလောက်ခက်ခဲလာ တယ်ဆိုတာလည်း အရင်ကတော့ ဒီပူတာအိုဘက်မှာလေယာဉ်ခရီးမကပါဘူး။ လမ်းက အများကြီး မ‌ကောင်းဘူးဆိုပေမယ့် ကားနဲ့သွားလို့ရပါတယ်။ မိုးတွင်းမှာလည်း ဒီဗွက်တွေ၊ ဘာတွေ ပေါက်တယ် ဆိုပေမယ့် ကားတစ်စီးနဲ့တစ်စီး ဆွဲသွားမယ်ဆိုလို့ရှိရင် ကုန်တွေဟာ မနည်းပါပါတယ်။ အခုအချိန်မှာ တော့ ဒီလမ်းတံတားတွေဟာ အကုန်ပျက်တောင်‌့သွားတဲ့အတွက် ဒီလို ကားတွေလုံးဝမသွားနိုင်တဲ့ အတွက် ဒီလောက်ခက်ခဲသွားရခြင်းဖြစ်ပါတယ်။ အလားတူ ကျွန်မမဲဆန္ဒနယ်ဟာ ဆိုလို့ရှိရင်လည်း ရိုးရိုးကားနဲ့ သွားလို့ မရပါဘူး။ နွေရာသီမှာတောင်မှ ကျွန်မတို့ Three Ground ကားနဲ့သာ သွားလို့ရပါတယ်။ လမ်းတွေဟာ အင်မတန်ဆိုးရွားပါတယ်။ ဒီကိစ္စတွေဟာဆိုလို့ရှိရင် တကယ်လို့ ကျွန်မတို့ တိုင်းပြည် ငြိမ်းချမ်းမယ်။ တည်ငြိမ်းအေးချမ်းမယ်ဆိုရင် လမ်းပန်းဆက်သွယ်ရေးကိုလည်း အစိုးရအဖွဲ့က ခဏအတွင်းမှာ ဆောင်ရွက်နိုင်မယ်လို့ ကျွန်မအနေနဲ့ယုံကြည်ပါတယ်။ အဲ့တော့ အဓိကတော့ ဒီကိစ္စတွေရဲ့အဓိကပြဿနာဟာဆိုလို့ရှိရင် ငြိမ်းချမ်းရေးဟာ အရေးကြီးပါတယ်။ ကျွန်မတို့အနေနဲ့ လူထုရဲ့အသံကိုလည်း အနည်းငယ်တင်ပြလိုပါတယ်။ ငြိမ်းချမ်းရေးနှင့် တည်ငြိမ် အေးချမ်းရေးအတွက် လူထုတွေက ကျွန်မတို့သွားတဲ့အခါမှာ ကျွန်မတို့ကို ပြောပါတယ်။ ဘာပြောသလဲ ဆိုရင် ကျွန်မတို့ လွှတ်တော်အပိုင်းဆောင်ရွက်မှုမှာလည်း ဒေသတည်ငြိမ်ရေးနှင့် ငြိမ်းချမ်းရေး ဒီငြိမ်းချမ်းရေးဟာ ဆိုလို့ရှိရင် ကျွန်မတို့ရဲ့မဲဆန္ဒနယ်တွေ၊ ခရိုင်တွေ၊ မြို့နယ်တွေ ကျွန်မတို့က ချင်ပြည်နယ်အတွက် မကပါဘူး။ တစ်နိုင်ငံလုံးအတွက် ဖြစ်ပါတယ်။ တစ်နိုင်ငံလုံးငြိမ်းချမ်းမှ ကချင်ပြည်နယ်ငြိမ်းချမ်းမှ တစ်နိုင်ငံလုံးငြိမ်းချမ်းတယ်လို့ ပြောလို့ရမှာဖြစ်ပါတယ်။ ဒါကြောင့်မို့ ဒီအရေးကြီးတဲ့ကဏ္ဍရပ်မှာ လွှတ်တော်အပိုင်းကလည်း ထဲထဲဝင်ဝင်ကူညီဆောင်ရွက်ပေးဖို့ လူထုက နေပြီးတော့ ကျွန်မတို့ကို တိုက်တွန်းပါတယ်။ ဒီကိစ္စကိုလည်း ကျွန်မအနေနဲ့ လူထုရဲ့ကိုယ်စား လွှတ်တော်မှာ ပိုမိုပါဝင်နိုင်ဖို့အတွက် ကျွန်မအနေနဲ့ လူထုရဲ့ကိုယ်စားတင်ပြလိုပါတယ်။ အဲ့တော့ ကျွန်မတို့အနေနဲ့လည်း လွှတ်တော်ထဲက တိုင်းရင်းသားတွေလည်း ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေး ဖော်ဆောင်မှုလုပ်ငန်း ကော်မတီမှာ ပါဝင်နေတာတွေရှိပါတယ်။ ဒီကိစ္စတွေနှင့်ပတ်သက်ပြီးတော့လည်း ပြည်ထောင်စုအစိုးရအဖွဲ့ကို တိုက်တွန်းလိုပါတယ်။ ကျွန်မတို့ လွှတ်တော်မှာရှိတဲ့ ပါဝင်နေတဲ့ တိုင်းရင်းသားတွေလည်း များများအလုပ်ခိုင်းပါ။ ကျွန်မတို့ကို များများအလုပ်ခိုင်းပါ။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်မတို့ ပြည်သူလူထုအတွက် ကျွန်မတို့က များများလုပ်နိုင်မှ ဒီကိစ္စတွေကို ထဲထဲဝင်ဝင် ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ အဖွဲ့မှာပဲ ပါဝင်နေပြီး ပါဝင်ဆောင်ရွက်ခွင့်အားနည်းနေမယ်ဆိုရင် ကျွန်မတို့လည်း ကျွန်မတို့ကိုယ် ကျွန်မတို့အပြစ်မကင်းဘူးလို့ ခံစားရတယ်ဆိုတဲ့အကြောင်း လွှတ်တော် ကနေတစ်ဆင့် ကျွန်မ တင်ပြလိုပါတယ်။ ဒါကြောင့်မို့ ကျွန်မအနေနဲ့လည်း ကျွန်မမဲဆန္ဒနယ် အတွက်ရော၊ ကချင်ပြည်နယ်အတွက်ရော၊ ကျွန်မတို့ တစ်နိုင်ငံလုံးအတွက်ပါ ဒီကိစ္စရပ်တွေကို ထဲထဲဝင်ဝင်ဆောင်ရွက်ပေးပါ။ လက်ရှိမတည်ငြိမ်သေးတဲ့ကာလမှာလည်း ဒုက္ခဆင်းရဲရောက်နေတဲ့ ဒေသများမှာ သေသေချာချာ ဘယ်နေရာတွေ ဒုက္ခရောက်နေတယ်ဆိုတာကို အားလုံး ထဲထဲဝင်ဝင် ပြည်သူလူထုနှင့်အတူ လေ့လာပြီးမှ ထိထိရောက်ရောက်ကူညီ ဆောင်ရွက်ပေးပါလို့ တိုက်တွန်း ပြောကြားရင်းနဲ့ ကျွန်မရဲ့ ဆွေးနွေးချက်ကို နိဂုံးချုပ်အပ်ပါတယ်။

ဦးစီခန်ရမ်(ခေါင်လန်ဖူးမဲဆန္ဒနယ်)။        ။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ အထူးဖိတ်ကြားထားသော ကိုယ်စားလှယ်များ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာပါစေကြောင်း ဆုတောင်းမေတ္တာပို့သရင်း ဂါရဝပြုအပ်ပါတယ်။ ပထမအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ၃၈ ရက်မြောက်နေ့တွင် ကချင်ပြည်နယ် ပူတာအိုမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးယော်ဒီဒွေ့ တင်သွင်းခဲ့သော အရေးကြီး အဆိုကို ကချင်ပြည်နယ် ခေါင်လန်ဖူးမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ကျွန်တော် ဦးစီခန်ရမ်မှ ဆွေးနွေးသွားမှာဖြစ်ပါတယ်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ အဆိုရှင် ဦးယော်ဒီဒွေ့ တင်သွင်းခဲ့တဲ့အတိုင်း ကချင်ပြည်နယ်တွင် လက်နက်ကိုင်ပဋိပက္ခများဖြစ်သည်မှာ ၁ နှစ်ကျော် ကြာမြင့်ခဲ့သော်လည်း နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးသည် တိုးတက်မှုမရှိပဲ တဖြည်းဖြည်း ဆုတ်ယုတ်သွားကာ ပြည်သူလူထုနှင့် နိုင်ငံ့ဝန်ထမ်းများ အတွက် လုံခြုံစိတ်ချမှုကင်းဝေးလာသည်ကို တွေ့မြင်ရပါတယ်။ စစ်ပြေးဒုက္ခသည်များလည်း တစ်နေ့တစ်ခြား တိုးပွားများပြားလာပြီး စားဝတ် နေရေး၊ လူမှုရေးဒုက္ခမျိုးစုံ ရင်ဆိုင်ခံစားနေကြသည်ကို စိတ်မချမ်းမွေ့စရာ မြင်ကွင်းများ တွေ့ရပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ကချင်ပြည်နယ် ခေါင်လန်ဖူးမြို့နယ် လဂျာဒေသစစ်ဘေးကြောင့် ထွက်ပြေးတိမ်းရှောင်လာကြသော ဒုက္ခသည်များအခြေအနေကို ဦးစွာတင်ပြလို ပါတယ်။ ခမ်ချေဒန်း ကျေးရွာ ၃၂ အိမ် ပြီးခဲ့တဲ့နှစ် ဇူလိုင်လတွင် မီးရှို့ခံရ၍ အိုးမဲ့အိမ်မဲ့ ခိုကိုးရာမဲ့ဘဝဖြင့် တကွဲတပြားစီ ထွက်ပြေး တိမ်းရှောင်လာကြသော အိမ်ထောင်စု ၃၇ ခု၊  ကျား ၈၇ ဦး၊ မ ၈၁ ဦး၊ စုစုပေါင်း ၁၆၈ ဦး ရှိပါတယ်။ နိန်တန်ဂေါင်ကျေးရွာ ၁၂ အိမ်၊ ကျား ၃၆ ယောက်၊ မ ၃၄ ယောက်၊ ပေါင်း ၇၀ ဦးရှိပါတယ်။ နော်ရာယန်ကျေးရွာ ၁၂ အိမ်၊ အိမ်ထောင်စု ၁၃ ခုမှ ကျား ၃၁ ဦး၊ မ ၂၆ ဦး၊ ပေါင်း ၅၇ ဦးနှင့် ရှကိန်ယန်ကျေးရွာ ၄ အိမ်မှ လူပေါင်း ၂၅ ဦးအပါအဝင် စုစုပေါင်းအိမ်ထောင်စု ၆၆ ခုနှင့် လူဦးရေပေါင်း ၃၂၀ ရှိပြီး ကျောင်းသား လူငယ်များပါဝင်ကြောင်းသိရှိရပါတယ်။ ဖော်ပြပါ ဒုက္ခသည်များမှ မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက် ခရစ်တော်ရဲ့အသင်းတော် (COC) ဘုရားကျောင်းဝင်း ကယ်ဆယ်ရေးစခန်း၌ အိမ်ထောင်စု ၃၁ ခုမှ လူဦးရေ ၁၂၈ ဦးရောက်ရှိခဲ့ပြီး ပူတာအိုနှင့် မချမ်းဘောမြို့နယ်များမှာ အိမ်ထောင်စု ၂၈ ခု၊ လူဦးရေပေါင်း ၁၃၅ ဦးရှိကြောင်း ကျန်တဲ့သူများက ခေါင်လန်ဖူးမြို့နယ်မှာ မှီခိုနေထိုင်ကြကြောင်းတင်ပြအပ်ပါတယ်။ အဆိုပါ စစ်ပြေး ဒုက္ခသည်များ၏ ဆန္ဒသဘောထားတင်ပြချက်ကတော့ နိုင်ငံတော်အစိုးရကတာဝန်ယူ၍ နယ်မြေ လုံခြုံရေး အ‌ခြေအနေကောင်းမွန်စိတ်ချရပါက မိမိတို့ရဲ့နေရပ်ဒေသကို ပြန်လည်နေထိုင်လိုကြောင်း နှင့် အကယ်၍ နယ်မြေလုံခြုံမှုမရှိပါက သားသမီးများရဲ့ပညာရေးအဆင်ပြေနိုင်သော မြစ်ကြီးနားနှင့် ပူတာအိုမြို့နယ်များ၌ နေထိုင်နိုင်ရေးအတွက် နိုင်ငံတော်အစိုးရကစီမံဆောင်ရွက်ပေးနိုင်ရန် ‌တောင်းခံ တင်ပြကြကြောင်း တင်ပြအပ် ပါတယ်။

ဥက္ကဋ္ဌကြီးခင်ဗျား။ စစ်ပြေးဒုက္ခသည်များအချို့က ရွာလုံးကျွတ်မီးရှို့ခံရပြီး ကိုယ်လွတ် ထွက်ပြေးတိမ်းရှောင် လာကြသူများဖြစ်ပါ၍ စားဝတ်နေရေး အစစအရာရာ အ‌ခြေခံကစပြီး ပြန်လည် ထူထောင်ပေးရန်လိုအပ်ကြောင်း ကျန်အိမ်ထောင်စုများအားလုံးသည်လည်းပဲ  ဘဝတူဒုက္ခသည်များ ဖြစ်ကြပါသဖြင့် နိုင်ငံတော်က အထူးအစီအစဉ် များဖြင့် ကူညီစောင့်ရှောက်ပေးနိုင်ရန်တင်ပြ အပ်ပါသည်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ယခုအခါ ပူတာအိုဒေသ နယ်မြေလုံခြံရေးနှင့် နောက်ဆက်တွဲဆိုးကျိုး များကြောင့် မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအိုလမ်း  လမ်းပန်း ဆက်သွယ်ရေးပြတ်တောက်သွား၍ နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူတစ်ရပ်လုံး ကုန်ဈေးနှုန်းကြီးမားမှုဒဏ်ကို ရင်ဆိုင်ခံစားနေရပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့နှစ်စပါးရာသီ၌ ရာသီဥတုဖောက်ပြန်မှုကြောင့် စပါးအထွက်နည်းခဲ့ပြီး ဆန်စပါးဖူလုံမှု မရှိခဲ့ပါ။ ဇွန်လမှစ၍ ဆန်ဈေးတစ်ပြည် ၄၀၀၀ ကျပ်နှုန်းအထိရောက်ရှိခဲ့ပါတယ်။ ပြည်သူလူထုလည်း ဆန်ဝယ်စားရန်အခက်အခဲကြုံခဲ့ရပါတယ်။ အခြေအနေအဖြစ်မှန်ကို အဆင့်ဆင့်တင်ပြချက်အရ နိုင်ငံတော် အကြီးအကဲများက ချက်ချင်း တပ်မတော်လေယာဉ်ချာတာနှင့် မြန်မာ့လေကြောင်းချာတာ တို့ဖြင့် မြစ်ကြီးနားမှ ဆန်အိတ်ပေါင်း ၄၃၇၅ အိပ် အခမဲ့တင်ပို့ပေးကာ မြစ်ကြီးနားဈေးနှုန်းဖြင့် ဇူလိုင်လမှယနေ့ထိ ပူတာအို ၊ မချမ်းဘောနှင့် နောင်မွန်မြို့နယ်များအထိ ဆန်ဖြန့်ဖြူးပေးနိုင်ခဲ့ပါတယ်။ ဒါကြောင့် ပူတာအိုဒေသရှိ နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူလူထုအသက်ဘေးမှ အချိန်မီကယ်ဆယ် ပေးနိုင်ခဲ့သဖြင့် နိုင်ငံတော်အကြီးအကဲများနှင့် အလှူရှင်များအားလုံးအား အထူးကျေးဇူးတင်ရှိ ကြောင်း ပြည်သူလူထုကိုယ်စားတင်ပြအပ်ပါတယ်။ ပူတာအို ဒေသသည် ခေတ်အဆက်ဆက် လေကြောင်းလမ်းကိုသာ အားကိုးအားထား၍ ဆက်သွယ်သွားလာရသဖြင့် သီးခြားကမ္ဘာကဲ့သို့ စီးပွားရေး၊ လူမှုရေး၊ အထူးသဖြင့် ပညာရေး၊ ကျန်းမာရေးနှင့် ဒေသဖွံ့ဖြိုးရေး နောက်ကျကျန်ရစ် ခဲ့သောဒေသတစ်ခုဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ၁၉၆၂ မှ ၁၉၈၈ ထိ ပူတာအိုဒေသရှိ ဝန်ထမ်းနှင့် ပြည်သူများအတွက် စားသောက်ကုန် ဆန်၊ ဆီ၊ ဆား၊ လူသုံးကုန်ပစ္စည်း၊ ဆေးဝါးပစ္စည်းများကို မြစ်ကြီးနားမှ ပူတာအိုထိ ချာတာလေယာဉ်ဖြင့်တင်ပို့ပေးခဲ့ပါတယ်။ ပူတာအိုမှတဆင့် မချမ်းဘော နောင်မွန်နှင့် ခေါင်လန်ဖူးအထိ လူ၊ လား၊ အထမ်းသမားများဖြင့် နိုင်ငံတော်ကအရှုံးခံ၍ ပို့ပေးခဲ့သော ကြောင့် နယ်စပ်ဒေသ နယ်မြေလုံခြုံရေး၊ အုပ်ချုပ်ရေးနှင့်  စီမံခန့်ခွဲရေး ပုံမှန်လည်ပတ်နိုင်ပြီး အဖြူရောင်နယ်မြေအဖြစ် ရပ်တည်နိုင်ခဲ့ကြောင်း တင်ပြအပ် ပါတယ်။ နယ်မြေဒေသရဲ့တည်နေရာ၊ ပထဝီဝင်အနေအထားအရ ပြင်းထန်တဲ့သဘာဝရာသီဥတုဒဏ်များကို  မကြာခဏရင်ဆိုင်နေရသော ဒေသလည်းဖြစ်ပါတယ်။ ၁၉၇၉ ခုနှစ် ခေါင်လန်ဖူး ယခင်ခေါင်ဘူဒဲမြို့နယ် ဇန်ယော့ဒေသတွင် ငှက်ဖျားနှင့် သွေးလွန်တုတ်ကွေးရောဂါကပ်ဆိုးကျရောက်ပြီး မြို့နေလူဦးရေ ၁၂၀၀၀ ကျော်မှ လူပေါင်း ၇၀၀ ကျော်သေဆုံးခဲ့သော ဝမ်းနည်းကြေကွဲဖွယ်ဖြစ်ရပ်ဆိုးကြုံခဲ့ပါတယ်။ ပြည်နယ်ကောင်စီ က အထူးကုဆရာဝန်နှစ်ဖွဲ့ချက်ခြင်းစေလွှတ်ပေး၍ အရေးပေါ်ဆေးဝါးကုသပေးမှုကြောင့် ကပ်ရောဂါ တားဆီးပေး နိုင်ခဲ့ပါတယ်။ တဖန် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နောင်မွန်နှင့် ခေါ်ဘူဒဲမြို့နယ် အကြားရှိ လမ်းတံတားများရေမြောပါသွား၍ အဆက်အသွယ်ပြတ်တောက်ပြီး စက်တင်ဘာလတွင် ဝန်ထမ်းရိက္ခာ ပြတ်လပ်သွားသဖြင့် အဆင့်ဆင့်တင်ပြခဲ့ရာ နိုင်ငံတော်ကအထူးအစီအစဉ်များဖြင့် မြစ်ကြီးနားမှ ပူးမား (PUMA) ရဟတ်ယာဉ်ဖြင့် ဆန် ၁၀ တန်တင်ပို့ပေး၍ ဝန်ထမ်းများအသက် ကယ်ခဲ့ရသောအဖြစ်ကိုလည်း ကိုယ်တိုင်တွေ့ ကြုံခဲ့ပါတယ်။ မည်သို့ပင် အခက်အခဲအတားအဆီးများ ရှိစေကာမူ နိုင်ငံတော်အစိုးရ အကြီးအကဲများရဲ့ မေတ္တာစေတနာကြီးမားမှုကြောင့် ပြည်သူလူထုအတွက် ရောင်ပြန်ဟပ်လျက်ရှိပါတယ်။ နိုင်ငံတော်အစိုးရရဲ့ ကျေးဇူးတရားကြီးမားလှကြောင်းကိုလည်း တင်ပြ လိုပါတယ်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ပူတာအိုဒေသသည် အင်အားကြီးမားသော နိုင်ငံကြီး နှစ်နိုင်ငံအကြားတွင် တည်ရှိပြီး နိုင်ငံတော်လုံခြုံရေးအတွက် အရေးပါသောဒေသလည်းဖြစ်ပါတယ်။ ဒါကြောင့် ဘက်စုံ၊ ကဏ္ဍစုံ၊ ရှုထောင့်စုံမှကြည့်ရှု၍ အဖက်ဖက်က အထူးဦးစားပေးအစီအစဉ်များဖြင့် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး အထူးစီမံချက် ဆောင်ရွက်ပေးနိုင်ရန်လည်း လွှတ်တော်ဥက္ကဋ္ဌကြီးမှတဆင့် ပြည်ထောင်စုအစိုးရထံ ပြည်သူလူထုကိုယ်စား တင်ပြအပ်ပါတယ်။ ပူတာအိုဒေသအတွက် အဓိက လိုအပ်ချက်များကို  ဆက်လက်ပြီးတင်ပြလိုပါတယ်။ အမှတ်စဉ် ၁  မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအို ကားလမ်းသည် ပင်မလမ်းမကြီးဖြစ်ပါ၍ ရာသီမရွေးသွားလာနိုင်အောင် ကွန်ကရစ် သို့မဟုတ် ကတ္တရာလမ်းနှင့် သံဘောင်တံတားများ အခိုင်အမာအဆင့်တိုးမြှင့် တည်ဆောက်ပေး‌ရေး။ အမှတ်စဉ် ၂  ပူတာအိုမှတဆင့် နယ်စပ်မြို့နယ်များဖြစ်သော မချမ်းဘော-နောင်မွန်-ခေါင်လန်ဖူးလမ်းနှင့် နောင်မွန်-ပန်နန်းဒင် မြို့နယ်ခွဲလမ်းများနဲ့ဆက်သွယ်သွားလာနိုင်သော ကားလမ်းအဖြစ်တည်ဆောက်ပေးရန်။ အမှတ်စဉ် ၃ ပူတာအိုဒေသ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံချက်ရေးဆွဲရာတွင် လုံလောက် သော ဘက်ဂျက်ချပေးရန်နိုင်ရန်လည်းတင်ပြလိုပါတယ်။ အမှတ်စဉ် ၄ ဒေသရိက္ခာဖူလုံရေးနှင့် ပြည်သူများ ဝင်ငွေတိုးပွားရေးအတွက် ပူတာအိုနှင့် မချမ်းဘောမြို့နယ်များကိုအ‌ခြေခံ၍ ရက်ပေါင်း ၁၀၀ ကျော်ရှိ အထွက်တိုးမျိုးစပါးများ စိုက်ပျိုးနိုင်ရေးအတွက် တွန်းအားပေးနိုင်ရန်တင်ပြအပ်ပါ တယ်။ အမှတ်စဉ် ၅  ဒေသခံပြည်သူလူထုနှင့် နိုင်ငံတော်ဝင်ငွေရရှိရေးအတွက် ရေခဲတောင်နှင့် ရှေးမူမပျက်တည်ရှိသော သဘာဝ ပတ်ဝန်းကျင် သစ်တောထိန်းသိမ်းရေး၊ ဂေဟစနစ်ထူထောင်ရေး နှင့် ခရီးသွားလုပ်ငန်းများ အကောင်အထည် ဖော်ပေးနိုင်ရန်လည်းတင်ပြလိုပါတယ်။ အမှတ်စဉ် ၆ နယ်‌မြေလုံခြုံရေးအရ မြစ်ကြီးနား၊ ဆွမ်ပရာဘွမ်၊ ပူတာအိုကားလမ်း အဆက်အသွယ်ပြတ်တောက် သွားပါက လေကြောင်းလမ်းကိုသာ အဓိကအ‌ခြေခံရမည်ဖြစ်ပါ၍ ပွင့်လင်းရာသီတွင် ခရီးသွား လုပ်သားပြည်သူများ သွားလာရေးအဆင်‌ွပေစေရန် လေယာဉ်အခေါက်ရေ လိုအပ်သလိုတိုးပေးနိုင် ရေးနှင့် ပူတာအိုဒေသ ဖွံ့ဖြိုးတိုးတက်အောင်တည်ဆောက်ရေးနှင့် လူသုံးကုန် ပစ္စည်းများသယ်ဆောင် နိုင်ရေးအတွက် လေယာဉ်ချာတာများ ကြိုတင်စီမံဆောင်ရွက်နိုင်ရန်လည်း တင်ပြအပ်ပါတယ်။

          အလျဉ်းသင့်၍တင်ပြလိုတာကတော့ လေယာဉ်နှင့် ခရီးသည်များလုံခြုံရေးအတွက်လည်း ကောင်း၊ လေယာဉ်ခရီးသည် ဝန်ထမ်းများနှင့် ပြည်သူလူထု စိတ်ချမ်းသာစွာသွားလာနိုင်ရေးအတွက် လည်းကောင်း၊ လေယာဉ်ခရီးသည်တစ်ဦးချင်းအား ခွင့်ပြုပေါင်ချိန်နှင့် ပေါင်ပိုဆောင်နိုင်ရေးအတွက် စံနစ်တကျကြပ်မတ်ပေးနိုင်ရန် အကယ်၍ တန်ဆာပစ္စည်းတင်ဆောင်ပါက စာရင်းဇယားပြေစာ အထောက်အထားများဖြင့် တိကျစွာ ကြပ်မတ်ပေးနိုင်ရန် အကြံပြုတင်ပြအပ်ပါတယ်။ ဝန်ဆောင်မှုကို ဥပမာအားဖြင့် မြစ်ကြီးနားတွင် ဆန် ၁ အိတ် ကျပ် ၄၀၀၀၀ ၊ စားသောက်ကုန်ပစ္စည်း ၁ ဆွဲ ကျပ် ၁၀၀၀၀ ၊ ဘိလပ်‌မြေ ၁ အိတ်  ကျပ် ၂၀၀၀၀ နှုန်းပေးဆောင်ရခြင်းကြောင့် ပူတာအိုတွင် ဆန်ဈေး   ဆန် ၁  အိတ်  ကျပ် ၇၀၀၀၀ မှ ၈၀၀၀၀ ဈေး၊ ဆီ (၁) ပိဿာ ၇၀၀၀ ဈေး ၊ ဘိလပ်‌မြေတစ်အိတ် ၃၀၀၀၀ မှ ၃၅၀၀၀ ဈေးရောက်ရှိရခြင်းဖြစ်ပါ၍ ပူတာအိုဒေသ ကုန်ဈေးနှုန်းကြီးမားမှုလျှော့ချနိုင်ရေး အတွက် တာဝန်ရှိအဖွဲ့အစည်းများက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးနိုင်ရန် တင်ပြအပ်ပါတယ်။

          ဦးစီခန်ရမ်(ခေါင်လန်ဖူးမဲဆန္ဒနယ်)။        ။ ဥက္ကဋ္ဌကြီးခင်ဗျား။ ယခု ဒီမိုကရေစီခေတ်စနစ် ပြောင်းလဲခဲ့ပါသော်လည်း ကချင်ပြည်နယ်၏ နယ်‌မြေလုံခြုံရေးအ‌ခြေအနေကြောင့် အကျဉ်းသားဘဝ ကဲ့သို့ စားဝတ်နေရေး၊ လူမှုရေး၊ ဒုက္ခပေါင်းစုံရင်ဆိုင်ခံစားနေကြသော စစ်ပြေးဒုက္ခသည်များသည် မိမိတို့နေရပ်သို့မပြန်နိုင်၊ ဘဝရှေ့ရေးအတွက်မရေရာ၊ ကိုယ်ရောစိတ်ပါ ကျန်းမာရေးဝေဒနာမျိုးစုံ ခံစားနေရတဲ့အပြင် မျိုးဆက်သစ် ကလေးများရဲ့ ပညာရေးအခွင့်အလမ်းနစ်နာဆုံးရှုံးခဲ့ရပါတယ်။ နိုင်ငံ့ဝန်ထမ်းများသည်လည်း တာဝန်ကျရာသို့ မရောက်နိုင်၍ စိတ်မချမ်းမြေ့စရာများသာ ခံစားနေရသော ဒုက္ခသည်ဘဝမှလွတ်‌မြောက်နိုင်ရန် နိုင်ငံရေးအမြင်၊ လူမှုရေးအမြင်နှင်‌့ ပြည်သူ့ဘဝ၊ ပြည်သူ့မျက်နှာကိုထောက်ရှုပြီး၊ အမျိုးဂုဏ်၊ နိုင်ငံ့ဂုဏ်သိက္ခာမြင့်မားရေးအတွက် ကမ္ဘာ့ရွာ၌ သိက္ခာရှိရှိအတူတကွပူးပေါင်း၍ ငြိမ်းချမ်းပျော်ရွှင်စွာနေထိုင်ရေးနှင်‌့ ဒီမိုကရေစီစနစ်ရဲ့အနှစ်သာရနှင့် အရသာခံစားနိုင်ရေးအတွက် နှစ်ဖက်သောလက်နက်ကိုင်များနှင်‌့ ငြိမ်းချမ်းရေးဖော်ဆောင်မှု တာဝန်ရှိပုဂ္ဂိုလ်များ၊ ငြိမ်းချမ်းရေးမျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးညှိနှိုင်းကာ အပစ်အခတ်ရပ်စဲပြီး ထာဝရငြိမ်းချမ်းရေး အောင်ပွဲခံနိုင်ရေး အတွက် အထူးဦးစားပေးဆောင်ရွက်ပေးနိုင်ပါရန် ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌကြီးမှတဆင့် ပြည်ထောင်စုလွှတ်တော်နှင့် ပြည်ထောင်စုအစိုးရအားတိုက်တွန်းရင်း အဆိုရှင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးယော်ဒီဒွေ့၏အရေးကြီးအဆိုကို အလေးအနက် ထောက်ခံကြောင်းတင်ပြရင်း  နိဂုံးချုပ်အပ်ပါတယ်ခင်ဗျား။ အားလုံးကို ကျေးဇူးတင်ပါတယ်။ (သြဘာသံများ)

 

ပူတာအိုမြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးယော်ဒီဒွေ၏ ဒေသခံပြည်သူများနှင့် ဝန်ထမ်းများ၊ လုပ်ငန်းရှင်များ၏ အခက်အခဲများကို နိုင်ငံတော်မှ နည်းလမ်းရှာ တာဝန်ယူဆောင် ရွက်ပေးရန် ပြည်ထောင်စုအစိုးရအဖွဲ့အား တိုက်တွန်းကြောင်းအဆိုကို ဆွေးနွေးထောက်ခံခြင်း

          ဦးခမိုင် မုန်ကွမ် (ဆွန်ပရာဘွမ်းမဲဆန္ဒနယ်)။                  ။လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်ကြီးများ ပြည်ထောင်စုဝန်ကြီးများ ဖိတ်ကြားထားသော ဧည့်သည် တော်ကြီးများအားလုံး မင်္ဂလာ အပေါင်းနှင့်ပြည့်စုံပါစေကြောင်း ဦးစားဂါရဝပြု နှုတ်ခွန်းဆက်သအပ်ပါတယ်ခင်ဗျား။

          ကျွန်တော်ကတော့ ဆွန်ပရာဘွမ်းမြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခမိုင် မုန်ကွမ် (ခေါ်) ဒူဝါခမိုင်တန် ဖြစ်တယ်ခင်ဗျား။ ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်ကြီးများခင်ဗျား။ ကျွန်တော်ဆွေးနွေးထောက်ခံလိုသော ကဏ္ဍများမှာ ပူတာအိုမြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးယော်ဒီဒွေ၏ ကချင်ပြည်နယ်အတွင်းရှိ စစ်ကြောင့်ရှောင် တိမ်းနေသော ပြည်သူများနှင့် ချီဖွေဆော့လော် ပူတာအိုခရိုင်အတွင်းရှိ ဝန်ထမ်းများ၊ လုပ်ငန်း ရှင်ပြည်သူများ၊ ပြည်သူများ၊ စစ်ပဋိပက္ခကြောင့်လမ်းပမ်းဆက်သွယ်မှု ပြတ်တောက်၍ စားနပ်ရိက္ခာ ခက်ခဲ မှုများ၊ နိုင်ငံတော်မှ တာဝန်ယူနည်းလမ်းရှာ ‌ဖြေရှင်းပေးရေးအတွက် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအရေးကြီးအဆိုအဖြစ် တိုက်တွန်းမှုကို ဆွေးနွေးထောက်ခံသွားမှာ ဖြစ်ပါ တယ်ခင်ဗျား။

          ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကြီးများခင်ဗျား။ ကျွန်တော်တို့ ဆွမ်းပ ရာဘွမ်မြို့နယ်မှာ ပူတာအိုခရိုင်တွင်ပါဝင်ပြီး မြစ်ကြီးနားမှပူတာအို ဆက်သွယ်ရေးကားလမ်း မပေါ်မှာ တည်ရှိပြီး နှစ်ဖက်အကွာအဝေးမှာ မြစ်ကြီးနားမှ ဆွမ်းပရာဘွမ်မှ (၁၃၁) မိုင် ၊ ပူတာအို မှ ဆွမ်းပရာဘွမ် (၈၆) မိုင်တွင် တည်ရှိရာ ပြည်ထောင်စုတပ်မတော်သားများနှင့် ကချင်အမျိုးသား တပ်များ ပဋိပက္ခစစ်ဖြစ်ပွားမှုကြောင့် လမ်းတံတားများအားလုံး ပျက်စီးသွား သဖြင့် ဒေသခံပြည်သူများအနေဖြင့် ကားလမ်းမကြီးရှိသော်လည်း သွားလာလို့မရသော ကား လမ်းမကြီးဖြစ်တဲ့အတွက် ဒေသခံပြည်သူများနှင့် ဝန်ထမ်းများ ၊ ကျောင်းသူ/ ကျောင်းသားများ လုပ်ငန်းရှင်ပြည်သူများ ဆက်သွယ်သွားလာမှု ခက်ခဲခြင်း၊ စားနပ်ရိက္ခာပြတ်တောက်မှုခြင်းနှင့် ဘက်စုံကဏ္ဍစုံအနေဖြင့် ဒေသခံပြည်သူများ အခက်အခဲ‌ွမောက်မြားစွာဖြင့် တွေ့ကြုံလျှက် ရှိသည်မှာ တစ်နှစ်ကျော်လာသော်လည်း ပြည်သူ့ရဲ့လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက် ပေးခြင်းမရှိတာကို ပြည်သူလူထုက ထောက်ပြလျှက်ရှိပါတယ်ခင်ဗျား။ ဒေသခံပြည်သူများ၏ လိုအပ်ချက်မှာ ငြိမ်းချမ်းရေးရရှိရေးကို အဓိကလိုအပ်ချက်ဖြစ်ကြောင်းကိုလည်း တင်ပြလို ပါတယ်ခင်ဗျား။ နိုင်ငံတော်သမ္မတကြီးနှင့် ပြည်ထောင်စု အစိုးရအဖွဲ့ငြိမ်းချမ်းရေးကော်မတီမှ ငြိမ်းချမ်းရေးရရှိ ရေးအတွက် ကြိုးပမ်းဆောင်ရွက်မှုအားလုံးကိုလည်း ပြည်သူကအသိအမှတ်ပြု မျှော်ကိုးလျှက် ရှိပါသဖြင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့နှင့် ကချင်အမျိုးသား အဖွဲ့အစည်းဖြစ်သော K.I.O/ K.I.A ခေါင်းဆောင်ကြီးများအနေဖြင့် ပြည်သူ လူထုကို ထောက်ထား ညှာတာသောအားဖြင့် လိုလားချက် လိုအပ်ချက်များကို ပွင့်ပွင့်လင်းလင်း နှစ်ဦးနှစ်ဖက် ဆွေးနွေးအ‌ဖြေရှာပြီး တာဝန်ပေးမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုများကို ချစ်ခင် ရင်းနှီးစွာ ပူးပေါင်းတည်ဆောက်၍ ရေရှည်တည်တံ့ခိုြင်မဲသော ငြိမ်းချမ်းရေးကို ဝိုင်းဝန်းတည် ဆောက်ပေးပါရန် ဤလွှတ်တော်မှတဆင့် ပြည်သူလူထု၏ ကိုယ်စား တိုက်တွန်းတောင်းခံရင်း ပူတာအိုမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးယော်ဒီဒွေ၏ အရေးကြီးအဆိုကို ကျွန်တော်ဆွမ်းပရာဘွမ် မြို့နယ်မှပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခမိုင်မုန်ကွမ် (ခေါ်) ဒူဝါခမိုင်တန်မှ လေးနက်စွာ တောင်းခံထောက်ခံရင်း နိဂုံးချုပ်အပ်ပါတယ်ခင်ဗျား။

          ဦးဇောင်းခေါင်(ဆော့လော်မဲဆန္ဒနယ်)။    ။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေလို့ ဆုတောင်းမေတ္တာပို့သ ဂါရဝပြုအပ်ပါတယ်။ ကျွန်တော်ကတော့ ကချင်ပြည်နယ်၊ ဆော့လော်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဇောင်းခေါင် ဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော့်အနေနဲ့ ကချင်ပြည်နယ်၊ ပူတာအိုမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးယော်ဒီဒွေ့ တင်သွင်းတဲ့ အဆိုကို လေးလေးနက်နက် ထောက်ခံဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

          ဥက္ကဋ္ဌကြီးခင်ဗျား။ ၁၉၈၈ ခုနှစ် မတိုင်မီအချိန်အထိ ကျွန်တော်တို့ ဒေသဟာ ပြည်တွင်း သောင်းကျန်းသူ လက်နက်ကိုင်ပဋိပက္ခကြောင့် နယ်မြေအေးချမ်းသာယာမှုမရှိခဲ့သောကြောင့် ဖွံ့ဖြိုး တိုးတက်မှု နောက်ကျကျန်ခဲ့သော ဒေသတစ်ခုဖြစ်ပါတယ်။ ၁၉၈၈ ခုနှစ် နောက်ပိုင်း တပ်မတော် အစိုးရ တက်လာပြီးတဲ့ အချိန်ကစပြီး လက်နက်ကိုင်တိုက်ခိုက်မှုလမ်းစဉ်ကို စွန့်လွှတ်ပြီး ငြိမ်းချမ်းရေး သဘောတူညီမှုရယူကာ ဒေသအတွင်း တည်ငြိမ်အေးချမ်းမှုရပြီးနောက် အချိန်မှစ၍ ချီဖွေ၊ ဆော့လော် မြို့နယ်ရှိ တိုင်းရင်းသားပြည်သူ လူထုများဟာ မိမိတို့ဒေသနှင့် အခြားသော မြို့နယ်ရှိ ဒေသအသီးသီး သို့ ကူးလူးဆက်ဆံ ရောင်းဝယ်ဖောက်ကားသွားလာလုပ်ကိုင်စားသောက်ကြပြီး စိတ်ချမ်းမြေ့စွာ နေထိုင်ခဲ့ကြပါတယ်။ သို့ပါသော်လည်း ၉-၆-၂၀၁၂ ရက်နေ့ကစတင်ပြီး နောက်ပိုင်းတွင် ကချင်ပြည်နယ်၏ နေရာဒေသအချို့များမှာ လက်နက်ကိုင် ပဋိပက္ခများ ပြန်လည်စတင်လာကြပြီး တည်ငြိမ်အေးချမ်းမှုနှင့် လမ်းပန်းဆက်သွယ်ရေးကဏ္ဍတစ်ဖန် ပြန်လည် ပျက်ပြားခက်ခဲလာခဲ့ရ ပါတယ်။ မိမိတို့ဒေသသို့ လက်နက်ကိုင်အဖွဲ့အစည်းဖြစ်သော KIA အဖွဲ့နှင့် ပူးပေါင်း မဟာမိတ်အဖွဲ့ ငယ်များသည် ၂၆-၄-၂၀၁၂ ရက်နေ့က စတင်ပြီး ချီဖွေမှ ဆော့လော်သို့ အထက်လမ်းနေရာကစပြီး တရုတ်နယ်စပ်အထိ တပ်အင်အားဖြန့်ချ မိုင်းထောင်ပိတ်ဆို့ထားခဲ့သောကြောင့် ချီဖွေ-ဆော့လော်လမ်း သည် လုံးဝပြတ်တောက်သွားခဲ့သောကြောင့် အဆက်အသွယ်အသွားအလာ လုံးဝမရတော့ပါ။ ယခု တိုင် ၆ လကြာသွားပြီဖြစ်ပါတယ်။ ဒါကြောင့် ဆော့လော်မြို့နယ်အတွင်းသို့ စားသောက်ကုန်များနှင့် လူသုံးကုန်ပစ္စည်းများ သယ်ယူပို့ဆောင် ရောင်းဝယ်ဖောက်ကား၍ မရနိုင်တော့တာ ယနေ့အထိ ဖြစ်ပါ တယ်။ ချီဖွေမြို့နယ်အတွင်း အချို့ကျေးရွာအုပ်စုများမှ ပြည်သူလူထုများသည် မိမိတို့ရဲ့ နေရပ်ကို စွန့်ခွာပြီး ချီဖွေဒုက္ခသည်စခန်းတွင် ဒုက္ခသည်အဖြစ် နေထိုင်လျက်ရှိကြပါတယ်။ မြစ်ကြီးနား-ချီဖွေ လမ်း၊ ချီဖွေ-ပန်ဝါလမ်းဟာလည်း လမ်းတံတားပေါင်းများစွာ မိုင်းခွဲဖျက်ဆီးခံရ၍ ကားအသွားအလာ မရှိပါတော့သဖြင့် ကုန်စည်ပို့ဆောင်စီးဆင်းမှု မရှိပါသောကြောင့် ချီဖွေမြို့တွင် ကုန်စည် အစားအသောက်၊ အသုံးအဆောင်ပစ္စည်းများ ရှားပါးခဲ့ရပါတယ်။ ကားများသွားလာ၍ မရနိုင်တော့ဘဲ ပြည်သူလူထုများနှင့် ဝန်ထမ်းများသည် ခက်ခဲစွာ ဆိုက်ကယ်ဖြင့် မြစ်ကြီးနားသို့ သွားလာနေရပါ တယ်။ ထိုနည်းတူ ဆော့လော်မြို့နယ်မှ ပြည်သူများ၊ ကျောင်းသားများနှင့် ဝန်ထမ်းများသည် မြစ်ကြီးနား နှင့် အောက်ပိုင်းကို လာမည်ဆိုပါက တရုတ်ပြည်ထဲသို့ ဝင်ရောက်ပြီး တရုတ်ပြည်ထဲမှ တစ်ဆင့်  ကန်ပိုက်တီ-ဝိုင်းမော်-မြစ်ကြီးနားသို့ လာရောက်ရသဖြင့် အချိန်ကုန်ငွေကြေးကုန်ကျမှုများစွာ ဖြင့် သွားလာနေရပါတယ်။ မြို့နယ်ရှိ ဒေသခံပြည်သူများဟာ မိမိတို့လိုအပ်သော စားသုံးကုန် ပစ္စည်း များကို တရုတ်နယ်စပ်သို့သွားရောက်၍ ဝယ်ယူပြီး လမ်းခရီးကြမ်းတမ်းစွာဖြင့် ဆိုက်ကယ်ဖြင့် လည်းကောင်း၊ လူဖြင့်လည်းကောင်း ခက်ခဲပင်ပန်းစွာ သယ်ယူကာ ခြိုးခြံချွေတာသုံးစွဲနေကြတာကို နေ့စဉ်နှင့်အမျှ ကြားသိနေရပါသဖြင့် စိတ်မကောင်း ဖြစ်မိပါတယ်။ ကုန်စည်စီးဆင်းမှု မြန်ဆန်မှု မရှိ တော့၍လည်းကောင်း၊ ဆိုက်ကယ်၊ လူနှင့်ထမ်းပိုးသယ်ယူမျှဝေရောင်းချနေကြရသဖြင့် ကုန်စည် ဈေးနှုန်းကြီးမြင့်မှုဒဏ်ကို ခံစားနေရပါတယ်။ ဒါတင်မကသေးပါဘူး။ အချို့ဆင်းရဲသားများဟာ မိမိတို့ ရဲ့ စားသောက်ဖွယ်ရာများနှင့် ကလေးများ၏ ကျောင်းသုံးပစ္စည်းများကိုပင် ဝယ်ယူ၍ မရနိုင်သည်ကို တွေ့ရပါတယ်။ မိမိမြို့နယ်အတွင်း ဒုက္ခသည်စခန်းဟူ၍ သီးခြားနေရာသတ်မှတ်ထားခြင်း မရှိသော် လည်း လမ်းခရီးမပေါက် ခက်ခဲကြမ်းတမ်းသောကြောင့် မိမိတို့ ရပ်ရွာနေအိမ်တွင်ပင် ဒုက္ခသည် အသွင်ဖြင့် နေထိုင်ကြရပါတယ်။ ချီဖွေ-ဆော့လော်လမ်း အမြန်ပြန်လည်ပေါက်ရေးနှင့် ဖျက်ဆီးခံရ သော ချီဖွေ-ဝိုင်းမော် လမ်းတံတားများ အမြန်ပြန်လည် တည်ဆောက်ပေးရန် အထူးတင်ပြလိုပါတယ်။

          ဥက္ကဋ္ဌကြီးခင်ဗျား။ ချီဖွေမြို့နယ်ရှိ ကျေးရွာအချို့များမှ ပြည်သူလူထုများဟာ မိမိတို့ ကျေးရွာ တွင် စစ်ဘေးကြုံတွေ့ရသဖြင့် ချီဖွေမြို့ပေါ်သို့ ဒုက္ခသည် ၄၀၀ ခန့်လည်းကောင်း၊ ပန်ဝါမြို့နယ်ခွဲရှိ ကျေးရွာအချို့များမှ စစ်ဘေးဒုက္ခသည်များ ပန်ဝါဒုက္ခသည်စခန်းသို့ ၁၀၀၀ ခန့်လည်းကောင်း၊ ဂန့်ဂွင်းနယ်ခြားစောင့်တပ်သို့ ဒုက္ခသည်အဖြစ် အင်အား ၄၀၀ ခန့်ရှိ နေကြပါတယ်။ အချို့ဟာ တရုတ်ပြည်ထဲသို့ ဝင်ရောက်တိမ်းရှောင်လျက်ရှိကြောင်း သိရပါတယ်။ ဒုက္ခသည်များဟာ မိမိတို့ရဲ့ အိုးအိမ်စားသောက်ဖွယ်ရာများကို ပစ်၍ ရှောင်တိမ်းထွက်ပြေးခဲ့ရသူများဖြစ်၍ ဒုက္ခသည်စခန်းတွင် နေရာထိုင်ခင်း၊ အမိုးအကာ၊ အသုံးအဆောင်နှင့် အဝတ်အစား၊ စားသောက်ဖွယ်ရာများကို ပံ့ပိုးကူညီ ပေးနိုင်ရန်အတွက် လူသားချင်းစာနာ ထောက်ထားသောအားဖြင့် NGO အဖွဲ့အစည်းများ၊ ဘာသာ ရေး၊ လူမှုရေးအသင်းအဖွဲ့များ၊ လူပုဂ္ဂိုလ်များ၊ ဒေသအာဏာပိုင်အဖွဲ့အစည်းများမှ ဝိုင်းဝန်းလှူဒါန်း ကြ၍သာ နေ့စဉ်စားဝတ်နေရေး ဖြေရှင်းပေးနေရကြောင်း ကြားသိရပါတယ်။ အဆိုပါဒုက္ခသည်များ ကို ရေရှည်တာဝန်ယူ၍ စားဝတ်နေရေးဖြေရှင်းပေးရန်မှာ လွယ်ကူတဲ့အလုပ်မဟုတ်ပါ။ NGO အဖွဲ့အစည်းများနှင့် ဒေသအာဏာပိုင်များ၊ လူပုဂ္ဂိုလ်အဖွဲ့အစည်းများအနေဖြင့်  ဒုက္ခသည်များနှင့် ပြည်သူများအား စားဝတ်နေရေး ကူညီဖြေရှင်းပေးရန် မနိုင်မနင်းအခက်အခဲဖြစ်လာရသဖြင့် နိုင်ငံတော်အစိုးရမှ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခကြောင့် ဒုက္ခရောက်နေကြသော ဒေသမြို့နယ်၊ ကျေးရွာအုပ်စုများနှင့် ဒုက္ခသည်စခန်းများကို ကူညီထောက်ပံ့နိုင်ရန် ရန်ပုံငွေ ဘတ်ဂျက်တစ်ရပ် ထူထောင်၍ အစီအမံများ ချမှတ်ပေးရန် လိုအပ်လျက်ရှိပါတယ်။ လေယာဉ်ကွင်းရှိသော ဒေသသို့ လေကြောင်းမှ ကူညီထောက်ပံ့သယ်ယူပေးနေသလို ချီဖွေ၊ ဆော့လော်ဒေသသို့လည်း ရဟတ်ယာဉ် များဖြင့် ဆန်၊ ရိက္ခာစားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ပေးမည်ဆိုပါက အထူးကျေးဇူးတင် လက်ခံကြိုဆိုရမည်ဖြစ်ကြောင်း ဒေသခံတိုင်းရင်းသားများရဲ့ကိုယ်စား အထူး တင်ပြလိုပါတယ်။ ဒေသရှိ ပြည်သူများဟာ အလုပ်လက်မဲ့ အလုပ်အကိုင်ပျက်နေကြပြီး မိမိတို့ရဲ့ စားဝတ်နေရေးကို ပင်ပန်းခက်ခဲစွာ ဖြေရှင်းနေထိုင်လျက်ရှိနေကြပါတယ်။

          ဥက္ကဋ္ဌကြီးခင်ဗျား။ ဥက္ကဋ္ဌကြီးရဲ့  စီစဉ်ပေးမှုအရ အစိုးရ ရဟတ်ယာဉ်ဖြင့် ဆော့လော်မြို့သို့ ဝန်ထမ်းများ ပို့ဆောင်ပေးခဲ့ပါသောကြောင့် အထူးကျေးဇူးတင်ရှိပါတယ်။ စီးပွားရေးလုပ်သူ အနည်းစု များ၏ လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုကို အကြောင်းပြ၍ ဈေးကစားသောကြောင့် ကုန်ဈေးနှုန်း ကြီးမြင့်မှုဒဏ်ကို ခံနေရပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်လျက်ရှိပါတယ်။ ကျန်းမာရေး ဝန်ထမ်းများအား တာဝန်ကျရာဒေသအသီးသီးသို့ ပြန်လည်စေလွှတ် တာဝန်ထမ်းဆောင်ရန် တိုက်တွန်းဖို့ လိုအပ်လျက်ရှိပါတယ်။ ချီဖွေ၊ ဆော့လော်မြို့နယ်မှ ဌာနဆိုင်ရာဝန်ထမ်းအချို့နှင့် ကျန်းမာရေးဝန်ထမ်း အများစုများဟာ မိမိတို့ တာဝန်ကျရာ ဌာန၊ ဒေသ၊ ဆေးရုံ၊ ဆေးပေးခန်း ကျေးလက်ကျန်းမာရေးဌာနမှ စွန့်ခွာထွက်ပြေးပြီး မြစ်ကြီးနားမြို့သို့ တိမ်းရှောင်နေထိုင်လျက်ရှိကြပါ တယ်။ ဒေသခံများဟာ ဒုက္ခသည်များ ဖျားနာမှုနှင့် ရင်ဆိုင်ပါက ဆေးဝါးကုသပေးရန် လိုအပ်လျက် ရှိပါတယ်။ မိမိတို့ တာဝန်ကျရာဒေသသို့ ပြန်လည်ထမ်းဆောင်စေရန် သက်ဆိုင်ရာအထက်ဌာန အဆင့်ဆင့်မှ တိုက်တွန်းနှိုးဆော်ပေးရန် တင်ပြလိုပါတယ်။ အဆင်ပြေသော နည်းလမ်းကို အသုံးပြု၍ ပြန်လည်ပို့ဆောင်ပေးရန် အထူးမေတ္တာရပ်ခံလိုပါတယ်။

          ဥက္ကဋ္ဌကြီးခင်ဗျား။ ချီဖွေမြို့နယ်တွင် မေခမြစ်ရိုးတစ်လျောက် ရေအားလျှပ်စစ်စီမံကိန်းများ အကောင်အထည်ဖော်လျက်ရှိနေကြပါတယ်။ ထိုသို့ အကောင်အထည်ဖော်နေသော လုပ်ငန်းခွင် မြေဧရိယာများတွင် ဒေသခံများ၏ တစ်နိုင်တစ်ပိုင်လုပ်ကိုင်စားသောက် စီးပွားဖြစ် ဝင်ငွေရရှိကြသော လယ်ယာမြေနှင့် ဥယျာဉ်ခြံနှစ်ရှည်သီးနှံပင်များ ဖျက်ဆီးခံခဲ့ကြရပါတယ်။ ဒေသခံများရဲ့ နစ်နာဆုံးရှုံး ခဲ့သောကြောင့် လျော်ကြေးငွေပေးနိုင်ရန်အတွက် သက်ဆိုင်ရာဌာနဆိုင်ရာ အစိုးရများနှင့် တရုတ် နိုင်ငံရေအားလျှပ်စစ်ကုမ္ပဏီ၊ လမ်းဖောက်လုပ်ရေးကုမ္ပဏီများမှ စိစစ်ဆောင်ရွက်ပေးလျက်ရှိပါတယ်။ အချို့အနည်းငယ်သော အိမ်ထောင်စုများ ဟာ လျော်ကြေးငွေများရရှိကြပြီး အများစုမှာ မရရှိသေးကြ ပါ။ လျော်ကြေးငွေသာ ရရှိခဲ့သော် ယခုလိုကာလအတွင်း စားဝတ်နေရေးအဆင်ပြေကြမည် ဖြစ်ပါတယ်။ သို့သော် လျော်ကြေးငွေပေးမည့် ကာလဆဲဆဲမှာ မငြိမ်မသက်လက်နက်ကိုင်ပဋိပက္ခ တိုက်ပွဲများဖြစ်ပွားလာသောကြောင့် တရုတ်ကုမ္ပဏီများမှ တာဝန်ရှိသူများနှင့် အလုပ်သမားများဟာ လုပ်ငန်းခွင်စွန့်ပစ်၍ မိမိတို့ နေရပ်နိုင်ငံသို့ ထွက်ပြေးသွားကြပါတယ်။ ဒါကြောင့် ဒေသခံ လုပ်ငန်း ကိုင်ခန်းပျက်နေကြပြီး နစ်နာလျော်ကြေးမရှိတော့တာကို တွေ့ရပါတယ်။ ဒေသခံများအနေဖြင့် မိမိတို့ဒေသ တည်ငြိမ်အေးချမ်းမှုပြန်လည်ရရှိ၍ တရုတ်ကုမ္ပဏီများ ပြန်လည်ဝင် ရောက်လာမှသာ လျှင် လျော်ကြေးငွေပြန်လည်ရရှိမည်ဖြစ်သောကြောင့် တည်ငြိမ်အေးချမ်းမှုကို လိုလားလျက်ရှိပါတယ်။ လျော်ကြေးငွေများ ပြန်လည်ရရှိရေးအတွက် သက်ဆိုင်ရာ အစိုးရဌာနဆိုင်ရာများနှင့် တရုတ်ကုမ္ပဏီ များတို့ ညှိနှိုင်းဆောင်ရွက်ပေးနိုင်ကြပါရန် ပြည်သူလူထုများရဲ့ ကိုယ်စား တင်ပြလိုပါတယ်။

          ဥက္ကဋ္ဌကြီးခင်ဗျား။ နိဂုံးချုပ်အနေဖြင့် တင်ပြရမည်ဆိုလျှင် ပြည်သူလူထုများ လိုအပ်လျက်ရှိ သည်မှာ ဒေသတည်ငြိမ်အေးချမ်းမှု ရရှိစေရန်အတွက် နှစ်ဖက်တွေ့ဆုံညှိနှိုင်းအဖြေရှာတဲ့ နည်းလမ်း ဖြင့်သာ တည်ငြိမ်အေးချမ်းမှုရနိုင်မည်ဟု ယုံကြည်လျက်ရှိပါတယ်။ ရေရှည်ဆက်လက်ဖြစ်ပွားနေပါက ဒေသခံများ အထူးနစ်နာဆုံးရှုံးမှုများစွာနှင့် ကြုံတွေ့နိုင်ပါတယ်။ တည်ငြိမ်အေးချမ်းနေမှ ပြည်ပနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများလည်း ပြန်လည်ဝင်ရောက်လာမည် ဖြစ်ပါတယ်။ ပြည်သူလူထုများလည်း အလုပ် အကိုင်ရရှိကြမည်ဖြစ်ပြီး မိမိတို့ရဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ တိုးတက်ဖွံ့ဖြိုးလာကြမည် ဖြစ်ပါတယ်။ မိမိတို့ မိသားစုလူမှုဘဝ ဖွံ့ဖြိုးတိုးတက်မှု၊ ရပ်ရွာအကျိုး၊ နိုင်ငံတော်အကျိုးကို ပါဝင် ထမ်းဆောင်နိုင်မည့်အပြင် ဒီမိုကရေစီစနစ်ကိုလည်း ပီပီပြင်ပြင် ဖော်ဆောင်သွားနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် လက်ရှိအချိန် လက်နက်ကိုင်ပဋိပက္ခကြောင့် ငြိမ်းချမ်းမှုမရှိ ဒုက္ခရောက်နေသော ကာလ အတွင်း ထိုဒေသတွင် နေထိုင်ကြသော တိုင်းရင်းသားများနှင့် ဒုက္ခသည်များအတွက် စားဝတ်နေရေး၊ ဘဝလုံခြုံချောမွေ့ရေးအတွက် နိုင်ငံတော်အစိုးရမှ ရန်ပုံငွေ ဘတ်ဂျက်တစ်ရပ်တည်ထောင်၍ ပံ့ပိုး ကူညီမှုပြုသွားရန် လိုအပ်လျက်ရှိပါတယ်။ စစ်ပွဲများ ရပ်စဲသွားပြီး တည်ငြိမ်အေးချမ်းမှုပြန်လည်ရရှိ လာသော အချိန်တွင် လတ်တလောပြန်လည်ထူထောင်ရေး လုပ်ငန်းများ ချက်ချင်းဆောင်ရွက်နိုင်ရန် အတွက် ရန်ပုံငွေထူထောင်၍ အဘက်ဘက်တွင် ကူညီဆောင်ရွက်ပေးသွားရန် လိုအပ်ပါကြောင်း တင်ပြရင်း ပူတာအိုမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးယော်ဒီဒွေ့ အဆိုကို လေးလေး နက်နက် ထောက်ခံတင်ပြရင်း နိဂုံးချုပ်အပ်ပါတယ်ခင်ဗျား။

          ဗိုလ်မှူးကြီးမြင့်ဟန်(တပ်မတော်သားကိုယ်စားလှယ်)။                 ။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တော် များ၊ ဧည့်သည်တော်များခင်ဗျား။ မင်္ဂလာပါခင်ဗျား။ ကျွန်တော်ကတော့ တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ် ဦးမြင်‌့ဟန်ဖြစ်ပါတယ်။ ပထမအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန် အစည်အဝေး ၃၈ ရက်မြောက်နေ့မှာ ပူတာအိုမဲဆန္ဒနယ်က ကိုယ်စားလှယ်တော်ကြီး ဦးယော်ဒီဒွေ့ တင်သွင်းခဲ့တဲ့ အ‌ရေးကြီးအဆိုနဲ့ပတ်သက်လို့ ပါဝင်ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီး ခင်ဗျား။ ကိုယ်စားလှယ်တော်ကြီးရဲ့ အဆိုမှာပါဝင်တဲ့ ဖြစ်ပျက်မှုများရဲ့ အရင်းခံဟာ ကိုလိုနီနယ်ချဲ့ရဲ့ နက်ရှိုင်းစွာ စီမံထားခဲ့တဲ့ သွေးခွဲအုပ်ချုပ်မှုမှ အမြစ်တွယ်ခဲ့ပြီး မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိချိန်မှစပြီး ဖြစ်ပေါ်လာတဲ့အချိန်ကာလရှည်ကြာစွာ ဖြစ်ပွားခဲ့တဲ့ ကိစ္စများဖြစ်ပါတယ်။ ဒါကြောင့် တစ်ဖက်နဲ့ တစ်ဖက် သံသယများကင်းစင်သွားအောင် ကြိုးစားသွားရမှာဖြစ်ပါတယ်။ ဒီလို ကြိုးစားရာမှာ တပ်မတော်အကြီးအကဲများအနေနဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးဗဟိုကော်မတီနဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီများမှ ပါဝင်ပြီးတော့ တပ်မတော်ကို ခေါင်းဆောင်ပြီး စနစ်တကျကျိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။ ထိုသို့ ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းဆောင်ရွက်မှုများကြောင့် ယခုအခါမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၁ ဖွဲ့အနက် ၁၀ ဖွဲ့နဲ့ ထိတွေ့ဆက်ဆံမှုရှိပြီး သဘောတူညီချက်အချို့ ရရှိထားပြီးဖြစ်ပါတယ်။ ဒါဟာ နိုင်ငံတော်နဲ့ တပ်မတော်ရဲ့ စစ်မှန်တဲ့စေတနာနဲ့ ပြရုပ်ပဲဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ လက်ရှိအချိန်မှာ KIA နဲ့ အလုပ်သဘောတွေ့ဆုံမှု၊ ပြည်နယ်အဆင့် တွေ့ဆုံဆွေးနွေးမှု၊ ပြည်ထောင်စုအဆင့် တွေ့ဆုံ ဆွေးနွေးမှုများ တွေ့ဆုံဆွေးနွေးခဲ့ပြီး ဖြစ်သော်လည်း အပြစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး သဘောတူညီချက် လက်မှတ်ရေးထိုးနိုင်ခဲ့ခြင်း မရှိသေးပေမယ့် ငြိမ်းချမ်းရေးအတွက် စေတနာ ကောင်းများနဲ့ စိတ်ရှည်စွာ ဆက်လက်ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။ နှစ်ဖက်တပ်များ အပြစ် အခတ်ရပ်စဲမှသာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ဆောင်ရွက်နိုင်မယ့်အပြင် ထောက်ပံ့ကူညီရေးလုပ်ငန်း များကိုလည်း ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတော်သမ္မတကြီးက ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရာမှာ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်မှာ လုပ်ငန်းတာဝန် ၅ ရပ်နဲ့ ပြည်ထောင်စုအဆင့်မှာ လုပ်ငန်းတာဝန် ၈ ရပ်ကို မူဝါဒအဖြစ် ချမှတ်ပေးထားပါတယ်။ တိုင်းဒေသကြီး နဲ့ပြည်နယ်အဆင့် ဆွေးနွေးခြင်း လုပ်ငန်းတာဝန် ၅ ရပ်မှာ   အပစ်အခတ်ရပ်စဲရေး၊ သတ်မှတ်နေရာမှာ နေထိုင်ရေး၊ သတ်မှတ်နေရာမှ အခြားနေရာသို့ လက်နက်ဖြင့် သွားလာမှု မပြုလုပ်ရေး၊ ဆက်ဆံရေး ရုံးများထားရှိပြီး ဆောင်ရွက်ရေးနဲ့ပြည်ထောင်စုအဆင့် ဆွေးနွေးဖို့ အတွက် အဖွဲ့ဖွဲ့ပြီး ဆွေးနွေးမယ့် အချိန်၊ ဆွေးနွေးမယ့်နေရာ၊ ညှိနှိုင်းကြရေးတို့ ဖြစ်ပါတယ်။ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် ဆွေးနွေးခြင်းအဆင့် လုပ်ငန်းတာဝန် ၅ ရပ်ကို ညှိနှိုင်းဆောင်ရွက်နိုင်လျှင်ပင် ကချင်ပြည်နယ်အတွင်း မြို့ရွာလမ်းပန်းများ လုံခြုံစွာ ကချင်ပြည်နယ်အတွင်း တည်ငြိမ်မှု ရှိစေပြီးတော့မှ ဒေသခံတိုင်းရင်းသား များရဲ့ ကိုယ်ပိုင်ဝမ်းစာရှာဖွေရေးလုပ်ငန်းများ၊ ပြည်နယ်အတွင်း တာဝန်ထမ်းဆောင်နေတဲ့ နိုင်ငံ့ဝန်ထမ်းများရဲ့ လုပ်ငန်းများ အဲဒီလိုပဲ ပုဂ္ဂလိက လုပ်ငန်းများဟာလည်းပဲ သူတို့ရဲ့ လုပ်ငန်း များကို ကောင်းမွန်စွာ လုပ်ဆောင်နိုင်ကြမှာဖြစ်ပါတယ်။ ဒါကြောင့် ကချင်ပြည်နယ်အတွင်းမှာ အပြစ်အခတ်ရပ်စဲရေးကို ပြည်နယ်အဆင့်မှာ ပထမဦးဆုံး ကျိုးစားလုပ်ဆောင်ရခြင်း ဖြစ်ပါတယ်။ ဒါကိုလည်း ကြိုးစားဆောင်ရွက်ဆဲဖြစ်ပါတယ်ခင်ဗျား။ သံသယများကင်းစင်သွားဖို့ အတွက် တိုင်းဒေသကြီးနဲ့ ပြည်နယ်အဆင့်မှသည် ပြည်ထောင်စုလွှတ်တော်အဆင့် ဆွေးနွေးမှု များဖြင့် ဆောင်ရွက်သွားကြရင် တစ်ဖက်နှင့်တစ်ဖက် ယုံကြည်မှုများ ပိုမိုခိုင်မြဲစွာ သံသယများ ကင်းစင်သွားမှာ ဖြစ်ပါတယ်။ တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန်နားလည်ယုံကြည်မှုတိုးပွားအောင် ပူးပေါင်း ဆောင်ရွက်ပြီး ကြိုးပမ်းဆောင်ရွက်ကြမှာဖြစ်ပါတယ်။ လတ်တလောလမ်းပန်းဆက်သွယ်ရေး ပျက်တောက်နေမှု မတည်ငြိမ်မှုများကြောင့် ပူတာအိုဒေသအတွက် စားနပ်ရိက္ခာကို မြန်မာ့လေကြောင်းမှ လေယာဉ်များဖြင့် ပို့ဆောင်ပေးနေသလို ထိုဒေသမှာရှိတဲ့အခက်အခဲများကို သိလျှင် သိချင်းပဲ တပ်မတော်အနေနဲ့ တပ်မတော်လေက လေယာဉ်ကြီးများနဲ့ ပို့ဆောင်ပေးခဲ့ရာမှာ မြစ်ကြီးနား-ပူတာအိုခရီးစဉ် ၁၅ ခေါက်ကို တစ်ခေါက်လျှင် ဆန်အပါအဝင် စားနပ်ရိက္ခာ ၆ တန်ခန့်နှုန်းနဲ့ ပို့ဆောင်ပေးခဲ့ရာ ဇွန်လမှစပြီး စုစုပေါင်းဆန်အိတ် ၂၀၀၀ ကို တပ်မတော်လေနဲ့ ပို့ဆောင်ပေးခဲ့ ပါတယ်။ ဆရာတော်ကြီးတစ်ပါးရဲ့ ၎င်းဒေသအတွက် ဆန်အိတ် ၃၀၀၀ လူဒါန်းမှုအစီအစဉ်မှာလည်း တပ်မတော်က ကူညီပို့ဆောင်ပေးဖို့ စီစဉ်သွားမှာ ဖြစ်ပါတယ်။ လုံလောက်မှုမရှိသေးတဲ့အတွက် ထပ်မံ ၍ စီစဉ်ပေးနိုင်ရန်လည်း ဆောင်ရွက်လျက်ရှိပါတယ်။ ၎င်းအပြင် ဒီလို ပွင့်လင်းရာသီမှာ လမ်းတံတားများ ပြုပြင်ရမယ့် ကာလဖြစ်လို့ အခက်အခဲများ ကြားမှပင် မိမိတို့ တပ်မတော်အနေနဲ့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဒီလမ်းတံတားပြုပြင်ရေးမှာ ဒေသခံတိုင်းရင်းသားများကလည်း ဒေသရဲ့ လမ်းပန်းဆက်သွယ်ရေးလုံခြုံချောမွေ့စေဖို့ ဆောင်ရွက်ရာမှာ ဝိုင်းဝန်းတိုက်တွန်း ပူးပေါင်း ဆောင်ရွက်သွားကြဖို့ လိုအပ်မှာဖြစ်ပါတယ်။ နယ်စပ်ရေးရာဝန်ကြီးဌာနနဲ့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန INGO များကလည်း လူသားချင်းစာနာမှုလုပ်ငန်းစဉ်များ ဖြင့် လူသားချင်းစာနာမှုလုပ်ငန်းများကို လုံခြုံရေးအရ ခေတ္တတိမ်းရှောင်လာသူများအတွက်ကို  ထောက်ပံ့ပေးလျက် ရှိသလို ထောက်ပံ့ပေးနိုင်ရန်အတွက်လည်း ဌာနဆိုင်ရာအသီးသီးက ဆက်စပ်ဆောင်ရွက်ရှိနေပါတယ်။ တပ်မတော်အနေနဲ့ ထိုးစစ်ဆင်ခြင်း မရှိသော်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေ နဲ့အညီ နိုင်ငံတော် ကာကွယ်ရေးအတွက် ပုံမှန်ဆောင်ရွက်မှုများဖြစ်သည့် ရိက္ခာပို့ဆောင်မှု၊ လူလား ပို့ဆောင်ရေး၊ တပ်လဲလှယ်မှုနဲ့ နေရာပြောင်းလဲမှုစတဲ့ ပုံမှန်လှုပ်ရှားဆောင်ရွက်မှုများသာ ဆောင်ရွက် နေကြတာဖြစ်ပါတယ်။ ကချင်ပြည်နယ် အတွင်း တပ်အင်အား များပြားလာခြင်းမှာလည်း လမ်းတံတား များ ဖျက်စီးခံရခြင်း၊ လုံခြုံရေးအရ တာဝန်ယူရခြင်းများကြောင့် လိုအပ်ချက်အရ ဆောင်ရွက်နေရခြင်းသာ ဖြစ်ပြီး အပြစ်အခတ်ရပ်စဲမှု ပထမအကြိမ်သဘောတူ လက်မှတ်ရေးထိုးနိုင်ပါက အဆိုပါပြဿနာများ ဟာ အလိုလို ဖြေရှင်းသွားနိုင်မှာဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ UNESCO ညွှန်ကြားရေးမှူးချုပ်က ၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၇ ရက်နေ့က သမ္မတကြီးနဲ့ တွေ့ဆုံရာမှာလည်း ငြိမ်းချမ်းရေးနဲ့ စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေးဟာ ချိတ်ဆက်နေသဖြင့် အတူဖြစ်ပေါ်လာရေးမှာ ယခု အချိန်မှာ ပို၍ အရေးကြီးပါတယ်လို့ ပြောကြားခဲ့သလို သမ္မတကြီးကလည်း ဒီမိုကရေစီ ကျင်‌့သုံးတဲ့ နိုင်ငံဖြစ်လာပြီဖြစ်လို့ ဒီမိုကရေစီစနစ်ရှင်သန်ဖွံ့ဖြိုးရေးကို အလေးထားဆောင်ရွက်နေပါကြောင်း၊ ယင်းသို့ ဆောင်ရွက်ရာမှာ တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနဲ့ ငြိမ်းချမ်းရေးကို အထူးအလေးထား ဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားခဲ့တာကိုလည်း ကိုယ်စားလှယ်တော်ကြီးများ ကြားသိလိုက်ကြပြီး ဖြစ်မှာဖြစ်ပါတယ်။ အဲဒီလိုပဲ ၂၀၁၂ ခုနှစ်၊ အောက်တိုဘာ ၁၆ ရက်က စင်္ကာပူသမ္မတနိုင်ငံ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ တွေ့ဆုံဆွေးနွေးစဉ်မှာလည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုင်းပြည်တည်ငြိမ်အေးချမ်းမှ ဖွံ့ဖြိုးတိုးတက်မှုရှိမည်ဆိုသည်ကို တပ်မတော်အနေဖြင့် အစဉ်အတစ်စိုက် ယုံကြည်ထားသောကြောင့် တိုင်းရင်းသားများနဲ့ ဖြစ်ပေါ်နေတဲ့ပဋိပက္ခများကို အကောင်းဆုံးဖြစ်အောင် ကြိုးစားဆောင်ရွက်နေကြောင်း နိုင်ငံတော်သမ္မတကြီးရဲ့ ဦးဆောင်မှုနဲ့ ဆောင်ရွက်နေတဲ့ တည်ငြိမ် အေးချမ်းရေးပြုပြင်ပြောင်းလဲရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အောင်မြင်ရေးအတွက် တပ်မတော်မှ အားသွန်ခွန်စိုက်ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ဆွေးနွေးပြောကြားခဲ့ပါတယ်။ ဒီအချက်များသည် နိုင်ငံတော်နဲ့ တပ်မတော်ရဲ့ စစ်မှန်သော စေတနာသဘောထားများကို ဖော်ပြ နေခြင်းပဲ ဖြစ်တာကို ကိုယ်စားလှယ်တော်ကြီးများ တွေ့ရှိရမှာ ဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ ကိုယ်စားလှယ်တော်ကြီး ဦးယော်ဒီဒွေ့ရဲ့ အရေးကြီးအဆိုပါ ကိစ္စရပ်များဟာ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးဗဟိုကော်မတီနဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်း ကော်မတီတို့ရဲ့ လုပ်ငန်းဆောင်ရွက်ချက်များဖြင့် တပ်မတော်ဟာ ကြိုးပမ်းထမ်းဆောင်လျက်ရှိပါ သဖြင့် ဦးစွာ ကချင်ပြည်နယ်အတွင်း အပြစ်အခတ်ရပ်စဲရေးကြိုးပမ်းဆောင်ရွက်မှု စတင်နိုင်ရေးကို မှန်ကန်တဲ့စေတနာနဲ့ အလေးဂရုပြုပူးပေါင်းဆောင်ရွက်ကြရမှာဖြစ်ပါတယ်။ အဲဒီလို အလေးဂရုပြု ပူးပေါင်းဆောင်ရွက်နိုင်ဖို့ အတွက်လည်း ကချင်ပြည်နယ်အတွင်းမှာ နေထိုင်ကြတဲ့ တိုင်းရင်းသား ညီအစ်ကို မောင်နှမများ အားလုံးအနေနဲ့ တစ်ဖက်က အပစ်အခတ်ရပ်စဲရေးကို စေတနာအမှန်နဲ့ စတင်နိုင်ဖို့အတွက် ဝိုင်းဝန်းတိုက်တွန်းဆောင်ရွက်ပေးဖို့ လိုအပ်ကြောင်း ဆွေးနွေးတင်ပြရင်း နိဂုံးချုပ်အပ်ပါတယ်ခင်ဗျား။

          ဥက္ကဋ္ဌ။           ။ အဆိုဆွေးနွေးဖို့ စာရင်းပေးထားတာက ၁၅ ယောက် နောက်ထပ် အရေးကြီးအဆိုတင်တာက ၁ ယောက် ၁၆ ယောက်။ အခုကျွန်တော်တို့ ဆွေးနွေးပြီးတဲ့ အခြေအနေ ပေါ်မူတည်ပြီးတော့ တနိုင်းမဲဆန္ဒနယ်ကိုယ်စားလှယ်ကနေပြီးတော့ အဆိုဆွေးနွေးဆုံးဖြတ်ဖို့ အချိန် လုံလောက်ပါပြီလို့ တင်ပြပါတယ်။ ကျွန်တော်တို့ နည်းဥပဒေအရ ဆောင်ရွက်ခွင့်ရှိတဲ့အတွက် ဒီအဆို အပေါ် ပြည်ထောင်စုအစိုးရကိုယ်စားလှယ်အနေနဲ့ ပြန်လည်ဆွေးနွေးပေးဖို့ ဖိတ်ခေါ်ပါတယ်။

ဦးယော်ဒီဒွေ့၊ ပူတာအိုမဲဆန္ဒနယ်၏ အဆိုနှင်‌့စပ်လျဉ်း၍ သက်ဆိုင်ရာ ပြည်ထောင်စု အဆင့်အဖွဲ့အစည်းဝင်က ပြန်လည်ရှင်းလင်းဆွေးနွေးခြင်းနှင့် လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း

          ရဲချုပ်ကျော်ကျော်ထွန်း(ဒုတိယဝန်ကြီး၊ပြည်ထဲရေးဝန်ကြီးဌာန)။     ။ လေးစားအပ်ပါသော ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ အားလုံးကို မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေလို့ နှုတ်ခွန်းဆက်သအပ်ပါတယ်။ ကချင်ပြည်နယ်၊ ပူတာအိုမဲဆန္ဒနယ်‌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးယော်ဒီဒွေ့နဲ့ ကချင်ပြည်နယ်၊ မြစ်ကြီးနားမဲဆန္ဒနယ်‌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဇော်တို့ရဲ့အဆိုနှင့်စပ်လျဉ်းပြီးတော့ ကျွန်တော် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ရဲချုပ်ကျော်ကျော်ထွန်းမှ ဖြေကြားသွားမှာ ဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ်၊ ဇွန်လကစပြီးတော့ ကချင်ပြည်နယ်အတွင်းမှာ ပဋိပက္ခများဖြစ်ပွားခဲ့တဲ့ နေရာမှာ နယ်မြေလုံခြုံရေးအခြေအနေကြောင့် ဒေသခံကျေးလက်နေပြည်သူအများစုဟာ မြို့ပေါ် ရပ်ကွက်များကို ခေတ္တတိမ်ရှောင်ရောက်ရှိခဲ့ကြပါတယ်။ အဲဒီတိမ်ရှောင်တဲ့ မိသားစုများရဲ့ စားဝတ် နေရေးအတွက် ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ လမ်းညွှန်မှုနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကချင်ပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်းပြီး တော့ ကယ်ဆယ် ထောက်ပံ့ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါတယ်။ ဒါအပြင် ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်များ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ NGO နှင့် INGO အဖွဲ့အစည်းများ၊ ဘာသာရေး၊ လူမှုရေးအသင်းအဖွဲ့များနှင့် စေတနာရှင်ပြည်သူ များကလည်း စားသောက်ရေး၊ နေထိုင်ရေး၊ ကျန်းမာရေး၊ ပညာရေး စသည်ဖြင့် ကဏ္ဍအလိုက် ကူညီဆောင်ရွက်ပေးလျက်ရှိပါတယ်။ မြစ်ကြီးနား၊ ဝိုင်းမော်၊ ရွှေကူ၊ ဗန်းမော်၊ မိုးမောက်နှင့် မံစီမြို့နယ် များမှ ကယ်ဆယ်ရေးစခန်းများ ဖွင်‌့လှစ်ပြီးတော့ ကယ်ဆယ်ထောက်ပံ့ရေးလုပ်ငန်းတွေကို ၂၀၁၁ ခုနှစ်၊ ဇွန်လက စတင်ဆောင်ရွက်ပေးတဲ့နေရာမှာ ၂၀၁၁ ခုနှစ်၊ စက်တင်ဘာလအထိ ကယ်ဆယ်ရေး စခန်း ၅၂ ခုမှာ အိမ်ထောင်စု ၁၅၀၄ စု၊ လူဦးရေ ၅၂၇၄ ဦးထိ ရှိခဲ့ပါတယ်။ တိမ်းရှောင်မိသားစုများ တဖြည်းဖြည်းတိုးပွားလာတဲ့အတွက် ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလအထိ တစ်နှစ်တာကာလအတွင်းမှာ ကယ်ဆယ်ရေးစခန်း ၉၃ ခု၊ အိမ်ထောင်စု ၇၉၉၂ စု၊ လူဦးရေ ၃၂၃၈၅ ဦးထိ ရှိလာတာဖြစ်ပါတယ်။ ဒါ့အပြင် တရုတ်နိုင်ငံနယ်စပ်နေရာအချို့မှာလည်း ကယ်ဆယ်ရေးစခန်း ၂၀ ခန့်ရှိနေပြီး အိမ်ထောင်စု ၅၈၂၀ စု၊ လူဦးရေ ၅၁၅၁၂ ဦးထိရှိလာကြောင်းသိရှိရပါတယ်။ အဲဒီလို နယ်မြေတည်ငြိမ်အေးချမ်းမှု ပျက်ပြားခဲ့ရတဲ့အတွက် ဒေသခံတိုင်းရင်းသား ပြည်သူလူထုအနေနဲ့ ဆင်းရဲဒုက္ခများစွာ တွေ့ကြုံရတဲ့ အပြင် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း ထိခိုက်နစ်နာခဲ့ရပါတယ်။ နိုင်ငံတော်အစိုးရ အနေနဲ့ ငြိမ်းချမ်းရေးတံတားကို အစဉ်အမြဲဖွင်‌့လှစ်ထားပြီး KIA, KIO အဖွဲ့နှင့် အပစ်အခတ်ရပ်စဲရေး အပါအဝင် ထာဝရငြိမ်းချမ်းမှုရရှိရေးအတွက် စီမံဆောင်ရွက်လျက်ရှိသကဲ့သို့ ခေတ္တတိမ်းရှောင် မိသားစုများကိုလည်း ကယ်ဆယ်ထောက်ပံ့မှုလုပ်ငန်းများဆောင်ရွက်ပေးခြင်း လမ်းပန်းဆက်သွယ်မှု ကောင်းမွန်စေဖို့ ရေတို၊ ရေရှည်အစီအမံများနှင့် ဖြေရှင်းဆောင်ရွက်ပေးခြင်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်း အတွက် ဘဏ္ဍာငွေကြေးများ ခွဲဝေချထားပေးပြီးတော့ အကောင်အထည်ဖော်ခြင်း စတာတို့အပါအဝင် နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးကိစ္စရပ်များကိုလည်း နည်းလမ်းမျိုးစုံ နဲ့ အဘက်ဘက်က စီမံဆောင်ရွက်ပေးလျက်ရှိပါတယ်။ နိုင်ငံတော်အစိုးရအနေနဲ့ ပဋိပက္ခစတင်ဖြစ် ပွားခဲ့တဲ့ ၂၀၁၁ ခုနှစ်၊ ဇွန်လကနေစပြီးတော့ ခေတ္တ တိမ်းရှောင်မိသားစုများကို ကယ်ဆယ်ထောက်ပံ့မှု လုပ်ငန်းများ ဆောင်ရွက်ပေးတဲ့နေရာမှာ ၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၁ ရက်နေ့အထိ စားဝတ်နေရေး အတွက် လတ်တလောထောက်ပံ့ငွေကျပ် ၇၄၄.၅၉ သန်း ပစ္စည်းနှင့် တန်ဖိုးထောက်ပံ့ငွေ ၄၆၅၂.၁၃ သန်း ထောက်ပံ့ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ပါတယ်။ ဒါ့အပြင် နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိတဲ့ ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ကနေ ၂၀၁၁ ခုနှစ်၊ သြဂုတ်လက စတင်ပြီး စားနပ်ရိက္ခာများ လစဉ်ထောက်ပံ့ပေးလျက်ရှိရာမှာ မြစ်ကြီးနား၊ ဝိုင်းမော်၊ ရွှေကူ၊ ဗန်းမော်၊ မိုးမောက်၊ မံစီ၊ မိုးကောင်းနှင့် မိုးညှင်းမြို့နယ် ၈ မြို့နယ်မှာ ကယ်ဆယ်ရေးစခန်း များကို ၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၂၈ ရက်နေ့အထိ ရိက္ခာဖြန့်ဝေမှု ၁၁ ကြိမ်ဆောင်ရွက်ပေးခဲ့ပြီး စုစုပေါင်း ရိက္ခာဆန် ၂၀၂၆.၉၆၃ တန်၊ ဆီ ၁၃၉.၀၄၂ တန်၊ ပဲ ၂၅၉.၁ တန်၊ ဆား ၂၃.၆၀၇ တန်၊ အဟာရမှုန့် ၂၆.၇၆၄ တန်တို့ကို ဖြန့်ဝေထောက်ပံ့ပေးခဲ့ပြီးဖြစ်ပါတယ်။ ဒါ့အပြင် တရုတ်နိုင်ငံ နယ်စပ်မှာရှိတဲ့ ကယ်ဆယ်ရေးစခန်းများကို နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိတဲ့ ကမ္ဘာကုလသမဂ္ဂ လူသားချင်းစာနာမှု ဆိုင်ရာကိစ္စရပ်များ ပေါင်းစပ်ညှိနှိုင်းရေးရုံးက ၂၀၁၂ ခုနှစ်၊ ဇွန်လကစတင်ပြီးတော့ စားနပ်ရိက္ခာများကို ထောက်ပံ့ပေးလျက်ရှိပါတယ်။ လတ်တလောအခြေအနေ မှာ နယ်မြေလုံခြုံရေးနှင့် လမ်းပန်းဆက်သွယ်ရေးအရ အခက်အခဲရှိတဲ့ ပူတာအိုဒေသကို စားနပ် ရိက္ခာနှင့် အသုံးအဆောင်ပစ္စည်းများကို ၂၀၁၂ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်နေ့မှစတင်ပြီး ကချင်ပြည်နယ် အစိုးရအဖွဲ့ရဲ့အစီအစဉ်နဲ့ ထောက်ပံ့ဆောင်ရွက်ပေးလျက်ရှိပါတယ်။ စားနပ်ရိက္ခာနှင့်အသုံးအဆောင် ပစ္စည်းများကို လေယာဉ်နှင့်ပေးပို့ ထောက်ပံ့ရမှာ ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်နေ့အထိ စုစုပေါင်း ဆန် ၂၇၂၂ အိတ်၊ ဆီ ၃၀၀ ပိဿာ၊ ပဲ ၃၆၀ ပိဿာ၊ ဆား ၁၅၀ ပိဿာ၊ ဗလာစာအုပ် ၅၆၄၀ ဒါဇင်၊ အနွေးထည် ၂ ထုပ်နှင့် ဆေးပုံး ၃၀ တို့ကို ထောက်ပံ့ဆောင်ရွက်ပေးခဲ့ပါတယ်။ ကချင်ပြည်နယ် မှာ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းက မြစ်ကြီးနားခရိုင် တာဝန်ယူ ဆောင်ရွက်လျက်ရှိတဲ့ မြစ်ကြီးနားမှ ချီဖွေကို ဆက်သွယ်တဲ့လမ်းဖြစ်တဲ့ မြစ်ကြီးနား-ဝိုင်းမော်-မံမင်း- ချီဖွေ-လောခေါင်-ဆော့လော်-ဖီမော်လမ်းဟာ ၁၄၉ မိုင်ရှည်လျားပြီးတော့မှ ၂၀၁၂-၂၀၁၃ ဘဏ္ဍာ ရေးနှစ်မှာ ချီဖွေ-ဆော့လော်-မံစီ-ဝဲတန်လမ်း ၄ မိုင်ကို ကျောက်ခင်းခြင်းလုပ်ငန်းဆောင်ရွက်ဖို့ ငွေလုံး ငွေရင်းရန်ပုံငွေကျပ် ၂၅၀ သန်းခွဲဝေရရှိပြီး ရရှိတဲ့ ရန်ပုံငွေနဲ့ လုပ်ငန်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ချီဖွေမြို့နယ်နှင့် ဆော့လော်မြို့နယ်များကိုလည်း သာမန်ပြင်ဆင်ထိန်းသိမ်းရေးလုပ်ငန်းများကို ခွင့်ပြု ထားပြီးဖြစ်ကြောင်း သိရှိရပါတယ်။ ပူတာအိုမြို့ကို အဓိကဆက်သွယ်တဲ့ မြစ်ကြီးနား-ဆွမ်ပရာဘွမ်- ပူတာအိုလမ်းက စုစုပေါင်း ၂၁၈ မိုင် ၅ ဖာလုံရှည်လျားပါတယ်။ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်မှာ ငွေလုံးငွေရင်းရန်ပုံငွေကျပ် ၁၅၇၆ သန်း ခွဲဝေရရှိပြီးတော့ လမ်းဆောင်ရွက်မယ့် အဖွဲ့ ၅ ဖွဲ့နဲ့ ဆောင်ရွက်ဖို့ လျာထားပေမယ့်လည်း နယ်မြေအခြေအနေအရ လုပ်ငန်းများကို စတင်ဆောင်ရွက်နိုင် ခြင်းမရှိသေးပါဘူး။ မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအိုလမ်း မိုင်တိုင် ၁၆၉/၆ မှ ၂၁၈ ပူတာအိုမြို့ အထိ ၄၈ မိုင် ၂ ဖာလုံကိုတော့ လုပ်ငန်းဆောင်ရွက်လျက်ရှိပါတယ်။ ကတ္တရာလမ်းသစ်ခင်းခြင်း ၃ မိုင် ၂ ဖာလုံ၊ ကတ္တရာလမ်းပြုပြင်ခြင်း ၉ မိုင် ၂ ဖာလုံ၊ ပေ ၅၀ အောက်သံကူကရစ်တံတား ၆၆ စင်း၊ အမာခံလမ်းမှ ကျောက်ချောခင်းခြင်း ၅ မိုင် ၇ ဖာလုံ၊ လမ်းတာဘောင်တိုးချဲ့ခြင်း ၂ ဖာလုံ၊ သစ်သား တံတားပြုပြင်ခြင်း ၁၅ စင်းတို့ကို ဆောင်ရွက်ဖို့လျာထားပါတယ်။ မြစ်ကြီးနား-ဆွမ်ပရာဘွမ်- ပူတာအိုလမ်း မိုင် ၁၆၉/၆ မှ မိုင် ၂၁၈ အတွင်း ဒေသခံပြည်သူလူထုအနေနဲ့ ပုံမှန်သွားလာနိုင်မှုရှိပြီး တော့ အခြားမြို့နယ်များဖြစ်တဲ့ မချမ်းဘော၊ နောင်မွန်း၊ ခေါင်လန်ဖူးနှင့် ပန်နန်ဒင် မြို့နယ်ခွဲတို့မှလည်း ပြင်ဆင်ထိန်းသိမ်းရေးလုပ်ငန်းများ ပုံမှန်ဆောင်ရွက်ပေးလျက် ရှိပါတယ်။ ဆွမ်ပရာဘွမ်မြို့နယ်အတွင်း မှာ ဆွမ်ပရာဘွမ်-မလီရမ်-ထိန်းနမ့် လမ်းကို ပြင်ဆင်ထိန်းသိမ်းရေး လုပ်ငန်းဆောင်ရွက်လျက်ရှိပြီး မြို့တွင်း ကတ္တရာလမ်းခင်းခြင်းလုပ်ငန်းကိုလည်း ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း သိရှိရပါတယ်။ ကချင်ပြည်နယ် အစိုးရအဖွဲ့အနေနဲ့ ဒေသဖွံ့ဖြိုးရေး၊ ဒေသနေပြည်သူ အလုပ်အကိုင် အခွင့်အလမ်း များရရှိစေရေး၊ ဒေသခံပြည်သူများရဲ့ စားဝတ်နေရေးချောင်လည်စေရေး၊ လူနေမှုအဆင်‌့အတန်း ပိုမို မြင့်မားလာစေရေးတို့အတွက် ရည်ရွယ်ပြီးတော့ ရရှိလာနိုင်မယ့် ဘဏ္ဍာငွေကြေး အခြေအနေပေါ် မူတည်၍ အကောင်အထည်ဖော်ဆောင်ရွက်ဖို့ အနာဂတ်စီမံကိန်းကိုလည်း ကြိုတင်ရေးဆွဲပြင်ဆင် ထားရှိကြောင်း သိရှိရပါတယ်။ အဲဒီစီမံကိန်းတွေက မြစ်ကြီးနား ရေပေးဝေရေးစီမံကိန်း၊ မြစ်ကြီးနားမြို့ ဝိုင်းမော်စက်မှုဇုန်နှင့် ကုန်သွယ်ရေးဇုန်စီမံကိန်း၊ ဗန်မော်မြို့ စက်မှုဇုန်နှင့်ကုန်သွယ်ရေးဇုန်စီမံကိန်း၊ မိုးညှင်းခရိုင် မိုးညှင်းမြို့နယ်နှင့် အင်းတော်ကြီးဒေသနှင့် လွယ်မွန်ကျေးရွာအုပ်စုတွေမှာ အင်းတော် ကြီးဒေသရဲ့ သဘာဝအလှအပနှင့် ငှက်ကြည့်အဖွဲ့တွေရဲ့ အဆင့်နှင့်အညီ တည်းခိုနေထိုင်ဖို့ အတွက် ဟိုတည်ဇုန်၊ ရွာသစ်ကုန်းကျေးရွာနှင့် ထန်းတပင် ကျေးရွာကြား ချောင်းဝကျေးရွာအုပ်စုမှာ စိုက်ပျိုးရေး အထူးဇုန် နမ့်ပုတ်ကျေးရွာမှာ ငါးသားပေါက်မွေးမြူ ဖြန့်ဖြူးရေးဇုန်၊ ပူတာအိုခရိုင် ပူတာအိုမြို့နယ်မှာ ဟိုတယ်အထူးဇုန်နှင့် မြို့နယ် ၁၂ မြို့နယ်မှာ စက်မှုသီးနှံ ရာဘာစိုက်ပျိုးရေးကို အကောင်အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဒါ့အပြင် ကချင်ပြည်နယ် အတွင်းမှာရှိတဲ့ ဒေသခံပြည်သူများ အလုပ် အကိုင်အခွင့်အလမ်းရရှိစေရေးနဲ့ ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်နိုင်ဖို့ အတွက် ကချင်ပြည်နယ် အစိုးရ အဖွဲ့က ဦးဆောင်ပြီး အများပိုင် ကုမ္ပဏီတည်ထောင်ရေးနဲ့ အများပိုင်ဘဏ်များတည်ထောင်ခြင်းတို့ကို လည်း ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားမှာဖြစ်ကြောင်း သိရှိရပါတယ်။

          ကချင်ပြည်နယ်ရဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလျော့ချရေးအတွက် ခွဲဝေ ချထားပေးတဲ့ ရန်ပုံငွေကျပ်သန်းပေါင်း ၁၀၀၀ နဲ့ပတ်သက်လို့ ဆောင်ရွက်မယ့် လျာထားလုပ်ငန်း အရေအတွက်ဟာ စုစုပေါင်း ၈၄ ခုဖြစ်ကြောင်း သိရှိရပါတယ်။ မြစ်ကြီးနားခရိုင်မှာ လုပ်ငန်း ၂၈ ခု အတွက် ကုန်ကျငွေကျပ် ၁၈၂.၃၄၇ သန်း ကျေးရွာချင်းဆက်လမ်း မြို့ပတ်လမ်း ၄.၂ မိုင်အတွက် ကုန်ကျငွေကျပ်သန်း ၁၉၀ သုံးစွဲသွားမှာဖြစ်ပါတယ်။ မိုးညှင်းခရိုင်မှာ လုပ်ငန်း ၁၄ ခုအတွက် ၁၃၂.၂၇ ကျပ်သန်း၊ ဗန်မော်ခရိုင်မှာ လုပ်ငန်း ၁၇ ခုအတွက် ကုန်ကျငွေ ၁၇၂.၂၉၁ သန်းနှင့် ပူတာအိုခရိုင်မှာ လုပ်ငန်း ၁၈ ခုအတွက် ကုန်ကျငွေကျပ် ၁၃၀.၈၂၂ သန်းတို့ကို သုံးစွဲသွားမှာဖြစ်ပါတယ်။ ခရိုင် ၄ ခု အတွင်း လုပ်ငန်း ၇၈ ခုနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးအထောက်အကူပြု အဖွဲ့အတွက် ထောက်ပံ့ငွေ ကျပ်သန်း ၄၀ အပါအဝင် စုစုပေါင်း ကုန်ကျငွေကျပ် ၈၄၇.၇၃၁ သန်းကျခံသုံးစွဲသွားမှာဖြစ်ပြီး ကျန် လျာထားလုပ်ငန်းများကို ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ပြည်ထောင်စုအစိုးရက ဒေသခံတိုင်းရင်းသားပြည်သူလူထုရဲ့ စားဝတ်နေရေးအတွက် အထက်မှာ တင်ပြခဲ့တဲ့အတိုင်း ကယ်ဆယ်ထောက်ပံ့ရေးလုပ်ငန်းများကို အရှိန်အဟုန်နဲ့ ဆောင်ရွက်ပေးလျက်ရှိ တဲ့အပြင် ငြိမ်းချမ်းရေးရရှိဖို့နဲ့ ဒေသတည်ငြိမ်အေးချမ်းရေးအတွက် KIA အဖွဲ့နှင့် တွေ့ဆုံ ဆွေးနွေး စီစဉ်ဆောင်ရွက်ခဲ့ရာမှာ ပြည်နယ်အဆင်‌့ ၃ ကြိမ်၊ ပြည်ထောင်စုအဆင့် ၃ ကြိမ်နှင့် အလုပ်သဘော ၄ ကြိမ်တွေ့ဆုံဆွေးနွေးခဲ့ပြီးဖြစ်ပါတယ်။ ပြည်ထောင်စုအစိုးရက လက်နက်ကိုင်ပဋိပက္ခများချုပ်ငြိမ်းရေး ပြည်သူများရဲ့ဘဝ လုံခြုံစိတ်ချရေး၊ ထာဝရငြိမ်းချမ်းရေးနှင့်ရေရှည်တည်တံ့ဖွံ့ဖြိုးတိုးတက်မှုဖြစ်ထွန်း ရေးတို့ကို လိုလားလို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ၁၀ ဖွဲ့နှင့် အပြန်အလှန် ယုံကြည်မှု တည်ဆောက်ပြီး အပစ်အခတ်ရပ်စဲရေး လုပ်ငန်းများကို စီမံဆောင်ရွက်ပေးခဲ့တဲ့အတွက် ငြိမ်းချမ်းရေး သဘောတူလက်မှတ်ရေးထိုးနိုင်တဲ့အဆင့်အထိ အောင်မြင်မှုရရှိနေပြီဖြစ်ပါတယ်။ ပြည်ထောင်စု အစိုးရအနေနဲ့ နိုင်ငံတည်ငြိမ်အေးချမ်းရေးအတွက် ဆောင်ရွက်လျက်ရှိရာမှာ ယခုအခါ နိုင်ငံရေးအရ တည်ငြိမ်အေးချမ်းမှုရှိပြီး KIA, KIO အဖွဲ့နဲ့ထိတွေ့ဆက်ဆံကာ ထာဝရငြိမ်းချမ်းရေးအတွက် စီမံဆောင်ရွက်လျက်ရှိပါတယ်။ KIA, KIO အဖွဲ့မှ ငြိမ်းချမ်းရေးဆွေးနွေးလာလို့ရှိရင် လက်ခံဖို့ အဆင့် သင့်ရှိပြီး နိုင်ငံတကာနှင့်အများလက်ခံကျင့်သုံးလျက်ရှိတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတိုင်း နှစ်ဘက် ဆွေးနွေး အဖြေရှာခြင်းနှင့် ထာဝရငြိမ်းချမ်းရေးတည်ဆောက်နိုင်ဖို့ ဆောင်ရွက်လျက်ရှိပါတယ်။ သို့ဖြစ်ပါ၍ ကချင်ပြည်နယ်အတွင်းလုံခြုံရေးအရတိုးတက်အောင်  လမ်းပန်းဆက်သွယ်မှုကောင်းမွန် အောင် ဆောင်ရွက်လျက် ရှိပါကြောင်းနှင့် ဝန်ထမ်းများရဲ့ စားဝတ်နေရေး ပြေလည်စေဖို့အတွက် ဘက်ပေါင်းစုံမှ ဆောင်ရွက်ပေးလျက် ရှိနေတဲ့အတွက် အဆိုများကို မှတ်တမ်းတင်သင့်ပါကြောင်း ရှင်းလင်းဖြေကြားအပ်ပါတယ်။ ကျေးဇူးတင်ပါတယ်။ (သြဘာသံများ)

          ဥက္ကဋ္ဌ။           ။ အဆိုတင်သွင်းတဲ့ လွှတ်တော်ကိုယ်စားလှယ် နှစ်ဦးရဲ့သဘောထား ပြောပါ။

          ဦးသိန်းဇော်(မြစ်ကြီးနားမဲဆန္ဒနယ်)။                 ။ ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော် ယခုတင်သွင်းတဲ့ အဆိုဟာ နယ်မြေဒေသမှာ အမှန်တကယ် လိုအပ်နေတဲ့ လိုအပ်ချက်များ ဖြစ်ပါတယ်။ နိုင်ငံတော်က လည်းဆောင်ရွက်ပေးလျက် ရှိတယ်ဆိုတာလည်း ကျွန်တော်တို့ သိရှိရပါတယ်။ ဆက်လက်ပြီးတော့ ဆောင်ရွက်ပေးသွားမယ်လို့ ကြားသိရတဲ့ အတွက်လည်း အထူးပဲလည်း ဝမ်းမြောက်ဝမ်းသာ ဖြစ်မိပါတယ်။ အမှန်တကယ် ထိထိရောက်ရောက် ဆောင်ရွက်ပေးနိုင်ဖို့ရာကတော့ အထူးပဲ အရေးကြီး ပါတယ်။ ဒါကြောင့် ယခုလာမယ့် ဖြည့်စွက်ရန်ပုံငွေမှာ ပူတာအိုဒေသအတွက် လိုအပ်ချက် များကို ထည့်သွင်းရေးဆွဲသွားနိုင်ဖို့ အတွက်လည်း ကျွန်တော့်အနေနဲ့ ဆောင်ရွက်ပေးမယ့် အစီအမံထဲ မှာ ထည့်သွင်းပါစေလိုပါတယ်။ ယခုကျွန်တော့်ရဲ့အဆိုကို ဆောင်ရွက်နေဆဲ ဆက်လက်လည်း ဆောင်ရွက်သွားမှာ ဖြစ်တဲ့အတွက် မှတ်တမ်းတင်ထားရှိပေးမယ်ဆိုတာကိုလည်း ကျွန်တော်အနေနဲ့ လက်ခံပါကြောင်း ကျွန်တော် တင်ပြအပ်ပါတယ် ခင်ဗျား။

          ဦးယော်ဒီဒွေ့(ပူတာအိုမဲဆန္ဒနယ်)။        ။လေးစားရပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များအားလုံး မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သအပ်ပါတယ်။ ယခုကျွန်တော်ရဲ့အဆိုကို ဝိုင်းဝန်းဆွေးနွေးပေးသွားကြသော လွှတ်တော် ကိုယ်စားလှယ်များအားလုံးကို အထူးပဲကျေးဇူးတင်ရှိပါကြောင်း ပြောကြားလိုပါတယ်။ ကျွန်တော်ရဲ့ အဆိုနဲ့စပ်လျဉ်းပြီး ပြည်ထောင်စုအစိုးရအဖွဲ့က ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြည့်ပြည့် စုံစုံရှင်းလင်းဖြေကြားပေးသွားသော ပြည်ထဲရေး ဒုတိယဝန်ကြီးကိုလည်း အထူးပဲကျေးဇူးတင်ရှိပါ တယ်။ ဒီနေရာ ကျွန်တော်အနေနဲ့ အထူးတင်ပြလိုတဲ့ အချက် (၃) ချက်ရှိပါတယ်။ (၁) ပူတာအိုခရိုင်နှင့် ချီဖွေ၊ ဆော့်လော်ဒေသတွေ နယ်မြေလုံခြုံရေး၊ လမ်းပန်းဆက်သွယ်ရေး ဝမ်းစာဖူလုံရေးကဏ္ဍများကို အထူးအလေးထားပြီးဆောင်ရွက်ပေးရန်။ (၂) ကချင်ပြည်နယ်အတွင်း ဒုက္ခသည်စခန်းများတွင်ရှိသော ပြည်သူများ၏လိုအပ်ချက်များကို ဆက်လက်ကူညီဆောင်ရွက်ပေးရန်။ (၃) နိုင်ငံတော်အကြီးအကဲများ မိမိတို့ဒေသတွင်လာရောက်၍ ပြည်သူများ၏ လူမှုဘဝအခက်အခဲများကို ပြေလည်စေရန် အထူးစီမံဆောင်ရွက်ပေးရန် တင်ပြလိုပါတယ်။ ဒါကြောင့် ကျွန်တော့်ရဲ့အဆိုကို မှတ်တမ်းတစ်ခုအဖြစ် ထားရှိပေးပါရန် လေးစားစွာတင်ပြအပ်ပါတယ်။ 

ဥက္ကဋ္ဌ။           ။ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား ပူတာအိုမဲဆန္ဒနယ်မှ ဦးယော်ဒီဒွေ့ တင်သွင်းတဲ့ ကချင်ပြည်နယ်တွင်နယ်မြေလုံခြုံရေးအရ မိမိတို့၏ နေရပ်ဒေသကိုစွန့်ခွာ၍ ခေတ္တ တိမ်းရှောင်လာကြသော ဒေသခံတိုင်းရင်းသားများနှင့် ဒေသအလိုက်ရိက္ခာပြတ်လတ်မှုအပါအဝင် လုံခြုံရေးအရ မိမိတို့တာဝန်ကျရာဒေသ၌ တာဝန်ထမ်းဆောင်ရန်အခက်အခဲဖြစ်နေသော နိုင်ငံ့ ဝန်ထမ်းများ ပြည်တွင်းပြည်ပ ပုဂ္ဂလိကစီးပွားရေး လုပ်ငန်းရှင်များအတွက် အထူးသဖြင့် ပူတာအို ခရိုင်နှင့်ချီ‌ဖွေဆော့လော်ဒေသများသို့ လမ်းပန်းဆက်သွယ်ရေး အပါအဝင် စီမံခန့်ခွဲရေးနည်းလမ်းများ အရ အဘက်ဘက်က ကူညီစောင့်ရှောက်ပေးနိုင်ရေးအတွက် ပြည်ထောင်စုအစိုးရအား တိုက်တွန်း ကြောင်းအဆိုနှင့် ဦးသိန်းဇော် တင်သွင်းတဲ့ ပူတာအိုခရိုင် စားနပ်ရိက္ခာဖူလုံရေးနှင့် ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် နိုင်ငံတော်အစိုးရမှ ဦးဆောင်စီမံပေးရေးအဆိုတို့ကို သက်ဆိုင်ရာပြည်ထောင်စု ကိုယ်စားလှယ်မှ ရှင်းလင်းတင်ပြတဲ့အပေါ်အဆိုရှင်များအနေနှင့် မိမိတို့ရဲ့အဆိုများကို မှတ်တမ်းတင် ထားရှိဖို့ သဘောတူညီပြီးဖြစ်ပါတယ်။ ဒါကြောင့် လွှတ်တော်အနေနှင့် မှတ်တမ်တင်ထားရှိပြီး နိုင်ငံတော်အစိုးရရဲ့ဆောင်ရွက်ချက်ကို စောင့်ကြည့်ကူညီဆောင်ရွက်သွားမှာဖြစ်ကြောင်း မှတ်တမ်း တင်ကြောင်း ကြေညာပါတယ်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ပထမအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမ ပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ ရပ်နားကြောင်းနှင့် အစည်းအဝေး သတ္တမနေ့ ကျင်းပမည့် နေ့ရက်နှင့်အချိန်ကိုကြေညာခြင်း

ဥက္ကဋ္ဌ။            ။ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ပထမအကြိမ် ပဉ္စမပုံမှန် အစည်းအဝေးရဲ့ ဆဋ္ဌမနေ့ရပ်နားပါမယ်။ ပထမအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး သတ္တမနေ့ကို မနက်ဖြန် ၂၀၁၂ ခုနှစ် အောက်တိုဘာ ၂၆ ရက် နေ့ သောကြာနေ့ ၁၀း၀၀ နာရီမှာ ကျင်းပမှာဖြစ်ကြောင်း ကြေညာပါတယ်။

ဥက္ကဋ္ဌ။           ။ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ အဆိုနှင့်စပ်လျဉ်းပြီး နည်းဥပဒေ၊ ပြည်သူ့လွှတ်တော်နည်းဥပဒေ ၁၄၁ ကိုကျွန်တော် အားလုံးရှင်းလင်းအောင် ထပ်ပြီးတင်ပြချင်ပါတယ်။ ပုဒ်မ ၁၄၁ မှာ လွှတ်တော်ရဲ့ဆန္ဒကိုရယူခြင်း၊ အဆိုတစ်ရပ်ကိုအဆုံးဖြတ်ပေးနိုင်သည်‌့ လွှတ်တော်တွင် ဆန္ဒယူရာ၌ (က) အဆိုတစ်ရပ်ကို လွှတ်တော်တွင်တင်သွင်းဆွေးနွေးရန် ဆွေးနွေးခြင်းကိုရပ်စဲ၍ လွှတ်တော်၏ ဆန္ဒကိုရယူရန် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ဥက္ကဋ္ဌအားတောင်းဆိုနိုင်သည်။ ယင်းအဆိုကို လုံလောက်စွာ ဆွေးနွေးပြီး ဖြစ်သည်ဟု ဥက္ကဋ္ဌကယူဆလျှင် အဆိုတင်သွင်းသူနှင့် သက်ဆိုင်ရာ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းဝင်က ပြန်လည်မချေပရသေးပါက ချေပစေပြီး ဥက္ကဋ္ဌ၏ ဆွေနွေးခြင်း ကိုရပ်စဲ၍ လွှတ်တော်ရဲ့ဆန္ဒကို ရယူရမည်ဆိုတဲ့ ပြည်သူ့လွှတ်တော် နည်းဥပဒေအရ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များအား ထပ်မံတင်ပြခြင်း ဖြစ်ပါတယ်။