Skip to main content

ပထမအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအ‌ဝေး ဒုတိယနေ့မှတ်တမ်း

ကြယ်ပွင့်ပြထားသည့် မေးခွန်းများကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များက မေးမြန်းခြင်းနှင့် သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များက ဖြေကြားခြင်း  

         

          ဦးဘရှိန်(ကျောက်ဖြူမဲဆန္ဒနယ်)။      ။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တော်ကြီးများ၊ ဧည့်သည်တော်များအားလုံး မင်္ဂလာပါခင်ဗျား။ ကျွန်တော်ကတော့ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမဲဆန္ဒနယ်မှ  ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဘရှိန်  ဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ဒီနေ့ ကျွန်တော် မေးမယ့်မေးခွန်းကတော့ ကျောက်ဖြူမြို့ ခရိုင်ဆေးရုံ ကြီးနှင့် ပတ်သက်တဲ့ မေးခွန်းဖြစ်ပါတယ်။ ခရိုင်ဆေးရုံကြီးအကြောင်းနှင့် ပတ်သက်ပြီးတော့ နည်းနည်း လေးပြောပြလိုပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ကျောက်ဖြူမြို့ ခရိုင်ပြည်သူ့ဆေးရုံးကြီးကို ၁၉၆၆ ခုနှစ်က ခုတင် ၁၀၀ ဆံ့ ဆေးရုံအဖြစ်သို့ တိုးမြှင့်ခဲ့ပါတယ်။ အခုဆိုရင် နှစ်ပေါင်း ၄၆ နှစ် သက်တမ်းရှိပါပြီ။ ခရိုင်ဆေးရုံကြီးကို ၁၉၈၈ ခုနှစ်အထိ အများပြည်သူတွေ အထူးအားကိုးခဲ့ကြပါတယ်။ ကျောက်ဖြူ ခရိုင်ဆေးရုံကြီးမှာ ခွဲစိတ်အထူးကု ဒေါက်တာဦးညီလင်း၊ ဆေးဝါးအထူးကု သမားတော် ဒေါက်တာ ဦးစောဝင်းဆိုတဲ့ ပုဂ္ဂိုလ်တွေဟာ ထင်ရှားတဲ့ စေတနာဆရာဝန်ကြီးတွေအဖြစ်နဲ့ ဒီဆေးရုံမှာ အမှုထမ်းဖူး ခဲ့ပါတယ်။

          ဥက္ကဋ္ဌကြီးခင်ဗျား။ ကျောက်ဖြူမြို့ ပြည်သူ့ဆေးရုံကြီးဟာ ခုတင် ၁၀၀ ဆေးရုံလို့ဆိုပေမယ့် လည်း ဝန်ထမ်းအင်အား ကြည့်မယ်ဆိုလိုရှိရင် စံချိန်မီ ခန့်ထားနိုင်ခြင်း မရှိသေးကြောင်းကိုလည်း သိရှိ ရပါတယ်။ လက်ထောက်မေ့ဆေးဆရာဝန်နှင့် လက်ထောက်သားဖွားဆရာဝန်တို့လည်း မရှိဘူးလို့ သိရ ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ခုတင် ၁၀၀ ဆေးရုံတွေမှာဆိုလို့ရှိရင် သူနာပြုအဆင့်(၃) အထက်တန်း ၁၆ ဦးရှိရမှာ ဖြစ်ပေမယ့်လည်း ကျွန်တော်တို့ ကျောက်ဖြူခရိုင်ဆေးရုံမှာ ၄ ဦးပဲ ရှိတယ်လို့ သိရပါ တယ်။ ထိုအတူပဲ သူနာပြု(၃)  ၅၀ ဦးရှိရမယ့်အစား ၁၀ ဦးပဲရှိတယ်လို့ သိရပါတယ်။ လက်ထောက် ဆရာဝန်တွေအနေနဲ့ကတော့ ၁၈ ဦးခန့်ထားရမယ်လို့ စာရင်းရှိပေမယ့်လည်း လက်ရှိအခြေအနေမှာ ၆ ဦးပဲ ခန့်ထားနိုင်တယ်လို့ သိရှိရပါတယ်။ ရောဂါရှာဖွေရေးနှင့် အရိုးရောဂါအထူးကု ဆရာဝန်တွေ လည်း မရှိဘူးလို့ သိရပါတယ်။ ကျောက်ဖြူခရိုင်မှာ ကျောက်ဖြူမြို့နယ်၊ ရမ်းဗြဲမြို့နယ်၊ အမ်းမြို့နယ်၊ မာန်အောင်မြို့နယ် ဆိုပြီး မြို့နယ် ၄ ခုပါဝင်ပါတယ်။ ယခုအခါ ကျောက်ဖြူမြို့နယ် တစ်ခုတည်းမှာပဲ လူဦးရေ တစ်သိန်းခွဲ လောက်ရှိပါတယ်။ အခုအခါမှာဆိုလို့ရှိရင် မြို့နယ်အတွင်းမှာ ရေနက်ဆိပ်ကမ်း စီမံကိန်း၊ သဘာဝဓာတ်ငွေ့စီမံကိန်းတွေကြောင့် ပြည်တွင်းပြည်ပ ကုမ္ပဏီဝန်ထမ်းတွေလည်း ရောက်ရှိ ပြီးတော့ ကျောက်ဖြူမြို့ပေါ်မှာ အလုပ်လုပ်လျက်ရှိပါတယ်။ မူလ ဆေးရုံအဟောင်းမှာ အထူးကုလူနာ များအတွက် အထူးကုသဆောင်ဆိုပြီးတော့ အထူးဆောင်တစ်ဆောင်တော့ လုပ်ထားတာတော့ ရှိပါတယ်။

          ဥက္ကဋ္ဌကြီးခင်ဗျား။ ကျောက်ဖြူဒေသဟာ ပင်လယ်ကမ်းခြေဒေသဖြစ်တဲ့အတွက်ကြောင့် မျက်စိ ဝေဒနာရှင်လူနာတွေ အလွန်များပါတယ်။ ကျောက်ဖြူခရိုင် ဆေးရုံကြီးမှာ မျက်စိအထူးကုဆရာဝန် မရှိပါဘူး။ မျက်စိအထူးကုဆရာဝန်မရှိတဲ့အတွက်ကြောင့် ကျောက်ဖြူက မျက်စိလူနာတွေအတွက်ဆို လို့ရှိရင် ပြည်မက မျက်စိအထူးကုဆရာဝန်တွေလာပြီးတော့ ၂ လတစ်ကြိမ်၊ ၃ လတစ်ကြိမ် လာရောက် ဆေးကုသပေးခဲ့ကြပါတယ်။ တစ်ခါတလေမှာလည်း စေတနာရှင် ဆေးကုအဖွဲ့တွေ လာရောက်ပြီး တော့ ဆေးကုပေးကြတာတွေ ရှိပါတယ်။

          ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော် သိရသလောက် ခုတင် ၂၀၀ ဆေးရုံတွေမှာမှ မျက်စိအထူးကု ဆရာဝန်ခန့်ထားပေးတယ်လို့ သိရပါတယ်။ ကျောက်ဖြူမြို့ဆေးရုံဟာ ခုတင် ၂၀၀ ဆေးရုံဖြစ်ဖို့ ကြိုးစားနေဆဲ ဖြစ်ပေမယ့်လည်း ဒီလိုဖြစ်လာဖို့အချိန်ကြာဦးမှာ ဖြစ်ပါတယ်။ လက်ရှိ ခရိုင်ဆရာဝန်ကြီး ကတော့ ဆေးရုံလိုအပ်ချက်တွေ ပြည့်စုံရေးအတွက် အထူးကြိုးစားနေတယ်ဆိုတာလည်း ကျွန်တော်တို့ သိရပါတယ်။ ဒါကြောင့် မေးခွန်း ၂ ခုကို ကျောက်ဖြူခရိုင်ဆေးရုံကြီးနှင့်ပတ်သက်ပြီးတော့ မေးမြန်း လိုပါတယ်။ မေးခွန်းတွေကတော့ မေးခွန်းနံပါတ် (၁) ခုတင် ၁၀၀ ဆေးရုံများတွင် မျက်စိအထူးကု ဆရာဝန်များ ခန့်ထားခွင့်မရှိဟု တားမြစ်ချက်များရှိပါသလား။ နံပါတ် (၂) ကတော့ အကယ်၍ ထိုသို့ တားမြစ်ချက်များ မရှိပါက ပြည်သူလူထု၏ မည်ကဲ့သို့ ကူညီပံ့ပိုးမှုများဖြင့် နိုင်ငံတော်အစိုးရက ကျောက်ဖြူခရိုင်ဆေးရုံကြီးတွင် မျက်စိအထူးကုဆရာဝန် ၁ ဦး ခန့်ထားရေးကို ကူညီဆောင်ရွက်ပေး နိုင်ပါမည်နည်းဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။

ဒေါက်တာဖေသက်ခင်(ပြည်ထောင်စုဝန်ကြီး၊ ကျန်းမာရေးဝန်ကြီး)။            ။ လေးစားအပ်ပါ သော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ ဧည့်သည်တော်များ အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာလို့ ကိုယ့်အကျိုး၊ ပြည်သူ့အကျိုး ဆတက်ထမ်းပိုးတိုးပွား ပြီး ဆောင်ရွက်နိုင်ကြပါစေလို့ ဆုတောင်းမေတ္တာပို့သရင်း နှုတ်ခွန်းဆက်ပါတယ်။ ကျွန်တော့်အနေနဲ့ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဘရှိန်ရဲ့ မေးခွန်းကို ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအနေနဲ့ ပြန်လည်ဖြေကြားပေးပါမယ်။  ကျန်းမာဝန်ကြီး ဌာနရဲ့ ဆေးရုံများဖွဲ့စည်းပုံအရ ခုတင် ၁၀၀ ဖွဲ့စည်းပုံမှာ မျက်စိဆရာဝန်မပါဘူးဆိုတာမှန်ပါတယ်။ ခုတင် ၁၀၀ ဖွဲ့စည်းပုံမှာ အထူးကုဆရာဝန် ၉ မျိုးပါ ပါတယ်။ ခွဲစိတ်၊ ဆေးပညာ၊ သားဖွားမီးယပ်၊ ကလေး၊ မေ့ဆေး၊ အရိုး၊ ဓာတ်မှန်၊ ရောဂါဗေဒနှင့် သွားဆရာဝန်တို့ဖြစ်ပါတယ်။ အထူးကုဆရာဝန်လို့ အများနားလည်ကြပေမယ့် ကျွန်တော်တို့မှာ ၃ ဆင့်ရှိပါတယ်။ လက်ထောက်အထူးကုဆရာဝန်ဆိုတာ ရှိပါတယ်။ AS Level ပါ။ Consentance အထူးကုဆရာဝန်ဆိုတာရှိပါတယ်။ အထူးကုဆရာဝန်ကြီး ဆိုတဲ့ Consentance ရှိပါတယ်။ အဲဒီတော့ ကျောက်ဖြူ ခုတင် ၁၀၀ ဆေးရုံအနေနဲ့ Consentance Level နဲ့ Senior Consentance Level ခန့်ထားခွင့်မရှိသော်လည်း လုပ်ငန်းလိုအပ်ချက် ရှိလိုရှိရင် လက်ထောက်မျက်စိအထူးကုဆရာဝန် Consentance Level တော့ မရောက်သေးဘူးပေါ့။ သို့သော် မျက်စိဘွဲ့လွန်ရပြီးတော့ Tranning ရပြီးတဲ့လူတွေကို  လုပ်ငန်းလိုအပ်ချက်အရ စေလွှတ်လို့ ရပါတယ်။ အထူးကုဆရာဝန် Consentance အနေနဲ့သာ ခန့်ထားလိုမရနိုင်တာဖြစ်ပြီးတော့ လက်ထောက်အထူးကု ဆရာဝန်အနေနဲ့ ခန့်ထားလို့ရတဲ့အတွက် လုပ်ငန်းလိုအပ်ချက်ရှိရင် ရှိတဲ့အခါ ကူပေးမယ်‌့ ဖြစ်ပါတယ်။ အခုလည်း နယ်မြေလိုအပ်ချက်အရ မျက်စိဆရာဝန်များက ၂ လတစ်ကြိမ်၊ ၃ လတစ်ကြိမ် ပြည်မကနေပို့ပြီးတော့ ဆောင်ရွက်နေပါတယ်။ ဝမ်းသာစရာ သတင်းတစ်ခုကတော့ မနေ့ ကပဲ ၁၈-၁၀-၂၀၁၂ မှာ ကျင်းပတဲ့ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးမှာ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ ခုတင် ၁၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီးကို လက်ရှိ အရာထမ်း ၁၄ နေရာ၊ အမှုထမ်း ၆၂ နေရာ၊ စုစုပေါင်းရာထူး ၇၆ နေရာကနေပြီးတော့ ထပ်မံပြီးတော့ စံကိုက်ဖွဲ့စည်းပုံအဖြစ် အရာထမ်း ၁၅ နေရာ၊ အမှုထမ်း ၁၁၀ နေရာ၊ ဒါကြောင့်မို့လို့ စုစုပေါင်း အရာထမ်း ၂၉ ဦး၊ အမှုထမ်း ၁၇၂ ဦး၊ ပေါင်း ၂၀၁ ဦးနှင့် စံကိုက်ဖွဲ့စည်းပုံ ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြဆောင်ရွက်ဖြစ်ကြောင်း ဖြေကြား အပ်ပါတယ်။ ကျေးဇူးတင်ပါတယ်။

                   ဗိုလ်မှူး မြတ်မိုး(တပ်မတော်သားကိုယ်စားလှယ်)။     ။ လေးစားအပ်ပါသော ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ရိုသေလေးစားစွာဖြင့် ဂါရဝပြု နှုတ်ခွန်းဆက်သအပ်ပါတယ်။ ကျွန်တော်ကတော့ တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူး မြတ်မိုး ဖြစ်ပါတယ်ခင်ဗျ။ ယခု ကျွန်တော် မေးမြန်းခွင့်ရတဲ့ အကြောင်းအရာကတော့ ယနေ့မြန်မာနိုင်ငံရှိ ဆေးတက္ကသိုလ်များနှင့် ဆေးဘက်ဆိုင်ရာ သင်တန်းကျောင်းများတွင် Medical Ethics ဘာသာ ရပ်အား ဘာသာရပ်တစ်ခုအနေဖြင့် ထည်‌့သွင်း တိုးချဲ့သင်ကြားပေးရန်နှင့် ပတ်သက်ပြီး မေးမြန်းလိုခြင်း ဖြစ်ပါတယ်။ လေးစားအပ်ပါသော လွှတ်တော် ဥက္ကဋ္ဌကြီးခင်ဗျား။ ခေတ်အဆက်ဆက် ဆေးကုသမှုနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများမှာ ဆရာဝန်နှင့် လူနာဆက်ဆံရေးများဟာ သိမ်မွေ့စွာရှိခဲ့ပြီး နောက် ယနေ့ခေတ်ကာလမှာတော့ ဆရာဝန်၊ လူနာဆက်ဆံရေးရဲ့ အချို့သော အစိတ်အပိုင်းများမှာ အမြင်သဘောထားပြောင်းလဲမှုများနှင့်အတူ ဆေးကုသမှုနယ်ပယ်မှာ ကြိုတင် မခန့်မှန်းနိုင်တဲ့ စိန်ခေါ်မှုများစွာကြုံတွေ့ရင်ဆိုင်နေရတယ်လို့ ထင်မြင်ယူဆပါတယ်။ ဆရာဝန်၊ လူနာဆက်ဆံရေး များစွာပြောင်းလဲမှုများရှိလာနေခြင်းနှင့်အတူ ဆေးကုသမှုနယ်ပယ်ရဲ့စိန်ခေါ်မှုများဟာ မည်သည့် အချက်တွေပေါ်မှာ အခြေခံပြီးဖြစ်ပေါ်လာသလဲလို့ ပြန်လည်ဆန်းစစ်ကြည်‌့လို့ရှိရင် တစ်ဦးချင်းစီရဲ့ လိုအပ်ချက်များ များပြားလာခြင်း၊ ကိုယ်ပိုင်ဆုံးဖြတ်ချက်များမတူညီခြင်း၊ ၎င်းလိုအပ်ချက်တွေ မတူညီမှုများကို ပြည့်မှီအောင် ဖြည့်ဆည်းပေးနိုင်မည့် အရင်းအမြစ်များရရှိမှုမှာတော့ အကန့်အသတ် များရှိလာခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှု စနစ်ရဲ့ အချို့သောကဏ္ဍများမှာ အားကောင်းရှင်သန် လာနေတဲ့ဈေးကွက်စီးပွားရေးစနစ်ရဲ့ ဖိအားများအပေါ် ပိုမိုမှီခိုလာနေရခြင်း၊ အချို့သောဆေးကုသသူ များအနေဖြင့်လည်း လူနာ၏အကျိုးစီးပွားကိုသာ အစဉ် ဦးထိပ်ထားပါမည် ဆိုသော ရှေးအစဉ်အဆက် လိုက်နာခဲ့တဲ့ကတိသစ္စာကို သွေဖယ်ကျောခိုင်းသလို ဖြစ်လာခြင်းစတဲ့အချက်များဟာ အကြောင်း အရင်းများဖြစ်တယ်လို့ယူဆမိပါတယ်။ ထို့ကြောင့် ဆေးကုသမှု ပဋိညာဉ်စာတမ်းရဲ့ မူလကတည်းက တည်ရှိပြီးဖြစ်တဲ့ အခြေခံလမ်းညွှန်မူဝါဒများနှင့် တိကျတဲ့ Professionalism တာဝန်ဝတ္တရားများ၊ ကတိသစ္စာများကို ဆေးလောကတစ်ရပ်လုံး နားလည်သဘောပေါင်နိုင်စေရန် အတွက်လည်းကောင်း၊ ဆေးဘက်ဆိုင်ရာပညာရှင်များရဲ့အရည်အသွေးတိုးတက်မြင့်မားလာပြီး Medical Ethics တစ်ခုရဲ့ ဂုဏ်ဒြပ်ကြီးမားရန်အတွက်လည်းကောင်း၊ နှစ်ဦးနှစ်ဖက်မေတ္တာစေတနာ အပြန်အလှန်ထားပြီးတော့မှ အပြုသဘောဆောင်တဲ့ဆရာဝန်နှင့် လူနာကြားဆက်ဆံရေးကို ပြန်လည်တည်ဆောက်နိုင်ရန်အတွက် လည်းကောင်း ဆေးပညာကျင်‌့ဝတ်ဘာသာရပ်ကို စီမံကိန်းချမှတ်တိုးချဲ့သင်ကြားရန်လိုအပ်မယ်လို့ ထင်မြင်ယူဆ မိပါတယ်။ ထို့ကြောင့် ကျွန်တော်မေးမြန်းလိုတဲ့မေးခွန်းကတော့ ဆေးကုသမှုဆိုင်ရာ အသက်မွေးမှုတစ်ရပ်လုံးကို ဘောင်ကွတ်သွတ်သွင်းပေးမယ့်စံနှုန်းများ၊ တန်ဖိုးများ၊ မူဝါဒများနှင့် တင်းကြပ်တဲ့ကျင့်ဝတ်စည်းကမ်းများကို မွေးဆက်ပေးမယ့် ဆေးပညာကျင့်ဝတ်သဘာသာရပ်ကို ဆေးတက္ကသိုလ်များ၊ သူနာပြုတက္ကသိုလ်များ၊ ဆေးဝါးတက္ကသိုလ်များ၊ ဆေးဘက်ဆိုင်ရာနည်းပညာ ကျောင်းများမှာ တိုးချဲ့ဘာသာရပ်တစ်ခုအနေဖြင့် တိုးချဲ့သင်ကြားပို့ချပေးရန်အစီအစဉ်ရှိ၊ မရှိ။ ပုံမှန် သင်ကြားနေပါကလည်းပုံမှန်တိုးမြှင့်သင်ကြားပေးရန်အစီအစဉ်ရှိ၊ မရှိ။ ၎င်းဘာသာရပ်နှင့်ပတ်သက် ပြီး သင်ကြားတတ်မြောက်မှုကို မည်‌့သို့ဆန်းစစ်အကဲဖြတ်ရန်အစီအစဉ်ရှိ၊ မရှိတို့အားသိရှိလိုပါ၍ ပြန်လည်ဆွေးနွေးပေးနိုင်ပါရန် လေးစားစွာမေးမြန်းအပ်ပါတယ်ခင်ဗျာ။ 

          ဒေါက်တာ ဖေသက်ခင်(ပြည်ထောင်စုဝန်ကြီး၊ ကျန်းမာရေးဝန်ကြီးဌာန)။     ။ လေးစားအပ်ပါ သော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။  ကျန်းမာရေး ဝန်ကြီးဌာန၊ ဆေးသိပ္ပံပညာဦးစီးဌာနဟာ ဆေးပညာနှင့် ဆေးပညာနှီးနွယ်တက္ကသိုလ်များရဲ့ သင်ရိုး ညွှန်တမ်းတွေကို ခေတ်ကာလနှင့်အညီပြောင်းလဲတိုးတက်စေရန် အစဉ်အမြဲပြန်လည်သုံးသြပ်ပင်ဆင် နိုင်ရေးအတွက် ဆေးပညာ သင်ကြားရေးနှီးနှောဖလှယ်ပွဲတွေကို ၁၉၆၄ ခုနှစ်မှစတင်၍ပြီး အခါအားလျော်စွာကျင်းပခဲ့ပါတယ်။ ၂၀၀၃ ခုနှစ်မှာ ကျင်းပခဲ့တဲ့ ဆဋ္ဌမအကြိမ်ဆေးပညာသင်ကြားရေး နှီးနှောဖလှယ်ပွဲမှာ ဆေးသိပ္ပံပညာဦးစီးဌာန လက်အောက်မှာ ရှိတဲ့ (၁၄) ခုသော ဆေးတက္ကသိုလ် များနှင့် ဆေးပညာနှီးနွယ် တက္ကသိုလ် အားလုံးရဲ့ သင်တန်းများမှာ  အရည်အသွေးပြည့်ဝပြီးတော့ ကျင့်ဝတ်သိက္ခာထိန်းသိမ်းရေး၍ ကိုယ့်ရဲ့ပညာရပ်ကိုလေးစားတန်ဖိုးထားပြီး ဗြဟ္မစိုရ်တရားနှင့်အညီ လူ့ဘောင်အဖွဲ့အစည်းမှာ ချော့မွေ့စွာကျင့်ကြံနေထိုင်တတ်တဲ့ ဆေးပညာရှင်များ မွေးထုတ်နိုင်ရေး အတွက် ရည်ရွယ်ပြီးတော့ ဆေးပညာကျင့်ဝတ်ဆိုင်ရာသဘောတရား(Medical Ethics)။ အဲ့ဒါအပြင် (Medical Ethics) အပြင် Professionalism, Patient Safety, Communication Scale စတာတွေဟာ မရှိမဖြစ် ဆရာဝန်တိုင်းလိုအပ်တဲ့ ဆေးပညာရှင်းတိုင်းလိုအပ်တဲ့အချက်ဖြစ်တဲ့အတွက် ကျွန်တော်တို့   ကိုယ်ရည် ကိုယ်သွေးနှင့် စိတ်ပိုင်းဆိုင်ရာဘက်စုံဖွံ့ဖြိုးတိုးတက်မှု ပေါင်းစုံမြှင့်တင်ရေး အစီအစဉ် ကျွန်တော်တို့အခေါ်တော့ TPPD လို့ခေါ်ပါတယ်။ Total Personal and Professional Development Program ကို ကျောင်းတွေမှာ စတင်သင်ကြားပေးလျက် သင်ကြားပေးတာတော့ ကြာပါပြီ။ တိုးမြှင့်ပြီးတော့ သင်ကြားပေးနေပါတယ်။ TPPD သင်ကြားရေးအစီအစဉ်အတွက် ဆေးသိပ္ပံ ပညာဦးစီးဌာနအောက်ရှိ ဆေးတက္ကသိုလ်များနှင့် ဆေးပညာ နှီးနွယ်တက္ကသိုလ်များမှာ စုစုပေါင်း သင်တန်းနာရီ ၁၀၀ ကြာအောင် ဆွေးနွေးသဘောတူခဲ့ကြလို့ သင်ရိုးညွှန်တမ်းတွေ ရေးဆွဲခဲ့ပါတယ်။

          TPPD သင်ကြားရေးအစီအစဉ်မှာ ကျောင်းသားကျောင်းသူတွေကလည်း မိမိတို့ရဲ့ အသက်မွေးဝမ်းကြောင်း ပညာရပ်များနှင့်ပတ်သက်လို့ထားရှိတဲ့ ခံယူချက်၊ သဘောထား၊ အပြုအမူများသင်ကြားပေးခြင်းအပြင် သူတို့ကိုယ်တိုင်လိုလားတဲ့ Topit လေးတွေလည်း ထည်‌့ပေးပါ တယ်။ ပြင်ပပညာရှင်များ ကျွန်တော်တို့ မန္တလေးဆေးတက္ကသိုလ်မှာနေခဲ့တုန်းက ကွယ်လွန်သွားတဲ့ စာရေးဆရာ၊ ကာတွန်းဆရာကံချွန်တို့၊ ပြင်ပက အနုပညာ တက္ကသိုလ်က ပညာရှင်ကြီးများ၊ စာရေး ဆရာများကိုဖိတ်ခေါ်ပြီးတော့ စာရေးဆရာမ ဆရာနေဝင်းမြင့်ရဲ့ဇနီး ဒေါ်ခင်ခင်ထူးတို့ဖိတ်ကြားပြီးတော့ ကျွန်တော်တို့ TPPD မှာ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး အတွက် သင်ကြားပေးပါတယ်။ ဒီ Medical Ethics တို့  Professionalism တို့က ယခင်က နောက်ဆုံးနှစ်အပိုင်း(က) -------- Medicine ဥပဒေဆိုင်ရာဆေးပညာသင်တန်းများမှာပဲ သင်ကြားခဲ့ပေမယ့် ယခုအချိန်မှာ သင်တန်း ၅ နှစ် ရှေ့လာမယ့်နှစ်ဆို ၆ နှစ်စလုံးမှာဖြန့်ကျက်ပြီးတော့ အားလုံးမှာသင်ကြားဖို့ဆောင်ရွက်ထားပါတယ်။ ၂၀၀၈ ခုနှစ်မှာကျင်းပပြုလုပ်တဲ့ သင်ရိုးညွှန်းတမ်းရေးဆွဲတဲ့ အစည်းအဝေးကနေပြီးတော့ ၂၀၀၈-၂၀၀၉ ပညာသင်နှစ်မှစပြီးတော့ ပညာသင်နှစ်အသီးသီးမှာ Professionalism, Medical Ethics စတဲ့ Topit တွေကို Integrated Teaching ပုံစံ မျိုးဖြင့် စုစုပေါင်း ၃၆ နာရီသင်ကြား ပေးလျက်ရှိပါတယ်။ သို့ဖြစ်ပါ၍ တပ်မတော်သားပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးမြတ်မိုး ကနေပြီးတော့ ဆေးပညာ ကျင့်ဝတ် ဘာသာရပ်အား တိုးချဲ့ဘာသာရပ်တစ်ခုအဖြစ် ဘာသာရပ်လို့တော့ ပြောလို့မရပါဘူးခင်ဗျ။ ဘာသာရပ်ဆို ဆေးတက္ကသိုလ်မှာ ဒုတိယနှစ်ကနေစပြီးတော့ ၃ ဘာသာ ၄ ဘာသာ၊ ဘာသာတစ်ခုချင်းမဟုတ်ဘဲနဲ့ ဘာသာရပ်အားလုံးနဲ့ Cross Cutting ဖြစ်နေတဲ့ ကိစ္စဖြစ်တဲ့အတွက် အတန်းပေါင်းစုံမှာ Integrated Teaching မျိုးနဲ့သင်ကြားပေးနေပါတယ် ဆိုတဲ့အကြောင်းဖြေကြားလိုပါတယ်။

          ဦးမြင့်လှုင်(မဘိမ်းမဲဆန္ဒနယ်)။                   ။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီး နှင့်တကွ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သဂါရဝပြုအပ်ပါတယ်။ ကျွန်တော်ကတော့ ရှမ်းပြည်နယ်မြောက်ပိုင်း မဘိမ်းမဲဆန္ဒနယ်မှ ဦးမြင်‌့လှိုင်ဖြစ်ပါတယ်။ ကျွန်တော်တို့ မဘိမ်းမြို့နယ်သည် ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ လမ်းဆုံးမြို့တစ်မြို့ဖြစ်ပါတယ်။ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးမှာ အခြားမြို့ များထက် အောက်ကျနေသော မြို့လည်းဖြစ်ပါတယ်။ အခြေခံအလယ်တန်းအောင်ပြီးလျှင် ကျောင်းမတက်နိုင်တော့ဘဲ ရိုးရာတောင်သူဘဝနဲ့ အသက်မွေးဝမ်းကျောင်းပြုခဲ့ကြပါတယ်။ ဆင်းရဲနွမ်းပါးသော မြို့လည်းဖြစ်ပါတယ်။ နီးစပ်သော မြို့မှာ မိုးမိတ်မြို့သာဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ လူသားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ဆင်းရဲသားတောင်သူလယ်သမား သား၊သမီး များပညာသင်အခွင့်အလမ်းများ တိုးတက်လာစေရန်အတွက် မဘိမ်းမြို့နယ်နှင့် မိုးမိတ်မြို့နယ် နှစ်မြို့နယ်တွင် မိုးမိတ်မြို့နယ်၌ အစိုးရနည်းပညာ အထက်တန်းကျောင်းဖွင်‌့လှစ်ပေးပြီး ပညာ သင်ယူခွင့် အစီအစဉ်များရှိပါသလား ရှိပါက မည်သည်‌့အချိန်တွင် ဆောင်ရွက်ပေးမည်နည်း ရိုသေလေးစားစွာဖြင့် ပြည်သူများ၏ကိုယ်စား မေးမြန်းရခြင်းဖြစ်ပါတယ်ခင်ဗျား။ အားလုံးကို ကျေးဇူးတင်ပါတယ်။

ဒေါက်တာကိုကိုဦး(ပြည်ထောင်စုဝန်ကြီး၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန)။              ။ လေးစား အပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကြီးများအားလုံး ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းတို့နဲ့ ပြည့်စုံပါစေကြောင်း၊ ဦးစွာ ဆုတောင်းမေတ္တာပို့သ အပ်ပါတယ်။

ကျွန်တော်ကတော့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကိုကိုဦး ဖြစ်ပါတယ်။ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ရှမ်းပြည်နယ်၊ မဘိမ်းမဲဆန္ဒနယ်က ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်လှိုင် မေးမြန်းထားတဲ့ မိုးမိတ်မြို့နယ်မှာ အစိုးရနည်းပညာ အထက်တန်းကျောင်း ဖွင့်လှစ်ဖို့ကိစ္စနဲ့ပတ်သက်တဲ့ မေးခွန်းကို သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အနေဖြင့်  ပြန်လည်ဖြေကြားသွားမှာဖြစ်ပါတယ်။ ရှမ်းပြည်နယ်၊ မဘိမ်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်လှိုင်က လူသားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက် လာစေရန်နဲ့ ဆင်းရဲသား တောင်သူလယ်သမား သားသမီးများ ပညာသင်အခွင့်အလမ်းများ တိုးတက် လာစေရန်အတွက် မဘိမ်းမြို့နယ်နဲ့ မိုးမိတ်မြို့နယ် ၂ မြို့နယ်အနက် မိုးမိတ်မြို့နယ်မှာ အစိုးရနည်းပညာ အထက်တန်းကျောင်းဖွင့်လှစ်ပေးပြီး ပညာသင်ယူခွင်‌့ အစီအစဉ်များရှိပါသလား၊ ရှိပါက မည်သည်‌့အချိန်မှာ ဆောင်ရွက်ပေးမလဲနဲ့ မရှိပါက အဘယ်ကြောင့်နည်းလို့ မေးမြန်းထားပါတယ်။

ရှမ်းပြည်နယ်၊ မဘိမ်းမြို့နယ် မဲဆန္ဒနယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်လှိုင်ရဲ့ အထက်ပါဖော်ပြပါ မေးခွန်းများနဲ့ပတ်သက်ပြီးတော့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနက  ဖြေကြားသွား မှာဖြစ်ပါတယ်။ ယခု လက်ရှိအချိန်မှာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနလက်အောက်မှာ နည်းပညာ တက္ကသိုလ် ၃၂ ခု၊ ကွန်ပျူတာတက္ကသိုလ် ၂၅ ခု၊ မြန်မာနိုင်ငံလေကြောင်းနဲ့ အာကာသပညာ တက္ကသိုလ် ၁ ခု၊ အစိုးရနည်းပညာကောလိပ် ၃ ခု၊ အစိုးရစက်မှုလက်မှုသိပ္ပံ ၁၁ ခုနဲ့ အစိုးရနည်းပညာ အထက်တန်းကျောင်း ၃၆ ခု ဖွင့်လှစ်ထားပြီးဖြစ်တဲ့အတွက် အင်ဂျင်နီယာနဲ့ နည်းပညာဆိုင်ရာ တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံ၊ ကျောင်းစုစုပေါင်း ၁၀၈ ခု ရှိနေပြီဖြစ်ပါတယ်။ အဆိုပါကျောင်းများရဲ့ လူ့စွမ်းအားအရင်းအမြစ်များ ပြုစုပျိုးထောင်မွေးထုတ်ရာမှာ အရေအတွက်ကိုသာမက အရည်အချင်း ပြည့်ဝမှုရှိစေဖို့ကိုလည်း အလေးထားဆောင်ရွက်နေတဲ့အတွက် လက်ရှိဖွင့်လှစ်ထားတဲ့ တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံနဲ့ကျောင်းများမှာ သင်ရိုးညွှန်းတမ်းနဲ့ သင်ထောက်ကူ ပစ္စည်းများကို နိုင်ငံတကာ အဆင့်မီဖြစ်စေအောင် ဖြည့်ဆည်းဆောင်ရွက်ပေးနေသလို ထိရောက်အကျိုးရှိတဲ့ သင်ကြားသင်ယူမှု အခြေကောင်းအနေကောင်းများ ရရှိစေဘို့အတွက်လည်း လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ ဆရာ၊ ဆရာမအင်အားနဲ့ ကျောင်းအသီးသီးအတွက် အဆင်ပြေစေအောင် စီမံခန့်ခွဲတာဝန်ချထားပေး ရပါတယ်။ အင်ဂျင်နီယာဘာသာရပ်များရဲ့ သဘောသဘာဝအရ ကျောင်းသားများကို လက်တွေ့ အသုံးချနိုင်တဲ့အထိ နားလည်တတ်ကျွမ်းအောင် သင်ကြားပို့ချပေးနိုင်ဘို့အတွက် အဆောက်အအုံရှိ ရုံနဲ့မရဘဲ ကျောင်းသားနဲ့ ဆရာအချိုးညီညွတ်မျှတမှု၊ လိုအပ်တဲ့ သင်ထောက်ကူပစ္စည်းများ ဖြည့်တင်းပေးမှု၊ သင်ကြားရေးဆရာ၊ ဆရာမများလုံလောက်စွာဖြည့်တင်းပေးနိုင်မှုစတာတွေကို ဟန်ချက်ညီညီဆောင်ရွက်ဘို့ လိုအပ်တဲ့အတွက် နည်းပညာဆိုင်ရာ ကျောင်းတစ်ကျောင်း အသစ် ထပ်မံဖွင့်လှစ်ရန်မှာ သက်ဆိုင်ရာနယ်မြေဒေသမှာရှိတဲ့ တက်ရောက်မယ့် ကျောင်းသားအရေအတွက်နဲ့ အောင်မြင်တဲ့အဆင့်၊ သင်ကြားပေးသင့်တဲ့ အထူးပြုဘာသာရပ်များ၊ ကျောင်းအဆောက်အအုံနဲ့ ရေ၊ လျှပ်စစ်မီးရရှိနိုင်မှုအခြေအနေနဲ့ ဖြည့်ဆည်းရမယ့် ဆရာ၊ ဆရာမအင်အားတို့ကိုပါ ထည့်သွင်း စဉ်းစားရလေ့ရှိပါတယ်။ လက်ရှိအချိန်မှာ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနအောက်မှာရှိတဲ့ တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံနဲ့ ကျောင်းတွေကို နိုင်ငံတကာအဆင့်သို့ ရောက်ရှိစေရန်ရည်မှန်းပြီး လိုအပ်တဲ့ သင်ထောက်ကူပစ္စည်းများ ဖြည့်ဆည်းခြင်း၊ သီအိုရီနဲ့ လက်တွေ့သင်ခန်းစာများ အဆင်ပြေပြေ သင်ကြားပို့ချနိုင်ဘို့ လက်တွေ့အလုပ်ရုံနဲ့ အခြေခံအဆောက်အအုံများ တည်ဆောက်ခြင်း၊ လက်ရှိ ဖွင့်လှစ်ထားတဲ့ ကျောင်းတွေအတွက် ကျောင်းသား၊ ဆရာအချိုးညီညွတ်မျှတအောင် လိုအပ်တဲ့ ဆရာ၊ ဆရာမများ စိစစ် ရွေးချယ်ခန့်ထားခြင်း၊ သင်ကြားရေးဆရာ၊ ဆရာမတွေရဲ့ အရည်အချင်း ပိုမို ပြည့်ဝစေဖို့ မွန်းမံသင်တန်းများဖွင့်လှစ်ခြင်း အစရှိတဲ့ လက်ရှိကျောင်းများရဲ့ အရည်အသွေး ပိုမိုမြှင့်တင်နိုင်အောင် Capacity Building တည်ဆောက်တာကို အလေးထားဆောင်ရွက်နေပြီး အရည်အချင်းပြည့်ဝတဲ့ အင်ဂျင်နီယာနဲ့ နည်းပညာရှင်တွေ ပြုစုမွေးထုတ်နိုင်အောင် ဦးစားပေး ဆောင်ရွက်နေရတာဖြစ်တဲ့အတွက် မိုးမိတ်မြို့မှာ အစိုးရနည်းပညာ အထက်တန်းကျောင်းဖွင့်လှစ်ရန် လောလောဆယ် အစီအစဉ်မရှိသေးပါကြောင်းနဲ့ လိုအပ်လို့ အခြေအနေပေးတဲ့အချိန်မှာ ဖွင့်လှစ် ပေးသွားနိုင်ရေးအတွက် စဉ်းစားဆောင်ရွက်ပေးနိုင်မည့်အခြေအနေ ရှိပါကြောင်း ဖြေကြားအပ်ပါ တယ်။

အာဆီယံမူအရ ယခင်အတိုင်း ဝင်ရိုး ၆ တန်း၊ ၂၂ ဘီးယာဉ်များကို ယာဉ်+ကုန် ၅၅ တန်အထိ ပြန်လည်တင်ဆောင်ခွင့်ပေးရန်နှင့်စပ်လျဉ်းသည့်မေးခွန်း

           

          ဦးမြင့်စိုး(ပျော်ဘွယ်မဲဆန္ဒနယ်)။       ။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေကြောင်း ဦးစွာပထမ ဆုမွန်ကောင်းတောင်းအပ်ပါတယ် ခင်ဗျား။ ကျွန်တော်ကတော့ မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်စိုးဖြစ်ပါတယ်ခင်ဗျား။ ယနေ့ ကြွရောက်လာကြသော ဧည့်သည်တော်များ ဖြစ်ကြတဲ့ ပြည်ထောင်စုဝန်ကြီးများအနေနဲ့ ကျွန်တော်တို့ မေတ္တာရပ်ခံလိုတာကတော့ ကျွန်တော်တို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များဟာ အစိုးရအဖွဲ့နှင်‌့ ပြည်သူများကြား၊ တရားစီရင်ရေးအဖွဲ့နှင့် ပြည်သူများကြားမှာ ဗျာနေကြတဲ့သူတွေဖြစ်ပါတယ်။ ပြည်သူ့အသံ ပြည်သူ့ဆန္ဒဟာ မိုးထက်သို့ညံ ဘဝက်လျှံနေပါတယ်။ ဒါကြောင့်မို့လို့ ယခုလို ပြည်သူ့ဆန္ဒကို အလေးထားပြီး မေးမြန်းရခြင်းကို နားလည်ပေးကြဖို့ ဦးစွာပထမ ပြောကြားလိုပါတယ်။ ကျွန်တော့်အနေနဲ့ မေးခွန်းများကို မမေးမြန်းခင် မှာ ဆောက်လုပ်ရေးဝန်ကြီးဌာနအား ပြည်သူ့အကျိုးဆောက်ရွက်ပေးမှုတစ်ခုအတွက် အထူးကျေးဇူး တင်ကြောင်း ဦးစွာပထမ ပြောကြားလိုပါတယ်။ ကျွန်တော်တို့ ပျော်ဘွယ်နယ်ဒေသတွေမှာ ရန်ကုန်- မန္တလေးလမ်းမကြီးနှင့် ဆက်သွယ်ထားတဲ့ ပျော်ဘွယ်-နတ်မောက်-မကွေးလမ်း ရှိပါတယ်ခင်ဗျား။ ဒီလမ်းကနေပြီးတော့ တောသူတောင်သား စိုက်ပျိုးမွေးမြူရေးသမားတွေဟာ သူတို့ရဲ့ လယ်ယာထွက် ကုန်၊ မွေးမြူရေး ထုတ်ကုန်တွေကို ပျော်ဘွယ်မြို့နှင့် မိတ္ထီလာမြို့ကို တင်ပို့ကြရပါတယ်။ ၃ တန်ယာဉ်၊   ၂ တန်ယာဉ်၊ ၆ တွဲယာဉ်များဖြစ်သော်လည်း VIC အရ တင်ရမယ်လို့ပြောပြီးတော့ လမ်းဂိတ်များက  ပြောတဲ့အတွက်ကြောင့် တန်ပိုဒဏ်ကြေးများကောက်ခံခဲ့သဖြင်‌့ ပျော်ဘွယ်မှာ တောင်ညောင်ကုန်း၊ သဖန်းကျောင်း စတဲ့ ကျေးရွာများမှ ယာဉ်ပိုင်ရှင်များ၊ ကျေးလက်နေတောင်သူများ၊ မွေးမြူရေးသမား များမှ လမ်းဂိတ်နှင့်ပြဿနာဖြစ်ကာ ကျွန်တော်ထံကိုရောက်ရှိခဲ့ပါတယ်။ ၎င်းတို့အနေနဲ့ ၂ တန်၊ ၂ တန်ခွဲ၊ ၃ တန် စတဲ့ကားများဟာ ဒေသသုံးကားများဖြစ်ကြောင်း ၆ ဘီးယာဉ်များဖြစ်ကြောင်း တင်ပြလာ ပြီးတော့ အခက်အခဲကို တင်ပြလာတဲ့အတွက်ကြောင့် အဲဒီအခက်အခဲတွေကို အုပ်ချုပ်ရေးအဖွဲ့ အစည်းဖြစ်တဲ့ နိုင်ငံတော်သမ္မတနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနသို့ စာဖြင့်တင်ပြရန် ကျွန်တော့် အနေနဲ့ တိုက်တွန်းခဲ့ပါတယ်။ အဲဒီနောက်ပိုင်း ၂ လ၊ ၃ လ အထိ ပြဿနာဟာ လိပ်ခဲတင်းတင်း ဖြစ်နေ ခဲ့ပါတယ်။ ကျေးလက်နေယာဉ်ပိုင်ရှင်များနှင့် တောင်သူများ၊ စိုက်ပျိုးမွေးမြူရေးသမားများဟာ ငြိမ်ချမ်းစွာဆန္ဒဖော်ထုတ်လိုကြောင်း ပြည်သူတွေရဲ့အခက်အခဲကို ဆောက်လုပ်ရေးဝန်ကြီးဌာန အနေဖြင့် ထည့်သွင်းစဉ်းစားသင့်ကြောင်း ကျွန်တော်ထံ လာရောက် ဆွေးနွေးခဲ့ပါတယ်။ အဲဒီနောက် ကျွန်တော့်အနေနဲ့ ခေတ္တစောင့်ဆိုင်းဖို့ ပြည်သူ့လွှတ်တော်မှတစ်ဆင့် ဆက်လက်ပြီးတော့ တင်ပြပေးဖို့ စီစဉ်ပေးမှာပဲလို့ ပြောကြားတဲ့အချိန်မှာပဲ ဆောက်လုပ်ရေးဝန်ကြီးဌာနဟာ ဝန်ကြီးအသစ်ရဲ့ လက်ထက်မှာ ၂ တန်ခွဲ၊ ၃ တန် စတဲ့ယာဉ်များအပါအဝင် ၁၀ တန်အောက်ယာဉ်များကို ယာဉ်ကုန်   ၁၀ တန်အထိ တင်သွင်းခွင့် ပြုရတဲ့အတွက်ကြောင့် အလွန်ပဲဝမ်းသာခဲ့ရပါတယ်။ ဒီအတွက် ဒေသထွက်ကုန်တွေကို ချောချောမွေ့မွေ့သက်သက်သာသာနဲ့ သယ်ခွင့်ရအောင်စီစဉ်ပေးတဲ့ ဆောက်လုပ်ရေးဝန်ကြီးဌာနကို ကျေးဇူးတင်ပါကြောင်း ဦးစွာပထမပြောကြားလိုပါတယ်ခင်ဗျား။ ကျွန်တော်တို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီး မကြာခဏ ပြောကြားသလို ဥပဒေများ၊ နည်းဥပဒေများ၊ အမိန့်၊ ညွှန်ကြားချက်များဟာ နိုင်ငံတော်ကိုလည်း အကျိုးမပြု၊ ပြည်သူကိုလည်းအကျိုးမပြု ပြည်သူကို ဝန်ထုပ်ဝန်ပိုဖြစ်စေရင် အဲဒီဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်၊ အမိန့်များကို ပယ်ဖျက်ပေး မှ ပြည်သူ့ဆန္ဒကို လေးစားရာရောက်မယ်လို့ ပြည်သူကို အလုပ်အကျွေးပြုရာ ရောက်မယ်ဆိုတာကို ဥက္ကဋ္ဌကြီးမှ ပြောကြားသွားတာနဲ့လည်း ညီညွတ်သွားပါတယ်။ နောက် ကျွန်တော့်အနေနဲ့ မေးခွန်း များကို ဆက်လက်မေးမြန်းပါမယ်။ ယခင်က အာဆီယံစာချုပ်ကို လိုက်နာသောအားဖြင့် ယာဉ်ကုန် တန်များကိုသတ်မှတ်ခဲ့တဲ့အတွက်ကြောင့် ပြည်သူလူထုက အာဆီယံမူအရ စည်းကမ်းလိုက်နာတဲ့ အနေနဲ့ သတ်မှတ်တဲ့ကုန်ချိန်များအတိုင်း ကုန်တင်မောင်းနင်းခဲ့ကြပါတယ်။ ထိုသို့ ကုန်ချိန်ကန့်သတ် ခြင်းကြောင့် သယ်ယူခလည်း အထိုက်အလျောက်မြင့်တက်မှုရှိလာသဖြင့် ကုန်ဈေးနှုန်းမြင့်တက်မှုဒဏ် ကို ပြည်သူများ ခံစားနေကြရပါတယ်။ ယခုထပ်မံ၍ အာဆီယံမူအရ ယခင်သတ်မှတ်ထားတဲ့ ဝင်ရိုး လျှောက်တန်း ၂၂ ဘီးယာဉ်များကို ယာဉ်ကုန် ၅၅ တန် ခွင့်ပြုထားရာမှ ယာဉ်ကုန် ၅၀ တန်လို့ တင်ရ မည်ဟု သတ်မှတ်ခဲ့ပြန်ပါတယ်။ အာဆီယံမူတွင် ၅၅ တန်လို့ သတ်မှတ်ပြီး ယခုတန် ၅၀ လို့သာ တင်ရမယ်လို့ သတ်မှတ်ခြင်းသည် မည်သည့်မူအရသတ်မှတ်ကြောင်း၊ အမျိုးမျိုးဖြစ်နေကြောင်း ပြည်သူများမှ အခက်အခဲတွေကို တင်ပြလာကြပါတယ်။ ပြည်သူတွေဟာ B.O.T ယူထားတဲ့သူတွေရဲ့ အကျိုးထက် ပြည်သူအကျိုးကို အလေးထားပြီးတော့ ဝင်ရိုးလျှောက်တန်း ၂၂ ဘီးယာဉ်များကို မူလ အာဆီယံသတ်မှတ်ချက်အတိုင်း ပြန်လည်တင်ဆောင်ခွင့် ပေးသင့်ကြောင်း ပြောဆိုလာကြပါတယ်။ သို့ဖြစ်ပါ၍ အာဆီယံမူအရ ဝင်ရိုးလျှောက်တန်း ၂၂ ဘီးယာဉ်များအား ယာဉ်ကုန် ၅၅ တန်အထိ ပြန်လည်တင်ဆောင်ခွင့် ပေးနိုင်၊ မပေးနိုင် သိရှိလိုပါကြောင်း ပြည်သူဆန္ဒအလေးထားမေးမြန်းအပ်ပါ တယ်ခင်ဗျား။

ဦးဇေယျာအောင်(ပြည်ထောင်စုဝန်ကြီး၊ ရထားပို့ဆောင်ရေးဝန်ကြီးဌာန)။                   ။ လေးစားအပ် ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအားလုံး မင်္ဂလာ အပေါင်းနှင့်ပြည့်စုံပါစေလို့ ဆုမွန်ကောင်းတောင်း ဂါရဝပြုနှုတ်ခွန်းဆက်သအပ်ပါတယ်။ လေးစား အပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်ကြီးများခင်ဗျား။ ပျော်ဘွယ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်စိုး မေးမြန်းတဲ့မေးခွန်းအတွက် ကျွန်တော် ရထားပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဇေယျာအောင်မှ ဖြေကြားတင်ပြသွားမှာဖြစ်ပါတယ်။ ၁၉၈၉ ခုနှစ် မော်တော်ယာဉ် နည်းဥပဒေ များရဲ့ အခန်း ၃ နည်းဥပဒေပုဒ်မ ၃၁(က) အရ မော်တော်ယာဉ် သို့မဟုတ် နောက်တွဲ သို့မဟုတ် ချိတ်ဆွဲယာဉ်တို့၏ ဝင်မပါအလေးချိန်နှင့် ဝင်ပါအလေးချိန်စုစုပေါင်းဟာ ယာဉ်ထုတ်လုပ်သူက သတ်မှတ်သည့် အတိုင်း ဖြစ်ရမည်လို့ပါရှိပါတယ်။ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန အနေနဲ့ မော်တော်ယာဉ်၊ နောက်တွဲ၊ ချိတ်ဆွဲယာဉ်များရဲ့ စာရွက်စာတမ်းများမှာ တန်ချိန်သတ်မှတ်ခြင်းကို မော်တော်ယာဉ်ထုတ်လုပ်သူရဲ့ သတ်မှတ်ချက်များကိုကိုးကား၍ ယာဉ်မှတ်ပုံတင်သတ်မှတ် ဆောင်ရွက် လျက်ရှိပါတယ်။ မြန်မာနိုင်ငံကို တင်သွင်းတဲ့ ချိတ်ဆွဲယာဉ် (Tractor Head) များဟာ အများအားဖြင့် ဂျပန်၊ ကိုရီးယား၊ တရုတ်နိုင်ငံထုတ် ယာဉ်များဖြစ်ကြပြီး နောက်တွဲယာဉ် (Semi Trailer) အများစုဟာ တရုတ်နိုင်ငံထုတ် နောက်တွဲယာဉ်များ ဖြစ်ကြောင်း တွေ့ရှိရပါတယ်။ ချိတ်ဆွဲယာဉ်ဟာ ဝင်တင် ဆောင်ထားတဲ့ နောက်တွဲယာဉ်နှင့် တွဲဆက် အသုံးပြုရခြင်းဖြစ်၍ စုစုပေါင်းကုန်တန်ချိန် (G.V.W) ဟာ ချိတ်ဆွဲယာဉ်ရဲ့ အလေးချိန်၊ နောက်တွဲယာဉ်ရဲ့ အလေးချိန်နှင့် ကုန်ရဲ့ အလေးချိန်တို့ စုစုပေါင်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ အသုံးပြုနေကြတဲ့ Tractor Head နှင့် Semi Trailer ယာဉ်များဟာ စုစုပေါင်း ကုန်နှင့်ယာဉ်အလေးချိန် ၅၅ တန်အောက် အမျိုးအစားများနှင့် ၅၅ တန်အထက် အမျိုးအစားများလည်းပါဝင်ကြောင်း တွေ့ရှိရပြီး ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက ထုတ်လုပ်သူရဲ့ သတ်မှတ်ချက်အတိုင်းသာ ၎င်းယာဉ်များရဲ့ စာရွက်စာတမ်းမှာ မှတ်ပုံတင် ဖော်ပြ ဆောင်ရွက်ပေးလျက်ရှိပါတယ်။ ဆောက်လုပ်ရေးဝန်ကြီးဌာနရဲ့ ၉-၁၀-၂၀၁၂ ရက်စွဲပါစာအမှတ်  ၁/ခွဲ-၂/ထွေ/၂၀၁၂(လွှတ်တော်)(စီ-၉၄၀၇) စာအရ တန်ပိုကိစ္စများကို ၂၀၁၁ ခုနှစ်၊ သြဂုတ်လ ၁ ရက်နေ့က စတင်ဆောင်ရွက်စဉ်မှာ ဝင်ရိုး ၆ တန်း၊ ၂၂ ဘီးယာဉ်များကို ယာဉ်နှင့်ကုန် ၅၅ တန်အထိ ခွင့်ပြုပေးခဲ့ခြင်းဟာ ဖြေလျော့မှုတစ်ခုအနေဖြင့် ခွင့်ပြုခဲ့ခြင်းဖြစ်ပြီး အာဆီယံမူအရ ၂၂ ဘီးယာဉ် များကို ယာဉ်နှင့်ကုန် ၄၈ တန် ခွင့်ပြုရမှာဖြစ်ပါကြောင်း။ သို့သော် ယခုလောလောဆယ်၌ အိမ်နီးချင်း ထိုင်းနိုင်ငံရဲ့ စံနှုန်းအတိုင်း ၂၂ ဘီးယာဉ်ကို ၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၈ ရက်နေ့မှစ၍ ၅၀.၅ တန် ခွင့်ပြုပေးထားခြင်းဖြစ်ပါကြောင်း၊ ၂၀၁၅ ခုနှစ် အာဆီယံအသိုင်းအဝန်း စတင်ချိန်တွင် အာဆီယံမူ အတိုင်းသာ ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ၂၂ ဘီးယာဉ်ကို ယခုအခါ ၅၀.၅ တန် ခွင့်ပြုထားသော်လည်း ၂၀၁၅ ခုနှစ် အာဆီယံမူအတိုင်း ၄၈ တန်အထိ တဖြည်းဖြည်းလျော့၍ သတ်မှတ်သွားရမည် ဖြစ်ပါကြောင်း တင်ပြအပ်ပါတယ်။ ကျေးဇူးတင်ပါတယ်။

ဦးမြင့်စိုး(ပျော်ဘွယ်မဲဆန္ဒနယ်)။       ။ ကျွန်တော့်အနေနဲ့ အနည်းငယ်မေးမြန်းခွင့်ပြုပါ။ ကျွန်တော်တို့ နိုင်ငံဟာ LDC နိုင်ငံဖြစ်ပါတယ်။ ကျွန်တော်တို့ထက် တိုးတက်နေတဲ့နိုင်ငံတွေနဲ့ ယှဉ်ပြီး တော့ တချို့ကိစ္စတွေဟာ စဉ်းစားလို့မဖြစ်သေးပါဘူး။ ဆင်းရဲချို့တဲ့တဲ့နိုင်ငံဖြစ်နေသေးတဲ့အတွက် ကြောင့် တချို့တချို့သောကိစ္စများဟာ ကျွန်တော်တို့ ပြည်သူလူထုကို ထိခိုက်နေတယ်ဆိုတာကိုလည်း ထည့်သွင်းစဉ်းစားပေးဖို့ မေတ္တာရပ်ခံအပ်ပါတယ်။

ဦးဇေယျာအောင်(ပြည်ထောင်စုဝန်ကြီး၊ ရထားပို့ဆောင်ရေးဝန်ကြီးဌာန)။                   ။ မရှိပါဘူး။

ဥက္ကဋ္ဌ။           ။ ဒါကြောင့် ဦးမြင့်စိုး တင်ပြတဲ့ ကျွန်တော်တို့နိုင်ငံဟာ LDC နိုင်ငံဖြစ်တဲ့ အတွက် ပြည်သူများကို ထိခိုက်တဲ့ကိစ္စမျိုးဖြစ်လာတယ်ဆိုလို့ရှိရင်လည်း နိုင်ငံတော်အစိုးရအနေနဲ့ ထည့်သွင်းစဉ်းစားဖို့ဆိုတဲ့ဟာကို မှတ်တမ်းအဖြစ်ထားပြီးတော့ သက်ဆိုင်ရာနှင့် ကျွန်တော်တို့  လိုအပ် သလို ညှိနှိုင်းဆောင်ရွက်သွားပါမယ်။

 

 

ဥက္ကဋ္ဌ။           ။ အစီအစဉ် ၆ ကို ဆက်လက်ဆောင်ရွက်သွားပါမယ်။

          ဥက္ကဋ္ဌ။          ။ အဆိုရှင်အဆိုတင်သွင်းတဲ့ ဦးစိုးဝင်း တင်ပြသလိုပဲ ဦးစိုးဝင်းရဲ့ တင်ပြချက်က ၂၀၁၂ ခုနှစ်၊ ဇွန်လ ၁၉ ရက်နေ့က ဖြစ်ပါတယ်။ သို့သော်လည်း မနေ့က ရှင်းလင်းတင်ပြပြီးတဲ့အတိုင်း ပဲ အဆိုတွေကို လက်ခံရရှိတဲ့ရက်ပေါ်မှာမူတည်ပြီးတော့ သက်ဆိုင်ရာ ပြည်ထောင်စုအစိုးရဆီ တင်ပေး ပါတယ်။ တင်ပေးတဲ့အပေါ်မူတည်ပြီးတော့ ပြန်ကျလာတဲ့ မေးခွန်း၊ အဆိုတွေကို ကျွန်တော် တန်းစီပြီး တော့ ဆောင်ရွက်ပါတယ်။ အဲဒီလိုဆောင်ရွက်တဲ့အခါမှာလည်း တစ်ခါတစ်ခါ အစဉ်လိုက်ဆိုသော် လည်း အရေးကြီးတဲ့အပေါ်မူတည်ပြီးတော့ ပြောင်းလဲရတာလည်း ရှိပါတယ်။ ဒီအဆိုဟာ ဇွန်လက တင်ထားပေမယ်လို့ အောက်တိုဘာမှ အဆိုတင်နိုင်ခြင်းဖြစ်ပါတယ်။ သို့ရာတွင် ခုနက ဦးစိုးဝင်း ဆွေးနွေးသလိုပဲ တစ်ဘက်ကလည်း ပြည်ထောင်စုအဆင့်က ပြန်လည်ဆွေးနွေးသလိုပဲ ရတော့မယ် ကိစ္စ၊ ဆောင်ရွက်နေပြီဖြစ်တဲ့ကိစ္စကို ကျွန်တော်တို့က အဆိုတစ်ရပ်အဖြစ်လက်ခံပြီး ဒီအဆိုနှင့် တိုက်တွန်းလိုက်မယ်ဆိုရင် မလိုလားအပ်ဘဲနှင့် အခြားရှုပ်ထွေးစေနိုင်တဲ့ ပြဿနာများလည်း ရှိနိုင်တဲ့ အတွက် အခုလို အဆိုမှတ်တမ်းအဖြစ်ထားရှိခြင်းအား အင်မတန်ကောင်းမွန်တဲ့ ကိစ္စဖြစ်တဲ့အတွက် လွှတ်တော်က ဦးစိုးဝင်းတင်သွင်းတဲ့အဆိုကို မှတ်တမ်းတင်ထားရှိမည် ဖြစ်ကြောင်း အတည်ပြု ကြေညာပါတယ်။

          ဥက္ကဋ္ဌ။           ။ ဒီနေရာမှာတော့ ဦးစိုးဝင်းတင်သွင်းတဲ့အဆိုမှာ GSP အတိုကောက်စာလုံး တော့ မှန်တယ်လို့ပြောနိုင်ပါတယ်။ ဒါပေမယ်လို့ ပြည်ထောင်စုဝန်ကြီးရှင်းတဲ့နေရာမှာတော့ ဦးစိုးဝင်း တင်သလို Generalized Special Preferen ဆိုပြီးတော့ ဦးစိုးဝင်းကပြောပါတယ်။ ဒေါက်တာ ပွင့်ဆန်းကတော့ Generalized System of Preference ဘယ်ဟာ အမှန်ဖြစ်ပါမလဲ။

          ဒေါက်တာပွင့်ဆန်း(ပြည်ထောင်စုဝန်ကြီး၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန)။  ။ ကျွန်တော်တို့ အသုံးအနှုန်းကတော့ GSP - Generalized System of Preference ပါပဲ။ ဒါပေမယ့် တချို့ကလည်း Generalized System of Special Preference ဒါမျိုးလည်း သုံးတာ ရှိပါတယ်ခင်ဗျား။ အမှန်ကတော့ Generalized System of Preference ပေါ့။

          ဥက္ကဋ္ဌ။          ။ ကောင်းပါပြီ။

အမျိုးသားလွှတ်တော်မှ အတည်ပြုချက်ဖြင့် ပေးပို့သော အလုပ်အကိုင်ရရှိရေးနှင့် ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေးဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌက ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာ တင်သွင်းခြင်း

          ဥက္ကဋ္ဌ။          ။ အစီအစဉ် ၈ ဖြစ်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ အမျိုးသား လွှတ်တော်မှ စတင်တင်သွင်းပြီး အတည်ပြုချက်ဖြင့် ပေးပို့ခဲ့တဲ့ အလုပ်အကိုင်ရရှိရေးနှင့် ကျွမ်းကျင်မှု ဖွှံ့ဖြိုးတိုးတက်ရေးဥပဒေကြမ်းကို လက်ခံရရှိကြောင်း ၂၀-၈-၂၀၁၂ ရက်နေ့မှာ လွှတ်တော်သို့ တင်ပြ ခဲ့ပြီး ကိုယ်စားလှယ်များထံ ဥပဒေကြမ်းမိတ္တူများကိုလည်း တစ်ပါတည်း ဖြန့်ဝေပေးထားပြီး ဖြစ်ပါ တယ်။ ဒီဥပဒေကြမ်းနှင့်စပ်လျဉ်းပြီး အစီရင်ခံစာတင်သွင်းရန် ဥပဒေကြမ်းကော်မတီအား ဖိတ်ခေါ်ပါ တယ်။

 

ဒေါက်တာစိုးမိုးအောင်(အဖွဲ့ဝင်၊ ဥပဒေကြမ်းကော်မတီ)။     ။ လေးစားရပါသော ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တော်ကြီးများခင်ဗျား။  ကျွန်တော်ကတော့ မွန်ပြည်နယ်၊ ဘီးလင်းမဲဆန္ဒနယ်မှ  ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီဝင် ဒေါက်တာစိုးမိုးအောင် ဖြစ်ပါတယ်။ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌရဲ့ တာဝန်ပေးချက်အရ အလုပ်အကိုင်နှင့် ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေမူကြမ်းအပေါ် ဥပဒေကြမ်းကော်မတီ၏ စိစစ်တွေ့ရှိချက်အစီရင်ခံစာကို လွှတ်တော်သို့ အစီရင်ခံတင်ပြသွားမှာ ဖြစ်ပါတယ်ခင်ဗျား။

 

၁။       ပြည်ထောင်စုအစိုးရအဖွဲ့ရုံးမှ ပေးပို့လာသော အလုပ်အကိုင်နှင့်ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေး ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်၌ စတင်ဆွေးနွေးခဲ့ပြီး ပြင်ဆင်ချက်များဖြင့် အတည်ပြု၍ ပြည်သူ့လွှတ်တော်၌ ဆွေးနွေးရန် ရည်ညွှန်းပါစာဖြင့်ပေးပို့လာပါသည်။

၂။       အလုပ်သမားများအတွက် သင့်လျော်မှန်ကန်သော အလုပ်အကိုင်ရရှိစေရန်၊ အလုပ်သမားများ ကျွမ်းကျင်မှုလေ့ကျင့်သင်ကြားပေးရန်၊ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန်၊ နိုင်ငံတကာ အသိအမှတ် ပြုကျွမ်းကျင်မှုလက်မှတ်များရရှိသော လုပ်သားများမွေးထုတ်ပေးရန် ရည်ရွယ်၍ ရေးဆွဲတင်ပြထားသည်ကို တွေ့ရပါသည်။

၃။       အလုပ်အကိုင်နှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးဥပဒေကြမ်းတွင် အခန်း ၁၀ ခန်းနှင့် ပုဒ်မ ပေါင်း ၄၀ ပါရှိပါသည်။ အမျိုးသားလွှတ်တော်က ယင်းဥပဒေကြမ်း၏ အချက် ၁၅ ချက်အပေါ် ပြင်ဆင်ချက်များနှင့် အတည်ပြုခဲ့ပါသည်။

၄။       ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီသည် အမျိုးသားလွှတ်တော်မှ ပြင်ဆင်ချက်များဖြင့် အတည်ပြုပြီးပေးပို့လာသော ယင်းဥပဒေကြမ်းအားစိစစ်နိုင်ရန် ၂၈-၈-၂၀၁၂ ရက်နေ့တွင် ညှိနှိုင်း အစည်းအဝေးကျင်းပခဲ့ပြီး ၁-၉-၂၀၁၂ ရက်နေ့တွင် ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့်အထူးကိစ္စ ရပ်များလေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်၊ အလုပ်သမားဝန်ကြီးဌာန အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာနတို့မှ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ကြပါသည်။

၅။       ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီသည် အလုပ်အကိုင်နှင့် ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက် ရေးဥပဒေကြမ်းကိုအခြေခံရမည့်မူ  ၁၂ ချက်နှင့် အညီစိစစ်ခဲ့ကြပြီး တွေ့ရှိချက်များမှာ အောက်ပါ အတိုင်းဖြစ်ပါသည်-

(၁)     အမျိုးသားလွှတ်တော်၏ ပြင်ဆင်အတည်ပြုချက်များမှ အပိုဒ် ၁ အပိုဒ်ခွဲ (ခ)အား လက်ခံ ရန် သဘောတူပါသည်။

(၂)     အမျိုးသားလွှတ်တော်၏ ပြင်ဆင်အတည်ပြုချက်များမှ ဥပဒေခေါင်းစီး၊ အပိုဒ် ၁ အပိုဒ်ခွဲ (က)၊ အပိုဒ်၂၊ အခန်း (၄)ခေါင်းစဉ်၊ အပိုဒ် ၇ အပိုဒ်ခွဲ (င)၊ အပိုဒ် (၈)နှင့် အပိုဒ်(၉) တို့အား ပြင်ဆင်ရန်သဘောမတူဘဲ မူလပြဋ္ဌာန်းချက်အတိုင်းထားရှိရန် သဘောတူကြပါ သည်။ 

(၃)     အလုပ်သမားဝန်ကြီးဌာနနှင့် သက်ဆိုင်သည့် ထုတ်ပြန်ပြီးသောဥပဒေများနှင့် ညီညွတ်မှုရှိ စေရန်အတွက် နိဒါန်းအဖြစ် အလုပ်သမားများအတွက် သင့်လျော်မှန်ကန်သော အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန် အလုပ်သမားများအား ကျွမ်းကျင်မှု လေ့ကျင့် သင်ကြားပေးရန်နှင့်နိုင်ငံတကာ အသိအမှတ်ပြု ကျွမ်းကျင်မှု လက်မှတ်များရရှိသော လုပ်သားများ မွေးထုတ်ပေးရန်ရည်ရွယ်၍ ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည် ဟုပြင်ဆင်ဖြည့်စွက်ပါသည်။

(၄)     အခန်း(၁) ခေါင်းစဉ်အား ထုတ်ပြန်ပြီးသော ဥပဒေများနှင့် ရှေ့နောက်ညီညွတ်မှုရှိစေရန် အမည်၊ အာဏာတည်သည့်နေ့ရက်နှင့် အဓိပ္ပာယ်ဖော်ပြချက်ဟု ပြင်ဆင်ပါသည်။

(၅)     အပိုဒ်၂အပိုဒ်ခွဲ(စ) သင်တန်းကျောင်းအဓိပ္ပာယ်ဖွင့်ဆိုချက်တွင် ဖွင့်လှစ်သောဌာန စကား ရပ်အစား ဖွင့်လှစ်သောကျောင်းဟု ပြင်ဆင်ပါသည်။

(၆)     အပိုဒ်၂ အပိုဒ်ခွဲ(ဆ) ကျွမ်းကျင်မှုအဓိပ္ပာယ်ဖွင့်ဆိုချက်တွင် လုပ်ရည်ကိုင်ရည် စကားရပ် အစား လုပ်ကိုင်မှုစွမ်းရည်ဟု ပြင်ဆင်ပါသည်။

(၇)     အပိုဒ်၂ အပိုဒ်ခွဲ(ဇ) ရှိ ကျွမ်းကျင်မှုအဆင့်နှင့်အညီ စကားရပ်အား လုပ်ငန်းကျွမ်းကျင်မှု အဆင့်နှင့်အညီ ဟုလည်းကောင်း၊ အရည်အချင်းသတ်မှတ်ချက် စကားရပ်အား လုပ်ကိုင်မှုစွမ်းရည်ဆိုင်ရာ အရည်အချင်းသတ်မှတ်ချက်ဟု လည်းကောင်း  ပြင်ဆင် ဖြည့်စွက်ပါသည်။

(၈)     အပိုဒ် ၂ အပိုဒ်ခွဲ(ဆ)အား အပိုဒ်ခွဲ(င) အဖြစ်လည်းကောင်း၊ အပိုဒ်ခွဲ(ဇ)အား အပိုဒ်ခွဲ (စ)အဖြစ်လည်းကောင်း၊ အပိုဒ်ခွဲ(စ)အား အပိုဒ်ခွဲ(ဇ)အဖြစ် ပြောင်းလဲ၍ အပိုဒ်ခွဲစဉ် ပါသည်။

(၉)     အပိုဒ် ၂ အပိုဒ်ခွဲ (ဈ) ရှိ အလုပ်အကိုင်ရရှိရေးနှင့် ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေး ဗဟို အဖွဲ့ စကားရပ်အစား အလုပ်အကိုင်နှင့်ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေး ဗဟိုအဖွဲ့ဟု ပြင်ဆင်ပါသည်။

(၁၀)    အပိုဒ် ၂ အပိုဒ်ခွဲ (ဋ) ရှိ  အပ်နှင်းထားသော  ကျွမ်းကျင်မှုစစ်ဆေး အကဲဖြတ်ရေးဌာန စကားရပ်တွင် ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေး စကားရပ်မှာ မလိုပါသဖြင့် အပ်နှင်း ထားသောဌာနဟု ပြင်ဆင်ပါသည်။

(၁၁)    အပိုဒ် ၂ အပိုဒ်ခွဲ(ဏ) ရှိ ပေးသွင်းသောထည့်ဝင်ကြေးငွေ စကားရပ်အား ပေးသွင်း သောငွေဟု ပြင်ဆင်ပါသည်။

(၁၂)    အခန်း(၂) ခေါင်းစဉ်အား အလုပ်အကိုင်နှင့်အလုပ်သမားရှာဖွေခြင်းဟု ပြင်ဆင်ပါသည်။

(၁၃)    အပိုဒ် ၃ ရှိ လွယ်ကူမှု အခွင့်အလမ်းများ စကားရပ်အား လွယ်ကူသော အခွင့်အလမ်း များဟူ၍လည်းကောင်း၊ လုပ်ငန်းဆောင်တာ စကားရပ်အား လုပ်ငန်းဟူ၍ လည်းကောင်း ပြင်ဆင်ပါသည်။

(၁၄)    အပိုဒ် ၄ အပိုဒ်ခွဲ (က) အပိုဒ်ခွဲငယ် (၂)တွင် အမျိုးသားလွှတ်တော်၏ ပြင်ဆင်ချက်ရှိ အေဂျင်စီ စကားရပ်အား အကျိုးဆောင်ကုမ္ပဏီဟု ပြင်ဆင်ပါသည်။

(၁၅)    အခန်း(၃) ခေါင်းစဉ်အား အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက် စာချုပ်ချုပ် ဆိုခြင်းဟု ပြင်ဆင်ပါသည်။

(၁၆)    အပိုဒ် ၅ အပိုဒ်ခွဲ(က) အပိုဒ်ခွဲငယ် (၁)ရှိ သတ်မှတ်အလုပ်တစ်ခုခု စကားရပ်အား  အလုပ်တစ်ခုခုဟု ပြင်ဆင်ပါသည်။

(၁၇)    အပိုဒ် ၅ အပိုဒ်ခွဲ (ဂ) ရှိ ခံစားခွင့်များ အောက်လျော့နည်းခြင်း မရှိစေရ စကားရပ် အစား ခံစားခွင့်များထက်  လျော့နည်းခြင်း မရှိစေရဟု ပြင်ဆင် ပါသည်။

(၁၈)    အပိုဒ် ၅   အပိုဒ်ခွဲ (င) ရှိ နေ့စားစကားရပ်နောက်တွင် အလုပ်သမားဟူသော စကားရပ် အား ဖြည့်စွက်၍  နေ့စားအလုပ်သမားဟု ပြင်ဆင်ပါသည်။

(၁၉)    အပိုဒ် ၅ အပိုဒ်ခွဲ(စ)ရှိ ပြင်ဆင်ပြောင်းလဲနိုင်သည် စကားရပ်အစား အရေးအသား ကျစ်လစ်စေရန်  ပြင်ဆင်နိုင်သည်ဟု ပြင်ဆင်ပါသည်။

(၂၀)    အပိုဒ် ၅ အပိုဒ်ခွဲ(ဆ)ရှိ သတ်မှတ်ကာလအတွင်းပေးပို့ အတည်ပြုရမည် စကားရပ် အား သတ်မှတ်ကာလအတွင်း အလုပ်ရှင်ကပေးပို့ပြီး အတည်ပြုချက် ရယူထားရမည်ဟု ပိုမိုပြည့်စုံစေရန် ပြင်ဆင်ဖြည့်စွက်ပါသည်။

(၂၁)    အပိုဒ် ၅ အပိုဒ်ခွဲ(ဇ)ရှိ တရားဝင်အတည်ဖြစ်စေရမည်ဟူသော စကားရပ်အား  အတည် ဖြစ်စေရမည်ဟု ပြင်ဆင်ပါသည်။

(၂၂)    အပိုဒ် ၆အပိုဒ်ခွဲ(က) ရှိ အလုပ်သမားများ အလုပ်အကိုင်ရရှိရေးနှင့် ကျွမ်းကျင်မှု ဖွံ့ဖြိုး တိုးတက်ရေးဗဟိုအဖွဲ့ စကားရပ်အားရှေ့နောက် ညီညွတ်မှုရှိစေရန်အတွက်  အလုပ်သမား များ အလုပ်အကိုင်နှင့်ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေးဗဟိုအဖွဲ့ဟု ပြင်ဆင်ပါသည်။

(၂၃)    အပိုဒ် ၆ အပိုဒ်ခွဲ(က)ပါ အပိုဒ်ခွဲငယ် (၄) နှင့်  အပိုဒ်ခွဲငယ် (၃)တို့အား ရှေ့နောက် အမှတ်စဉ် ပြောင်းလဲခဲ့ပါသည်။

(၂၄)    အပိုဒ် ၆ အပိုဒ်ခွဲ(က) အပိုဒ်ခွဲငယ် (၈) နှင့် အပိုဒ် ၈ အပိုဒ်ခွဲ(က) တို့အား ရှေ့နောက် ညီညွတ်မှုရှိစေရန် အလုပ်သမားဝန်ကြီးဌာနအား ပြည်ထောင်စုအလုပ်သမားဝန်ကြီးဌာန ဟု ပြင်ဆင်ပါသည်။

(၂၅)    အပိုဒ် ၈ အပိုဒ်ခွဲ(ခ)ရှိ  သက်ဆိုင်ရာဝန်ကြီးဌာနများ စကားရပ်အစား သက်ဆိုင်ရာ ပြည်ထောင်စု ဝန်ကြီးဌာနများဟု ပြင်ဆင်ဖြည့်စွက်ပါသည်။

(၂၆)    အပိုဒ် ၉ အပိုဒ်ခွဲ(က) တွင် ဖန်တီးပေးခြင်း၊ အပိုဒ်ခွဲ(ဂ) တွင် နည်းပါး စေရန် ဆောင်ရွက် ခြင်း၊ အပိုဒ်ခွဲ (ဃ) တွင် စွမ်းဆောင်ရည် မြှင့်တင်ပေးခြင်းဟူသော စကားလုံးများဖြင့်  ပြင်ဆင်ဖြည့်စွက်ပါသည်။

(၂၇)    အပိုဒ် ၁၀ အပိုဒ်ခွဲ(က)အပိုဒ်ခွဲငယ်(၁) ဝန်ကြီးဌာန စကားရပ်အား ပြည်ထောင်စုဝန်ကြီး ဌာနဟု ပြင်ဆင်ဖြည့်စွက်ပါသည်။

(၂၈)    အပိုဒ် ၁၃ အပိုဒ်ခွဲ (ခ) အပိုဒ်ခွဲငယ် (၄) အားပိုမိုပြည့်စုံစေရန်အတွက် သင်တန်းကျောင်း များ၏စက်ပစ္စည်း၊ ကိရိယာနှင့် သင်ကြားရေး အထောက်အကူပြုပစ္စည်း စံချိန်စံညွှန်းများ သတ်မှတ်ခြင်းဟု ပြင်ဆင်ဖြည့်စွက်ပါသည်။

(၂၉)    အပိုဒ် ၁၃ အပိုဒ်ခွဲ(ခ) အပိုဒ်ခွဲငယ်(၅) သင်တန်းအစီအစဉ် စကားရပ်အား လေ့ကျင့်ရေး အမျိုးအစားဟု ပြင်ဆင်ပါသည်။

(၃၀)    အခန်း(၅)ခေါင်းစဉ်အား အလုပ်‌သမားများ ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးနှင့် လေ့ကျင့် ရေး အစီအစဉ်များဆောင်ရွက်ခြင်းဟု ပြင်ဆင်ပါသည်။

(၃၁)    အပိုဒ် ၁၇ အပိုဒ်ခွဲ (က) ရှိ  မှတ်ပုံတင်လက်မှတ်ထုတ်ပေးခြင်း စကားရပ်အား ပိုမို ပြည့်စုံစေရန်အတွက် မှတ်ပုံတင်လက်မှတ်ထုတ်ပေးရန် ခွင့်ပြုခြင်းဟုပြင်ဆင် ဖြည့်စွက် ပါသည်။

(၃၂)    အပိုဒ် ၁၉ ရှိ စည်းကမ်းချက်များနှင့် ညီညွတ်ခြင်းမရှိသည်ကိုဟူသည့် စကားရပ်အား စည်းကမ်းချက်များနှင့် ညီညွတ်ခြင်းမရှိကြောင်းဟု ပြင်ဆင်ခဲ့ပါသည်။

(၃၃)    အပိုဒ် ၂၀ အပိုဒ်ခွဲ(က) အပိုဒ်ခွဲငယ် (၃) နှင့် အပိုဒ် ၂၂ အပိုဒ်ခွဲ(က) အပိုဒ်ခွဲငယ် (၂) တို့ရှိ  အဆောက်အအုံ ဟူသော စကားရပ်အစား အဆောက်အဦ ဟူသော စကားရပ်ဖြင့် ပြင်ဆင် ဖြည့်စွက်ပါသည်။

(၃၄)    အပိုဒ် ၂၀ အပိုဒ်ခွဲ (ဃ) အား လုပ်ငန်းကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်မှုရှိစေရန်အတွက်  သင်တန်းတစ်ခုပြီးမြောက်သည့်အခါ ၁၅ ရက်အတွင်း သင်တန်းနှင့်ပတ်သက်သော အစီရင်ခံစာကို  ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့သို့ တင်ပြခြင်းဟု ပိုမိုပြည့်စုံစေရန် ရေးသားဖြည့်စွက်ခဲ့ပါသည်။

(၃၅)    အပိုဒ် ၂၂ အပိုဒ်ခွဲ(ဃ) ရှိ ၁၅ ရက်အတွင်း စကားရပ်နောက်တွင် အစီရင်ခံစာကို ဟူသော စကားရပ်အား ပြင်ဆင်ဖြည့်စွက်ပါသည်။

(၃၆)    အခန်း(၇) ပုဒ်မ ၂၄ တွင် ယှဉ်ပြိုင်ပွဲ၏ ကျွမ်းကျင်မှုရလာဒ်များမှ တစ်ဆင့်သုတေသန လုပ်ငန်းများ ဆောင်ရွက်ရမည်ဟု နောင်ပြိုင်ပွဲများကျင်းပခြင်းအတွက် ဆက်လက် ဆောင်ရွက်နိုင်ရန်ဖြည့်စွက်ခဲ့ပါသည်။

(၃၇)    အခန်း(၈) ခေါင်းစဉ်အား အလုပ်သမားများကျွမ်းကျင်မှုဖွံ့ဖြိုး တိုးတက်ရေး ရန်ပုံငွေ ထူထောင်ခြင်းနှင့် သုံးစွဲခြင်းဟု ပြင်ဆင်ပါသည်။

(၃၈)    အပိုဒ် ၂၈ အပိုဒ်ခွဲ(ဂ) ရှိ သင့်လျော်ရာဘဏ်တစ်ခုခု စကားရပ်အား ဘဏ်တစ်ခုခုဟု ပြင်ဆင်ပါသည်။

(၃၉)    အပိုဒ် ၃၀ အပိုဒ်ခွဲ(က) အား စက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်း၏ အလုပ်ရှင်သည် ယင်း၏လုပ်ငန်း၌ အလုပ်သမားကြီးကြပ်သူအဆင့်နှင့် ယင်းအဆင့်အောက်ရှိ အလုပ်သမားများအားပေးချေရသည့် စုစုပေါင်းလုပ်ခလစာ၏ သုညဒသမငါး ရာခိုင်နှုန်း ထက်မနည်းသောငွေကို ရန်ပုံငွေသို့ ထည့်ဝင်ကြေး အဖြစ်လစဉ် မပျက်မကွက် ပေးသွင်း ရမည်ဟု ပြင်ဆင်သည်။

(၄၀)    အပိုဒ် ၃၁အပိုဒ်ခွဲ(က)ရှိ အလုပ်ရှင်ကပေးသွင်းရမည့်ထည့်ဝင်ကြေးနှင့် စကားရပ်အား အလုပ်ရှင်က ရန်ပုံငွေသို့ပေးသွင်းရမည့်ထည့်ဝင်ကြေးကိုဟု ပြင်ဆင် ဖြည့်စွက်ပါသည်။

(၄၁)    အပိုဒ် ၃၁ အပိုဒ်ခွဲ(ခ)အား ခိုင်လုံသောအကြောင်းတင်ပြနိုင်ပါကအလုပ်ရှင် တစ်ဦးဦးအား ရန်ပုံငွေသို့ ထည့်ဝင်ကြေးပေးသွင်းခြင်းမှ ကင်းလွတ်ခွင့်ပြုနိုင်သည်ဟု ပြင်ဆင် ပါသည်။

(၄၂)    အခန်း(၉) အပိုဒ် ၃၅အား ပုဂ္ဂလိက ပြည်တွင်းအလုပ်အကိုင် စုဆောင်းရေး အကျိုးဆောင်ကုမ္ပဏီများ၏ တာဝန်ရှိသူမည်သူမဆို ဝန်ကြီးဌာန၏ ခွင့်ပြုမိန့်မရှိဘဲ အလုပ်အကိုင် စုဆောင်းရေးလုပ်ငန်းကို လုပ်ကိုင်ကြောင်း သို့တည်းမဟုတ် အလုပ်သမား ထံမှ အခကြေးငွေရယူဆောင်ရွက်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ငွေဒဏ်ဖြစ်စေ၊ ပြစ်ဒဏ် နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟု ပြင်ဆင်ပါသည်။

(၄၃)    အမျိုးသားလွှတ်တော်၏အတည်ပြုချက် အပိုဒ်၃၆ အား မည်သူမဆိုဤ ဥပဒေအရ ထုတ်ပြန်သော နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊အမိန့်ကြော်ငြာစာ၊ အမိန့်နှင့် ညွှန်ကြားချက်ပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို တစ်နှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ပြစ်ဒဏ်နှစ်ရပ်လုံးဖြစ်စေချမှတ် ရမည်ဟု ပြင်ဆင်ပါသည်။

(၄၄)    အမျိုးသားလွှတ်တော်၏ ပြင်ဆင်ချက်အပိုဒ် ၃၇ အား ----- ထိုသူကို တစ်နှစ်ထက်    မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ပြစ်ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟု ရှေ့နောက် ညီညွတ်မှု ရှိစေရန် ပြင်ဆင်ပါသည်။

(၄၅)    အမျိုးသားလွှတ်တော်၏ပြင်ဆင်ချက်အပိုဒ် ၃၈ အား -----ထိုသူကို ခြောက်လ ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ပြစ်ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည် ဟုပြင်ဆင်ပါသည်။

(၄၆)    အမျိုးသားလွှတ်တော်၏ ပြင်ဆင်ချက်အပိုဒ် ၃၉ အား ------ထိုသူကို ၃ လထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ပြစ်ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည် ဟုပြင်ဆင် ပါသည်။

(၄၇)    အမျိုးသားလွှတ်တော်၏ ပြင်ဆင်ချက် အပိုဒ် ၄၀ ရှိ  မြေခွန်မပြေကျန်ငွေကဲ့သို့ စကားရပ်အား မြေခွန်မပြေ ကျန်ငွေဖြစ်ဘိသကဲ့သို့ဟု ဥပဒေရေးထုံးနှင့် ညီညွတ် စေရန် ပြင်ဆင်ဖြည့်စွက်ပါသည်။

(၄၈)    အမျိုးသားလွှတ်တော်၏ ပြင်ဆင်ချက်အပိုဒ် ၄၁ အပိုဒ်ခွဲ(က)အား ဝန်ကြီးဌာနသည် ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် လိုအပ်သောနည်းဥပဒေ၊ စည်းမျဉ်း နှင့်စည်းကမ်းများကို ဤဥပဒေအတည်ဖြစ်သောနေ့မှရက်ပေါင်း ၉၀ အတွင်း ထုတ်ပြန် ရမည်ဟု ပြင်ဆင်ဖြည့်စွက်ပါသည်။

၆။       ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီသည် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးမှ ပေးပို့လာသည့် အလုပ်အကိုင်နှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးဥပဒေကြမ်းအား ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၄၄ အရစိစစ်ခဲ့ပြီး နည်းဥပဒေ ၄၅ နှင့်အညီ အတည်ပြုနိုင်ပါရန် လွှတ်တော်သို့ အစီရင်ခံ တင်ပြအပ်ပါသည်ခင်ဗျား။ အားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျား။ (သြဘာသံများ)

 

 

 

အလုပ်အကိုင်ရရှိရေးနှင့် ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေးဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် ကိုယ်စားလှယ် များရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း လွှတ်တော် ဥက္ကဋ္ဌမှ ကြေညာခြင်း

          ဥက္ကဋ္ဌ။           ။ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ယခုတင်ပြလာတဲ့ ဥပဒေကြမ်းဟာ ပြည်ထောင်စုဝန်ကြီးဌာနမှ တင်သွင်းလာတဲ့ ဥပဒေကြမ်းဖြစ်ပြီး အမျိုးသားလွှတ်တော်မှာ စတင်ဆွေးနွေးခဲ့တဲ့ ဥပဒေကြမ်းတစ်ခုဖြစ်ပါတယ်။ ဥပဒေကြမ်းကို လေ့လာတဲ့အခါမှာ အလုပ်သမား များနှင့်သက်ဆိုင်တဲ့ ဥပဒေဖြစ်တဲ့အတွက် ဒီနေ့အလုပ်သမားများနှင့်ဆိုင်တဲ့ ဥပဒေကို စဉ်းစားတဲ့အခါ မှာ အလုပ်သမား၊ အလုပ်ရှင်နှင့် အစိုးရကိုယ်စားလှယ်များပါဝင်ပြီး ဆွေးနွေးဆောင်ရွက်ညှိနှိုင်းမှသာ မျှတတဲ့ ဥပဒေတစ်ခုဖြစ်နိုင်မယ်ဖြစ်ပါတယ်။ အလားတူပဲ ဒီနေ့ တည်ဆဲဥပဒေ၊ နည်းဥပဒေတွေအရ ဥပဒေကြမ်းတစ်ခုတင်လာပြီဆိုလို့ရှိရင် သက်ဆိုင်ရာလွှတ်‌တော်မှာ ရှိတဲ့ဥပဒေကြမ်းကော်မတီက တင်လာတဲ့ ဥပဒေကြမ်းတွေကို စိစစ်ဆွေးနွေးပြီးလို့ လွှတ်တော်ကို ပြန်တင်ပြပါတယ်။ ထို့နည်းတူစွာပဲ ပြည်ထောင်စုလွှတ်တော်ကို ရောက်တဲ့အခါမှာလည်း ပြည်ထောင်စုလွှတ်တော်ကို ဖွဲ့စည်းပေးထားတဲ့ ဥပဒေကြမ်းပူးပေါင်းကော်မတီကို ပြန်လည်စိစစ်စေပြီး ပြည်ထောင်စုလွှတ်တော်ကို တင်ပြရတဲ့ အခြေအနေမှာ ရှိပါတယ်။ ဥပဒေကြမ်းပူးပေါင်းကော်မတီ၊ ဥပဒေကြမ်းကော်မတီများဟာ ဥပဒေ ဆိုင်ရာ ကိစ္စများကိုသာ ပိုမိုနားလည်ပြီးတော့ ဘာသာရပ်ဆိုင်ရာနှင့်ပတ်သက်လို့ ပြည့်ပြည့်စုံစုံ နားလည်နိုင်စွမ်းမရှိပါဘူး။ ဒါကြောင့်မို့လို့ အင်မတန်မှ အရေးကြီးတဲ့ ဘတ်ဂျက်ကိစ္စဆိုရင်လည်း ဥပဒေကြမ်းပူးပေါင်းကော်မတီမှာ ဖွဲ့စည်းထားတဲ့ ပုဂ္ဂိုလ်များနှင့် ဆောင်ရွက်မယ်ဆိုရင်လည်း လိုအပ် ချက်တွေ၊ မှားယွင်းမှုတွေ များစွာ ရှိနိုင်ပါတယ်။ ထို့နည်းတူစွာပဲ  ယနေ့လို အလုပ်သမား၊ အလုပ်ရှင်၊ အစိုးရနှင့်သက်ဆိုင်တဲ့ကိစ္စတွေမှာ ဥပဒေကြမ်းကော်မတီ တစ်ခုတည်း စဉ်းစားဆောင်ရွက်မယ်ဆိုလို့ ရှိရင်လည်း လိုအပ်ချက်တွေ၊ လွဲမှားချက်တွေ ရှိနိုင်ပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ ပြည်သူ့ လွှတ်တော်မှာတော့ ဥပဒေ၊ နည်းဥပဒေ ဘယ်လိုပဲရှိစေကာမူ ဆောင်ရွက်တဲ့နေရာမှာ မျှမျှတတနဲ့ မှန်မှန်ကန်ကန်ဖြစ်စေနိုင်ရေးအတွက် ဥပဒေကြမ်းကော်မတီသို့ တင်သွင်းလာတဲ့ ဥပဒေကြမ်းဆိုင်ရာ ကိစ္စရပ်များကို လွှတ်တော်အတွင်းမှာရှိတဲ့ ဒီဥပဒေကြမ်းနှင့် တိုက်ရိုက်သက်ဆိုင်တဲ့ ပုဂ္ဂိုလ်များ၊ ဥပမာ ဆိုရင် ဒီနေ့ လွှတ်တော်များအတွင်းမှာ အလုပ်ရှင်တွေလည်းပါ ပါတယ်။ အလုပ်သမားကိုယ်စားပြု တာတွေလည်းပါ ပါတယ်။ အဲဒီအတိုင်း အစိုးရလိုပြောတဲ့နေရာမှာ တကယ်အစိုးရဆိုလို့ရှိရင်တော့ ဥပဒေနဲ့ အမှန်အတိုင်းပြောရမယ်ဆိုရင် အုပ်ချုပ်ရေးအဖွဲ့တစ်ခုတည်း အစိုးရမဟုတ်ပါဘူး။ အုပ်ချုပ်ရေးအဖွဲ့ ပြီးတဲ့အခါမှာ ဥပဒေပြုရေးအဖွဲ့၊ တရားစီရင်ရေးအဖွဲ့များပါဝင်မှ အစိုးရဆိုတာ မည်ပါတယ်။ ဒါကြောင့်မို့လို့ ကျန်တဲ့ပုဂ္ဂိုလ်များက အစိုးရကိုယ်စား၊ ဒီဥပဒေများကို ဝိုင်းဝန်းကြည့်ရှု ပေးမယ်ဆိုလို့ရှိရင် မှန်ကန်ပြည့်စုံကောင်းမွန်တဲ့ အနေအထားဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ခုနက ဥပဒေကြမ်းကော်မတီက တင်ပြသွားတဲ့ တင်ပြချက်တွေကို ဆွေးနွေးလိုတဲ့ ကိုယ်စားလှယ်များ အနေနဲ့ အပိုဒ်၊ အပိုဒ်ခွဲအလိုက်၊ အကြောင်းအရာ၊ အချက်အလက်များကို တိကျစွာဖော်ပြပြီးတော့ အချိန် ကျွန်တော်ပိုပေးပါမယ်။ သာမန်လို ၃ ရက်လောက်ပေးရင်မရနိုင်ပါဘူး။ ဒါကြောင့်မို့လို့ လွှတ်တော် အချိန်လည်း ပိုပြီးတော့မသုံးရအောင် တစ်ဖက်ကလည်း အဆင်ပြေအောင် ၂၅-၁၀-၂၀၁၂ လာမည့် အပတ် ကြာသာပတေးနေ့ ကျပါတယ်။ အဲဒီကျရင်တော့ အဲဒီရက်ကို နောက်ဆုံးထားပြီးတော့ ခုနက ကျွန်တော်တင်ပြခဲ့တဲ့ ဆွေးနွေးလိုတဲ့ အပိုဒ်၊ အပိုဒ်ခွဲ၊ အကြောင်းအရာ၊ အချက်အလက်များကို ၂၅-၁၀-၂၀၁၂ ရက် (ကြာသာပတေးနေ့) နေ့လယ် တစ်နာရီ အချိန်မှာ နောက်ဆုံးထားပြီး ပြည်သူ့လွှတ်တော် ဒုတိယညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်းပေးကြရန် ဖြစ်ကြောင်း အသိပေးကြေညာပါတယ်။

ဥက္ကဋ္ဌ။           ။ ဒီလိုတင်ပြတဲ့နေရာမှာလည်း စိတ်ဝင်စားစွာနဲ့ အားလုံးပါဝင်စဉ်းစားပြီးတော့ တင်ပြပေးစေလိုပါတယ်။ အဲဒီလိုမှမဟုတ်ဘဲနဲ့ ပြီးခဲ့တဲ့ အတွေ့အကြုံအရ စတင်တင်ပြတုန်းကတော့ မပါဘူး။ လွှတ်တော်ထဲမှာ ဆွေးနွေးတော့မှ ထပြီးဆွေးနွေးတဲ့အခါမှာ လွှတ်တော်အချိန်လည်း အများ ကြီးနစ်နာမှုရှိပါတယ်။ ဒါကြောင့်မို့လို့ တင်ပြလိုတဲ့ ပုဂ္ဂိုလ်များအနေနဲ့ သတ်မှတ်ထားတဲ့ ရက်မှာ တင်ပြ ပြီးတော့ အဲဒီတင်ပြချက်ကိုသာ လွှတ်တော်ထဲမှာ ဆွေးနွေးမှာ ဖြစ်ပါတယ်။ လွှတ်တော်ထဲရောက်မှ ကျွန်တော် ဒါလေးကို ပြင်ဆင်ချင်ပါတယ်၊ တင်ပြချင်ပါတယ်ဆိုရင် ကျွန်တော်တို့အတွက် များစွာ အခက်အခဲရှိပါတယ်။