Skip to main content

ပထမအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအ‌ဝေး တတိယနေ့မှတ်တမ်း(၂၂-၁၀-၂၀၁၂)

ကြယ်ပွင့်ပြထားသည့်မေးခွန်းများကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များက မေးမြန်းခြင်းနှင့် သက်ဆိုင်ရာ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းဝင်များကဖြေကြားခြင်း  (၂၂-၁၀-၂၀၁၂)

          တရားဝင်ငွေလဲကောင်တာများမှ အကန့်အသတ်များကို ဖယ်ရှားရန် လိုအပ်လာပြီး ပြင်ပတရားမဝင် ငွေလဲဒိုင်များလည်း ကွယ်ပျောက်သွားနိုင်စေရန်နှင့် စပ်လျဉ်းသည့်မေးခွန်း

          ဒေါက်တာသန်းဝင်း(မြောက်ဥက္ကလာပမဲဆန္ဒနယ်)။။ လေးစားအပ်ပါသော ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော်ကတော့ ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပ မဲဆန္ဒနယ်က ဒေါက်တာသန်းဝင်း ဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော် အခု မေးမယ့်မေးခွန်းကို လွန်ခဲ့သော တစ်လကျော်က ပေးပို့တာဖြစ်တဲ့အတွက် ယခုအချိန်မှာ ကျွန်တော် မေးခွန်းနှင့်ပတ်သက် ပြီးတော့ အပြောင်းအလဲတချို့ရှိပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းမှာ လှည့်လည်သုံးစွဲလျက်ရှိကြတဲ့ နိုင်ငံခြားငွေများဟာ အမေရိကန်ဒေါ်လာ၊ စင်ကာပူဒေါ်လာ၊ တရုတ် ယွမ်၊ ယူရိုငွေစသည်ဖြင့် အမျိုးမျိုးရှိကြပါတယ်။ နိုင်ငံခြားသွားရန် အတွက် လေယာဉ်လက်မှတ် ဝယ်ယူရာတွင်လည်းကောင်း၊ နိုင်ငံခြားသို့ အကြောင်း အမျိုးမျိုးကြောင့် သွားရောက်ရမည့်သူများ သက်ဆိုင်ရာသံရုံးများတွင် လျှောက်ထားကြရသည့် ဗီဇာကြေးအစရှိသည်များကို နိုင်ငံခြားငွေများနှင့် ပေးချေကြရပါတယ်။ မြန်မာနိုင်ငံမှာ လာရောက်လုပ်ကိုင်လျက်ရှိကြတဲ့ ပြည်ပကုမ္ပဏီများ ဥပမာ NGO ဆေးကုမ္ပဏီ စသည်တို့တွင် လုပ်ကိုင်လျက်ရှိကြသည့် နိုင်ငံသားဝန်ထမ်းအချို့မှာ လစာများကို နိုင်ငံခြားငွေ သို့မဟုတ် FEC များနဲ့ လက်ခံရရှိပါတယ်။ ရရှိသည့်နိုင်ငံခြားငွေများကို မြန်မာကျပ်ငွေ များဖြင့် လဲယူရပါတယ်။ ထို့ကဲ့သို့ရရှိသော နိုင်ငံခြားငွေများကို လဲလှယ်ရာတွင် တရားဝင်ဖွင့်လှစ် ထားသော ပုဂ္ဂလိက ဘဏ် Money Changer ကောင်တာများတွင် လဲလှယ်ရာတွင် အကန့်အသတ် များသဖြင့် ပြင်ပတရားမဝင် ငွေလဲဒိုင်များတွင် လဲလှယ်ကြရပါတယ်။ ထိုသို့ လဲလှယ်ရာတွင် ပြင်ပ ငွေလဲဒိုင်များမှနေ၍ မတန်တဆ ဈေးနိမ့်၍သော်လည်းကောင်း၊ နည်းမျိုးစုံတို့ဖြင့် လိမ်လည်၍ လည်းကောင်း ခေါင်းပုံဖြတ်၍ ပြုလုပ်လျက်ရှိကြတာကို တွေ့ရပါတယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ လာသည်နှင့်အမျှ နိုင်ငံခြားငွေများဖြင့် လစာရရှိကြသူများ ပိုမိုများပြားလာမည် ဖြစ်ပါတယ်။ ယခုအခါ ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးမှ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေကို အတည်ပြုပြီးဖြစ်ပါသဖြင့် ၎င်းဥပဒေကို ၂၀၁၂ ခုနှစ် ပြည်ထောင်စုလွှတ်တော်ဥပဒေ         အမှတ် (၁၂) အဖြစ် ၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၁၀ ရက်နေ့စွဲဖြင့် နိုင်ငံတော်သမ္မတက လက်မှတ် ရေးထိုးပြီး ဖြစ်ပါတယ်။

          ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော့်မေးမယ့်မေးခွန်းကတော့ တရားဝင်ငွေလဲကောင်တာများမှ အကန့်အသတ်များကို ဖယ်ရှားရန် လိုအပ်လာပါသဖြင့် ထိုအကန့်အသတ်များကို ဖယ်ရှားပေးနိုင်ရန် အစီအစဉ်ရှိ၊ မရှိနှင့် ပြင်ပတရားမဝင် ငွေလဲဒိုင်များ ကွယ်ပျောက်သွားအောင် မည်သို့ ပြုလုပ်ပေးနိုင် မည်ကို သိရှိလိုပါကြောင်း မေးမြန်းအပ်ပါတယ်ခင်ဗျား။

           

ဒေါက်တာမောင်မောင်သိန်း(ဒုတိယဝန်ကြီး၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန)။        ။ လေးစား ရပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအားလုံး မင်္ဂလာ နေ့လယ်ခင်းပါခင်ဗျား။ ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာသန်းဝင်း၏ မေးခွန်းကို ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ကိုယ်စား ဒုတိယဝန်ကြီး ကျွန်တော် ဒေါက်တာမောင်မောင်သိန်းမှ ဖြေကြားပေးသွားမှာ ဖြစ်ပါတယ်။ ဒေါက်တာသန်းဝင်းရဲ့ မေးခွန်းမှာ အဓိက ဆိုလိုရင်းအချက်ကတော့ ငွေလဲကောင်တာမှာရှိတဲ့  အကန့်အသတ်တွေကို ဖယ်ရှားပြီးတော့ ပြင်ပငွေလဲတဲ့ ဈေးကွက်ပျောက်သွားအောင် အစီအစဉ်ရှိ၊ မရှိ မေးမြန်းထားတာ ဖြစ်ပါတယ်။ ဒါနှင့်ပတ်သက်လို့ နောက်ခံကားချပ်လေးကို စက္ကန့်အနည်းငယ်မျှ တင်ပြပါမယ်။ ကျွန်တော်တို့ ဘဏ္ဍရေးနှင့်အခွန်ဝန်ကြီးဌာနအနေနဲ့ နိုင်ငံတော်က ကျင့်သုံးနေတဲ့ ပြုပြင်ပြောင်းလဲမှုတွေနှင့်အညီ ဘဏ္ဍာရေးနှင့် ငွေရေးကြေးရေးကဏ္ဍကိုလည်း ပြုပြင်ပြောင်းလဲမှုတွေ လုပ်လျက်ရှိပါတယ်။ အဲဒီလိုလုပ်တဲ့နေရာမှာ နိုင်ငံခြားငွေ ဈေးကွက် ထူထောင်ရေးပေါ့။ နိုင်ငံခြားငွေ ဈေးကွက်ထူထောင်ရေးဆိုရာမှာလည်း နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်မယ့် နိုင်ငံခြားငွေဈေးကွက် ထူထောင်ရေးကိုလည်း ကျွန်တော်တို့က အဆင့်ဆင့် ဆောင်ရွက်ပေးလျက်ရှိပါတယ်။ ပထမအဆင့် အနေနဲ့ ကွာဟမှုကြီးမားနေတဲ့ ငွေလဲနှုန်းတစ်ခုကို တညီတညွတ်တည်းဖြစ်အောင်ဆိုပြီးတော့ Unification of Foreign Exchange  ကို ဆောင်ရွက်ခဲ့ပါတယ်။ အဲဒီလိုဆောင်ရွက်တဲ့အခါမှာ လည်း နိုင်ငံတကာမှာ သုံးနေတဲ့ Floating Exchange Rate System ကိုတော့ တန်းသွားလို့ မရပါဘူးခင်ဗျား။ အဲဒီလို မရတဲ့အတွက် Managed Exchange Rate System ကို လက်ရှိ စပ်ကူးမတ်ကူးကာလမှာ ကျင့်သုံးလျက်ရှိပါတယ်။ အဲဒီ System အရဆိုလို့ရှိရင်တော့ နိုင်ငံခြားကို ဗဟိုဘဏ်ကနေပြီးတော့ Reference Rate တစ်ခုကို သတ်မှတ်ပါတယ်။ အဲဒီလိုသတ်မှတ်တဲ့အခါမှာ လည်း ဘဏ်တွေက ကမ်းလှမ်းတဲ့ ရောင်းဈေး၊ ဝယ်ဈေးတွေကိုလည်း ထည့်သွင်းစဉ်းစားပါတယ်။ ကမ္ဘာမှာ ဖြစ်နေတဲ့ ငွေလဲနှုန်းတွေကိုလည်း ထည်‌့သွင်းစဉ်းစားပါတယ်ခင်ဗျား။ ပြီးတော့မှ တစ်ခါ ရောင်းလိုအား၊ ဝယ်လိုအားတွေကိုပါ ထည်‌့သွင်း စဉ်းစားပြီးတော့မှ အဲဒါကို ဗဟိုဘဏ်က နေ့စဉ် Reference Rate သတ်မှတ်ပါတယ်။ အဲဒီလို သတ်မှတ်ပြီးတော့မှ အဲဒီ Reference Rate ကိုမှ Plus or Minus 0.8%  နှင့် ဈေးကွက်မှာ ရောင်းဝယ်ခွင့်ပြုတာဖြစ်ပါတယ်။ လောလောဆယ်မှာတော့ Managed Exchange Rate ကို ကျင့်သုံးပြီးတော့ နောင်အခါမှာတော့ လုံးဝကို Floating လုပ်တဲ့ Rate ကို ပြောင်းသွားမယ့် အစီအစဉ် ရှိပါတယ်။ အဲဒီလို ကျင့်သုံးတဲ့နေရာမှာ ဒုတိယအဆင့်အနေနဲ့က Foreign Exchange Market မှာ မရှိမဖြစ်တဲ့ Player များ ဖြစ်တဲ့ Money Changer တွေကို ကျွန်တော်တို့ မွေးထုတ်လျက်ရှိပါတယ်။ ပထမအဆင့်အနေနဲ့ ဘဏ်အဖွဲ့အစည်းတွေကို Money Changer လိုင်စင်တွေ ထုတ်ပေးထားပါ တယ်။ ယခုအခါမှာဆိုရင် ပုဂ္ဂလိကဘဏ်ပေါင်း ၁၇ ဘဏ် ကို ကျွန်တော်တို့  Money Changer လိုင်စင်ထုတ်ပေးပြီး ဖြစ်ပါတယ်။ အဲဒီ ၁၇ ဘဏ်ကနေပြီး တော့မှ ငွေလဲကောင်တာပေါင်း ၁၃၁ ခုကို မြန်မာနိုင်ငံရဲ့ အချက်အချာကျတဲ့ ဒေသတွေမှာ ဖွင့်လှစ် ပြီးတော့ ဆောင်ရွက်ပေးလျက်ရှိပါတယ်။ အဲဒီလို ဆောင်ရွက်ပေးတဲ့အခါမှာ နိုင်ငံခြားငွေစီမံခန့်ခွဲမှု ဥပဒေနှင့်အညီ အမေရိကန်ဒေါ်လာ ၁၀၀၀၀ နှင့်ညီမျှတဲ့ငွေတွေကို ဘာအထောက်အထား၊ ဘာစာရွက်စာတမ်းမှ မလိုအပ်ဘဲနှင့် လွတ်လပ်စွာ လဲပေးလျက် ရှိပါတယ်။ သို့သော်လည်းပဲ ယနေ့ဈေးကွက်အခြေအနေကို ပြန်ပြီးလေ့လာတဲ့အခါမှာ ထူးခြားချက်ကလေး တွေသွားပြီးတှေ့ရပါ တယ်။ ပထမထူးခြားချက်ကတော့ ဈေးကွက်မှာ ငွေလဲကောင်တာတွေ အပြင်ပေါ့ နောက်ထပ် ဈေးကွက်ကြီးတစ်ခု ပေါ်နေတဲ့ သဘော ရှိပါတယ်။ ပြင်ပဈေးကွက်ပဲ ခေါ်ခေါ်ပေါ့ အဲဒါပေါ်နေပါ တယ်။ အဲဒီဈေးကွက်ကလည်း ဈေးကွက် အကြီးကြီးတော့ အရင်ကလို ယှဉ်ပြိုင်ပြီးပေါ်တာမျိုး မဟုတ်ဘဲနဲ့ Shadow Market လို ခေါ်လိုရတဲ့ ဈေးကွက်မျိုးဖြစ်ပါတယ်။ အရိပ်ကလည်း အရိပ်မဲကြီးပေါ်တာ မဟုတ်ပါဘူးခင်ဗျား။ အရိပ်ဖျော့လေးတင်ပဲ ပေါ်သေးတာ ဖြစ်ပါတယ်။ အဲဒီအရိပ်ဈေးကွက်ကနေပြီးတော့ ဈေးနှုန်းကျ သွားတဲ့အခါမှာ တချို့သော ပုဂ္ဂိုလ်များက အဲဒါကို ဝယ်ပြီးတော့မှ ငွေလဲကောင်တာတွေမှာ ပြန်ရောင်း တာတွေ ရှိပါတယ်။ အဲဒီလိုရောင်းတဲ့အခါမှာ ငွေလဲကောင်တာတွေကလည်း လူ့သဘာဝအရပါပဲ သူတို့က ဝယ်ဖို့အတွက် နည်းနည်း တွန့်တိုနေတာ ရှိနေပါတယ်ခင်ဗျား။ အဲဒါတစ်ချက်ကို ကျွန်တော် သွားတွေ့ရ ပါတယ်။ နောက်တစ်ချက်ကလည်းပဲ ငွေလဲကောင်တာတွေအနေနဲ့က ငွေစက္ကူလာလဲတဲ့အခါမှာ ငွေစက္ကူအပေါ်မှာ လက်မှတ်ရေးထိုး ထားတာတို့၊ ညစ်ပတ်နေတာတို့၊ အမှတ်တွေ၊ တံဆိပ်တွေ ပါတာတို့ဆိုရင် လက်မခံဘဲနှင့် စိစစ်ဝယ်ယူတဲ့အချက်ကိုလည်း သွားတွေ့ရပါတယ်။ ဒါနဲ့ပတ်သက်လို့ အသေးစိတ်တင်ပြ အစီရင်ခံပါမယ်။ ပထမတစ်ချက်ဖြစ်တဲ့ ပြင်ပဈေးနှင့် အရိပ်ဈေးကွက်နဲ့ ငွေလဲ ကောင်တာ ဈေးကွက်ကွာတာနှင့်ပတ်သက်လို့က ဗဟိုဘဏ်အနေနဲ့ Reference Rate သတ်မှတ်တဲ့ အခါမှာ ပြင်ပ အရိပ်ဈေးကွက်က နှုန်းထားကိုလည်း ထည့်သွင်းစဉ်းစားသုံးသပ်ပေးပါတယ်။ နောက် တစ်ချက်ကလည်း Monetary Policy အရ ဗဟိုဘဏ်အနေနဲ့ ငွေစက္ကူတွေကို အခြေအနေနဲ့ အချိန် အခါအလိုက် ဝယ်တာတို့၊ ရောင်းတာတို့ကိုလည်း ထုတ်ပြီးတော့ ကျင့်သုံးပါတယ်။ အဲဒါကြောင့်မို့လို့ ငွေကွာဟတဲ့ နှုန်းထားလေးဟာ တဖြည်းဖြည်းနည်းသွားဖို့ ရှိပါတယ်။ နောက်တစ်ချက်ကလည်းပဲ ဘဏ်မဟုတ်တဲ့ အဖွဲ့အစည်းတွေပါခင်ဗျား။ Non-Banking Orginazation တွေကို Money Changer လိုင်စင်လည်းပဲ ထုတ်ပေးမှာ ဖြစ်ပါတယ်။ ဒါဆိုရင် ပြင်ပဈေးကွက်၊ အရိပ်ဈေးကွက် တဖြည်းဖြည်း ပျောက်သွားမယ့် အနေအထားရှိပါတယ်။ သို့သော်လည်း Floating Exchange Rate System ကို လုံးဝကူးပြောင်းသွားပြီဆိုရင် ဒါ အလိုလိုကို ပပျောက်သွားမယ့် အနေအထားရှိပါတယ်။ နောက်တစ်ခါ ဘဏ်တွေအနေနဲ့ ခေါက်ရိုးကျိုးတာတို့၊ အစွန်းအထင်းပေတာတို့ကို လက်ခံဖို့ ဝန်လေး တဲ့ကိစ္စ၊ စိစစ်တဲ့ကိစ္စတွေကို အသေးစိတ်လေ့လာကြည့်တဲ့အခါမှာ ငွေစက္ကူပေါ်မှာ ကိုင်တွယ်သူတွေ ကြောင့် ပြင်ပပယောဂကြောင့် Deface ဖြစ်သွားတာ၊ မျက်နှာပြင်ပျက်သွားတာ ၁၂ မျိုးသွားပြီးတော့ တွေ့ရပါတယ်။ ခြစ်ရာထင်တာတို့၊ ခေါက်ရိုးကျိုးတာတို့ အဲဒါမျိုး ၁၂ မျိုးတွေ့ပါတယ်ခင်ဗျား။ အဲဒီ ၁၂ မျိုးနှင့် ပတ်သက်ပြီးတော့ ကမ္ဘာ့ဘဏ်တွေရဲ့ ကျင့်သုံးမှုကို လေ့လာကြည့်တဲ့အခါမှာ ကမ္ဘာ့ဘဏ်တွေ အနေနဲ့ အဲဒီ ၁၂ မျိုးအနက် အဆိုးဝါးဆုံး ၂ မျိုးမှ လွဲပြီး ကျန်တဲ့ ၁၀ မျိုးလုံးကို လက်ခံပြီး လဲလှယ် ပေးတာ တွေ့ရပါတယ်။ အဆိုးဝါးဆုံး ၂ မျိုးဆိုတာကတော့ ပထမတစ်မျိုးကတော့ ငွေစက္ကူအစစ်အမှန် တော့ဖြစ်ပါတယ်။ ဒါပေမယ့် တစ်ဖက်မှာပဲ နံပါတ်ပါပြီး နောက်တစ်ဖက်မှာ မပါတာမျိုး ဖြစ်ပါတယ်။ နောက်တစ်မျိုးကတော့ ငွေစက္ကူအစစ်အမှန်ဖြစ်ပါတယ်။ နံပါတ်ကလည်း အဲဒီလိုပဲ တစ်ဖက်မှာပါ တယ်၊ တစ်ဖက်မှာမပါဘူးဖြစ်ပြီးတော့မှ ငွေစက္ကူရဲ့ အရွယ်ပမာဏဟာ ရှိသင့် ရှိထိုက်တာထက်ကို 1/4 လောက်ပဲ ရှိတဲ့ဟာမျိုး အဲဒီ ၂ မျိုးကို အဆိုးဝါးဆုံးသတ်မှတ်ပါတယ်။ အဲဒီ ၂ မျိုးကိုတောင်မှ ကမ္ဘာ့ဘဏ်တွေအနေနဲ့က လုံးဝလဲမပေးဘူးလို့  မငြင်းပါဘူးခင်ဗျား။ သူတို့အနေနဲ့က အဲဒီ ၂ မျိုးကို လည်း Discount Rate နဲ့ ၅၀ ရာခိုင်နှုန်း လဲပေးတာကို တွေ့ရပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ ငွေလဲကောင်တာတွေကိုလည်းပဲ အဲဒီအကျင့်စရိုက်တွေ မွေးမြူဖို့အတွက် တိုက်တွန်းနေပါတယ်။ နောက်တစ်ချက်ကလည်းပဲ ဗဟိုဘဏ်အနေနဲ့လည်း သင့်တော်တဲ့ နှုန်းထားနဲ့ လဲလှယ်ပေး နိုင်အောင် ညှိနှိုင်းဆောင်ရွက်လျက် ရှိနေပါတယ်ခင်ဗျား။ ဒါကြောင့် ဒီကိစ္စလည်းပဲ ပြေလည်သွားမယ့် အနေအထားတွေရှိပါတယ်။ အဲဒီအချက်တွေကို ဆောင်ရွက်ခြင်းအားဖြင့် ကွာဟမူတွေနည်းပြီးတော့ ပြင်ပဈေးကွက်လည်း တဖြည်းဖြည်း ပျောက်ကွယ်သွားမှာ ဖြစ်ပါတယ်လို့ တင်ပြရင်း နိဂုံးချုပ်ပါတယ် ခင်ဗျား။

၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် ပျော်ဘွယ်မြို့အပါအဝင် မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီးများအတွင်းရှိမြို့နယ်များတွင် မီးသတ်စခန်းများတိုးချဲ့ထားရန်၊ ခေတ်မီမီးသတ်ယာဉ်များ တိုးချဲ့ဝယ်ယူပေးရန်အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည်‌့မေးခွန်း

                    ဦးမြင့်စိုး(ပျော်ဘွယ်မဲဆန္ဒနယ်)။       ။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ကြွရောက်လာကြပါသော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ ဧည့်သည်တော်များ စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံပါစေကြောင်း ဦးစွာပထမ ဆုမွန်ကောင်းတောင်း အပ်ပါတယ်။ ကျွန်တော်ကတော့ မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ်မဲဆန္ဒနယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်စိုးဖြစ်ပါတယ်ခင်ဗျား။ ကျွန်တော်တို့ အညာဒေသဟာ နွေရာသီမှာ အလွန်ပဲခြစ်ခြစ်တောက် ပူပြင်းခြောက်သွေ့လှပါတယ်။ နွေရာသီမှာ မီးဘေးအန္တရာယ်ဖြစ်မှာကို ပြည်သူလူထုတွေက အလွန်ပဲစိုးရိမ်နေကြရပါတယ်။ ကျွန်တော့်အနေနဲ့ ငယ်စဉ်က အရန်မီးသတ် တပ်ဖွဲ့မှာ တပ်စုမှူးအဖြစ်တာဝန်ထမ်းဆောင်ခဲ့တဲ့ အတွေ့အကြုံအရလည်းကောင်း၊ ယခုနှစ် ၂ လ ပိုင်းမှာ ပျော်ဘွယ်မြို့မှာ စက်မှုဝန်ကြီးဌာနရဲ့ဝန်ထမ်းနေအိမ်များနှင့် ဧည်‌့ခန်းဆောင်များကို မီးလောင် တဲ့အတွေ့အကြုံများအရလည်းကောင်း မီးသတ်ကား Fighter မီးသတ်ကား ၁ စီးကို ရေသယ်ယာဉ်    ၂ စီးလိုအပ်တာလည်းတွေ့ရှိရပါတယ်။ နောက် မီးလောင်တဲ့အချိန်မှာ အချိန်မီငြိမ်းသတ်နိုင်ဖို့အတွက် ကျွန်တော်တို့ဟာ ရမည်းသင်းမြို့နယ်ကိုလှမ်းပြီးတော့ အကူအညီတောင်းရပါတယ်။ ဒါပေမယ့် အကူအညီလာပေးသော်လည်းပဲ ကျွန်တော်တို့ဟာ သွားတဲ့လာတဲ့ အချိန်နဲ့ကျတော့ ၄၅ မိနစ် လောက်ကြာပြီးတော့မှရောက်တဲ့အခါမှာ လောင်စရာကကုန်သွားပါပြီခင်ဗျား။ အဲ့ဒါကြောင့် ဆိုလို တာက ကူညီပေးတာကိုကျေးဇူးတင်ပါတယ်။ သို့သော်လည်းပဲ ကျွန်တော် တို့မှာက တကယ်လို့သာ ကျွန်တော်တို့မြို့မှာ မီးသတ်ကားတွေ များများစားစားရှိမယ်ဆိုလို့ရှိရင် ပြည်သူ့ဘဏ္ဍာတွေဒီလောက် ဆုံးရှုံးစရာအကြောင်းမရှိဘူးလို့ တင်ပြခြင်းဖြစ်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံတစ်ဝန်းမှာ မီးလောင်ဆုံးရှုံးနေရတဲ့ တန်ဖိုးတွေကိုကြည့်ရင် လွန်စွာများပါတယ်။ အသက်တွေလည်းပေးရတာ ရှိပါတယ်။ ဒါကြောင့် အဆင့်မီတဲ့မီးသတ်ကားတွေကို တစ်မြို့ကို ၂ စီးလောက်ထပ် တိုးပြီးတော့ ကျွမ်းကျင်တဲ့ဝန်ထမ်းတွေကိုတိုးလိုက်ရင် နိုင်ငံပိုင်ပစ္စည်းတွေနှင့် ပြည်သူတွေရဲ့အသက် အိုးအိမ် စည်းစိမ်တွေကို ထိထိရောက်ရောက်ကာကွယ်နိုင်ပါလိမ့်မယ်။ ဒါကြောင့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာ ရေးနှစ်မှာ မီးသတ်ကားတွေဝယ်ဖို့၊ မီးသတ်ဝန်ထမ်းတွေတိုးဖို့၊ မီးသတ်စခန်းတွေတိုးချဲ့ဖွင့်လှစ် ဖို့အတွက် ဘတ်ဂျက်များတိုးချဲ့လျာထားဖို့လိုမယ်လို့ ကျွန်တော့်အနေနဲ့ယူဆပါတယ်။ ဒါကြောင့် ကျွန်တော်မေးမြန်းလိုတဲ့မေးခွန်းကတော့ မြန်မာနိုင်ငံတစ်ဝှမ်းမှာ နှစ်စဉ်မီးဘေးအန္တယ်ရာယ် ကြောင့် ပြည်သူလူထုရဲ့အသက်အိုးအိမ်စည်းစိမ်နှင့် နိုင်ငံပိုင်ပစ္စည်းတွေ ဆုံးရှုံးမှုများစွာရှိနေပါတယ်။ ထိုသို့ဆုံးရှုံးမှုများကို ထိထိရောက်ရောက်ကာကွယ်နိုင်ရန် မီးလောင်မှုအများဆုံးဖြစ်တဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းဒေသများဖြစ်တဲ့ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာရှိတဲ့ မြို့နယ်များမှာ မီးသတ်စခန်းတွေတိုးချဲ့ ဖွင့်လှစ်ပြီးတော့ ခေတ်မီတဲ့မီးသတ်ယာဉ်များတိုးချဲ့ချထားပေးသင့်ပါတယ်။  သို့ဖြစ်ပါ၍ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေး နှစ်မှာ ထိုသို့မီးသတ်စခန်းများတိုးချဲ့ချထားပေးရန်သော်လည်းကောင်း၊ ခေတ်မီမီးသတ်ယာဉ်များ တိုးချဲ့ဝယ်ယူပေးရန်သော်လည်းကောင်း အစီအစဉ်ရှိ/မရှိသိရှိလိုပါကြောင်း မေးမြန်းအပ်ပါတယ် ခင်ဗျား။

          ဒေါ်စုစုလှိုင်(ဒုတိယဝန်ကြီး၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန)။  ။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ အားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာ၊ ချမ်းသာပါစေလို့ ဦးစွာဆုတောင်းမေတ္တာပို့သ ဂါရဝပြုအပ်ပါတယ် ရှင်။  ကျွန်မကတော့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးကိုယ်စား ဖြေကြားသွားမယ့် ဒေါ်စုစုလှိုင်ဖြစ်ပါတယ်။ မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်စိုးရဲ့ လာမည့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင်  မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ်မြို့ အပါအဝင် မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်း တိုင်းဒေသကြီးများအတွင်းရှိမြို့နယ်များတွင် မီးသတ်စခန်းများ တိုးချဲ့ချထားရန်သော်လည်းကောင်း၊ ခေတ်မီ မီးသတ်ယာဉ်များတိုးချဲ့ဝယ်ယူပေးရန်သော်လည်းကောင်း အစီအစဉ်ရှိ/ မရှိ သိရှိလိုပါ ကြောင်းမေးမြန်းချက်နှင့်စပ်လျဉ်း၍ ဆက်လက်ရှင်းလင်းဖြေကြားသွားမှာဖြစ်ပါတယ်။

          ဥက္ကဋ္ဌကြီးရှင့်။ လာမည့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးများအတွင်းရှိ မြို့နယ်မီးသတ်စခန်းများတိုးချဲ့ ချထားရန်နှင့် မီးသတ်ယာဉ်များ ဖြည့်တင်းပေးရန်လျာထားချက်များအရ မန္တလေးတိုင်း ဒေသကြီးအတွင်းမှာ မြို့နယ်ပေါင်း ၂၈ မြို့နယ်ရှိရာ ၅ ယူနစ်အဆင့်မီးသတ်စခန်း ၇ ခု၊ ၃ ယူနစ်အဆင့် မီးသတ်စခန်း ၁၈ ခုနှင့် ၂ ယူနစ်အဆင်‌့မီးသတ်စခန်း ၄ ခု၊ စုစုပေါင်း ၂၉ ခု ဖွဲ့စည်းပုံခွင့်ပြုပြီး ဖြစ်သည်‌့အတွက် မန္တလေးတိုင်းဒေသကြီးအတွင်းရှိမြို့နယ်အားလုံးနှင့် မြို့နယ်ခွဲ ၁ ခုတို့တွင် မီးသတ်စခန်းများဖွင့်လှစ်ပြီးဖြစ်ပါတယ်။ ဒါ့အပြင် အရန်မီးသတ်စခန်း ၆၅ ခုတွင် မီးသတ်ယာဉ် ၇၄ စီးဖြန့်ခွဲထားရှိပါတယ်။ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် မီးသတ်စခန်းများတိုးချဲ့ချထားရန်အစီအစဉ် မရှိပါ။ မီးသတ်ယာဉ်များဖြည့်တင်းရေးနှင့်စပ်လျဉ်း၍ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် နိုင်ငံတော်၏ ခွင့်ပြုရန်ပုံငွေဖြင့် အဆိုပါမီးသတ်စခန်း ၂၉ ခုအနက် မြို့နယ် ၉ မြို့နယ်အား စခန်းယူနစ်သတ်မှတ် ချက်ပြည့်မီစေရန် မီးသတ်ယာဉ် ၁ စီးစီဖြင့် စုစုပေါင်းမီးသတ်ယာဉ် ၉ စီးဖြည့်တင်းရန် စီမံကိန်းရေးဆွဲ တင်ပြထားပြီးဖြစ်ရာ ဘဏ္ဍာငွေခွင့်ပြုမိန့်ရရှိပါက အောင်မြေသာစံ၊ မဟာအောင်မြေ၊ ပြည်ကြီးတံခွန်၊ ပုသိမ်ကြီး၊ မြစ်သား၊ နွားထိုးကြီး၊ မလှိုင်၊ ဝမ်းတွင်း၊ မြစ်ငယ်စသည့်မြို့နယ်များတွင် မီးသတ်ယာဉ်များ ဖြည်‌့တင်းပေးသွားမှာဖြစ်ပါတယ်။

          မကွေးတိုင်းဒေသကြီးအတွင်းမှာ မြို့နယ်ပေါင်း ၂၅ မြို့နယ်ရှိရာ ၅ ယူနစ်အဆင့်မီးသတ်စခန်း ၄ ခု၊ ၃ ယူနစ်အဆင့် မီးသတ်စခန်း ၁၇ ခုနှင့် ၂ ယူနစ်အဆင်‌့မီးသတ်စခန်း ၄ ခု၊ စုစုပေါင်း ၂၅ ခု ဖွဲ့စည်းခွင့်ပြုပြီးဖြစ်သည်‌့အတွက် မကွေးတိုင်းဒေသကြီးအတွင်းရှိမြို့နယ်အားလုံးတွင် မီးသတ် စခန်းများ ဖွင့်လှစ်ပြီးဖြစ်ပါတယ်။ ဒါ့အပြင် အရန်မီးသတ်စခန်း ၂၀ ခုတွင် မီးသတ်ယာဉ် ၂၅ စီး ဖြန့်ခွဲထားရှိပါတယ်။ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် မီးသတ်စခန်းများတိုးချဲ့ချထားရန်အစီအစဉ် မရှိပါ။ မီးသတ်ယာဉ်များ ဖြည့်တင်းရေး နှင့်စပ်လျဉ်း၍ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် နိုင်ငံတော်၏ ခွင့်ပြုရန်ပုံငွေဖြင့် အဆိုပါမီးသတ်စခန်း ၂၅ ခုအနက် မြို့သစ်၊ နတ်မောက်၊ စလင်း၊ စေတုတ္တရာ၊ မင်းလှ၊ မင်းတုန်း၊ အောင်လံ၊ ပေါက်၊ ဆိပ်ဖြူ၊ ဂန့်ဂေါ၊ ထီးလင်းစသည့် မြို့နယ် ၁၁ မြို့နယ်အား စခန်းယူနစ်သတ်မှတ်ချက်ပြည့်မီစေရန် မီးသတ်ယာဉ် ၁ စီးစီဖြင့် စုစုပေါင်းမီးသတ်ယာဉ် ၁၁ စီး ဖြည့်တင်းရန် စီမံကိန်းရေးဆွဲတင်ပြထားပြီးဖြစ်ရာ ဘဏ္ဍာငွေခွင့်ပြုမိန့်ရရှိပါက မီးသတ်ယာဉ်များ ဖြည်‌့တင်းပေးသွားမှာဖြစ်ပါတယ်။

          စစ်ကိုင်းတိုင်းဒေသကြီးအတွင်းတွင် မြို့နယ်ပေါင်း ၃၇ မြို့နယ်ရှိရာ ၅ ယူနစ်အဆင့်မီးသတ် စခန်း ၅ ခု၊ ၃ ယူနစ်အဆင့် မီးသတ်စခန်း ၂၃ ခုနှင့် ၂ ယူနစ်အဆင်‌့မီးသတ်စခန်း ၇ ခု၊ စုစုပေါင်းစခန်း ၃၅ ခု ဖွဲ့စည်းပုံခွင့်ပြုဖွင့်လှစ်ပြီးဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ဖွဲ့စည်းပုံတင်ပြရန်ကျန် ၂ မြို့နယ်ဖြစ်တဲ့ လဟယ်မြို့နယ်အတွက် ၃ ယူနစ်အဆင့်မီးသတ်စခန်းအသစ်အား ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင်လည်းကောင်း၊ လေရှီးမြို့နယ်အတွက် ၃ ယူနစ်အဆင့်မီးသတ်စခန်းအသစ်အား ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် လည်းကောင်း တင်ပြသွားရန် စီမံကိန်းရေးဆွဲလျာထားတင်ပြထားပြီး ဖြစ်ပါတယ်။  ဒါ့အပြင် အရန်မီးသတ်စခန်း ၃၅ ခုတွင် မီးသတ်ယာဉ် ၃၃ စီးဖြန့်ခွဲထားရှိပါတယ်။ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် မီးသတ်စခန်းများ တိုးချဲ့ချထားရန် အစီအစဉ်မရှိပါ။ မီးသတ်ယာဉ် များဖြည့်တင်းရေးနှင့်စပ်လျဉ်း၍ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် နိုင်ငံတော်၏ ခွင့်ပြုရန်ပုံငွေဖြင့် အဆိုပါမီးသတ်စခန်း ၃၅ ခုအနက် မြောင်၊ ကျွန်းလှ၊ ဒီပဲယင်း၊ တန့်ဆည်၊ အရာတော်၊ ကနီ၊ ဆားလင်းကြီး၊ ကောလင်း၊ မင်းကင်း၊ မော်လိုက်၊ ခန္တီး၊ ဟုမ္မလင်းစသည့် မြို့နယ် ၁၂ မြို့နယ်အား စခန်းယူနစ်သတ်မှတ်ချက်ပြည့်မီစေရန် မီးသတ်ယာဉ် ၁ စီးစီဖြင့် စုစုပေါင်းမီးသတ်ယာဉ် ၁၂ စီး ဖြည့်တင်းရန် စီမံကိန်းရေးဆွဲတင်ပြထားပြီးဖြစ်ရာ ဘဏ္ဍာငွေခွင့်ပြုမိန့်ရရှိပါက မီးသတ်ယာဉ်များ ဖြည်‌့တင်းပေးသွားမှာဖြစ်ပါတယ်။

          ဒါ့အပြင် နိုင်ငံခြားအကူအညီအထောက်အပံ့ရယူဆောင်ရွက်လိုသည့်ကဏ္ဍ၊ နယ်မြေဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်းတွင် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်အတွင်း မန္တလေးတိုင်းဒေသကြီး၊ မကွေး တိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ၅ ယူနစ်အဆင့်မီးသတ်စခန်းများတွင် ရှာဖွေ ကယ်ဆယ်ရေးယာဉ် (Rescue Tender) များဖြည်‌့တင်းရန် စီမံကိန်းရေးဆွဲတင်ပြထားပြီး ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားအပ်ပါတယ်ရှင်။

          ဦးမြင့်စိုး(ပျော်ဘွယ်မဲဆန္ဒနယ်)။        ။ ကျွန်တော်ဆိုလိုတာကတော့ ဒီကနေ့ မြန်မာပြည်မှာ ချပေးထားတဲ့ မီးသတ်စခန်းတွေဟာ မလုံလောက်ပါဘူး။ မီးသတ်ကားတွေဟာ မလုံလောက်ပါဘူး။ နောင်တစ်ချိန်မှာ ဒါတွေကိုစဉ်းစားပေးဖို့တင်ပြခြင်းွဖစ်ပါတယ်။ လာမယ့်ဘတ်ဂျက်တွေမှာလည်း တိုးချဲ့ပြီးတော့ ဝယ်ဖို့အတွက် စဉ်းစားဖို့အတွက်တင်ပြခြင်းဖြစ်ပါတယ်။ ဒါလေးတွေကို စဉ်းစား ပေးပါလို့ အစိုးရအဖွဲ့ကို မေတ္တာရပ်ခံအပ်ပါတယ်။ ဝန်ကြီးဌာနကို မေတ္တာရပ်ခံအပ်ပါတယ်။ ကျေးဇူ တင်ပါတယ်။

          ဖယ်ခုံပြည်သူ့ဆေးရုံပြုပြင်ရန်၊ ကျေးလက်ကျန်းမာရေးဌာနခွဲအား ကျေးလက်ကျန်းမာရေးဌာနအဖြစ် အဆင့်တိုးမြှင့်ပေးရန်၊ ကုန်းငူကျေးရွာတွင် ကျေးလက်ကျန်းမာရေးဌာနခွဲ အသစ်ဖွင်‌့လှစ်ပေးရန် အစီအစဉ်ရှိ၊မရှိ နှင့်စပ်လျဉ်းသည့်မေးခွန်း

           

          ဦးဖရန်စစ္စကို(ဖယ်ခုံမဲဆန္ဒနယ်)။       ။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် လွှတ်တော် ကိုယ်စားလှယ်များ၊ ပြည်ထောင်စုဝန်ကြီးများခင်ဗျား။ မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သ အပ်ပါတယ်။ ကျွန်တော်ကတော့ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖရန်စစ္စကို ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ဖယ်ခုံမြို့နယ်ရှိ ဒေသခံပြည်သူများ အမှန်တကယ်နှင့် အမြန်လိုအပ်နေသော ကျန်းမာရေးနှင်‌့စပ်လျဉ်းသည့် မေးခွန်းများကို မေးမြန်း တင်ပြသွားမှာဖြစ်ပါတယ်။ လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးခင်ဗျား။ ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံ မြို့နယ်သည် လူဦးရေ တစ်သိန်း နီးပါးနေထိုင်ပြီး မြို့နယ် ၇ မြို့နယ်နှင့် ဆက်စပ်လျက်ရှိပါသည်။ ဒေသခံပြည်သူများနှင့် နီးစပ်ရာရှိမြို့နယ်များမှ တိုင်းရင်းသားပြည်သူများသည် ဖယ်ခုံမြို့နယ်ရှိ မြို့နယ် ပြည်သူ့ဆေးရုံသို့လာရောက်၍ ကျန်းမာရေး ဆေးကုသမှုများ ခံယူလျက်ရှိပါသည်။ အဆိုပါ မြို့နယ် ပြည်သူ့ဆေးရုံကြီးအား ၁၉၆၄ ခုနှစ်မှ စတင်ဖွင့်လှစ်ခဲ့ပြီး နှစ်ပေါင်း ၅၀ နီးပါးခန့် ကြာမြင့်ခဲ့ပြီးဖြစ်ပါ သဖြင့် ပြုပြင်ရန် သို့မဟုတ် အသစ်ထပ်မံတည်ဆောက်ရန် လိုအပ်လျက်ရှိပါသည်။ ၂၀၀၉ ခုနှစ်တွင် ၂၅ ခုတင်ဆံ့ ဆေးရုံသို့ အဆင့်မြှင့်တင်ခဲ့သော်လည်း ယနေ့ထိ ဆရာဝန်များနှင့် ဝန်ထမ်းများ ပြည့်မီခန့် ထားနိုင်ခြင်းမရှိသေးကြောင်း တွေ့ရှိရပါတယ်။ ထို့အပြင် ဖယ်ခုံမြို့နယ်ကျေးလက်ကျန်းမာရေးကဏ္ဍ အဆင့်မြှင့် တင်ပေးနိုင်ရေးအတွက် လတ်တလော ဒေသခံပြည်သူများက လွယ်ပေါ ကျေးလက်ကျန်းမာ ရေးဌာနခွဲအား ကျေးလက်ကျန်းမာရေးဌာနအဖြစ်သို့ တိုးမြှင့်ပေးရန်နှင့် ပီကင်းကျေးလက်ကျန်းမာရေး ဌာနရှိ ကုန်းငူကျေးရွာတွင် ကျေးလက်ကျန်းမာရေးဌာနခွဲအသစ် ဖွင့်လှစ်ပေးနိုင်ရန် တောင်းခံတင်ပြ လာပါတယ်။ သို့ဖြစ်ပါ၍ ကျွန်တော် မေးမြန်းလိုသည်မှာ (၁) ဖယ်ခုံပြည်သူ့ဆေးရုံပြုပြင်ရန် သို့မဟုတ် အသစ်တည်ဆောက်ပြီး အဆင်‌့မြှင့်တင်ရန် အစီအစဉ်ရှိ၊မရှိ။ (၂) ဖယ်ခုံပြည်သူ့ဆေးရုံတွင် သတ်မှတ် ထားသော ရာထူးအလိုက် ဖွဲ့စည်းပုံအပြည့်ဖြင့် ဝန်ထမ်းခန့်ထားပေးနိုင်မှုရှိ၊မရှိ သိလိုပါကြောင်းနှင့် (၃) လွယ်ပေါကျေးလက်ကျန်းမာရေးဌာနခွဲအား ကျေးလက် ကျန်းမာရေးဌာနအဖြစ် အဆင့်မြှင့်တိုးပေး ရန်နှင့် ပီကင်းကျေးလက်ကျန်းမာရေးဌာနရှိ ကုန်းငူကျေးရွာတွင် ကျေးလက်ကျန်းမာရေးဌာနခွဲအသစ် ဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ၊မရှိ ဒေသခံရပ်မိရပ်ဖ မိဘပြည်သူများ၏ကိုယ်စား ဥက္ကဋ္ဌကြီးမှတစ်ဆင့် လေးစားစွာ တင်ပြမေးမြန်းအပ်ပါတယ်ခင်ဗျား။

          ဒေါက်တာသိန်းသိန်းဌေး(ဒုတိယဝန်ကြီး၊ ကျန်းမာရေးဝန်ကြီးဌာန)။      ။ လေးစားအပ် ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကြီးများရှင်။ ကျွန်မ ကတော့ ကျန်းမာရေးဝန်ကြီးဌာနကိုယ်စား ဖြေကြားပေမည့် ဒုတိယဝန်ကြီး ဒေါက်တာသိန်းသိန်းဌေး ဖြစ်ပါတယ်။ ရှမ်းပြည်နယ်၊ ဖယ်ခုံမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖရန်စစ္စကိုမှ ဖယ်ခုံမြို့ ပြည်သူ့ဆေးရုံပြုပြင်ရန် သို့မဟုတ် အသစ်ထပ်မံတည်ဆောက်ပေးရန် အစီအစဉ်ရှိ၊မရှိ ဖယ်ခုံပြည်သူ့ဆေးရုံတွင် သတ်မှတ်ထားသောရာထူးအလိုက် ဖွဲ့စည်းပုံအပြည်‌့ ဝန်ထမ်းခန့်ထား ပေးနိုင်မှုရှိ၊မရှိ။ လွယ်ပေါကျေးလက်ကျန်းမာရေးဌာနခွဲအား ကျေးလက် ကျန်းမာရေးဌာနအဖြစ် အဆင့်တိုးမြှင့်ပေးရန် အစီအစဉ်ရှိ၊မရှိနှင့် ပီကင်းကျေးလက်ကျန်းမာရေးဌာနရှိ ကုန်းငူကျေးရွာတွင် ကျေးလက်ကျန်းမာရေးဌာနခွဲအသစ် ဖွင်‌့လှစ်ပေးရန် အစီအစဉ်ရှိ၊မရှိမေးခွန်းနှင့်စပ်လျဉ်း၍ ဆက်လက်ဖြေကြားသွားမှာဖြစ်ပါတယ်။ ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့နယ် ပြည်သူ့ဆေးရုံအားပြုပြင်ရန် သို့မဟုတ် အသစ်တည်ဆောက်ပေးနိုင်ရန် ရှမ်းပြည်နယ် ကျန်းမာရေးဦးစီးဌာန ဆောက်လုပ်ရေး အင်ဂျင်နီယာအဖွဲ့နှင့် ရှမ်းပြည်နယ် ကျန်းမာရေးဦးစီးဌာနမှ ကွင်းဆင်းစိစစ်ပြီး တင်ပြရန် စီစဉ်ထားရှိ ပြီးဖြစ်ကြောင်းနှင့် စိစစ်ချက်များအပေါ် အခြေခံ၍ မွမ်းမံပြင်ဆင်ရန်သာလိုအပ်ပါက ၂၀၁၂-၂၀၁၃ ခုနှစ် ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်းနှင့် အသစ်တည်ဆောက် ရန်လိုအပ်ပါက ၂၀၁၃-၂၀၁၄ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် ဦးစားပေးဆောင်ရွက်ရမည့် ဒေသများအား လျာထားပြီးဖြစ်နေပါ၍ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် ဦးစားပေးလျာထားဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း ဖြေကြားအပ်ပါတယ်။ ဆက်လက်၍ ရှမ်းပြည်နယ် ဖယ်ခုံမြို့နယ် ပြည်သူ့ဆေးရုံတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူးတစ်ဦးနှင့် လက်ထောက် ဆရာဝန်တစ်ဦး လက်ရှိတာဝန် ထမ်းဆောင် လျက်ရှိပြီး လစ်လပ်လျက်ရှိသော လက်ထောက်ဆရာဝန်များ ခန့်ထားရန် စီစဉ်ဆောင်ရွက်ပြီး ဖြစ်ပါကြောင်းနှင့် အထက်တန်းသူနာပြု ခွင့်ပြု ၅ ဦး၊ ခန့်ထား ၅ ဦးနှင့် သူနာပြု ခွင့်ပြု ၁၀ ဦး၊ ခန့်ထား ၁၀ ဦး ခန့်ထားပေးပြီးဖြစ်ကြောင်း ဖြေကြားအပ်ပါတယ်။ ရှမ်းပြည်နယ် ဖယ်ခုံမြို့နယ် အတွင်းရှိ လွယ်ပေါ ကျေးရွာကျေးလက်ကျန်းမာရေးဌာနခွဲအား ကျေးလက်ကျန်းမာရေးဌာနအဖြစ်သို့ တိုးမြှင့်ပေးရန်နှင့် ပီကင်းကျေးလက်ကျန်းမာရေးဌာနရှိ ကုန်းငူကျေးရွာတွင် ကျေးလက်ကျန်းမာရေး ဌာနခွဲအသစ်ဖွင့်လှစ်ခွင့်ရရှိရန် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်အတွင်း စီစဉ်ဆောင်ရွက်ပေးရန်  လျာထားပြီး ဖြစ်ကြောင်း ဖြေကြားအပ်ပါတယ်။

ဒေါက်တာတင်မောင်ကြိုင်(ကြံခင်းမဲဆန္ဒနယ်)။         ။ လေးစားအပ်ပါသော ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော် များအားလုံးမင်္ဂလာပါ။ ကျွန်တော်ကတော့ ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာတင်မောင်ကြိုင်ဖြစ်ပါတယ်။ ကျွန်တော့်အနေနှင့် မိုဘိုင်း တယ်လီဖုန်းများ ဆက်သွယ်ရေး ပြတ်တောက်မှုနှင့်ပတ်သက်ပြီးတော့ မေးမြန်းသွားမှာဖြစ်ပါတယ်။ လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးခင်ဗျား။ CDMA နှင့် GSM မိုဘိုင်းတယ်လီဖုန်းများ တစ်ခါတစ်ရံမှာ အဆက်အသွယ်များပြတ်တောက်လေ့ရှိပါတယ်။ ထိုကဲ့သို့ အဆက်အသွယ်များပြတ်တောက်ရာမှာ နာရီပိုင်း၊ မိနစ်ပိုင်းပြတ်တောက်ပါက ပြဿနာတစ်စုံတစ်ရာမရှိသော်လည်း တစ်ရက်၊ နှစ်ရက်ကြာ ပြတ်တောက်သည့်အခါ ပြည်သူများအနေဖြင့် မည်သည်‌့ဌာနကို အကြောင်းကြားရမည်ကို မသိရှိပါသဖြင့် စိတ်အနှောင့်အယှက်ဖြစ်ရသလို သက်ဆိုင်ရာဌာနမှလည်း တယ်လီဖုန်းခေါ်ဆိုခများ လျော့နည်း သွားမှာဖြစ်ပါတယ်။ ကြံခင်းမြို့နယ်မှာ ၁၁-၉-၂၀၁၂ နေ့ နေ့လယ်ပိုင်းမှစပြီးတော့ ၁၃-၉-၂၀၁၂ ရက်နေ့ မနက် ၁၀ နာရီအထိ ဆက်သွယ်ရေးလိုင်းများပြတ်တောက်ခဲ့ပါတယ်။ သို့သော်လည်း မည်သည့်ဌာနသို့ အကြောင်းကြားရမည်ကို မသိရှိရပါသဖြင့် ဤမျှကြာမြင့်သွား သည်လို့ယူဆမိပါတယ်။ သို့ပါ၍  CDMA နှင့် GSM မိုဘိုင်းတယ်လီဖုန်းများ အဆက်အသွယ် ပြတ်တောက်ပါက မည်သည်‌့ဌာနသို့ အ‌ကြောင်းကြားရမည်ဆိုသည်ကို ပြည်သူများသိရှိရန် ကြိုတင် အသိပေးနိုင်ခြင်းရှိ၊ မရှိ သိရှိလို၍ မေးမြန်းရခြင်းဖြစ်ပါတယ်။ အားလုံးကို ကြေးဇူးတင်ပါတယ်။ ဥက္ကဋ္ဌ။                  

ဦးသိန်းထွန်း(ပြည်ထောင်စုဝန်ကြီး၊ဆက်သွယ်ရေး၊စာတိုက်နှင့်ကြေးနန်းဝန်ကြီးဌာန)။            ။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တော်ကြီးများ မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေလို့ ဆန္ဒပြုအပ်ပါတယ်။ ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာတင်မောင်ကြိုင်ရဲ့ CDMA နှင့် GSM ဖုန်းတွေ အဆက်အသွယ်ပြတ်တောက်ရင် ဘယ်ဌာနကို အကြောင်းကြားရမလဲဆိုတာ ကြိုတင်သိရှိဖို့ အသိပေးနိုင်ခြင်းရှိ၊မရှိနှင့် ပတ်သက်ပြီးတော့ မေးခွန်းအပြင် ကျွန်တော်တို့ ဆက်သွယ်ရေး၊ စာတိုက် နှင့်ကြေးနန်းဝန်ကြီးဌာနရဲ့ ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းများနှင့်ပတ်သက်ပြီးတော့ သိရှိလိုတာ ရှိရင် မေးနိုင်တယ်၊ မြန်းနိုင်တယ်ဆိုတာရယ် နောက် သတင်းစာထဲမှာလည်းပဲ ထည့်သွင်းထားတယ် ဆိုတာကိုဖြေကြားသွားမှာဖြစ်ပါတယ်။ ဒီကိစ္စတွေနှင့် ပတ်သက်ပြီးတော့ ကျွန်တော်တို့ ဒါတွေကို မျှော်မှန်းပြီးတော့ ဆက်သွယ်မှုပြတ်တောက်ခြင်း ဝန်ဆောင်မှုများနှင့် ပတ်သက်ပြီးတော့ ချို့ယွင်း မှုရှိခြင်း အဲဒီဟာတွေနှင့်ပတ်သက်ပြီးတော့ ဒီ ဖြစ်လာနိုင်တဲ့ဟာတွေကိုတွေးပြီးတော့ ယခင်ကျွန်တော့် အရင်တာဝန်ယူခဲ့ကြတဲ့ ပုဂ္ဂိုလ်ကြီးများအနေဖြင့် ဒီကိစ္စတွေကို မျှော်မှန်းပြီးတော့ ဆောင်ရွက်ခဲ့ကြပြီး ဖြစ်ပါတယ်။ ဆက်သွယ်ရေးချို့ယွင်းမှုနှင့်ပတ်သက်ပြီးတော့ ကျွန်တော်တို့တိုင်ကြားရေးဌာန ၁၀၆ ကို နေပြည်တော်မှာ ၂၀၀၆ ကစပြီးတော့ ဖွင့်လှစ်ပြီးဆောင်ရွက်နေပါတယ်။ တယ်လီဖုန်းအမှတ်က ၁၀၆ ဆိုပြီးနှိပ်လိုက်ရင်လည်း အဲဒီကို Complane ကိုရောက်ပါတယ်။ ထို့အတူပဲ ကျွန်တော်တို့ Fax နှင့် ပို့ချင်တယ်ဆိုရင်လည်း ၀၆၇-၄၂၂၁၀၆ ကိုပို့ချင်လည်းရောက်ပါတယ်။  ထို့အတူ E-mail နှင့် ပို့မယ်ဆိုရင်လည်း [email protected] စာတိုက်သေတ္တာအမှတ်ဆိုရင်လည်း ၁၀၆ နေပြည်တော်ဆိုလို့ရှိရင်လည်း ဒီကိစ္စတွေနှင့် ပတ်သက်ပြီးတော့ ပြောဆိုအသိပေးနိုင်ကြောင်း ဒါကို ကျွန်တော်တို့ တင်ပြလိုပါတယ်။ ဆက်လက်ပြီးတော့ ကျွန်တော်တင်ပြရမယ်ဆိုလို့ရှိရင် ဆက်သွယ်မှု ဝန်ဆောင်မှုလုပ်တဲ့အခါမှာ စက်ပစ္စည်းတွေ ချိတ်ဆက်လို့ ဆက်သွယ်မှုပြတ်တောက်မယ်ဆိုလို့ရှိရင် အထူးသဖြင့် ညပိုင်း ၁၂ နာရီကျော် တစ်နာရီနှင့် နှစ်နာရီကြားမှာ အလုပ်လုပ်လေ့ရှိပါတယ်။ မိနစ်နှစ်ဆယ်ကနေ မိနစ်သုံးဆယ်ထိ ကြာတတ်ပြီးတော့ ဒါကိုမလုပ်ခင် သတင်းစာထဲမှာ ထည့်သွင်း ကြေညာပါတယ်။ ဥပမာအားဖြင့် GSM UMTS Mobile တိုးချဲ့တပ်ဆင်ရေးစီမံကိန်းရဲ့ 4 Network စက်သစ်တွေ ပြောင်းလည်းချိတ်ဆက်မယ် Cut Over လုပ်မယ်ဆိုတဲ့အကြောင်းကို ဒါနဲ့ပတ်သက် ပြီးတော့ ရန်ကုန်၊ နေပြည်တော်၊ မန္တလေး၊ လားရှိုး၊ မကွေး၊ မုံရွာ၊ မူဆယ် အဲဒီမှာရှိတဲ့ မိုဘိုင်း တယ်လီဖုန်းပြောဆိုဆက်သွယ်မှု Vice Services မိနစ်နှစ်ဆယ်ခန့် ပြတ်တောက်ပါမယ်ဆိုပြီးတော့ ကျွန်တော်တို့ ၂၀၁၂ ခုနှစ် ဧပြီလ ၂၀ ရက်နေ့ထုတ် ကြေးမုံ၊ မြန်မာ့အလင်းများမှာထည့်သွင်း ကြေညာခဲ့ပါတယ်။ ထို့အတူပဲ မိုဘိုင်းတယ်လီဖုန်းမှာ အင်တာနက် တပ်ဆင်လိုက်တဲ့အခါမှာ အင်တာနက်သုံးစွဲသူတွေများပြားလာတဲ့အတွက် အင်တာနက် Expansion လုပ်ဖို့အတွက်ကို ရန်ကုန်၊ ပဲခူး၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ နေပြည်တော်၊ ရခိုင်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်တို့မှာရှိတဲ့ GSM Telephone တွေကို မိနစ် ၃၀ လောက် ဆက်သွယ်မှုခေတ္တ ဆိုင်းငံ့မယ်ဖြစ်တဲ့အကြောင်းကို ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာမှာ၊ ကြေးမုံသတင်းစာမှာ ထည့်သွင်းကြေညာခဲ့ပါတယ်၊ အဲသလိုပဲ ဆက်သွယ်မှုပြတ်တောက်တဲ့ကိစ္စရပ်များအပြင် အော်တိုတယ် လီဖုန်းတွေဟာ ယခင်က ကျွန်တော်တို့ ယခုလည်းပဲကျန်ပါတယ်။ Post Paid  တွေဖြစ်ပါတယ်။ Post Paid  တွေကို ကျွန်တော်တို့က Prepaid ငွေသွားဆောင်တဲ့ စနစ်ကနေ Prepaid စနစ်ကို ‌ွပောင်းလဲ အသုံးပြုလိုရင်‌ွပောင်းလဲအသုံးပြုနိုင်ကြောင်းကို ၁-၃-၂၀၁၂ ရက်နေ့မှာ စတင်ပြီးဆောင်ရွက် မယ့်အကြောင်းကို ဖေဖော်ဝါရီလ ၁၈ ရက် ၂၀၁၂ ခုနှစ်မှာ ကျွန်တော်တို့ကြေညာခဲ့ပါတယ်။ ထို့အတူပဲ လက်ရှိ Post Paid သုံးနေတဲ့ GSM တွေကိုလည်း Prepaid ွပောင်းချင်တယ်ဆိုလို့ရှိရင် လည်းပြောင်းလို့ရအောင် ပြောင်းနိုင်ဖို့အကြောင်းကို ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၁၉ ရက် နေ့ထုတ် ကြေးမုံသတင်းစာမှာ ထည့်သွင်းကြေညာခဲ့ပါတယ်။ ထို့အတူပဲ Mobile တယ်လီဖုန်းတွေရဲ့ ကနဦးတပ်ဆင်ခတွေကို ကျပ် ၅ သိန်းကနေပြီးတော့ GSM တွေကိုနှစ်သိန်း၊ CDMA 450 ကိုနှစ်သိန်း၊ WCDMAကို နှစ်သိန်းခွဲ၊ CDMA 800 ကို နှစ်သိန်းခွဲ စသဖြင်‌့ ဒါတွေကို လျှော့ချမယ်ဆိုတာကိုလည်း ၂၀၁၂ ခုနှစ် မတ်လ ၆ ရက်နေ့ထုတ်ကြေးမုံသတင်းစာမှာကြေညာခဲ့ပါတယ်။ ဒါ့အပြင် ကျွန်တော်တို့ တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရအဖွဲ့တွေရဲ့ ကြီးကြပ်မှုနှင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတွေနှင့် ဒေသတွင်း ဆက်သွယ်မှုဆောင်ရွက်နေတဲ့ ကုမ္ပဏီတွေနှင့်ညှိနှိုင်းပြီးတော့ GSM UMTS Mobile Telephone တွေကို ရောင်းချသွားမယ့်အစီအစဉ်တွေကိုလည်း ၂၀၁၂ ခုနှစ် မတ်လ ၇ ရက် နေ့မှာထုတ်တဲ့ မြန်မာ့အလင်းသတင်းစာမှာ ထည်‌့သွင်းပြီးကြေညာခဲ့ပါတယ်။ နေပြည်တော် အပါအဝင် ပြည်နယ်နှင့်တိုင်းဒေသအသီးသီးမှာ တာဝန် ထမ်းဆောင်နေကြတဲ့ ဝန်ကြီးဌာနအသီးသီးမှာရှိတဲ့ နိုင်ငံ့ ဝန်ထမ်းတွေကို အရစ်ကျစနစ်ဖြင့် Mobile Telephone တွေကိုကိုင်ဆောင်သုံးစွဲနိုင်ဖို့ ရောင်းချ ပေးသွားမယ်ဆိုတဲ့အကြောင်းကို ၂၀၁၂ ခုနှစ် သြဂုတ်လ ၄ ရက်နေ့ထုတ် ကြေးမုံသတင်းစာမှာ ကြေညာခဲ့ပါတယ်။ ထို့အတူပဲ ကျွန်တော်တို့ နိုင်ငံနှင့်အဝှမ်း အင်တာနက်အသုံးပြုဖို့ အသုံးပြုတဲ့ အခြေအနေတိုးတက်မြင့်မားလာဖို့အတွက် သင့်လျော်မျှတတဲ့နှုန်းထားနဲ့ ပြည်သူတွေကို ကျယ်ကျယ် ပြန့်ပြန့် အင်တာနက်အသုံးပြုနိုင်ဖို့ရည်ရွယ်ပြီးတော့ နိုဝင်ဘာလ ၁ ရက်နေ့ကစပြီးတော့ ADSL တပ်ဆင်ခနှုန်းထားတွေကို ယခင်ကျပ် ၆၀၀၀၀၀  ကနေပြီးတော့ ကျပ် ၅၀၀၀၀ ကိုလျှော့ချခြင်း နောက်လစဉ်  သုံးတဲ့ Plus A 512kb Percent  Fund ကိုလည်း လစဉ် ကျပ် ၃၀၀၀၀ ကနေ ကျပ် ၁၇၀၀၀ ထိ လျှော့ခြျခင်းတို့ကို ၂၀၁၂ ခုနှစ် အောက်တိုဘာ ၁၈ ရက်နေ့ထုတ် မြန်မာအလင်း သတင်းစာ စာမျက်နှာ ၃၊ ကြေးမုံသတင်းစာ စာမျက်နှာ ၁ စသည်ဖြင့်  ပိုးစာတွေဖြင့် ဒါတွေကို ထည်‌့သွင်းကြေညာခဲ့ပါတယ်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ရုံးချုပ်အခြေစိုက် မိုဘိုင်းဆက်သွယ်ရေး စခန်းက တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက်တပ်ဆင်ထားတဲ့ CDMA, GSM, Radio စခန်းတွေကို သက်ဆိုင်ရာစနစ်အလိုက် ထိန်းချုပ်စခန်းသီးသီးကနေပြီးတော့ ချိတ်ဆက်ထားပါတယ် အဲဒါတွေ အကြောင်းအမျိုးမျိုးကြောင့် လိုင်းကျသွားမယ်ဆိုလို့ရှိရင် CDMA 450 စနစ်အတွက် ထိန်းချုပ် စက်ခန်း ဖုန်းနံပါတ် ၀၁ ၅၅၈၆၆၈၊ GSM စနစ်အတွက်  ၀၁ ၅၃၂၂၅၇၊ အဲဒီကို ကျွန်တော်တို့ အကြောင်းကြားနိုင်ပါတယ်။ ဒါ့အပြင် မိမိအခြားသိရှိလိုတာရှိရင် သတင်းပြန်ကြားရေး တာဝန်ခံ ဦးကျော်စိုး ၀၉၅၀၂၁၀၄၄ အဲဒီကို မိမိသိရှိလိုတာ၊ မိမိဆောင်ရွက်ချင်တဲ့ဟာတွေ နောက် အခြေအနေတွေကို  အကြောင်းကြားနိုင်ပါကြောင်း ကျွန်တော်တို့ဖြေကြားအပ်ပါတယ်။ ဒါမှမဟုတ် ကိုယ်ကိုင်ဆောင်တဲ့ လက်ကိုင်ဖုန်း ဒါမှမဟုတ် အထိုင်ဖုန်း ချို့ယွင်း၊ ဆက်သွယ်မှုပြတ်တောက် ခဲ့မယ်ဆိုရင် သက်ဆိုင်ရာဌာနမှာရှိတဲ့ မြန်မာ့ဆက်သွယ်ရေးဌာနလုပ်ငန်းကို ဆက်သွယ်ပြီးတော့ စစ်ဆေးဆောင်ရွက်နိုင်ပါကြောင်း ဖြေကြားအပ်ပါတယ်။

ဦးစိုးရယ်၊ ဒီမောဆိုမဲဆန္ဒနယ်က ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ တိုင်းဒေသကြီးအစိုးရ သို့မဟုတ် ပြည်နယ်အစိုးရများအား အောက်ခြေနိုင်ငံ့ဝန်ထမ်းများနှင့် စပ်လျဉ်း၍ စီမံခန့်ခွဲခွင့် ပြုနိုင်ရန် ပြည်ထောင်စုအစိုးရသို့ တိုက်တွန်းကြောင်း အဆိုတင်သွင်းခြင်းနှင့် လက်ခံဆွေးနွေးရန် သင့်၊ မသင့် အဆုံးအဖြတ်ရယူခြင်း

ဥက္ကဋ္ဌ။           ။ အစီအစဉ် ၆ ဖြစ်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ဒီမောဆိုမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုးရယ်အား အဆိုတင်သွင်းဖို့ ဖိတ်ခေါ်ပါတယ်။

ဦးစိုးရယ် (ဒီမောဆိုး မဲဆန္ဒနယ်)။               ။ ရိုသေလေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသော  ဧည်သည်တော်များအားလုံးကို မင်္ဂလာပါလို့ ဦးစွာဂါရဝပြု နှုတ်ခွန်းဆက်သအပ်ပါတယ်။ ကျွန်တော်ကတော့ ကယားပြည်နယ်၊ ဒီမောဆိုမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုးရယ်ဖြစ်ပါတယ်။ လေးစားအပ်ပါ သော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးခင်ဗျား။ ပထမအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန် အစည်းအဝေးနဲ့ စတုတ္ထပုံမှန်အစည်းအဝေးတို့အကြား လွှတ်တော်ရပ်နားစဉ် ကာလအတွင်း၌ ပြည်သူ့လွှတ်တော် တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီသည် အမျိုးသားလွှတ်တော် တိုင်းရင်းသားရေးရာ ကော်မတီနှင့် ပူးပေါင်းပြီး တိုင်းရင်းသားရေးရာ ကိစ္စရပ် များ မြှင့်တင်ပေးနိုင်ရေးအတွက် ၂၀၁၂ ခုနှစ်၊ မေလနောက်ဆုံးပတ်မှ ဇွန်လဒုတိယပတ်အထိ တိုင်းဒေသကြီး ၇ ခု၊   ပြည်နယ် ၇ ခုဒေသများသို့ ကွင်းဆင်းလေ့လာခဲ့သော ခရီးစဉ်မှာ မိမိကကော်မတီအဖွဲ့ဝင် တစ်ဦးအနေဖြင့် လိုက်ပါဆောင်ရွက်ခဲ့ပါတယ်ခင်ဗျား။  အဆိုပါလေ့လာရေး ခရီးစဉ်၌ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့  ရောက်ရှိတိုင်းမှာ အစိုးရအဖွဲ့၊ လွှတ်တော်  တရားသူကြီးချုပ်၊ ဥပဒေချုပ်၊ စာရင်းစစ်ချုပ်၊ တိုင်းရင်းသား ခေါင်းဆောင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ မြို့မိမြို့ဖများနှင့် တွေ့ဆုံပွဲများတွင်  ဒေသအနှံမှ တူညီသော ဆန္ဒသဘော ထားများွဖင့်တင်ပြလာတဲ့  တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရများမှ ဒေသတွင်း တာဝန်ထမ်းဆောင်နေကြသော နိုင်ငံ့ဝန်ထမ်းများဆိုင်ရာ  စီမံခန့်ခွဲခွင့်ကို ဖွဲ့စည်းပုံအ‌ခြေခံဥပဒေနှင့်အညီ ပြည်ထောင်စုအစိုးရအဖွဲ့က ဆောင်ရွက်ပေးနိုင်ရေးအတွက်  အလေးအနက်ထားပြီး တင်ပြလာခြင်းကို မှတ်သားခဲ့ရပါတယ်ခင်ဗျား။ 

လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးခင်းဗျား။  ဖွဲ့စည်းပုံအ‌ခြေခံဥပဒေ ပုဒ်မ ၂၅၆ ၌ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရသည် အပိုဒ်ခွဲ (က) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးဌာနများနှင့်  ယင်းတို့၏ လက်အောက်အစိုးရဌာနများ၊ အဖွဲ့အစည်းများ၏ လုပ်ငန်းဆောင်ရွက်မှုများကို ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါပြဋ္ဌာန်းချက်များနှင့် အညီဖြည့်စည်းရန်လည်းကောင်း၊ အပိုဒ်ခွဲ (ခ) မိမိတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အတွင်း တာဝန်ထမ်းဆောင်လျက်ရှိသော နယ်ဘက်ဝန်ထမ်း အဖွဲ့အစည်းများ၏ လုပ်ငန်း ဆောင်ရွက်မှုများကိုလည်း ဥပဒေနှင့်အညီ ကြီးကြပ်ခြင်း၊ စစ်ဆေးခြင်း၊ ပေါင်းစပ်ညှိုနှိုင်းပေးခြင်း ပြုနိုင်သည်ဟူ၍လည်းကောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၅၇ မှာ လည်း တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရသည် နိုင်ငံ့ဝန်ထမ်းဆိုင်ရာ ပြည်ထောင်စု ဥပဒေနှင့်လည်းကောင်း၊ ပြည်ထောင်စု အစိုးရနှင့်ကြိုတင်ညှိုနှိုင်း၍ လည်းကောင်း မိမိတာဝန်ယူ အကောင်အထည်ဖော်ဆောင်ရွက်ရသည့် လုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် အပိုဒ်ခွဲ (က) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဆိုင်ရာ နယ်ဘက်ဝန်ထမ်းအဖွဲ့အစည်းများကို  လိုအပ်သလို  ဖွဲ့စည်းနိုင်သည်။ အပိုဒ်ခွဲ (ခ)  လိုအပ်သောနယ်ဘက်ဝန်ထမ်းများ ကို ခန့်အပ်နိုင်သည်လို့ ပြဋ္ဌာန်းပါရှိပါတယ်ခင်ဗျား။ သို့ရာတွင် လက်တွေ့၌ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ပြီး ထိရောက်သည့် စီမံခန့်ခွဲမှုများ ဆောင်ရွက်နိုင်ရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် လိုက်လျောညီထွေရှိသော နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းနှင့် လုပ်ထုံးလုပ်နည်း အစရှိသည်တို့ မရှိသေးပါသဖြင့် အုပ်ချုပ်ရေးဆိုင်ရာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများက ကူညီဆောင်ရွက်ပေးရန် လိုအပ်မှာဖြစ်ပါတယ်။ တိုင်းဒေသကြီးနှင့် ပြည်နယ်အတွင်းရှိ အချို့ဒေသများ၌ ဝေးလံခေါင်သီပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲသောနေရာဒေသများမှာ ပညာရေးဝန်ထမ်း ဆရာ ဆရာမများ၊ ကျန်းမာရေးဝန်ထမ်း သူနာပြုနှင့် သားဖွားဆရာမများ၊ အလားတူ ဌာနဆိုင်ရာဝန်ထမ်းများ ခန့်ထားပေးသော်လည်း သွားရောက်တာဝန်ထမ်းဆောင်မှုမရှိသည်ကို တွေ့ရသဖြင့် ဒေသအတွက် အမှန်တကယ်လိုအပ်ပြီး သွားရောက်နေထိုင် တာဝန်ထမ်းဆောင် နိုင်သည့် ဝန်ထမ်းများကို ဖြည့်ဆည်းခန့်ထားပိုင်ခွင့်၊ ‌ပြောင်းရွှေ့ခန့်ထားပိုင်ခွင့်တို့ကို တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရက လက်ရှိ၌ဆောင်ရွက်နိုင်ခြင်း မရှိတဲ့အတွက် တိုင်းရင်းသားများ၏ လူမှုရေးလိုအပ်ချက်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရန် လိုအပ်မှာဖြစ်ပါတယ်။ ဒေသအနေအထားများကို လိုက်လျောညီထွေရှိပြီး အမြဲတမ်းတာဝန်ထမ်းဆောင်နိုင်မယ့် ဒေသခံဝန်ထမ်းများကို ဦးစားပေးခန့်ထား တာဝန်ပေးအပ်ခြင်းနှင့် နယ်မြေဒေသရဲ့ အခြေအနေကို အသေးစိတ်လေ့လာမှုပြုပြီး ဒေသဖွံဖြိုးရေးလုပ်ငန်းများကိုလည်း ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်မယ့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရအဖွဲ့များအား  ဝန်ထမ်းဆိုင်ရာ စီမံခန့်ခွဲမှုကို ဆောင်ရွက်ခွင့်ပေးသင့်ပါကြောင်း လေ့လာတွေ့ရှိရပါတယ်။ သို့မှသာလျှင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့သည် စီမံအုပ်ချုပ်မှုဆိုင်ရာကဏ္ဍ၌ တာဝန်ယူမှု၊ တာဝန်ခံမှု ပိုမိုအားကောင်းလာပြီး မျက်မှောက်ကာလမှာ နိုင်ငံတော်ကဖော်ဆောင်နေတဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်နဲ့ ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ရာမှာလည်း လျင်မြန်သွက်လက်စေပြီး နိုင်ငံအဝှမ်းအမြန် ဖွံဖြိုးတိုးတက်လာမှာ ဖြစ်ပါတယ်။ ဒါ့အပြင် လက်တွေ့လုပ်ငန်းများ အကောင်အထည်ဖော်ရာမှာလည်း ထိရောက်မှုရှိပြီး ပြည်သူ့ဆန္ဒကို ဆောင်ကျဉ်းပေးရာလည်း ရောက်မှာ ဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ တိုင်းရင်းသားများ၏ လူမှုစီးပွားဘဝ ပိုမိုတိုးတက်ဖြစ်ထွန်းလာရေး ရှေးရှုပြီး တိုင်းရင်းသားရေးရာတင်ပြချက်ကို  လွှတ်တော်က အကောင်အထည်ဖော်ပေးရန်နှင့် ပြည်ထောင်စုအစိုးရအဖွဲ့မှ ကူညီဆောင်ရွက် ပေးနိုင်ရန်အတွက် ပြည်သူ့လွှတ်တော် တိုင်းရင်းသား ရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှုကော်မတီ၊ အမျိုးသားလွှတ်တော် တိုင်းရင်းသား ရေးရာ ကော်မတီတို့ရဲ့ ကိုယ်စား ဖွဲ့စည်းပုံ အခြေခံဥပဒေပါပြဋ္ဌာန်းချက်များနှင့်အညီ တိုင်းဒေသကြီး အစိုးရ သို့မဟုတ် ပြည်နယ် အစိုးရအဖွဲ့များအား အောက်ခြေ နိုင်ငံ့ဝန်ထမ်း ခန့်ထားနိုင်ရေးနှင့် စပ်လျဉ်း၍   စီမံခန့်ခွဲခွင့်ပြုနိုင်ရန် ပြည်ထောင်စုအစိုးရသို့ တိုက်တွန်းကြောင်း အဆိုကို ဥက္ကဋ္ဌကြီးမှ တစ်ဆင့်  ပြည်သူ့လွှတ်တော်သို့ လေးလေးနက်နက် တင်သွင်း အပ်ပါတယ် ခင်ဗျား။ (သြဘာသံများ)

ဥက္ကဋ္ဌ။           ။ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ အခု ဒီမောဆိုမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုးရယ်  တင်ပြခြင်းဟာ လွှတ်တော်ရပ်နားချိန်များအတွင်းမှာ တိုင်းရင်းသားနှင့် ပြည်တွင်း ငြိမ်းချမ်းမှုဖော်ဆောင်ရေးကော်မတီက သက်ဆိုင်ရာနယ်‌မြေအသီးသီး သွားရောက်လေ့လာတဲ့အခါမှာ နယ်မြေမှာ ရှိကြတဲ့ တာဝန်ရှိသူပုဂ္ဂိုလ်များနှင့်ပြည်သူများရဲ့ တင်ပြချက်ပေါ် မူတည်ပြီးတော့ အဆိုတစ်ခု အဖြစ်တင်ပြလာခြင်း ဖြစ်ပါတယ်။ ဒီအဆိုကို ပြန်လေ့လာတဲ့ အခါမှာလည်း ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၂၅၆၊ ၂၅၇ မှာလည်း တိတိကျကျ ဖော်ပြသတ်မှတ်ထားတာရှိကြောင်း တွေ့ရပါတယ်။ သို့ရာတွင် တင်ပြချက်အရရော၊ လေ့လာချက်များအရပါ လက်တွေ့တိုင်းဒေသကြီးနှင့် ပြည်နယ်များမှာ တင်ပြသွားတဲ့ အဆိုအတိုင်း အခက်အခဲရှိနေကြောင်းလည်း ကြားသိနေရတာအမှန်ပဲ ဖြစ်ပါတယ်။ သို့ရာတွင် ဒီနေ့လွှတ်တော်အစည်းအဝေးကို တက်ရောက်လာတဲ့ ပြည်ထောင်စုဝန်ကြီး ဦးစိုးမောင်နဲ့ လွှတ်တော်အစည်းအဝေးမတိုင်ခင် ကျွန်တော်တို့ ဆွေးနွေးမှုပြုပါတယ်။  ပြုတဲ့အခါမှာ ဦးစိုးမောင်ရဲ့ ဆွေးနွေးတင်ပြချက်ကလည်း လက်ခံမယ်ဆို လက်ခံနိုင်တဲ့ အနေအထားရှိတဲ့အတွက် သာမန်လုပ်ရိုးလုပ်စဉ်အရ  အဆိုကိုထောက်ခံမယ့် ကိုယ်စားလှယ်ကို မဖိတ်ခေါ်ခင် အစည်းအဝေးရဲ့အချိန်လည်း ထိထိရောက်ရောက် အသုံးပြုနိုင်အောင် ဒီနေ့အစည်းအဝေးကို တက်ရောက်လာတဲ့ ပြည်ထောင်စုဝန်ကြီး ဦးစိုးမောင်က အခုအဆိုနဲ့ပတ်သက်ပြီးတော့  ပြန်လည်ရှင်းလင်း တင်ပြဖို့ ဖိတ်ခေါ်ပါတယ်။

ဦးစိုးမောင်(ပြည်ထောင်စုဝန်ကြီး၊ သမ္မတရုံးဝန်ကြီးဌာန(၂))။                  ။ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များ ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းနှင့် ပြည့်စုံကြပါစေလို့ ဆုမွန်ကောင်း တောင်းအပ်ပါတယ်။ ကျွန်တော်ကတော့ သမ္မတရုံး၊ ဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီး ဦးစိုးမောင် ဖြစ်ပါတယ်။ ဦးစိုးရယ်ရဲ့ အဆိုနဲ့ပတ်သက်လို့ သူ့အဆိုမှာ ရှင်းလင်းချက်ထဲမှာပါရှိသွားသလိုပဲ ကျွန်တော်တို့ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၅၇ မှာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရသည် နိုင်ငံ့ဝန်ထမ်းဆိုင်ရာ ပြည်ထောင်စုဥပဒေနှင့် အညီလည်းကောင်း၊ ပြည်ထောင်စုအစိုးရနှင့် ကြိုတင်ညှိုနှိုင်း၍ လည်းကောင်း မိမိတာဝန်ယူ အကောင်အထည်ဖော်ျ ရသည့် လုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် ပုဒ်မခွဲ (က) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဆိုင်ရာနယ်ဘက်ဝန်ထမ်း အဖွဲ့အစည်းများကို လိုအပ်သလို ဖွဲ့စည်းနိုင်သည်။ ပုဒ်မခွဲ (ခ) လိုအပ်သော နယ်ဘက်ဝန်ထမ်းများကို ခန့်အပ်နိုင်သည်လို့ ပြဋ္ဌာန်းထားပြီးဖြစ်ပါတယ်။ လက်တွေ့လည်း ကျွန်တော် တို့ ဆောင်ရွက်လျက်ရှိပါတယ်။ တချို့သော ရုံးလုပ်ငန်းလေးတွေမှာ ဒီမကျွမ်းကျင်မှုကြောင့် ကျွန်တော်တို့ ဒီအဖုအထစ်ဖြစ်နေတာကလွဲလို့ ကျွန်တော်တို့ အနေနဲ့ ဒီပြည်နယ်နှင့်တိုင်းအစိုးရအဖွဲ့နှင့် ပြည်ထောင်စုအစိုးရ ဝန်ကြီးဌာနများ ညှိုနှိုင်းပြီးတော့ နယ်ဘက်ဆိုင်ရာ ဝန်ထမ်းများကို ကျွန်တော်တို့လိုအပ်တဲ့နေရာမှာ လိုအပ်သလို အရည်အချင်းပြည့်မီတဲ့ ပုဂ္ဂိုလ်များကို ကျွန်တော်တို့ ရွေးချယ်ခန့်ထားပေးလျှက်ရှိပါတယ်။ အ‌ပြောင်းအရွှေ့ကအစ  ဒီပြည်နယ်တိုင်း အစိုးရအဖွဲ့ဝန်ကြီးများက တင်ပြလာလို့ရှိရင် ပြည်ထောင်စုအစိုးရ ဝန်ကြီးများအနေနဲ့ အဆင်‌ပြေအောင်ဆောင်ရွက်ပေးတာ ရှိတဲ့အတွက် ဦးစိုးရယ်ရဲ့ အဆိုကိုမှတ်တမ်းသာ တင်ပေးနိုင်ပါရန် တင်ပြအပ်ပါတယ်။ ကျေးဇူးတင်ပါတယ်။

ဦးစိုးရယ် (ဒီမောဆိုး မဲဆန္ဒနယ်)။     ။ လေးစားအပ်ပါသော ဥက္ကဋ္ဌကြီး ခင်ဗျား။ ခုလိုမိမိတင်သွင်းတဲ့ အဆိုနဲ့စပ်လျဉ်းပြီးတော့ ပြန်လည်ရှင်းလင်းဆွေးနွေးပေးပါသော သမ္မတရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကို အထူးပင်ကျေးဇူးတင်ရှိပါကြောင်း ဦးစွာ‌ပြောကြားလိုပါတယ်။ ပြည်ထောင်စုဝန်ကြီး ရှင်းလင်းသွားသလိုပါပဲ။ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်နှင့်အညီ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရက နိုင်ငံ့ဝန်ထမ်းဆိုင်ရာ စီမံခန့်ခွဲခွင့်ကို ဆက်လက်အကောင်အထည်ဖော်  ဆောင်ရွက်ပေးသွားမယ်ဆိုရင် မိမိရဲ့အဆိုနဲ့ ပတ်သက်ပြီးတော့မှ ပြည်ထောင်စုဝန်ကြီး တင်ပြသွားသလို မှတ်တမ်းအဖြစ် လက်ခံထားရှိမှုကို သဘောတူပါကြောင်း လေးစားစွာ တင်ပြအပ်ပါတယ်။ (သြဘာသံများ )

          ဥက္ကဋ္ဌ။  ။ အဆိုတင်သွင်းသူရော၊ အဆိုနဲ့ပတ်သက်လို့ ရှင်းလင်းတင်ပြတဲ့ ပြည်ထောင်စုဝန်ကြီး ရှင်းလင်းပြသလိုပဲ တချို့ကိစ္စတွေမှာ ဥပဒေက ပြဋ္ဌာန်းသတ်မှတ်ထားသော်လည်း ဒီဥပဒေကို အကောင်အထည်ဖော်တဲ့နေရာမှာ အပေါ်ပိုင်းက လိုအပ်တာရှိသလို အောက်ပိုင်းကလည်း လိုအပ်တာ တွေ ရှိပါတယ်။ အမှန်ကတော့ ဥပဒေမှာ ရှိပြီးဖြစ်တဲ့အတိုင်း ဥပဒေအတိုင်းသာအားလုံး ဆောင်ရွက်ကြ မယ်ဆိုရင် ဘာမှအဆင်မပြေနိုင်စရာ အကြောင်းမရှိပါဘူး။ ဒါကြောင့် ဦးစိုးရယ်တို့ တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးကို သွားရောက်တဲ့အခါမှာ သက်ဆိုင်ရာ တိုင်းဒေသကြီးနဲ့ ပြည်နယ်မှာ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်များက ပေါ်ပေါက်လာတာပဲ ပြည်ထောင်စုလွှတ်တော်ကနေပြီးတော့ ဖွဲ့စည်းပေးလိုက်တဲ့ ပူးပေါင်းကော်မတီလာတာပဲ။ ဒါကြောင့်မို့လို့ တင်ပြမယ်ဆိုပြီးတော့ တင်ပြလိုက်ပေမယ့် တကယ်တမ်းကျတော့ ဖွဲ့စည်းပုံအ‌ခြေခံဥပဒေပုဒ်မ ၂၅၆ နဲ့  ၂၅၇ မှာပါတဲ့အတိုင်း တိုင်းဒေသကြီး အစိုးရနဲ့ ပြည်ထောင်စုအစိုးရတို့ ပူးပေါင်းဆောင်ရွက်မယ်ဆိုလို့ရှိရင် အဆင်မပြေနိုင်စရာ အကြောင်း မရှိပါဘူး။ လက်တွေ့ဆောင်ရွက်ဖို့သာ လိုပါတယ်။ ဒါ‌ကြောင့်မို့လို့ ဦးစိုးရယ်ကို တင်ပြဆွေးနွေး လိုက်တဲ့ သက်ဆိုင်ရာတိုင်းဒေသကြီးနဲ့ ပြည်နယ်က ပုဂ္ဂိုလ်များကိုလည်း ဒီအခြေအနေလေး ပြန်ပြီးတော့ ဦးစိုးရယ်ကတစ်ဆင့် ပြန်လည်အကြောင်းကြားပေးစေလိုပါတယ်။ ဒါကြောင့် ဒီနေ့ မှာတော့ ဒီမောဆိုမဲဆန္ဒနယ်က ဦးစိုးရယ် အဆိုတင်သွင်းခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနဲ့အညီ တိုင်းဒေသကြီးအစိုးရ သို့မဟုတ် ပြည်နယ်အစိုးရများအား အောက်‌ခြေ နိုင်ငံ့ဝန်ထမ်းများနဲ့စပ်လျဉ်း၍ စီမံခန့်ခွဲခွင့်ပြုနိုင်ရန် ပြည်ထောင်စုအစိုးရသို့ တိုက်တွန်းကြောင်း အဆိုနဲ့ပတ်သက်ပြီး အမှန်တကယ်ကျတော့ ပြည်ထောင်စုအစိုးရပင်မကပါဘူး။ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရဝန်ကြီးများမှာပါ တာဝန်ရှိပါတယ်။ နှစ်ဦးနှစ်ဖက် ပေါင်းစပ်လုပ်လို့ရမယ့်ကိစ္စကို ပေါင်းစပ်မလုပ်ဘဲနဲ့ လုပ်ရမှန်းမသိဘဲနဲ့ ထားရှိမယ်ဆိုလို့ရှိရင်တော့ ခုနက ဖြစ်ပေါ်တဲ့ အခက်အခဲ မျိုးတွေ ဖြစ်နေမှာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဒီအဆိုကိုတော့ ကျွန်တော်တို့ လွှတ်တော်အနေနဲ့ မှတ်တမ်းတင်ထားရှိပြီးတော့ သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်အစိုးရများကိုလည်း ဦးစိုးရယ်မှ တစ်ဆင့်ပဲ ပြန်လည်ဆောင်ရွက်ပေးဖို့ဖြစ်ပါတယ်။ ဒါကြောင့် ဦးစိုးရယ်၊ ဒီမောဆိုမဲဆန္ဒနယ်ရဲ့ အဆိုအား ပြည်သူ့လွှတ်တော်မှာ မှတ်တမ်းတင်ထားရှိပြီး ဆောင်ရွက်သွားမှာဖြစ်ကြောင်း ကြေညာ ပါတယ်။ (သြဘာသံများ)

 

အမျိုးသားလွှတ်တော်မှ အတည်ပြုချက်ဖြင်‌့ပေးပို့သော တရားရုံးများကို မထီမဲ့မြင်ပြုမှု ဥပဒေကြမ်းနှင်‌့စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီက ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို တင်သွင်းခြင်း

          ဥက္ကဋ္ဌ။      ။ အစီအစဉ် ၈ ဖြစ်ပါတယ်။  လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ အမျိုးသားလွှတ်တော်မှာ စတင်တင်သွင်းပြီး အတည်ပြုချက်ဖြင့် ပေးပို့ခဲ့တဲ့ တရားရုံးများကို မထီမဲ့မြင်မှုဥပဒေကြမ်းရရှိကြောင်းကို ၂၁-၈-၂၀၁၂ ရက်နေ့မှာ လွှတ်တော်သို့ တင်ပြခဲ့ပြီး ကိုယ်စားလှယ်များထံ ဥပဒေကြမ်းမိတ္တူများကိုလည်း တစ်ပါတည်းဖြန့်ဝေပြီး ဖြစ်ပါတယ်။ ဒီဥပဒေကြမ်းနှင့်စပ်လျဉ်းပြီး အစီရင်ခံစာတင်သွင်းရန် ဥပဒေကြမ်း ကော်မတီအား ဖိတ်ခေါ်ပါတယ်။

          ဦးသိန်းထွန်းဦး(အမရပူရမဲဆန္ဒနယ်)။။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့်  ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ကျွန်တော်ကတော့ မန္တလေးတိုင်းဒေသကြီး၊ အမရပူရ မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီဝင် ဦးသိန်းထွန်းဦး ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ၏ တာဝန်ပေးချက်အရ ကော်မတီ၏ကိုယ်စား စိစစ်တွေ့ရှိချက်အစီရင်ခံစာကို တင်သွင်းသွားမှာ ဖြစ်ပါတယ်။ စိစစ်တွေ့ရှိချက် ကန့်လန့်ဖြတ်ဇယားနဲ့ အစီရင်ခံစာတို့ကို လွှတ်တော်ကိုယ်စားလှယ်တော်ကြီးများသို့ ကြိုတင်ဖြန့်ဝေ ထားပြီး ဖြစ်ပါတယ်။ အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်များဖြင့် အတည်ပြုပြီး ပေးပို့လာသော တရားရုံးများ မထီမဲ့မြင်ပြုမှု ဥပဒေကြမ်းအပေါ် ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ၏ စိစစ် တွေ့ရှိချက်အစီရင်ခံစာ -

၁။       ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ ပေးပို့သော တရားရုံးများမထီမဲ့မြင်ပြုမှုဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်မှ ပေးပို့လာရာ အမျိုးသားလွှတ်တော်တွင် ၃၁-၇-၂၀၁၂ ရက်နေ့တွင် စတင် တင်သွင်းခဲ့ပြီး ၁၄-၈-၂၀၁၂ ရက်နေ့ အမျိုးသားလွှတ်တော်အစည်းအဝေး၌ ပြင်ဆင်ချက်များဖြင့် အတည်ပြုခဲ့ပါသည်။

၂။       ယင်းဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်တွင် ဆွေးနွေးနိုင်ရန် အမျိုးသားလွှတ်တော်မှ  ပေးပို့ခဲ့ရာ ပြည်သူ့လွှတ်တော်ဥပဒေကြမ်းကော်မတီသည် ယင်းဥပဒေကြမ်းကို အ‌ခြေခံရမည့်မူ ၁၂ ချက်နှင့်အညီ ၃-၉-၂၀၁၂ ရက်နေ့တွင် အစည်းအဝေးကျင်းပပြီး လေ့လာစိစစ်ခဲ့ကြပါသည်။

၃။       တရားရုံးများမထီမဲ့မြင်ပြုမှုဥပဒေကြမ်းတွင် အခန်း ၆ ခန်းနှင့် အပိုဒ်ပေါင်း ၁၅ ခု ပါရှိ၍ ယင်းဥပဒေမူကြမ်းအပေါ်တွင် အမျိုးသားလွှတ်တော်က အပိုဒ်တစ်ခုဖြည့်စွက်ပြီး အပိုဒ်ပေါင်း ၁၆ ခု ဖြင့် အတည်ပြုခဲ့ပါသည်။

၄။       အမျိုးသားလွှတ်တော်၏ ပြင်ဆင်ချက်များနှင့် မူလဥပဒေတို့အပေါ်တွင် အပိုဒ်တစ်ခုချင်း အလိုက် လေ့လာစိစစ်ကြရာ တွေ့ရှိချက်များမှာ မူလပြဋ္ဌာန်းချက်အပေါ် အမျိုးသားလွှတ်တော်က ဥပဒေခေါင်းစဉ်၊ နိဒါန်း၊ အပိုဒ် ၁၊ အပိုဒ် ၂ အပိုဒ်ခွဲ(ဂ)၊ အပိုဒ် ၃၊ အပိုဒ် ၄၊ အပိုဒ် ၅၊ အပိုဒ် ၆၊ အပိုဒ် ၇၊ အပိုဒ် ၈၊ အပိုဒ် ၉၊ အပိုဒ် ၁၀၊ အပိုဒ် ၁၁၊ အပိုဒ် ၁၂၊ အပိုဒ် ၁၃ တို့ကို ပြင်ဆင်ဖြည့်စွက်ပြီး အတည်ပြုခဲ့ကြောင်း တွေ့ရှိရပါသည်။ ယင်းပြင်ဆင်ချက်များသည် မျက်မှောက်ခေတ်တရားရုံး၏ မှန်ကန်လွတ်လပ်စွာ တရားစီရင်ရေး၊ တရားရုံး၏ ဂုဏ်သိက္ခာနှင့် အများပြည်သူ၏ ယုံကြည်ကိုးစားမှု ကို မထိခိုက်စေရန်အတွက် ပြင်ဆြင်ဖည်‌့စွက်ခဲ့ကြောင်း တွေ့ရှိရပါသည်။

၅။       ပြည်သူ့လွှတ်တော်ဥပဒေကြမ်းကော်မတီသည် အမျိုးသားလွှတ်တော်က ပေးပို့လာသော တရားရုံးများ မထီမဲ့မြင်ပြုမှုဥပဒေကြမ်းအပေါ်တွင် အမျိုးသားလွှတ်တော်က ပြင်ဆင်အတည်ပြုထား သည့်အချက်များအနက် အခန်း(၂) ပုဒ်မ ၅ အား မူလအတိုင်း ထားရှိရန်မှအပ ကျန်ရှိနေသော ပြင်ဆင်အတည်ပြုချက်များကို အတည်ပြုသင်‌့ပါကြောင်း စိစစ်တွေ့ရှိရပါသည်။

၆။       သို့ဖြစ်ပါ၍ ဤဥပဒေကြမ်းအား အတည်ပြုပြဋ္ဌာန်းနိုင်ရန်အတွက် ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၄၄ အရ စိစစ်ခဲ့ကြပြီး နည်းဥပဒေ ၄၅ နှင့်အညီ အတည်ပြုနိုင်ပါရန် လွှတ်တော်သို့ အစီရင်ခံတင်ပြအပ်ပါသည်ခင်ဗျား။

တရားရုံးများကို မထီမဲ့မြင်ပြုမှုဥပဒေကြမ်နှင်‌့စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်များရှိလျှင် အမည်စာရင်းတင်သွင်းနိုင်ကြောင်း ဥက္ကဋ္ဌကကြေညာခြင်း

          ဥက္ကဋ္ဌ။           ။ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ဥပဒေကြမ်းကော်မတီအနေနဲ့ ယင်းဥပဒေကြမ်းကို စိစစ်ပြီး ကော်မတီရဲ့အစီရင်ခံစာနဲ့အတူ လွှတ်တော်တွင် ဆွေးနွေးနိုင်ရန် တင်သွင်းရမှာ ဖြစ်ပါတယ်။ ဆွေးနွေးလိုတဲ့ကိုယ်စားလှယ်များရှိပါက ဆွေးနွေးလိုတဲ့ အပိုဒ်၊ အပိုဒ်ခွဲ၊ အကြောင်းအရာ၊ အချက်အလက်များကို တိကျစွာဖော်ပြ၍ ၂၆-၁၀-၂၀၁၂ ရက် ၁၂၀၀ နာရီ နောက်ဆုံးထားပြီး ပြည်သူ့လွှတ်တော်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်းပေးကြရန် ဖြစ်ကြောင်း အသိပေးကြေညာပါတယ်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ပထမအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး တတိယနေ့ ရပ်နားကြောင်းနှင်‌့ အစည်းအဝေး စတုတ္ထနေ့ ကျင်းပမည့်နေ့ရက်နှင့်အချိန်ကိုကြေညာခြင်း

          ဥက္ကဋ္ဌ။  ။ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ပထမအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေးရဲ့ တတိယနေ့အစီအစဉ် ရပ်နားပါ့မယ်။ ပထမအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး စတုတ္ထနေ့ကို မနက်ဖြန် ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက်(အင်္ဂါနေ့) ၁၀၀၀ နာရီအချိန်မှာ ဆက်လက်ကျင်းပမှာဖြစ်ကြောင်း ကြေညာပါတယ်။